ဒေါ်အောင်ဆန်းစုကြည် အဂတိမှုနဲ့ ထောင် ၅ နှစ်ချမှတ်ခံရ

ဒေါ်အောင်ဆန်းစုကြည်ကတော့ မဟုတ်မမှန်စွပ်စွဲခံရတာဆိုပြီး အခုလိုထောင်ဒဏ်ချမှတ်ခံရတာနဲ့ပတ်သက်ပြီး မှတ်ချက်ပြုသလို အမှုအတွက် အယူခံဆက်တက်ဖို့ရှိတယ်ဆိုလို့လည်း ဘီဘီစီက သိရှိရပါတယ်။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ရန်ကုန်မှာ စစ်ကောင်စီက လုံခြုံရေးတင်းကြပ်ပြီး သင်္ကြန်ပွဲ ကျင်းပ, မြို့နေရာအတော်များများမှာ ရေထွက်ကစားသူမရှိသလောက်နည်းနေ

    ရန်ကုန်မှာ စစ်ကောင်စီက လုံခြုံရေးတင်းကြပ်ပြီး သင်္ကြန်ပွဲ ကျင်းပ

    ဓာတ်ပုံ ရင်းမြစ်, CJ

    ရန်ကုန်မြို့မှာတော့ စစ်ကောင်စီက ဒီနှစ်သင်္ကြန်ကို လုံခြုံရေးမြှင့်ပြီးကျင်းပနေပေမဲ့ မြို့လယ်က မြို့တော်၀န်မဏ္ဍပ်ကလွဲပြီး နေရာတော်တော်များများမှာ ရေထွက်ကစားသူ မရှိသလောက်ဖြစ်နေတယ်လို့ ဒေသခံတွေက ‌ပြောပါတယ်။

    စစ်ကောင်စီတပ်ဘက်ကတော့ ရန်ကုန်မြို့နေရာတော်တော်များများမှာ လုံခြုံရေးမြှင့်နေရာယူထားသလို ကင်းလှည့်တာတွေလည်း ခပ်စိပ်စပ်ပြုလုပ်နေတယ်လို့ ရန်ကုန်မြို့ခံတွေက ဆိုပါတယ်။

    ‘’စစ်တပ်က မနက်အစောပိုင်း ၇ နာရီလောက်ကတည်းက ကင်းလှည့်နေတယ်။ ကြည့်မြင်တိုင်မှာဆို အင်အားသိပ်မပါတဲ့ ဖောကား(စစ်ကားအကြီး)တွေနဲ့ ပတ်တာတွေ့တယ်။ နောက် စမ်းချောင်းမှာဆို ရင်လည်း ရဲကားနဲ့စစ်ကား ပေါင်းပြီး ကင်းလှည့်နေတာတွေ့တယ်”လို့ စမ်းချောင်းဒေသခံတစ်ဦးက ‌ပြောပါတယ်။

    ရန်ကုန်မှာ စစ်ကောင်စီက လုံခြုံရေးတင်းကြပ်ပြီး သင်္ကြန်ပွဲ ကျင်းပ

    ဓာတ်ပုံ ရင်းမြစ်, CJ

    ရန်ကုန်မြို့လယ်က မြို့တော်၀န် မဏ္ဍပ်ကိုတော့ စစ်ကောင်စီက ဒီနေ့ ဧပြီလ ၁၃ ရက် သင်္ကြန်အကြိုနေ့မှာ မနက်အစောပိုင်းကတည်းက ယိမ်းအဖွဲ့တွေနဲ့ ဖွင့်လှစ်သွားပါတယ်။

    အာဏာသိမ်းစစ်တပ်နဲ့ မပူးပေါင်းဘဲ ဆန့်ကျင်ကြောင်းပြသဖို့ ဒီနှစ် သင်္ကြန်မှာ ရေမထွက်ကစားကြဖို့ အာဏာသိမ်းဆန့်ကျင်တဲ့တော်လှန်ရေးအင်အားစုတွေက လူထုကို တိုက်တွန်းနှိုးဆော်တာတွေရှိခဲ့အပြီးမှာ ရန်ကုန်မြို့မှာ ရေပက်ခံထွက်သူ မရှိသလောက် နည်းနေတဲ့အခြေအနေ ဦးတည်သွားတာလို့ ရန်ကုန်မြို့ခံတွေက ပြောထားပါတယ်။

  2. ကလေးမြို့နယ်၊ နတ်ချောင်းရွာမှာ နေအိမ် ၁၀၀ နီးပါးမီးရှို့ခံရ

    မီးရှို့ခံရအပြီး မြင်တွေ့ရတဲ့နတ်ချောင်းရွာ

    ဓာတ်ပုံ ရင်းမြစ်, Zalen

    ဓာတ်ပုံ ပုံစာ, မီးရှို့ခံရအပြီး မြင်တွေ့ရတဲ့နတ်ချောင်းရွာ

    စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းက နတ်ချောင်းရွာမှာ ဧပြီလ ၁၁ ရက်နေ့မှာ ကိုယ်ပိုင်အထက်တန်းကျောင်း တစ်ကျောင်းအပါအ၀င် လူနေအိမ် ၁၀၀ နီးပါး မီးရှို့ခံခဲ့ရတယ်လို့ ထွက်‌ပြေးတိမ်းရှောင်ခဲ့ရတဲ့ဒေသခံတွေက ပြောပါတယ်။

    နတ်ချောင်းရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့၀င်တွေ ဧပြီလ ၁၀ ရက်မှာ တိုက်ပွဲဖြစ်ခဲ့ပြီးတဲ့နောက် စစ်ကောင်စီတပ်က ၀င်ရောက်မီးရှို့ခဲ့တာလို့ ဒေသခံတွေ က‌ပြောပါတယ်။

    စစ်ကောင်စီတပ်ဖွဲ့၀င်တွေ ၀င်ရောက်အပြီး ဧပြီလ ၁၁ ရက် နေ့လည်ပိုင်းမှာ ရွာထဲက မီးခိုးလုံးတွေ တက်လာတာကို အ‌ဝေးကနေ လှမ်းကြည့်ခဲ့ရတယ်လို့ ဒေသခံတွေက အစောပိုင်းကတည်းက ပြောထားပါတယ်။

    ကလေးမြို့နယ်ထဲက နတ်ချောင်းရွာဟာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ခဲ့တဲ့ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းတုန်းကလည်း နေအိမ်တချို့ မီးရှို့ခံခဲ့ရသလို လူသေဆုံးတဲ့အထိ ဖြစ်ခဲ့ဖူးတဲ့ရွာဖြစ်ပါတယ်။

  3. အမေရိကန်က ထုတ်ပြန်တဲ့ နိုင်ငံတကာလူ့အခွင့်အရေးအစီရင်ခံစာမှာ မြန်မာ့အ‌ခြေအနေကို ဘယ်လိုဖော်ပြထားလဲ

    စစ်တပ်လုံခြုံရေးတပ်ဖွဲ့၀င်တွေဟာ သူတို့ရဲ့ချိုးဖောက်မှုတွေအတွက် ပြစ်ဒဏ်ကနေ ကင်းလွတ်ခွင့်ရနေတဲ့အချက်ကိုလည်း အစီရင်ခံစာမှာ ထောက်ပြထား

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, စစ်တပ်လုံခြုံရေးတပ်ဖွဲ့၀င်တွေဟာ သူတို့ရဲ့ချိုးဖောက်မှုတွေအတွက် ပြစ်ဒဏ်ကနေ ကင်းလွတ်ခွင့်ရနေတဲ့အချက်ကိုလည်း အစီရင်ခံစာမှာ ထောက်ပြထား

    အမေရိကန်ပြည်ထောင်စုက မနေ့ ဧပြီလ ၁၂ ရက်မှာ ထုတ်ပြန်တဲ့ ၂၀၂၁ ခုနှစ်အတွင်း နိုင်ငံတကာလူ့အခွင့်အရေး အစီရင်ခံစာမှာ စစ်အာဏာသိမ်းမှုအောက်က မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေကိုလည်းဖော်ပြလာပါတယ်။

    သတ်ဖြတ်ဖမ်းဆီးမှုတွေ၊ လူပျောက်မှုတွေ၊ နိုင်ငံရေးအကျဥ်းသားတွေ ထောင်တွင်း တွေ့ကြုံနေရတဲ့အခြေအနေတွေ၊ မီဒီယာလွတ်လပ်မှုနဲ့ သတင်းသမားတွေအပေါ် ချိုးဖောက်မှုတွေ၊ တိုင်းရင်းသားတွေအပေါ်ကျူးလွန်တဲ့အကြမ်းဖက်မှုတွေအပါအ၀င် အဂတိမှုနဲ့ တရားရေးပွင့်လင်းမြင်သာမှုမရှိတာတွေလို ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဆိုးရွားတဲ့ အခြေအနေတွေကို ဖော်ပြထားပါတယ်။

    စစ်တပ်လုံခြုံရေးတပ်ဖွဲ့၀င်တွေဟာ သူတို့ရဲ့ချိုးဖောက်မှုတွေအတွက် လွတ်ငြိမ်းသက်သာခွင့်ရနေသလို လူ့အခွင့်အရေးချိုးဖောက်တာ၊ အဂတိလိုက်စားတာမျိုးလိုဖြစ်ရပ်တွေအတွက် တာ၀န်ရှိတဲ့ အရာရှိတွေဟာလည်း ဥပဒေကြောင်းအရ ပြစ်ဒဏ်စီရင်ခံရမှုကနေ ကင်းလွတ်နေဆဲလို့ အဲဒီ အစီရင်ခံစာမှာပါရှိပါတယ်။

    တစ်ဖက်မှာလည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတချို့နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ တချို့ ဒါမှမဟုတ် သူတို့အဖွဲ့၀င်တွေဟာ သတ်ဖြတ်မှု၊ လူပျောက်စေမှု၊ ရုပ်ပိုင်းဆိုင်ရာချိုးဖောက်မှုတွေကို ကျူးလွန်ခဲ့သလို ပဋိပက္ခနယ်မြေအတွင်းက ဒေသခံလူထုကို ကာကွယ်ပေးဖို့ ပျက်ကွက်နေတာကိုလည်း အဲဒီအစီရင်ခံစာက ထောက်ပြပြောဆိုထားပါတယ်။

    အမေရိကန်နိုင်ငံခြားရေး၀န်ကြီး အန်တိုနီဘလင်ကန်ကတော့ နှစ်စဥ် ထုတ်ပြန်တဲ့ ဒီအစီရင်ခံစာဟာ ရက်စက်ကြမ်းကြုတ်မှုတွေကို စုဆောင်းခွဲခြမ်းစိတ်ဖြာပြီး သက်သေအဖြစ်စုစည်းကာ သက်ဆိုင်ရာအဖွဲ့အစည်းတွေ ဒီအချက်အလက်တွေ ရရှိသွားအောင် အားထုတ်မှု ဖြစ်တယ်လို့ ဆိုပါတယ်။

    ဒါ့အပြင် ၀န်ကြီးက ပြီးခဲ့တဲ့လတုန်းက သူကြေညာခဲ့တဲ့ မြန်မာစစ်တပ်က ရိုဟင်ဂျာတွေအပေါ် လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်တယ်ဆိုတဲ့ကြေညာချက်မျိုး ပေါ်ပေါက်လာနိုင်အောင် အခုလို အချက်အလက်တွေက ပံ့ပိုးခဲ့တာဆိုပြီးလည်း ပြောထားပါတယ်။

  4. စစ်ကိုင်း၊မုံရွာမြို့ပေါ်မှာ လူငယ်(၁၅)ဦးဖမ်းဆီးခံရ

    ဧပြီ (၁၁)ရက်၊ မနက်ပိုင်းမှာ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ပေါ်မှာ လူငယ်‌(၁၅)ဦးဖမ်းဆီးထိန်းသိမ်းခံလိုက်ရတယ်လို့ မုံရွာခရိုင်သပိတ် ကော်မတီကနေသိရပါတယ်။

    ဖြစ်စဉ်မှာ တက်ကြွလှုပ်ရှားသူကိုအောင်မြင့်မြတ်ကို အဲ့ဒီနေ့ မနက် (၂)နာရီဝန်းကျင်မှာ စစ်ကောင်စီကဖမ်းဆီးခဲ့ပြီး နာရီပိုင်းအတွင်းမှာတင် မုံရွာမြို့ပေါ်ရပ်ကွက်တစ်ခု၊ နေအိမ်တစ်အိမ်ကို ဝင်ရောက်စီးနင်းခဲ့တာလို့ဆိုပါတယ်။

    အဲ့ဒီနေအိမ်မှာရှိနေတဲ့ ကိုမင်းသိုက်ထွန်း၊ ကိုထွေးအောင်ဇင်စတဲ့သူတွေအပါအဝင် အနည်းဆုံး (၁၀)ဦးထပ်မံ အဖမ်းဆီးခံလိုက်ရတယ်လို့ ပြောပါတယ်။

    "အိမ်ကိုပထမအကြိမ်ဝင်ပြီးလူတွေကိုဖမ်းတယ်။ ပြီးတော့ နောက်တစ်ကြိမ် မနက် (၇)နာရီလောက်ဝင်ပြီး အိမ်ကိုထပ်ရှာတယ်။ တခြားသူတွေကို ဆက်စပ်ပြီး လိုက်ဖမ်းဆီးတာတွေ၊ သူတို့မိသားစုနေအိမ်တွေကိုနောက်ဆက်တွဲလုပ်ဆောင်တာမရှိသေးပါဘူး။ ‌အမျိုးသမီးတစ်ဦးလည်းပါတဲ့အပြင် လူငယ်နှစ်ယောက်လည်း စစ်ကြောရေးမှာ သေပြီဆိုတာမျိုးသတင်းထွက်လာတော့ အသက်အန္တရာယ်စိုးရိမ်နေရတယ်"လို့ မုံရွာသပိတ်ဦးဆောင်သူတစ်ဦးဖြစ်တဲ့ မချောစုစံက ဘီဘီစီကိုပြောပါတယ်။

    အလွတ်တန်းသတင်းထောက်တစ်ဦးလည်းဖြစ်တဲ့ ကိုမင်းသိုက်ထွန်းနဲ့ တက်ကြွလှုပ်ရှားသူ ကိုထွေးအောင်ဇင်တို့ကို မြို့တော်ခန်းမထဲမှာ စစ်ကြောရေးစစ်ဆေးနေကြပြီး နောက်ထပ် (၁၃)ဦးကိုတော့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) စစ်ကြောရေးမှာ စစ်ဆေးနေဆဲလို့ မချောစုစံကဆက်ပြောပါတယ်။

    လက်ရှိမှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မုံရွာမြို့ပေါ်တင်မက ရန်ကုန်၊ မန္တလေးစတဲ့ မြို့ပေါ်တွေမှာပါ စစ်ကောင်စီဆန့်ကျင်ရေးလှုပ်ရှားနေတဲ့ လူငယ်တွေကို နေ့စဉ်လိုလိုဖမ်းဆီးမှုရှိ‌နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

    CJ

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ပြီးခဲ့တဲ့နှစ်မတ်လတုန်းက မုံရွာပင်မသပိတ်မြင်ကွင်း။ (ပုံဟောင်း)
  5. ပင်လည်ဘူးမှာ တိုက်ပွဲတွေပြင်းထန်ခဲ့

  6. ကလေးငယ်တွေ ဖမ်းဆီးခံနေရတာ ဘယ်သူ့မှာ တာဝန်ရှိလဲ

  7. ဒေါ်လာတန်ဖိုးသတ်မှတ်ချက်ကြောင့် ဘင်္ဂလားဒေ့ရှ်နဲ့ ကုန်သွယ်ရေးလည်း ထိခိုက်

    ဗဟိုဘဏ်ကနေ ဒေါ်လာဈေးနှုန်းတွေကို ၁၈၅၀ ကျပ်နှုန်းနဲ့ ပုံသေသတ်မှတ်လိုက်ပြီး ဝင်လာတဲ့နိုင်ငံခြားငွေတွေကို မြန်မာကျပ်ငွေတွေနဲ့ ထုတ်ပေးဖို့သတ်မှတ်ခဲ့တာကြောင့် ကုန်သွယ်ရေးလုပ်ငန်းတွေမှာ ရိုက်ခတ်မှုရှိပြီး ဘင်္ဂလားဒေ့ရှ်နဲ့ ကုန်သွယ်ရေးကိုလည်း ထိခိုက်ခဲ့ပါတယ်။

    အဲ့ဒီသတ်မှတ်ချက်က အစိုးရနဲ့အကျိုးတူလုပ်ငန်းတွေလုပ်ကိုင်ဆောင်ရွက်သူတွေ၊ တရားဝင်ငွေကြေးလမ်းကြောင်းကနေ လုပ်ကိုင်နေတဲ့စီးပွားရေးလုပ်ငန်းရှင်တွေအတွက် ကာလပေါက်ဈေးတွေနဲ့ မရောင်းချကြရတော့သလို ဘဏ်တွေကနေ သူတို့သတ်မှတ်ပေးထားတဲ့ ဈေးနှုန်းအတိုင်းကိုလည်း ငွေတွေထုတ်မရတာကြောင့် စီးပွားရေးလုပ်ငန်းလုပ်ကိုင်သူတွေအတွက် တော်တော်လေးကို အခက်အခဲတွေဖြစ်နေရတယ်လို့ ရခိုင်ပြည်နယ် ကုန်သည်စက်မှုအသင်းက ပြောပါတယ်။

    ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ်ကို ကုန်စည်ပို့ဆောင်ရေးတွေလုပ်ကိုင်နေကြတဲ့ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းတွေမှာလည်း ကုန်စည်ရောင်းချထားတဲ့ငွေတွေကို မြန်မာဘက်ကိုလွှဲပြောင်းပေးတဲ့အခါမှာ ဒေါ်လာကိုပဲလွှဲပြောင်းပေးတာဖြစ်ပြီး မြန်မာ့စီးပွားရေးဘဏ်ကနေ သူတို့ရဲ့ငွေတွေကိုထုတ်ယူလို့မရတာကြောင့် ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းတွေကို ထိခိုက်မှုတွေနဲ့ ကြုံနေကြရတယ်လို့ ကုန်သည်စက်မှုအသင်း အတွင်းရေးမှူး ဦးအောင်အောင်က ပြောပါတယ်။

    အရင်ကလည်း ဒါမျိုးတွေပြုလုပ်ခဲ့ပေမယ့် အောင်မြင်မှုမရှိခဲ့ဘဲ မှောင်ခိုငွေကြေးဈေးကွက်တွေအတွက် ငွေကြေးလဲလှယ်မှုက ပိုမိုအားကောင်းတဲ့အခြေအနေတွေကိုရောက်ရှိခဲ့တာဖြစ်ပါတယ်။

    အခုတစ်ကြိမ်မှာလည်း စစ်ကောင်စီဘက်ကနေ ဒေါ်လာပိုင်ဆိုင်မှုကိုပြလိုတဲ့အတွက် ဒီဥပဒေကိုချမှတ်ခဲ့တာဖြစ်ပေမယ့် မှောင်ခိုဈေးကွက်မှာတော့ ဒီနေ့ပေါက်ဈေးက တစ်ဒေါ်လာက ၁၉၅၀ ကျပ်ထိရရှိနေပြီး ဘဏ်တွေမှာထက် မှောင်ခိုဈေးကွက်တွေမှာ ပိုမိုအရောင်းအဝယ်လိုက်နေတယ်လို့ သိရပါတယ်။

    အစိုးရနဲ့ချိတ်ဆက်လုပ်ကိုင်နေတဲ့ စီးပွားရေးလုပ်ငန်းတွေအတွက်တော့ လတ်တလောမှာ နစ်နာမှုတွေများကြီးဖြစ်ပွားနေပြီး မှောင်ခိုငွေကြေးဈေးကွက်ကို နိုင်နိုင်နင်းနင်းမထိန်းနိုင်ရင် ဒီဥပဒေက ရေရှည်မှာ အလုပ်ဖြစ်မှာမဟုတ်ဘူးလို့ သုံးသပ်မှုတွေလည်း ရှိနေကြပါတယ်။

    ဒါ့အပြင် လက်ရှိမှာလည်း သင်္ကြန်ကာလဖြစ်တာကြောင့် စီးပွားရေးလုပ်ငန်းတချို့ရပ်နားတာတွေကြောင့် ကုန်စည်မရရှိတဲ့အတွက် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းတွေလည်း လည်ပတ်မှုနည်းပါးနေတယ်လို့ သိရပါတယ်။

  8. ယင်းမာပင်၊ ကံစုရွာ မီးရှို့ခံရ, နေအိမ်အလုံး(၃၀)ကျော်မီးလောင်ကျွမ်းတယ်လို့ ဒေသခံတွေပြော

    CJ

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, စစ်ကောင်စီထွက်ခွာသွားပြီးနောက် မီးငြိမ်းသတ်နေကြစဉ်။

    ဒီကနေ့ ဧပြီ (၁၂)ရက်၊ မနက် (၁၁)နာရီဝန်းကျင်မှာ စစ်ကိုင်းတိုင်း၊ ယင်းမာပင်နယ်ထဲက ကံစုရွာ‌ထဲကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ အရပ်အခေါ် ပျူစောထီး၊ စစ်ကောင်စီအပြော ပြည့်သူစစ်တပ်ဖွဲ့ဝင်တွေ ဝင်ရောက်လာခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

    လက်နက်ကြီးတွေပစ်ခတ်ကာ ရွာထဲ ဝင်ရောက်လာခဲ့တာဖြစ်ပြီး ‌မပြေးလွှားနိုင်တဲ့ အသက်ကြီးသူတချို့သာရွာထဲကျန်ရစ်ခဲ့တယ်လို့ ဆိုပါတယ်။

    အဲ့ဒီနောက် ကံစုရွာမြောက်ပိုင်းက နေအိမ်တွေကို စတင်မီးရှို့ခဲ့ပြီး နေ့လယ်(၁)နာ‌ရီကျော်လောက်မှာ ပြန်ထွက်သွားခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရသိရပါတယ်။

    "‌မြောက်လေတိုက်တာဆိုတော့ မြောက်ဘက်ကနေကိုလေပင့်ရှို့တာ။ သူတို့မြောက်ပိုင်းမှာမရှိချိန် ကျွန်တော်တို့က ရွာ့မြောက်ပိုင်းအိမ်တွေ မီးဝင်ငြှိမ်းကြတယ်။ အဲ့မှာ အလယ်ပိုင်းပါမီးထပ်ရှို့ပါလေရော။ မပြေးနိုင်လို့ကျန်နေခဲ့သူတွေကိုလည်း အိမ်ထဲကအတင်းထွက်ခိုင်းပြီးမှ အိမ်ကိုမီးရှို့တာ။ ရွာဦးဘုန်းကြီးကိုလည်း သေနတ်ထောက်ပြီး နေရာတွေလိုက်ပြခိုင်းတယ်။ အခုကဘယ်သူ့ဘယ်ဝါအိမ်ဆိုတာထက် အကုန်လုံးကိုမီးတင်ရှို့တာဗျ"လို့ ကံစုရွာသားတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    CJ

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ကံစုရွာမီး‌လောင်ကျွမ်းတာကို အဝေးကတွေ့မြင်ရစဉ်။

    ကံစုရွာသားတွေဟာ သူတို့အနီးကရွာဖြစ်တဲ့ ဘန်ဘွေးရွာမှာစစ်ကောင်စီတပ်တွေ တပ်စွဲချိန်ကစပြီး ကြိုတင်စစ်ရှောင်နေကြတာ တစ်လကျော်ကြာပြီဖြစ်ပါတယ်။

    မနေ့ဧပြီ (၁၁)ရက်မှာ ယင်းမာပင်နယ်အတွင်း မိုးကြီးလေကြီးတိုက်ခတ်တာကြောင့် စစ်ရှောင်နေရသူတွေနေနေရတဲ့ တောတိုက်တွေပျက်ဆီးသွားခဲ့တယ်လို့ ဆိုပါတယ်။

    ဒါကြောင့် စစ်ရှောင်ကံစုရွာသားတချို့ဟာ ရွာထဲပြန်လာနေချိန်မှာဘဲ အခုလိုစစ်ကောင်စီတပ်တွေဝင်ရောက်မီးရှို့တာကိုခံရတာလို့ ဒေသခံတွေက ဘီဘီစီကိုပြောပါတယ်။

    ဒီကနေ့မှာတော့ ဘန်ဘွေး၊ ကံစုရွာတဝိုက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ဒေသကာကွယ်ရေးအဖွဲ့တွေအကြား တိုက်ပွဲမရှိခဲ့ဘူးလို့ ဆိုပါတယ်။

    CJ

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, နေအိမ်တွေမီးရှို့ခံရပြီးနောက်တွေ့ရစဉ်။
  9. ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည်တွေပြန်နိုင်ရေး အရေးကြီးကြောင်း ဂျပန်ပြော

    ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည်တွေပြန်နိုင်ရေး အရေးကြီးကြောင်း ဂျပန်ပြော

    ဓာတ်ပုံ ရင်းမြစ်, AFP

    ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲက ရိုဟင်ဂျာ ဒုက္ခသည်တွေအရေးကိစ္စ ဖြေရှင်းဖို့ဆိုရင် ရိုဟင်ဂျာတွေ နေရပ်ပြန်နိုင်ရေးအရေးကြီးတဲ့အကြောင်း ဂျပန်နိုင်ငံခြားရေး၀န်ကြီးက ပြောလာပါတယ်။

    ဂျပန်နိုင်ငံခြားရေး၀န်ကြီး ဟာယာရှီ ယိုရှိယာမနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ အဘူလ် မိုမန်တို့ ဂျပန်နိုင်ငံခြားရေး၀န်ကြီးဌာနမှာ ဧပြီလ ၁၁ ရက်နေ့က တွေ့ဆုံချိန် အခုလိုပြောလိုက်တာပါ။

    ဒါ့အပြင် ရိုဟင်ဂျာတွေနေရပ်ပြန်ရေးကိစ္စအတွက်လည်း ဂျပန်နိုင်ငံက ဆက်လက်ကူညီမယ်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးက ပြောထားပါတယ်။

    ၂၀၁၇ ခုနှစ်တုန်းက ရခိုင်ပြည်နယ်ထဲမှာ စစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှုတွေအတွင်း ထွက်‌ပြေးတိမ်းရှောင်ခဲ့ကြတဲ့ သိန်းနဲ့ချီတဲ့ရိုဟင်ဂျာမွတ်စလင်တွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲမှာ ခိုလှုံနေကြတာပါ။

    စစ်ကောင်စီလက်ထက်မှာတော့ ရိုဟင်ဂျာတွေကို နေရပ်ပြန်ခေါ်ရေးကိစ္စ ပြန်လည်စတင်ဖို့ဘင်္ဂလားဒေ့ရှ်အစိုးရကိုယ်စားလှယ်တွေနဲ့ စစ်ကောင်စီကိုယ်စားလှယ်တွေ ပြီးခဲ့တဲ့ ဇန်န၀ါရီလမှာ အွန်လိုင်းကနေ တွေ့ဆုံထားပါတယ်။

    တစ်ဖက်မှာလည်း ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေဟာ ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေမှာ မွေးဖွားနှုန်းမြင့်တက်နေတာကို ထိန်းချုပ်ဖို့ ပြင်ဆင်နေပါတယ်။

  10. ကန့်ဘလူ၊ ပင့်သာရွာကစစ်ကောင်စီတပ်စခန်းတိုက်ခိုက်ခံရ

    ဧပြီ (၁၁)ရက်၊မနက်(၁)နာရီကျော်မှာ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အနောက်မြောက်ဘက် ပင့်သာရွာမှာစခန်းချနေတဲ့ စစ်ကောင်စီတပ်စခန်းကို ‌‌ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။

    ဒေသကာကွယ်ရေးတွေဘက်ကနေ ထိုးစစ်ဆင်ခဲ့တာဖြစ်ကာ စစ်ကောင်စီတပ်ဖွဲ့ဝင် (၈)ဦးသေဆုံးပြီး ကာကွယ်ရေးအဖွဲ့တွေဘက်က တစ်ဦးသေဆုံးတယ်လို့ ကာကွယ်ရေးအဖွဲ့တွေက ဘီဘီစီကိုပြောပါတယ်။ ဒါ့အပြင် လက်နက်ခဲယမ်းတွေသာမက ငွေသားနဲ့ရွှေတွေပါ သိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။

    "မိသားစုတွေနဲ့ပါ လူအယောက် (၅၀)နီးပါးရှိနေတဲ့တပ်စခန်းဗျ။ တိုက်ပွဲကမနက် (၃)နာရီခွဲလောက်မှာပြီးတယ်။ သူတို့ရဲ့ကလေးတွေနဲ့ အမျိုးသမီးတွေ ကိုတော့ လမ်းခုလတ်မှာပြန်လွှတ်ပေးခဲ့တယ်။ ကျွန်တော်တို့ (၈)ဦးတော့စစ်ဆေးဖို့ခေါ်လာတယ်။ မိုင်းထိခဲ့တဲ့သူတွေကိုလည်း ဆေးကုပေးထားပါတယ်"လို့ အဲ့ဒီတိုက်ပွဲမှာပါဝင်ခဲ့တဲ့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    ပင့်သာရွာတပ်စခန်းတိုက်ခိုက်ခံရပြီး‌နောက် မနေ့နေ့လယ်ပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရွာတွေတဝိုက်စစ်ကြောင်းသွားလာနေပြီး ရွာသားတစ်ဦးကို ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။ ဒီမနက်မှာတော့ အဲ့ဒီဖမ်းဆီးခံ လက်ခုပ်ပင်ရွာသားရဲ့အလောင်းကို ပင့်သာရွာအနီးကရေကန်မှာပြန်တွေ့ခဲ့တယ်လို့ ရွာခံတွေကပြောပါတယ်။

    ဒါကြောင့် တိုက်ပွဲတွေထပ်ဖြစ်ပွားလာမှာကိုစိုးရိမ်ပြီး ပင့်သာရွာနဲ့အရှေ့ဘက်ခြမ်းက ရွာတွေဟာ ဒီနေ့ဧပြီ (၁၂)ရက်ကစပြီး ရွာတွေကနေ ကြိုတင်ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။

    ဒီကနေ့နေ့လယ်ပိုင်းအထိ ကန့်ဘလူနဲ့ ကောလင်းနယ်စပ်တဝိုက်မှာ ထိတွေ့တိုက်ပွဲဖြစ်ပွားတာမရှိသေးဘူးလို့ ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့တွေက ပြောပါတယ်။

    ဒီပင့်သာရွာတပ်စခန်းတိုက်ခိုက်ခံရတာနဲ့ပတ်သက်ပြီး စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ကတော့ ဒီကနေ့ဧပြီ (၁၂)ရက်၊ ညနေ (၃)နာရီဝန်းကျင်အထိ တစုံတရာထုတ်ပြန်လာတာမရှိသေးပါဘူး။

    ကန့်ဘလူ

    ဓာတ်ပုံ ရင်းမြစ်, CJ

  11. လက်ဝှေ့သမား တူးတူး(နဂါးမာန်)အပါအဝင် ၆ ဦး ဖမ်းဆီးခံရ

    နိုင်ငံကျော်လက်ဝှေ့သမား တူးတူး(နဂါးမာန်)အပါအဝင် ၆ ဦးကို မကွေးတိုင်း၊ မင်းဘူးခရိုင်၊ မင်းဘူး (စကု)မြို့နယ်၊ မန်းချောင်းမြောက်ဘက်က စားသောက်ဆိုင်တစ်ဆိုင်မှာ ဧပြီ (၁၁)ရက်၊ မနက် (၁၁)နာရီဝန်းကျင်လောက်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

    လက်နက်ပစ္စည်းတွေနဲ့ပါ ဖမ်းဆီးရမိတယ်လို့ ဆိုကြပေမဲ့ ဘီဘီစီဘက်ကတော့သီးခြားအတည်မပြုနိုင်ခဲ့ပါဘူး။

    "တူးတူးတို့က စစ်ကောင်စီကိုတော်လှန်နေတယ်ဆိုတာလူသိကြတော့ သူတို့ဘက်ကလည်းလိုက်ဖမ်းချင်နေတာပဲ။ ငဖဲ၊ စေတုတ္ထရာဘက်မှာလည်း လိုက်ဖမ်းသေးတယ်၊ သူလွတ်သွားတာ။ ဒါကိုစကုဘက်ကသိတဲ့သူကသတင်းပေးလိုက်တယ်ထင်ပါတယ်။ စကုစခန်းကဝင်ဖမ်းတာ"လို့ စကုဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    လက်ရှိမှာတော့ တူးတူး(နဂါးမာန်)နဲ့ အဖွဲ့ဝင်တွေကို စကုစစ်တပ်စစ်ကြောရေးမှာစစ်ဆေးနေတယ်လို့ ‌‌‌ဒေသခံတွေက ပြောပါတယ်။

    လက်ဝှေ့သမား တူးတူးဟာ စစ်ကောင်စီကိုဆန့်ကျင်ရေးဆန္ဒပြပွဲတွေမှာလည်း ပါဝင်ခဲ့သလို အာဏာသိမ်းမှုဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာလည်း တက်တက်ကြွကြွပါဝင်နေသူဖြစ်ပါတယ်။

    တူးတူး

    ဓာတ်ပုံ ရင်းမြစ်, Too Too တူးတူး (နဂါးမာန်)

  12. မင်္ဂလာပါ။ ဘီဘီစီရဲ့နောက်ဆုံးရသတင်းများ တိုက်ရိုက်တင်ဆက်မှု စာမျက်နှာသစ် စတင်ပါပြီ။ ပြီးခဲ့တဲ့ သီတင်းပတ်တွေကတင်ဆက်ခဲ့တဲ့ သတင်းတွေကိုတော့ဒီစာမျက်နှာမှာ သွားရောက်ဖတ်ရှုနိုင်ပါတယ်။