ယူကေနိုင်ငံမှာရောက်နေတဲ့
ကရင်နီ အသိုင်းအဝိုင်းက အမျိုးသမီးတစ်ယောက်ဖြစ်တဲ့ မထူးမေက လတ်တလော ကရင်နီဒေသမှာ ဖြစ်နေတဲ့
အခြေအနေတွေနဲ့ ပတ်သက်ပြီး ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီး လစ္စ ထရပ်စ္စ ကို ရေးသားခဲ့တဲ့
စာကို ဝန်ကြီး ကိုယ်စား အာရှရေးရာ အငယ်တန်း ဝန်ကြီး အမန်ဒါမေးလ်လင်းက အကြောင်းပြန်စာပေးပို့ခဲ့ပါတယ်။
မထူးမေက ဗြိတိန်နိုင်ငံခြားရေး
ဝန်ကြီးဆီကို ပြီးခဲ့တဲ့လ ၁၈ ရက်နေ့က ရေးသားတဲ့ စာကို ပြီးခဲ့တဲ့ ရက်ပိုင်းက အကြောင်းပြန်တာပါ။
သူ ၃ ကြိမ်ပို့ခဲ့တာ
အခု နောက်ဆုံးစာကျမှ ပြန်လာတာလို့ ဆိုပါတယ်။
ခရစ္စမတ် အကြိုနေ့က
ကလေးငယ်နဲ့ အမျိုးသမီးတွေ အပါအဝင် လူပေါင်း ၃၅ ယောက်ဝန်းကျင်ကို စစ်ကောင်စီတပ်တွေက
မီးရှို့ သတ်ဖြတ်ခဲ့တဲ့ ဖြစ်စဉ်ဖြစ်ခဲ့ပြီးနောက် ကရင်နီ လူမျိုး တစ်ယောက်အနေနဲ့ သူ့ဒေသမှာ
ဖြစ်နေတဲ့ ဖြစ်ရပ်တွေကို သိရှိအောင်နဲ့ နိုင်ငံတကာအနေနဲ့ တတ်နိုင်တဲ့ဘက်က ဝိုင်းဝန်း
ကူညီအောင် ဆိုပြီး စာရေးသားခဲ့တာလို့ သူက ဆိုပါတယ်။
သာမန် မြန်မာ နိုင်ငံသား
တစ်ယောက်အနေနဲ့ ယူကေက ဝန်ကြီး ဆီကို ရေးတဲ့ စာကို အရေးတယူ တုံ့ပြန်လာတဲ့ အတွက် အံ့သြ
ဝမ်းသာမိတယ်လို့ မထူးမေက ပြောပါတယ်။
ပြန်စာထဲမှာ ကရင်နီဒေသကို
မေ့မထားဘူး၊ မြန်မာနိုင်ငံ ကရင်နီပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်လို့
ယူကေအနေနဲ့ အနီးကပ်စောင့်ကြည့်နေတယ်၊ အကြမ်းဖက်မှုတွေ ပဋိပက္ခတွေ ပိုမြင့်တက်လာတာကိုလည်း
စိုးရိမ်ပူပန်တယ်လို့ ရေးသားထားပါတယ်။
အာဏာသိမ်းမှု ဖြစ်ခဲ့ပြီးနောက်
ယူကေအနေနဲ့ လူ ငါးသိန်း ကျော်ကို လူသားချင်းစာနာမှု အကူအညီတွေ ရောက်အောင် ပေးပို့ခဲ့ပြီးဖြစ်ကြောင်းနဲ့
လိုအပ်နေတဲ့ နေရာတွေကို ဆက်လက် ကူညီသွားမယ် လို့လည်း ပြောထားပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က
အာဏာသိမ်းမှု တစ်နှစ်မြောက်တဲ့ နေ့တုန်းကလည်း ယူကေရောက် မြန်မာနိုင်ငံက တိုင်းရင်းသားတွေ
ဖြစ်တဲ့ ချင်း၊ ကချင်၊ ကရင်၊ ကယန်း၊ ရှမ်း စတဲ့ တိုင်းရင်းသားတွေကို ကိုယ်စားပြုသူတွေက
ဒေါင်းနင်းလမ်းက ဝန်ကြီးချုပ်နေအိမ်ကို သွားရောက်ပြီး NUG အစိုးရကို အသိအမှတ်ပြုဖို့၊
စစ်ကောင်စီကို အသိအမှတ် မပြုဖို့နဲ့ မြန်မာနိုင်ငံမှာ လိုအပ်နေတဲ့ အကူအညီတွေ ပိုမိုတိုးမြှင့်ပေးရေး
တောင်းဆိုမှုတွေအပါအဝင်မြန်မာ နိုင်ငံက အခြေအနေတွေကို
ရေးသားထားတဲ့ စာတစ်စောင် ပေးပို့ခဲ့ကြရာမှာ ကရင်နီလူမျိုး မထူးမေလည်း ပါဝင်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Ma Tu May