ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

ဒေါ်အောင်ဆန်းစုကြည် အဂတိမှုနဲ့ ထောင် ၅ နှစ်ချမှတ်ခံရ

ဒေါ်အောင်ဆန်းစုကြည်ကတော့ မဟုတ်မမှန်စွပ်စွဲခံရတာဆိုပြီး အခုလိုထောင်ဒဏ်ချမှတ်ခံရတာနဲ့ပတ်သက်ပြီး မှတ်ချက်ပြုသလို အမှုအတွက် အယူခံဆက်တက်ဖို့ရှိတယ်ဆိုလို့လည်း ဘီဘီစီက သိရှိရပါတယ်။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. စစ်ပွဲတွေကြား မအေးချမ်းနိုင်တဲ့သင်္ကြန်

  2. ကရင်နီပြည်နယ်တွင်းက မြေမြှုပ်မိုင်းအန္တရာယ်

  3. သင်္ကြန်အကျနေ့လွိုင်ကော်မြို့ပေါ်မှာတိုက်ပွဲဖြစ်ပြီး အရပ်သားတွေလက်နက်ကြီးထိမှန်တာတွေရှိ, ရပ်ကွက်အတွင်းပိတ်မိနေသူတွေကို ကယ်ထုတ်ဖို့ကြိုးစားနေကြ

    ကယားပြည်နယ်၊ လွိုင်ကော်မြို့ပေါ်မှာ ဒီကနေ့သင်္ကြန်အကျနေ့ဧပြီ ၁၄ ရက်မနက်ပိုင်းမှာ စစ်ကောင်စီနဲ့ဒေသကာကွယ်ရေးတပ်ဖွဲ့တစ်ခုထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီးအရပ်သားတချို့လည်း လက်နက်ကြီးထိမှန်ဒဏ်ရာရထားတယ်လို့ဒေသခံတွေဆီကသိရပါတယ်။

    လက်ရှိမှာတော့ တိုက်ပွဲဖြစ်ခဲ့တဲ့ အနီးအနားက ချိကယ်ရပ်ကွက်ထဲမှာ ဒေသခံတချို့ပိတ်မိနေပြီးလူမူကူညီရေးအသင်းတွေက သွားရောက်ကယ်ထုတ်ဖို့ကြိုးစားနေပါတယ်။

    “တိုက်ပွဲကတော့ ငြိမ်သွားပြီ ကျွန်တော်တို့ဆီတော့ တောက်လျှောက်ဆက်သွယ်နေတယ်။ အခုဝင်လို့ရပြီလို့ကြက်ခြေနီအဖွဲ့တွေက ပြောတယ်။ ကျွန်တော်တို့လူတွေကိုအရင်သွားကယ်ထုတ်ပြီးမှ နောက်ထပ် ပစ္စည်းလိုအပ်တာတွေရှိရင်ထပ်ယူပြီး စစ်ရှောင်စခန်းတွေဆီပို့ဖို့လုပ်ရမှာပါ။ အခုတော့ ဒေသခံ ၂ယောက်လောက်က လက်နက်ကြီး အစတွေထိမှန်ထားတယ်။ နေအိမ်မီးလောင်ထားတာတွေလည်းရှိတယ်။တခြားဒဏ်ရာရသူတွေလည်းရှိတယ်’’လို့ ဒေါဥခူလူမှုကူညီရေးအသင်းက တာဝန်ရှိသူက ဘီဘီစီကိုပြောပါတယ်။

    လွိုင်ကော်မြို့မှာတော့ ရပ်ကွက် ၁၅ ခုလောက်ရှိပြီး အခုတိုက်ပွဲကြားဒေသခံတွေပိတ်မိနေတဲ့ ချိကယ်ရပ်ကွက်ဟာလည်း ရပ်ကွက်ကြီးတစ်ခုဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ်။

    ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က လွိုင်ကော်မြို့နယ်ထဲက ချိကယ်ရပ်ကွက်နဲ့အနီးတဝိုက်မှာ စစ်ရေးတင်းမာလာနိုင်တာကြောင့်ဒေသခံတွေ ဘေးလွတ်ရာအမြန်ပြောင်းကြဖို့ဒီကနေ့ ဧပြီ ၁၄ ရက်မှာပဲသတိပေးစာထုတ်ထားတာကိုတွေ့ရပါတယ်။

    ကယားပြည်နယ်ထဲမှာတော့ အခု ဧပြီလ ပထမပတ်ကစလို့ ဒီကနေ့အထိ စစ်ကောင်စီနဲ့ဒေသကာကွယ်ရေးတပ်တွေကြားတိုက်ပွဲတွေပြင်းထန်နေပါတယ်။

    ဒီတိုက်ပွဲတွေကြားမှာ စစ်ကောင်စီဘက်က အရပ်သားတွေနေထိုင်တဲ့ကျေးရွာတွေကိုပါလက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့ပြီး အရပ်သားထိခိုက်သေဆုံးမှုတွေလည်းရှိနေတယ်လို့ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ကရင်နီလူမူရေးအသင်းအဖွဲ့တွေကထုတ်ပြန်ထားပါတယ်။

    စစ်ကောင်စီကတော့ ကယားပြည်နယ်အတွင်းမှာ ဧပြီလကဖြစ်ခဲ့တဲ့တိုက်ပွဲတွေနဲ့အရပ်သားသေဆုံးမှုတွေနဲ့ပတ်သက်ပြီးသတင်းထုတ်ပြန်တာမရှိပါဘူး။

  4. စစ်အာဏာသိမ်းမှုအောက် ဒုတိယအကြိမ်ကျရောက်တဲ့သင်္ကြန်နဲ့ တောတွင်းရောက် လူငယ်တွေ

    ဒေါင်းတို့မျိုးဆက်(တောတွင်း)သံချပ်အဖွဲ့ က ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ) ထိန်းချုပ်ရာ ဒူးပလာယာခရိုင်ထဲမှာရှိတဲ့ ကျေးရွာတွေမှာ နှစ်သစ်ကူး သင်္ကြန်ကာလ သံချပ်လှည့်လှည် ဖျော်ဖြေနေကြတာဖြစ်ပါတယ်။

    ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တချို့ဦးဆောင်ပါဝင်တဲ့ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့(တောတွင်း)ဆိုတဲ့ခေါင်းစဉ်နဲ့ သင်္ကြန်သံချပ်နဲ့ပြဇာတ်တွေကို လွတ်မြောက်နယ်မြေမှာရှိနေတဲ့PDF စခန်းတွေနဲ့ အနီးအနားကကျေးရွာတွေကို လိုက်လံဖျော်ဖြေနေကြတာပါ။

    ဒီဖျော်ဖြေမှုဟာ စစ်အာဏာသိမ်းတာကိုလက်နက်ကိုင်လမ်းစဉ်နဲ့ဆန့်ကျင်နေကြတဲ့ ဒေသကာကွယ်ရေး PDF တပ်ဖွဲ့ဝင်လူငယ်တွေရဲ့တောတွင်းတနေရာက သင်္ကြန်တွင်းဖြတ်သန်းမှုမြင်ကွင်းတစ်စိတ်တစ်ပိုင်းအဖြစ်လည်း ထင်ဟပ်နေပါတယ်။

    • ပျော်ရွှင်သင်္ကြန်လား၊ တော်လှန်သင်္ကြန်လား
    • သင်္ကြန်အကြိုနေ့ ပေါက်ကွဲမှုနဲ့ ပစ်ခတ်မှုတွေဖြစ်
  5. ရန်ကုန်သင်္ကြန်အကျနေ့ မြိုတော်ဝန်မဏ္ဍပ်အနီးတွင်သာစည်ကား

    ဒီကနေ့ ဧပြီ၁၄ရက်၊ သင်္ကြန်အကျနေ့မှာတော့ ရန်ကုန်မြို့လယ်မှာရှိတဲ့ မြိုတော်ဝန် မဏ္ဍပ်အနီးတဝိုက်မှာ ရေပက်ခံထွက်လာသူတချို့နဲ့လမ်းလျှောက်သင်္ကြန်မှာ လမ်းလျှောက်လာသူတချို့ရှိခဲ့တယ်လို့ ဘီဘီစီကသွားရောက်ရိုက်ကူးခဲ့တဲ့ ဓါတ်ပုံမှတ်တမ်းတွေအရသိရပါတယ်။

    မြို့တော်ဝန်မဏ္ဍပ်ရှိတဲ့ အဲဒီနေရာကလွဲလို့ ရန်ကုန်မြို့ရဲ့ တခြားမြို့နယ်ရပ်ကွက်တွေမှာတော့ထွက်ရောက်လည်ပတ်သူမရှိသလောက်ဖြစ်နေတာကိုလည်း တွေ့ရပါတယ်။

  6. YMBA ရုံးတိုက်ခိုက်ခံရမှုမှာ သေနတ်သမားတစ်ဦးကို အသေဖမ်းမိတယ်လို့ စစ်တပ်သတင်းလွှင့်, ဖမ်းဆီးခံရသူဟာ တိုက်ခိုက်မှုမှာပါ၀င်သူမဟုတ်လို့ တိုက်ခိုက်တဲ့အဖွဲ့စာထုတ်

    ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်ထဲက ရေကျော်လမ်းမပေါ်မှာရှိတဲ့ ဗုဒ္ဓကလျာဏယု၀အသင်း(YMBA)ရုံးကို လာရောက်ပစ်ခတ်တိုက်ခိုက်သူတွေထဲက အမျိုးသားတစ်ဦး အသေဖမ်းမိတယ်ဆိုပြီး စစ်တပ်နဲ့နီးစပ်တဲ့ မီဒီယာတွေဘက်က ဒီနေ့ ဧပြီလ ၁၄ ရက်မှာ သတင်းထုတ်လာပါတယ်။

    YMBA ရုံးဟာ မနေ့ ဧပြီလ ၁၄ ရက်ည ၇ နာရီ၀န်းကျင်ခန့်မှာ လက်ပစ်ဗုံးနဲ့တစ်ကြိမ် ပစ်ခတ်ခံခဲ့ရပြီးနောက် ဗုံးစတွေကို ရှင်းနေတဲ့ စစ်ကောင်စီတပ်တွေကို အိမ်စီးကားတစ်စင်းနဲ့ လာရောက်ပစ်ခတ်ခဲ့တာကြောင့် ပစ်ခတ်သူတွေကို လိုက်ဖမ်းချိန် ကားနဲ့ လူတစ်ဦးကို အသေဖမ်းမိခဲ့တာလို့ စစ်ကောင်စီသတင်းတွေကိုဖော်ပြတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာရေးထားတာတွေ့ရပါတယ်။

    အဲဒီတိုက်ခိုက်မှုကို လုပ်ခဲ့တဲ့ ရန်ကုန်မြို့ပြပြောက်ကျားအဖွဲ့တွေကတော့ YMBA ရှေ့က စစ်ကောင်စီကင်းဂိတ်ကို တိုက်ခိုက်အပြီး အန္တရာယ်ကင်းကင်းနဲ့ ပြန်ဆုတ်ခွာနိုင်ခဲ့ပေမဲ့ စစ်ကောင်စီတပ်ဘက်က အရပ်သားတွေကို ပစ်ခတ်ဖမ်းဆီး လုပ်နေချိန် အဖမ်းခံရသူမှာ တော်လှန်ရေးအဖွဲ့တွေနဲ့ သက်ဆိုင်သူမဟုတ်ဘူးဆိုပြီး စာထုတ်ထားပါတယ်။

    YMBA ရုံး တိုက်ခိုက်ခံရမှုမှာ လူသေဆုံးမှုနဲ့ ပတ်သက်ပြီး မှတ်ချက်တစုံတရာရနိုင်ဖို့ ဘီဘီစီက စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ဆီ ဆက်သွယ်ဖို့ ကြိုးစားနေပါတယ်။

  7. မူကြိုကျောင်းမှာဖမ်းဆီးခေါ်ဆောင်ခံရတဲ့ကလေးရဲ့ မိခင်အပါအဝင် ၁၅ ဦးကိုဖမ်းဆီးထားကြောင်း စစ်ကောင်စီထုတ်ပြန်, ကလေးငယ်ရဲ့နောက်ဆက်တွဲအခြေအနေကိုမသိရသေးဘူးလို့ဆို

    ပြီးခဲ့တဲ့ ဧပြီ ၅ ရက်နေ့ကအလုံမြို့နယ်ထဲက မူကြိုကျောင်းအတွင်းမှာ လာရောက်ဖမ်းဆီးခေါ်ဆောင်ခံရတဲ့ ကလေးငယ်ရဲ့မိခင်မသီရိဝေ(ခေါ်) မဝေအပါအဝင် ၁၅ ဦးကိုဖမ်းဆီးထားတယ်လို့မနေ့ ဧပြီ ၁၃ ရက်နေ့ကစစ်ကောင်စီဘက်က ထုတ်ပြန်လာပါတယ်။

    ကလေးမိခင်ဖြစ်တဲ့ မသီရိဝေကိုတော့ ရန်ကုန်တိုင်းအင်းစိန်မြို့နယ် BOC မှတ်တိုင်မှာဖမ်းမိတာဖြစ်တာဖြစ်တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

    အဲဒီဧပြီ ၅ရက်နေ့မှာပဲ အလုံမြို့နယ်အတွင်းက မူကြိုကျောင်းမှာ အရပ်ဝတ်နဲ့စစ်ကောင်စီတပ်တွေသွားရောက်ဖမ်းဆီးခေါ်ဆောင်သွားတဲ့ အသက် ၄ နှစ်အရွယ် မောင်သန့်ဘုန်းဝေယံနဲ့ပတ်သက်လို့တော့ ဘယ်မှာရှိနေတယ်ဆိုတာမသိရသေးဘူးလို့မိသားစုနဲ့နီးစပ်သူတွေကပြောပါတယ်။

    လက်ရှိမှာတော့ မောင်သန့်ဘုန်းဝေယံနဲ့အတူနေထိုင်ခဲ့တဲ့မသီရိဝေရဲ့ မိဘတွေနဲ့မောင်ဖြစ်သူဟာလည်း နေအိမ်ကနေထွက်ပြေးတိမ်းရှောင်နေရတယ်လို့နီးစပ်သူတွေကပြောပါတယ်။

    စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာတော့ မသီရိဝေအပါအဝင် ဖမ်းဆီးခံရသူတွေကို လက်နက်ခဲယမ်းတွေနဲ့တကွဖမ်းမိတာဖြစ်ပြီး သင်္ကြန်ကာလဖောက်ခွဲရေးလုပ်ဆောင်မယ့်သူတွေဖြစ်တယ်လို့စွပ်စွဲထုတ်ပြန်ထားတာတွေ့ရပါတယ်။

    စစ်ကောင်စီဘက်ကတော့ ကလေးငယ်ကိုဖမ်းဆီးခေါ်ဆောင်သွားတာမရှိဘူးဆိုပြီးဖမ်းဆီးခံရတယ်ဆိုတဲ့ရက်ပိုင်းက ဘီဘီစီရဲ့မေးမြန်းမှုကိုငြင်းဆိုတုံ့ပြန်ပါတယ်။

    ဒါပေမယ့် ကျောင်းနဲ့နီးစပ်သူတွေနဲ့မိသားစုဝင်နဲ့နီးစပ်သူတွေကိုမေးမြန်းချက်အရ ကလေးငယ်ကို လာရောက်ခေါ်ဆောင်သွားတာ မှန်ကန်တယ်လို့ဘီဘီစီကိုအတည်ပြုပါတယ်။

  8. လိုအပ်နေသူတွေဆီ အကူအညီတွေရောက်ရှိရေး ကာဒီနယ် ချားစ်မောင်ဘို တောင်းဆို

    မြန်မာနိုင်ငံမှာ ပြည်တွင်းပဋိပက္ခကြောင့် အစားအသောက်၊ ခိုလှုံရာနေရာနဲ့ ဆေး၀ါးကုသခွင့်လိုအပ်နေသူတွေဆီ အကူအညီတွေရောက်အောင် လမ်းဖွင့်ပေးကြဖို့ မြန်မာနိုင်ငံ ကတ်သလစ်ခရစ်ယန်သာသနာဂိုဏ်းချုပ် ဘုန်းတော်ကြီးလည်းဖြစ်၊ ရဟန်းအမတ်လည်းဖြစ်တဲ့ ကာဒီနယ် ချားစ်မောင်ဘိုက ‌တောင်းဆိုလိုက်ပါတယ်။

    ခရစ်တော်ရှင်သန်ထ‌‌မြောက်တဲ့ အီစတာပွဲတော်မတိုင်ခင် တောင်းဆိုလိုအချက်အနေနဲ့ ဗာတီကန်သတင်းဌာနကို ကာနီနယ်ဘိုက အခုလို‌ပြောလာတာပါ။

    လက်ရှိမှာ ကုလသမဂ္ဂရဲ့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဥ်( WFP)၊ နိုင်ငံတကာကြက်ခြေနီအဖွဲ့နဲ့ ဒုက္ခသည်ဆိုင်ရာ ကုလအဖွဲ့အစည်း (UNHCR) တို့ဟာ လိုအပ်နေသူတွေဆီ အကူအညီရောက်အောင် ပေးပို့နိုင်ဖို့ ဟန့်တားခံနေရတယ်လို့ သူက ပြောပါတယ်။

    ကတ်သလစ်ကျောင်းတော်အနေနဲ့ Caritas Internationalis အကူအညီပေးရေးအဖွဲ့အစည်းကနေတဆင့် ရှိရင်းစွဲရင်းမြစ်တွေကို သုံးပြီး ပြည်တွင်းမှာ လူသားချင်းစာနာမှုအကူအညီတွေပေးနိုင်ဖို့ ကြိုးစားခဲ့ပေမဲ့ လက်ရှိမှာ ယူကရိန်းစစ်ပွဲဘက်ကို အကူအညီတွေ ဦးလှည့်လိုက်ရတဲ့အခြေအနေဖြစ်နေတယ်လို့ သူက ‌ပြောပါတယ်။

    ပြည်တွင်းမှာ ဗုဒ္ဓဘာသာဝင်အများစုနဲ့ တခြားဘာသာ၀င်တွေနည်းတူ ခရစ်ယာန် ဘာသာ၀င်တွေလည်း အကြမ်းဖက်မှုကို ခံစားနေရတယ်လို့ သူက ‌ပြောသလို အခုဆို စစ်အာဏာသိမ်းပြီးကတည်းက ဆိုရင် ဗုံးထိတာ၊ ဖြိချခံရတာနဲ့ ဖျက်စီးခံရတဲ့ဘုရားကျောင်းနဲ့ ကျောင်းဆောင်ပေါင်း ၁၅ ခုအထိ ရှိနေတယ်လို့ သူက ‌ပြောထားပါတယ်။

  9. ကလေးခရိုင်ထွေအုပ်ရုံး၊ ဒကစနဲ့ထောက်ပို့တပ်တွေကို တိုက်ခိုက်ခဲ့တယ်လို့ ကလေး PDF ပြော

    စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ် တောင်ဇလပ်ရပ်ကွက်မှာရှိတဲ့ ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံးအပါအ၀င် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ကလေး)နဲ့ ထောက်ပို့တပ်တွေကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ က‌လေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)က ဧပြီလ ၁၃ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

    ကလေး PDF တပ်ရင်း ၃ အခြေစိုက်စခန်းတစ်ခုကို စစ်ကောင်စီတပ်ဘက်က ဧပြီလ ၁၂ ရက်မနက်ပိုင်းမှာ သိမ်းခဲ့တာကြောင့် အဲဒီနေ့ ညနေပိုင်းမှာပဲ ထွေအုပ်ရုံး၊ ဒကစနဲ့ ထောက်ပို့ တပ်တွေကို ပြန်လည်တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။

    ၄၀ မမ၊ ၆၀ မမနဲ့ ၈၀ မမ လက်နက်ကြီးတွေသုံးပြီး တိုက်ခိုက်ခဲ့တာဖြစ်ပြီး ခရိုင်ထွေအုပ်ရုံးကို တိုက်ခိုက်မှုမှာတော့ စစ်ကောင်စီတပ်ဖွဲ့၀င် ၅ ဦးသေဆုံးနိုင်ချေရှိတယ်လို့ ဆိုပါတယ်။

    ကလေးမြို့နယ်ထဲ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ အခုသီတင်းပတ်အတွင်း ထိတွေ့တိုက်ပွဲ ခပ်စိပ်စိပ်ဖြစ်လာနေပြီး ကလေးမြို့တောင်ပိုင်းက ကျေးရွာတွေ အနီးမှာလည်း ပစ်ခတ်တိုက်ခိုက်မှုတွေ ရှိထားပါတယ်။

  10. ပျော်ရွှင်သင်္ကြန်လား၊ တော်လှန်သင်္ကြန်လား

    စစ်အာဏာသိမ်းမှုအောက်မှာ ဒုတိယအကြိမ်ထပ်ရောက်လာတဲ့ ဒီနှစ်သင်္ကြန်ကို စစ်ကောင်စီဘက်က စည်ကားဖို့ ကြိုးစားနေသလို၊ တော်လှန်ရေးအင်အားစုတွေကလည်း စစ်ကောင်စီကလုပ်တဲ့သင်္ကြန်မှာ မပါဝင်ကြဖို့ လူထုကို တိုက်တွန်းနေပါတယ်။

    တော်လှန်ရေးအင်အားစုတွေက ဘာကြောင့် တိုက်တွန်းနေတာလဲ။

    နှစ်ဖက်ပြောဆိုမှုတွေအပေါ် သုံးသပ်ချက်၊ လူငယ်တွေကရော သင်္ကြန်ကိုဘယ်လိုဖြတ်သန်းဖို့အမြင်တွေရှိလဲဆိုတာ ရှုစားနိုင်ပါပြီ။

  11. မြန်မာအပါအ၀င် ၁၁ နိုင်ငံကို လူသားချင်းစာနာမှု အကူအညီပေးမယ်လို့ ဖင်လန်နိုင်ငံပြော

    မြန်မာနိုင်ငံအပါအ၀င် ဆိုမာလီနဲ့ ကွန်ဂိုစတဲ့ နိုင်ငံပေါင်း ၁၁ နိုင်ငံကို လူသားချင်းစာနာမှုအကူအညီပေးသွားမယ်လို့ ဖင်လန်နိုင်ငံခြားရေး၀န်ကြီးဌာနက ဧပြီလ ၁၃ ရက်မှာ ကြေညာပါတယ်။

    စားနပ်ရိက္ခာမလုံလောက်တဲ့နိုင်ငံတွေကို အကူအညီပေးမယ့်အစီအစဥ်ထဲ မြန်မာကို အခုလို ထည့်သွင်းလာတာဖြစ်ပါတယ်။

    ယူရိုငွေ ၂၆ သန်းကျော် အကူအညီအပေးရေး ရန်ပုံငွေကို ဖင်လန်နိုင်ငံအတွင်းက အဖွဲ့အစည်းတွေအပြင် ကုလသမဂ္ဂအဖွဲ့အစည်းတွေ၊ နိုင်ငံတကာကြက်ခြေနီနဲ့လခြမ်းနီအဖွဲ့တို့ကနေ ဖြန့်‌ဝေသွားမှာဖြစ်ပါတယ်။

    ဖင်လန်နိုင်ငံရဲ့ လူသားချင်းစာနာမှုဆိုင်ရာမူဝါဒအရ ရန်ပုံငွေတွေကို အထက်ပါအဖွဲ့အစည်းတွေကနေ တဆင့်ပေးသွားမှာလို့လည်း ဆိုပါတယ်။

    ကုလသမဂ္ဂက‌တော့ ဒီနှစ်မှာမြန်မာပြည်သူ ၆ သန်းကျော်ကို အကူအညီပေးဖို့ ဒေါ်လာ သန်း ၈၀၀ ကျော် ရန်ပုံငွေလိုအပ်နေပေမဲ့ အဲဒီပမာဏရဲ့ ၄ ရာခိုင်နှုန်းသာ အလှူငွေ ရရှိထားတယ်လိုပြောသလို မြန်မာလူထုကို ကူညီရေး အလှူငွေထည့်၀င်ကြဖို့ အစောပိုင်း ကတည်းက တိုက်တွန်းနေပါတယ်။

  12. ကယားပြည်နယ်အတွင်း တိုက်ပွဲမရှိတဲ့ ကျေးရွာထဲလက်နက်ကြီးကျရောက်, အခုဧပြီလထဲတိုက်ပွဲတွေဆက်ဖြစ်နေပြီး အရပ်သားတွေထိခိုက်သေဆုံးမှုတွေလည်းရှိနေ

    ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အတွင်းကထီးဖို့ကလို့ကျေးရွာအုပ်စုထဲကို ဒီကနေ့ဧပြီ ၁၄ ရက်မနက်ပိုင်းက စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တယ်လို့ KNDF ကထုတ်ပြန်လာပါတယ်။

    နှစ်ဖက်တိုက်ပွဲတွေမရှိဘဲ ဒေသခံတွေအိပ်ချိန် မနက် ၁နာရီလောက်မှာ အရပ်သားတွေဆီ ရမ်းသမ်းပစ်ခတ်ခဲ့တာဖြစ်တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

    ဒီပစ်ခတ်မှုကြောင့် ကျေးရွာအတွင်းလက်နက်ကြီး ၄ လုံးကျခဲ့ပြီး တရိစ္ဆာန်တချို့ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။

    ကယားပြည်နယ်အတွင်းမှာတော့ အခု ဧပြီ ပထမပတ်ကစပြီး စစ်ကောင်စီနဲ့ဒေသကာကွယ်ရေးတပ်တွေကြားထိတွေ့တိုက်ပွဲတွေဆက်တိုက်ဖြစ်ခဲ့တယ်လို့ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ကထုတ်ပြန်ထားပါတယ်။

    ဒီးမောဆို- ဖရူဆို ကားလမ်းမတလျှောက်ကိုလည်းစစ်ကောင်စီဘက်က အပြင်းအထန်ထိုးစစ်ဆင်နေပြီးဖရူဆိုနဲ့ဘောလခဲမြို့တွေဘက်ကိုလည်း တပ်အင်အားနဲ့ရိက္ခာဖြည့်တင်းမှုတွေလုပ်နေတယ်လို့KNDF ရဲ့ထုတ်ပြန်ချက်တွေမှာ ဖော်ပြထားပါတယ်။

    ဒါ့အပြင် ဒေသခံကျေးရွာနေအိမ်တွေဘက်ကို စစ်ကောင်စီဘက်ကလက်နက်ကြီးတွေနဲ့ပစ်ခတ်မှုလည်းရှိခဲ့ပြီး ဧပြီလ ပထမပတ်ထဲမှာ အရပ်သား ၇ ဦးထိခိုက်ဒဏ်ရာရခဲ့ပြီး ၂ ဦးသေဆုံးခဲ့တယ်လို့KNDF ရဲ့တိုက်ပွဲသတင်းထုတ်ပြန်ချက်တွေမှာတွေ့ရပါတယ်။

    ဒီရက်ပိုင်းမှာပဲ စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေလည်းဆက်လုပ်လာပြီးပြီးခဲ့တဲ့ ဧပြီ ၁၂ ရက်နေ့မှာလည်း ဒီးမောဆို့အရှေ့ဘက်ခြမ်းက ဒေါတမြေးရွာအတွင်း လက်နက်ကြီးကျရောက်ခဲ့ပြီး အသက် ၁၂ နှစ်အရွယ်ကလေးငယ်တစ်ဦးလက်နက်ကြီးထိမှန်ဒဏ်ရာရခဲ့တယ်လို့လည်းဒေသတွင်းသတင်းတွေမှာဖော်ပြထားပါတယ်။

    နှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေပြီး ကျေးရွာတွေအတွင်းစစ်ကောင်စီဘက်ကလက်နက်ကြီးနဲ့ပစ်ခတ်မှုတွေလည်းရှိနေသလို အရပ်သားထိခိုက်သေဆုံးမှုတွေလည်းရှိနေတဲ့ကယားပြည်နယ်အတွင်းကတိုက်ပွဲတွေနဲ့ပတ်သက်လို့စစ်ကောင်စီဘက်က သတင်းထုတ်ပြန်လာတာမရှိသေးပါဘူး။

  13. ကချင်ပြည်နယ်က မြေရှားသထ္ထုတူးဖော်မှု အများအပြား ပြန်စလာ

  14. သင်္ကြန်အကြိုနေ့ ပေါက်ကွဲမှုနဲ့ ပစ်ခတ်မှုတွေဖြစ် အနည်းဆုံး ၂ ဦးသေဆုံး

  15. ရန်ကုန်သင်္ကြန်လည်ပတ်ဖို့ စည်ပင်ဝန်ထမ်းတွေ တစ်အိမ်တစ်ယောက်မဖြစ်မနေသွားရတယ်လို့ ပြော

    ၂၀၂၂ခုနှစ် မြန်မာ့နှစ်သစ်ကူးသင်္ကြန်ကာလ စစ်ကောင်စီကဦးစီးကျင်းပနေတဲ့ရေကစားမဏ္ဍပ်တွေမှာ ရေကစားထွက်ဖို့နဲ့ လည်ပတ်ဖို့ ရန်ကုန်မြို့က သန့်ရှင်းရေးစည်ပင်ဝန်ထမ်းတွေကို တစ်အိမ်တစ်ယောက်မဖြစ်မနေလိုက်ပါရတယ်လို့ ဝန်ထမ်းတွေနဲ့နီးစပ်သူတွေကနေသိရပါတယ်။

    အဓိကအနေနဲ့ ရန်ကုန်မြို့တော်ဝန်မဏ္ဍပ်မှာ‌ လည်ပတ်ဖို့ဖြစ်နိုင်ပြီး ဗိုလ်တထောင်၊ ပုဇွန်တောင်၊ မင်္ဂလာတောင်ညွန့်အပါအဝင် တခြားမြို့နယ်တွေက စည်ပင်ဝန်ထမ်းတွေကိုခေါ်ယူခဲ့တာလို့ ဆိုပါတယ်။

    "ငြင်းဆန်လို့မရဘူး။တစ်ခန်းတစ်ယောက်ဆိုတာမှာက တစ်နေ့တည်းအကုန်မဟုတ်ဘူး။ ဒီနေ့လိုက်တဲ့သူက နောက်နေ့လိုက်စရာမလိုဘူး။ နာမည်စာရင်းပေးထားရတယ်။ တချို့က မလိုက်ချင်တော့မဲနှိုက်ကြတယ်။ မဲကျတဲ့ရက်သွားရတာပေါ့။ သူတို့ကကားနဲ့လာခေါ်တာ၊ ဘာမှစီစဉ်မပေးဘူးစတုဒီသာ‌ကျွေး‌တယ်တော့ပြောတယ်။ ပိုက်ဆံတော့မရပါဘူး"လို့ ရန်ကုန်မြို့တော်သန့်ရှင်းရေးစည်ပင်ဝန်ထမ်းတွေနဲ့နီးစပ်သူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    ဒီလို ရေကစားထွက်ဖို့ တစ်ရက်နှစ်ချိန်ခွဲထားပြီး မနက်အစောပိုင်းကနေ ‌မနက် (၁၀)နာရီကျေ်အထိ တစ်ကြိမ်နဲ့၊ နေ့လယ် (၂)နာရီလောက်ကနေ ညနေပိုင်းအထိတစ်ကြိမ် ရေကစားထွက်သွားကြတယ်လို့ မျက်မြင်တွေ့သူတွေက ပြောပါတယ်။

    ဒါ့အပြင် ဒီကနေ့ညနေပိုင်းမှာပဲ မြေနီကုန်းတံတားအတက်ကိုကားလမ်းပိတ်ဆို့ကာ ပြည်သူ့ရင်ပြင်ရှေ့ မဏ္ဍပ်တွေကနေပဲ ကားတွေဖြတ်သန်းသွားခိုင်းပြီး ‌ကားတွေကိုရေပက်ခံခိုင်းခဲ့တယ်လို့ ကိုယ်တိုင်ကြုံတွေ့ရသူတွေက ဘီဘီစီကိုပြောပါတယ်။

    "လမ်းလယ်မှာလည်း သေနတ်တွေနဲ့ အတင်းလမ်းကိုပိတ်ပြီး မဏ္ဍပ်ရှေ့ကနေကားကိုသွားခိုင်းတာ။ ကားတိုင်းကလည်းမှန်တွေပိတ်ထားပြီး ရေပက်ခံနေရတယ်။ အကုန်လုံးကလက်နက်တွေနဲ့ မဏ္ဍပ်အနောက်မှာလည်း စစ်သားတွေကအုပ်လိုက်ကြီးထိုင်နေကြတာ။ အတင်းအကြပ်ရေပက်ခံခိုင်းတာက ကြောက်စရာကြီး၊ နောက်နေ့အိမ်အပြင်မထွက်ရဲတော့ဘူး"လို့ ကိုယ်တိုင်ကြုံတွေ့ခံရတဲ့ ရန်ကုန်မြို့ခံတစ်ဦးက ဆိုပါတယ်။

    အခုနှစ်သင်္ကြန်ကာလမှာ လုံခြုံရေးအပြည့်နဲ့ ပျော်ပျော်ရွှင်ရွှင်ရေကစားထွက်ဖို့ စစ်ကောင်စီဘက်က ဆော်သြထားသလို တဖက်မှာလည်း သင်္ကြန်ကာလမတိုင်ခင်ကတည်းက မဏ္ဍပ်ဆောက်ဖို့ စီးပွားရေးလုပ်ငန်းတွေဆီက ငွေကြေးတောင်းခံတာ၊ အခကြေးငွေပေးပြီးလည်ပတ်ဖို့ လူခေါ်တာတွေ မန္တလေးမြို့ပေါ်မှာပါရှိခဲ့ပါတယ်။

    ဒီလို သင်္ကြန်ရေကစားဖို့ ဝန်ထမ်းတွေကို မလိုက်မနေရခေါ်ယူတယ်ဆိုတာနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ ဒီကနေ့ ဧပြီ (၁၃)ရက် ညနေပိုင်းအထိ တစုံတရာတုံ့ပြန်ပြောကြားတာမရှိသေးပါဘူး။

    အတာသင်္ကြန်အကြိုနေ့ ညနေပိုင်းအထိ ရန်ကုန်၊ မန်းလေး၊ မြိတ် စတဲ့မြို့ကြီးတွေရဲ့ လမ်းမပေါ်မှာ ရေပက်ကစားကြတာမျိုးမရှိကြဘဲ တိတ်ဆိတ်ငြိမ်သက်နေကြတယ်လို့ ဒေသခံတွေကပြောပါတယ်။

  16. မြေပုံမှာ အေအေနဲ့စစ်ကောင်စီတပ် ထိတွေ့တိုက်ခိုက်မှုဖြစ်

  17. နိုင်ငံ့နေရာအချို့က သင်္ကြန်အကြိုနေ့ မြင်ကွင်း‌အချို့

    တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်နဲ့ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်ရွာတို့ရဲ့ ဒီကနေ့ သင်္ကြန်အကြိုနေ့ မြင်ကွင်းပဲ ဖြစ်ပါတယ်။

    သင်္ကြန်ကာလရောက်တိုင်း စည်ကားလေ့ရှိတဲ့ မြိတ်ကမ်းနားလမ်းနဲ့ ဗဟိုလမ်းဘက်မှာလည်း လူသွားလူလာမရှိဘဲ ခြောက်ကပ်နေသလို မြို့ခံအများစု ဟာ စစ်ကောင်စီပြုလုပ်နေတဲ့ ဗဟိုရေကစားမဏ္ဍပ်ဘက်ကို မသွားလာရဲကြဘူးလို့ မြိတ်မြို့ခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    ဒါ့အပြင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က မုပ္ပလင်ရွာမှာတော့ ကျေးရွာအတွင်း အလှူပွဲတွေရှိနေပေမဲ့ ရေပက်ဆော့ကစားတာမရှိဘူးလို့ ဆိုပါတယ်။

    ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာတော့ နှစ်စဥ်သင်္ကြန်တိုင်း စည်ကားလေ့ရှိတဲ့ ပြည်သူ့ပန်းခြံထဲမှာ ဒီနှစ်လည်း လမ်းလျှောက်သင်္ကြန်ဆင်နွှဲနိုင်တဲ့နေရာ ပြုလုပ်ထားပေမဲ့ လာကစားသူ အနည်းငယ်ပဲတွေ့ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

    အဲဒီလမ်းလျှောက်သင်္ကြန်မုခ်ဦးဟာ ဒီနေ့ ဧပြီလ ၁၃ ရက် မနက်ပိုင်းအစောပိုင်းမှာ မီးရှို့ခံရတယ်လို့ ‌ဒေသတွင်း သတင်းတွေကရော၊ အနီးနားက လူတွေကပါ ‌ပြောဆိုနေပေမဲ့ နေ့လည်ပိုင်းမှာတော့ အကောင်းအတိုင်းမြင်တွေ့ခဲ့ရတယ်လို့ မျက်မြင်တွေက ပြောထားပါတယ်။

  18. မြင်းခြံ၊ တလုပ်မြို့ရွာမှာ ဗုံးပေါက်ကွဲလို့ လူငယ်နှစ်ဦးသေဆုံး, ကျန်ရစ်သူမိသားစုတွေပါ ဖမ်းဆီးခံနေရ

    မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ တလုပ်မြို့ရွာက အသက် (၁၇)နှစ်အရွယ် မောင်ဝေခေလျှံထွန်းနဲ့ အသက် (၁၅)နှစ်အရွယ် မောင်လှိုင်ထက်နိုင်တို့ဟာ ပြီးခဲ့တဲ့ ဧပြီ (၆)ရက်ညပိုင်းမှာ စစ်ကောင်စီတပ်စွဲထားတဲ့နေရာအနီး ဖြတ်သန်းသွားလာချိန် ဗုံးပေါက်ကွဲတာကြောင့် လူငယ်နှစ်ဦးလုံး နေရာမှာတင်သေဆုံးခဲ့တယ်လို့ ‌ရွာခံတွေကပြောပါတယ်။

    ဒီပေါက်ကွဲသံကို တစ်ရွာလုံးကနေကြားရတဲ့အပြင် ပေါက်ကွဲသံပြီးတဲ့‌နောက် သေနတ်ပစ်ဖောက်သံတွေ ကြားတာကြောင့် ထွက်မကြည့်ရဲကြဘဲ နောက်တစ်နေ့ ဧပြီ (၇)ရက်မနက်ကျမှသာ သေဆုံးရုပ်အလောင်းတွေကို တွေ့ရှိခဲ့ရတာလို့ဆိုပါတယ်။

    အဲ့ဒီနောက် သေဆုံးသူလူငယ်နှစ်ဦးဟာ ညီအစ်ကိုတဝမ်းကွဲတော်စပ်ကြပြီး သူတို့ရဲ့ မိသားစုနှစ်စုကိုလည်း စစ်ဆေးမေးမြန်းစရာရှိလို့ဆိုကာ ဧပြီ (၇)ရက် ကတည်းက ရွာကနေ မြင်းခြံမြို့ပေါ်ရဲစခန်းကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာ ဒီကနေ့ဧပြီ (၁၃)ရက်အထိ ပြန်မလွတ်မြောက်လာသေးဘူးလို့ မိသားစုနဲ့ နီးစပ်သူတွေကပြောပါတယ်။

    ဒါ့အပြင် ဖမ်းဆီးခံရသူတွေကို ပြန်လွတ်ပေးစေချင်ရင် မြန်မာငွေကျပ်သိန်း (၄၀)ပေးရမယ်ဆိုတာကြောင့် အခက်အခဲ ကြုံနေရတယ်လို့ ဘီဘီစီကို ပြောပါတယ်။

    ကလေးနှစ်ယောက်က တကယ်ကိုဘာမှမလုပ်တဲ့သူတွေ။ တလုပ်ကိုက အနိမ့်ရွာကအုပ်ချုပ်ရေးမှူးကတွဲကိုင်နေတာ။ အခုသူကပဲအဖမ်းခံရသူတွေကို ရဲစခန်းမှာ ထမင်း‌ဟင်းပို့ဖို့တွေ စီစဉ်ပေးရတယ်။ မောင်ဝေခေလျှံထွန်းအိမ်ကအမေ၊ အမနှစ်ယောက်ရယ်၊ မောင်လှိုင်ထက်နိုင်အိမ်က ၄ယောက် စုစုပေါင်း ၇ယောက်ကိုရဲစခန်းမှာခေါ်ထားတာ။ သူတို့ကိုပြန်လွတ်ချင်ရင် သိန်း (၄၀)ပေးရမယ် ညှိနှိုင်းပေးမယ်လို့ပြောတယ်။ အရင်ကရွာမှာကလည်းအဲ့လိုငွေပေးပြီးလွတ်လာတာတွေ ရှိတယ်လေ။ အခုက သိန်း ၄၀ပေးရင်အတည်လွှတ်မှာလား၊ ပြန်ဖမ်းဦးမှာလား။ ဘာဆက်လုပ်ရမလဲမသိဖြစ်နေတာ"လို့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

    သေဆုံးသူလူငယ်နှစ်ဦးရဲ့ ရုပ်အလောင်းကိုလည်း ဧပြီ (၉)ရက်နေ့မှသာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အလောင်းကောက်ယူပေးခဲ့ပြီး မိသားစုဝင် တွေ လိုက်ပါခွင့်မရဘဲ မီးသင်္ဂြုလ်ပေးခဲ့တယ်လို့ဆိုပါတယ်။

    လက်ရှိတလုပ်မြို့ကျေးရွာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေတပ်စွဲထားတာ တစ်နှစ်နီးပါးရှိနေပြီဖြစ်ပြီး ‌ဒီရက်ပိုင်းတွေအတွင်း ကာကွယ်ရေးအဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်တာမျိုးမရှိဘူးလို့ ဒေသခံတွေကပြောပါတယ်။

  19. ဖရူဆိုမှာ တံတားပြင်ဖို့စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်ဖွဲ့၀င်တွေ တိုက်ခိုက်ခံရ, စစ်ကောင်စီတပ်ဖွဲ့၀င် ၈ ဦးသေဆုံးတယ်လို့ KNDF ပြော

    ကယား(ကရင်နီ) ပြည်နယ်၊ ဖရူဆိုမြို့နယ်ထဲမှာ တံတားပြင်ဖို့ စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်ဖွဲ့၀င်တွေကို ဧပြီလ ၁၂ ရက် ညနေပိုင်းမှာ ကြားဖြတ်တိုက်ခိုက်ချိန်အတွင်း စစ်ကောင်စီဘက်က ၈ ဦးသေဆုံး တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) က ဧပြီလ ၁၃ ရက် ဒီကနေ့မှာ သတင်းထုတ်ပြန်လာပါတယ်။

    လေ့ကျင့်ရေးအမှတ် (၁၄)တပ်က စစ်ကောင်စီတပ်ဖွဲ့၀င်တွေကို ဖရူဆိုမြို့နယ်၊မာ‌ခရော်ရှေ့ကျေးရွာနဲ့ လောကျေခူရွာသစ်ကျေးရွာကြားမှာ တိုက်ခိုက်မှုအတွင်း ကရင်နီအင်အားစုတွေဘက်က တပ်ဖွဲ့၀င် ၁ ဦးလည်း ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

    အဲဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်ရဲ့ ကားသေး၊ ကားကြီးနဲ့ မြေတူးစက်တစ်စီးတို့ကို ဖျက်ဆီးနိုင်ခဲ့တယ်လို့လည်းဆိုပါတယ်။

    ဧပြီလ ၁၁ ရက် မနက်ပိုင်းတုန်းကလည်း ဖရူဆိုမြို့နယ်ထဲက ‌ဒေါပိုရှေ့ကျေးရွာအနီးမှာ စစ်ကောင်စီတပ်ဖွဲ့၀င်တွေနဲ့ ဖြစ်တဲ့ပွဲတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၃ ဦး သေဆုံးတယ်လို့ KNDF က အစောပိုင်းကတည်းက ‌ပြောထားပါတယ်။

    ဖရူဆိုမြို့နယ်ထဲ ပြီးခဲ့တဲ့ ၂ ရက်အတွင်းဖြစ်တဲ့တိုက်ပွဲတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကတေ့ တစုံတရာ သတင်းမထုတ်ပြန်သေးပါဘူး။

  20. ပေါက်မြို့နယ်က လက်ပံလှ၊သက္ကယ်ကျင်းနဲ့ ကိုင်းမရွာတွေမီးရှို့ခံရ, ‌ တစ်ပတ်အတွင်း ရွာ ၁၀ရွာ မီးရှို့ ခံခဲ့ရတယ်လို့ ဒေသခံတွေပြော

    မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်းမှာရှိတဲ့ လက်ပံလှ၊ သက္ကယ်ကျင်းနဲ့ ကိုင်းမရွာတွေကို ဒီကနေ့ ဧပြီ (၁၃)ရက်၊ မနက်အစောပိုင်းကစကာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကနေ မီးရှို့နေတယ်လို့ ဒေသခံတွေက ဘီဘီစီကိုပြောပါတယ်။

    လက်ပံလှရွာဆိုရင် နှစ်ကြိမ်မြောက်မီးရှို့ခံရတာဖြစ်ပြီး ပေါက်မြို့နယ် အရှေ့တောင်ပိုင်းနဲ့ တောင်ပိုင်းက ကျေးရွာအနည်းဆုံးဆယ်ရွာလောက် တစ်ပတ်အတွင်းမီးရှို့ခံရတာကြောင့် နေအိမ်ထောင်ချီဆုံးရှုံးခဲ့ရပြီလို့ဆိုပါတယ်။

    "နေ့လယ်အထိကိုသူတို့ရှိနေသေးတော့ ရွာနားကိုမကပ်နိုင်ဘူး။ သက္ကယ်ကျင်းဆို မီးအတော်များတယ်။ နေ့ခင်းကြီးတောင် မီးခိုးလုံးတွေက မနည်းဘူး တက်နေတာ။ စကစတွေရော နယ်ခံပျူစောထီးတွေပါ ပါတယ်။ ပြီးရင်သူတို့ကယောနယ်ဘက်ကိုဆက်သွားမယ့်ပုံပဲ။ သက္ကယ်ကျင်းကျော်ရင် ယောဘက်ဝင်သွားပြီလေ"လို့ မြေပြင်အခြေအနေကိုသိရှိထားတဲ့ ပေါက်ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    ဒါဟာ ပြီးခဲ့တဲ့ ဧပြီ (၆)ရက်က စစ်ကောင်စီရဲ့ လက်နက်တင်ယာဉ်တွေကို ပေါက်မြို့နယ်ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဝင်တွေက သိမ်းဆည်းခဲ့ပြီး၊ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလည်း တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့တဲ့နောက်ပိုင်း အဲ့ဒီနေ့ညနေပိုင်းကစကာ ပေါက်မြို့နယ်အ‌ရှေ့တောင်ပိုင်းနဲ့ တောင်ပိုင်းရွာတွေကို အခုလို ဝင်ရောက် ရှာဖွေကာ မီးရှို့တာတွေလုပ်နေတာလို့ ဒေသခံတွေကဆိုပါတယ်။

    ဒီကနေ့ နေ့လယ်ပိုင်းအထိ ပေါက်မြို့နယ်တဝိုက် ဒေသကာကွယ်ရေးအဖွဲ့တွေနဲ့ စစ်ကောင်စီအကြားထိတွေ့တိုက်ပွဲဖြစ်ပွားတာတေ့မရှိသေးဘူးလို့ သိရပါတယ်။