ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဒေါ်အောင်ဆန်းစုကြည် အဂတိမှုနဲ့ ထောင် ၅ နှစ်ချမှတ်ခံရ
ဒေါ်အောင်ဆန်းစုကြည်ကတော့ မဟုတ်မမှန်စွပ်စွဲခံရတာဆိုပြီး အခုလိုထောင်ဒဏ်ချမှတ်ခံရတာနဲ့ပတ်သက်ပြီး မှတ်ချက်ပြုသလို အမှုအတွက် အယူခံဆက်တက်ဖို့ရှိတယ်ဆိုလို့လည်း ဘီဘီစီက သိရှိရပါတယ်။
တိုက်ရိုက် ထုတ်လွှင့်ချက်
ငဖဲမြို့နယ် ငဖြူကြီးရွာက ရိက္ခာတွေဖျက်ဆီးခံရတယ်လို့ ဒေသခံတွေပြော
မကွေးတိုင်း၊ ငဖဲမြို့နယ်တွင်း ငဖြူကြီးရွာကို စစ်ကောင်စီတပ်တွေဝင်ရောက်ခဲ့ပြီး ဒီကနေ့ဧပြီ (၁၆)ရက်မနက်ပိုင်းမှာတော့ ရွာအတွင်းနေအိမ်တွေက ပစ္စည်းတွေနဲ့ ရိက္ခာတွေကို ဖျက်ဆီးယူဆောင် တာခံရတယ်လို့ ဒေသခံတွေကပြောပါတယ်။
အခုလိုပစ္စည်းတွေမွှေနှောက်ယူဆောင်ခံရတာကြောင့် ရွာသားတွေထွက်ပြေးတိမ်းရှောင်ကြရသလို စိုးရိမ်ထိတ်လန့်နေရတယ်လို့ ဆိုပါတယ်။
"ဘုရားကျောင်းနားမှာဆန်အိတ်တွေစုထားတာတွေဖျက်ဆီးတယ်ပေါ့။ တစ်အိမ်တစ်အိမ်ဆင်းမွှေနှောက်တာမျိုးတွေ သွားချောင်းကြည့်တဲ့သူတွေက မြင်ရတယ်။ သူတို့ကတပ်ပြန်ဆုတ်လာပြီး ငဖြူကြီးမှာစခန်းချပြီးမှ တပ်အင်အားပြန်စုမယ့်သဘောလို့သတင်းတွေကြားနေရတယ်"လို့ ငဖြူကြီးရွာခံ တစ်ဦးကဘီဘီစီကိုပြောပါတယ်။
ဒီလို စစ်ကောင်စီတပ်တွေသွားလာတဲ့လမ်းကြောင်းမှာရှိတဲ့ ငဖဲနဲ့ စေတုတ္ထရာမြိုန့ယ်တွေက ကျေးရွာတချို့မှာလည်း ရွာသားတွေဟာအပြင်ထွက် မသွားလာရဲဘဲ ရွာထဲပိတ်မိနေတယ်လို့ဆိုပါတယ်။
ဒါ့အပြင် ဒီကနေ့မနက်အစောပိုင်းမှာလည်း မကွေးတိုင်းထဲက ထီးလင်းမြို့နယ်၊ ဆေးမင်းတောကျေးရွာရဲစခန်းကို ဒေသကာကွယ်ရေးအဖွဲ့ကနေ ပြောက်ကျားတိုက်ခိုက်ခဲ့တာကြောင့် ရဲတပ်သားနှစ်ဦးကျဆုံး၊ သုံးဦးဒဏ်ရာရခဲ့တယ်လို့ Yaw Defence Force Htilin ကနေ ထုတ်ပြန်ကြေညာ ပါတယ်။
ဒီထီးလင်းမြို့နယ်တွင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေသေဆုံးတဲ့အရေအတွက်နဲ့ပတ်သက်ပြီး ဘီဘီစီအနေနဲ့ သီးခြားအတည်ပြုနိုင်တာမရှိသေးပါဘူး။
အခုဧပြီလအတွင်းမှာ မကွေးတိုင်း အတွင်းက ပေါက်၊ မြိုင်၊ ဆိပ်ဖြူ၊ ငဖဲနဲ့ စေတုတ္ထရာတဝိုက်မှာ စစ်ကောင်စီနဲ့ ကာကွယ်ရေးအဖွဲ့တွေအကြား တိုက်ပွဲ ခပ်စိပ်စိပ်ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်ကနေ အထိအခိုက်အကျအဆုံးများတယ်လို့ ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့တွေဘက်ကနေသိရပါတယ်။
အခုလို မကွေးတိုင်းအတွင်းက မြို့နယ်တွေဘက်မှာပါ စစ်ကောင်စီဘက်ကနေစစ်ကြောင်းထိုးစစ်ဆင်တာ၊ တိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က ဒီကနေ့ညနေပိုင်းအချိန်အထိ သတင်းထုတ်ပြန်တာမရှိသေးပါဘူး။
ဧရာဝတီတိုင်း၊ ပုသိမ်နဲ့ဖျာပုံမြို့တွေက သင်္ကြန်မဏ္ဍပ်အနီးပေါက်ပွဲမှုတွေဖြစ်ပွား
ဒီကနေ့ဧပြီ (၁၆)ရက်၊ သင်္ကြန်အတက်နေ့ နေ့လယ်(၁)နာရီဝန်းကျင်လောက်မှာ ဧရာဝတီတိုင်းရဲ့ မြို့တော် ပုသိမ်မြို့ရဲ့ ဗဟိုမဏ္ဍပ်အနီး ရေပေါ်စျေးမှာ အသံဗုံးပေါက်ကွဲမှုရှိခဲ့တယ်လို့ ဒေသခံတွေကနေသိရပါတယ်။ ဒီပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရသူတွေမရှိကြဘူးလို့ ဆိုပါတယ်။
"ပုသိမ်အမှတ်(၂)တံတားနားပေါ့။ ညာဘက်ကဗဟိုမဏ္ဍပ်၊ ဘယ်ဘက်က ရေပေါ်စျေး။ အခုကရေပေါ်စျေးဘက်ပေါက်တာ။ စစ်တာဆေးတာတွေ တော့ ခဏရှိလိုက်ပါတယ်"လို့ ပုသိမ်မြို့ခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။
ဒါ့အပြင် ဒီကနေ့မနက်အစောပိုင်းမှာလည်း ဖျာပုံမြို့နယ်ဗဟိုမဏ္ဍပ်အနီးမှာပေါက်ကွဲမှုနှစ်ကြိမ်ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
မနက် (၇)နာရီခွဲဝန်းကျင်မှာ စည်ပင်သာယာရုံးအနီးနဲ့ နောက်ထပ်မိနစ်ပိုင်းအကြာမှာတော့ ဗဟိုမဏ္ဍပ်အနီးမှာရှိတဲ့ ရွှေရတုဧည့်ရိပ်သာနဲ့ တရားရုံးကြားမှာ ဖောက်ခွဲမှုတွေပြုလုပ်ခဲ့တယ်လို့ Pyapon District People's Defence Force - ဧရာဗေဒါကနေထုတ်ပြန်ထားပါတယ်။
ဒီပေါက်ကွဲမှုတွေကို စစ်ကောင်စီရဲ့ ဖျာပုံဗဟိုမဏ္ဍပ်အောက်ကနေဖောက်ခွဲဖို့ရည်ရွယ်ခဲ့ပေမဲ့ ပြည်သူတွေထိခိုက်မှာစိုးရိမ်တာကြောင့် ခပ်လှမ်းလှမ်းကနေသာ လုပ်ဆောင်ခဲ့တယ်လို့ အဲ့ဒီဖျာပုံခရိုင်ဧရာဗေဒါတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ဒီဖြစ်စဉ်တွေကြောင့် ထိခိုက်ဒဏ်ရာရရှိမှုရှိ၊မရှိကို ဘီဘီစီဘက်ကသီးခြားအတည်မပြုနိုင်သေးပါဘူး။
အခုနှစ်သင်္ကြန်ကာလမှာတော့ ဧရာဝတီတိုင်းအတွင်း ပုသိမ်၊ ဖျာပုံ၊ ကျိုက်လတ်အပါအဝင် မြို့နယ်အများစုမှာသင်္ကြန်ပွဲတော်ရေကစားသူတွေနဲ့စည်ကားတာကိုလူမှုကွန်ယက်စာမျက်နှာတွေပေါ်မှာတွေ့မြင်ရပါတယ်။
မနေ့သင်္ကြန်အကြတ်နေ့ကလည်း မအူပင်နဲ့ ကျောင်းကုန်းဘက်မှာ ပေါက်ကွဲမှုဖြစ်ခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတချို့ရှိတယ်လို့ ဒေသတွင်းမီဒီယာတွေမှာဖော်ပြထားပါတယ်။
ဖမ်းဆီးထိန်းသိမ်းခံထားရတာ တစ်နှစ်ပြည့်ပြီဖြစ်တဲ့ မုံရွာသပိတ်ခေါင်းဆောင်ကိုဝေမိုးနိုင် ကျန်းမာရေးကောင်းမွန်တယ်လို့ပြော
မုံရွာသပိတ်ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ကိုဝေမိုးနိုင်ကို စစ်ကောင်စီကဖမ်းဆီးထိန်းသိမ်းထားတာ မနေ့ဧပြီ (၁၅)ရက်မှာဆိုရင် တစ်နှစ်တိတိပြည့်ပြီဖြစ်ပါတယ်။
လက်ရှိမှာ ကိုဝေမိုးနိုင်ကို စစ်ကောင်စီက အမှု ၈မှုနဲ့တရားစွဲဆိုထားပြီး ၃မှုကိုတော့စွဲချက်တင်ထားပြီဖြစ်တယ်လို့ မိသားစုဝင်တစ်ဦးကပြောပါတယ်။
မုံရွာအကျဉ်းထောင်ထဲဖမ်းဆီးခံထားရတဲ့ ကိုဝေမိုးနိုင်ဟာထောင်တွင်းကျန်းမာရေးကောင်းမွန်တယ်လို့ မိသားစုဝင်တွေကပြောပါတယ်။
"ဆိုင်ကယ်သပိတ်ဦးဆောင်မှုရယ်၊ ဒလန်ဖမ်းဆီးမှုရယ်၊ နောက်တစ်ခါရဲနှစ်ယောက်သတ်တယ်လို့ အဲ့ဒီ အမှုအကြီးသုံးမှုကတော့ စွဲချက်တင်ပြီးသွားပြီ။ ကျန်တာက သူမြို့နယ်အုပ်ချုပ်ရေးအဖွဲ့ဖွဲ့တာတို့၊ CDM မဝင်တဲ့သူတွေကိုရှုံ့ချတာတို့၊ ဘဏ်ချိတ်ပိတ်တာတို့ အဲ့ဒါတွေကကျ ၅၀၅ အမှုတွဲတွေကတော့ စစ်ဆေးဆဲပေါ့။ နောက်ထပ်တစ်မှုလည်းထပ်တိုးမယ်လို့ပြောတယ်။ ဘာအမှုလဲတော့သေချာမသိရသေးဘူး"လို့ ကိုဝေမိုးနိုင်ရဲ့ မိသားစုဝင်တစ်ဦးက ဘီဘီစီကိုပြောပါတယ်။
လာမယ့် ဧပြီ (၁၉)ရက်နဲ့ (၂၀)ရက်တွေမှာတော့ ကိုဝေမိုးနိုင်ရဲ့အမှုတွေနဲ့ပတ်သက်ပြီး ရုံးချိန်းတွေရှိတယ်လို့သိရပါတယ်။
ကိုဝေမိုးနိုင်ဖမ်းဆီးခံရတာ တစ်နှစ်ပြည့်အနေနဲ့ မနေ့ဧပြီ (၁၅)ရက်မှာ မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီကနေ ကိုဝေမိုးနိုင်ရဲ့ အထင်ကရ တော်လှန်ရေးစကားတွေကိုင်ဆောင်ကာ "ငါတို့အားလုံး ဝေမိုးနိုင်" ဆိုပြီးဆန္ဒပြပွဲသပိတ်တွေပြုလုပ်ခဲ့ပါသေးတယ်။
ဧပြီဒုတိယအပတ်အတွင်း ကရင်နီဒေသက မြို့နယ်လေးခုမှာစစ်ကောင်စီကနေ အရှိန်မြှင့်ထိုးစစ်ဆင်နေတယ်လို့ KNDF ထုတ်ပြန်
အခုဧပြီလ ဒုတိယအပတ်အတွင်း ကယား (ကရင်နီ)ဒေသက လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆိုနဲ့ ဘောလခဲမြို့နယ်တွေမှာ စစ်ကောင်စီဘက်ကနေ အရှိန်မြှင့်ထိုးစစ်ဆင်တာကြောင့် တိုက်ပွဲတွေပြင်းထန်ခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က မနေ့ဧပြီ (၁၅)ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီလို ထိုးစစ်ဆင်မှုအတွင်း အရပ်သားပြည်သူတွေကို သတ်ဖြတ်တာ၊ နေအိမ်တွေမီးရှို့ဖျက်ဆီးတာတွေအပြင် လက်နက်ကြီးတွေနဲ့ ကျေးရွာတွေကို ပစ်မှတ်ထားတိုက်ခိုက်တာ၊ ကျေးရွာတွေအတွင်း မြေမြှုပ်မိုင်းထောင်တာတွေပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် ဧပြီ (၁၂)ရက်တစ်ရက်ထဲမှာတင် ဒီးမော့ဆိုမြို့နယ်အတွင်းကို လေကြောင်းနဲ့ တိုက်ခိုက်မှု (၁၀)ကြိမ်ထက်မနည်းပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
ဧပြီဒုတိယအပတ်အတွင်း ဒီးမော့ဆိုမြို့နယ်ထဲက လီဝိုး၊ ဆင်တောင်၊ ဒေါကမီ၊ ပူဖားအောင်ပုလဲ၊ ဥခူးရီး၊ ငွေတောင်နဲ့ ထူလွှီးဘီလာစတဲ့ ကျေးရွာတွေမှာ စစ်ကောင်စီကနေ ထိုးစစ်ဆင်တပ်စွဲထားတာကြောင့် တိုက်ပွဲတွေပြင်းထန်နေသလို ဖရူဆိုမြို့နယ်တွင်းကကျေးရွာတွေမှာသာမက လွိုင်ကော်မြို့ပေါ်က ရပ်ကွက်တချို့မှာပါ ဧပြီ (၁၄)ရက်ကစပြီး တိုက်ပွဲတွေဖြစ်နေတယ်လို့ ပြောပါတယ်။
ဒီဧပြီဒုတိယအပတ်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က (၄၈)ဦးသေဆုံးခဲ့ပြီးထိခိုက်မှုများခဲ့သလို ဖရူဆိုမြို့နယ်အတွင်း တိုက်ပွဲတွေမှာ စစ်သုံးယာဉ် (၁)စီး၊ မြေတူးစက် (၁)စီးလည်း မီးလောင်ကျွမ်းခဲ့တဲ့အပြင် စစ်ကောင်စီရဲ့လက်နက်ခဲယမ်းတချို့လည်း သိမ်းဆည်းရမိခဲ့တယ်လို့ KNDF ရဲ့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။
ကရင်နီပူးပေါင်းတပ်ဖွဲ့တွေဘက်ကလည်း ဒီတစ်ပတ်တာတိုက်ပွဲတွေအတွင်း (၁၀)ဦးသေဆုံးခဲ့တယ်လို့ဆိုပါတယ်။ ဒီကနေ့ ဧပြီ (၁၆)ရက်မနက်ပိုင်း ကရင်နီဒေသကတိုက်ပွဲအခြေအနေတွေနဲ့ပတ်သက်ပြီးလည်း ဘီဘီစီဘက်က တိတိကျကျမသိရသေးပါဘူး။ စစ်ကောင်စီဘက်ကတော့ ကရင်နီဒေသကတိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီး အခုရက်အတွင်း သတင်းထုတ်ပြန်တာမရှိသေးပါဘူး။
မုံရွာ အမှတ် ၂ ရဲစခန်းကို မုံရွာဒေသကာကွယ်ရေးတပ်တွေ စုပေါင်းတိုက်ခိုက်ခဲ့, မနက်ပိုင်း မုံရွာမှာစစ်ဆေးမှုတွေဆက်ရှိနေ
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ အမှတ် ၂ ရဲစခန်းကို မုံရွာဒေသကာကွယ်ရေးတပ်တွေ စုပေါင်းပြီး ဒီကနေ့ ဧပြီ ၁၆ရက် သင်္ကြန်အတက်နေ့ မနက် ၁နာရီကျေ်က တိုက်ခိုက်ခဲ့တယ်လို့ မုံရွာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Chindwin Attack Force) က သတင်းထုတ်ပြန်လာပါတယ်။
ဒေသကာကွယ်ရေးတပ်တွေဘက်က လက်နက်ကြီးနဲ့လက်နက်ငယ်တွေနဲ့ စတင်ပစ်ခတ်တိုက်ခိုက်ပြီး တစ်ဖက် ရဲစခန်းအတွင်းကလည်းလက်နက်တွေနဲ့ပြန်လည်ပစ်ခတ်တာရှိတယ်လို့ ဆိုပါတယ်။ မုံရွာ အမှတ် ၂ ရဲစခန်းတိုက်ခိုက်ခံရမှုမှာ ဖြစ်ပွားချိန် မိနစ် ၃၀ ခန့်ကြာမြင့်ပြီး အနည်းဆုံး ရဲဝန်ထမ်းဆယ်ချီ သေဆုံးနိုင်တယ်လို့ ထုတ်ပြန်ချက်ကဆိုပါတယ်။
မုံရွာခရိုင် ပြည်သူကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်းတွေ ၂၊ ၃၊၄ နဲ့ ပြောက်ကျားကွန်မန်ဒိုတပ်ဖွဲ့ ၊ အထူးစုံစမ်းစစ်ဆင်ရေးတပ်ဖွဲ့၊ အထူးကွန်မန်ဒိုတပ်ဖွဲ့ - Monywa The Boys၊ တပ်ခွဲ (၁) - Monywa Ranger group/Truth Army၊ တပ်ခွဲ (၃) - Northwest Plains Revolutionary Forces-NPRF တို့က တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ထုတ်ပြန်ချက်ကဖော်ပြပါတယ်။
'' ည ၁နာရီကျော်လောက်ကတည်းက စက်မှုဇုန်ဘက်ကနေ ပစ်သံခတ်သံတွေတောက်လျှောက်ကြားနေရတာ၊ ပစ်နေပြီဆိုတာအဲဒီကတည်းကသိလိုက်တယ်။ လက်နက်သံတွေက ညဆိုတော့တော်တော်ကိုကျယ်ကျယ်ကြားရတာ။ ဒီမနက်တော့ စက်မှုဇုန်ဘက်ရော မြို့ထဲဘက်ရော စစ်တာဆေးတာရှိတယ်။ ပုံမှန်လည်းစစ်နေတာဆိုတော့ ညကကိစ္စကြောင့်ရယ်မဟုတ်ဘူး။ သူတို့က အမြဲစစ်နေတာမျိုး။ မြို့ထဲမှာတော့သူတို့မဏ္ဏပ်ဆောက်ထားတယ်။ ဒါပေမဲ့ ထွက်တဲ့သူမရှိဘူးလေ။ခြောက်ကပ်နေတာပဲ '' လို့ မုံရွာ အမှတ် ၂ရဲစခန်းအနီးနေသူဒေသခံတစ်ဦးကပြောပါတယ်။
စစ်ကိုင်းတိုင်း၊မုံရွာမြို့တွင် စစ်ကောင်စီကင်းပုန်းဝတ်နေသော နေရာလေးနေရာအား ပြီးခဲ့တဲ့ ဧပြီလ ၁၃ရက် ကလည်း မုံရွာမြို့ ဆည်မြောင်းရုံး၊အမှတ်(၂)ရဲစခန်း၊အမှတ်(၆)စာသင်ကျောင်းအနီးနဲ့ TTC ကျောင်းအနီး မှာတပ်စွဲထားတဲ့စစ်ကောင်စီတပ်တွေကို Unity Force Monywa အဖွဲ့က လက်ပစ်ဗုံးနဲ့တိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်လည်းရှိခဲ့တယ်လို့ဒေသတွင်းသတင်းတွေကဖော်ပြထားပါတယ်။
ဒီမိုကရေစီမကျတဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို ပြန်သွားဖို့လုံးဝမရှိဘူးလို့ NUG ထပ်လောင်းပြော
NUG အစိုးရ အနေနဲ့ စစ်တပ်က လွှမ်းမိုးခြယ်လှယ်ပြီး ဒီမိုကရေစီမကျတဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို ပြန်သွားဖို့လုံးဝမရှိဘူးလို့ ဒီကနေ့ ဧပြီ ၁၆ရက်မှာကျရောက်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရဖွဲ့စည်းခြင်းတစ်နှစ်ပြည့်မှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလရဲ့ မိန့်ခွန်းမှာထည့်သွင်းပြောကြားလာပါတယ်။
ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးအတွက် ဖက်ဒရယ် ဒီမိုကရက်တစ် ပဋိညာဥ်ကို ကြားကာလ ဖွဲ့စည်းပုံတစ်ရပ်အနေနဲ့ အသုံးပြုအောင် ရေးဆွဲချမှတ်နိုင်တဲ့ တိုးတက်အောင်မြင်မှုတွေ ရှိခဲ့ပြီး NUCCဟာ တိုင်းရင်းသား အဖွဲ့အစည်းများ၊ အရပ်ဖက်လူ့အဖွဲ့အစည်းများ၊ သပိတ်ကော်မတီများ၊ CDMအဖွဲ့အစည်းတွေနဲ့ နိုင်ငံရေးကိုယ်စားပြု ကိုယ်စားလှယ်တွေစုံစုံလင်လင် ပါဝင်တဲ့မြန်မာ့သမိုင်းမှာ မရှိဖူးတဲ့ နိုင်ငံရေး ဖြစ်စဥ်တရပ်ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါကြောင့် ပြည်သူ့ညီလာခံက အတည်ပြုလိုက်တဲ့ ဖက်ဒရယ်ဒီမိုရေစီ ချာတာအရ စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့ ဘယ်အင်အားစုမဆို အဲဒီပဋိညာဥ်အောက်မှာ ပူးပေါင်းပါဝင် ဆောင်ရွက်လို့ရတယ်လို့လည်းမိန့်ခွန်းမှာထည့်သွင်းပြောကြားထားပါတယ်။
ဒါ့အပြင် NUG ထိန်းချုပ်ထားတဲ့ လွတ်မြောက်နယ်မြေတွေမှာ ကြားကာလအုပ်ချုပ်ရေးနဲ့ အသွင်ကူးပြောင်းရေးကာလ တရားစီရင်ရေး ယန္တယားတွေကို ဒေသခံတွေရဲ့ ကူညီထောက်ပံ့မှု၊ မဟာမိတ်တွေရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့အတူ စတင်အကောင်အထည်ဖော်နေပြီလို့ ဆိုပါတယ်။
တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့အတူ အပြန်အလှန်ယုံကြည်မှုတွေကို တည်ဆောက်နိုင်ခဲ့သလို၊ ကျန်ရှိနေသေးတဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့လည်း ဆက်လက်တည်ဆောက်နိုင်အောင် ကြိုးပမ်းဆောင်ရွက်နေတယ်လို့လည်းပြောပါတယ်။
NUGအစိုးရဟာ CDMဝန်ထမ်းတွေနဲ့အတူ အဆင့်မြင့် ပညာသင်ကြားရေးနဲ့ အသက်မွေးဝမ်းကျောင်း သင်တန်းတွေကို စတင်ပို့ချနေပြီဖြစ်သလို၊ ငွေရေးကြေးရေးနဲ့ ကိရိယာတန်ဆာပလာ အခက်အခဲနဲ့ စိန်ခေါ်မှုများစွာကြားကဘဲ ကျန်းမာရေးဝန်ဆောင်မှုတွေကိုလည်း ပေးနေပြီဖြစ်တယ်လို့ဆိုပါတယ်။
NUG အစိုးရဟာ စစ်တပ်ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် တရားစီရင်ရေးနဲ့ တရားမျှတမှုရရှိရေးအတွက် ဆောင်ရွက်နေပြီဖြစ်တယ်လို့ပြောထားသလို ၂၀၀၂ ခုနှစ် ဇူလိုင်လကနေစပြီး ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုအားလုံးကို တရားစီရင်နိုင်ရေးအတွက် အပြည်ပြည် ဆိုင်ရာတရားရုံး (ICC)ရဲ့တရားစီရင်ပိုင်ခွင့်ကိုလည်း လက်ခံပြီးဖြစ်ကြောင်းနဲ့ ရိုဟင်ဂျာတွေနဲ့ ပတ်သက်တဲ့ မူဝါဒကိုလည်း ချမှတ်ရေးဆွဲပြဌာန်းခဲ့ပြီး ဖြစ်တယ်လို့ဆိုပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ နိုင်ငံတကာအစိုးရတွေအဖွဲ့အစည်းတွေနဲ့ တရားဝင်တွေ့ဆုံ ဆက်ဆံလာမှုတွေ တိုးတက်လာနေပြီး အမေရိကန်၊ အီးယူနဲ့ အာရှနိုင်ငံများက ထိပ်ပိုင်းအာဏာပိုင်များနဲ့ တရားဝင်တွေ့ဆုံမှုတွေ ရှိလာပြီဖြစ်ကြောင်း ထည့်ပြောထားပါတယ်။
အိမ်နီးချင်းနိုင်ငံတွေအနေနဲ့လည်း မြန်မာပြည်သူတွေရဲ့ ဆန္ဒကို လေးစားထောက်ခံဖို့၊စစ်ကောင်စီကို လက်မခံဖို့ နဲ့ အာဏာရှင်တွေအနေနဲ့ စစ်လက်နက်တွေ ဝယ်ယူမရအောင် ပိတ်ဆို့ အရေးယူနိုင်ဖို့ လည်းတိုက်တွန်းထားပါတယ်။
အစိုးရတရပ်အနေနဲ့ အုပ်ချုပ်ရေးနဲ့ လူမှုဝန်ဆောင်မှုပေးနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက် သွားမှာဖြစ်သလို တိုင်းရင်းသားလက်နက်ကိုင်များ၊ ဒေသန္တရပြည်သူ့အုပ်ချုပ်ရေး အဖွဲ့အစည်းများ၊ အရပ်ဖက်လူ့အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ပညာရေး၊ ကျန်းမာရေးနဲ့ တရားမျှတမှုရရှိရေး အတွက် လိုအပ်တဲ့ ဝန်ဆောင်မှုများကိုပေးနိုင်အောင် ဆောင်ရွက်ပါမယ်လို့ ကတိပြုထားတာလည်းတွေ့ပါတယ်။
သက်ကြီးရွယ်အိုတချို့ လူသားဒိုင်းအဖြစ် ခေါ်သွားခံရ
သင်္ကြန်အကြတ်နေ့မအူပင် ဗဟိုမဏ္ဍပ်မှာပေါက်ကွဲမှုဖြစ်
ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်၊ ကမ်းနားလမ်း တိုးရွှေဝါခန်းမရှေ့မှာရှိတဲ့ဗဟိုမဏ္ဍပ်မှာ ဒီကနေ့ဧပြီ ၁၅ သင်္ကြန်အတက်နေ့လယ်ပိုင်းမှာပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။
'' အသံဗုံးအကျယ်ကြီးပေါက်သွားတာ။လူတွေကတော့အကုန်ထွက်ပြေးကုန်တယ်။ မနေ့ကအထိတော့ အေးဆေးပဲ ဒီနေ့မှပေါက်တာ ။ မဏ္ဍပ်ကတော့ ကမ်းနားလမ်းမှာတစ်ခုပဲရှိတာ အဲဒီရှေ့မှာတော့ တော်တော်စည်တယ်။မြို့ထဲမှာတော့အဲလောက်မစည်ပါဘူး ''လို့ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။
ဒီပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရသူမရှိဘူးလို့လည်းသိရပါတယ်။ ပေါက်ကွဲမှုဖြစ်ခဲ့တဲ့မအူပင် ဗဟိုမဏ္ဍပ်ကို ဒီကနေ့ဧပြီ ၁၅ မနက်ပိုင်းမှာတွေ့ရတဲ့ ဓါတ်ပုံတွေအရလည်း လာရောက်လည်ပတ်သူတွေနဲ့စည်ကားနေတာတွေ့ရပါတယ်။
ဒီသင်္ကြန်ကာလမှာတော့ မြို့ကြီးတွေမှာ သင်္ကြန်မဏ္ဍပ်တွေအနီးအနားပေါက်ကွဲမှုတွေရှိခဲ့ပေမယ့် စစ်ကောင်စီဘက်ကတော့သတင်းထုတ်ပြန်တာမရှိခဲ့ပါဘူး။
ဒီကနေ့ အကြတ်နေ့မှာတော့ နိုင်ငံတဝန်းကဒေသအများစုမှာ သင်္ကြန်မှာ ပါဝင်ဆင်နွှဲတာ မရှိဘဲ စစ်ကောင်စီကျင်းပတဲ့သင်္ကြန်ကို ဆန့်ကျင်တဲ့ သပိတ်တွေဆက်ရှိခဲ့ပါတယ်။
စာရေးဆရာတွေ အဖမ်းခံရမှု ကမ္ဘာ့တတိယအများဆုံး မြန်မာ
စစ်အာဏာသိမ်းပြီးနောက်ပိုင်း စာရေးဆရာတွေ၊ ကဗျာဆရာတွေနဲ့ စာပေနယ်ပယ်က ကျွမ်းကျင် ပညာရှင်တွေ အဖမ်းခံထားရမှုစာရင်းမှာ မြန်မာနိုင်ငံဟာ ကမ္ဘာမှာ တတိယအများဆုံး ဖြစ်တယ်လို့ အမေရိကန်အခြေစိုက် စောင့်ကြည့်ရေးအဖွဲ့ PEN America က ပြောပါတယ်။
ဒီအဖွဲ့က ထုတ်ပြန်တဲ့ ၂ဝ၂၁ ခုနှစ် လွတ်လပ်စွာ ရေးသားမှုစာရင်းအရ မြန်မာနိုင်ငံဟာ တရုတ်နဲ့ ဆော်ဒီအာရေဗျနိုင်ငံတို့ပြီးရင် စာပေနယ်ပယ်က ကျွမ်းကျင်ပညာရှင်တွေကို ဖမ်းဆီးထားမှု အများဆုံး နိုင်ငံ ဖြစ်ပါတယ်။
စစ်အာဏာသိမ်းပြီးတဲ့နောက် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် အခြေအနေဟာ သိသိသာသာ ဆိုးရွားသွားခဲ့ပြီး စာရေးဆရာနဲ့ ဖန်တီးမှုအားကောင်းတဲ့ အနုပညာရှင် (creative artists) ၂၆ ယောက်ဟာ ဖမ်းဆီးထောင်ချခံထားရတယ်လို့လည်း ဆိုပါတယ်။
စစ်အာဏာမသိမ်းခင် စာပေနယ်ပယ်က လူတွေ အဖမ်းခံရမှု ၈ ယောက်သာ ရှိခဲ့တဲ့ မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ်က Pen America က ထုတ်ပြန်တဲ့ စာရင်းမှာ အဆင့် ၉ နေရာမှာ ရပ်တည်ခဲ့ပါတယ်။
ဒါပေမဲ့ ဖမ်းဆီးခံခဲ့ရပြီး ၂၄ နာရီအတွင်း သေဆုံးသွားတဲ့ ကဗျာဆရာ ခက်သီအပါအဝင် မုံရွာမြို့က လူငယ်ကဗျာဆရာ ကေဇဝင်းနဲ့ မြင့်မြင့်ဇင်တို့ကလည်း စစ်ကောင်စီရဲ့ ပစ်ခတ်မှုကြောင့် ၂၀၂၁ ခုနှစ် မတ်လအတွင်းမှာ သေဆုံးသွားခဲ့ပါတယ်။
စစ်အာဏာသိမ်းမှုကို ကဗျာနဲ့ ထုတ်ဖော်ကန့်ကွက်တဲ့ ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့မှုနဲ့ ရန်ကုန်မြို့က ကဗျာဆရာ အနည်းဆုံး ၆ ယောက်လည်း အဖမ်းခံခဲ့ရပါတယ်။
တခါ စစ်အာဏာသိမ်းတဲ့နေ့ကတည်းက ဖမ်းဆီးခံခဲ့ရတဲ့ စာရေးဆရာ မောင်သာချို၊ ထင်လင်းဦး၊ ၈၈ မျိုးဆက်ကျောင်းသား ကိုမြအေးနဲ့ စာရေးဆရာမ ဒေါ်သန်းမြင့်အောင်တို့ဟာ ဆူပူအောင် လှုံဆော်မှု ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ နဲ့ ဆိုင်တဲ့ ပုဒ်မတွေနဲ့ ထောင်ချခံထားရပါတယ်။
ရုပ်ရှင် ဒါရိုက်တာ မင်းထင်ကိုကိုကြီး၊ သီချင်းရေးဆရာ အဆိုတော စောဖိုးခွားတို့လည်း လက်ရှိအချိန်ထိ အဖမ်းခံထားရဆဲ ဖြစ်ပါတယ်။
အာဏာသိမ်းစစ်ကောင်စီဟာ နိုင်ငံရေးသမားတွေ၊ လူထုကြား လွှမ်းမိုးမှုရှိတဲ့ ထင်ရှားကျော်ကြားသူတွေနဲ့အတူစာပေနယ်ပယ်က ပညာရှင်တွေကိုလည်း ပစ်မှတ်ထား ဖမ်းဆီးနေတယ်လို့လည်း ဆိုပါတယ်။
ကမ္ဘာတဝန်း စာရေးဆရာတွေ၊ စာပေနယ်ပယ်က ပညာရှင် အဖမ်းခံရမှုဟာ ၂၀၂၁ ခုနှစ်အတွင်း ၂၇၇ ယောက်ရှိပြီး သူတို့ရဲ့ ရေးသားမှု၊ သူတို့အလုပ် ဒါမှမဟုတ် ထောက်ခံအားပေးမှုတွေနဲ့ ဆက်နွှယ်ပြီး မတရားသဖြင့် အဖမ်းခံထားရတယ်လို့ PEN America ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီပဲယင်း ၊ အင်တန်းရွာ က သက်ကြီးရွယ်အိုတွေ စစ်ကောင်စီတပ်ရဲ့ အကာအကွယ်အဖြစ်ခေါ်ဆောင်ခံရ
စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်၊ အင်တန်းကျေးရွာမှာဒီကနေ့ဧပြီ ၁၅ ရက်၊ သင်္ကြန်အကြတ်နေ့မှာ စစ်ကောင်စီတပ်တွေရွာအတွင်းဝင်ရောက်လာပြီး ဥပုသ်စောင့်နေတဲ့ သက်ကြီးရွယ်အိုတွေကို သူတို့အတွက် အကာအကွယ်အဖြစ်နဲ့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။
'' ဘုန်းကြီးကျောင်းထဲမှာ ဥပုသ်ယူနေတဲ့ သက်ကြီးရွယ်အို၃၀ လောက်ကိုခေါ်သွားတာ။ သူတို့ကို လူသားဒိုင်းအဖြစ်လုပ်ပြီးအင်းတန်းရွာထဲက အိမ်တအိမ်ကိုဝင်ဖမ်းတယ်။ မီးလည်းရှို့သွားတယ်။အဲ့နေရာကိုလည်း ခေါ်သွားတယ်။ မြို့ပြင်ပြန်ထွက်တော့လည်းခေါ်သွားတယ်။ သူတို့မြို့ပြင်ထွက်ပြီဆိုတာနဲ့မိုင်းဆွဲခံရတာတွေရှိတော့ အဲလိုမလုပ်ရဲအောင် ခေါ်သွားတာ။ စစ်ယာဉ်တန်းရဲ့ အရှေ့အနောက်ညှပ်ပြီးခေါ်သွားတာ '' ဒီပဲယင်းဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။
ဒီသက်ကြီးရွယ်အိုတွေကို ဒီကနေ့ဧပြီ ၁၅ ရက် မနက်ပိုင်း ၈နာရီခွဲလောက်က ခေါ်သွားပြီ နေ့လယ် ၁၁ နာရီခွဲလောက်မှာစစ်ကောင်စီတပ်တွေကပြန်လွှတ်ပေးလိုက်တယ်လို့လည်းဒေသခံတွေကဆက်ပြောပါတယ်။
လက်ရှိမှာတော့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေမီးရှို့သွားတဲ့နေအိမ်ကိုလည်း ဒေသခံတွေက မီးငြှိမ်းသတ်နိုင်ခဲ့ပြီးဖမ်းဆီးခံသက်ကြီးရွယ်အိုတွေလည်းရွာထဲပြန်ရောက်နေပြီလို့ဒေသခံတွေကပြောပါတယ်။
ဒီပဲယင်းမြို့နယ်ထဲက ကျေးရွာအများစုကတော့ အာဏာသိမ်းပြီးနောက်ပိုင်းကတည်း စစ်ကောင်စီနဲ့ဒေသကာကွယ်ရေးတပ်တွေရဲ့တိုက်ပွဲတွေကြောင့်တိမ်းရှောင်ထွက်ပြေးရတာတွေရှိသလိုစစ်ကောင်စီတပ်တွေရွာတွေထဲဝင်ရောက်ပစ်ခတ်ဖမ်းဆီးခံရတာတွေလည်းရှိထားပါတယ်။
ကျေးရွာတချို့ဟာဆိုရင်တော့ လေကြောင်းပစ်ခတ်မှုတွေနဲ့နေအိမ်မီးရှို့ခံထားရတာတွေကြောင့် တောထဲက စစ်ရှောင်စခန်းတွေမှာဆက်နေထိုင်နေရဆဲဖြစ်တယ်လို့လည်း သိရပါတယ်။
သက်ကြီးရွယ်အိုတွေကို လူသားဒိုင်းပုံစံ အကာအကွယ်အနေနဲ့ခေါ်ဆောင်ခဲ့တယ်ဆိုတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ဘီဘီစီအနေနဲ့ စစ်ကောင်စီကို မေးမြန်းဖို့ကြိုးစားနေပါတယ်။
တောင်ငူ က အနှိုင်းမဲ့အကြင်နာပရဟိတမှာကျန်ရှိနေတဲ့ ဝက်ဝံ ၅ကောင်ကို နေပြည်တော်တိရစ္ဆာန်ဥယျာဉ်ကို ပို့ဆောင်ရ
ပြီးခဲ့တဲ့ ဧပြီ ၇ရက်နေ့ကတောင်ငူမြို့မှာအနှိုင်းမဲ့အကြင်နာပရဟိတအမည်နဲ ဝက်ဝံတွေကိုမွေးမြူစောင့်ရှောက်ထားသူတစ်ဦး ဝက်ဝံကိုက်ခံရပြီးသေဆုံးသွားတဲ့နောက်ပိုင်းမှာကျန်ရှိနေတဲ့ ဝက်ဝံတွေကို နေပြည်တော်တိရစ္ဆာန်ဥယျာဉ်ကို ပို့ဆောင်လိုက်ရတယ်လို့ဒေသခံတွေကပြောပါတယ်။
တိရစ္ဆာန်ချစ်သူတွေကြား လူသိများတဲ့ တောင်ငူမြို့ကဦးကိုကိုအောင်ဟာ အဲဒီဧပြီ ၇ ရက်နေ့မှာသူမွေးမြူထားတဲ့ ဝက်ဝံတွေကြားသေဆုံးခဲ့တာဖြစ်တယ်လို့ အခင်းဖြစ်တဲ့နေ့ကအကြောင်းကို နီးစပ်သူတွေက ဘီဘီစီကိုပြောပြထားပါတယ်။
မွေးမြူထားတဲ့အထဲက ဝက်ဝံနှစ်ကောင်တိုက်ခိုက်တာကိုဝင်ရောက် ဖြန်ဖြေပေးရင်း ထိခိုက်သေဆုံးတာဖြစ်တယ်ဆိုတဲ့ပြောဆိုချက်တွေလည်းရှိနေပါတယ်။
အဲဒီနေ့ကဦးကိုကိုအောင်ကိုတိုက်ခိုက်ခဲ့တဲ့ ဝက်ဝံနှစ်ကောင်ကိုတော့ လုံခြုံရေးတွေက သေနတ်နဲ့ပစ်ခတ်ဖမ်းဆီးခဲ့ပြီးဝက်ဝံနှစ်ကောင်လည်းသေဆုံးခဲ့ပါတယ်။
'' ကျွန်တော်တို့က ကျန်နေတဲ့ ဝက်ဝံ ၅ကောင်ကို အရင်ကတည်းကလည်းပို့ထားတဲ့ ၁၁၅ မိုင်ကို ပို့ဖို့လုပ်ပေမယ့်အာဏာပိုင်အဖွဲ့အစည်းကလက်မခံပဲ နေပြည်တော်တိရစ္ဆာန်ရုံကိုပဲပို့ပါဆိုလို့ပို့လိုက်ရတာပါ။ Pioneer 115 မိုင်က အကူအညီနဲ့ပို့ဆောင်ပေးခဲ့တာပါ '' လို့လိုက်ပါကူညီရာမှာပါဝင်တဲ့တောင်ငူနာရေးကူညီမှုအသင်းကတာဝန်ရှိသူ ကိုလှမျိုးဝင်း(မြန်မာစာ) ကဘီဘီစီကိုပြောပါတယ်။
ကျန်ရှိနေတဲ့ ဝက်ဝံ ၅ကောင်ကိုတော့ ပြီးခဲ့တဲ့ ဧပြီ ၁၂ ရက်နေ့မှာနေပြည်တော် တိရစ္ဆာန်ဥယျာဉ်ကို ပို့ဆောင်လိုက်ပြီဖြစ်တယ်လို့လိုက်ပါကူညီပေးခဲ့တဲ့ သူတွေက သူတို့ရဲ့လူမှုကွန်ရက်မှာရေးသားဖော်ပြထားပါတယ်။
သေဆုံးသွားတဲ့ ဝက်ဝံနှစ်ကောင်အပါအဝင်အခုနေပြည်တော်တိရစ္ဆာန်ဥယျာဉ်ကိုပို့ဆောင်လိုက်ရတဲ့ ဝက်ဝံတွေကိုတော့ တောင်ငူမြို့မှာရှိနေတဲ့ အနှိုင်းမဲ့အကြင်နာပရဟိတမှာဦးကိုကိုအောင်က ငယ်စဉ်ကတည်းက မွေးမြူစောင့်ရှောက်ထားခဲ့တာဖြစ်ပါတယ်။
ကျန်ရှိနေတဲ့ ဝက်ဝံ ၅ကောင်ကိုတော့ ပြီးခဲ့တဲ့ ဧပြီ ၁၂ ရက်နေ့မှာနေပြည်တော် တိရစ္ဆာန်ဥယျာဉ်ကို ပို့ဆောင်လိုက်ပြီဖြစ်တယ်လို့လိုက်ပါကူညီပေးခဲ့တဲ့ သူတွေက သူတို့ရဲ့လူမှုကွန်ရက်မှာရေးသားဖော်ပြထားပါတယ်။
သေဆုံးသွားတဲ့ ဝက်ဝံနှစ်ကောင်အပါအဝင်အခုနေပြည်တော်တိရစ္ဆာန်ဥယျာဉ်ကိုပို့ဆောင်လိုက်ရတဲ့ ဝက်ဝံတွေကိုတော့ တောင်ငူမြို့မှာရှိနေတဲ့ အနှိုင်းမဲ့အကြင်နာပရဟိတမှာဦးကိုကိုအောင်က ငယ်စဉ်ကတည်းက မွေးမြူစောင့်ရှောက်ထားခဲ့တာဖြစ်ပါတယ်။
ခင်ဦးမှာ စစ်ကောင်စီစခန်းချတဲ့နေရာတွေကို ဒေသကာကွယ်ရေးတပ်တွေ ပူးပေါင်းတိုက်ခိုက်, နှစ်ဖက်အထိအခိုက်အကျအဆုံးတွေရှိတယ်လို့ဆို
စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်ထဲက ခင်ဦးမြို့မရဲစခန်းမအပါအဝင် ကျေးရွာတွေအတွင်း စခန်းချနေတဲ့ စစ်ကောင်စီတပ်တွေကို မနေ့ဧပြီ ၁၄ သင်္ကြန်အကျနေ့က ဒေသကာကွယ်ပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ခင်ဦးသတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်လာပါတယ်။
မနေ့ဧပြီ ၁၄ နေ့လယ်ပိုင်းကစပြီး ခင်ဦးရဲစခန်းနဲ့အတူ စစ်ကောင်စီလက်အောက်ကအရပ်ခေါ် ပျူစောထီးအဖွဲ့တွေရှိနေတဲ့ ပျဉ်ထောင်ရွာ၊ မဒေါင်းလှရွာတွေကိုဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။
ဒါ့အပြင် အဲဒီနေ့လယ်ပိုင်းမှာပဲ Royal Tiger Guerrilla Force အဖွဲ့က ခင်ဦးမြို့နယ်ရဲစခန်းထဲကို ဒရုန်းနဲ့တိုက်ခိုက်မှုလုပ်ခဲ့ပြီး ရဲတပ်သား ၃ဦးသေဆုံးတယ်လို့လည်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ဒီတိုက်ခိုက်မှုတွေကိုတော့ ဒေါင်းစစ်သည်ခင်ဦးအဖွဲ့၊ KSO (khin U Support Organization) အဖွဲ့ဝင်တွေနဲ့အတူ မဟာမိတ်အဖွဲ့တွေပူးပေါင်း တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့အဖွဲ့တွေကထုတ်ပြန်ပါတယ်။
မနေ့ဧပြီ ၁၄ ရက်နေ့လယ်ပိုင်းကနေ ညပိုင်းအထိလုပ်ခဲ့တဲ့ ဒီပူးပေါင်းတိုက်ခိုက်မှုမှာတော့ စစ်ကောင်စီလက်အောက်ကအဖွဲ့ဝင် ၉ ဦးထက်မနည်းသေဆုံးနိုင်ပြီး စစ်ကောင်စီတပ်တွေရဲ့လိုက်လံပစ်ခတ်မှုကြောင့် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦးလည်းသေဆုံးခဲ့တယ်လို့ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးကထုတ်ပြန်ထားပါတယ်။
စစ်ကိုင်းတိုင်းထဲက ခင်ဦးမြို့နယ်အတွင်းမှာတော့ စစ်အာဏာသိမ်းပြီး နောက်ပိုင်းအခုလို နှစ်ဖက်တိုက်ပွဲတွေရှိသလို စစ်ကောင်စီတပ်တွေ ကျေးရွာတွေအတွင်းဝင်ရောက်ပစ်ခတ်တာတွေနဲ့ဒေသခံနေအိမ်တွေ မီးရှို့ခံရတာတွေ အရပ်သားသေဆုံးမှုတွေလည်းရှိတဲ့အကြောင်း ဒေသခံတွေကပြောဆိုထားပါတယ်။
စစ်ကောင်စီကတော့ ခင်ဦးမြို့နယ်မှာဖြစ်ခဲ့တဲ့ မနေ့ဧပြီ ၁၄ ကတိုက်ပွဲတွေနဲ့ပတ်သက်လို့သတင်းထုတ်ပြန်လာတာမရှိသေးပါဘူး။
မန္တလေးမှာသင်္ကြန်ပါတီလုပ်တဲ့ Bar အနီး ပစ်ခတ်ဖောက်ခွဲခံရ
မန္တလေး၊ ချမ်းအေးသာစံမြို့နယ်ထဲမှာ သင်္ကြန်ပါတီလုပ်နေတဲ့ Zeus Bar အနီးမှာ ဒီကနေ့ ဧပြီ ၁၅ရက် သင်္ကြန်အကြတ်နေ့မနက်ပိုင်း ကပေါက်ကွဲမှုတစ်ခုဖြစ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
မန္တလေးမြို့ပြပြောက်ကျားအဖွဲ့တစ်ခုဖြစ်တဲ့ Mandalay Ranger Force အဖွဲ့ကတော့ အဲဒီပေါက်ကွဲမှုဟာ သူတို့အဖွဲ့က လုပ်တာဖြစ်ကြောင်း ရုပ်သံမှတ်တမ်းနဲ့အတူထုတ်ပြန်လာပါတယ်။
နိုင်ငံတဝန်းစစ်ဘေးကြုံနေရချိန် စစ်ကောင်စီကိုအခွန်ပေးဆောင်နေတဲ့နေရာတွေကို သတိပေးတာဖြစ်တယ်လို့အဖွဲ့ကထုတ်ပြန်ထားပါတယ်။
ပေါက်ကွဲမှုဖြစ်ခဲ့တဲ့ ချမ်းအေးသာစံမြို့နယ်ထဲက ၅၅လမ်းနဲ့ လမ်း ၃၀ထောင့်မှာရှိတဲ့ Zeus Bar ကိုဘီဘီစီကဆက်သွယ်မေးကြည့်ရမှာတော့ သူတို့ Bar ရှိတဲ့နေရာနဲ့ ၁ လမ်းကျော်မှာဖြစ်တာလို့ပြောပါတယ်။
သင်္ကြန်ပွဲ ၄ရက်အတွက် ပါတီပွဲတွေကျင်းပဖို့ကြေညာထုတ်ပြန်ထားတဲ့ သူတို့Bar မှာလည်း လုံခြုံရေးအပြည့်ချထားတယ်လို့ဆိုပါတယ်။
မြို့ပြပြောက်ကျားအဖွဲ့ တစ်ခုဖြစ်တဲ့ Mandalay Ranger Force ကတော့သင်္ကြန်အတွင်းမှာ စစ်ကောင်စီကိုအခွန်ပေးဆောင်ပြီး ပါတီတွေလုပ်နေတဲ့ Bar နဲ့နိုက်ကလပ်တွေကို အခုလို သတိပေးဖောက်ခွဲမှုတွေဆက်လုပ်သွားမယ်လို့ထုတ်ပြန်ပါတယ်။
အခုသင်္ကြန်ကာလကိုတော့ စစ်ကောင်စီက စည်ကားအောင်လုပ်ဆောင်နေသလို တဖက်မှာလည်း တော်လှန်ရေးအင်အားစုတွေနဲ့မြို့ပြပြောက်ကျားအဖွဲ့တွေက စစ်ကောင်စီရဲ့သင်္ကြန်မှာမပါဖို့သတိပေးတိုက်တွန်းတာတွေလုပ်နေပါတယ်။
နိုင်ငံတဝန်းမှာ မြို့ကြီးတွေအပါအဝင်တိုင်းဒေသကြီးတွေမှာတော့ ဒီကနေ့ဧပြီ ၁၅ ရက် သင်္ကြန်အကြတ်နေ့ရောက်တဲ့အထိ သင်္ကြန်ပွဲတော်ထွက်ရောက်လည်ပတ်သူမရှိသလောက် နည်းတာကိုတွေ့ရပါတယ်။
လေးကေ့ကော်က KNLA ပူးပေါင်းအဖွဲ့စခန်းတွေကို စစ်ကောင်စီထိုးစစ်ဆင်, တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က ပြန်ဆုတ်ခွာသွားတယ်လို့ဆို
ကရင်ပြည်နယ်၊ မြဝတီ ၊လေးကေ့ကော်မြို့သစ် အနီးမှာ မနေ့ဧပြီ ၁၄ ရက်နေ့ညပိုင်းက စစ်ကောင်စီနဲ့ဒေသကာကွယ်ရေးတပ်တွေကြားတိုက်ပွဲဖြစ်ခဲ့ပြီး တိုက်ပွဲမှာ စစ်ကောင်စီတပ်သားအများအပြား ကျဆုံးခဲ့တယ်လို့ KNLA (ကော်ဘရာစစ်ကြောင်း) က ထုတ်ပြန်လာပါတယ်။
မနေ့ဧပြီ ၁၄ ရက်မှာ KNU တပ်မဟာ ၆ နယ်မြေထဲက လေးကေ့ကော် ဒေသအခြေစိုက် KNLA ပူးပေါင်းတပ်တွေရှိတဲ့နေရာကို စစ်ကောင်စီတပ်တွေဘက်က ထိုးစစ်ဆင်လာတာဖြစ်ပြီး လက်နက်ကြီးပစ်ကူတွေနဲ့ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ KNLA ပူးပေါင်းတပ် (ကော်ဘရာစစ်ကြောင်း)ကဆိုပါတယ်။
ဒါကြောင့် တန်ပြန်တိုက်ခိုက်မှုတွေလုပ်ခဲ့ပြီး စစ်ကောင်စီဘက်က အထိအခိုက်အကျအဆုံးများကာပြန်ဆုတ်ခွာသွားတယ်လို့ မြေပြင်သတင်းရင်းမြစ်ကပြောပါတယ်။
'' အရင်ရက်တွေက လေးကေ့ကော်ရပ်ကွက်တွေထဲ နယ်မြေရှင်းလင်းရေးလုပ်တယ်။ ဗုံးသီးတွေ ပျက်စီးတာတွေရှင်းလင်းရင်း ပြောက်ကျားပစ်ခတ်မှုတွေလည်းရှိတယ်။ ညက ၁၁ နာရီထိုးကာနီးလောက်မှာ မြေပြင်စစ်ကြောင်း ထိုးတက်လာပြီး စွယ်တော်အမြှောက်ကုန်းဘက်ကနေရော လက်ခတ်တောင် BGF ကုန်းဘက် ကနေရော လက်နက်ကြီးတွေနဲ့ပြိုင်တူ စပစ်တယ်။ အင်အား ၁၀၀ ကျော်လောက်နဲ့ပစ်တာ ကိုတန်ပြန်တိုက်ခိုက်တာကြောင့် သူတို့ဘက်က အကျအဆုံးများလာပြီး မနက် ၃ နာရီလောက်မှာပစ်တာရပ်ပြီးနောက်ပြန်ဆုတ်သွားတယ် '' လို့KNlA ပူးပေါင်းအဖွဲ့ သတင်းအရင်းအမြစ်က ပြောပါတယ်။
တိုက်ပွဲမှာ စစ်ကောင်စီတပ်သားအထိအခိုက်အကျအဆုံး ရှိပေမဲ့ အရေအတွက်ကိုတော့ အတိအကျမသိရဘူးလို့သတင်းရင်းမြစ်ကဆိုပါတယ်။
ဒ
ါ့အပြင် စစ်ကောင်စီဘက်က ကျည်ဆံ၊လက်နက်ကြီးကျည်တချို့နဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေကိုတော့ ဒီကနေ့ဧပြီ ၁၅ ရက်မနက်ပိုင်းမှာ သိမ်းဆည်းရမိတယ်လို့ဆိုပါတယ်။
လေးကေ့ကော်ဒေသထဲမှာတော့ ပြီးခဲ့တဲ့ ၂၀၂၁ ဒီဇင်ဘာ ၁၅ ကစပြီးအခု ဧပြီလ အထိ တိုက်ပွဲတွေ ဖြစ်နေတာပါ။
တိုက်ပွဲတွေဧရိယာထဲမှာရှိတဲ့ ကျေးရွာပေါင်း ၁၀ ရွာက ဒေသခံ ၁၂၀၀၀ ကျော်လောက်ဟာ စားနပ်ရိက္ခာနဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေ လိုအပ်နေတယ်လို့ဒေသခံတွေကပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ပစ်ခတ်တာတွေ၊ လေကြောင်းကနေဗုံးကျဲ တိုက်ခိုက်တာတွေကြောင့် ဒေသခံနေအိမ်တွေအပြင် တောင်ယာစိုက်ခင်းတွေ၊ စာသင်ကျောင်းတွေအပြင်ကျန်းမာရေးဆေးခန်းတွေလည်းပျက်စီးခဲ့တယ်လို့KNLA ပူးပေါင်းတပ်များ နယ်မြေရှင်းလင်းရေး လုပ်ဆောင်ရာမှာပါဝင် တဲ့ တပ်ဖွဲ့ဝင်တွေကပြောပါတယ်။
လေးကေ့ကော်ဒေသတိုက်ပွဲတွေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ ဒီကနေ့ မနက်ပိုင်း ၉နာရီအထိထုတ်ပြန်တာမရှိသေးပါဘူး။
သင်္ကြန်အကျနေ့ သင်္ကြန်ပွဲတော် ကာလနဲ့မတူ
ဆောမြို့နယ်မှာ စစ်ကောင်စီ လေကြောင်း တိုက်ခိုက်