ရခိုင်မှာ ကုန်းလမ်းနဲ့ရေကြောင်းခရီးသည်တွေကို ကိုဗစ် စစ်ဆေးမှု မလုပ်သေး

ရေးသားခဲ့သည်။

ရခိုင်ပြည်နယ်အတွင်း ဖေဖော်ဝါရီ ဒုတိယ သီတင်းပတ်လောက်ကစပြီးတော့ ကိုဗစ် ၁၉ ရောဂါ(ကိုရိုနာဗိုင်းရပ်စ်)ကူးစက်မှုတွေ ပြန်လည်မြင့်တက်လာတာကို စစ်ဆေးတွေ့ရှိနေရတယ်လို့ တာဝန်ရှိသူတွေကပြောကြားထားပါတယ်။

စစ်တွေမြို့နယ်အတွင်း ကိုဗစ် ပိုးကူးစက်ပျံ့နှံ့မှုရှိ မရှိ လူတွေကိုအုပ်စုလိုက် စစ်ဆေးမှုတွေပြုလုပ်လျက်ရှိနေပြီး ပြီးခဲ့တဲ့လပိုင်းအတွင်းက ပိုးတွေ့ရှိမှုပမာဏမှာ အလွန်နည်းပါးတဲ့အခြေအနေကိုရောက်ရှိခဲ့ပေမယ့် အခုလအတွင်းမှာ ပြန်လည်မြင့်တက်လာခဲ့တာဖြစ်ပါတယ်။

ကိုဗစ်ပိုးကူးစက်ခံရမှုတွေ များပြားလာနေတဲ့အတွက် ဖေဖော်ဝါရီ ၁၅ ရက်နေ့ကစလို့ ပြည်တွင်းလေကြောင်းခရီးစဉ်တွေမှာလိုက်ပါမယ့် ခရီးသည်တွေအားလုံး ၄၈ နာရီအတွင်း ကိုဗစ်ရှိမရှိ စစ်ဆေးမှုခံယူရဖို့ ညွှန်ကြားခဲ့ပါတယ်။

ဒါပေမဲ့ ရခိုင်ကနေတစ်ဆင့် တခြားဒေသတွေကိုထွက်ခွာသွားလာနေတဲ့ ကုန်းလမ်းပို့ဆောင်ရေးယာဉ်လိုင်းတွေနဲ့ ဒေသတွင်းပြေးဆွဲနေတဲ့ ရေကြောင်းပို့ဆောင်ရေးလိုင်းတွေမှာတော့ ခရီးသည်တွေမှာ ကိုဗစ်ပိုးရှိမရှိ စစ်ဆေးတာတွေမရှိသေးဘူးလို့ ပြည်နယ်ကောင်စီပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက ပြောပါတယ်။

"လေယာဉ်မှာက တခြားယာဉ်တွေနဲ့မတူဘူး၊ ကူးစက်နိုင်ခြေများတဲ့အတွက် စစ်ဆေးမှုတွေပြုလုပ်နေပေမယ့် ကားတွေမှာက မူးတတ်တဲ့သူတွေပါတဲ့အခါကျတော တံခါးတွေကိုဖွင့်ပြီးတော့ အပြင်က လေတွေနဲ့စီးကြရတာတွေများတော့ ကူးစက်နိုင်ခြေနည်းပါးတဲ့အတွက် လောလောဆယ်မှာတော့ စစ်ဆေးဖို့ညွှန်ကြားထားတာမရှိသေးဘူး။ ရေကြောင်းလိုင်းတွေဆိုလည်း နှာခေါင်းစည်းတွေတပ်ပြီးတော့ စီးကြတာဆိုတော့ လောလောဆယ်မှာ ဒါတွေမပါသေးဘူး"လို့ ဦးလှသိန်းက ပြောပါတယ်။

ဒါပေမဲ့ ပြည်နယ်ကျန်းမာရေးဘက်ကတော့ လူတွေအစုလိုက်အပြုံလိုက် လှုပ်ရှားမှုတွေရှိနေတဲ့နေရာတွေမှာ ခရီးသွားခရီးလာသူတွေကို ရှောင်တခင်ဝင်ရောက်စစ်ဆေးမှုတွေ ပြုလုပ်ပေးနေတာတွေတော့ရှိနေပါတယ်။

ပြည်တွင်းမှာလည်း မျိုးဗီဇသစ် အိုမီခရွန် ကူးစက်ပျံ့နှံ့မှုတွေရှိလာနေတာကြောင့် ရခိုင်က ဓာတ်ခွဲနမူနာတချို့ကို အိုမီခရွန် ဟုတ်မဟုတ် ဓာတ်ခွဲစမ်းသပ်ဖို့ ရန်ကုန်ကိုပို့ဆောင်ထားတယ်လို့ သိရပါတယ်။

ရခိုင်မှာ ဒေသတွင်း ကိုဗစ် ၁၉ ရောဂါပိုးကူးစက်ခံရသူတွေ မြင့်တက်လာနေပေမယ့် ဒေသခံတွေအနေနဲ့ ကိုဗစ်ကို ကာကွယ်ဖို့ အကာအကွယ်ပစ္စည်းတွေကို ဂရုတစိုက်အသုံးပြုတာမျိုးမတွေ့ရသေးပါဘူး။

အများစုကတော့ ကိုဗစ်ကာကွယ်ဆေးတွေ ထိုးနှံပြီးသားဖြစ်တဲ့အတွက် အလေးမထားမှုတွေရှိနေပြီး လက်ရှိမှာတော့ ကာကွယ်ဆေးထိုးနှံထားသူတွေမှာပါ အိုမီခရွန်ကူးစက်ခံနေကြရတာဖြစ်တယ်လို့ သိရပါတယ်။