ကိုဗစ် ကူးစက်မှု ပြန်မြင့်လာလို့ ကလေး ခရီးသည်တင်ယာဥ်အဝင်အထွက်တွေ ကန့်သတ်
ပြီးခဲ့တဲ့ ဇန်နဝါရီ လကုန်ပိုင်းကတည်းက ကိုဗစ်မျိုးကွဲသစ် အိုမီခရွန် စတင်တွေ့ရှိခဲ့တဲ့ကလေးမြို့မှာအခု ဖေဖော်ဝါရီလကုန်ပိုင်းမှာလည်း ကူးစက်မှုတွေ ပြန်မြင့်တက်လာတာကြောင့် ဒီနေ့ကစပြီး နောက် ထပ် ၁၆ ရက်အကြာ ခရီးသည်တင်မော်တော်ယာဉ်တွေကို မြို့တွင်းအဝင်အထွက် ကန့်သတ်ထားလိုက်ပါပြီ။
ကိုဗစ်တတိယလှိုင်းတုန်းက လူအသေအပျောက် အများဆုံးရှိခဲ့တဲ့ မြို့တစ်မြို့ဖြစ်ခဲ့တဲ့ ကလေးမြို့မှာ တိုက်ပွဲတွေလည်း ဖြစ်ပွားနေပြီး ဒေသမတည်ငြိမ်မှုတွေထဲ ဒေသခံအများစုဟာ ကိုဗစ်ကာကွယ်ဆေးထိုးထားကြပေမဲ့ လုံးဝမထိုးရသေးသူတွေလည်းရှိနေသေးတာကြောင့် ကူးစက်မြန်အိုမီခရွန် အခုထက်ပိုပြီး ပျံ့နှံ့လာမှာ၊ မထိန်းချုပ်နိုင်မှာကိုလည်း စိုးရိမ်နေကြပါတယ်။
မနေ့က ဖေဖော်ဝါရီ ၂၅ ရက်နေ့ က ကျန်းမာရေးဝန်ကြီးဌာန ရဲ့ ကိုဗစ်ကူးစက်မှုစာရင်း ထုတ်ပြန်ချက်မှာ ကလေးမြို့အပါအဝင် စစ်ကိုင်းတိုင်းဒေသကြီးရဲ့ ကိုဗစ်ကူးစက်ခံမှုအခြေအနေ မပါဝင်ပေမဲ့ ကလေးမြို့မှာတော့ကိုဗစ်ကြောင့် ကူးစက်ခံခဲ့ရသူတွေနဲ့သေဆုံးသူတွေ ဆက်ရှိနေပါတယ်။
ဒါဟာ သတ်မှတ်ထားတဲ့ကျန်းမာရေးဌာနတွေမှာ မစစ်ဘဲ၊ အပြင် ပုဂ္ဂလိကမှာ စစ်တာကြောင့် ဝန်ကြီးဌာနစာရင်းထဲ မပါဝင်တာလို့ ကျန်းမာရေးဌာနက တာဝန်ရှိသူတစ်ဦးကဆိုပါတယ်။
ကူးစက်မှုမြင့်တက်နေတဲ့ ကလေးမြို့မှာကိုဗစ်ကုသရေးစင်တာတွေ မဖွင့်သေးဘဲ ကလေးမြို့ဆေးရုံသာ ဖွင့်လှစ်ထားပါတယ်။
ကလေးမြို့ကို အခုလိုအဝင်အထွက်ကန့်သတ်လိုက်ပေမယ့် အိန္ဒိယနယ်စပ်နဲ့ နီးကပ်နေတဲ့မြို့ဖြစ်လို့ နယ်စပ်ဝင်ထွက်ပေါက်တွေကို မထိန်းချုပ်နိုင်ရင်တော့ ကူးစက်မှုတွေ ဆက်ရှိနေနိုင်တယ်လို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

















