ရန်ကုန်မှာ စစ်ကောင်စီက လုံခြုံရေးတင်းကြပ်ပြီး သင်္ကြန်ပွဲ ကျင်းပ, မြို့နေရာအတော်များများမှာ ရေထွက်ကစားသူမရှိသလောက်နည်းနေ
ရန်ကုန်မြို့မှာတော့ စစ်ကောင်စီက ဒီနှစ်သင်္ကြန်ကို လုံခြုံရေးမြှင့်ပြီးကျင်းပနေပေမဲ့ မြို့လယ်က မြို့တော်၀န်မဏ္ဍပ်ကလွဲပြီး နေရာတော်တော်များများမှာ ရေထွက်ကစားသူ မရှိသလောက်ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်ဘက်ကတော့ ရန်ကုန်မြို့နေရာတော်တော်များများမှာ လုံခြုံရေးမြှင့်နေရာယူထားသလို ကင်းလှည့်တာတွေလည်း ခပ်စိပ်စပ်ပြုလုပ်နေတယ်လို့ ရန်ကုန်မြို့ခံတွေက ဆိုပါတယ်။
‘’စစ်တပ်က မနက်အစောပိုင်း ၇ နာရီလောက်ကတည်းက ကင်းလှည့်နေတယ်။ ကြည့်မြင်တိုင်မှာဆို အင်အားသိပ်မပါတဲ့ ဖောကား(စစ်ကားအကြီး)တွေနဲ့ ပတ်တာတွေ့တယ်။ နောက် စမ်းချောင်းမှာဆို ရင်လည်း ရဲကားနဲ့စစ်ကား ပေါင်းပြီး ကင်းလှည့်နေတာတွေ့တယ်”လို့ စမ်းချောင်းဒေသခံတစ်ဦးက ပြောပါတယ်။
ရန်ကုန်မြို့လယ်က မြို့တော်၀န် မဏ္ဍပ်ကိုတော့ စစ်ကောင်စီက ဒီနေ့ ဧပြီလ ၁၃ ရက် သင်္ကြန်အကြိုနေ့မှာ မနက်အစောပိုင်းကတည်းက ယိမ်းအဖွဲ့တွေနဲ့ ဖွင့်လှစ်သွားပါတယ်။
အာဏာသိမ်းစစ်တပ်နဲ့ မပူးပေါင်းဘဲ ဆန့်ကျင်ကြောင်းပြသဖို့ ဒီနှစ် သင်္ကြန်မှာ ရေမထွက်ကစားကြဖို့ အာဏာသိမ်းဆန့်ကျင်တဲ့တော်လှန်ရေးအင်အားစုတွေက လူထုကို တိုက်တွန်းနှိုးဆော်တာတွေရှိခဲ့အပြီးမှာ ရန်ကုန်မြို့မှာ ရေပက်ခံထွက်သူ မရှိသလောက် နည်းနေတဲ့အခြေအနေ ဦးတည်သွားတာလို့ ရန်ကုန်မြို့ခံတွေက ပြောထားပါတယ်။