ဒေါ်အောင်ဆန်းစုကြည် အဂတိမှုနဲ့ ထောင် ၅ နှစ်ချမှတ်ခံရ

ဒေါ်အောင်ဆန်းစုကြည်ကတော့ မဟုတ်မမှန်စွပ်စွဲခံရတာဆိုပြီး အခုလိုထောင်ဒဏ်ချမှတ်ခံရတာနဲ့ပတ်သက်ပြီး မှတ်ချက်ပြုသလို အမှုအတွက် အယူခံဆက်တက်ဖို့ရှိတယ်ဆိုလို့လည်း ဘီဘီစီက သိရှိရပါတယ်။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ဆားတောင်မြို့မှာ ဆွမ်းခံရင်း မိုင်းထိလို့ ဆေးရုံတင်ထားရတဲ့ ကိုရင် အသက်အန္တရာယ်မစိုးရိမ်ရတော့, မိုင်းထိလို့ ကိုရင်သုံးပါးအနက် နှစ်ပါးပျံလွန်တော်ူ

    စစ်ကိုင်းတိုင်း၊ ဆားတောင်မြို့မှာ ဆွမ်းခံကြွရင်း မိုင်းထိခဲ့တာကြောင့် မန္တလေးဆေးရုံမှာ ဆေးကုသမှုခံနေရတဲ့ ကိုရင်ဟာ ခွဲစိတ်ကုသမှုတွေ ခံယူပြီးနောက် အသက်အန္တရာယ်စိုးရိမ်ရတဲ့ အခြေအနေ မရှိတော့ဘူးလို့ ကူညီပေးနေသူတွေက ပြောကြပါတယ်။

    ဆေးရုံမှာရှိနေတဲ့ ကိုရင်ဟာ မိုင်းပေါက်ကွဲတဲ့ဒဏ်ကြောင့် ဘယ်ဘက်လက်မ ပြတ်တောက်၊ ညာဘက်လက်ကောက်ဝတ်ကျိုးပြီး ဘယ်ခြေထောက် ကျိုးတဲ့ဒဏ်ရာတွေရရှိခဲ့ပါတယ်။

    ဆားတောင်မြို့နယ်၊ သိမ်ချောင်းကျေးရွာ၊ ရန်ကုန်စန္ဒမုနိကျောင်းတိုက်က အသက် ၁၀ နှစ်ဝန်းကျင် ကိုရင်သုံးပါးဟာ ဧပြီ ၂၁ ရက်က ဆွမ်းခံကြွတဲ့လမ်းမှာ မိုင်းပေါက်ကွဲတာကြောင့် ကိုရင်နှစ်ပါးကို စစ်ကိုင်းဆေးရုံကို ပို့ဆောင်ပြီး ဆေးရုံအရောက်မှာပဲ ပျံလွန်တော်မူသွားကြတယ်လို့ ဆေးရုံကို ပို့ပေးခဲ့တဲ့ အိုးဘို ကျန်းမာရေးနဲ့ Rescue အဖွဲ့ကနေ သိရပါတယ်။

    “ ဘယ်လိုဖြစ်တာလဲတော့ ဘယ်သူမှ တိတိကျကျ မမြင်လိုက်ကြဘူး။ အုန်းကနဲအသံကြားလို့ ပတ်ဝန်းကျင်က ကြည့်လိုက်တော့ ဖုန်တွေနဲ့ လုံးနေတာ။ ဖုန်တွေပြယ်သွားတော့မှ ကိုရင်တွေကိုတွေ့လို့ လှမ်းအကြောင်းကြားကြတာ။ “ လို့ အဲဒီအဖွဲ့က တာ၀န်ရှိသူကပြောပါတယ်။

    စစ်ကိုင်းဆေးရုံမှာ ပျံလွန်တော်မူသွားတဲ့ ကိုရင်တွေကို ရန်ကုန်စန္ဒမုနိကျောင်းတိုက်ဆီ အဲဒီအဖွဲ့က ပြန်လည်ပို့ဆောင်ပေးခဲ့ကြပါတယ်။

    ဆားတောင်၊ မိုင်းပေါက်

    ဓာတ်ပုံ ရင်းမြစ်, သစ်ဆန်းဆရာတော် Facebook Page

    ဓာတ်ပုံ ပုံစာ, မန္တလေးဆေးရုံမှာ ဆေးကုသမှုခံယူနေတဲ့ ကိုရင်
  2. အင်အားကောင်းလာတဲ့ NUG၊ PDF တွေနဲ့ အဆက်စပ်မရှိအောင် တိုင်းရင်းသားခေါင်းဆောင်တွေကို စစ်ကောင်စီက တွေ့ဖို့ကမ်းလှမ်းတာလို့ KNU မှတ်ချက်ပေး

    စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ တိုင်းရင်းသားခေါင်းဆောင်တွေကို တွေ့ဆုံဖို့ ကမ်းလှမ်းချက်ဟာ အင်အားကောင်းလာတဲ့ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ အချိတ်ဆက်မရှိအောင် လုပ်ဆောင်ချက်ဖြစ်တယ်လို့ KNU တပ်မဟာ ၅ ပြောခွင့်ရ ပဒိုမန်းမန်းက ဘီဘီစီကို မှတ်ချက်ပေးပါတယ်။

    “ EAO တွေနဲ့တွေ့ဖို့ ကမ်းလှမ်းတာက အဆန်းမဟုတ်ဘူး။ ဒီလိုဖန်တီးမှာကို တွက်ဆထားပြီးသားပဲ။ စကစ က သူ့ဘက်ကို EAO တွေ ဘယ်လောက်ပါမလဲ စမ်းသပ်တာ။ ဒီလိုအခြေအနေကို ကြည့်ရင် KNU သာမက PDF တွေရဲ့ စွမ်းဆောင်မှုလည်း အများကြီးပါတယ်လို့ ပြောရမှာပေါ့ ” လို့သူကပြောပါတယ်။

    တိုက်ပွဲတွေ စဖြစ်လာတဲ့ တစ်နှစ်ကျော်ကာလအတွင်းမှာ စစ်ကောင်စီက ရှိသမျှ တပ်မတွေ ထုတ်သုံးလာရတာ၊ လေကြောင်းပစ်ကူတွေအထိ သုံးလာရတာဟာ မြေပြင်အခြေအနေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ စိတ်ဓာတ်အခြေအနေတွေက ချိနဲ့လာတာကြောင့် ဖြစ်တယ်လို့ ပဒိုမန်းမန်းက သုံးသပ်ပါတယ်။

    စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်လို့ သတ်မှတ်ထားပြီး သူကိုယ်တိုင် တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ တွေ့ဆုံမယ်လို့ ဧပြီ ၂၂ ရက် မနေ့က မိန့်ခွန်းမှာ ပြောခဲ့တာပါ။

    တွေ့ဆုံဖို့ ကမ်းလှမ်းချက်မှာတော့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF မပါဘူးလို့ စစ်ကောင်စီပြောခွင့်ရသူက ‌ပြောကြားထားပါတယ်။

    စစ်ကောင်စီခေါင်းဆောင်ရဲ့ ကမ်းလှမ်းချက်ကို လက်ခံပြီး တွေ့- မတွေ့ဆိုတာကိုတော့ အဖွဲ့စည်းတွေမှာ အစည်းအဝေးလုပ်ပြီး တိုင်ပင်သွားကြမှာဖြစ်တယ်လို့လည်း တိုင်းရင်းသားလက်နက်ကိုင်တွေက ပြောပါတယ်။

    KNU, စစ်ကောင်စီ

    ဓာတ်ပုံ ရင်းမြစ်, ဘီဘီစီ

    ဓာတ်ပုံ ပုံစာ, တပ်မဟာ ၅ ပြောခွင့်ရ ပဒိုမန်းမန်း
  3. ဝန်ကြီးဟောင်းတွေကို အဂတိမှုတွေနဲ့ ထောင်ဒဏ်နှစ် ၂၀ ထိ နှစ်ရှည်ထောင်ဒဏ်တွေ ချ

    အဂတိလိုက်စားမှုတွေနဲ့ တရားစွဲဆိုခံထားရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရ ဝန်ကြီး၊ ဒုဝန်ကြီးနဲ့ အစိုးရဌာန အရာရှိတွေကို ထောင်ဒဏ် နှစ်ရှည်တွေ ချမှတ်လိုက်ပါတယ်။

    ဆောက်လုပ်ရေး ဒုဝန်ကြီးဟောင်း ဦးကျော်လင်းကို စည်းမျဥ်းတွေကို မလိုက်နာဘဲ နိုင်ငံငွေကြေးတွေဆုံးရှုံးစေမှု နဲ့ ဆောက်လုပ်ရေးကုမ္ပဏီတချို့ဆီက ငွေကြေးတွေ လက်ခံယူတယ်ဆိုတဲ့ အချက်တွေနဲ့ စွဲဆိုတဲ့အမှုတွေနဲ့ ဒီကနေ့မှာ မန္တလေးတိုင်းတရားရုံးက အဂတိတိုက်ဖျက်မှု ဥပဒေ ပုဒ်မ ၅၅ အရ အလုပ်နဲ့ ထောင်ဒဏ် နှစ် ၂၀ ချမှတ်လိုက်တယ်လို့ စစ်ကောင်စီ မီဒီယာတွေက ကြေညာပါတယ်။

    ဒါ့အပြင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၅ နဲ့ တရားစွဲ ခံရတဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဟောင်း ဦးသောင်းထွန်းကို ဒေါ်လာ ၉ သန်းနီးပါး ဆုံးရှုံးစေမှုအပါအဝင် အမှု သုံးမှုအတွက် မန္တလေးတိုင်းတရားရုံးက အမှု သုံးမှုအ အလုပ်နဲ့ ထောင်ဒဏ် ၉ နှစ် ချမှတ်ခဲ့ပါတယ်။

    ဆောက်လုပ်ရေးဝန်ကြီးဌာနက ညွှန်မှူးဟောင်း ဦအောင်မြင့်ဦးကို အဂတိပုဒ်မတွေနဲ့ အလုပ်နဲ့ ထောင်ဒဏ် ၄ နှစ်နဲ့ ညွှန်ချုပ်ဟောင်း ဦးရဲမင်းဇော်နဲ့ ဦးနေအောင်ရဲမြင့်တို့ကိုလည်း အဂတိပုဒ်မတွေနဲ့ အလုပ်နဲ့ ထောင်ဒဏ် ၂ စီ ချမှတ်ခဲ့တယ်လို့ အဲဒီ ကြေညာချက်မှာပါရှိပါတယ်။

    ဦးသောင်းထွန်း

    ဓာတ်ပုံ ရင်းမြစ်, MOI

  4. ငြိမ်းချမ်းရေးကာလ တိုက်ခိုက်ရင် တုံ့ပြန်မယ်လို့ စစ်တပ်ကြေညာ

    စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင် တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ တွေ့ဆုံမယ်လို့ ကမ်းလှမ်းလိုက်အပြီးမှာပဲ ငြိမ်းချမ်းရေးဖိတ်ခေါ်ထားတဲ့ကာလနဲ့ ဆွေးနွေးနေချိန်တွေမှာ ငြိမ်းချမ်းရေးပျက်စီးစေမှာတွေ လုပ်ဆောင်ရင် အရေးယူတုံ့ပြန်မယ်လို့ ကြေညာလာပါတယ်။

    ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ အသိပေးထုတ်ပြန်ချက်ဆိုပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ဒီကနေ့ ကြေညာခဲ့တာပါ။

    ၂၀၂၂ ကို ငြိမ်းချမ်းရေးနှစ်လို့ သတ်မှတ်ထားပြီး တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်တွေနဲ့ ကိုယ်တိုင်တွေ့ဆုံဆွေးနွေးမယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဧပြီ ၂၂ ရက် ဒီကနေ့မှာ မိန့်ခွန်းထွက်ပြောပြီး ဖိတ်ခေါ်ထားခဲ့ပါတယ်။

    အဲဒီနောက် ငြိမ်းချမ်းရေး ဖိတ်ခေါ်ထားချိန်နဲ့ ဆွေးနွေးနေစဥ်တွေမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အနေနဲ့ ငြိမ်းချမ်းရေးကို ထိခိုက်စေမယ့် အင်အားစုဆောင်းတာ၊ လှုပ်ရှားတာ၊ နယ်မြေချဲ့ထွင်တာ၊ တပ်စခန်းနဲ့ တပ်ဌာနချုပ် တွေကို တိုက်တာတွေ မလုပ်ဖို့နဲ့ အဲဒီလို လုပ်ဆောင်လာရင် လိုအပ်တဲ့ အရေးယူ တုံ့ပြန်မှုတွေ ဆောင်ရွက်မယ်ဆိုပြီး ကြေညာလာတာ ဖြစ်ပါတယ်။

    တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို ကမ်းလှမ်းထားပေမဲ့ ဒီဖိတ်ကြားချက်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) တွေ မပါဘူးလို့ စစ်ကောင်စီက ပြောထားပါတယ်။

    လက်ရှိမှာတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့က ပီဒီအက်ဖ်တပ်ဖွဲတွေနဲ့ ပူးပေါင်းပြီး စစ်ကောင်စီကို တိုက်ခိုက်နေတာတွေနဲ့ ပီဒီအက်ဖ်တပ်ဖွဲ့ဝင်တွေကို လေ့ကျင်သင်ကြားပေးတာတွေ လုပ်နေပါတယ်။

  5. မန္တလေး လျှပ်စစ်စွမ်းအင်ဝန်ကြီးဟောင်း ဦးဇာနည်အောင်ကို အဂတိနှစ်မှုအတွက် ထောင် ၆ နှစ်ချ

    မန္တလေးတိုင်းလျှပ်စစ်နှင့်ဆောက်လုပ်ရေး၊စွမ်းအင်ဝန်ကြီးဟောင်းဦးဇာနည်အောင်ကိုဒီကနေ့မှာ အိုးဘိုထောင်တွင်းအထူးတရားရုံးကအဂတိအမှုနှစ်ခုလုံးအတွက်ထောင်ဒဏ်၆နှစ်အမိန့်ချမှတ်ခဲ့တယ်လို့တရားရုံးအသိုင်းအဝိုင်းကပြောပါတယ်။

    အဂတိအမှုတစ်မှုစီကိုသုံးနှစ်နဲ့ချုပ်ရက်ခံစားခွင့်မပေးဘဲအမိန့်ချမှတ်ခဲ့တာပါ။

    အောင်မြေသာစံနဲ့ချမ်းအေးသာစံမြို့နယ်တို့မှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီရုံးမြေနေရာနှစ်ခုအတွက်အာဏာအလွဲသုံးစားလုပ်တယ်လို့စွပ်စွဲပြီးအဂတိအမှုတွေနဲ့စစ်ကောင်စီအဖွဲ့ကတရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။

    ဝန်ကြီးဦးဇာနည်အောင်ဟာပြီးခဲ့တဲ့ဒီဇင်ဘာလ၈ရက်နေ့ကလည်းသဘာဝဘေးအန္တရာယ်ဆိုင်ရာအမှုနှစ်မှုအတွက်ချုပ်ရက်ခံစားခွင့်နဲ့ထောင်ဒဏ်နှစ်နှစ်ချမှတ်ခံခဲ့ရပါတယ်။

    ဒါကြောင့်စွဲဆိုထားတဲ့အမှုတွေအားလုံးဆိုထောင်ဒဏ်၈နှစ်အမိန့်ကျခံရမှာ ဖြစ်ပါတယ်။

    တရားရုံးကအမိန့်ချမှတ်တာနဲ့ပတ်သက်လို့အယူခံဝင်ဖို့ဝန်ကြီးဟောင်းဦးဇာနည်အောင်ကမပြောပေမဲ့သူရဲ့ဇနီးကအယူခံတက်ဖို့မရှိဘူး၊မတက်နဲ့လို့အမှုလိုက်ရှေ့နေတွေကိုပြောတယ်လို့အမှုကိုလိုက်ပါဆောင်ရွက်သူတရားလွှတ်တော်ရှေ့နေကပြောပါတယ်။

    ဦးဇာနည်အောင်ဟာမန္တလေးတိုင်းဝန်ကြီးချုပ်ဟောင်းဒေါက်တာဇော်မြင့်မောင်ရဲ့လာမယ့်အပတ်အဂတိအမှုမှာတရားခံသက်သေအဖြစ်ထွက်ဆိုဖို့လည်းရှိတယ်လို့သိရပါတယ်။

    ဦးဇာနည်အောင်
  6. စစ်ကိုင်းတိုင်းက အမျိုးသမီး တော်လှန်ရေး သမားများ

  7. ရုပ်ရှင်ရုံတွေ ဖွင့်ပြီးတစ်ပတ်ကြာအခြေအနေ

    ရုပ်ရှင်ရုံတွေဖွင့်ပြီးတစ်ပတ်အကြာမှာ တွေ့ရတဲ့ မြင်ကွင်းတွေပါ။ သီတင်းပတ်ကုန်ဆုံးရက်တွေမှာစည်ကားလေ့ရှိတဲ့ရန်ကုန်က ရုပ်ရှင်ရုံတွေ၊ လူငယ်လူလတ်ပိုင်းအများစုကိုတွေ့ရတတ်တဲ့ စျေး၀ယ်စင်တာနဲ့တွဲရက် ရုပ်ရှင်ရုံတွေမှာလည်း ခြောက်ကပ်နေတာကိုတွေ့ရပါတယ်။

    လျှပ်စစ်မီးရရှိမှုအခက်အခဲ၊ လုံခြုံရေးစိုးရိမ်မှုတွေကြား ရုံတွေအများစုမှာလူမ၀င်လို့ ပွဲချိန်ပြည့်မပြသနိုင်တာတွေ ၊ တစ်နေ့လုံးနေလို့မှ လာကြည့်သူ ဆယ်ဂဏန်းတောင်မရှိတာကိုတွေ့ရပါတယ်။ လက်မှတ်ရောင်းချခအပေါ် အဓိက မှီခိုရတဲ့ ရုပ်ရှင်ပြသရေးလုပ်ငန်းမှာ ကိုဗစ်စည်းကမ်းအရလည်း နှစ်ခုံခြားပြီးသာ လက်မှတ်ရောင်းချခွင့်ရှိသလို လူလုံးဝမဝင်လို့ မပြရတဲ့ပွဲချိန်တွေလည်း ရှိနေတာတွေ့ရပါတယ်။

    ဒါ့အပြင် ပွဲချိန်တစ်ချိန်မှာ လက်မှတ်ရောင်းရတာ လေးငါးဦးလောက်ပဲရှိပေမယ့်လည်း ပွဲချိန်အပြည့်ပြသ၀န်ဆောင်မှုပေးရတာတွေလည်းရှိနေပါတယ်။

    ၂နှစ်ကြာပိတ်ထားတဲ့ ရုပ်ရှင်ရုံတွေပြန်ဖွင့်ဖို့ စက်တွေကို ပြန်လည်ပြင်ဆင်ရတာ၊ ၀န်ထမ်းစရိတ် ၊လုံခြုံရေးအတွက် ပုံမှန်ထက်ပိုတဲ့ အသုံးစရိတ်တွေ၊ စက်သုံးဆီသုံးစွဲရမှု စတဲ့ရင်းနှီးမြှုပ်နှံမှုတွေစတဲ့စိန်ခေါ်မှုတွေရှိနေပါတယ်။

    ရုပ်ရှင်ရုံ
    ဓာတ်ပုံ ပုံစာ, ရုပ်ရှင်ရုံတွေပြန်ဖွင့်အပြီးနောက်ပိုင်းမြင်ရတဲ့ ရန်ကုန်ကရုပ်ရှင်ရုံတချို့မြင်ကွင်း
    ရုပ်ရှင်ရုံ
    ဓာတ်ပုံ ပုံစာ, ရုပ်ရှင်ရုံတွေပြန်ဖွင့်အပြီးနောက်ပိုင်းမြင်ရတဲ့ ရန်ကုန်ကရုပ်ရှင်ရုံတချို့မြင်ကွင်း

    တစ်ဖက်မှာလည်း စစ်ကောင်စီလက်အောက် ပြန်ဖွင့်တဲ့ ရုပ်ရှင်ရုံတွေကို မကြည့်ဖို့၊ စစ်ကောင်စီနဲ့ပူးပေါင်းတယ်ဆိုတဲ့ အနုပညာရှင်တွေကို လူမှုရေးပြစ်ဒဏ်ချမှတ်ဖို့ တိုက်တွန်းမှုတွေလည်း ရှိနေတာပါ။

    ဒါကြောင့် လက်ရှိမှာ စီးပွားရေးအကျိုးအမြတ်ထက် ၀န်ထမ်းတွေရပ်တည်နိုင်ရေးကိုသာ ဦးတည်စဥ်းစားနေရတယ်လို့ ရုပ်ရှင်ရုံတာ၀န်ခံတစ်ဦးက‌ ပြောပါတယ်။

    ဒါပေမဲ့ ခုလိုခက်အခဲတွေ ဆက်ရှိနေမယ်ဆိုရင် ရုံတွေလည်ပတ်ဖွင့်လှစ်နိုင်ဖို့စိန်ခေါ်မှုတွေရှိနိုင်ပြီး ဒီစိန်ခေါ်မှုတွေကိုကျော်လွှားဖို့ကလည်း အချိန်ကာလတစ်ခုထိတော့ကြာနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။

    ရုပ်ရှင်ရုံ
    ဓာတ်ပုံ ပုံစာ, ရုပ်ရှင်ရုံတွေပြန်ဖွင့်အပြီးနောက်ပိုင်းမြင်ရတဲ့ ရန်ကုန်ကရုပ်ရှင်ရုံတချို့မြင်ကွင်း
  8. တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်တွေကို တွေ့ဆုံမယ်လို့ စစ်ခေါင်းဆောင် ကမ်းလှမ်း, ဒီကမ်းလှမ်းမှုတွေမှာ ပီဒီအက်ဖ်တွေ မပါဘူးလို့ စစ်ကောင်စီပြော

    တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်တွေနဲ့ ကိုယ်တိုင်တွေ့ဆုံဆွေးနွေးမယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဧပြီ ၂၂ ရက် ဒီကနေ့မှာ မိန့်ခွန်းထွက်ပြောပြီးဖိတ်ခေါ်လိုက်ပါတယ်။

    အဲဒီနောက် တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်တွေကို စစ်ကောင်စီအဖွဲ့ဝင် ကိုယ်စားလှယ်တွေက ဆက်လက်တွေ့ဆုံဆွေးနွေးမယ့်အကြောင်း မိန့်ခွန်းမှာထည့်ပြောပါတယ်။

    တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်တွေ ကိုယ်တိုင် နဲ့ အဖွဲ့ဝင် နှစ်ဦးစီ တက်ရောက်ပေးဖို့နဲ့ မေလ ၉ ရက်နေ့ နောက်ဆုံးစာရင်းပေးဖို့ သူကပြောပါတယ်။ ဒီဆွေးနွေးပွဲမှာ တိုင်းရင်းသားတွေဘက်ကလိုလားချက်တွေကို ပွင့်ပွင့်လင်းလင်းပြောဆိုဆွေးနွေးနိုင်ပြီး စစ်ကောင်စီဘက်ကလည်း လုပ်ပေးနိုင်သမျှကိုပြန်ဆွေးနွေးမယ်လို့ စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောပါတယ်။ ဒီဖိတ်ကြားချက်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) တွေ မပါဘူး လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောပါတယ်။ ဘီဘီစီ မြန်မာပိုင်း

    Senior General Min Aung Hlaing, April 22

    ဓာတ်ပုံ ရင်းမြစ်, MRTV

  9. ကော့ကရိတ်မြို့ ပေါ်က ဒေသခံ ၅ဝထက်မနည်းကို စစ်ကောင်စီကဖမ်းဆီးစစ်ကြောနေ

    ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့မှာပြီးခဲ့တဲ့ ဧပြီ ၁၇ ကစလို့ မနေ့ ဧပြီ ၂၁ ရက်ပိုင်းအတွင်းမြို့ပေါ်ရပ်ကွက် ၇ခုက ဒေသခံ ၅ဝထက်မနည်းကို စစ်ကောင်စီကဖမ်းဆီးသွားတယ်လို့ ‌ဒေသခံတွေကပြောပါတယ်။

    မြို့ပေါ်မှာရှိနေတဲ့ CDM ၀န်ထမ်း၊ NON CDM ၀န်ထမ်းတွေနဲ့ နယ်မြေခံ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို ကော့ကရိတ်မြို့ပေါ်က ပေါက်ကွဲမှုမှာပါ၀င်တယ်လို့ စွပ်စွဲဖမ်းဆီးပြီး စစ်ကြောမေးမြန်းနေတာဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ်။

    “သင်္ကြန်ပြီးတော့ ရပ်ကွက် ၇ဘက်က စစ်ကောင်စီသတင်းပေးကြောင့်လူငယ်တစ်ဦး စဖမ်းခံ ရတယ်။ သူကဆန္ဒပြတုန်းကပါတယ်။ အခု အိမ်မှာပဲအေးအေးဆေးဆေးနေတာကို ဖမ်းပြီး ၉၇၀င်းထဲမှာစစ်နေတာ။ PDF ထောက်ပံ့တယ်၊ လက်နက်သယ်တယ်၊ ဗုံးခွဲတဲ့နေရာမှာပါတယ်ဆိုပြီးသတင်းလွှင့် ပြီး တော့နောက်ရက်ကစပြီးရပ်ကွက်တွေထဲမှာလိုက်ဖမ်းတော့တာပဲ။ကုန်စုံ ဆိုင်တွေ ၊ထိုင်းငွေလွှဲဆိုင်တွေ ၊ K pay၊ Wave pay ဆိုင်တွေ ကလူတွေအကုန်ဖမ်းတယ်။

    ၁၉ရက်ညကလူတော်တော်များများအဖမ်းခံထားရတာဆိုရင်၅၀ဝန်းကျင်လောက်ရှိနေပြီ။သူတို့စစ်မေးချက်တွေအရ လူစာရင်းရပြီး တော့ဆက်ဖမ်းဖို့လုပ်နေတယ်ဆိုတာ စစ်ကောင်စီနဲ့နီးစပ်သူဆီကသိရပြီး မြို့ပေါ်ကလူတော်တော်များများရှောင်တိမ်းနေရတယ်”လို့ထွက်ပြေးတိမ်းရှောင်နေရတဲ့ကော့ကရိတ်ဒေသခံတစ်ဦးကဘီဘီစီကို‌ပြောပါတယ်။

    ပြီးခဲ့တဲ့မေလနဲ့ဧပြီလတွေမှာ လေးကေ့ကော်ဒေသကို အင်အားဖြည့်တင်းဖို့လာတဲ့ စစ်ယာဉ်တန်းတိုက်ခိုက်ခံရမှု၊ မြို့တွင်း ၉၇တပ်ရင်းပစ်ခတ်ခံရမှု၊ ရဲစခန်း၊ရဲကင်းစခန်းတွေနဲ့ပြည်သူ့စစ်ကင်းစခန်းတွေ ပစ်ခတ်ခံရတာတွေနဲ့ သင်္ကြန်ကာလအတွင်းစစ်ကောင်စီရဲ့ သင်္ကြန်မဏ္ဍပ်ကိုဒရုန်းနဲ့တိုက်ခိုက်ခံရတာတွေဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်သားတွေနဲ့ရဲတပ်ဖွဲ့ဝင်တွေသေဆုံးတာတွေလည်းရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

    အဲဒီနောက်ပိုင်းမှာတော့ ဧပြီ ၁၉ ညပိုင်းကစပြီး ည၁၀နာရီကနေ မနက် ၄ နာရီအထိလမ်းမပေါ်မထွက်ရမာရှယ်လော အမိန့်ကိုည ၈နာရီကနေ မနက်၄နာရီအတွင်းမထွက်ရအဖြစ် စစ်ကောင်စီကပြောင်းလဲသတ်မှတ်ခဲ့ပါတယ်။

    ကော့ကရိတ်

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ကော့ကရိတ်မြို့နယ်အတွင်းက စစ်အာဏာသိမ်းဆန့်ကျင်ရေးဆန္ဒပြပွဲတစ်ခု(ပုံဟောင်း)
  10. မီတာခတွေသတ်မှတ်ချိန်အတွင်းအပြည့်အဝရအောင်ကောက်သွားမယ်လို့ စစ်ကောင်စီပြော

    လျှပ်စစ်ဓာတ်အားခတွေကို သတ်မှတ်ချိန်အတွင်း ကောက်ခံရရှိရေးအောက်ခြေအထိကွင်းဆင်းဆောင်ရွက်သွားမှာဖြစ်ပြီး အပြည့်အဝရအောင်ကောက်သွားမယ်လို့ စစ်ကောင်စီလျှပ်စစ်ဝန်ကြီး ဦးအောင်သန်းဦးက မနေ့ဧပြီ ၂၁ရက်နေ့ကနေပြည်တော်မှာလုပ်တဲ့အစည်းအ‌‌‌‌ဝေးမှာ ပြောဆိုလိုက်ပါတယ်။

    စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် လျှပ်စစ်ဓါတ်အားရရှိရေးဟာ အရေးပါပြီးလက်ရှိနိုင်ငံတွင်းမှာလည်း လျှပ်စစ်ဓာတ်အား မလုံလောက်မှုနဲ့ ကြုံတွေ့နေရတယ်လို့၀န်ကြီးရဲ့မိန့်ခွန်းမှာထည့်သွင်းပြောဆိုထားတာတွေ့ ရပါတယ်။

    လက်ရှိမှာတော့ ပြည်တွင်းမှာ လျှပ်စစ်မီးပြတ်တောက်မူတွေ အလှည့်ကျမီးပေးတဲ့စနစ်နဲ့ဆက်သွားနေပြီး ဒီလိုအလှည့်ကျမီးပေးတဲ့စနစ်ဟာ လာမယ့်မေလအထိဆက်ဖြစ်နေမယ်လို့လည်း စစ်ကောင်စီသတင်းထုတ်ပြန်ရေးခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြီးခဲ့တဲ့မတ်လက သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။

    လျှပ်စစ်ဓါတ်အားတွေတိုးမြှင့်ရရှိအောင်လုပ်ဆောင်နေတယ်လို့ပြောပေမယ့်မေလနောက်ပိုင်းမှာ ဓါတ်အားသုံးစွဲခွင့်တွေဘယ်လိုရရှိမယ်ဆိုတာကိုတော့ သတင်းစာရှင်းလင်းပွဲမှာထည့်သွင်းပြောဆိုသွားတာမရှိပါဘူး။

    ပြည်တွင်းမှာ စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ စစ်ကောင်စီကို အခွန်အခမပေးဆောင်လိုသူတွေက လျှပ်စစ်မီတာခတွေ မပေးသွင်းတာတွေရှိခဲ့ပြီး မီတာမဆောင်တဲ့အိမ်တွေကို စစ်ကောင်စီတပ်ဖွဲ့၀င်တွေနဲ့ လျှပ်စစ်မီတာရုံးက၀န်ထမ်းတချို့က နေအိမ်ရပ်ကွက်တွေထဲအထိ မီးလိုက်ဖြတ်တာတွေလည်းရှိခဲ့ပါတယ်။

    မီတာခ

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, စမ်းချောင်းမြို့နယ်အတွင်း စစ်ကောင်စီတပ်တွေမီးလိုက်ဖြတ်နေတဲ့မြင်ကွင်း(ပုံဟောင်း)
  11. နိုင်ငံတကာကနေ ရန်ကုန်ကိုလေယာဥ်နဲ့ ပြန်ရင် ဘာတွေသိထားဖို့လိုမလဲ

  12. ညမှောင်လာမှာ စိုးရိမ်နေရတဲ့ ဥတ္တူ ရွာခံတွေ

  13. ဒီပဲယင်းမှာ မိသားစုကို စစ်ရှောင်စခန်းပို့ပြီး ပြန်လာတဲ့ အမျိုးသားတစ်ဦး စစ်ကောင်စီပစ်ခတ်မှုကြောင့်သေဆုံး, ဆည်ကြီးရွာဘက်မှာလည်း နှစ်ဖက်တိုက်ပွဲဖြစ်နေ

    စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်၊ ညောင်လှကျေးရွာနဲ့မဲအိုးကျေးရွာတွေထဲ ပြီးခဲ့တဲ့ ဧပြီလ ၁၉ ရက်နဲ့ ၂၀ ရက်တို့မှာ စစ်ကောင်စီတပ်တွေ ရွာအတွင်းဝင်ရောက်လာပြီးတဲ့နောက် ဒေသခံနေအိမ် အလုံးပေါင်း ၆၀ လောက် မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ဒေသခံတွေကပြောပါတယ်။

    စစ်ကောင်စီတပ်တွေ ကျေးရွာထဲ ဝင်လာပြီးတဲ့နောက်မှာ ဒေသခံအများစု စစ်ဘေးတိမ်းရှောင်ခဲ့ကြပြီး အဲဒီလိုစစ်ရှောင်ရတဲ့သူတွေထဲ မိသားစုကို စစ်ရှောင်စခန်းဆီပို့ပြီး အပြန်မှာ အရပ်သားတစ်ဦး စစ်ကောင်စီရဲ့ပစ်ခတ်မှုကြောင့်သေဆုံးခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။

    '' ညောင်လှမှာဖြစ်တော့ အကုန်ပြေးကြတယ်။ ရွာက ကိုနေမျိုးဦးဆိုတဲ့သူက သူ့မိသားစုကို စစ်ရှောင်စခန်းကို ပို့ပြီး တခြားရွာကိုသွားရင်း အပြန်မှာ စစ်ကောင်စီကင်းပုန်းနဲ့တွေ့ပြီး အပစ်ခံလိုက်ရတာ။ ဒီကနေ့ပြန်တွေ့တော့ သူ့ကို ပုဆိုးနဲ့လက်ပြန်ကြိုးတုပ်ထားတယ်။ တော်တော်လေးရက်ရက်စက်စက်လုပ်ထားတယ်'' လို့ ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    ဒီပဲယင်းနယ်ထဲမှာ အရပ်သားတွေမကြာခဏ ပစ်ခတ်ခံရပြီး သေဆုံးတဲ့ဖြစ်စဉ်တွေရှိနေတဲ့အကြောင်း ဒေသခံတွေက ပြေဆိုခဲ့ကြပေမဲ့ စစ်ကောင်စီဘက်က ဒါကို ထုတ်ပြန်တာမရှိပါဘူး။

    လက်ရှိမှာတော့ ညောင်လှရွာက ဒေသခံအားလုံးဟာ စစ်ဘေးရှောင်စခန်းတွေဆီပြောင်းရွှေ့နေထိုင်နေရပြီး ဒီပဲယင်းနယ်ထဲမှာ အဲဒီလိုစစ်ရှောင်စခန်းတွေဆီပြောင်းနေရတဲ့ ရွာပေါင်း ၅ ရွာလောက်ရှိတယ်လို့ဒေသခံတွေကပြောပါတယ်။

    ဒီကနေ့ဧပြီ ၂၁ ရက်မှာတော့ ညောင်လှကျေးရွာထဲကထွက်သွားတဲ့ စစ်ကောင်စီတပ်တွေဟာ ဆည်တောကျေးရွာဘက်ကို ရောက်နေပြီး ဒေသခံကာကွယ်ရေးတပ်တွေနဲ့ထိတွေ့တိုက်ပွဲ ဖြစ်နေတယ်လို့ဒေသခံတွေကပြောပါတယ်။

    စစ်ကောင်စီဘက်ကတော့ ခုလိုကျေးရွာတွေမီးရှို့ဖျက်ဆီးတာ၊ ဒေသခံတစ်ဦးသတ်ဖြတ်ခံရတာနဲ့ပတ်သက်လို့သတင်းထုတ်ပြန်လာတာမရှိသေးပါဘူး။

    ဒီပဲယင်း

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, မီးရှို့ခံရပြီးနောက် ညောင်လှရွာအတွင်းတွေ့ရတဲ့မြင်ကွင်း
  14. ဖမ်းဆီးခံအကျဥ်းသားတွေ လွတ်မြောက်ရေး ရှပ်ပြာ၀တ်ဆင်တောင်းဆိုကြ

    လောင်းလုံမြို့နယ်ကလူငယ်တွေရဲ့ဆန္ဒပြပွဲ

    ဓာတ်ပုံ ရင်းမြစ်, ပေးပို့

    ဓာတ်ပုံ ပုံစာ, လောင်းလုံမြို့နယ်ကလူငယ်တွေရဲ့ဆန္ဒပြပွဲ

    ပြည်တွင်းမှာ စစ်အာဏာသိမ်းမှုဖြစ်ပြီးတဲ့နောက် ဖမ်းဆီးထိန်းသိမ်းခံရသူတွေကို လွှတ်ပေးရေး အပြာရောင်ရှပ်အင်္ကျီ ဆင်တူဝတ်ဆင် ဆန္ဒထုတ်ဖော်ထုတ်တဲ့လှုပ်ရှားမှုတွေ ဒီနေ့ ဧပြီလ ၂၁ ရက်မှာ ပေါ်ထွက်လာပါတယ်။

    ဒေါ် အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဥ်းသားတွေကို လွှတ်ပေးဖို့ ပြည်တွင်းက နိုင်ငံတကာသံရုံးအချို့ကလည်း ဒီနေ့မှာ သတင်းထုတ်ပြန်တာတွေ့ရပါတယ်။

    နိုင်ငံရေးအကျဥ်းသားဟောင်း သတင်းစာဆရာ ဟံသာဝတီဦး၀င်းတင် ကွယ်လွန်တဲ့ ၈ နှစ်ပြည့်အဖြစ် ဒီလှုပ်ရှားမှုကို အာဏာသိမ်းဆန့်ကျင်ရေးအင်အားစုတွေက နိုင်ငံအနှံ့မှာ ပြုလုပ်နေကြတာဖြစ်ပါတယ်။

  15. ခရမ်းမှာ စစ်ကောင်စီကားတစ်စီး ချောက်ထဲထိုးကျ, စစ်ကောင်စီတပ်သားအချို့ သေဆုံးမှုရှိတယ်လို့ ဒေသခံတွေပြော

    ခရမ်းမှာ စစ်ကောင်စီကားတစ်စီး ချောက်ထဲထိုးကျ

    ဓာတ်ပုံ ရင်းမြစ်, social media

    ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ်ထဲက ကမာကလူကျေးရွာမှာ ဒီနေ့ ဧပြီလ ၂၁ ရက် မနက်ပိုင်းတုန်းက စစ်ကောင်စီကားတစ်စင်း ချောက်ထဲထိုးကျခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ ထိခိုက်သေဆုံးမှုရှိတယ်ဆိုပြီး ဒေသခံတွေကပြောပါတယ်။

    "ကမာကလူ ချောင်းကူးတံတားမှာဖြစ်တာပါ။ ဒီနေ့ မနက် ၅ နာရီလောက်မှာ ကင်းလှည့်ရင်း ကားဘရိတ်ပေါက်ပြီး ထိုးကျတာလို့ သိရတယ်။ ကားပေါ်ပါလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦး သေဆုံးတယ်လို့ သိရတယ်" လို့ ကမာကလူ ဒေသခံတစ်ဦးက ပြောပါတယ်။

    အဲဒီ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မနက်ပိုင်းနဲ့ ညနေပိုင်းမှာ ခရမ်းမြို့ကနေ ကင်းလှည့်ဖို့ ထွက်လာတဲ့ ကင်းလှည့်တပ်ဖွဲ့ဝင်တွေဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

    ခရမ်းမြို့ နယ်ထဲမှာ ဒေသကာကွယ်ရေးတပ်တွေက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ပြောက်ကျားတိုက်ခိုက်တာတွေ ရှိနေချိန်မှာပဲ စစ်ကားတစ်စီး အခုလို ချောက်ထဲ ထိုးကျခဲ့တာဖြစ်ပါတယ်။

    အဲဒီစစ်ကားဟာ မိုင်းရှောင်ရင်း ချောက်ထဲ ထိုးကျခဲ့တာလို့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပေမဲ့ အဲဒီနေရာဟာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ဖူးတဲ့နေရာမဟုတ်ဘူးလို့ ဒေသခံတွေက ပြောဆိုထားပါတယ်။

  16. သပိတ်စစ်ကြောင်းမှာပါဝင်သူတွေကို ကားနဲ့တိုက်ပြီးရိုက်နှက်, ဖမ်းဆီးခံရသူတွေထဲအဖွဲ့ဝင်တချို့ ပါဝင်တယ်လို့ CTUM ထုတ်ပြန်

    ဧပြီ ၂၀ ညနေပိုင်းက ရန်ကုန်၊ တောင်ဥက္ကလာပမြို့နယ်မြင်သာ ၃၁ ကားဂိတ်နားမှာ ပြုလုပ်တဲ့ စစ်အာဏာသိမ်း ဆန့်ကျင်မှု သပိတ်စစ်ကြောင်းမှာ ပါဝင်သူတွေကို ကားနဲ့တိုက်ပြီးရိုက်နှက်ဖမ်းဆီးခဲ့တဲ့ဖြစ်စဉ်ရှိခဲ့တယ်လို့ ဒေသခံတွေကပြောကြားထားပါတယ်။

    အဲဒီလို ကားနဲ့တိုက်ပြီးဖမ်းဆီးရိုက်နှက်ခံရတဲ့အထဲမှာ မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် CTUM အဖွဲ့ဝင်တွေပါဝင်ကြောင်း အဖွဲ့ချုပ်ဘက်ကလည်း မနေ့ဧပြီ ၂၀ ရက်ညနေပိုင်းက ထုတ်ပြန်လာတာပါ။

    CTUM အဖွဲ့ရဲ့ ဆက်သွယ်ရေးဌာနက ဌာနမှူး ဒေါ်ခိုင်သင်ဉ္ဇာအေး (ခ) ဘုတ်ဘုတ် နဲ့အဖွဲ့ဝင် ဒေါ်အိဖြူဖြုမြင့် တို့ဟာ သပိတ်စစ်ကြောင်းမှာ ကားနဲ့တိုက်ပြီး ရိုက်နှက်ဖမ်းဆီးခံရသူတွေထဲမှာပါဝင်ပြီး ဒီဖြစ်ရပ်ကိုလုံးဝလက်မခံနိုင်ကြောင်း နဲ့ပြင်းထန်စွာရှုံ့ချကြောင်း အဲဒီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    ဒါ့အပြင် အခုလိုအဖွဲ့ဝင်တွေဖမ်းဆီးခံရတာနဲ့ပတ်သက်ပြီး အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ချုပ် ILO နဲ့တခြားသောအလုပ်သမားအဖွဲ့အစည်းတွေကို စစ်ကောင်စီကိုအရေးယူဖို့တောင်းဆိုသွားမယ်လို့ CTUM က ထုတ်ပြန်ထားပါတယ်။

    ဒေသခံတွေနဲ့ကာယကံရှင်တွေနဲ့နီးစပ်သူတွေက ခုလို သပိတ်မှာပါဝင်သူတွေကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက ကားနဲ့တိုက်ပြီးရိုက်နှက်ဖမ်းဆီးတယ်လို့ပြောထားပေမယ့် စစ်ကောင်စီဘက်က သတင်းတွေကို ထုတ်ပြန်လေ့ရှိတဲ့ လူမှုကွန်ရက်နဲ့ တယ်လီဂရမ်အကောင့်တချို့ကတော့ အဲဒီမြင်သာ ၃၁ ဂိတ်နားက ဖြစ်စဉ်နဲ့ပတ်သက်လို့ ဆူပူဆန္ဒပြသူအမျိုးသမီး ၃ ဦးကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးထားတယ်လို့ ရေးသားနေကြပြီး အဲဒီဖော်ပြချက်တွေထဲ ကားနဲ့တိုက်ပြီးဖမ်းဆီးတယ်ဆိုတဲ့အချက်ကို ထည့်သွင်းဖော်ပြထားခြင်းမရှိတာတွေ့ရပါတယ်။

    CTUM

    ဓာတ်ပုံ ရင်းမြစ်, SouthOkkala News

  17. မြန်မာကို အာဆီယံလူသားချင်းစာနာမှုကူညီရေးရုံးကတဆင့် ပေးမယ့်အကူအညီအတွက် ဆွေး‌နွေး

    ပြီးခဲ့တဲ့နှစ် စက်တင်ဘာလတုန်းက ပြုလုပ်တဲ့ AHA Center က မြန်မာကို လူသားချင်းစာနာမှုအကူအညီပေးရေး အွန်လိုင်းအစည်းအ‌ဝေး

    ဓာတ်ပုံ ရင်းမြစ်, AHA Center

    ဓာတ်ပုံ ပုံစာ, ပြီးခဲ့တဲ့နှစ် စက်တင်ဘာလတုန်းက ပြုလုပ်တဲ့ AHA Center က မြန်မာကို လူသားချင်းစာနာမှုအကူအညီပေးရေး အွန်လိုင်းအစည်းအ‌ဝေး

    မြန်မာနိုင်ငံအတွက် အာဆီယံလူသားချင်းစာနာမှုကူညီရေးရုံး (AHA Center) က ပေးမယ့် ဒုတိယအဆင့်အကူအညီအတွက် ပြင်ဆင်မှုတွေအရေးကို စစ်ကောင်စီဒုတိယ၀န်ကြီးတွေနဲ့ အာဆီယံဥက္ကဋ္ဌရဲ့ အထူးကိုယ်စားလှယ်ရုံးအဖွဲ့ခေါင်းဆောင်တို့ မနေ့ ဧပြီလ ၂၀ ရက်မှာ တွေ့ဆုံဆွေးနွေးထားတယ်လို့ သိရပါတယ်။

    အကူအညီပေးရေး ဒုတိယအဆင့်အတွက် နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ အဲဒီဆွေးနွေးပွဲကို စစ်ကောင်စီဘက်က နိုင်ငံခြားရေး၊ ကျန်းမာရေးနဲ့ လူကယ်ပြန်ဒု၀န်ကြီးတွေနဲ့ လက်ရှိ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံက အာဆီယံအထူးကိုယ်စားလှယ်ရုံးအဖွဲ့ခေါင်းဆောင် ‌ဒေါက်တာ KUNG Phoak တို့ တက်ရောက်ခဲ့ကြတာဖြစ်ပါတယ်။

    အာဆီယံအကူအညီပေးရေးရုံးဟာ မြန်မာနိုင်ငံကို ပြီးခဲ့တဲ့နှစ် စက်တင်ဘာလမှာ ဒေါ်လာ ၁ သန်းကျော် ဆေးဘက်ဆိုင်ရာ အထောက်အပံ့ပစ္စည်းတွေနဲ့ကိရိယာတွေကို မြန်မာနိုင်ငံကြက်ခြေနီအသင်းကနေ တဆင့်ပေးပို့ထားပြီးဖြစ်ပါတယ်။

    အာဆီယံကနေ မြန်မာနိုင်ငံကိုပေးမယ့် လူသားချင်းစာနာမှုဆိုင်ရာအကူအညီဆိုင်ရာ အစည်းအ‌ဝေးကို ပြီးခဲ့တဲ့နှစ် သြဂုတ်လမှာ ကျင်းပချိန်တုန်းကတော့ အလှူငွေ အမေရိကန်ဒေါ်လာ ၈ သန်းနီးပါးနဲ့ ကိုဗစ်ကာကွယ်ရေးဆိုင်ရာ ဆေးနဲ့ဆက်စပ်ပစ္စည်းအလှူတွေပါ ရရှိထားပါတယ်။

  18. ဒေါ်လာကနေ မြန်မာကျပ်ငွေ လဲလှယ်မှုမှာ ကင်းလွတ်ခွင့်ရသူတွေကို ဗဟိုဘဏ်ထုတ်ပြန်လာ

    ဒေါ်လာကနေ မြန်မာကျပ်ငွေ လဲလှယ်မှုမှာ ကင်းလွတ်ခွင့်ရသူတွေကို ဗဟိုဘဏ်ထုတ်ပြန်လာ

    ဓာတ်ပုံ ရင်းမြစ်, AFP

    ပြင်ပကနေ လိုင်စင်ရဘဏ်တွေဆီ ဝင်လာတဲ့ နိုင်ငံခြားသုံးငွေတွေကို အလုပ်လုပ်ရက် တစ်ရက်အတွင်း မြန်မာကျပ်ငွေနဲ့ လဲလှယ်ရမယ်ဆိုတဲ့ ညွန်ကြားချက်မှာ အကျုံးမဝင်တဲ့ လုပ်ငန်းတွေ၊ အဖွဲ့အစည်းတွေ၊ ဖွံ့ဖြိုးရေးအေဂျင်စီတွေကို ဗဟိုဘဏ်ဘက်က ဧပြီလ ၂၀ ရက်မှာ ထုတ်ပြန်လာပါတယ်။

    မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ခွင့်ပြုချက်နဲ့ပြုလုပ်နေတဲ့ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေ၊ အထူးစီးပွားရေးဇုန်တွေမှာ လုပ်ကိုင်ဆောင်ရွက်နေတဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေ၊ မြန်မာနိုင်ငံနဲ့ သံတမန်ဆက်ဆံရေးထူထောင်ထားတဲ့ ပြည်ပနိုင်ငံတွေက သံတမန်တွေနဲ့ သူတို့ရဲ့မိသားစုဝင်တွေ၊ အဲဒီသံရုံးတွေရဲ့ သံအဖွဲ့အမှုထမ်းအစုအဖွဲ့မှာ ပါဝင်တဲ့ နိုင်ငံခြားသားဝန်ထမ်းတွေ၊ ကုလသမဂ္ဂအပြင် ကုလလက်အောက်အဖွဲ့အစည်းတွေက ဝန်ထမ်းတွေ၊ ကုလဝန်ထမ်းခရီးသွားလက်မှတ်ကိုင်ထားတဲ့မြန်မာနိုင်ငံသားတွေ၊ ပြည်ပနိုင်ငံတွေကနေ မြန်မာနိုင်ငံကို လာရောက်အကူအညီပေးနေတဲ့ ဖွံ့ဖြိုးရေးအေဂျင်စီတွေက နိုင်ငံခြားသားဝန်ထမ်းတွေ၊ ကမ္ဘာ့ကြက်ခြေနီ(ICRC)၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့(ILO)၊ အစိုးရမဟုတ်တဲ့အဖွဲ့အစည်း(INGO)နဲ့ ဖွံ့ဖြိုးရေးအေဂျင်စီတွေက သံတမန်အဆင့် နိုင်ငံခြားသား ဝန်ထမ်းတွေ၊ နိုင်ငံပိုင်/နိုင်ငံသားပိုင် အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်းတွေ ပါဝင်တယ်လို့ ဗဟိုဘဏ်ထုတ်ပြန်ချက်မှာပါရှိပါတယ်။

    ဒါပေမဲ့ လိုင်စင်ရဘဏ်တွေအနေနဲ့ အဲဒီအဖွဲ့အစည်းတွေနဲ့ လုပ်ငန်းတွေကို နိုင်ငံခြားငွေနဲ့ စပ်လျဉ်းပြီး ဆောင်ရွက်ပေးတဲ့အခါ စာရွက်စာတမ်းအထောက်အထားတွေ၊ ဆက်သွယ်လာသူကို စိစစ်တာတွေ ပြုလုပ်ရမယ်လို့ဆိုပါတယ်။

    နိုင်ငံခြားသုံးငွေနဲ့ ရတဲ့ဝင်ငွေတွေကို တစ်ရက် အတွင်းလဲလှယ်ပြီး နိုင်ငံခြားငွေစာရင်းထဲက ငွေတွေကို ငွေလဲနှုန်းကို အမေရိကန်တစ်ဒေါ်လာကို မြန်မာငွေ ၁၈၅၀ ကျပ် နဲ့ရောင်းချရမယ်လို့ ဗဟိုဘဏ်က ပြီးခဲ့တဲ့ ဧပြီလ ၃ ရက်နေ့ တနင်္ဂနွေနေ့မှာ သတ်မှတ်ခဲ့တာဖြစ်ပါတယ်။

    အဲဒီညွှန်ကြားချက်ကြောင့် နိုင်ငံခြားငွေစာရင်းရှိသူတွေဟာ ပြင်ပပေါက်ဈေးနဲ့ ယှဉ်ရင် ၁၀ ရာခိုင်နူန်းလောက် စာရင်းထဲမှာ အရှုံးပေါ်သွားတယ်လို့ ဆိုကြပါတယ်။

  19. ကေအိုင်အိုဌာနချုပ်ရှိရာ လိုင်ဇာမှာ တက္ကသိုလ်ဝင်တန်း စာမေးပွဲ စတင်ဖြေဆို

  20. ကမာရွတ်ရဲစခန်းကို မြို့ပြပြောက်ကျားအဖွဲ့လက်ပစ်ဗုံးနဲ့တိုက်ခိုက်, ရဲစခန်းဘက်က ပစ်ခတ်မှုကြောင့် အနီးအနားက ပြည်သူ တစ်ဦး သေနတ်ထိမှန်သေဆုံးခဲ့တယ်လို့ဆို

    ဒီကနေ့ဧပြီ ၂၁ ရက်မနက်အစောပိုင်းက ကမာရွတ်မြို့နယ်ရဲစခန်းကို ဖောက်ခွဲမှုလုပ်ခဲ့တယ်လို့မြို့ပြပြောက်ကျားး အဖွဲ့တစ်ခုဖြစ်တဲ့ Dark Shadow အဖွဲ့က ဗီဒီယိုမှတ်တမ်းနဲ့တကွထုတ်ပြန်လာပါတယ်။

    “မနက် ၄နာရီလောက်မှာရဲစခန်းကို လက်ပစ်မိုင်း ၃ လုံးနဲ့အဝေးထိန်းနဲ့က ၆လုံး ဖောက်ခွဲခဲ့ပါတယ်။ လက်ပစ်မိုင်းတလုံးက သူတို့ကင်းတဲထဲရောက်ပြီးနောက်တလုံးကတော့အဆောက်အဦထဲရောက်သွားတယ်။ လက်ပစ်မိုင်းနဲ့ပစ်အပြီးမှာ မီးပြတ်သွားတယ်။ အဲဒီအချိန်စခန်းထဲကထွက်လာပြီး ရမ်းသမ်းပစ်တဲ့အချိန်မှာ ဟင်းသီးဟင်းရွက်ရောင်း တဲ့ ဦးလေးတယောက်ကိုထိသွားတာပါ” လို့ မြို့ပြပြောက်ကျားးအဖွဲ့ဝင်တစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    အခုလိုလမ်းသွားလမ်းလာ ဒေသခံသေဆုံးမှုနဲ့ပတ်သတ်ပြီး ဘီဘီစီအနေနဲ့တော့သီးခြားအတည်ပြုနိုင်တာမရှိသလို စစ်ကောင်စီဘက်ကိုလည်း ဆက်သွယ်မေးမြန်းဖို့ကြိုးစားနေပါတယ်။

    မြို့ပြပျောက်ကြားအဖွဲ့ဘက်ကတော့ ကမာရွတ်မြို့နယ်ရဲစခန်းဟာ ပြည်သူတွေကို မတရားဖမ်းဆီးတာတွေနဲ့ မြို့ပြပြောက်ကျားလူငယ်တွေကို ရိုက်နှက်ဖမ်းဆီးတာတွေ ကြောင့်ပစ်မှတ်ထားတိုက်ခိုက်တာဖြစ်တယ်လို့ပြောပါတယ်။

    ပြည်တွင်းမှာစစ်အာဏာသိမ်းပြီးနောက်ပိုင်း မြို့ပြပျောက်ကြားအဖွဲ့တွေနဲ့ဒေသကာကွယ်ရေးတပ်ဖွဲ့တွေဟာ ရဲစခန်းတွေကို တိုက်ခိုက်တာတွေရှိခဲ့ပါတယ်။

    စစ်ကောင်စီဘက်ကလည်း ရဲစခန်းတိုက်ခိုက်ခံရမှုသတင်းတွေနဲ့ပတ်သက်ပြီး ရံဖန်ရံခါ ထုတ်ပြန်တာရှိပါတယ်။

    ကမာရွတ်ရဲစခန်း

    ဓာတ်ပုံ ရင်းမြစ်, social media