ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

ဒေါ်အောင်ဆန်းစုကြည် အဂတိမှုနဲ့ ထောင် ၅ နှစ်ချမှတ်ခံရ

ဒေါ်အောင်ဆန်းစုကြည်ကတော့ မဟုတ်မမှန်စွပ်စွဲခံရတာဆိုပြီး အခုလိုထောင်ဒဏ်ချမှတ်ခံရတာနဲ့ပတ်သက်ပြီး မှတ်ချက်ပြုသလို အမှုအတွက် အယူခံဆက်တက်ဖို့ရှိတယ်ဆိုလို့လည်း ဘီဘီစီက သိရှိရပါတယ်။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. သဖန်းဆိပ်ဆည်အနောက်ဘက်ခြမ်း ရွာတွေမှာ စစ်ကောင်စီတပ်က ရွာသား ၁၀ ဦးကို ဖမ်းဆီးတယ်လို့ ဒေသခံတွေပြော, ကျေးရွာ ၂ ရွာက နေအိမ် ၃၀ နီးပါး မီးရှို့ခံထားရ

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်ထဲက သဖန်းဆိပ်ဆည်အနောက်ဘက်ခြမ်းက ကျေးရွာတွေကို စစ်ကောင်စီတပ်ဖွဲ့၀င်တွေက ရွာစဥ်နီးပါး ၀င်ရောက်နေတယ်လို့ ဒေသခံတွေက ဘီဘီစီကိုပြောပါတယ်။

    ပြီးခဲ့တဲ့ ဧပြီလ ၁၇ ရက်မှာ စစ်ကောင်စီတပ်ဖွဲ့၀င်တွေက ဆည်အနောက်ဘက်က ‌ဝေလမူနဲ့ ကုန်းစည်းကျေးရွာတို့ကို ၀င်ရောက်ချိန် ကုန်းစည်းရွာက နေအိမ် ၇ လုံးနဲ့ ‌ဝေလမူရွာက နေအိမ် ၂၂ လုံး မီးရှို့ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    ''အရပ်သားဖမ်းသွားတာလည်းရှိတယ်။ ကုန်းစည်းရွာက ၂ ဦးနဲ့ ညောင်ကောက်ရွာမှာ တောထဲ စစ်ရှောင်တဲ့ အမျိုးသား ၈ ‌ဦးအဖမ်းခံလိုက်ရတာရှိတယ်။ အဲဒီစစ်ကြောင်းက ဒီဘက်ကို ၀င်တာ ၁ လနီးပါးရှိနေပြီ'' လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

    စစ်ကောင်စီတပ်ဖွဲ့၀င်တွေဟာ ကျေးရွာတွေကို ရွာစဥ်ဝင်နေပြီး လက်ရှိမှာ အင်လှနဲ့ အေးချမ်းသာကျေးရွာဘက်ကို ရောက်နေတယ်လို့ ကျွန်းလှဒေသခံတွေကပြောပါတယ်။

    ဒေသခံတွေကတော့ အခုရွာတွေမှာ ဒေသကာကွယ်ရေးတပ်တွေနဲ့တိုက်ပွဲမဖြစ်ဘဲ စစ်တပ်အခေါ် နယ်မြေရှင်းလင်းရေးအနေနဲ့ ဆည်အနောက်ဘက်ခြမ်းရွာတွေကို အခုလို ၀င်ရောက်နေတာဖြစ်နိုင်တယ်လို့ ‌ပြောဆိုနေကြပါတယ်။

    လက်ရှိမှာ စစ်ကောင်စီတပ်၀င်ရောက်တဲ့ကျေးရွာတွေကနေ စစ်ရှောင်သူတွေဟာ ရွာနီးနားချင်းတွေက အချင်းချင်းကူညီမျှ‌ဝေတာနဲ့ရပ်တည်နေရတယ်လို့ သိရပါတယ်။

    သဖန်းဆိပ်ဆည် အနောက်ဘက်ခြမ်းကရွာတွေအပေါ် စစ်ကောင်စီတပ်တွေရဲ့ လုပ်ဆောင်မှုတွေနဲ့ပတ်သတ်ပြီး စစ်ကောင်စီပြန်ကြားရေးဘက်က တစုံတရာထုတ်ပြန်လာတာတော့ မရှိသေးပါဘူး။

  2. ရွှေဂုံတိုင်လမ်းပေါ်က The One ဖျော်ဖြေရေးရုံနဲ့ တာမွေမြို့နယ်က မြတ်မေတ္တာမွန်စက်သုံးဆီဆိုင်တို့ ဗုံးပစ်ခံရ

    ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်လမ်းမပေါ်မှာရှိတဲ့ The One ဖျော်ဖြေရေးရုံနဲ့ တာမွေမြို့နယ်၊ အရှေ့မြင်းပြိုင်ကွင်းလမ်းပေါ်က မြတ်မေတ္တာမွန် စက်သုံးဆီဆိုင်တို့ ဒီနေ့ ဧပြီလ ၁၉ ရက် မနက်ပိုင်းမှာ ဗုံးပစ်ခံခဲ့ရတယ်လို့ သိရပါတယ်။

    ဗဟန်းမြို့ပြပြောက်ကျားအဖွဲ့ကတော့ အဲဒီတိုက်ခိုက်မှုတွေကို သူတို့လုပ်ဆောင်တာလို့ သတင်းထုတ်ပြန်ပါတယ်။

    ပေါက်ကွဲမှုတွေကြောင့် လူထိခိုက်မှုမရှိဘူးလို့သိရပါတယ်။

    ပြောက်ကျားအဖွဲ့ကတော့ The One ဖျော်ဖြေရေးရုံဟာ ပတ်၀န်းကျင်အနှောက်အယှက် ဖြစ်စေတာ နဲ့ မြတ်မေတ္တာမွန်ဆီဆိုင်ဟာ စစ်ကောင်စီရဲ့ထောက်တိုင်ဖြစ်တာကြောင့် ဗုံးနဲ့ပစ်ခဲ့တာလို့ အဲဒီအဖွဲ့က ‌ပြောပါတယ်။

    စစ်ကောင်စီကို အခွန်ငွေ ပေးတယ်ဆိုတဲ့စွပ်စွဲချက်နဲ့ အာဏာသိမ်းမှုဖြစ်ပြီးနောက်ပိုင်းကစလို့ ရန်ကုန်မြို့က ဘားတွေနဲ့ နိုက်ကလပ်အချို့ဟာ မြို့ပြပျောက်ကျားအဖွဲ့တွေရဲ့ ပစ်မှတ်ထား ဖောက်ခွဲတာတွေကို​ခံရတာလည်းရှိနေပါတယ်။

    တဖက်မှာလည်း မြတ်မေတ္တာမွန် စက်သုံးဆီအရောင်းဆိုင်တစ်ချို့ဟာ အလားတူ ပစ်မှတ်ထား တိုက်ခိုက်ခံခဲ့ရဖူးပေမဲ့ မြတ်မေတ္တာမွန်ကုမ္ပဏီကတော့ စစ်ကောင်စီထောက်တိုင်ဖြစ်တယ်ဆိုတဲ့ ပြောဆိုချက်တွေကို အာဏာသိမ်းတဲ့အစောပိုင်းကာလတွေကတည်းက ငြင်းဆိုထားပါတယ်။

  3. ရွာအတွင်းက သိန်းရာချီတန်ရိက္ခာတွေလုယူခံရတယ်လို့ နှမ်းခါးရွာခံတွေပြော, ဂန့်ဂေါ၊ နှမ်းခါးရွာက အသက် (၆၇)နှစ်အရွယ် အမျိုးသားတစ်ဦးအသတ်ခံရ

    မနေ့ဧပြီ (၁၈)ရက်မနက် (၁၁)နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပြည်သူ့စစ်အဖွဲ့တွေဟာ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ နှမ်းခါးရွာကို ဝင်ရောက်လာခဲ့ပြီး ရိက္ခာတွေယူဆောင်သွားခဲ့တယ်လို့ ရွာခံတွေကဘီဘီစီကိုပြောပါတယ်။

    ရွာဘုန်းကြီးကျောင်းဝင်းအတွင်းထားရှိတဲ့ ဆီပိဿာ (၈၀၀)ခန့်၊ နေကြာတင်း (၁၀၀)၊ မြေပဲတင်း (၅၀)၊ ဆန်ဆီတွေအပါအဝင် တန်ဖိုးကြီးပစ္စည်းတွေယူဆောင်ခံရတယ်လို့ ကိုယ်တိုင်ကြုံတွေ့ခံရသူတွေက ဆိုပါတယ်။

    ဒါ့အပြင် အသက် (၆၇)နှစ်အရွယ်အမျိုးသားတစ်ဦးအသတ်ခံခဲ့ရတယ်လို့ သိရပါတယ်။ "နှမ်းခါးရွာဆန္ဒပြလို့လာရှာတယ်လို့အကြောင်းပြချက်ရှာတာ၊ အမှန်ကသူတို့မှာရိက္ခာပြတ်နေလို့ရိက္ခာလာလုတာ။ အကုန်ကိုယူသွားကြတယ်၊ မလိုချင်တာတွေကိုကျ မီးရှို့ခဲ့တယ်။ သိန်းရာနဲ့ချီကိုဆုံးရှုံးခဲ့ရတာပါ"လို့ နှမ်းခါးရွာခံတစ်ဦးက ‌ပြောပါတယ်။

    အာဏာသိမ်းပြီးနောက်ပိုင်း နှမ်းခါးရွာဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဝင်ရောက်ရှာဖွေတာကို ဆယ်ကြိမ်ထပ်မနည်းရင်ဆိုင်ခဲ့ရပြီး နေအိမ်မီးရှို့ခံရတာတွေအပြင် လေကြောင်းနဲ့တိုက်ခိုက်တာ‌အထိပါ ရင်ဆိုင်ခဲ့ရပါတယ်။

    ဒါကြောင့် တစ်ရွာလုံးနီးပါးစစ်ရှောင်နေခဲ့ကြရပြီး ရွာအတွင်းပြန်ဝင်ရောက်နေထိုင်တာ လအနည်းငယ်သာရှိချိန်မှာ အခုလိုရိက္ခာတွေ ထပ်မံယူဆောင်ခံရတာလို့ ဒေသခံတွေကပြောပါတယ်။ အခုဖြစ်စဉ်နဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ ဒီကနေ့နေ့လယ် (၂)နာရီဝန်းကျင်အထိ တစုံတရာသတင်းထုတ်ပြန်လာတာမရှိသေးပါဘူး။

  4. မလေးရှားက အထောက်ထားမဲ့ မြန်မာအလုပ်သမားတွေဆက်တိုက်ဖမ်းခံနေရ

    မလေးရှားနိူင်ငံ၊ ပဲရပ်ပြည်နယ်၊ ဟူတာမလင်တန်မြို့နယ်က အထောက်အထားမဲ့ မြန်မာနိုင်ငံသားတွေ ဒီရက်ပိုင်းမှာ ဆက်တိုက်ဖမ်းဆီးခံနေရတယ်လို့ မြန်မာလူမှုကူညီရေးအသင်း မလေးရှားရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

    မလေးရှားနိူင်ငံ၊ ပဲရပ်ပြည်နယ်၊ ဟူတာမလင်တန်မြို့နယ်မှာ မြန်မာရေလုပ်သားအများဆုံးနေထိုင်ကြတာရှိပြီး အထောက်အထားမဲ့ အလုပ်လုပ်ကိုင်နေသူအများအပြားရှိနေတဲ့ နေရာလည်းဖြစ်တယ်လို့ ကူညီ‌ရေးအသင်းရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။

    မလေးရှားနိုင်ငံအတွင်းရောက်ရှိနေတဲ့ အထောက်ထားမဲ့ နိုင်ငံခြားသားတွေအနေနဲ့ မူလရောက်ရှိနေတဲ့ နေရာကနေ မိမိမူလနေရပ်ကို လာမယ့် ဇွန်လနောက်ဆုံးထားပြီး ပြန်ကြဖို့ကိုလည်း မလေးရှားအစိုးရက ထုတ်ပြန်ထားတယ်လို့ အသင်းထံကသိရပါတယ်။

    အဲဒီသတ်မှတ်တဲ့အချိန်နီးလာတာနဲ့ အမျှ ဖမ်းဆီးစိစစ်မှုတွေကို မလေးရှားရဲ့ ဟိုင်း‌ဝေးလမ်းမကြီးတွေအပါအဝင် နေရာအများအပြားမှာ ဒီကာလအတွင်းဆက်တိုက်လုပ်နေတယ်လို့လည်းအသင်းတာဝန်ရှိသူတွေထံကသိရပါတယ်။

    ပြီးခဲ့တဲ့ ၂ရက်အတွင်း မလေးရှားနိူင်ငံ၊ ပဲရပ်ပြည်နယ်၊ ဟူတာမလင်တန်မြို့နယ်က အထောက်အထားမဲ့ မြန်မာနိုင်ငံသားအများစုအဖမ်းခံရပေမယ့် ဖမ်းဆီးခံထားရတဲ့ အရေအတွက် အတိအကျကိုတော့ အသင်းအနေနဲ့ ထုတ်ပြန်ပြောဆိုထားတာမရှိသေးပါဘူး။

  5. စက်သုံးဆီ ပြတ်လပ်မှု မရှိနိုင်ပေမယ့် ဝယ်ယူရတာအခက်အခဲရှိနေတယ်လို့ ‌ပြေ

    ပြည်တွင်းမှာ စက်သုံးဆီပြတ်လပ်တဲ့အထိတော့ မဖြစ်နိုင်ပေမယ့်၊ နိုင်ငံခြားကနေ စက်သုံးဆီ ဝယ်ယူရရှိမှု အခက်အခဲ‌ကြောင့် ပြန်လည်ဖြန့်ဖြူးရောင်းချရေးမှာ အခက်အခဲတွေ ဖြစ်နေတယ်လို့ မြန်မာနိုင်ငံစက်သုံးဆီ ရောင်းချဖြန့်ဖြူးရေးအသင်း အတွင်းရေးမှူး ဦးဝင်းမြင့်က ဘီဘီစီကိုပြောပါတယ်။

    နိုင်ငံခြားသုံးငွေရရှိမှု အခက်အခဲအပါအဝင် နိုင်ငံတကာအရေးကိစ္စတွေ ‌ကြောင့် စက်သုံးဆီ ဝယ်ယူရရှိရေးမှာ အခက်အခဲ ဖြစ်လာတာလို့ သူကပြောပါတယ်။

    အခုကာလကစလို့ တပတ်အတွင်း တနင်္လာ၊ ဗုဒ္ဓဟူး နဲ့ သောကြာနေ့တွေတိုင်းမှာ စက်သုံးဆီ တင်သွင်းသူတွေအတွက် နိုင်ငံခြားသုံးငွေကို ဗဟိုဘဏ်ကရောင်းချပေးဖို့ပြင်ဆင်နေတယ်လို့ သိထားရတာ‌ကြောင့် စက်သုံးဆီဝယ်ယူရေး လိုအပ်တဲ့ နိုင်ငံခြားသုံးငွေ ပြဿနာ ပြေလည်နိုင်မယ်လို့ လုပ်ငန်းရှင်တွေက မျှော်လင့်ထားကြပါတယ်။

    "ပြတ်လပ်တဲ့အနေအထားထိရှိမယ်လို့တော့ မထင်ပါဘူး။ အခက်အခဲတွေကို သက်ဆိုင်ရာနဲ့ လုပ်ငန်းရှင်တွေနဲ့ ညှိနှိုင်းပြီးတော့ အခက်အခဲတွေကို ဖြေရှင်းသွားနိုင်မယ်ထင်ပါတယ်" လို့ ဦးဝင်းမြင့်က ဘီဘီစီကိုပြောပါတယ်။

    လက်ရှိ ရန်ကုန်အပါအဝင် နေရာအများအပြားမှာ စက်သုံးဆီကို ကန့်သတ်ပမာဏနဲ့ ရောင်းချတာမျိုးတွေလည်း မနေ့ကစလို့ ရှိလာတာ‌ကြောင့် ပြည်တွင်းစက်သုံးဆီ ပြတ်လပ်မှာကို ‌နိုင်ငံအတွင်း စိုးရိမ်မှုရှိလာကြတာပါ။

    ဒီကနေ့ မနက်ပိုင်းကစလို့ ရန်ကုန်မြို့တွင်းက စက်သုံးဆီဆိုင်အချို့မှာ စက်သုံးဆီအမျိုးအစားအချို့ ရောင်းချနိုင်ခြင်းမရှိတာမျိုးလည်း ဖြစ်လာတာကို စက်သုံးဆီသွားရောက်ဝယ်ယူသူတွေ ထံကသိရပါတယ်။အချို့ ‌စက်သုံးဆီဆိုင်တွေမှာဆိုရင်လည်း ပမာဏကန့်သတ်ရောင်းချတာမျိုးတွေလည်း ရှိလာပါတယ်။

    လုပ်ငန်းရှင်တွေက လက်ရှိစက်သုံးဆီ ရောင်းစျေးနဲ့ ပြန်လည်ဝယ်ယူရမယ့်စျေးက ကွာခြားမှုရှိ နေတာ‌ကြောင့်လည်း ဝယ်ယူရေးအတွက် အခက်အခဲရှိနေတယ်လို့ ဆိုကြပါတယ်။

    ဒါပေမယ့် ဧပြီလ ၁၉ရက်နေ့ စက်သုံးဆီစျေးတွေက အောက်တိန်း ၉၅ တစ်လီတာကို ၂၀၀၀ ကနေ ၂၂၀၀ ကျပ်နဲ့ ရောင်းချနေသလို ၉၂ ‌အောက်တိန်းတစ်လီတာကို ၁၉၀၀ ကနေ ၂၀၀၀ ကျပ်အတွင်း ရောင်းချနေတာ ဖြစ်ပါတယ်။

    နိုင်ငံအနှံ့က စက်သုံးဆီဝယ်ယူရတဲ့ အခက်အခဲ သို့မဟုတ် အတွေ့အကြုံ အပါအဝင် ကန့်သတ်ချက်နဲ့ ရောင်းချပေးခြင်းရှိမရှိ၊ စက်သုံးဆီစျေးက နေရာအလိုက်ကွဲပြားခြားနားမှု စတာတွေကို ဘီဘီစီပရိတ်သတ်တွေအနေနဲ့ အခုသတင်း‌မှာ ရေးသားမျှ‌ဝေပြောပြနိုင်ပါတယ်။

  6. ဒူးပလာယာခရိုင်အတွင်းက တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က ၉၀ နီးပါးသေဆုံးတယ်လို့ KNU ပြော

    ကရင်အမျိုးသားအစည်းအရုံး- ကေအဲန်ယူ တပ်မဟာ ၆ နယ်မြေ၊ ဒူးပလာယာခရိုင်ထဲက ကော့ကရိတ်မြို့နယ်ထဲမှာ ပြီးခဲ့တဲ့ ၁၅ ရက်အတွင်းဖြစ်ခဲ့တဲ့တိုက်ပွဲတွေကြောင့် စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ နယ်ခြားစောင့်တပ် တပ်ဖွဲ့၀င် ၈၇ ဦးသေဆုံးတယ်လို့ ကေအဲန်ယူဘက်က ဧပြီလ ၁၈ ရက်မှာ သတင်းထုတ်ပြန်လာပါတယ်။

    ဒူးပလာယာခရိုင်ထဲက ကော့ကရိတ်မြို့နယ်ထဲမှာတိုက်ပွဲ အများဆုံးဖြစ်ခဲ့တာဖြစ်ပြီး အဲဒီတိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က လေယာဥ်နဲ့ ပစ်ခတ်တဲ့အထိ ပြင်းထန်ခဲ့တယ်လို့ လည်း ထုတ်ပြန်ပါတယ်။

    အဲဒီတိုက်ပွဲတွေမှာ ကေအဲန်ယူရဲ့ ကရင်အမျိုးသားလွတ်‌မြောက်ရေးတပ်(KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO)နဲ့ ပူးပေါင်းတပ်တွေဘက်က ၁၂ ဦးသေဆုံးပြီး ၁၇ ဦး ဒဏ်ရာရခဲ့တယ်လို့ဆိုပါတယ်။

    ဒါ့အပြင် ပြီးခဲ့တဲ့ ၁၅ ရက်အတွင်း တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က ကျေးရွာတွေထဲကို လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ပြည်သူ ၄ ဦးသေဆုံးပြီး ၈ ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာပါရှိပါတယ်။

  7. စိတ်ကြွဆေးပြား ၁၀ သန်းကို ရန်ကုန်-မန္တလေးအမြန်လမ်းပေါ်မှာ ဖမ်းမိတယ်လို့ စစ်ကောင်စီ သတင်းထုတ်ပြန်

    ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်မှာ မြန်မာကျပ်ငွေ ၁၅ ဘီလျံတန်ဖိုးရှိတဲ့ စိတ်ကြွရူးသွပ်ဆေးပြား ၁၀ သန်းကို ဖမ်းမိတယ်ဆိုပြီး စစ်ကောင်စီလက်အောက် နိုင်ငံပိုင် မီဒီယာတွေကနေ ဒီနေ့ ဧပြီလ ၁၈ ရက် ညနေပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။

    မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်ထဲက အမြန်လမ်း မိုင်တိုင်အမှတ် ၂၈၄/၅ မှာ ရှေ့နောက် ဆင့်မောင်းလာတဲ့ ပရာဒို ကား ၂ စီးကို စစ်ကောင်စီလက်အောက် ရဲတပ်ဖွဲ့က ဧပြီလ ၁၃ ရက်မှာ စစ်ဆေးချိန် အဲဒီမူးယစ်ဆေး၀ါးတွေကို တွေ့ခဲ့တာလို့ ဆိုပါတယ်။

    မန္တလေးကနေ ရန်ကုန်ကို ပို့ဖို့ သယ်ယူလာချိန် ဆေးတွေနဲ့အတူ ဖမ်းမိတဲ့ အမျိုးသား ၃ ဦးကို အရေးယူထားပြီး ဆက်စပ်သူတွေကို ဖမ်းမိဖို့ ကြိုးပမ်းနေတယ်လို့လည်း ဆိုပါတယ်။

  8. ပြည်သူတွေအချင်းချင်းကြားမှာ ညီညွတ်ဖို့ ဒေါ်အောင်ဆန်းစုကြည်ပြော, ပြင်ပကနိုင်ငံရေးအခြေအနေတွေနဲ့ပတ်သက်ပြီး မှတ်ချက်ပေးတာမရှိဘူးလို့ သိရ

    ဒီကနေ့ဧပြီ (၁၈)ရက်မနက်ပိုင်းက နေပြည်တော်အထူးတရားရုံးမှာလုပ်တဲ့ ရုံးချိန်းမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြည်သူတွေအချင်းချင်းကြားမှာ အားလုံးညီညွတ်ကြဖို့လိုသလို အမြင်မတူတာက ပြဿနာမဟုတ်လို့ ဆွေးနွေးကြဖို့လိုတယ်လို့ ပြည်သူတွေကိုသာရည်ညွန်းပြီး မှတ်ချက်ပြုတယ်လို့ တရားရုံးနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းက သိရပါတယ်။

    ဒါပေမဲ့ လက်ရှိနိုင်ငံရေးအခြေအနေနဲ့ပတ်သက်ပြီးတစုံတရာမှတ်ချက်ပြုပြောတာမရှိဘူးလို့ ဆိုပါတယ်။ ဒီကနေ့ကြားနာစစ်ဆေးမှုမှာတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို ရန်ကုန်တိုင်းဝန်ကြီးချုပ်‌ဟောင်း ဦးဖြိုးမင်းသိန်းကနေ ရွှေနဲ့ဒေါ်လာတွေပေးတယ်ဆိုပြီး စွပ်စွဲခံထားရတဲ့အဂတိအမှုအတွက် အပြီးသတ်လျှောက်လဲချက်ပေးခဲ့ပါတယ်။

    အဲ့ဒီအမှုအတွက် လာမယ့် ဧပြီလ (၂၆)ရက်မှာတော့ အမိန့်ချဖို့ ရှိတယ်လို့ တရားရုံးအသိုင်းအဝိုင်းကပြောပါတယ်။

    ဦးဖြိုးမင်းသိန်းနဲ့ပတ်သက်တဲ့ အဂတိအမှုအတွက် အပြီးသတ်လျှောက်လဲချက်ပေးရာမှာတော့ စွပ်စွဲခံရသူဒေါ်အောင်ဆန်းစုကြည်ရဲ့ ‌ရှေ့နေဘက်က အခုတရားစွဲဆိုမှုဟာ ဥပဒေနဲ့မညီတဲ့အကြောင်း ထောက်ပြလျှောက်လဲခဲ့ပြီး တရားလိုပြသက်သေဖြစ်တဲ့ ဦးဖြိုးမင်းသိန်းကို ထိန်းသိမ်းထားတဲ့အခြေအနေ မှာ သူ့ရဲ့ပြောဆိုချက်ပေါ်မူတည်ပြီး တရားစွဲဆိုတာက ဥပဒေနဲ့မညီတဲ့အကြောင်းကိုလည်း ထည့်သွင်းလျှောက်လဲခဲ့တယ်လို့ သိရပါတယ်။

    ဒီကနေ့မှာစစ်ဆေးတဲ့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနဲ့ဆက်စပ်တဲ့ကျန်တဲ့အဂတိအမှု (၄)မှုအတွက်တော့ တရားလိုပြသက်သေတွေကို ဆက်စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။

    ရုံးချိန်းမှာတော့ ဒေါ်အောင်ဆန်းစုကြည်က အဖြူရောင်ရင်ဖုံးအင်္ကျီနဲ့ ရှမ်းရိုးရာအင်္ကျီအဖြူရောင်ကို အပေါ်ထပ်ဝတ်ဆင်ထားပြီး လန်းလန်းဆန်းဆန်းရှိသလို ကျန်းမာရေးလည်းကောင်းမွန်တယ်လို့ သိရပါတယ်။

  9. နိုင်ငံရဲ့ ၄၅ ရာခိုင်နှုန်းကို တော်လှန်ရေးအင်အားစုတွေနဲ့ တိုင်းရင်းသားမဟာမိတ်တွေကစိုးမိုးထားနိုင်ပြီလို့ NUG ဝန်ကြီးချုပ် ပြော

    တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေရဲ့ ထောက်ပံ့ကူညီမှုနဲ့ ပြည်သူ့စစ်မဟာဗျူဟာတပ်ဖွဲ့ (ပ.က.ဖ)တွေဖွဲ့စည်းထားတဲ့ ပ.က.ဖတွေဟာ တစ်နိုင်ငံလုံးရဲ့ ၁၅ရာခိုင်နှုန်းကိုလွှမ်းမိုးထားနိုင်ပြီဖြစ်သလို တိုင်းရင်းသားတော်လှန်ရေးမဟာမိတ်တွေကလည်း နိုင်ငံရဲ့ ၃၀ရာခိုင်နှုန်းကို စိုးမိုးထားပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ဒီကနေ့ဧပြီ (၁၈)ရက်မှာ ပြောပါတယ်။

    ဗဟိုကွပ်ကဲရေးနှင့်ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ(Central Command and Coordination Committee) ကိုဖွဲ့စည်းပြီး စစ်ဒေသကြီး (၃)ခုဖွဲ့စည်းကာ လက်နက်ကိုင်တော်လှန်ရေးအင်အားစုအသစ်တွေနဲ့ ရှိပြီးသားတပ်ဖွဲ့တွေပူးပေါင်းကာ စစ်ဆင်ရေးနဲ့ ပြည်သူ့ကာကွယ်ရေးဆိုင်ရာတွေပူးပေါင်း ဆောင်ရွက်နေတယ်လို့ ဒီကနေ့ပြုလုပ်တဲ့ ပြည်‌ထောင်စုလွှတ်တော်စတုတ္ထအကြိမ်အစည်းအဝေးကိုတင်သွင်းတဲ့ အစိုးရဖွဲ့စည်းခြင်း တစ်နှစ်ပြည့်အစီရင်ခံစာမှာ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အခုလိုထည့်သွင်းပြောခဲ့တာပါ။

    တန်းတူညီမျှရေး၊ ဖယ်ဒရယ်အရေးနဲ့ စစ်အာဏာရှင်နဲ့ လူမျိုးကြီးဝါဒဆန့်ကျင်ဖို့အတွက် နှစ်ပေါင်းများစွာ လက်နက်ကိုင်တော်လှန်နေ တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ အသစ်ပေါ်ပေါက်လာတဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေလက်တွဲညီညီပူးပေါင်းနိုင်ကြပြီလို့လည်း သူကဆက်ပြောပါတယ်။

    ဒါ့အပြင် ထိန်းချုပ်နယ်မြေတွေမှာ မဟာမိတ်တွေနဲ့အတူ မူဝါဒချမှတ်ပြီး ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပ.အ.ဖ)တွေနဲ့အတူ ပြည်သူ့ရဲတပ်ဖွဲ့တွေ တိုးချဲ့ ဖွဲ့စည်းနေပြီး ပြည်သူတွေရဲ့ အသက်အိုးအိမ်ကာကွယ်နိုင်ရေး၊ တရားဥပဒေစိုးမိုးရေးလုပ်ငန်းတွေကို ကော်မတီတွေစနစ်တကျဖွဲ့စည်းပြီး ဆောင်ရွက်နေ တယ်လို့ ဆိုပါတယ်။

    တဖက်မှာလည်း ပြည်သူ့ရင်ခွင်ကော်မတီဖွဲ့စည်းကာ စစ်ကောင်စီလက်အောက်ဆက်လက်အမှုမထမ်းလိုတဲ့ တပ်မတော်သားနဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ဘေးလွတ်ရာကိုစီမံဆောင်ရွက်ပေးနေတာလည်း အယောက် (၁၀၀၀၀)နီးပါးရှိနေပြီဖြစ်သလို အကြောင်းအမျိုးမျိုးကြောင့် အပြင်မထွက်လာနိုင်ဘဲ အတွင်းကနေချိတ်ဆက်တော်လှန်နေကြသူတွေလည်းရှိနေပြီလို့ ထည့်သွင်းပြောခဲ့တာတွေ့ရပါတယ်။

  10. လူသိများတဲ့စီးပွားရေးလုပ်ငန်းရှင် ဦးသိန်းထွန်း ကွယ်လွန်

    မြန်မာတိုင်းမ် သတင်းစာတိုက်ပိုင်ရှင်လည်းဖြစ်၊ ပြည်တွင်း ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်တစ်ဦးလည်းဖြစ်တဲ့ ဦးသိန်းထွန်းဟာ ဒီနေ့ ဧပြီလ ၁၈ ရက်မှာ ကွယ်လွန်သွားပြီလို့ မိသားစုနဲ့နီးစပ်သူတွေထံကသိရပါတယ်။

    ကွယ်လွန်ချိန်မှာ အသက် ၈၅ နှစ် ရှိပြီဖြစ်တဲ့ ဦးသိန်းထွန်းဟာ ပြည်တွင်းပုဂ္ဂလိကဆေးရုံတစ်ခုမှာ ဦးဆုံး ကုသမှုခံယူပြီးနောက် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ဆေးကုသမှုခံယူနေရင်း လူကြီးရောဂါနဲ့ ကွယ်လွန်ခဲ့တာလို့လည်း သိရပါတယ်။

    စစ်တပ်နဲ့နီးစပ်လို့ မြန်မာ့စီးပွားရေးလုပ်ငန်းမှာ ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်တစ်ဦးအနေနဲ့ ခေတ်အဆက်ဆက် ရပ်တည်နိုင်ခဲ့တာဆိုတဲ့ ‌ပြောဆိုဝေဖန်မှုတွေရှိပေမဲ့ ဦးသိန်းထွန်းကတော့ အဲဒီ‌ဝေဖန်မှုတွေကို ငြင်းဆိုခဲ့သူပါ။

    သူဟာ စာပေလောကမှာ ထင်ရှားတဲ့ စာပေဆုတွေထဲက တစ်ဆုဖြစ်တဲ့ ထွန်းဖောင်ဒေးရှင်းစာပေဆု တည်ထောင်သူလည်းဖြစ်ပါတယ်။

    ကမ္ဘာကျော် အချိုရည်အမှတ်တံဆိပ်ဖြစ်တဲ့ Pepsi ကို ၁၉၉၀ ကျော် ခုနှစ်တွေက မြန်မာနိုင်ငံကိုတင်သွင်းခဲ့လို့ Pepsi ဦးသိန်းထွန်းလို့ လူသိများပါတယ်။

    နောက်ပိုင်းမှာ ထွန်းကော်မာရှယ်ဘဏ်အဖြစ်နာမည်ပြောင်းလိုက်တဲ့ ထွန်းဖောင်ဒေးရှင်းဘဏ်ကို တည်ထောင်ခဲ့သူဖြစ်ပါတယ်။

    ကားလ်စဘတ် ဘီယာမှာလည်း ဖက်စပ်ပါဝင်ပြီး လေကြောင်းလိုင်း၊ကုန်ထုတ်လုပ်မှုကစလို့ အိမ်ခြံမြေနဲ့ဆောက်လုပ်ရေးလုပ်ငန်းတွေအထိ စီးပွားရေးလက်တံရှည်ပါတယ်။

    ၂၀၁၄ ခုနှစ်မှာ မြန်မာတိုင်းမ် ကို ဝယ်ယူခဲ့ပြီး ၂၀၂၁ ခုနှစ်၊ စစ်အာဏာသိမ်းမှုဖြစ်ပြီးနောက်ပိုင်း ထုတ်ဝေမှုရပ်နားထားခဲ့ရပါတယ်။

    မြန်မာတိုင်းမ် သတင်းစာကို အခုနှစ် ဧပြီလအတွင်း ပြန်လည်ထုတ်ဝေဖို့ စီစဥ်နေပေမဲ့ ဦးသိန်းထွန်းရဲ့ ကျန်းမာရေးကြောင့် နှောင့်နှေးခဲ့ရတယ်ဆိုပြီး သိရှိရတယ်လို့ မြန်မာတိုင်းမ်ဝန်ထမ်းဟောင်းတချို့က ဘီဘီစီကိုပြောပါတယ်။

  11. ပေါက်၊ ကင်းမရွာထပ်မံမီးရှို့ခံရ

    မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ကင်းမရွာကို ဒီကနေ့ဧပြီ (၁၈)ရက်၊ နေ့လယ်ပိုင်းမှာ စစ်ကောင်စီတပ်တွေထပ်မံဝင်ရောက်မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

    ဒါဟာတတိယအကြိမ်မီးလောင်ကျွမ်းတာဖြစ်ပြီး ‌မီးရှို့ခံရတဲ့နေအိမ်အလုံးရေအတိအကျမသိရသေးသလို ရွာခံတွေဖမ်းဆီးခံရတာရှိ၊ မရှိဆိုတာကိုလည်း မသိရသေးဘူးလို့ ထွက်ပြေးနေရတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

    "အစပိုင်းတွေရှို့ကတည်းက အိမ်ကရာချီပါနေပြီလေ။ အခုတစ်ကြိမ်ကရွာထဲလည်းအိမ်ကသိပ်မရှိတော့ဘူး။ မြေနီလမ်းဘက် အစွန်ကျတဲ့အိမ်တွေ အရှို့ခံရတယ်ထင်ပါတယ်။ မီးခိုးကတော့အရင်လောက်မများဘူး။ သူတို့တော့ရွာထဲမရှိတော့ဘူး၊ ‌အရှေ့ဘက်ကိုရွေ့သွားပြီ"လို့ ‌မြေပြင်အခြေအနေကိုသိရှိသူ ‌ပေါက်ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    ဒီစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ပေါက်နဲ့ ယောဒေသကိုဆက်ထားတဲ့ မြေနီလမ်းတလျှောက် သွားလာနေရာကနေ ပေါက်နယ်အဆုံး ယောနယ်အစပ်မှာရှိတဲ့ သက္ကယ်ကျင်းရွာကိုဝင်ရောက်ပြီးတဲ့နောက် တပ်ပြန်ဆုတ်လာကာ အခုလို ကင်းမရွာကိုထပ်မံဝင်ရောက်လာခဲ့တာလို့ ပြောပါတယ်။

    ဒါကြောင့် ဒီမြေနီလမ်းဘေးမှာရှိတဲ့ အနည်းဆုံး ဆယ်ရွာနီးပါးက ရွာခံတွေစစ်ဘေးရှောင်နေကြရပြီး အိမ်တွေမီးရှို့ခံရတာ၊ စားနပ်ရိက္ခာဖျက်ဆီးခံရတဲ့အခြေအနေတွေရင်ဆိုင်နေရတယ်လို့ဆိုပါတယ်။

    ပြီးခဲ့တဲ့ ဧပြီ(၆)ရက်က စစ်ကောင်စီရဲ့လက်နက်တင်ယာဉ်တွေကို ပေါက်မြို့နယ်ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့ဝင်တွေက သိမ်းဆည်းခဲ့ကာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေပါ သေဆုံးခဲ့ပြီးနောက်ပိုင်း အဲ့ဒီနေ့ညနေပိုင်းကစပြီးပေါက်မြို့နယ်အရှေ့တောင်ပိုင်းနဲ့ တောင်ပိုင်းမှာရှိတဲ့ရွာတွေကို အခုလိုဝင်ရောက်ကာ ရှာဖွေမှုတွေဆက်တိုက်လုပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

  12. ရုပ်ရှင်ရုံတွေပြန်ဖွင့်ဖို့ စစ်ကောင်စီ ဖိအားပေးနေသလား

  13. တောင်ဒဂုံ ကမ္ဘာ့ရတနာဘဏ်ခွဲမန်နေဂျာ ပစ်ခတ်ခံရပြီး ပြင်းထန်ဒဏ်ရာရ, သန်လျင်မှာ မီးသတ်တပ်ကြပ်တစ်ဦးနဲ့ အရပ်သားတစ်ဦး ပစ်ခတ်ခံရ

    ရန်ကုန်မြို့၊ တောင်ဒဂုံမြို့နယ်မှာဖွင့်ထားတဲ့ ကမ္ဘာ့ရတနာဘဏ်(မောင်းမကန်ဘဏ်ခွဲ) ရဲ့ မန်နေဂျာဟာ ဒီနေ့ ဧပြီလ ၁၈ ရက် မနက်မှာ သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ‌ပြောပါတယ်။

    ပစ်ခတ်ခံရတာကြောင့် ဘဏ်ခွဲမန်နေဂျာဟာ ဒဏ်ရာအပြင်းအထန်ရရှိခဲ့တယ်လို့ ဆိုပါတယ်။

    ''ဘဏ်နားမှာပဲ သေနတ်နဲ့ ပစ်သွားတာလို့ပြောတယ်။ ဗိုက်နဲ့ နောက်တခြားနေရာအချို့မှာ သေနတ်ထိတယ်လို့သိရတယ်'' လို့မြေပြင်အခြေအနေသိရှိသူတစ်ဦး‌ကပြောပြပါတယ်။

    ဘီဘီစီက ကမ္ဘာ့ရတနာဘဏ်(မောင်းမကန်ဘဏ်ခွဲ)ကို ဒီနေ့ နေ့လည်ပိုင်းမှာဖုန်းဆက်ချိန်မှာတော့ ဘဏ်ကို ဆက်ဖွင့်ထားပြီး ဘဏ်ခွဲမန်နေဂျာ ပစ်ခတ်ခံရတဲ့သတင်းကိုတော့ မှတ်ချက်ပေးဖို့ ငြင်းဆိုပါတယ်။

    ဒါ့ပြင် ဒီနေ့မနက်ပိုင်းမှာပဲ သန်လျင်မြို့နယ်မှာ မြို့နယ်မီးသတ်တပ်ဖွဲ့ တပ်ကြပ်ကြီး တစ်ဦးနဲ့ အရပ်သားတစ်ဦး သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

    အခင်းဖြစ်ပွားခဲ့တဲ့ အဲဒီနေရာတွေမှာတော့ စစ်ကောင်စီတပ်တွေက ပိတ်ဆို့စစ်ဆေးတာတွေရှိခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

  14. နန်းဖာလုံ အထက်တန်းကျောင်းက စစ်ကောင်စီတပ်ဖွဲ့၀င်တွေ တိုက်ခိုက်ခံရ

    စစ်ကိုင်းတိုင်း၊ တမူးမြို့၊ နန်းဖာလုံအထက်တန်းကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မနေ့ ဧပြီလ ၁၇ ရက် ညနေပိုင်းမှာ တိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    အဲဒီတိုက်ခိုက်မှုကို တမူးဒေသကာကွယ်ရေးတပ်(တပ်ရင်း ၁)က မနေ့ ညနေပိုင်းမှာ ပြုလုပ်ခဲ့တာလို့လည်း သိရပါတယ်။

    ဒေသတွင်း သတင်းတွေမှာတော့ အဲဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်ဖွဲ့၀င် ၄ ဦးသေဆုံးတယ်လို့ ဖော်ပြပေမဲ့ ဘီဘီစီအနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။

    တစ်ဖက်မှာလည်း တမူးဒေသကာကွယ်ရေးတပ်ဖွဲ့၀င်တွေဟာ တမူး-အောင်ဇေယျ ကားလမ်းမှာ ယာဥ်တွေကို စစ်ဆေးတာနဲ့ နယ်မြေရှင်းလင်းတာတွေ ပြုလုပ်နေပါတယ်။

    စစ်ကိုင်းတိုင်းထဲက ကလေးနဲ့တမူးမြို့နယ်တွေထဲမှာ ဒေသကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေ ထိတွေ့ တိုက်ခိုက်မှုတွေ ဖြစ်နေပါတယ်။

  15. KNU ထိန်းချုပ်နယ်မြေ၊ ဒူးပလာယာခရိုင်အတွင်း ယာဉ်သွားလာခွင့်အချိန်ကန့်သတ်

    KNU တပ်မဟာ (၆) ထိန်းချုပ်နယ်မြေဖြစ်တဲ့ ဒူးပလာယာခရိုင်အတွင်း ည(၇)နာရီကနေ မနက် (၆)နာရီအထိ မော်တော်ယာဉ်ခရီးသွားလာခွင့် မပြုဘူးလို့ ဒီကနေ့ဧပြီ (၁၈)ရက်မှာ ထုတ်ပြန်ကြေညာလာပါတယ်။

    ဒီကန့်သတ်ချိန် အပြင်မှာ ယာဉ်သွားလာရင်လည်း အဖွဲ့အစည်းတာဝန်ရှိသူတွေရဲ့ လိုအပ်သလို စစ်ဆေးမှုတွေကို ကြည်ဖြူစွာခံယူရမယ်လို့ဆိုပါတယ်။

    ဒါ့အပြင် ခရီးသွားလာသူတွေအနေနဲ့ စစ်ဆေးရေးဂိတ်ကိုဖြတ်သန်းချိန်မှာ မော်တော်ယာဉ်ရဲ့ တံခါးမှန်တွေဖွင့်ထားဖို့၊ မော်တော်ဆိုင်ကယ်သွားလာသူတွေလည်း ဆိုင်ကယ်ဦးထုတ်ချွတ်ပေးဖို့လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

    အဖွဲ့အစည်းလုပ်ငန်းတွေ၊ ကျန်းမာရေးအခြေအနေတွေနဲ့ ဒေသခံတွေနဲ့ လုပ်ငန်းခွင်ကိုသွားလာဖို့ရှိလာခဲ့ရင် သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ ဆွေးနွေးပြီးမှသာ သွားလာဖို့နဲ့ ခရီးသွားလာတဲ့ဘယ်သူမဆို စည်းကမ်းတွေကိုမလိုက်နာရင် လိုအပ်သလို အရေးယူမယ်လို့ဆိုပါတယ်။

    လက်ရှိမှာတော့ ကော့ကရိတ် - မြဝတီလမ်းမကြီးနဲ့ မြဝတီ -ဝေါ်လေလမ်းမကြီးကို အသုံးမပြုဖို့လည်း ထုတ်ပြန်ထားသလို ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်း အဲ့ဒီလမ်းမကြီးတွေပေါ်မှာ သွားလာတဲ့မော်တော်ယာဉ်နဲ့ ကုန်ကားတွေ မီးလောင်ကျွမ်းတာတွေရှိခဲ့သလို လူသေဆုံးမှုအထိပါ ရှိခဲ့တာပါ။

    ဒါ့ကြောင့် ကုန်တင်ယာဉ်မောင်းသမားတွေရော ခရီးသွားလာသူတွေပါ ဒီလမ်းမကြီးကိုသတိထားသွားလာနေကြရပါတယ်။ လက်ရှိမှာတော့ သင်္ကြန်ပိတ်ရက်တွေအတွင်း ယာဉ်လိုင်း‌အများစု ရပ်နားထားခဲ့ကြပြီး ဒီကနေ့ ဧပြီ (၁၈)ရက်မနက်ပိုင်းမှာယာဉ်အနည်းငယ်ပြန်သွားလာနေတယ်လို့ ကုန်တင်ယာဉ်လိုင်းတွေကနေသိရပါတယ်။

  16. မတူပီ-ပလက်ဝလမ်းတစ်လျှောက်က ‌ဒေသခံ ၁ ထောင်နီးပါး တောတောင်ထဲ စစ်ရှောင်နေရ

    ချင်းပြည်နယ်ထဲက မတူပီ-ပလက်ဝ ကားလမ်းတစ်လျှောက်မှာနေထိုင်နေတဲ့ ဒေသခံ တစ်ထောင်နီးပါးဟာ ဒေသကာကွယ်ရေးတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ကြားက တိုက်ပွဲတွေကြောင့် စစ်ရှောင်နေရတယ်လို့ ချင်းကာကွယ်ရေးတပ်-CDF(မတူပီ) က ပြီးခဲ့တဲ့ရက်ပိုင်းက သတင်းထုတ်ပြန်ပါတယ်။

    မတူပီကနေ ပလက်ဝဘက်ကို ထွက်ခွါလာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို ဧပြီလ ၁၀ ရက်နေ့ ကတည်းက စတင်တိုက်ခိုက့်ပြီး အဲဒီနောက်ပိုင်း ရက်တွေမှာလည်း တိုက်ခိုက်မှုတွေကို ပြုလုပ်ခဲ့တာ ဧပြီလ ၁၄ ရက်နေ့ အထိဖြစ်တယ်လို့ မတူပီ CDF က ‌ပြောပါတယ်။

    မတူပီ-ပလက်၀လမ်းတစ်လျောက်က တွီရှစ်၊ ၀လီပီ၊ ကလား၊ ဝလံသဲ စတဲ့ကျေးရွာတို့မှာ တိုက်ပွဲဖြစ်ခဲ့တာဖြစ်ပြီး ထွက်‌ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံတစ်ထောင်နီးပါးဟာ အဲဒီကျေးရွာတွေက ဖြစ်တယ်လို့ ဆိုပါတယ်။

    အဲဒီစစ်ကြောင်းနဲ့ မတူပီ CDF တို့ တိုက်ပွဲ ၃ ကြိမ်အတွင်းမှာ စစ်ကောင်စီဘက်က ၁၀ ဦး သေဆုံးတယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

    တစ်ချိန်တည်းမှာပဲ စစ်ကောင်စီတပ်ဟာ မတူပီမြို့နယ်ထဲမှာ နေရာအနှံ့ စစ်ကြောင်းထိုးနေတယ်လို့လည်း မတူပီ‌ဒေသကာကွယ်ရေးတပ်ဘက်က ပြောထားပါတယ်။

  17. ကရင်နီပြည်နယ်အတွင်း ဆန်ရိက္ခာရှားပါးနေ, လာမယ့်လအနည်းငယ်အတွင်း လုံးဝပြတ်တောက်တောက်နိုင်ခြေရှိတယ်လို့ဆို

    အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီနဲ့စစ်ရေးတင်းမာနေတဲ့ ကယား (ကရင်နီ)ဒေသမှာပြည်နယ်ပြင်ပကနေ ရိက္ခာတင်သွင်းမရလို့ စစ်ရှောင်တွေအတွက် ဆန်ရိက္ခာရှားပါးလာတယ်လို့ စစ်ရှောင်‌ကူညီသူတွေကပြောပါတယ်။

    လက်ရှိမှာ ပြည်နယ်အတွင်း တိုက်ပွဲကြောင့် စစ်ရှောင်ဦးရေဟာ အနည်းဆုံး နှစ်သိန်းနီးပါးအထိရှိလာပြီဖြစ်သလို လာမယ့် လအနည်းငယ်အတွင်း ဆန်နဲ့ စားနပ်ရိက္ခာပြတ်တောက်နိုင်ခြေရှိတယ်လို့ဆိုပါတယ်။

    ပြည်နယ်တွင်း ဆန်စပါးရိက္ခာကလာမယ့် နှစ်လလောက်အထိသာလုံလောက်နိုင်လို့ အခုအနေအထားအတိုင်းသာရိက္ခာတင်သွင်းလို့မရတော့ရင် စစ်ရှောင်တွေမှာ စားသောက်ရေးအတွက်အခက်အခဲရှိနိုင်တယ်လို့ဆိုပါတယ်။

    "ဒီရက်ပိုင်းဆို ဖရူဆိုအ‌ရှေ့ဘက်ကတင်စစ်ရှောင်အသစ် လူဦးရေ၁၂၀၀စာလောက်ထပ်တိုးတယ်။ တခြားစစ်ရှောင်တွေကိုထောက်ပံ့တာမှာကလည်း ပြည်နယ်ပြင်ပကနေ ရိက္ခာတင်ပို့ဖို့ကခက်နေတော့ ရှိတဲ့ ရိက္ခာကိုမှ တစ်ပတ်စာပဲ ရိက္ခာကျန်တဲ့သူတွေကို အရေးပေါ်အရင်ဖြန့်ပေးတယ်"လို့ ကရင်နီစစ်ရှောင်အရေးလိုက်ပါကူညီပေးနေသူ ကိုဗညားက ဘီဘီစီကိုပြောပါတယ်။

    လက်ရှိကရင်နီစစ်ဘေးရှောင်တွေမှာ စားနပ်ရိက္ခာအခက်အခဲအပြင် နေရာထိုင်ခင်းသာမက ဆေးဝါးလိုအပ်တွေပါရှိနေပြီး ဖျား‌နာသူတွေ စစ်ရှောင်စခန်းတိုင်းမှာ ရှိနေတယ်လို့ဆိုပါတယ်။

    တဖက်မှာလည်း ဒီရက်ပိုင်းအတွင်း တိုက်ပွဲခေတ္တငြိမ်သက်နေတဲ့ ဒီးမော့ဆိုမြို့နယ်၊ နန်းမယ်ခုံကျေးရွာအနီးက ကျွန်းတောရွာကို နေရပ်ပြန်သွားတဲ့ ကျွန်းတောရွာသားတွေကတော့ ရွာထဲတပ်စွဲနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကနေ ရွာအပြင်ကို ပြန်ထွက်ခွင့်မပေးတာကြောင့် ပိတ်မိနေတယ်လို့ ဒေသခံတွေကဆိုပါတယ်။ အဲ့ဒီနန်းမယ်ခုံတဝိုက်မှာ နှစ်ဖက်တိုက်ပွဲ တွေအချိန်မရွေးပြန်ဖြစ်နိုင်တာကြောင့် ရွာသားတွေရွာထဲပိတ်မိပြီး အန္တရာယ်ကျရောက်မှာကို စိုးရိမ်နေကြတယ်လို့ စစ်ရှောင်ကူညီသူတွေကပြောပါတယ်။

    မနေ့ဧပြီ (၁၇)ရက်နဲ့ ဒီကနေ့မနက်ပိုင်းအထိ ကရင်နီပြည်နယ်အတွင်း နှစ်ဖက်တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ပွားတာမရှိသေးဘဲ စစ်ကောင်စီဘက်ကနေ သာ လက်နက်ကြီးတွေနဲ့ ကျေးရွာတွေဘက်ကိုပစ်ခတ်တာတွေရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

  18. နိုင်ငံတော်အတိုင်ပင်ခံ စွပ်စွဲခံထားရတဲ့ အဂတိအမှု ၅မှု ဒီကနေ့ကြားနာဖို့ရှိ, ဦးဖြိုးမင်းသိန်း နဲ့ဆက်စပ်တဲ့ အဂတိအမှုကို အပြီးသတ်လျှောက်လဲချက်ပေးမယ်

    ဒီကနေ့ ဧပြီ (၁၈)ရက်မှာတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရင်ဆိုင်နေရဆဲအမှုတွေထဲက အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့စွဲဆိုထားတဲ့ အမှု (၅)မှု အတွက် ကြားနာစစ်ဆေးဖို့ရှိနေပါတယ်။

    ဒီကနေ့ရုံးချိန်းမှာတော့ စစ်ကောင်စီကနေ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ (၅၅)နဲ့ စွပ်စွဲတရားစွဲဆိုခံထားရတဲ့အမှု (၅)မှုထဲက ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနဲ့ဆက်စပ်တဲ့ အမှု (၄)မှုကတော့ တရားလိုပြသက်သေတွေစစ်ဆေးမှာဖြစ်ပြီး ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းက သက်သေ ထွက်ဆိုထားတဲ့ ရွှေနဲ့ ဒေါ်လာတွေယူတယ်ဆိုတဲ့ကိစ္စနဲ့ပတ်သက်တဲ့ အဂတိအမှုကတော့ အပြီးသတ်လျှောက်လဲချက် ဒီကနေ့ပေးရမှာဖြစ်ပါတယ်။

    ဒီနေ့ ကြားနာစစ်ဆေးမှုမှသာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအခြေအနေကိုလည်း တိတိကျကျသိရမယ်လို့ တရားရုံးအသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေကပြောပါတယ်။

    ပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နေမကောင်းဖြစ်နေကာ နေပြည်တော်ဆေးရုံတစ်ခုမှာ တက်ရောက်ကုသနေရတယ်ဆိုတဲ့ အတည်မပြုနိုင်တဲ့သတင်းတွေထွက်ပေါ်ခဲ့‌သလို သီးခြားအတည်ပြုနိုင်တာမရှိပါဘူး။

  19. ရွှေကုက္ကိုအခြေစိုက် BGF တပ်ရင်းက တပ်သား ၂ဦး KNU တပ်မဟာ ၅ ကို ပူးပေါင်း

    ကရင်ပြည်နယ်၊ မြ၀တီခရိုင်၊ ရွှေက္ကိုဒေသ ကရင်နယ်ခြားစောင့်တပ်(BGF) တပ်ရင်း ၁၀၁၈ က တပ်သား၂ ဦးဟာ ကရင်အမျိုးသားအစည်းအရုံး(KNU)ရဲ့ တပ်မဟာ ၅ (ဖာပွန်ခရိုင်)ကို ပူးပေါင်းလာတယ်လို့ သိရပါတယ်။

    အဲဒီ BGF တပ်သား ၂ ဦးဟာ KNU တပ်မဟာ ၅ နယ်မြေမှာ စစ်ကောင်စီတပ်တွေနဲ့ ပူးတွဲ စစ်ဆင်ရေးတိုက်ပွဲတွေမှာ ပါ၀င်ဖို့ တာ၀န်ပေးခံထားရသူတွေဖြစ်ပြီး မနေ့ ဧပြီလ ၁၆ ရက် သင်္ကြန် အတက်နေ့မှာ KNLA တပ်ရင်း ၁၀၂ ၊ တပ်ခွဲ ၄ တပ်ဖွဲ့၀င်တွေဆီ လက်နက်တွေနဲ့အတူ ပူးပေါင်းလာတာလို့ မူးတြော်(ဖာပွန်ခရိုင် ) ခရိုင် သတင်းရင်းမြစ်ကပြောပါတယ်။

    ‘’သူတို့က ကရင်ကလေးတွေပါပဲ။ ကလေးဘ၀တည်းက BGF စစ်သားစုဆောင်းခံရပြီး စစ်ကောင်စီ သစ္စာခံ တဲ့ ရွှေကုဣိုလ် BGF ၁၀၁၈ တပ်ထဲ ရောက်နေရာကနေ တပ်မဟာ၅ မဲဝိုင် ဂွင်ဘက် ရှေ့တန်း အပို့ခံထားရသူတွေပါ။ စစ်ကောင်စီ သင်္ကြန် အင်အားဖြည့်ဖို့သူတို့ကို လွှတ်လိုက်တာ KNLA တပ်ရင်း ၁၀၂ ဘက်ကို ပူးပေါင်းလာကြတယ်။ သူတို့လိုပဲ ဘားအံ၊ လှိုင်းဘွဲ့၊ ကော့ကရိတ် ၊မြ၀တီ မြို့ရွာတွေဘက်က ကလေးတွေ BGF တပ်သားအဖြစ် စုဆောင်းခံရပြီး တပ်မဟာ ၅ နယ်မြေဘက် ရှေ့တန်း အပို့ခံထားရသူတွေ အများကြီးရှိနေသေးတယ်”လို့ အဲဒီသတင်းရင်းမြစ်က ပြောပါတယ်။

    KNU တပ်မဟာ ၅ နယ်မြေမှာ KNLA တပ်ဖွဲ့ တွေနဲ့ စစ်ကောင်စီတပ်၊ ကရင်နယ်ခြားစောင့်BGF ပူးပေါင်း အဖွဲ့တွေနဲ့ နေ့စဉ်တိုက်ပွဲတွေဖြစ်နေချိန်မှာပဲ ဘက်ပြောင်း ပူးပေါင်းလာတဲ့ စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ BGF တပ်ဖွဲ့၀င်အရေအတွက် ၁၀၀ နီးပါးအထိရှိနေပြီလို့ သိရပါတယ်။

  20. ပြည်ပ​လေ​ကြောင်းလိုင်း​တွေပြန်လည်ပြေးဆွဲတာကို ဒီကနေ့စတင်, လုံခြုံ​ရေးအာမခံနိုင်ချက်ရှိမှသာ ခရီးသွားလုပ်ငန်းပွင့်မယ်လို့လုပ်ငန်းရှင်အချို့သုံးသပ်

    ဒီက​နေ့ ဧပြီ(၁၇)ရက်၊ မြန်မာနှစ်ဆန်းတစ်ရက်ကစပြီး ကိုဗစ်နဲ့အာဏာသိမ်း အခြေအနေကြား ၂နှစ်ကျော် ပိတ်ထားခဲ့တဲ့ မြန်မာပြည်တွင်း ပြည်ပ​လေ​ကြောင်းလိုင်း​တွေပြေးဆွဲတာကို စစ်ကောင်စီက ပြန်လည်ဖွင့်လှစ်လိုက်ပါတယ်။

    ဒီက​နေ့​မှာ​တော့ စင်ကာပူက​နေ မြန်မာကို စီးပွားဖြစ်​လေ​ကြောင်းလိုင်း ပထမဆုံးပြန်​ပြေးဆွဲတယ်လို့ စစ်​ကောင်စီရဲ့ နိုင်ငံခြား​ရေးဝန်ကြီးဌာနက​နေ ထုတ်ပြန်လာပါတယ်။

    ခရီးသည်စုစု​ပေါင်း (၁၂၄) ဦးလိုက်ပါလာတဲ့ မြန်မာအမျိုးသား​လေ​ကြောင်းလိုင်း (Myanmar National Airlines _ MNA) ဟာ စင်ကာပူနိုင်ငံက​နေ ရန်ကုန်ကိုဆိုက်ရောက်တာလို့ဆိုပါတယ်။

    ပြည်ပက​နေ မြန်မာပြည်တွင်းကိုဝင်​ရောက်လာမယ့် ခရီးသည်​တွေအ​နေနဲ့ စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနကအသိအမှတ်ပြုထားတဲ့ ကိုဗစ်ကာကွယ်ဆေး (၁၀)မျိုးထဲက တစ်မျိုးမျိုးကို မြန်မာနိုင်ငံကိုဆိုက်ရောက်တဲ့နေ့ရက် မတိုင်မီ လွန်ခဲ့တဲ့ (၁၄)ရက်ကျော်ထဲက အကြိမ်ပြည့်ထိုးနှံထားပြီးတဲ့ သက်သေခံလက်မှတ်အပြင် (၇၂)နာရီအတွင်း စစ်​ဆေးထားတဲ့ ကိုဗစ်ကင်းရှင်း​ကြောင်း ဓါတ်ခွဲအ​ဖြေလိုအပ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

    စစ်ကောင်စီက ပြည်ပ လေကြောင်းလိုင်းတွေပြန်လည်ဖွင့်လှစ်ပေမဲ့ လက်​တွေ့မှာ​တော့ အာဏာသိမ်း​နောက်ဆက်တွဲအ​ခြေအ​နေ​ နဲ့ ပြည်တွင်းမတည်ငြိမ်မှုတွေကြောင့် ကမ္ဘာ့ခရီးသွားလမ်းညွှန်တချို့မှာ မြန်မာကို အန္တရာယ်ရှိတဲ့နိုင်ငံအဖြစ် သတ်မှတ်ခံထားရတာဖြစ်ပါတယ်။

    ဒါ့ကြောင့် မြန်မာ နိုင်ငံအတွက် ပြည်ပခရီးသွား၀င်​ရောက်ဖို့ ​မျှော်လင့်လို့မ​ရ​သေးဘူးလို့ ခရီးသွားလုပ်ငန်းအသိုင်းအဝိုင်းက သုံးသပ်ထားပါတယ်။

    ပြည်တွင်း၀င်​ရောက်လည်ပတ်မယ့် ခရီးသွား​တွေအတွက် လုံခြုံ​ရေးအာမခံနိုင်ချက်ရှိမှသာ ခရီးသွားလုပ်ငန်းပိုမိုအဆင်​ပြေမှာဖြစ်ပြီး လက်ရှိမှာ​တော့ စီးပွား​ရေး၊ လူမှု​ရေး ကိစ္စ​တွေ​ကြောင့် ပြည်တွင်းကို မဖြစ်မ​နေ ၀င်​ရောက်ဖို့လိုအပ်သူ​တွေသူတွေနဲ့ စီးပွားရေးကိစ္စတွေအတွက်သာ လာ​ရောက်နိုင်​ချေရှိတယ်လို့ ခန့်မှန်းထားကြပါတယ်။