ရိုဟင်ဂျာတွေအပေါ်
လူမျိုးတုံး သတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့တယ်ဆိုပြီး မြန်မာနိုင်ငံအပေါ် ဂမ်ဘီယာနိုင်ငံက နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့က အပြည်ပြည်ဆိုင်ရာ တရားရုံးမှာ စွဲဆိုထားတဲ့ အမှုကို လာမယ့်
သီတင်းပတ်ထဲမှာ ကြားနာဖို့ ရှိနေပြီး စစ်ကောင်စီရဲ့ ကိုယ်စားလှယ်တွေ တက်ရောက်မှာ
ဖြစ်ပါတယ်။
ဒီလို တက်ရောက်ခွင့်
ရရင် စစ်ကောင်စီကို နိုင်ငံတကာ အသိအမှတ်ပြုမှု ရရှိသွားနိုင်မယ်ဆိုပြီး
တက်ရောက်ခွင့် မပြုဖို့ နိုင်ငံရေး အတိုက်အခံတွေ ဘက်က ကန့်ကွက်ထားကြတဲ့ ကြားမှာ
အခုလို ဖြစ်လာတာ ဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ ကိုယ်စားလှယ်တွေက ကြားနာမှုကို အွန်လိုင်းက တက်ရောက်ဖွယ်ရှိပြီး စစ်ကောင်စီရဲ့
ကိုယ်စားလှယ်တွေ တက်ရောက်ဖို့ ကုလသမဂ္ဂအဖွဲ့အစည်းတချို့က ဖိတ်ခဲ့တယ်လို့ ဆိုပေမဲ့
စစ်ကောင်စီဟာ ကုလသမဂ္ဂရုံးချုပ် နယူးယောက်မှာတော့ တရားဝင်ကိုယ်စားပြုခွင့် မရရှိထားပါဘူး။
ကုလသမဂ္ဂ အထွေထွေ
ညီလာခံရဲ့ အရည်အချင်းစစ်ကော်မတီက ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းက မြန်မာနိုင်ငံကို
ဘယ်သူက ကိုယ်စားပြုမလဲ ဆိုတာနဲ့ ပတ်သက်လို့ ဆုံးဖြတ်မယ့် ကိစ္စကို ရက်ရွှေ့ဆိုင်းထားခဲ့ပါတယ်။
အဲဒီကြားထဲမှာ အာဏာသိမ်းခံခဲ့ရတဲ့ အရပ်သား အစိုးရလက်ထက်က ခန့်ထားခဲ့ပြီး
စစ်ကောင်စီကို ဆန့်ကျင်တဲ့ လက်ရှိ မြန်မာရဲ့ ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီး
ဦးကျော်မိုးထွန်းကိုပဲ ကိုယ်စားလှယ် အဖြစ် ဆက်လက် သတ်မှတ်ထားခဲ့ပါတယ်။
အမျိုးသား ညီညွတ်ရေး
အစိုးရ ဘက်ကလည်း မြန်မာနိုင်ငံရဲ့ ကိုယ်စားလှယ်အဖြစ် အသိအမှတ်ပြု ခံထားရသူဟာ
ဦးကျော်မိုးထွန်းသာ ဖြစ်တာကြောင့် အခုကိစ္စမှာလည်း ဦးကျော်မိုးထွန်းသာလျှင်
မြန်မာနိုင်ငံကို ကိုယ်စားပြု တက်ရောက်သင့်တယ်လို့ ပြောထားပါတယ်။
အရင်ကုလသမဂ္ဂရဲ့
အချက်အလက် ရှာဖွေရေး ကော်မရှင် အဖွဲ့ဝင် နဲ့ လူ့အခွင့်အရေး ရှေ့နေတယောက် ဖြစ်တဲ့ Christopher Sidotiက စစ်ကောင်စီဟာ မြန်မာနိုင်ငံရဲ့ အစိုးရ
မဟုတ်ဘူး၊ မြန်မာ ပြည်တွင်းမှာရော ပြည်ပမှာပါ မြန်မာပြည်ရဲ့ အစိုးရအဖြစ်
ကိုယ်စားပြုနိုင်တဲ့ အခြေအနေမျိုး မရှိဘူးလို့ပြောပါတယ်။
ဒါပေမယ့် ICJကြားနာမှုကို တက်ခွင့်ရရင် မြန်မာကိုယ်စားပြု
အစိုးရသဖွယ်ဖြစ်အောင် လုပ်ပြဖို့ ကြိုးစားမှာပဲ လို့ Sidotiက ရိုက်တာ သတင်းဌာနကို ပြောပါတယ်။
ယူကေအခြေစိုက် Burmese Rohingya Organisation U.Kရဲ့ ဥက္ကဌ
ဦးထွန်းခင်ကလည်း မြန်မာပြည်သူလူထုက စစ်ကောင်စီကို လက်မခံကြဘူး၊ စစ်ကောင်စီက
သူတို့ကို ကိုယ်စားမပြုဘူးဆိုတာ ရှင်းရှင်းလင်းလင်း ပြသပြီး ဖြစ်ပါတယ်လို့
ပြောပါတယ်။ ICJအပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းက ဒီအချက်ကို သိရှိနားလည်ပြီး
စစ်ကောင်စီကို နေရာပေးတဲ့ အပြုအမူမျိုးတွေ မလုပ်ဖို့ လိုပါတယ်လို့ ဆိုပါတယ်။
သည်ဟိဂ်မြို့က ICJတရားရုံးနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက
ရိုက်တာကို ပြောကြားရာမှာတော့ အခု ကြားနာမှုကို စစ်ကောင်စီက နိုင်ငံတကာ
ပူးပေါင်းဆောင်ရွက်မှု ကိုယ်စားလှယ်အဖြစ် ခန့်အပ်ထားသူ ဦးကိုကိုလှိုင်နဲ့
ပြည်ထောင်စု ရှေ့နေချုပ် ဒေါ်သီတာဦးတို့ ဦးဆောင်ပြီး အဖွဲ့ဝင် ၈ ဦးပါတဲ့
အဖွဲ့တက်ရောက်မယ်လို့ သိရပါတယ်။ အဲဒီ စစ်ကောင်စီရဲ့ ကိုယ်စားလှယ် ၂ ဦးစလုံးဟာ
အမေရိကန်က ပိတ်ဆို့ အရေးယူခံထားရသူတွေထဲမှာ ပါဝင်ပါတယ်။
ဒီလို အစိုးရအဖြစ်
အသိအမှတ်ပြု ခံရဖို့ အပြိုင်အဆိုင် ကြိုးစားနေကြတဲ့ နိုင်ငံတနိုင်ငံအတွက်
ကိုယ်စားပြုခွင့် ဆိုတာကို ဘယ်လို ဆုံးဖြတ်သလဲကိစ္စနဲ့ ပတ်သက်လို့ ICJကို ရိုက်တာက မေးမြန်းခဲ့ရာမှာတော့ သူတို့ရဲ့
စည်းမျဥ်းစည်းကမ်း တွေကိုသာ ရည်ညွှန်းပြောကြားခဲ့ပါတယ်။
အဲဒီစည်းမျဥ်း
စည်းကမ်းတွေအရ ကိုယ်စားလှယ်ကိစ္စအတွက် ဆက်သွယ်မှုတွေဟာ နိုင်ငံတခုရဲ့
နိုင်ငံခြားရေး ဝန်ကြီးဌာန သို့မဟုတ် သံရုံးတွေက ဖြစ်ရမယ်လို့ ဆိုထားပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၇ အတွင်း
ရခိုင်ပြည်နယ်မှာ ဖြစ်ခဲ့တဲ့ စစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှုတွေ အတွင်းမှာ ရိုဟင်ဂျာ
၇၃၀,၀၀၀ ကျော်ဟာ မြန်မာနိုင်ငံအတွင်းက ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးခဲ့ကြရပြီး အဲဒီက
ဒုက္ခသည် စခန်းတွေမှာ နေထိုင်နေကြရပါတယ်။
ကုလသမဂ္ဂရဲ့
စုံစမ်းစစ်ဆေးသူတွေက မြန်မာ စစ်တပ်ဟာ လူမျိုးတုံး သတ်ဖြတ်မှု မြောက်တဲ့
ရည်ရွယ်ချက်နဲ့ နယ်မြေရှင်းလင်းမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ဆိုကြပါတယ်။
အဲဒီကိစ္စနဲ့ ပတ်သက်လို့ အစ္စလာမ်မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ရဲ့
အထောက်အပံ့နဲ့ ဂမ်ဘီယာက မြန်မာနိုင်ငံအပေါ်မှာ လူမျိုးတုံး သတ်ဖြတ်မှုတွေ
လုပ်ခဲ့တယ်လို့ စွပ်စွဲပြီး အပြည်ပြည်ဆိုင်ရာ တရားရုံးမှာ တိုင်ကြားခဲ့တာ
ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images