ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

ဒေါ်အောင်ဆန်းစုကြည် အဂတိမှုနဲ့ ထောင် ၅ နှစ်ချမှတ်ခံရ

ဒေါ်အောင်ဆန်းစုကြည်ကတော့ မဟုတ်မမှန်စွပ်စွဲခံရတာဆိုပြီး အခုလိုထောင်ဒဏ်ချမှတ်ခံရတာနဲ့ပတ်သက်ပြီး မှတ်ချက်ပြုသလို အမှုအတွက် အယူခံဆက်တက်ဖို့ရှိတယ်ဆိုလို့လည်း ဘီဘီစီက သိရှိရပါတယ်။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးထားသူတွေကို လွှတ်ပေးဖို့ပြင်သစ်သံရုံးကရှပ်အင်္ကျီအပြာရောင် ဝတ်ပြီး တောင်းဆို, နိုင်ကျဉ်းဟောင်း သတင်းစာဆရာ ဟံသာဝတီဦးဝင်းတင်ကွယ်လွန်ခြင်း ၈ နှစ်ပြည့်အဖြစ် ရှပ်အင်္ကျီအပြာကမ်ပိန်းကို ဒီနေ့ နိုင်ငံတဝန်း ပြုလုပ်မှုတွေရှိ

    တော်လှန်ရေးအင်အားစုတွေကလည်း ဒီကမ်ပိန်းမှာပါဝင်ပြီး ဖမ်းဆီးခံရသူတွေနဲ့တစ်သားတည်းရှိကြောင်းပြဖို့တိုက်တွန်းထားမြန်မာနိုင်ငံမှာ မတရားဖမ်းဆီးခံထားရတဲ့ထောင်နဲ့ချီတဲ့ ပြည်သူတွေကို စာနာတဲ့အနေနဲ့ရှပ်အင်္ကျီအပြာရောင်လှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်တယ်လို့ဒီကနေ့ဧပြီ ၂၀ ရက်နေ့က မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံရုံးက ထုတ်ပြန်လာပါတယ်။

    ဒါ့အပြင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီရဲ့ ခေါင်းဆောင်တွေအပါအဝင် နိုင်ငံရေး အကျဉ်းသား အားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးဖို့ ပြင်သစ်နိုင်ငံက ထပ်လောင်းတောင်းဆိုတယ်လို့အဲဒီထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

    ဒီကနေ့ဧပြီ ၂၁ ရက်နေ့ဟာနိုင်ငံရေးအကျဉ်းသားဟောင်း သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင်ကွယ်လွန်တာ၈ နှစ်ပြည့်တဲ့နေ့ဖြစ်တဲ့ အထိမ်းအမှတ်အဖြစ် ဦးဝင်းတင် ကွယ်လွန်ချိန်အထိ မချွတ်းတမ်းဝတ်ဆင်ခဲ့တဲ့ ထောင်ဝတ်စုံ ရှပ်အင်္ကျီအပြာကို ဝတ်ဆင်ပြီး နိုင်ငံရေးအကျဉ်းသားတွေနဲ့အတူရပ်တည်မယ့်နေ့အဖြစ် စစ်အာဏာသိမ်းတာကိုဆန့်ကျင်တဲ့တော်လှန်ရေးအင်အားစုတွေကလည်း နှိုးဆော်တိုက်တွန်းထားပါတယ်။

    ကွယ်လွန်သွားပြီဖြစ်တဲ့ သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင်ရဲ့ ပြောစကားတွေဖြစ်ခဲ့တဲ့"စစ်အာဏာရှင်ကျေးဇူးမူးလို့ရှူစရာမရှိဘူး "ဆိုတဲ့စကားနဲ့"နိုင်ငံရေး အကျဉ်းသားများ အားလုံး မလွတ်မချင်း ထောင်အင်္ကျီ အပြာရောင်ကို မချွတ်ဘူး " ဆိုတဲ့ခံယူချက်တွေကိုလည်း တော်လှန်ရေးအင်အားစုတွေကဒီကနေ့မှာ ထည့်သွင်းတိုက်တွန်းမှုတွေလုပ်ထားပါတယ်။

    ဒီကနေ့မှာ ပြည်သူတွေအနေနဲ့အင်္ကျီအပြာရောင်ဝတ်ကြဖို့ ဖမ်းဆီးခံထားရသူတွေနဲ့အတူရပ်တည်ဖို့တော်လှန်ရေးအင်အားစုတွေရဲ့ ထုတ်ပြန်ချက်တွေမှာဖော်ပြထားပါတယ်။

    ပြည်တွင်းမှာစစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းဖမ်းဆီးထိန်းသိမ်းခံထားရသူပေါင် ၁၀,၂၇၁ ဦးရှိတယ်လို့လည်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်ထားပါတယ်။

  2. ဆားလင်းကြီးက စစ်အာဏာသိမ်းဆန့်ကျင်ရေးကျေးလက်ဆိုင်ကယ်သပိတ်

    စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်က တစ်နေရာမှာ ဒီနေ့ ဧပြီ ၂၁ ရက်မနက်ပိုင်းက မြင်တွေ့ရတဲ့ စစ်အာဏာသိမ်းဆန့်ကျင်ရေးကျေးလက်ဆိုင်ကယ်သပိတ်စစ်ကြောင်းတွေပါ။

    အဲဒီဒေသမှာ နေ့စဉ် ကျေးရွာတွေ မီးရှို့ခံရမှု၊ ဒေသခံတွေဖမ်းဆီးခံရမှုနဲ့ လေကြောင်းကနေ တိုက်ခိုက်မှုတွေ၊ ထိုးစစ်ဆင်ခံရမှုတွေရှိနေပေမယ့် ကျေးလက်ဒေသခံတွေဟာ စစ်အာဏာသိမ်းမှုကို ဆက်လက်ဆန့်ကျင်နေဆဲဖြစ်တယ်လို့ သပိတ်ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ မချောစုဟန်ကသူ့ရဲ့လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

    ခုလို စက်သုံးဆီဈေးတွေ မြင့်တက်နေတဲ့ကြားမှာပဲ ဆိုင်ကယ်သပိတ်စစ်ကြောင်းကိုတချို့ကျေးရွာတွေမှာ သွားရောက်ပြီး လူထုသပိတ်ကိုအရှိန်မြှင့်ဖို့တိုက်တွန်းခဲ့တယ်လို့လည်း သူကဆိုပါတယ်။

  3. ဒီပဲယင်းမြို့နယ်ရှေ့ဘက်ခြမ်းက ကျေးရွာအချို့ကို စစ်ကောင်စီတပ် မီး၀င်ရှို့တယ်လို့ ဒေသခံတွေပြော

    စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ထဲက ညောင်လှနဲ့ မဲအိုးကျေးရွာတို့အပြင် စိုင်ပြင်မြို့ပေါ်က နေအိမ်တွေကို စစ်ကောင်စီတပ်ဖွဲ့၀င်တွေက ပြီးခဲ့တဲ့ ၂ ရက်အတွင်း မီးရှို့ခဲ့တာကြောင့် နေအိမ်အလုံး ၆၀ နီးပါး မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ‌ပြောပါတယ်။

    စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဧပြီလ ၁၉ ရက်နဲ့ ၂၀ ရက်တို့မှာ ကျေးရွာတွေထဲ ၀င်ရောက်ခဲ့တာဖြစ်ပြီး စိုင်ပြင်မြို့က နေအိမ် ၃ လုံး၊ မဲအိုးကျေးရွာက နေအိမ် ၁၇ လုံးနဲ့ ညောင်လှ ကျေးရွာက နေအိမ်အလုံး ၄၀ အထိ မီးရှို့ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    စစ်ကောင်စီတပ်ဟာ ညောင်လှရွာကို မနေ့ ဧပြီလ ၂၀ ရက် ညနေပိုင်းမှာ ဒုတိယအကြိမ် ၀င်ရောက်မီးရှို့ခဲ့တယ်လို့လည်း ညောင်လှရွာခံတွေက ပြောပါတယ်။

    ''စစ်တပ်က မနေ့ညနေပိုင်းမှာ ရွာထဲ မီးထပ်ရှို့တယ်။ ဒီမနက်သူတို့ ပြန်ထွက်သွားပေမဲ့ ရွာထဲ မ၀င်ရဲသေးလို့ အပျက်အစီး နောက်ထပ် ဘယ်လောက်ရှိမလဲဆိုတာ မသိရသေးဘူး။ ရွာခံတွေကတော့ သူတို့ စစ်ကြောင်းလာပြီဆိုတာကြားတဲ့ တနေ့ကတည်းက အကုန် ဘေးလွတ်ရာ ထွက်‌ပြေးနေကြရတယ်'' လို့ ဒေသခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

    လက်ရှိမှာ အင်အား ၅၀ နဲ့အထက်ပါတဲ့စစ်ကောင်စီတပ်ဟာ ဒီပဲယင်းမြို့နယ်ထဲက ထွက်သွားပြီဖြစ်ပေမဲ့ ရေဦးမြို့နယ်ထဲက ဆည်ကြီး၊ လိပ်ကျွန်းစတဲ့ ကျေးရွာတွေကို ၀င်ရောက်နေတယ်လို့ သိရပါတယ်။

    ဒီပဲယင်းနယ်ထဲ စစ်ရေးလှုပ်ရှားမှုနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်း တစုံတရာ ထုတ်ပြန်ထားတာမရှိသေးပါဘူး။

  4. ထွက်ပြေးသွားတဲ့ ရိုဟင်ဂျာ ၁၆၀ ကျော်ကို မလေးရှားအာဏာပိုင်တွေ လိုက်ရှာနေ

    မလေးရှားနိုင်ငံမှာ ဒီကနေ့မနက် လင်းအားကြီးအချိန်က နိုင်ငံမြောက်ပိုင်းမှာ ရှိတဲ့ လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်း စခန်းကနေ ထွက်ပြေး လွတ်မြောက်သွားသူ ရိုဟင်ဂျာ ၁၆၀ ကျော်ကို မလေးရှားအာဏာပိုင်တွေက လိုက်လံရှာဖွေနေပါတယ်။

    ရိုဟင်ဂျာ ငါးရာကျော်လောက် စခန်းကနေ ထွက်ပြေးခဲ့ပေမဲ့ အများစုကို ပြန်ဖမ်းမိနိုင်ခဲ့တယ်လို့ မလေးရှား လူဝင်မှုကြီးကြပ်ရေး အကြီးအကဲ က ပြောပါတယ်။

    လမ်းမတစ်ခုကို ဖြတ်ပြီး ထွက်ပြေးဖို့ ကြိုးစားစဉ်မှာ လူ ၆ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

    ရိုဟင်ဂျာမွတ်ဆလင်တွေဟာ မြန်မာနိုင်ငံမှာ စစ်တပ်ရဲ့ နယ်မြေရှင်းလင်း စစ်ဆင်မှုအတွင်း နေအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြသူတွေ ဖြစ်ပါတယ်။

    အတော်များများဟာ ပင်လယ်ပြင်ကို စက်လှေတွေနဲ့ ရက်ပေါင်းများစွာ ဖြတ်သန်းခဲ့အပြီး မလေးရှားနိုင်ငံကို ရောက်လာခဲ့ကြရာမှာ ထိန်းသိမ်းရေးစခန်းတွေကို အပို့ခံခဲ့ကြရပါတယ်။ အဲဒီ စခန်းတွေဟာ လူတွေနဲ့ မတန်တဆ ပြည့်ကျပ်နေပြီး ညစ်ပတ် စုတ်ပြတ်နေတယ်လို့ လူ့အခွင့်အရေး အုပ်စုတွေက ပြောနေပါတယ်။

  5. စက်သုံးဆီစျေးကို စစ်ကောင်စီထိန်းဖို့ လုပ်နေသလား

  6. စစ်ကောင်စီ ဖမ်းဆီးတာခံရတဲ့ ဟာသသရုပ်ဆောင် ‌ ကောင်း‌ကျော် မိသားစုနဲ့အဆက်အသွယ်ပြတ်နေဆဲ

    စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးတာ ခံခဲ့ရတဲ့ ဟာသသရုပ်ဆောင် ကောင်းကျော်ဟာ သက်ဆိုင်ရာ မိသားစုဝင်တွေနဲ့ အဆက်အသွယ်ပြတ်တောက်နေဆဲလို့ မိသားစုဝင်တွေနဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။

    စစ်ကောင်စီတပ်ဖွဲ့၀င်တွေက ဦးကောင်းကျော်ကို သာကေတမြို့နယ်၊ ၈ ရပ်ကွက်၊ ပိတောက်ရွှေ၀ါလမ်းထဲရှိတဲ့ သူ့နေအိမ်မှာ မနေ့ ဧပြီလ ၁၉ ရက် ည ၁၀ နာရီ၀န်းကျင်မှာ လာရောက်ဖမ်းဆီးသွားတာဖြစ်ပါတယ်။

    "သူတို့က အိမ်တံခါးကို ဟ ခိုင်းပြီး အိမ်ထောင်စုစာရင်းတောင်းကြည့်တယ်ပြောတယ်။ လူ ဘယ်နှစ်ယောက်ရှိလဲ တိုက်ကြည့်တယ်။ ပြီးတော့ မေးမြန်းစရာရှိလို့ ဦးကောင်းကျော် ခဏလိုက်ခဲ့ပါဆိုပြီးခေါ်သွားတာပါ။ ဒီနေ့ညနေပိုင်း (ဧပြီလ ၂၀ ရက်) အထိ သူ့ကို ဘယ်ခေါ်သွားတယ်ဆိုတာ မသိရသေးပါဘူး။ ဦးကောင်းကျော်က သွေးတိုးရှိတော့ သူ့ကို သွေးတိုးကျဆေးရယ်၊ အဝတ်အစားအနည်းငယ်ရယ်ကိုပဲ ထည့်ပေးလိုက်နိုင်တယ်လို့ သိရတယ်။ ’’ ဆိုပြီး မိသားစုနဲ့နီးစပ်သူက ‌ပြောပါတယ်။

    ဦးကောင်းကျော်ဟာ အာဏာသိမ်းဆန့်ကျင်မှုကို လူသိထင်ရှားပြုလုပ်နေကြတဲ့ ဟားငါးကောင် ဟာသလူရွှင်တော်အဖွဲ့ကို ထောက်ခံနေတယ်ဆိုပြီး စစ်ကောင်စီယိမ်း တယ်လီဂရမ် ချယ်နယ်မှာ ဖော်ပြခံရပေမဲ့ ဦးကောင်းကျော်ကတော့ အဲဒီလိုပြောဆိုမှုကို သူ့ရဲ့လူမှုကွန်ယက် အကောင့်ကနေ ငြင်းဆိုထားတာတွေ့ရပါတယ်။

    အဲဒီလို ပြောဆိုရေးသားပြီး ရက်ပိုင်းအကြာမှာပဲ အခုလို ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

  7. ရခိုင်မှာ မိုးသက်လေပြင်းကျပြီး လူနေအိမ်တွေပျက်စီးကာ လူသေဆုံးမှုအထိရှိ

    ရခိုင်ပြည်နယ်အတွင်းက မြို့နယ်တချို့တို့မှာ ဧပြီ ၂၀ ရက်နေ့လယ် ၁ နာရီခွဲခန့်အချိန်ကစလို့ လေပြင်းတိုက်ခတ်ပြီး မိုးရွာသွန်းမှုတွေရှိခဲ့ပါတယ်။

    ရခိုင်မြောက်ပိုင်းက မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ စတဲ့မြို့နယ်တွေမှာ မိုးသက်လေပြင်းများ ရုတ်တရက်ကျရောက်ခဲ့တဲ့အတွက် ကျောက်တော်မြို့နယ်က အုတ်ကြွတ်ကျေးရွာမှာ လူသေဆုံးမှုတွေလည်းရှိခဲ့တယ်လို့ သိရပါတယ်။

    သေဆုံးသူမှာ အုတ်ကြွတ်ကျေးရွာသား အသက် ၅၅ နှစ်အရွယ် ဦးမောင်မြသိန်းဖြစ်ပြီး ၎င်းမှာ လေပြင်းတိုက်ခတ်နေတဲ့အချိန် ကျေးရွာလှေဆိပ်မှာရှိတဲ့လှေကို ကြိုးချည်နေစဉ် ကုလားတန်မြစ်အတွင်း လှိုင်းထန်ပြီး လှိုင်းရိုက်ခတ်တဲ့အတွက် လှေပိကာသေဆုံးသွားခဲ့ခြင်းဖြစ်တယ်လို့ အုတ်ကြွပ်ကျေးရွာဆရာတော်က မိန့်ကြားပါတယ်။

    ဒါ့အပြင် ကျေးဒီကျေးရွာမှာ နေအိမ်တချို့လည်းပျက်စီးခဲ့ရပြီး ကျောက်တော်မြို့နယ်က ဆင်အိုးချိုင်ကျေးရွာက လူနေအိမ်တချို့နဲ့ စာသင်ကျောင်းဆောင်တွေလည်း ပျက်စီးခဲ့ရတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။လေပြင်းတိုက်ခတ်ခဲ့တဲ့ မြို့နယ်တွေအတွင်း အပျက်အစီးတွေရှိခဲ့တယ်လို့လည်း သိရပါတယ်။

  8. ကယား (ကရင်နီဒေသ) မှာ တိုက်ပွဲပြင်းထန်နေ

    ရှမ်းကယားနယ်စပ် မိုးဗြဲ၊ ကရင်နီဒေသ လွိုင်ကော်၊ ဒီမော့ဆို မြို့နယ်တွေထဲမှာ ဧပြီလ ၂၀ရက်နေ့ မနက်၃နာရီလောက် ကတည်းက စစ်ကောင်စီတပ်တွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာအပြင် ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ပါ တိုက်ပွဲတွေ ဆက်တိုက် ဖြစ်နေတယ်လို့ အဲဒီဘက်က ‌ဒေသခံတွေထံကသိရပါတယ်။

    မိုးဗြဲမြို့နယ်အတွင်းနဲ့ လွိုင်ကော်မြို့အနီးက ဒေါဥခူ စတဲ့နေရာအချို့မှာတိုက်ပွဲ ပြင်းပြင်း ထန်ထန် ဖြစ်နေပြီး စစ်ဘေးရှောင်သူတွေက အဲဒီနေရာတွေကနေ ထွက်ပြေးတိမ်းရှောင်ကြဖို့ ပြင်ဆင်နေရတယ်လို့ ဒေသခံတွေထံကသိရပါတယ်။

    ဒါပေမယ့်လည်း လွိုင်ကော်ဘက်မှာရော ဒီမေ့ဆိုဘက်မှာပါ ရုတ်တရက်လက်နက်ကြီးကျလာမျိုးတွေကြောင့်နဲ့ ပစ်ခတ်မှုတွေအကြားထွက်မပြေးနိုင်ဘဲ ပိတ်မိတဲ့သူတွေလည်း ရှိနေတယ်လို့ ‌ဒေသခံတွေဘက်က ပြောပြကြပါတယ်။

    မိုးဗြဲဘက်က တိုက်ပွဲနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေအကြားမှာ ကလေးငယ်တစ်ယောက် လက်နက်ကြီးထိမှန်တာရှိခဲ့သလို လွိုင်ကော် ဒေါဥခူဘက်မှာလည်း ‌မြေမြှပ်မိုင်းပေါက်ကွဲမှုကြောင့် ကလေးငယ်နှစ်ဦးထိခိုက်ဒဏ်ရာရရှိထားတယ်လို့ လတ်တလော သိရှိထားရပေမယ့် ဖြစ်စဉ်အတိအကျကို ဘီဘီစီက ဆက်လက်အတည်ပြု ဆက်သွယ်မေးမြန်းနေပါတယ်။

    အာဏာသိမ်းပြီးနောက်ပိုင်းကစလို့ ကရင်နီဒေသအတွင်း ဖြစ်လာတဲ့ တိုက်ပွဲတွေကြောင့် လူဦးရေ ၂သိန်းကျော်လောက်က စစ်ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

    ဧပြီလ ၂၀ရက်နေ့အထိ တိုက်ပွဲတွေ၊ လက်နက်ကြီးပစ်ခတ်မှုတွေ၊ မီးရှို့မှုကြောင့် ဒေသခံတွေရဲ့ နေအိမ် အလုံး ၉၆၇ လုံးအထိ ပျက်ဆီးခဲ့တယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု က ဒီကနေ့မှာ ထုတ်ပြန်ထားပါတယ်။

  9. ပေါက်မြို့နယ်ထဲက ပုတီးရွာမှာ နေအိမ် ၆၀ နီးပါး မီးရှို့ခံရ, မြို့နယ်ချင်းကပ်လျက် ဆိပ်ဖြူမြို့နယ်ကျေးရွာအချို့မှာလည်း လူငယ် ၁၀ ဦးထက်မနည်း ဖမ်းဆီးခံရ

    မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်ထဲက ပုတီးရွာကို စစ်ကောင်စီတပ်ဖွဲ့၀င်တွေ ၀င်ရောက်ခဲ့ပြီးတဲ့နောက် မနေ့ ဧပြီလ ၁၉ ရက်ညနေပိုင်းမှာ မီးရှို့ခံခဲ့ရတာကြောင့် လူနေအိမ် ၆၀ နီးပါး မီးလောင်ပြာကျခဲ့တယ်လို့ ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။

    ပေါက်မြို့နယ်ထဲက ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးစက်ရုံ (ကပစ-၂၂)က စစ်ကောင်စီတပ်ဖွဲ့၀င် ၂၀ နီးပါးက စက်ရုံနဲ့ ၄ မိုင်နီးပါးက ပုတီးရွာကို ၀င်ရောက်မီးရှို့ခဲ့တာလို့လည်း ဒေသခံတွေက ပြောပါတယ်။

    အဲဒီစစ်ကောင်စီတပ်သားတွေဟာ‌ ပေါက်မြို့နယ်နဲ့ ကပ်လျက် ဆိပ်ဖြူမြို့နယ်ထဲက ရွှေဘို့ကျွန်းကျေးရွာနဲ့ ကျောက်ကြီးကျေးရွာတွေကို မနေ့ကတစ်နေ့တည်းမှာပဲ ၀င်ရောက်ခဲ့ပြီး အဲဒီ ကျေးရွာ ၂ ရွာက လူငယ် ၁၀ ဦးကျော်ကို ဖမ်းဆီးထားတယ်လို့လည်း ဒေသခံတွေဆီကနေ သိရပါတယ်။

    “ရွေဘို့ကျွန်းနဲ့ကျောက်ကြီးရွာတွေကို ၀င်တဲ့အချိန် အဖမ်းခံရတဲ့ လူငယ်တွေ ဒီနေ့ (ဧပြီလ ၂၀ ရက်)အထိ လွတ်တယ် မကြားရသေးဘူး။ အဲဒီရွာတွေဆိုတာ ကပစ -၂၂ နဲ့ ၁ မိုင်လောက်ပဲ ‌ဝေးတဲ့ရွာတွေ။ ဒေသကာကွယ်ရေးတပ်တွေနဲ့ ထိတွေ့တိုက်ပွဲမဖြစ်ဘဲ အခုလို ဖမ်းဆီးတာတွေ၊ မီးရှို့တာတွေလုပ်သွားတာပါ။ ဟိုရက်ပိုင်းတုန်းက သူတို့တွဲကားတွေကို ကာကွယ်ရေးတပ်ဖွဲ့တွေက ဖမ်းထားတာရှိလို့ အဲဒါမျိုး ထပ်မဖြစ်အောင် အနီးနားက ရွာတွေကို ၀င်တာဖြစ်နိုင်တယ်“လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

    ကပစ-၂၂ က တွဲကားတွေကို ဒေသကာကွယ်ရေးတပ်တွေဘက်က သိမ်းဆည်းတဲ့ဖြစ်ရပ် ဖြစ်ခဲ့ပြီးတဲ့နောက် စစ်ကောင်စီတပ်ဟာ ပေါက်တောင်ပိုင်းကျေးရွာတွေကို ဧပြီလ ၇ ရက်ကတည်းက ဝင်ရောက်မီးရှို့တာတွေပြုလုပ်နေတယ်လို့ ဒေသခံတွေက ဘီဘီစီကို ‌ပြောထားပါတယ်။

    လက်ရှိမှာ ဧပြီလ ၇ ရက်ကနေ ၁၉ ရက်အတွင်း ပေါက်၊ ပခုက္ကူနဲ့ ဆိပ်ဖြူမြို့နယ်တို့မှာ မီးရှို့ခံရတဲ့ ကျေးရွာပေါင်း ၂၀ နီးပါးအထိရှိနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)အာဘော် PVTV သတင်းက ဆိုပါတယ်။

    ပေါက်မြို့နယ်ဘက်က ဖြစ်စဉ်တွေနဲ့ ပတ်သတ်ပြီး စစ်ကောင်စီဘက်ကတော့ တစုံတရာထုတ်ပြန်ပြောဆိုတာမျိုး မရှိသေးပါဘူး။

  10. ကရင်တွေကိုယ်တိုင် စီမံမယ့် ကော်နယ်မြေ

    ကရင်လူမျိုးအများစု စီမံခန့်ခွဲနိုင်တဲ့ ကော်နယ်မြေ ၅ ခုကို ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူက ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ကြေညာလာပါတယ်။

    အဲဒီနယ်မြေတွေဟာ ကေအဲန်ယူရဲ့ တောင်ငူခရိုင်နဲ့ ဖာပွန်ခရိုင်ထဲက နယ်မြေတွေဖြစ်ပါတယ်။

    ဘာ့ကြောင့် ကော်နယ်မြေတွေကို အခုလို သတ်မှတ်လိုက်တာပါလဲ။ အပြည့်အစုံကို ဒီရုပ်သံမှာ ၀င်ရောက်ကြည့်ရှုနိုင်ပါတယ်။

  11. စေတနာ့၀န်ထမ်းအဖွဲ့ Peace Corps က မြန်မာပြည်တွင်းရုံးကို ပိတ်သိမ်း

    မြန်မာပြည်တွင်းမှာ အင်္ဂလိပ်စာပညာရေးဖြန့်‌ဝေမှုအပိုင်းကို အဓိကကူညီပေးနေတဲ့ နိုင်ငံတကာစေတနာ့ဝန်ထမ်းအဖွဲ့ Peace Corps ဟာ မြန်မာပြည်တွင်းမှာရှိတဲ့သူတို့ရဲ့ရုံးကို ပိတ်သိမ်းတော့မယ်လို့ ဧပြီလ ၁၈ ရက်မှာ ကြေညာပါတယ်။

    ‘‘မြန်မာပြည်တွင်းမှာ စစ်အာဏာသိမ်းမှုကြောင့် ထွက်ပေါ်လာတဲ့လက်နက်ကိုင်ပဋိပက္ခနဲ့ မတည်ငြိမ်မှုကြောင့် စေတနာ့ဝန်ထမ်းတွေ ဘေးကင်းလုံခြုံစွာ ပြန်နိုင်ရေး မစီစဥ်ပေးနိုင်တာကြောင့် ရုံးကို ပိတ်ဖို့ စတင်နေပြီ’’ လို့ Peace Corps အဖွဲ့ အမှုဆောင်ချုပ်က ပြောပါတယ်။

    စေတနာ့ဝန်ထမ်းတွေ ဘေးကင်းစွာပြန်လာနိုင်မယ့် အခြေအနေတွေရှိလာတဲ့အခါ မြန်မာပြည်တွင်းမှာ စေတနာ့ဝန်ထမ်းအလုပ်တွေ ပြန်လည်စတင်မယ်လို့တော့ ဆိုပါတယ်။

    အဲဒီအဖွဲ့ဟာ ရုံးခန်းစဖွင့်တဲ့ ၂၀၁၆ ခုနှစ်ကနေ ၂၀၂၀ ကိုဗစ်ကပ်ဘေးမတိုင်ခင် အထိ ကမ္ဘာတဝန်းက စေတနာ့ဝန်ထမ်းတွေကို ပြန်လည်မခေါ်ယူခင်အထိ အဲဒီအဖွဲ့ဟာ မြန်မာပြည်တွင်းမှာ စေတနာ့ဝန်ထမ်းပေါင်း ၉၀ နီးပါးနဲ့ အင်္ဂလိပ်စာပညာရေး အဓိကထား ကူညီခဲ့တဲ့အဖွဲ့ဖြစ်ပါတယ်။

  12. နောင်ချိုမြို့ပေါ်က ဗုံးပေါက်ကွဲမှု အမျိုးသား ၂ ဦးသေဆုံး

    ရှမ်းပြည်နယ်‌မြောက်ပိုင်း၊ နောင်ချိုမြို့မှာ ဒီနေ့ ဧပြီလ ၂၀ ရက်မနက်ပိုင်းတုန်းက ဗုံးပေါက်ကွဲမှုတစ်ခုမှာ အမျိုးသား ၂ ဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေက ဘီဘီစီကို ပြောပါတယ်။

    ပေါက်ကွဲမှုဟာ နောင်ချိုမြို့ မြန်မာ့စီးပွားရေးဘဏ်အနီးမှာဖြစ်ခဲ့တာကြောင့် အဲဒီဘဏ်မှာစောင့်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့၀င်တွေကို ပစ်မှတ်ထားတဲ့ ဖောက်ခွဲမှုဖြစ်နိုင်တယ်လို့လည်း မြို့ခံတွေက ပြောပါတယ်။

    ‘‘ဆိုင်ကယ်ကနေ ပေါက်ကွဲမှုဖြစ်တာ။ အမျိုးသား ၂ ယောက်ပွဲချင်းပြီး သေဆုံးတယ်။ မြန်မာ့စီးပွားရေးဘဏ် မှာစောင့်တဲ့ စစ်ကောင်စီတပ်ဖွဲ့၀င်တွေက သေနတ်ပစ်ဖောက်တာလည်းရှိတော့ အဲဒီစစ်သားတွေကို ဆိုင်ကယ်နဲ့ဗုံးခွဲဖို့ လုပ်နေချိန် ပေါက်သွားတာဖြစ်မယ်’’ လို့ ဒီဖြစ်စဥ်ကို သိရှိတဲ့မြို့ခံတစ်ဦးက ပြောပါတယ်။

    လက်ရှိမှာတော့ မနက်ခင်း အစောပိုင်းပေါက်ကွဲမှုမှာ သေဆုံးတဲ့အလောင်း ၂ လောင်းကို လူမှုကယ်ဆယ်ရေးအဖွဲ့တွေက လာရောက်ကောက်ယူသွားပြီး နောင်ချိုပြည်သူ့ဆေးရုံကို ပို့လိုက်ပြီလို့ သိရပါတယ်။

    သေဆုံးခဲ့သူတွေဟာ ဘယ်သူဘယ်ဝါဆိုတာ မသိရသေးပါဘူး။

  13. နေပြည်တော်မြို့တော်ဝန်ဟောင်း ဒေါက်တာမျိုးအောင်အပါအဝင် သုံးဦးကို အဂတိအမှုနဲ့ထပ်တိုးအမှုဖွင့်

    နေပြည်တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ၊ မြို့တော်ဝန်ဟောင်း‌ ဒေါက်တာမျိုးအောင်၊ ဒုတိယဥက္ကဋ္ဌ ဦးရဲမင်းဦးနဲ့ ‌ကော်မတီဝင်ဟောင်း ဦးဆန်းနိုင်တို့ကို အဂတိလိုက်စားလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့ မနေ့ဧပြီ (၁၉)ရက်မှာ ပထမသတင်းပေးတိုက်ချက်ဖွင့်ထားတယ်လို့ သိရပါတယ်။

    ဒေါက်တာမျိုးအောင်၊ ဦးရဲမင်းဦးနဲ့ ဦးဆန်းနိုင်တို့ဟာ နေပြည်တော်ပိုင် မြို့နယ်တွေက မြေကွက်တွေကို ဖော်ထုတ်တာ၊ ရေပိုက်လိုင်းသွယ်တန်းရာမှာ နိုင်ငံတော်ပိုင်မြေကွက်တွေရောင်းချရငွေတွေကို နိုင်ငံတော်ကိုသာ ပေးအပ်ရမယ်ဆိုတဲ့ နိုင်ငံတော်သမ္မတရုံးကထုတ်ပြန်ထားတဲ့ညွှန်ကြားချက်ကို မလိုက်နာတာအပြင် စည်ပင်အနေနဲ့ဆောင်ရွက်စရာမလိုတဲ့ ပုဂ္ဂလိကပိုင်မြေတွေကို‌မြေကြီး level ညှိပေးတာ၊ ပွင့်လင်း‌မြင်သာမှုမရှိဘဲ ‌လုပ်ငန်းတွေကို မြေဧက ခွင့်ပြုချပေးတာတွေကြောင့် နိုင်ငံတော်ကနေ သိန်းသောင်းနဲ့ချီနစ်နာဆုံးရှုံးခဲ့တယ်ဆိုပြီး စစ်ကောင်စီသတင်းပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

    ဒါ့ကြောင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ (၅၅)နဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကနေ တရားစွဲဆိုဖို့ ဆောင်ရွက်နေတာလို့ ဆိုပါတယ်။

    လက်ရှိမှာလည်း နေပြည်တော်မြို့တော်ဝန်ဟောင်း ဒေါက်တာမျိုး‌အောင်နဲ့ ဒုမြို့တော်ဝန်ဟောင်း ဦးရဲမင်းဦးတို့ဟာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနဲ့ဆက်စပ်ပြီး‌ နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်နဲ့အတူ စွပ်စွဲတရားစွဲဆိုခံထားရတဲ့အဂတိအမှုတွေလည်း တရားရင်ဆိုင်နေရပါတယ်။

  14. အခုမိုးကြိုကာလ လေပြင်းတိုက်၊ မိုးထစ်ချုန်းရွာနိုင်တာကြောင့် သတိထားဖို့ မိုးဇလပြော

    ဧပြီ (၁၅)ရက်ကနေ မေလအထိဟာ မုတ်သုံမဝင်မီ မိုးကြိုကာလဖြစ်တာကြောင့် မနက်ပိုင်းတွေမှာ ရာသီဥတုသာယာ နေအပူချိန်မြင့်တက်ပြီး မွန်းလွဲပိုင်းနဲ့ညနေပိုင်းတွေမှာ မိုးကြိုးပစ်၊ လေပြင်းတိုက်တာတွေနဲ့ မိုးထစ်ချုန်းရွာနိုင်တာကြောင့် ပြည်သူတွေသတိထားဖို့ လိုတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြား‌မှု ဦးစီးဌာနကပြောပါတယ်။

    ဒီဖြစ်စဉ်တွေဟာ မြန်မာနိုင်ငံအနှံ့အပြားမှာဖြစ်နိုင်ပြီး အထူးသဖြင့် နေ့အပူချိန်များတဲ့ဒေသတွေမှာပိုပြီးအဖြစ်များနိုင်ကာ မြန်မာနိုင်ငံအထက်ပိုင်းမှာတော့ မိုးသီးကြွေတဲ့အခြေအနေအထိရှိနိုင်တယ်လို့ဆိုပါတယ်။

    လက်ရှိမြန်မာနိုင်ငံအထက်ပိုင်းဒေသအများစုမှာ နေအိမ်စွန့်ခွာ တောတောင်တွေထဲ စစ်ဘေးရှောင်နေရသူတွေရှိတာကြောင့် ပြိုလဲနိုင်တဲ့သစ်ပင်တွေနားမနေဖို့၊ ခိုင်ခံ့တဲ့အဆောက်အအုံတွေမှာနေဖို့ ‌မိုးဇလဘက်ကပြောပါတယ်။

    "လေတိုက်ရင်းက သစ်ပင်တွေပြိုလဲနိုင်တဲ့အထိ ဖြစ်နိုင်တယ်၊ ဆိုတော့ အဓိကအနေနဲ့ မနက်ပိုင်းမှာ ရာသီဥတုကပုံမှန်နဲ့မတူဘဲ ပူအိုက်စပ်စပ်ကြီး ဖြစ်လာတယ်၊ အပူများလာတယ်ဆို သတိထားကြပါ၊ နောက်ဆက်တွဲ‌အခြေအနေဆက်ရှိနိုင်တယ်ဆိုတာကို ကြိုပြင်ထားကြဖို့လိုတယ်"လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြား‌မှုဦးစီးဌာနက ညွှန်ကြားရေးမှူး ဦးလှထွန်းက ဘီဘီစီကိုပြောပါတယ်။

    ဒီရက်ပိုင်းအတွင်းမန္တလေးတိုင်းအတွင်းက မြို့ကြီးတွေမှာ လေပြင်းတိုက်ကာ သစ်ပင်ပြိုလဲတဲ့ဖြစ်စဉ်တွေရှိခဲ့သလို မနေ့တုန်းကလည်း ရန်ကုန်မှာ မိုးရွာ လေပြင်းတိုက်တဲ့အခြေအနေတွေရှိခဲ့တယ်လို့ မြို့ခံတွေကနေသိရပါတယ်။

  15. ချင်း၊ စစ်ကိုင်းနဲ့ မကွေးတို့မှာ‌ နေရပ်စွန့်ခွာတိမ်းရှောင်ရသူ ၃ သိန်းကျော်အထိ မြင့်တက်လာ

    စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေကြားတိုက်ပွဲတွေ ခပ်စိပ်စိပ်ဖြစ်နေတဲ့ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတို့မှာ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်ရသူ ၃ သိန်းကျော်အထိ စံချိန်တင်မြင့်တက်လာပါတယ်။

    အာဏာသိမ်းပြီးတဲ့နောက် အဲဒီပြည်နယ်နဲ့တိုင်းတွေမှာ တိုက်ပွဲရှောင်အရေအတွက် အခုလို မြင့်တက်လာတာကို ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး(UNOCHA)က ဧပြီလ ၁၉ ရက်မှာ သတင်းထုတ်ပြန်လာတာဖြစ်ပါတယ်။

    တစ်ချိန်တည်းမှာပဲ အကူအညီပေးသူတွေဟာ ပဋိပက္ခသင့်တဲ့နေရာတွေဆီကို ကူညီပံ့ပိုးရေးပစ္စည်းတွေ သယ်ယူရာမှာ အခက်အခဲတွေ ကြုံနေရတယ်လို့လည်း ဆိုပါတယ်။

    ဒါပေမဲ့ လူသားချင်းစာနာမှုလုပ်ငန်းဆောင်ရွက်သူတွေဟာ ခရီးသွားလာခွင့်စိန်ခေါ်မှု အကြပ်အတည်းတွေကြားကပဲ ဒေသခံမိတ်ဖက်တွေကနေတဆင့် နေရပ်စွန့်ခွါနေရသူတွေနဲ့ သူတို့ကို လက်ခံထားတဲ့ရပ်ရွာခံလူထုဆီ အရေပေါ် အကူအညီပေးတာတွေကို တတ်နိုင်တဲ့ဘက်ကနေ ဆက်လုပ်နေတယ်လို့လည်း ဆိုပါတယ်။

    လက်ရှိမှာ အခု ၂၀၂၂ ခုနှစ်အတွက် လူသားချင်းစာနာမှုတုံ့ပြန်ရေးအစီအစဥ်အရ အကူအညီလိုနေသူ ၆ သန်းကျော်ကို ပေးမယ့် လျာထားရန်ပုံငွေ အမေရိကန်ဒေါ်လာ သန်း ၈၀၀ ကျော်မှာ ဒေါ်လာ ၃၇ သန်းကျော်သာရရှိထားသေးတယ်လို့ UNOCHA မြန်မာရုံးက ပြောထားပါတယ်။

  16. ရခိုင်မှာလည်း စက်သုံးဆီတွေ အကန့်အသတ်နဲ့ရောင်းချနေရ

    ရခိုင်ပြည်နယ်အတွင်းမှာ အခုရက်ပိုင်းအတွင်း စက်သုံးဆီတွေကို အကန့်အသတ်နဲ့ရောင်းချနေကြရပြီလို့ ဆီဆိုင်လုပ်ငန်း ရှင်တွေဆီကနေ သိရပါတယ်။

    သင်္ကြန်နောက်ပိုင်းမှာ ဆီတင်သွင်းမှုတွေ အခက်အခဲရှိလာနေပြီး ဒေသတွင်းဆီလိုအပ်ချက်တွေကို အပြည့်အဝမဖြန့်ဖြူးပေး နိုင်တာကြောင့် ဆီပြတ်လပ်မှုဖြစ်သွားနိုင်တဲ့အတွက် အခုလိုမျိုး အကန့်အသတ်နဲ့ ရောင်းချနေရတာဖြစ်တယ်လို့ သံတွဲမြို့က ဆီဆိုင်တာဝန်ခံတစ်ဦးက ဘီဘီစီကို ပြောဆိုပါတယ်။

    အခုရက်ပိုင်းအတွင်း မြန်မာတစ်နိုင်ငံလုံးမှာလည်း စက်သုံးဆီဈေးနှုန်းတွေမြင့်တက်နေသလို ဆီလိုအပ်ချက်တွေကို အပြည့် အဝ မရောင်းချပေးနိုင်တဲ့အတွက်ဆိုပြီး အကန့်အသတ်နဲ့ရောင်းချနေကြရတာလို့သိရပါတယ်။

    စက်သုံးဆီအရောင်းဆိုင်တွေအနေနဲ့ ဆီတွေကိုလိုအပ်သလောက် ဝယ်ယူဖြန့်ဖြူးမပေးနိုင်တာဟာ စက်သုံးဆီတွေကို ပြည်ပကနေ တင်သွင်းနေတဲ့ဆီသင်္ဘောတွေပြည်တွင်းကို ဝင်ရောက်မှုရပ်နားနေတဲ့အတွက်ကြောင့်ဖြစ်တယ်လို့ ဆီဆိုင်လုပ်ငန်းရှင်တွေက ပြောဆိုကြပါတယ်။

    ရခိုင်ဘက်မှာတော့ စက်သုံးဆီအရောင်းဆိုင်တွေထဲ အစိုးရခွင့်ပြုချက်နဲ့တင်သွင်းခွင့်ရရှိနေတဲ့ ဆီဆိုင်ကြီးတွေရှိနေပေမယ့် အဲ့ဒီဆိုင်တွေမှာလည်း လက်ရှိရှိနေတဲ့ဆီတွေကိုပဲ မပြတ်လပ်အောင် အချိန်တွေလျှော့ချပြီးတော့ ရောင်းချနေရတယ်လို့ ပြောဆိုကြပါတယ်။

    တချို့ဆီဆိုင်တွေမှာတော့ အခုရက်ပိုင်းအတွင်း ဆီဈေးတွေမြင့်တက်လာတဲ့အချိန် ဈေးကောင်းရတယ်ဆိုပြီး အကန့်အသတ် မရှိရောင်းချလိုက်တာကြောင့် လက်ကျန်ဆီမရှိတော့တာကြောင့် ပိတ်ထားလိုက်ရတဲ့ဆိုင်တွေလည်း ရှိနေပြီဖြစ်ပါတယ်။

    စစ်အာဏာသိမ်းပြီး တစ်နှစ်ခန့်အကြာမှာ ကုန်ဈေးနှုန်းတွေမြင့်တက်လာခဲ့ပြီး စီးပွားရေးလုပ်ငန်းတွေ လည်း ကမောက်ကမ တွေဖြစ်လာနေတဲ့အချိန် အောက်တိန်း ၉၂ တစ်လီတာကို ကျပ် ၈၀၀ လောက်ရှိခဲ့ရာကနေ အခုဧပြီလ ၁၉ ရက် ဒီကနေ့မှာ တော့ စစ်တွေမြို့ရဲ့စက်သုံးဆီဈေးနှုန်းဟာ ၃၀၀၀ ဝန်းကျင်အထိ ရှိနေတာဖြစ်ပါတယ်။

    အစိုးရရဲ့ခွင့်ပြုချက်နဲ့ဆီတင်သွင်းခွင့်ရရှိထားတဲ့ ဆီဆိုင်တွေမှာတော့ တစ်လီတာကို ကျပ် ၂၀၂၀ ခန့်နဲ့ အစိုးရသတ်မှတ် ဈေးနှုန်းအတိုင်းရောင်းချပေးနေတယ်လို့ ပြောဆိုပါတယ်။

    လတ်တလောမှာလည်း လျှပ်စစ်မီးကလည်း ပုံမှန်မရရှိတာကြောင့် တချို့စီးပွားရေးလုပ်ငန်းတွေမှာ စက်သုံးဆီတွေကို ဈေးကြီးပေးဝယ်ပြီး ကိုယ်ပိုင်မီးစက်တွေနဲ့ လည်ပတ်နေကြရတဲ့အချိန် အခုဆီတွေကိုအလွယ်တကူဝယ်ယူလို့ မရနိုင်တာကြောင့် အခက်အခဲတွေကြုံနေကြရတာဖြစ်ပါတယ်။

    စစ်ကောင်စီအစိုးရရုံးစိုက်ရာ စစ်တွေမြို့မှာတော့ ပြီးခဲ့တဲ့ နှစ်ရက်လောက်ကစလို့ ဆီဈေးတွေမြင့်တက်ခဲ့ပြီး လိုအပ်သလောက်ဝယ်ယူလို့မရပေမယ့် အခက်အခဲတော့မရှိသေးဘူးလို့ ကုန်စည်ပို့ဆောင်ရေး ယာဉ်လိုင်းတွေက ပြောဆိုကြပါတယ်။

    စစ်တွေမြို့မှာတော့ အခုညနေပိုင်းမှာ စက်သုံးဆီအရောင်းဆိုင်တွေမှာ ဆီပြတ်သွားတဲ့အတွက် ပိတ်လိုက်ကြပြီး (၀.၃) တစ်ဗူးကို ကျပ် ၁၀၀၀ နှုန်းနဲ့ အပြင်ဆိုင်တွေမှာရောင်းချနေတယ်လို့ ရွှေရိုးမဆီဆိုင်ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

  17. ပွဲဆူခဲ့တဲ့ စစ်ကောင်စီ ရဲ့ ဘွဲ့၊တံဆိပ်အပ်နှင်းပွဲ

  18. ဆီဆိုင်မှာ ကားတွေ ဘာလို့တန်းစီနေကြတာလဲ

  19. ပြည်တွင်းမှာ စက်သုံးဆီပြတ်လပ်ဖို့ မရှိဘူးလို့ စစ်ကောင်စီ အခိုင်အမာပြောလာ

    သီလ၀ါ ဆီသိုလှောင်စခန်းတွေ အပါအဝင် ပြည်တွင်းမှာ ဓာတ်ဆီနဲ့ဒီဇယ်ဆီ ဂါလံ သန်း ၁၁၀ ကျော်အထိ ရှိနေသေးတာကြောင့် ပြည်တွင်းမှာ စက်သုံးဆီပြတ်လပ်ဖို့ မရှိဘူးဆိုပြီး စစ်ကောင်စီက ဒီနေ့ ဧပြီလ ၁၉ ရက်မှာ ပြောလာပါတယ်။

    ပြည်တွင်းက စက်သုံးဆီအရောင်းဆိုင်တွေ အထူးသဖြင့် ရန်ကုန်မြို့က ဆီဆိုင်တွေမှာ ဒီနေ့မနက်ပိုင်းတုန်းက အောက်တိန်း ၉၅ နဲ့ ၉၂ အမျိုးအစား ဆီရောင်းချမှုအကန့်အသတ်တွေရှိနေချိန်မှာပဲ စစ်ကောင်စီလက်အောက် လျှပ်စစ်နဲ့ စွမ်းအင်၀န်ကြီးဌာန၊ ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနက အခုလို သတင်းထုတ်ပြန်လာတာဖြစ်ပါတယ်။

    စစ်ကောင်စီဘက်ကတော့ လူမှုကွန်ယက်မီဒီယာတွေပေါ်မှာ ပျံ့နှံ့နေတဲ့ သီလ၀ါဆီသိုလှောင်ကန်စခန်းတွေမှာ စက်သုံးဆီတွေ လက်ကျန်လျော့နည်းနေတယ်ဆိုတဲ့ ကောလဟလ တွေ ထွက်နေတာကြောင့်လို့ ထုတ်ပြန်ချက်မှာပြောထားပါတယ်။

    လက်ရှိမှာ ဆိပ်ကမ်းကိုရောက်နေပြီး သင်္ကြန်ပိတ်ရက်ကြောင့် ဆီမချရသေးတဲ့ ဆီတင် သင်္ဘော ၂ စင်းအထိရှိနေသေးတာကြောင့် ပြည်တွင်းမှာ စက်သုံးဆီပြတ်လပ်မှုမဖြစ်နိုင်ဘူးလို့ စစ်ကောင်စီဘက်က အခိုင်အမာပြောဆိုထားပါတယ်။

  20. ဒီပဲယင်းမြို့နယ်အရှေ့ပိုင်းရောအနောက်ပိုင်းမှာပါ မီးရှို့ခံနေရ

    ဒီကနေ့ ဧပြီ (၁၉)ရက် တမနက်တည်းမှာတင် စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အရှေ့ပိုင်းက မဲအိုးကျေးရွာနဲ့ အနောက်ပိုင်းက စိုင်ပြင်မြို့တို့မှာ မီးရှို့ခံနေရတယ်လို့ ဒီပဲယင်းဒေသခံတွေက ဘီဘီစီကိုပြောပါတယ်။

    ဒီပဲယင်းမြို့နယ်အနောက်ပိုင်းက စိုင်ပြင်မြို့မှာတော့ ဒီကနေ့မနက်ပိုင်းက စစ်ကောင်စီကနေ ရိက္ခာဝယ်ယူဖို့စေလွှတ်လိုက်တဲ့ အမျိုးသားတစ်ဦးကို ‌ဒီပဲယင်းဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခဲ့တာကြောင့် စိုင်ပြင်မြို့စျေးကို မီးရှို့ခဲ့တာလို့ ဆိုပါတယ်။ ဒီစျေးဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေစခန်းချထားတဲ့ စိုင်ပြင်ရဲစခန်းအနီးမှာရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။

    နောက်ထပ် ဒီပဲယင်းမြို့နယ် အရှေ့ပိုင်းက မဲအိုးကျေးရွာအနီးမှာတော့ စစ်ကြောင်းထိုး သွားလာနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဒီပဲယင်းဒေသကာကွယ်ရေးအဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်ရှိခဲ့ပါတယ်။ အဲ့ဒီနောက် အနီးကမဲအိုးရွာတွင်း စစ်ကောင်စီတပ်တွေဝင်‌ရောက်ကာ နေအိမ်တွေကို မီးရှို့နေတယ်လို့ ‌ဒေသခံတွေကပြောပါတယ်။

    "မိုင်းဆွဲခံရတာက ဆယ်ဦးလောက်တော့ထိမယ်ဗျ၊ ပြီးတော့ မဲအိုးထဲကိုဝင်ရှို့နေတာပဲ မီးတော့အတော်များတယ်။ ညနေ (၃)ခွဲကျော်လောက်ထိကို ရွာထဲ ရှိနေတုန်းပဲ"လို့ မြေပြင်အခြေအနေကိုသိရှိတဲ့ ဒီပဲယင်းဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    ဒီမဲအိုးရွာဖြစ်စဉ်ကြောင့် ရွာလုံးကျွတ်တိမ်းရှောင်နေကြသလို အနီးအနားကရွာခံတချို့ပါ ထွက်ပြေးနေကြရတယ်လို့ဆိုပါတယ်။

    ဒီစိုင်ပြင်နဲ့ မဲအိုးရွာဖြစ်စဉ်တွေကြောင့် ပျက်စီးဆုံးရှုံးမှုအခြေအနေတွေနဲ့ပတ်သက်ပြီး ဘီဘီစီဘက်ကသီးခြားအတည်မပြုနိုင်သေးပါဘူး။

    စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး သေဆုံးတာနဲ့ပတ်သက်လို့လည်း စစ်ကောင်စီသတင်းမှန်ပြန်ကြားရေးဘက်က ညနေအချိန်အထိ သတင်းတစုံတရာထုတ်ပြန်တာမရှိသေးပါဘူး။