လတ်တလော ဖြစ်နေတဲ့ မြေပြင် အခြေအနေရော ၊ နိုင်ငံရေး အခြေအနေတွေနဲ့ပါ ကွာဟမှု ရှိနေတာကြောင့် စစ်ကောင်စီ ဥက္ကဋ္ဌ ရဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကို ကိုယ်တိုင်တွေ့ဆုံဆွေးနွေးမယ် ဆိုတာကို လက်မခံသလို ၊ ထည့်သွင်း စဥ်းစားသွားမှာ မဟုတ်ဘူးလို့ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP ပြောခွင့်ရ အတွင်းရေးမှူး ၂ ဦးအောင်ဆန်းမြင့်က ဘီဘီစီကို ပြောပါတယ်။
မနေ့က စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ငြိမ်းချမ်းရေးအတွက် သူကိုယ်တိုင်တွေ့ဆုံဆွေးနွေးမယ်ဆိုပြီး ကမ်းလှမ်းတဲ့အပေါ် KNPP ရဲ့ သဘောထားမေးမြန်းတာကို ဦးအောင်ဆန်းမြင့်က ဘီဘီစီကို ပြန်လည်ဖြေကြားတာ ဖြစ်ပါတယ်။
စစ်ကောင်စီက တိုင်းရင်းသားအဖွဲ့တွေကို ကမ်းလှမ်းပေမဲ့ အဲဒီထဲမှာ စစ်ကောင်စီက အကြမ်းဖက်လို့ သတ်မှတ်ထားတဲ့ ပြည်သူ့ကာကွယ်ရေးတပ် ပီဒီအက်ဖ်တွေ မပါဘူးလို့ ပြောထားပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့ကလည်း ပီဒီအက်ဖ်အဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိနေပြီး စစ်ကောင်စီတပ်တွေနဲ့ တိုက်ခိုက်မှုတွေ ရှိနေပါတယ်။
စစ်တပ်က အာဏာတည်မြဲဖို့ ရေးဆွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအရ NCA လမ်းကြောင်းနဲ့ သွားဖို့ စစ်ကောင်စီ ဥက္ကဌ က ကမ်းလှမ်းတာ ဖြစ်ပြီး ဒါတွေဟာ KNPP က လိုလားတဲ့ အမျိုးသား တန်းတူ ညီမျှမှု ရှိရေး ၊ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်အပြည့်အ၀ ရရေး ၊ ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံ တည်ဆောက်ရေး စတဲ့ ဦးတည်ချက်တွေနဲ့ ဆန့်ကျင်နေတယ်လို့ သူက ဆိုပါတယ်။
ဒါ့အပြင် တကယ် လက်တွေ့ မြေပြင်မှာ တိုင်းပြည်အတွင်း လူအများ သေကြေပျက်စီး နေရပြီး ကယား (ကရင်နီ) ပြည်နယ်မှာ ဆိုရင်လည်း အပြစ်မဲ့ ပြည်သူ ၂၀၀ကျော် သတ်ဖြတ်ခံခဲ့ရသလို နောက်ထပ် ၂၀၀ ကျော်လဲ ဖမ်းဆီး ခံထားရကာ ၊ လူငယ်တွေလည်း အသက်ပေးခဲ့ရပြီး မြို့ရွာတွေလည်း မီးရှို့ခံထားရလို့ မြို့ပျက် ရွာပျက်တွေ ဖြစ်နေပြီလို့ သူက ထောက်ပြခဲ့ပါတယ်။
အဲဒီလို အခြေအနေမှာ ငြိမ်းချမ်းရေး စကားပြောနေတာဟာ မြေပြင်နဲ့ သဟဇာတ မဖြစ်ဘဲ စစ်တပ်က လူမျိုးတုန်း သတ်ဖြတ်နေမှုတွေ ၊ လူသားမျိုးနွယ် တရပ်လုံးအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေ ဘယ်လို ရပ်တန့်မလဲ ဆိုတာက ပိုပြီး အရေးကြီးတယ်လို့ ဦးအောင်ဆန်းမြင့်က ပြောပါတယ်။
တိုင်းရင်းသားတွေ အနေနဲ့ တန်းတူညီမျှမှု ၊ တရားမျှတမှု ၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရှိပြီး စစ်တပ် အနေနဲ့ နိုင်ငံရေးက စွန့်ခွာမှသာလျှင် တွေ့ဆုံ ဆွေးနွေးမှုကို လက်ခံ စဥ်းစားသွားမယ်လို့ KNPP ပြောခွင့်ရသူက ဆိုပါတယ်။
အခု စစ်ကောင်စီ ဥက္ကဋ္ဌ ကမ်းလှမ်းချက်ဟာ အာဆီယံ မူ ၅ချက်နဲ့ အညီ သွားနေပါတယ် ၊ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ဆွေးနွေးနေပါတယ် ဆိုတာကို နိုင်ငံတကာမှာ ပြယုဂ်ကောင်းအောင် ၊ နိုင်ငံကို သူက ထိန်းချုပ်နိုင်နေပါပြီ ၊ ငြိမ်းချမ်းရေး ကိစ္စတွေ ပြန်လည် ဆောင်ရွက်နေပါပြီ ဆိုတာကို ပြချင်တဲ့ အနေအထားသာ ဖြစ်ပြီး လက်ရှိမှာ သူတို့လိုချင်တဲ့ ဖက်ဒရယ် နိုင်ငံ တည်ဆောက်ဖို့ ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့ ဦးအောင်ဆန်းမြင့်က သုံးသပ်ပါတယ်။
ကရင်နီ ( ကယား ) ပြည်နယ်မှာ ပြီးခဲ့တဲ့ ခရစ်စမတ် မတိုင်ခင် က လူ ၄၀ နီးပါး သတ်ဖြတ် မီးရှို့ခံရတဲ့ ဖြစ်ရပ်တွေက ရပ်တန့်မသွားသေးဘဲ နှစ်ဆန်းပိုင်းကစလို့ နေ့စဥ်လိုလို သူတို့ ပြည်နယ်အတွင်း လေကြောင်းက ဗုံးကြဲ ထိုးစစ်ဆင်မှုတွေကို စစ်ကောင်စီတပ်တွေက ဆက်လက် လုပ်ဆောင်နေစဲလို့ သူက ထောက်ပြပါတယ်။
ဒီလို အနေအထားမှာ စစ်ကောင်စီ တပ်တွေဟာ မြေပြင်မှာ လက်နက်ကိုင် တပ်ဖွဲ့တွေကို ယှဥ်နိုင်ခြင်း မရှိတာကြောင့် ဘယ်လိုပဲ လေကြောင်းထိုးစစ်တွေ တိုးလုပ်လာပါစေ ရတဲ့နည်းနဲ့ နောက်မဆုတ်ဘဲ ဆက်လက် တိုက်ပွဲ၀င်သွားမယ် ၊ တချိန်တည်းမှာ စစ်အာဏာရှင် ပြုတ်ကျရေးအတွက် တခြား Stakeholder တွေ၊ အဖွဲ့အစည်း အသီးသီးက ဟန်ချက်ညီညီ လှုပ်ရှားသွားမယ်ဆိုရင် စစ်တပ်အနေနဲ့ အာဏာတည်မြဲဖို့ အချိန်သိပ်မကျန်တော့ပါဘူးလို့ KNPP ပြောခွင့်ရသူက ပြောပါတယ်။
စစ်ကောင်စီဘက်ကတော့ ငြိမ်းချမ်းရေးကို ဖိတ်ခေါ်ထားသလို ငြိမ်းချမ်းရေးဆွေးနွေးဆဲ ကာလအတွင်း တပ်စခန်းတွေကို လာတိုက်တာတွေ လုပ်ရင် တုံ့ပြန်မယ်လို့လည်း ကြေညာထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Karenni National Progressive Party
ဓာတ်ပုံ ပုံစာ, စစ်တပ်အနေနဲ့ ငြိမ်းချမ်းရေးစကားပြောမယ့်အစား လူမျိုးတုန်း သတ်ဖြတ်မှု ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေ ရပ်ဖို့ က ပိုအရေးကြီးတယ်လို့ KNPP ပြော
ဓာတ်ပုံ ရင်းမြစ်, Karenni National Progressive Party
ဓာတ်ပုံ ပုံစာ, သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးက ဟန်ချက်ညီ လှုပ်ရှားသွားကြမယ်ဆိုရင် စစ်အာဏာရှင်အတွက် အချိန်သိတ် မကျန်တော့ဘူးလို့ ဆိုပြီ