လျှပ်စစ်မီးနာရီနဲ့ချီ ပြတ်တောက်နေတာကြောင့် သောက်သုံးရေပြတ်လပ်မှုတွေရှိလာ

ရန်ကုန်မြို့လို လူဦးရေထူထပ်ပြီး တိုက်ခန်းနေလူဦးရေများပြားတဲ့ ရပ်ကွက်တွေမှာတော့မီးပြတ်ချိန်များလာတာနဲ့အမျှ အထပ်မြင့်တွေဆီရေတင်ဖို့ခက်လာပြီး သောက်သုံးရေမရတာတွေပါရှိလာပါတယ်။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ဒီပဲယင်းမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် ၈ ဦးအသတ်ခံရ

    စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် ၊ မင်းဆွေနှစ်ကျေးရွာမှာ ဒီနေ့ မတ် ၄ ရက်နေ့ မနက်ပိုင်းက အိမ်စီးကားနဲ့ စစ်ကောင်စီတပ်တွေဝင်လာပြီးတဲ့နောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၈ဦး အသတ်ခံလိုက်ရတယ်လို့အဲဒီတပ်ဖွဲ့ဝင်တွေနဲ့ နီးစပ်သူတစ်ယောက်က ဘီဘီစီကို ပြောပါတယ်။

    ရွာလုံခြုံရေး ကင်းစောင့်ပြီး နားနေတဲ့အချိန် မနက် ၆ နာရီလောက်မှာ စစ်ကောင်စီတပ်တွေက အိမ်စီးကားနဲ့ရောက်လာတဲ့အတွက် အများပြည်သူအသုံးပြုတဲ့ ယာဉ်လို့ ထင်မှတ်လိုက်တာကြောင့် ခုလို တိုက်ခိုက်ခံရတာဖြစ်တယ်လို့သူက ပြောပါတယ်။

    “ညဘက်ဆို မီးထိုးပြီးကြွက်ရှာတဲ့ ဒေသခံတွေရှိတယ်။ ဝမ်းစာရေးဆိုတော့လည်း သူတို့က မပြောသာဘူးပေါ့။ မနက်ပိုင်း ကားမီးက ကြွက်ထိုးမီးလိုလုပ်လာတော့ ပြည်သူတွေလို့ပဲ ထင်လိုက်တယ်နဲ့တူပါတယ်။ အိပ်နေတဲ့ ၈ ယောက်လုံးကို သတ်ပြီး တဲနဲ့အတူ မီးရှို့သွားတာ။ သေနတ်သံကြားမှပဲ ရွာထဲကလူတွေ သိကြတာ။ ကားက လူနာတင်ကားလား၊ ဘုန်းကြီးကားလားတော့ မသေချာဘူး။ အရပ်သားကားပဲ သိလိုက်တယ်။ ညကတည်းက အင်တာနက်ဖြတ်ထားတော့ သတင်းအချက်လက်တွေလည်း မသိလိုက်ကြဘူးလေ” လို့ ဒေသခံတစ်ယောက်က ဘီဘီစီကို ပြောပါတယ်။

    အသတ်ခံရသူတွေဟာ အသက် ၁၈ နှစ်ကနေ ၃၀ ဝန်းကျင်ရှိတဲ့ လူငယ်တွေဖြစ်ပြီး ရွာအပြင်မှာ လုံခြုံရေးယူထားကြတာလို့သိရပါတယ်။ အဲဒီလူငယ်တွေ သတ်ဖြတ်ခံရပြီးနောက် ရွာထဲကိုလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ပြီး စိုင်ပြင်ရွာဘက်ကို ပြန်ထွက်သွားကြတယ်လို့ ပြောပါတယ်။ လူငယ်တွေရဲ့ ရုပ်အလောင်းတွေဟာ ဘယ်သူဘယ်ဝါ ခွဲခြားဖို့ ခက်ခဲသွားတာကြောင့် အားလုံးကို ကောင်းကောင်းမွန်မွန် မီးသင်္ဂြိုဟ်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

    ဒေသကာကွယ်ရေးတပ်တွေက ညဘက် အပြင်မထွက်ဖို့ ပြည်သူတွေကို သတိပေးထားပေမယ့် တချို့ပြည်သူတွေက မလိုက်နာတာတွေရှိတဲ့အကြောင်း၊ မှားယွင်း ပစ်ခတ်မိရင် ပြည်သူအန္တရာယ်ဖြစ်မှာစိုးလို့ ရှောင်ရှားရင်း အခုလို အသက်ပေးလိုက်ရတာဖြစ်တဲ့အတွက် ပြည်သူတွေကလည်း ပူးပေါင်းပေးကြဖို့ ဒေသကာကွယ်ရေးအဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။ အခုဖြစ်စဉ်နဲ့ပတ်သက်လို့တော့ စစ်ကောင်စီဘက်က ထုတ်ပြန်တာမရှိသေးပါဘူး။

    Depayin, Sagaing

    ဓာတ်ပုံ ရင်းမြစ်, ဒီပဲယင်းမြို့နယ်တော်လှန်ရေးစစ်ကြောင်းဦးဆောင်ကော်မတီ

    ဓာတ်ပုံ ပုံစာ, ဒီပဲယင်းမြို့နယ်ထဲ စစ်အာဏာသိမ်းဆန့်ကျင်ရေးသပိတ်တွေမှာ လုံခြုံရေးယူပေးနေတဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တချို့ကိုတွေ့ရစဉ်။ (ပုံဟောင်း)
  2. တိုက်ပွဲတွေကြောင့် ပူတာအိုမြို့နယ် ဆွမ်ပီယန်ရွာမှာ အိမ်တွေ မီးလောင်

    putao

    ဓာတ်ပုံ ရင်းမြစ်, CJ

    စစ်ကောင်စီနဲ့ KIA (ကချင်လွတ်လပ်ရေးတပ်မတော်) တို့အကြားတိုက်ပွဲတွေဖြစ်ပြီးနောက် လက်နက်ကြီးပစ်ခတ်တာ၊ ဗုံးကျဲတာတွေကြောင့် အိမ်တွေမီးလောင်တာတွေ ထပ်ဖြစ်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

    မတ်လ ၃ ရက် ညနေအထိကို အိမ်တွေမီးလောင်နေသလို လက်နက်ကြီးကျတာ၊ ဗုံးထိမှန်တာမျိုး စုစုပေါင်း ၄ကြိမ်အထိရှိခဲ့တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

    ရွာသူရွာသားတွေကတော့ တောထဲကိုစစ်ရှောင်နေရတာကြောင့် အဝေးကနေ မီးလောင်နေတာကိုတွေ့ရပြီး မတ်လ ၄ ရက်နေ့ မနက် ၁၁ နာရီကျော်လောက်အထိ လက်နက်သံတွေလဲကြားရတယ်လို့ ပြောပါတယ်။

    “ကျွန်တော်တို့ကတော့ ရွာထဲမှာတော့ မဟုတ်ဘူး။ ဒါပေမဲ့ ကြားရတာကတော့ မနေ့ညနေပိုင်း ၅ နာရီလောက်မှာ ထိပ်တိုက်တွေ့ကြပြီးမှ တိုက်ပွဲဖြစ်ပြီးတော့ စစ်တပ်ဘက်က ပစ်တဲ့လက်နက်ကြီးကြောင့် အိမ်တွေလည်း ၃အိမ်၄အိမ်မီးလောင်သွားတယ်လို့ ကြားတယ်" လို့ ပူတာအို ဒေသခံတစ်ယောက်ကပြောပါတယ်။

    ရွာကအိမ်တွေ မီးဘယ်လို စလောင်တယ်ဆိုတာကို မသိရသေးပေမဲ့ ရွာအနီးနားမှာ တိမ်းရှောင်ရာကနေ အခြားနေရာတွေကို ထပ်မံတိမ်းရှောင်နေရပြီး တောထဲမှာ လူစုကွဲလမ်းပျောက်နေတာလည်းရှိတယ်လို့ စစ်ဘေးရှောင်သူတွေက ပြောပါတယ်

    “ဟုတ်တယ် မီးလောင်တာတော့ တွေ့တယ်။ ကျွန်တော်တို့ မနေ့က အဲ့ကနေ ပြေးလာတာအခု တောထဲမှာဘဲ။ နှစ်ဘက်စလုံးက တိုက်ကျလို့ လက်နက်ကြီးပစ်တော့ ဘယ်လို လောင်သွားလဲမသိဘူး။ မီးခိုးထွက်တာဘဲသိတယ်” လို့စစ်ဘေးရှောင်သူတစ်ဦးက ဆိုပါတယ်။

    ပူတာအိုမြို့နယ် ဆွမ်ပီယာန်ရွာနဲ့အနီးတဝိုက်မှာ စစ်ကောင်စီ ဘက်ကနေပြီး လေကြောင်း နဲ့ ဖေဖော်ဝါရီလ ၃ ရက်နေ့က တစ်ကြိမ် မတ်လ ၁ရက်နေ့ကတစ်ကြိမ်၊ စုစုပေါင်း ၂ ကြိမ်တိုက်ခိုက်ခဲ့ပြီးတိုက်ပွဲတွေလည်း မကြာခဏ ဆိုသလို ဖြစ်နေပါတယ်။

    ဒေသခံရွာသူရွာသားတွေကတော့ စစ်ကောင်စီဘက်က လေကြောင်းနဲ့ဗုံးကျဲတာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေဟာ ရွာသူရွာသားတွေရှိတဲ့ နေရာတွေမှာပဲ ကျရောက်နေတယ်လို့ ပြောပါတယ်။

    “ပြီးတော့ မနေ့ကကိစ္စကတော့ ရွာအတွင်းမှာပဲ။ သူတို့ စခန်းက ဟိုအဝေးကြီး နောက်ဘက်ဖြစ်နေတယ်။ မီးလောင်တာက အရှေ့ဘက်ဖြစ်နေတာ။ ဗုံးကျလို့လား၊ သူတို့စစ်တပ်ရှို့သလား ကျွန်တော်တို့က အတိအကျမမြင်တော့ ကျွန်တော်တို့က ဗုံးကျတာဘဲလို့ ထင်တယ်” လို့ ဒေသခံတစ်ယောက်က မြင်တွေ့ရတာနဲ့ပတ်သက်ပြီး ပြောပါတယ်။

    ဒီဖြစ်စဥ်အပေါ် စစ်ကောင်စီဘက်ကတော့ ထုတ်ပြန်တာ မတွေ့ရသေးပါဘူး​၊

    ဆွမ်ပီယာန်ရွာကိုဖေဖော်ဝါရီလ ၃ ရက်နေ့က စစ်ကောင်စီဘက်က လေကြောင်းနဲ့ ရွာအတွင်းကို ဗုံးကျဲတာကြောင့် အိမ်တွေပျက်စီးတာတွေအပြင် ဒေသခံတွေ ထိခိုက် ဒဏ်ရာရသူတွေ ရှိခဲ့ပါသေးတယ်။

    ဒါအပြင်မတ်လ ၃ ရက်နေ့ကလည်း အိမ်တွေဖောက်ခံရတာရှိ တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

    ဆွမ်ပီယာန်ရွာမှာတော့ အိမ်ခြေ ၂၀၀ကျော်နဲ့ လူဦးရေးက တစ်ထောင်ကျော်ရှိပြီးဆွမ်ပီယန် ရွာနဲ့ အနီး တဝိုက်မှာ ဝဒတ်ရွာနဲ့ အင်စီယန် ရွာတွေလဲရှိပြီး လောလောဆယ် ရွာ ၃ရွာ လုံးမှာရွာသူရွာသားတွေ တစ်ယောက်မှမရှိဘဲ တောထဲမှာဘဲ ရှောင်နေကြရတယ်လို့ ပြောကြပါတယ်။

  3. ဂန့်ဂေါမြို့နယ်မှာ နှစ်ရက်အတွင်း ဒေသခံ ၁၀ ဦး အသတ်ခံရပြီး နေအိမ် ၂၀၀ ကျော် မီးရှို့ခံရ

    မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာ ဖေဖော်ဝါရီ ၂၈ နဲ့ မတ် ၁ ရက်အတွင်း ရွာငါးရွာက ဒေသခံ ၁၀ ဦး အသတ်ခံထားရပြီး တစ်ဦးမှာ ပျောက်ဆုံးနေတယ်လို့ ဂန့်ဂေါမြို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ဒီနေ့ မတ် ၄ ရက်မှာ ထုတ်ပြန်ပါတယ်။

    ရွှေဘိုရွာနဲ့ကံတိုးရွာက ၇ ဦး၊ ကုန်းရွာ၊ သင်တောရွာနဲ့ မြင်သားရွာမှာ ၁ ဦးစီ စုစုပေါင်း ၁၀ ဦး အသတ်ခံရပြီး နောက်တစ်ယောက်ကတော့ ပျောက်ဆုံးနေတယ်လို့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

    ပျောက်ဆုံးနေတဲ့ မြင်သားရွာဒေသခံတစ်ယောက်ကိုလည်း သေဆုံးနိုင်ခြေများတယ်လို့ ဒေသခံတွေက ယူဆနေပါတယ်။

    “ မြင်သားရွာမှာ အသတ်ခံရတာက ကိုကျော်နိုင်ထွန်းဆိုတဲ့ လူပျိုကြီး၊ သူ့ပုံစံကြည့်ရင် လူကောင်းတစ်ယောက်ထင်ရပေမယ့် သူက ကျန်းမာရေးမကောင်းဘူး။ အဲဒါကို ခေါ်သွားပြီး မြစ်သာမြစ်ဘေးမှာ သတ်၊ မြစ်ထဲပစ်ချခဲ့တာ။ မနေ့က ပြန်တွေ့တယ်၊ ဒါပေမဲ့ မသင်္ဂြိုဟ်ရဲဘူး။ မီးသင်္ဂြိုဟ်လို့ မီးခိုးတွေ့ရင် ပစ်ခံရမှာစိုးလို့ မြစ်ထဲ ပြန်မျောလိုက်ရတယ်။ မိသားစုဝင်တွေကတော့ တော်တော်စိတ်မကောင်းဖြစ်နေကြတယ်။ ပျောက်နေတဲ့တစ်ယောက်လည်း အသတ်ခံရဖို့များပါတယ်။ ကုန်းရွာက အသက် ၁၉ နှစ်လောက် စိတ်မပြည့်တဲ့ ကောင်လေးကိုလည်း ပစ်သတ်သွားတာ၊ ရွှေဘိုရွာက လူတွေဆိုလည်း သူတို့ကို ကြောက်လို့ ပုန်းနေတာကို ပစ်သတ်သွားတာ” လို့ ဒေသခံတစ်ယောက်က ဘီဘီစီကို ပြောပါတယ်။

    ဂန့်ဂေါမြို့နယ်ဘက်ကို ကလေးမြို့ဘက်က စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေနဲ့အတူ ဟံသာဝတီ၊ ကုက္ကား၊ မြောက်ခင်ရန်းရွာက ပျူစောထီးတွေ ဖေဖော်ဝါရီ ၂၈ မှာ ရောက်ရှိလာပြီး သင်တောရွာက နေအိမ် ၁၄၇ လုံး၊ ရွှေဘိုရွာနဲ့ ကံတိုးရွာက နေအိမ် ၂၆ လုံး၊ စမ်းမြို့ရွာက နေအိမ် ၁၄ လုံး မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

    အဲဒီစစ်ကောင်စီနဲ့ ပျူစောထီးအဖွဲ့ဝင်တွေဟာ မတ် ၁ ရက်မှာ ကုန်းရွာက လူနေအိမ် ၃၆ လုံး၊ မြင်သားရွာမှာ နေအိမ် ၂ လုံးနဲ့ နှစ်ရက်အတွင်း စုစုပေါင်း အိမ်ခြေ ၂၁၁ လုံး မီးရှို့ခံရပါတယ်။ မနေ့က မတ် ၃ ရက်မှာလည်းပျူစောထီးအဖွဲ့ဝင်တွေက မြောက်ခင်ရန်းရွာ အပါအဝင် တောင်ခင်ရန်းရွာကို ရောက်လာပြီး ပျူစောထီးအဖွဲ့ထဲဝင်ဖို့၊ ရပ်ရွာပြည်သူ့စစ်ဖွဲ့ဖို့ ၊ တကယ်လို့ ဖွဲ့မယ်ဆိုရင် မောင်းပြန်သေနတ်တွေ ထောက်ပံ့ပေးမယ်ဆိုတာတွေ လာပြောသွားတယ်လို့လည်း ဒေသခံတွေက ပြောကြပါတယ်။

    စစ်ကောင်စီဘက်က ဒေသတွင်း စစ်ဆင်ရေးတွေမှာ ပျူစောထီးအဖွဲ့တွေ အသုံးပြုတာနဲ့ပတ်သတ်ပြီး ထုတ်ပြန်ထားတာ မရှိသေးပါဘူး။ ဂန့်ဂေါမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကလည်း လက်နက်အင်အား မလုံလောက်တာကြောင့် အများပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်ကို မကာကွယ်ပေးနိုင်တဲ့အတွက် ကြေကွဲဝမ်းနည်းရတယ်လို့ ထုတ်ပြန်ထားပါတယ်။

    GantGaw, Magway

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ဂန့်ဂေါမြို့နယ်မှာ နှစ်ရက်အတွင်း ဒေသခံ ၁၀ ဦး အသတ်ခံရပြီး နေအိမ် ၂၀၀ ကျော် မီးရှို့ခံရ
    GantGaw, Magway

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ဂန့်ဂေါမြို့နယ်မှာ နှစ်ရက်အတွင်း ဒေသခံ ၁၀ ဦး အသတ်ခံရပြီး နေအိမ် ၂၀၀ ကျော် မီးရှို့ခံရ
  4. မန္တလေးကျောက်မျက်အမှု တရားလိုကို ဆက်လက်စစ်ဆေး

    မန္တလေးမြို့က ကျောက်မျက်ရောင်းဝယ်ရေးစခန်းမှာ အရောင်းဝယ်မလုပ်ဘဲ ပြင်ပမှာ အရောင်းအဝယ် ပြုလုပ်လို့ဆိုပြီး ဖမ်းဆီးခံထားရသူတွေကို ကျောက်မျက်ဥပဒေနဲ့ မြို့နယ် ၂ ခုမှာ တရားစွဲဆိုထာတာ ၂ လကျော်ရှိနေပါပြီ။

    ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၂၀ ရက်က မဟာအောင်မြေမြို့နယ်နဲ့ အောင်မြေသာစံမြို့နယ်တွေက ကျောက်လုပ်ငန်းကုမ္ပဏီတွေမှာ အွန်လိုင်းကတဆင့် WeChat နဲ့ ကျောက်အရောင်းအဝယ်လုပ်တဲ့ အယောက် လေးရာကျော် ဖမ်းဆီးခံခဲ့ရတာပါ။

    အဖမ်းခံရတဲ့အထဲမှာ တရုတ်လူမျိုး ကျောက်ကုန်သည် တစ်ရာကျော်ပါဝင်ခဲ့ပါတယ်။ သူတို့ကို မြန်မာ့ကျောက်မျက်ရတနာ ဥပဒေ ပုဒ်မ ၅၁ (ခ)၊ ပုဒ်မ ၅၄ တွေနဲ့ စစ်ကောင်စီဘက်က သက်ဆိုင်ရာမြို့နယ် မြို့မရဲစခန်းမှူးတွေကတရားစွဲဆိုခဲ့တာပါ။

    အဲဒီပုဒ်မတွေမှာ ပြစ်မှုကျူးလွန်ဖို့ရန် အားထုတ်တာ၊ ပူးပေါင်းကြံစည်တာ၊ အားပေးကူညီတာနဲ့ ကျောက်မျက်ရတနာ အရိုင်း/ အချောထည်/ လက်ဝတ်ရတနာ ရောင်းဝယ်လုပ်ကိုင်ခွင့် လိုင်စင်မရှိပဲ လုပ်ကိုင်လို့ ဆိုပြီး တရားစွဲဆိုထားတာပါ။

    မဟာအောင်မြေ ကျောက်မျက်ရောင်းဝယ်ရေးစခန်းမှာ ကျောက်စိမ်းအရောင်းအဝယ် မလုပ်ဘဲ ပြင်ပနေရာမှာ အရောင်းဝယ်လုပ်လို့ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပြီး ဖမ်းဆီးထိန်းသိမ်းခံရတဲ့ ကျောက်တန်ဖိုး‌တွေဟာ ကျပ်သိန်းပေါင်း သောင်းချီရှိတယ်လို့ ဒေသခံကျောက်လုပ်ငန်း လုပ်ကိုင်သူတွေက ပြောပါတယ်။

    ဖမ်းဆီးခံရတဲ့ အယောက်လေးရာကျော်ထဲက ဇန်နဝါရီ ၃၁ ရက်နေ့မှာ ကျောက်လက်ဝယ်မရှိသူ တရုတ်နိုင်ငံသား ၁၈ ဦးအပါဝင် ၁၉၄ ဦးကို ပြန်လွှတ်ပေးခဲ့ပါတယ်။ ဒီအမှုရုံးချိန်းတွေကို အိုးဘိုထောင် အထူးတရားရုံးမှာအပတ်စဉ် အင်္ဂါ၊ ကြာသပတေးနေ့တိုင်း စစ်ဆေးပြီး မနေ့မတ်လ ၃ ရက်နေ့က တရားလိုကို ဆက်လက်စစ်ဆေးတယ်လို့သိရပါတယ်။

    Gem online trade, Mandalay

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, wechat ကနေ ကျောက်မျက်အရောင်းအ၀ယ်ပြုလုပ်နေပုံ/ပုံဟောင်း
  5. KNU တပ်မဟာ ၆ နယ်မြေအတွင်း စစ်ကောင်စီတပ်ထိုးစစ်ကြောင့် KNLA နဲ့တိုက်ပွဲဖြစ်, KNU တပ်မဟာ ၆ နယ်မြေအတွင်း စစ်ကောင်စီတပ်ထိုးစစ်ကြောင့် KNLA နဲ့တိုက်ပွဲဖြစ်

    KNU တပ်မဟာ ၆ နယ်မြေ ရသေ့ဂူ-ဖလူးလေး လမ်းပိုင်းမှာ မတ်လ ၂ ရက်က ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်တွေနဲ့ကရင်အမျိုးသားလွတ်မြောက်ရေးတပ် KNLA ပူးပေါင်း တပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ရက်တာတိုက်ပွဲ အတွင်း စစ်ကောင်စီဘက်က သေဆုံး ထိခိုက်ဒဏ်ရာ ရရှိသူ ၅ ဦးထက်မနည်း ရှိကြောင်း KNLA ပူးပေါင်း တပ်ဖွဲ့က တပ်ဖွဲ့ဝင်တစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    မတ်လ ၂ ရက်နဲ့ ၃ ရက်နေ့တို့မှာ လေးကေ့ကော်ဒေသ ရသေ့ဂူကျေးရွာနဲ့ ဖလူးလေးကျေးရွာ ဘက်ကို စစ်ကောင်စီတပ်နဲ့ကရင်နယ်ခြားစောင့်တပ် BGF တပ်တွေ စစ်ကြောင်းထိုး နယ်မြေ ရှင်းလင်းရေးလုပ်ဆေင်လာတဲ့အတွက် ခုလို တိုက်ပွဲဖြစ်ပွားတာလို့ ဆိုပါတယ်။ စစ်ကောင်စီဘက်က ခုလိုသေဆုံးထိခိုက်ဒဏ်ရာရရှိသူတွေရှိတာကြောင့် လေးကေ့ကော်ဒေသ၊ စွယ်တော်အမြောက်ကုန်းကနေ လက်နက်ကြီးတွေနဲ့ KNLAပူးပေါင်း တပ်ဖွဲ့တွေရှိရာဘက်ကို ပစ်ခတ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။

    "တိုက်ပွဲက ၂ရက်နေ့က ဖြစ်တယ်။ ကျွန်တော်တို့နေရာတွေကို စစ်ကောင်စီတပ်တွေ တက်ရှင်းဖို့ စစ်ကြောင်း လာတယ် ၊ လမ်းမှာ ပစ်ကြတယ်။ ၅ယောက် လောက် သေတာဒဏ်ရာရတာ သိရတယ်။ ရှေ့တော့ ဆက်မတိုးတော့ဘဲ လက်နက်ကြီးကုန်းကနေ လက်နက်ကြီး အဆက်မပြတ် ပစ်ထုတ်တယ်။ ၃ ရက်နေ့ နေ့လယ်မှာ ထပ်ပြီးလာတယ်။ သူတို့ လူထိတာတွေရှိတော့ ပြန်ဆုတ်ပြီး လက်နက်ကြီး နဲ့ ပစ်ကူ ပစ်တယ်။ သူတို့ရှိတဲ့ဘက်ကို တိုက်လို့ မရအောင် မိုင်းတွေထောင်ထားတယ် သိရတယ်။ ဒီရက်တွေမှ သူတို့ စစ်ကောင်စီနဲ့ BGF တွေ ရသေ့ဂူ- ဖလူးလေး ကျေးရွာချင်းဆက် လမ်း ဘက်ကို ဆက်တိုး လာရင် တိုက်ပွဲ တွေ ဆက်ဖြစ် နေမှာပါပဲ ၊ ရွာသားတွေ ဖြတ်သွား ဖြတ်လာ မလုပ်ကြဖို့ တော့ ပြောထားတယ်" လို့ KNLA ပူးပေါင်း တပ်ဖွဲ့ မှ စစ်ရေး နယ်မြေ အတွင်း ရောက်ရှိ တိုက်ပွဲ ဝင် နေသူ တစ်ဦး က ပြောပါတယ်။

    လေးကေ့ကော် ဒေသအတွင်း တိုက်ပွဲ များ ကြောင့် ဒေသတွင်း ကျေးရွာ ၅ ရွာ ခန့်မှ ဒေသခံ ၅၈၀ ကျော် စစ်ဘေးရှောင် နေကြရဆဲ ဖြစ်ပြီးလတ်တလော အိုမီခရွန်ကူးစက်မှုတွေရှိနေတာကြောင့် တိုက်ပွဲ တွေ ဆက်ဖြစ်လာရင် စစ်ဘေးရှောင်ဖို့ အခက် အခဲတွေ ရှိလာမယ်လို့ စစ်ဘေးရှောင်တွေကပြောပါတယ်။ စစ်ကောင်စီဘက်က အကျအဆုံးတွေနဲ့ပတ်သက်လို့ သတင်းထုတ်ပြန်တာတော့မရှိသေးပါဘူး။

    KNLA

    ဓာတ်ပုံ ရင်းမြစ်, CJ

  6. ကျွန်းလှမြို့နယ်၊ ဝေလမူရွာက CDM ဆရာမတွေအပါအဝင် ၆ ဦးကို စစ်ကောင်စီ ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေပြော

    စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ် ၊ ဝေလမူရွာက CDM ဆရာမ ၃ဦးနဲ့ အရပ်သား ၃ ဦးတို့ကို မနေ့ မတ် ၃ ရက်မှာ စစ်ကောင်စီက လမ်းပြအနေနဲ့ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဝေလမူရွာကို စစ်ကောင်စီတပ်တွေက ပြီးခဲ့တဲ့ မတ် ၁ ရက်မှာ လေကြောင်းနဲ့တိုက်ခိုက်ခဲ့ပြီး ကျေးရွာသား ၂၅ ဦးခန့်လည်း အဖမ်းခံခဲ့ရပါတယ်။

    အဲဒီထဲက အသက် ၂၀ ကျော်ဝန်းကျင် နဲ့ ၃၀ ကျော်ဝန်းကျင်အရွယ် CDM ကျောင်းဆရာမတွေနဲ့ အရပ်သား စုစုပေါင်း ၆ ဦးကို စစ်ကြောင်းက သူတို့နဲ့တစ်ပါတည်း ခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား တစ်ရာလောက်ပါတဲ့ စစ်ကောင်စီတပ်တွေဟာ ရွာလမ်းမတွေကနေ မသွားဘဲ လယ်ကွင်း တောတိုက်တွေရှိတဲ့ဘက်ကနေ သွားကြတာလို့ ဆိုပါတယ်။ “အရင်ကလည်း ဓားစာခံအနေနဲ့ လမ်းပြခေါ်သွားတာတွေ ရှိဖူးတယ်။ အဲဒီတုန်းကတော့ ပြန်လွှတ်လာတာရှိတယ်။ အခုက CDM ဆရာမတွေလည်းဖြစ်တယ်။ အမျိုးသမီးတွေလည်းဖြစ်တော့ လမ်းမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေက ဝင်တိုက်မှာစိုးလို့ ဓားစားခံလုပ်တာဖြစ်မယ်ဗျ။ အရင်လူတွေကို ပြန်လွှတ်ပေမယ့် အခု CDM ဆရာမတွေဆိုတော့ အရမ်းစိတ်ပူနေရတယ်။” လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။

    ကျွန်းလှမြို့နယ် ၊ ဝေလမူကျေးရွာကို ပြီးခဲ့တဲ့ မတ် ၁ ရက်က စစ်ရဟတ်ယာဉ် နှစ်စီးနဲ့ လာရောက်ပစ်ခတ်ခဲ့ပြီး နောက်ထပ် စစ်ရဟတ်ယာဉ် နှစ်စီးက စစ်အင်အား ၁၀၀ ဝန်းကျင် ချသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဝေလမူရွာမှာ တပ်စွဲထားတဲ့ အဲဒီစစ်ကောင်စီတပ်တွေက မတ် ၃ ရက်မှာ တခြားကျေးရွာတွေကို စစ်ကြောင်းထွက်တဲ့အခါ အဲဒီကျေးရွာက နေအိမ် ၃ လုံးကိုလည်း မီးရှို့ခဲ့ပြီး ဓားစာခံသဘော ဖမ်းခေါ်သွားကြတာလို့ ပြောပါတယ်။

    စစ်ကောင်စီကတော့ ဝေလမူကျေးရွာမှာ ပီဒီအက်ဖ်တွေရောက်ရှိနေတယ်ဆိုတဲ့သတင်းအရ မတ်လ ၁ ရက်နေ့မှာ ဝင်ရောက်ခဲ့ပြီး နှစ်ဖက်ပစ်ခတ်မှုတွေဖြစ်ခဲ့တဲ့နောက် ပီဒီအက်ဖ်တွေက ဆုတ်ခွာသွားပြီး လက်လုပ်သေနတ်မျိုးစုံအပါအဝင် လက်နက်ခဲယမ်းတွေ ဖမ်းဆီးရမိခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပြီး ဖမ်းဆီးခံထားရတယ်ဆိုတဲ့ ဆရာမ ၃ ဦးနဲ့ ဒေသခံ ၃ ဦးနဲ့ပတ်သက်လို့ ထုတ်ပြန်ချက်မှာ မပါရှိတာကိုတွေ့ရပါတယ်။

  7. စစ်ကိုင်းတိုင်းထဲမှာ ဒေသတချို့ အင်တာနက်သုံးစွဲလို့မရတော့ဘူးလို့ဒေသခံတွေပြော

    စစ်ကောင်စီတပ်တွေနဲ့ ဒေသကာကွယ်ရေးတပ်တွေကြား တိုက်ပွဲတွေဖြစ်ပွားနေပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေရှိနေတဲ့ စစ်ကိုင်းတိုင်းက မြို့နယ်တချို့မှာ ဒီနေ့ မတ် ၄ ရက်ကစပြီး အင်တာနက်ပြတ်တောက်နေပြီး သုံးစွဲမရတဲ့အခြေအနေနဲ့ ကြုံနေရတယ်လို့ဒေသခံတွေ ကဘီဘီစီကို ပြောပါတယ်။

    “ကျွန်တော်တို့က ညတုန်းကတော့ တောဘက်တွေမှာ စစ်ဘေးရှောင်နေရတော့ အင်တာနက်တွေက မသုံးဖြစ်တော့ မသိဘူး။ ဒီနေ့မနက် ၆ နာရီလောက် နိုးလို့ အင်တာနက်သုံးတာ သုံးလို့မရတော့ဘူး ”လို့ ကျွန်းလှမြို့နယ် ဒေသခံတစ်ယောက်က ဘီဘီစီကို ပြောပါတယ်။

    ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် စက်တင်ဘာကစပြီး ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ မန္တလေးတိုင်း၊ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းထဲက မြို့နယ်ပေါင်း ၂၂ ခုကို အင်တာနက်ဖြတ်တောက်ခဲ့ပါတယ်။

    အဲဒီတုန်းက ဖြတ်တောက်ခံရတဲ့အထဲ စစ်ကိုင်းတိုင်းထဲက အရာတော်၊ ယင်းမာပင်၊ ကနီ၊ ပုလဲ၊ ရေဦး၊ တန့်ဆည်နဲ့ ဘုတလင်ခုနစ်မြို့နယ်ပါဝင်ခဲ့ပါတယ်။

    အခုအခါ စစ်ကိုင်းတိုင်းထဲက ချောင်းဦး၊ ဆားလင်းကြီး၊ မြောင်၊ ဒီပဲယင်း၊ ဝက်လက်၊ ရေဦး၊ မြင်းမူ၊ ဗန်းမောက်၊ ကသာ၊ ကန့်ဘလူ၊ တန့်ဆည်၊ မင်းကင်း၊ ကျွန်းလှ၊ ကလေးဝ၊ တမူး၊ မော်လိုက် အပါအဝင် မြို့နယ် ၂၃ ခုမှာ အင်တာနက်တွေ ဖြတ်တောက်မယ်ဆိုတဲ့ စာရင်းတစ်ခုလည်း လူမှုကွန်ရက်မှာ မနေ့ မတ် ၃ ရက်နေ့ကစလို့ပျံ့နှံ့နေပါတယ်။

    ဒါနဲ့ပတ်သက်လို့ ဘီဘီစီက အတည်ပြုနိုင်ဖို့ ဆက်လက်ကြိုးစားနေပြီး စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။

    Sagaing Division

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, စစ်ကိုင်းတိုင်းထဲမှာ မြို့နယ်ပေါင်း ၃၇ မြို့နယ်နဲ့ မြို့ပေါင်း ၅၀ ကျော်ရှိပြီး အဲဒီထဲက ဒေသအများစုမှာ ပစ်ခတ်တိုက်ခိုက်မှုတွေ ဖြစ်နေပါတယ်။
  8. ဒီနေ့မတ်လ ၃ ရက်ဟာ အာဏာသိမ်းစစ်တပ်ရဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေက လမ်းပေါ်က ဆန္ဒပြသူတွေကို ပစ်ခတ်ဖြိုခွင်းတာကြောင့် ရန်ကုန်နဲ့ မန္တလေးအပါအဝင် မြန်မာနိုင်ငံမြို့ကြီးတော်တော်များများမှာ လက်နက်မဲ့ဆန္ဒပြပြည်သူ ဆယ်ချီသေဆုံးခဲ့ရမှု တစ်နှစ်ပြည့်ဖြစ်ပါတယ်။

    အဲဒီထဲမှာ မန္တလေးက ဆန္ဒပြပွဲမှာ စစ်ကောင်စီရဲ့လုံခြုံရေးတပ်ဖွဲ့တွေပစ်ခတ်ဖြိုခွင်းလို့ ကြယ်စင်ဆိုတဲ့ ဆယ်ကျော်သက် အမျိုးသမီးငယ်တစ်ယောက် ဦးခေါင်းကျည်ထိပြီး သေဆုံးခဲ့ရတာလည်း တစ်နှစ်ပြည့်ပြီဖြစ်ပါတယ်။

    စစ်ကောင်စီဘက်ကတော့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ပစ်ခတ်မှုကြောင့် ထိမှန်သေဆုံးတာမဟုတ်ဘူးလို့ လူသိရှင်ကြားထုတ်ပြောခဲ့ပါတယ်။

    အဲဒီနေ့က ဖြစ်ရပ်အကြောင်း ဘီဘီစီရဲ့သတင်းဆောင်းပါးကို ဒီလင့်ခ်ကနေ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

    အိန်ဂျယ်လို့ခေါ်တဲ့ ကြယ်စင် ပစ်ခတ်ခံရပြီး သေဆုံးမှု တစ်နှစ်ပြည့်ပြီ

    ဓာတ်ပုံ ရင်းမြစ်, Fortify Rights

    ဓာတ်ပုံ ပုံစာ, အိန်ဂျယ်လို့ခေါ်တဲ့ ကြယ်စင် ပစ်ခတ်ခံရပြီး သေဆုံးမှု တစ်နှစ်ပြည့်ပြီ
  9. ပေါက်မြို့နယ်က လယ်ယာနဲ့လက်ပံလှရွာမှာ အိမ်ခြေ ၂၇၀ နီးပါး မီးရှို့ခံရ

    လက်ပံလှရွာက အိမ်ခြေ ၇၀ နီးပါးအထိ မီးလောင်ခဲ့တယ်လို့ ရွာခံတွေက ပြောပါတယ်

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, လက်ပံလှရွာက အိမ်ခြေ ၇၀ နီးပါးအထိ မီးလောင်ခဲ့တယ်လို့ ရွာခံတွေက ပြောပါတယ်

    မကွေးတိုင်း၊ ပေါက်မြို့နယ်၊ လယ်ယာရွာနဲ့ လက်ပံလှရွာကို စစ်တပ်နဲ့ ဒေသခံတွေအခေါ် စစ်တပ်လိုလားတဲ့ပျူစောထီးလက်နက်ကိုင်တွေက ဒီနေ့ မတ်လ ၃ ရက်မှာ ဝင်ရောက်မီးရှို့ခဲ့လို့ နေအိမ် ၂၇၀ နီးပါး မီးလောင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

    ''စစ်တပ်၊ ရဲနဲ့ ပျူစောထီးအဖွဲ့တွေက ဒီနေ့မနက်ပိုင်းအစောပိုင်းမှာ အလယ်ယာရွာကို ဝင်ရှို့တာ။ အိမ်အလုံး ၂၀၀ လောက်ပါသွားတယ်။ အစွန်အဖျားမှာရှိတဲ့အိမ်နည်းနည်းပဲ ကျန်ရစ်တယ်။ အဲဒီကနေ လက်ပံလှကို ဝင်လာပြီး ဒီနေ့ မနက်မှာ မီးလာရှို့တာ။ ရွာထဲက အိမ် ၇၀ လောက် မီးထဲပါသွားတယ်'' လို့ လက်ပံလှရွာခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

    အခုတော့ အဲဒီနှစ်ရွာပေါင်းက ဒေသခံ ၂ ထောင်နီးပါး ဘေးလွတ်ရာ တောထဲမှာ စစ်ရှောင်နေရတယ်လို့လည်း သူက ဆက်ပြောပါတယ်။

    လယ်ယာနဲ့ လက်ပံလှမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်တာမရှိဘဲ စစ်တပ်က အခုလို ဝင်ရောက်မီးရှို့တာလို့လည်း ဒေသခံတွေက ပြောပါတယ်။

    ဒါပေမဲ့ အဲဒီရွာတွေအနီးက ဝင်းချုံးရွာမှာတော့ ဒေသကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေ ပစ်ခတ်တိုက်ခိုက်တာမျိုးရှိထားတယ်လို့တော့လည်း လက်ပံလှရွာခံတွေက ပြောပါတယ်။

  10. စက်သုံးဆီ တစ်လီတာကို ၂၀၀ ကျပ်နီးပါးအထိ စျေးနှုန်းထပ်မံမြင့်တက်

    နယ်မြို့တချို့မှာဆို စက်သုံးဆီ လက်လီဈေးဟာ တစ်လီတာကို ၂၀၀၀ ကျော်အထိမြင့်တက်သွားပါတယ်။

    ဓာတ်ပုံ ရင်းမြစ်, social media

    ဓာတ်ပုံ ပုံစာ, နယ်မြို့တချို့မှာဆို စက်သုံးဆီ လက်လီဈေးဟာ တစ်လီတာကို ၂၀၀၀ ကျော်အထိမြင့်တက်သွားပါတယ်

    ပြည်တွင်းမှာ စက်သုံးဆီလက်လီဈေးနှုန်းတွေဟာ ဒီနေ့ မတ်လ ၃ ရက်မှာ တစ်လီတာကို ၂၀၀ ကျပ်နီးပါးအထိ စျေးနှုန်းထပ်မံမြင့်တက်သွားလို့ အခုဆို တစ်လီတာကို ၂၀၀၀ ကျပ်နီးပါးပေးပြီး ၀ယ်ယူသုံးစွဲနေရတယ်လို့ စက်သုံးဆီသုံးစွဲသူတွေဆီကနေ သိရပါတယ်။

    ''ဒီနေ့ ဆီသွားထည့်တော့ 95 အမျိုးအစားဆီက မနေ့က ၁,၇၈၀ ဝန်းကျင်ပဲရှိတာ။ ဒီနေ့ ဆို ၂,၀၀၅ ကျပ်၊ ၂,၀၁၀ ကျပ် အဲဒီလိုမျိုး ထိုးတက်သွားတယ်။ ခါတိုင်းတက်နေတာ ၅၀ ကျပ်နဲ့ ၁၀၀ ကျပ်လောက်ပဲ။ ဒီလိုခုန်တက်သွားတာမျိုး ပထမဆုံးပဲ။ ၂,၀၀၀ ကျပ်သာကျော်သွားပြီဆိုရင် ကားကို ဒီအတိုင်း ထိုးရပ်ထားရတော့မှာပဲ'' လို့ ရန်ကုန်မြို့က အငှားယာဉ် မောင်းတစ်ဦးက ပြောပါတယ်။

    စက်သုံးဆီဈေးနှုန်းဟာ မနေ့က အောက်တိန်း 95 ဆီအမျိုးအစားအတွက် တစ်လီတာကို ၁၇၈၀ ကျပ်၊ အောက်တိန်း 92 ဆီအမျိုးအစားအတွက် တစ်လီတာကို ၁၇၃၀ ကျပ်ရှိရာကနေ ဒီနေ့မှာ အောက်တိန်း 92 ဆီ အမျိုးအစား တစ်လီတာကို ၁၉၉၀ အထိ မြင့်တက်လာတာပါ။

    ဒါပေမဲ့ ရန်ကုန်မှာ စက်သုံးဆီအရောင်းဆိုင်အလိုက် တစ်လီတာဈေးနှုန်း ၂၀၀၀ ကျပ်ဝန်းကျင်ရှိနေပေမဲ့ နယ်က စက်သုံးဆီအရောင်းဆိုင်တချို့မှာတော့ ၂၀၀၀ ကျပ်အထိ တက်သွားသလို တချို့ဆိုင်တွေမှာ ၂၀၀၅ ကျပ်အထိ မြင့်တက်သွားတယ်လို့ ဝယ်ယူသုံးစွဲသူတွေကပြောပါတယ်။

    တစ်ဖက်မှာလည်း ဒီလိုစက်သုံးဆီဈေးနှုန်း ရာနဲ့ချီပြီး ရုတ်တရက်မြင့်တက်သွားတာကြောင့် ရန်ကုန်က အငှားယာဉ်စီးခတွေဟာ ငွေကျပ် ၅၀၀ ကနေ ၁၀၀၀ ကြား ပိုပေးနေရတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။

  11. အာဆီယံအထူးသံရဲ့မြန်မာခရီးစဉ် မတ်လ ၂၀ ရက်မှာ စတင်မယ်

    မြန်မာ့အရေး အာဆီယံအထူးသံတမန် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရက်ဆော့ခွန်း(ညာ)

    ဓာတ်ပုံ ရင်းမြစ်, ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာန

    ဓာတ်ပုံ ပုံစာ, မြန်မာ့အရေး အာဆီယံအထူးသံတမန် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရက်ဆော့ခွန်း(ညာ)

    အာဆီယံအထူးသံရဲ့မြန်မာခရီးစဉ် မတ်လ ၂၀ ရက်မှာ စတင်မယ် အာဆီယံအထူးသံတမန် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးပရက်ဆော့ခွန်းက သူ့ရဲ့မြန်မာခရီးစဉ်ကို လာမယ့် မတ်လ ၂၀ ရက်မှာ စတင်မယ်ဆိုပြီး မနေ့ မတ်လ ၂ ရက်မှာ ထုတ်ပြောလာပါတယ်။

    လက်ရှိမှာ ကမ္ဘောဒီးယားဟာ အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်တာကြောင့် ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်က နိုင်ငံခြားရေးဝန်ကြီးပရက်ဆော့ခွန်းကို အာဆီယံအထူးသံတာဝန်ပေးထားတာဖြစ်ပါတယ်။

    မြန်မာပြည်ခရီးစဉ်ဟာ မတ်လ ၂၀ ရက်ကနေ ၂၃ ရက်အထိ ၃ ရက်ကြာမယ်လို့လည်း သူက ပြောပါတယ်။

    အာဆီယံအထူးသံကတော့ သူ့ရဲ့မြန်မာပြည်ခရီးစဉ်မှာ အာဆီယံခေါင်းဆောင်တွေကြားရရှိထားတဲ့ ဘုံသဘောတူညီချက် ၅ ရပ် အကောင်အထည်ဖော်နိုင်ရေးကိုပဲ ဆက်လက်အားထုတ်မယ်လို့ ဆိုပါတယ်။

    သူ့ရဲ့မြန်မာပြည်ခရီးစဉ်အတွင်းမှာ သက်ဆိုင်ရာပါဝင်ပတ်သက်သူတွေအားလုံးနဲ့တွေ့ဆုံဖို့ စီစဉ်ထားပြီး ရန်ကုန်က ဆေးရုံတစ်ရုံကို လူသားချင်းစာနာမှုအကူအညီပေးတာလည်း လုပ်မယ်လို့ လည်း အထူးသံက မကြာသေးခင်တုန်းက ပြုလုပ်ထားတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောထားပါတယ်။

    သက်ဆိုင်ရာပါဝင်ပတ်သက်သူတွေအားလုံးလို့ ဆိုပေမဲ့ ပြည်တွင်းမှာ ဖမ်းဆီးထိန်းသိမ်းခံရပြီး ထောင်ဒဏ်တွေချမှတ်ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည့်အပါအဝင် ဘယ်လိုလူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေနဲ့တွေ့ဆုံမယ်ဆိုတာတော့ အထူးသံက ထုတ်မပြောထားပါဘူး။

    မနှစ်တုန်းက ဘရူနိုင်းနိုင်ငံ အာဆီယံအလှည့်ကျတာဝန်ယူတုန်းကတော့ ဘရူနိုင်းနိုင်ငံခြားရေးဝန်ကြီး ၂ အီရာဝမ် ယူဆွဖ်ဟာ အာဆီယံအထူးသံတာဝန်ကို ယူခဲ့ပြီး သူ့ရဲ့မြန်မာပြည်ခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မြန်မာ့အရေးတွေ့သင့်တွေ့ထိုက်သူတွေနဲ့တွေ့ဆုံခွင့်ရဖို့ ကြိုးပမ်းခဲ့ပါတယ်။

    ဒါပေမဲ့ မြန်မာစစ်ကောင်စီဘက်က ဒေါ်အောင်ဆန်းစုကြည်ဟာ ဥပဒေကြောင်းအရ အမှုတွေရင်ဆိုင်နေသူဖြစ်တယ်ဆိုတဲ့အချက်ကို ထောက်ပြပြီး တွေ့ဆုံခွင့်မပေးခဲ့လို့ အာဆီယံအထူးသံ အီရာဝမ်ယူဆွစ်ဖ်ရဲ့ မြန်မာပြည်ခရီးစဉ်ဟာ အထမမြောက်ဖြစ်ခဲ့ပါတယ်။

    စစ်ကောင်စီဘက်ကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်တဲ့ရပ်တည်ချက် မပြောင်းလဲဘူးလို့ ပြောထားသလို အထူးသံတမန်အနေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီဝင်တွေနဲ့တွေ့ဆုံလိုတယ်ဆိုရင် တွေ့ဆုံခွင့်ပေးမယ့်အကြောင်း အစောပိုင်းကတည်းက ပြောထားပါတယ်။

  12. အမေရိကန်-အာဆီယံအစည်းအဝေးအတွက် နိုင်ငံရေးရာထူးမရှိတဲ့မြန်မာကိုယ်စားလှယ်ပဲ တက်ခွင့်ရမယ်

    အမေရိကန်-အာဆီယံ အထူးအစည်းအဝေးအတွက် နိုင်ငံရေးရထူးမရှိတဲ့မြန်မာကိုယ်စားလှယ်ပဲ တက်ခွင့်ရမယ်

    ဓာတ်ပုံ ရင်းမြစ်, @potus

    ဓာတ်ပုံ ပုံစာ, အောက်တိုဘာလတုန်းက ပြုလုပ်တဲ့ အမေရိကန်-အာဆီယံခေါင်းဆောင်တွေထိပ်သီးဆွေးနွေးပွဲတုန်းကလည်း မြန်မာကိုယ်စားပြုသူမရှိခဲ့

    အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်မြို့မှာ အခုလနှောင်းပိုင်းကျင်းပမယ့် အမေရိကန်-အာဆီယံခေါင်းဆောင်တွေ အထူးအစည်းအဝေးပွဲမှာ မြန်မာပြည်အနေနဲ့ နိုင်ငံရေးရာထူးမရှိတဲ့ကိုယ်စားလှယ်ပဲတက်ရောက်ခွင့်ရှိမယ်လို့ သိရှိရပါတယ်။

    အာဆီယံနိုင်ငံ့ခေါင်းဆောင်တွေ အစည်းအဝေးပွဲမှာ မြန်မာပြည်အနေနဲ့ နိုင်ငံရေးရာထူးမရှိတဲ့ကိုယ်စားလှယ်ကိုပဲ တက်ရောက်ခွင့်ပေးမယ်ဆိုတဲ့ အာဆီယံဆုံးဖြတ်ချက်အတိုင်း ဆုံးဖြတ်လိုက်တာလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနဘက်ကပြောပါတယ်။

    အဲဒီကိုယ်စားလှယ်ဟာ ဘယ်သူဖြစ်တယ်ဆိုတာမျိုးကိုတော့ အမေရိကန်နိုင်ငံခြားရေးဘက်က မပြောထားဘူးဆိုပြီး CNA သတင်းမှာဖော်ပြပါတယ်။

    လက်ရှိမြန်မာစစ်ကောင်စီဟာ အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို သိသာတဲ့တိုးတက်မှုရှိအောင်လုပ်ဖို့ ပျက်ကွက်နေဆဲဖြစ်ပြီး အဲဒီအတွက် တာဝန်ခံရသင့်တယ်လို့လည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနဘက်က ပြောပါတယ်။

    အာဆီယံခေါင်းဆောင်တွေဟာ စစ်ကောင်စီဥက္ကဋ္ဌတက်တဲ့ ပြီးခဲ့တဲ့နှစ် ဧပြီလအစည်းအဝေးမှာ မြန်မာ့အရေးအဖြေရှာဖို့ဆိုပြီး ဘုံသဘောတူညီချက် ၅ ရပ်ရရှိခဲ့ပါတယ်။

    ဒါပေမဲ့ အဲဒီသဘောတူညီချက်တွေကို မြန်မာစစ်ကောင်စီဘက်က အထမြောက်အောင်ကြိုးပမ်းမှု အားနည်းတယ်ဆိုတဲ့အချက်နဲ့ အာဆီယံဟာ ထိပ်သီးဆွေးနွေးပွဲတွေကို စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို မဖိတ်ဘဲ နိုင်ငံရေးရာထူးမနွယ်တဲ့ကိုယ်စားလှယ်တစ်ဦးကိုပဲ တက်ရောက်ခွင့်ပေးဖို့ ဆုံးဖြတ်ခဲ့တာပါ။

    မြန်မာစစ်ကောင်စီဘက်ကတော့ ဒါဟာ အာဆီယံပဋိညာဉ်ပါတဲ့ရပိုင်ခွင့်ကို အာဆီယံဘက်က ချိုးဖောက်တယ်ဆိုတဲ့အချက်ကို ထောက်ပြပြီး အာဆီယံထိပ်သီးအစည်းအဝေးပွဲတွေကို မတက်ရောက်ခဲ့တာ ပြီးခဲ့တဲ့အောက်တိုဘာလကတည်းက ဖြစ်ပါတယ်။

  13. ရုရှားက ယူကရိန်းအပေါ်ကျူးကျော်မှုအရေး အထွေထွေညီလာခံရှုတ်ချမှုကို မြန်မာထောက်ခံမဲပေး

    ရုရှားက ယူကရိန်းအပေါ်ကျူးကျော်မှုအရေး အထွေထွေညီလာခံရှုတ်ချမှုကို မြန်မာထောက်ခံမဲပေး

    ဓာတ်ပုံ ရင်းမြစ်, Permanent Mission of Myanmar to the UN

    ကုလသမဂ္ဂအထွေထွေညီလာခံက ရုရှားရဲ့ယူကရိန်းအပေါ်ကျူးကျော်မှုလုပ်ရပ်ကို ရှုတ်ချတဲ့ဆုံးဖြတ်ချက်မူကြမ်းကို ကုလအဖွဲ့ဝင်နိုင်ငံတွေက မတ်လ ၂ ရက်မှာ မဲခွဲဆုံးဖြတ်တဲ့အခါ မြန်မာက ထောက်ခံမဲပေးခဲ့ပါတယ်။

    ကုလအထွေထွေညီလာခံမှာတော့ သံအမတ်ကြီးဦးကျော်မိုးထွန်းက မြန်မာနိုင်ငံကို ကိုယ်စားပြုပြီး ထောက်ခံမဲပေးခဲ့တာဖြစ်ပါတယ်။

    ရုရှားလုပ်ရပ်ကို ရှုတ်ချပြီး ယူကရိန်းပြည်သူတွေနဲ့အတူရပ်တည်တယ်ဆိုတဲ့ အဲဒီဆုံးဖြတ်ချက်မူကြမ်းအဆိုကို မြန်မာက အထွေထွေညီလာခံမှာ ပူးတွဲတင်သွင်းတဲ့နိုင်ငံလည်းဖြစ်ပါတယ်။

    အဲဒီဆုံးဖြတ်ချက်မူကြမ်းကို မြန်မာအပါအဝင် နိုင်ငံပေါင်း ၁၄၁ က ထောက်ခံမဲပေးပြီး ၅ နိုင်ငံက ကန့်ကွက်ခဲ့သလို ၃၅ နိုင်ငံကတော့ မဲမပေးခဲ့ကြပါဘူး။

    အဲဒီအဆိုကို ကန့်ကွက်တဲ့နိုင်ငံတွေကတော့ ရုရှားနိုင်ငံကိုယ်တိုင်အပါအဝင် လက်ရှိ ယူကရိန်းအပေါ်ရုရှားကျူးကျော်မှုမှာ ရုရှားဘက်ကနေ စစ်ရေးပါဝင်ပေးဖို့အသင့်လို့ပြောထားတဲ့ ဘယ်လာရုဇ်နိုင်ငံ၊ မြောက်ကိုရီးယား၊ နောက် ရုရှားမဟာမိတ် ဆီးရီးယားနဲ့ အီရစ်ထရီးယားနိုင်ငံတို့ ပါဝင်ပါတယ်။

    မဲမပေးကြတဲ့နိုင်ငံပေါင်း ၃၅ နိုင်ငံထဲမှာတော့ မြန်မာ့အိမ်နီးချင်းတွေဖြစ်တဲ့ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ တရုတ်နိုင်ငံတို့ပါဝင်သလို အာဆီယံအဖွဲ့ဝင်နိုင်ငံထဲကဆိုရင် ဗီယက်နမ်နဲ့လာအိုနိုင်ငံတို့ ပါဝင်ပါတယ်။

  14. မြန်မာ တရုတ်နယ်စပ်မှာ ကိုဗစ်ပိုးတွေလို့ ဂိတ်အချို့ ပိတ်

    မြန်မာ တရုတ် နယ်စပ်ကုန်သွယ်ရေးစခန်းမှာ ကိုဗစ် ၁၉ ရောဂါပိုးစစ်ဆေးတွေ့ရှိခဲ့တာကြောင့် တရုတ် မြန်မာနယ်စပ် ကျင်စန်းကျော့နဲ့ လွယ်ဂျယ်ကုန်သွယ်ရေးဂိတ်တွေကို ယာယီပိတ်ထားတယ်လို့ မြန်မာ တရုတ်နယ်စပ် ကုန်သည်တစ်ဦးက ပြောပါတယ်။

    တရုတ်ဘက်က အကောက်ခွန် ဝန်ထမ်း‌တွေနဲ့ယာဥ်‌‌မောင်းတွေမှာ ကိုဗစ်ပိုး တွေ့ရှိတဲ့အတွက် ကျင်စန်းကျော့ ကုန်သွယ်ရေးဂိတ်ကိုဒီနေ့ မနက်ပိုင်းက စတင်ပြီး ၂ ရက်ယာယီ ပိတ်လိုက်တယ်လို့ သိရပါ တယ်။

    ရွှေလီမြို့ကိုလည်း ဒီနေ့ မနက်ပိုင်းကစပြီး လော့ဒေါင်းချထားလိုက်တာကြောင့် မြန်မာဘက်ကို တင်ပို့မယ်ကုန်တွေကို လော့ဒေါင်းပြီးမှာ တင်ပို့ပေးနိုင်တော့မယ်လို့ ကုန်သည်တွေက ပြောကြောင်း ရွှေလီဒေသခံတွေက ပြောပါတယ်။

    ရွှေလီမြို့လော့‌ဒေါင်းကာလဟာ ၇ ရက်လို့ပြောကြပြီး ၁၄ ရက်လို့ ပြောဆိုမှုတွေရှိနေကြောင်းလည်း ဒေသခံတွေက ပြောပါတယ်။

    တရုတ် မြန်မာနယ်စပ်က ကျင်စန်းကျော့ဂိတ်ကို ပြီးခဲ့တဲ့ နိုဝင်ဘာလက ပြန်လည်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး တရုတ်နိုင်ငံဖက်က စည်းကမ်းချက်တွေ ကန့်သတ်ပြီး ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။

    မြန်မာတရုတ်နယ်စပ်ဟာ နိုဝင်ဘာလက ပြန်လည်ဖွင့်လှစ်ခဲ့တယ်ဆိုပေမဲ့ ပဲမျိုးစုံနဲ့ ရေထွက်ပစ္စည်း ပို့လို့မရသေးကြောင်း ပင်လယ်ရေကြောင်းကသာ တင်ပို့နေရဆဲဖြစ်ကြောင်းလည်း နယ်စပ်ကုန်သည်တစ်ဦးက ပြောပါတယ်။

    မတ်လ ၂ ရက်နေ့ က ယာယီပိတ်ထားတဲ့ ကျင်စန်းကျော့ဂိတ်

    ဓာတ်ပုံ ရင်းမြစ်, sai Khin Maung

    ဓာတ်ပုံ ပုံစာ, မတ်လ ၂ ရက်နေ့ က ယာယီပိတ်ထားတဲ့ ကျင်စန်းကျော့ဂိတ်
  15. ခြိမ်းခြောက်မှုပေါင်းစုံရင်ဆိုင်နေရတဲ့တောင်သူတွေရဲ့ တောင်သူလယ်သမားနေ့

  16. ထိုင်းမှာ ၂ ရက်အတွင်း မြန်မာအယောက် ၁၀၀ နီးပါး ထပ်မံဖမ်းဆီးခံရပြန်

    မြန်မာ-ထိုင်းနယ်စပ်ကနေတဆင့် ထိုင်းနိုင်ငံထဲကို တရားမဝင်ဝင်ရောက်ကြတဲ့မြန်မာတွေ အခုသီတင်းပတ်အတွင်းနေ့စဉ်နီးပါး ဖမ်းဆီးခံနေရပါတယ်

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, မြန်မာ-ထိုင်းနယ်စပ်ကနေတဆင့် ထိုင်းနိုင်ငံထဲကို တရားမဝင်ဝင်ရောက်ကြတဲ့မြန်မာတွေ အခုသီတင်းပတ်အတွင်းနေ့စဉ်နီးပါး ဖမ်းဆီးခံနေရပါတယ်

    ထိုင်းနိုင်ငံမှာ အလုပ်လုပ်ဖို့ တရားမဝင်ဝင်ရောက်ရင်း ပြီးခဲ့တဲ့ ၂ ရက်အတွင် ဖမ်းဆီးခံရတဲ့ မြန်မာအယောက် ၁၀၀ နီးပါး ရှိနေတယ်လို့ ထိုင်းသတင်းတွေမှာဖော်ပြပါတယ်။

    ဒါဟာ ထိုင်းမှာ မြန်မာ အယောက် ၅၀ နီးပါးခန့် အခုတစ်ပတ်အတွင်း နေ့စဉ်ဖမ်းဆီးခံနေရတဲ့အခြေအနေဖြစ်ပါတယ်။

    မတ်လ ၁ ရက်နဲ့ ၂ ရက်မှာ ရနောင်းနဲ့ မဲဆောက်မှာ ဖမ်းဆီးခံခဲ့ရသူတွေဟာ ထိုင်းနိုင်ငံထဲမှာ အလုပ်လုပ်ဖို့ နယ်စပ်ကို တရားမဝင်ဖြတ်ကျော်ခဲ့ကြသူတွေဖြစ်တယ်လို့ သိရပါတယ်။

    မတ်လ ၁ ရက်နေ့မှာ ထိုင်းရဲက ဖမ်းဆီးခဲ့တဲ့ မြန်မာ ၄၀ ကျော်ထဲက ၁၃ ဦးအဖွဲ့ဟာ ဂေါ်ဖီထုပ်တွေတင်ထားတဲ့ကုန်ကားပေါ်မှာ ခိုးလိုက်ရင်း မြို့နယ်ဖြတ်ကျော်ဂိတ်ကို ဖြတ်ချိန် အဖမ်းခံခဲ့ရသူတွေဖြစ်ပါတယ်။

    အဲဒီနောက်သူတို့ကို ကိုဗစ်ရှိမရှိ စစ်ဆေးရာမှာ အားလုံးမှာ ပိုးတွေ့ခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာဖော်ပြပါတယ်။

    နောက် အဲဒီတစ်နေ့တည်းမှာပဲ မဲဆောက်ခရိုင်ထဲက ကျေးရွာတစ်ရွာမှာ လူမနေတဲ့အိမ်တစ်လုံးကို ရွာသားတွေက ဝင်ရောက်ရှာဖွေချိန်မှာ မြန်မာ ၁၅ ယောက်ကို ထပ်တွေ့ခဲ့တာလို့လည်း သိရပါတယ်။

    မတ်လ ၂ ရက်နေ့မှာတော့ ထိုင်းနိုင်ငံထဲ တရားမဝင်ဝင်ရောက်လာတဲ့ မြန်မာ ၄၅ ယောက်ကို ရနောင်းမှာရှိတဲ့ ဧည့်ဂေဟာတစ်ခုကနေ ဖမ်းဆီးမိခဲ့တယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။

    အခုတော့ ဖမ်းမိတဲ့မြန်မာရွှေ့ပြောင်းတွေကို တရားမဝင်ပြည်ဝင်မှုနဲ့ ထိုင်းရဲက တရားစွဲထားပြီးတာနဲ့ မြန်မာပြည်တွင်းကို ပြန်ပို့မယ်လို့လည်း သိရပါတယ။

  17. ရေဦးနယ်၊ အုတ်ဖိုရွာမှာ လူ ၄ ဦးကို စစ်တပ်က သတ်ဖြတ်မီးရှို့သွားတယ်လို့ ဒေသခံတွေပြော

    စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ အုတ်ဖိုကျေးရွာမှာ စစ်ကောင်စီတပ်တွေက ဒေသကာကွယ်ရေးအဖွဲ့ဝင် ၃ ဦးနဲ့ အရပ်သား ၁ ဦး သတ်ဖြတ်မီးရှို့သွားတယ်လို့ အုတ်ဖိုရွာခံတွေက ဘီဘီစီကို ပြောလာပါတယ်။

    အုတ်ဖိုရွာနားက အောင်ကဲ့ဇင်ရွာမှာ တပ်စွဲနေတဲ့စစ်တပ်က မတ်လ ၁ ရက်မနက် ၂ နာရီဝင်းကျင်မှာ အုတ်ဖိုဘက်ကို ရောက်လာပြီး အဲဒီလူ ၄ ဦးသတ်ဖြတ်မီးရှို့သွားတာလို့လည်း ဒေသခံတွေက ပြောပါတယ်။

    ''စစ်တပ်က အောင်ကဲ့ဇင်မှာရှိနေတော့ ရွာထဲက လူတွေကလည်း ရှောင်နေရတာပေါ့လေ။ အခုအချိန် ပြည်သူလူထုကလည်း ဒုက္ခရောက်နေကြတာဆိုတော့ ဒီလူတွေကိုဒေသကာကွယ်ရေးအဖွဲ့တွေက ရွာထဲပြန်ဝင်နေစေချင်တယ်။ အဲဒီမှာ စနည်းနာဖို့ သွားတဲ့အချိန် စစ်တပ်က ညအချိန်မတော် ဝင်လာတော့ သူတို့အဖမ်းခံလိုက်ရတာ'' လို့ ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    စစ်တပ်က ကနဦးဖမ်းဆီးလိုက်သူတွေထဲမှာ ရပ်ရွာခေါင်းဆောင်ပိုင်းအမျိုးသားတစ်ဦးလည်း ပါဝင်ပြီး အဲဒီအမျိုးသားက ဖမ်းဆီးခံရသူတွေထဲက တစ်ချို့ကို လွှတ်ပေးဖို့ ပြောခဲ့တာကြောင့် ၃ ဦး ပြန်လွတ်လာပေမဲ့ အဲဒီရပ်ရွာခေါင်းဆောင်အပါအဝင် ၄ ဦးဟာ သတ်ဖြတ်မီးရှို့ခံခဲ့ရတာလို့လည်း ဒေသခံတွေက ပြောပါတယ်။

    ''စစ်တပ်က ဖမ်းထားတဲ့ ၃ ယောက်ကို ပြန်မလွှတ်ခင် သူတို့သတ်တဲ့ခဲ့တဲ့ ၄ ယောက်ရဲ့ ဗီဒီယိုကို ပြန်ပြတယ်။ ပြန်လွှတ်ပေးလိုက်တဲ့ ၃ ဦးလည်း အတော်လေးချောက်ခြားနေတယ်။ ရွာထဲမှာ အသတ်ခံလိုက်ရတဲ့အလောင်း ၄ လောင်းကိုတော့ စစ်တပ်ပြန်ထွက်သွားမှ ပြန်ကောက်နိုင်တယ်။ ခေါင်းတွေကို ပစ်ခွဲထားတယ်။ သေပြီးသားတွေကို မီးရှို့တယ်။ ခေါင်းတွေဆို အကောင်းမရှိဘူး။ ပြီးတော့ မီးရှို့တာကလည်း လူနေအိမ်ဘေး၊ လူနေအိမ်အပေါက်ဝဘေးနားမှာ သူတို့လုပ်သွားတာ'' လို့ အလောင်းကောက်ယူရာမှာပါဝင်ခဲ့တဲ့ဒေသခံတစ်ဦးက ပြောပါတယ်။

    သေဆုံးသူတွေရဲ့ရုပ်အလောင်းတွေကိုတော့ မနေ့ မတ်လ ၁ ရက်ညနေပိုင်းမှာပဲ ရပ်ရွာက သင်္ဂြိုဟ်ပေးခဲ့တယ်လို့ သိရပါတယ်။

    ရေဦးမြို့နယ်၊ အိုးဖိုရွာက ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က တစုံတရာ သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

    ရေဦးနယ်၊ အုတ်ဖိုရွာသား ၄ ဦးကို စစ်တပ်က သတ်ဖြတ်မီးရှို့သွားတယ်လို့ ဒေသခံတွေပြော

    ဓာတ်ပုံ ရင်းမြစ်, CJ

  18. အမေရိကန်နဲ့ အာဆီယံခေါင်းဆောင်တွေ မတ်လ နှောင်းပိုင်းမှာတွေ့ဆုံမယ်

    ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကုန်ပိုင်းမှာကျင်းပတဲ့ အမေရိကန်-အာဆီယံအွန်လိုင်းထိပ်သီးဆွေးနွေးပွဲမှာ တွေ့ရတဲ့ သမ္မတ ဂျိုးဘိုင်ဒန်

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကုန်ပိုင်းမှာကျင်းပတဲ့ အမေရိကန်-အာဆီယံအွန်လိုင်းထိပ်သီးဆွေးနွေးပွဲမှာ တွေ့ရတဲ့ သမ္မတ ဂျိုးဘိုင်ဒန်

    အမေရိကန်ပြည်ထောင်စုဟာ အာဆီယံခေါင်းဆောင်တွေကို အခု မတ်လနှောင်းပိုင်းမှာ ဖိတ်ကြားတွေ့ဆုံဖို့ရှိတယ်လို့ အမေရိကန်အရာရှိတစ်ဦးက ပြောတယ်ဆိုပြီး ဒေသတွင်း သတင်းတွေမှာဖော်ပြလာပါတယ်။

    အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်အစိုးရဟာ အာဆီယံကို ခိုင်မာ ယုံကြည်ရတဲ့မိတ်ဖက်အနေနဲ့ မှတ်ယူသလို လက်ရှိဖြစ်ပေါ်နေတဲ့ စိန်ခေါ်မှုတွေကို အတူတကွဖြေရှင်းဖို့ ရည်ရွယ်တာဆိုပြီး အဲဒီအရာရှိကပြောတယ်လို့ ကျိုဒို သတင်းမှာဖော်ပြပါတယ်။

    သမ္မတ ဂျိုးဘိုင်ဒန်ဟာ အာဆီယံခေါင်းဆောင်တွေကို မတ်လ ၂၈ ရက်ကနေ ၂၉ ရက်အထိ ဝါရှင်တန်မြို့မှာတွေ့ဆုံမှာဖြစ်ပါတယ်။

    ဒါပေမဲ့ အဲဒီတွေ့ဆုံပွဲကို အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံကိုလည်း ဖိတ်ကြားမလားဆိုတာ ရှင်းရှင်းလင်းလင်းမသိရပါဘူး။

    ပြီးခဲ့တဲ့အောက်တိုဘာမှာ သမ္မတဘိုင်ဒန်နဲ့ အာဆီယံနိုင်ငံခေါင်းဆောင်တွေ အွန်လိုင်းကနေတွေ့ဆုံကြတဲ့ အာဆီယံ-အမေရိကန် ဆက်စပ်ထိပ်သီးဆွေးနွေးပွဲမှာတော့ လက်ရှိအာဏာသိမ်းစစ်ကောင်စီဥက္ကဋ္ဌ တက်ရောက်ခွင့်မရခဲ့ပါဘူး။

    မြန်မာ့အရေးအာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်မှုမှာ တိုးတက်မှုမရှိဘူးဆိုတဲ့အချက်နဲ့ အာဆီယံဘက်က စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အစား နိုင်ငံရေးရာထူးမရှိသူကိုယ်စားလှယ်တစ်ဦးကိုပဲ တက်ရောက်ခွင့်ပေးခဲ့တာကြောင့်ဖြစ်ပါတယ်။

    ဒါပေမဲ့ မြန်မာစစ်ကောင်စီဘက်ကတော့ အဲဒီပွဲကို ကိုယ်စားလှယ်မလွှတ်ခဲ့ပါဘူး။

  19. ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ လူမင်း၊ ပိုင်တံခွန်၊ ဒါရိုက်တာဝိုင်းနဲ့ မဝင်းမင်းသန်းတို့ကို ဒီနေ့လွှတ်ပေးမယ်လို့ဗိုလ်ချုပ် ဇော်မင်းထွန်းပြော

    ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်

    ဓာတ်ပုံ ရင်းမြစ်, social media

    ဓာတ်ပုံ ပုံစာ, ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်

    ပုဒ်မ ၅၀၅-က နဲ့ထောင်ဒဏ်သုံးနှစ်စီ ချမှတ်ခံထားရတဲ့ အကယ်ဒမီ ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ သရုပ်ဆောင်လူမင်း၊ ပိုင်တံခွန်၊ မဝင်းမင်းသန်းနဲ့ မကြာသေးခင်က ဖမ်းဆီးခံထားရတဲ့ ဒါရိုက်တာဝိုင်းတို့ကို ဒီနေ့မတ်လ ၂ မှာ လွှတ်ပေးမယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဘီဘီစီကိုပြောပါတယ်။

    ပိုင်တံခွန်

    ဓာတ်ပုံ ရင်းမြစ်, Paing Takon fan page

    ဓာတ်ပုံ ပုံစာ, ပိုင်တံခွန်

    ဘာအထိမ်းအမှတ်မှမရှိဘဲ ဒီတိုင်းလွှတ်ပေးတာဖြစ်ပြီး ဘာကြောင့် လွှတ်တယ်ဆိုတာ အသေးစိတ်မပြောဘဲလွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တယ်လို့ သူက ပြောပါတယ်။

    ဒီနေ့လွှတ်ပေးမယ့်သူတွေထဲမှာမလေးရှားနိုင်ငံသားတစ်ဦးလည်း ပါဝင်တယ်လို့ သူက ဆက်ပြောပါတယ်။ အခုလွှတ်ပေးမယ့်အထဲမှာ အဆိုတော်ပိုပိုနဲ့ ရဲတိုက်တို့ပါဝင်ခြင်းမရှိတာကိုတွေ့ရပါတယ်။

    အဆိုတော်ပိုပိုဟာလည်း ပုဒ်မ ၅၀၅-က နဲ့ထောင်ဒဏ်သုံးနှစ် စစ်ကောင်စီကချမှတ်ထားပြီး သရုပ်ဆောင်ရဲတိုက်ကလည်း နောက်ထပ်အမှုတစ်ခုနဲ့ထပ်မံရင်ဆိုင်နေရတာဖြစ်ပါတယ်။

  20. ဒီးမော့ဆိုမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ကျော်သေဆုံးပြီး တင့်ကား ၁ စီးပျက်စီးတယ်လို့ ဒေသ PDF ပြော

    ဒီးမော့ဆိုမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ကျော်သေဆုံးပြီး တင့်ကား ၁ စီးပျက်စီးတယ်လို့ ဒေသ PDF ပြော

    ဓာတ်ပုံ ရင်းမြစ်, DMO-PDF

    ကယား(ကရင်နီ)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်ထဲက ကျွန်းတောကျေးရွာမှာ မနေ့ မတ်လ ၁ ရက်တုန်းက ဖြစ်ခဲ့တဲ့တိုက်ပွဲမှာ စစ်ကောင်စီဘက်က ၂၀ ကျော်သေဆုံးပြီး တင့်ကားတစ်စီးကိုလည်း ဖျက်ဆီးနိုင်ခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်(ဒီးမော့ဆို- PDF)က သတင်းထုတ်ပြန်လာပါတယ်။

    အိုကေကျေးရွာအုပ်စု၊ ကျွန်းတောကျေးရွာမှာ တင့်ကားအပါအဝင် အင်အား ၁၀၀ လောက် စခန်းချနေတဲ့ စစ်ကောင်စီတပ်ကို ဒီးမောဆို၊ လွိုင်ကော် PDF တွေ၊ ကရင်နီအင်အားစုတွေနဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

    မနေ့ နေ့လည် ၂ နာရီကနေ ညနေ ၅ နာရီအထိကြာတဲ့ အဲဒီတိုက်ပွဲမှာ ဒေသကာကွယ်ရေးအင်အားစုတွေဘက်က ပစ်တဲ့လက်နက်ကြီးကြောင့် စစ်ကောင်စီရဲ့တင့်ကားတစ်စင်းပျက်စီးသလို ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ ဦးလည်း ဒဏ်ရာရတယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

    စစ်ကောင်စီဘက်ကတော့ မနေ့ မတ်လ ၁ ရက်မှာဖြစ်တဲ့ အဲဒီတိုက်ပွဲနဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

    တစ်ချိန်တည်းမှာပဲ စစ်ကောင်စီတပ်ဟာ ဒီးမော့ဆိုမြို့နယ်ထဲကို နယ်မြေစိုးမိုးဖို့ အင်အားတိုးချဲ့လာနေတာကြောင့် စစ်ရှောင်တွေများလာနေပြီး အရင်စစ်ရှောင်တွေဟာလည်း နေရာပြောင်းရွှေ့နေရတယ်လို့ ဒေသကာကွယ်ရေးတပ်တွေဘက်က ပြောပါတယ်။