ကန်သမ္မတနဲ့ အာဆီယံခေါင်းဆောင်တွေ မေလလယ်မှာ တွေ့ဆုံကြဖို့ရှိ

ဓာတ်ပုံ ရင်းမြစ်, Getty Images
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နဲ့ အာဆီယံအဖွဲ့၀င်နိုင်ငံတွေက ခေါင်းဆောင်တွေဟာ လာမယ့် မေလ ၁၂ ရက်နဲ့ ၁၃ ရက်မှာ တွေ့ဆုံဆွေးနွေးကြဖို့ရှိတယ်လို့ အမေရိကန်သမ္မတအိမ်တော်(အိမ်ဖြူတော်)ဘက်က သတင်းထုတ်ပြန်လာပါတယ်။
အာဆီယံ ခေါင်းဆောင်တွေကို သမ္မတဘိုင်ဒန်က ကိုယ်တိုင်တွေ့ ဆွေးနွေးမယ့်အကြောင်း အိမ်ဖြူတော်ပြောခွင့်ရသူ Jen Psaki က မနေ့ ဧပြီလ ၁၆ ရက်မှာ သတင်းထုတ်ပြန်လိုက်တာဖြစ်ပါတယ်။
အမေရိကန်-အာဆီယံ ဆက်ဆံရေး ၄၅ နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ရော ဒေသတွင်း စိန်ခေါ်မှုအရေးတွေ ဖြေရှင်းရာမှာ အခရာကျတဲ့အာဆီယံရဲ့ အခန်းကဏ္ဍကို အမေရိကန်က အသိအမှတ်ပြုတယ်ဆိုတဲ့ ကတိတ၀တ်တွေကို ပြသဖို့အတွက်ပါ ဒီအစည်းအဝေးကို ကျင်းပမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
အဲဒီထိပ်သီးအစည်းအဝေးကို မြန်မာစစ်ကောင်စီဘက်က တက်ရောက်ခွင့် ရှိ၊ မရှိကိုတော့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားတာ မတွေ့ရပါဘူး။
ဒါပေမဲ့ အာဆီယံဘက်ကတော့ မြန်မာ့အရေးဖြေရှင်းဖို့ အာဆီယံခေါင်းဆောင်တွေကြားရရှိထားတဲ့ဘုံသဘောတူညီချက် ၅ ရပ် အကောင်အထည်ဖော်မှုအပိုင်းမှာ အားနည်းတယ်ဆိုပြီး အာဏာသိမ်းစစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အစား နိုင်ငံရေးရာထူးမယူထားသူတစ်ဦးကိုပဲ တက်ရောက်စေဖို့ ဆုံးဖြတ်ထားတာ ပြီးခဲ့တဲ့နှစ်နှောင်းပိုင်းကတည်းက ဖြစ်ပါတယ်။
မေလမှာ ကျင်းပဖို့ရှိတဲ့ အမေရိကန် - အာဆီယံခေါင်းဆောင်တွေ အစည်းအဝေးပွဲကို အစောပိုင်းက မတ်လကုန်ပိုင်းမှာ ကျင်းပနိုင်ဖို့ အမေရိကန်ဘက်က အဆိုပြုခဲ့ပေမဲ့ အာဆီယံခေါင်းဆောင်တွေဘက်က တက်ရောက်နိုင်မှု ရှိ၊ မရှိ ညှိနှိုင်းနေဆဲလို့ လက်ရှိ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံက အစောပိုင်းမှာ ပြောထားပါတယ်။
အမေရိကန်ဘက်က အခုကြေညာချက်နဲ့ပတ်သက်ပြီး အာဆီယံဘက်က တစုံတရာသတင်းထုတ်ပြန်တာမရှိသေးပါဘူး။
အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ)ကို မြန်မာ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖီလစ်ပိုင်၊ စင်ကာပူ၊ ဘရူနိုင်း စတဲ့ ဒေသတွင်း ၁၀ နိုင်ငံနဲ့ဖွဲ့စည်းထားတာဖြစ်ပါတယ်။















