ကရင်အမျိုးသားအစည်းအရုံး ကေအဲန်ယူ ဒူးပလာခရိုင် ဥက္ကဋ္ဌ ပဒိုစောရွှေမောင်းဟာ ဇန်နဝါရီ ၂၇ ရက်က ကျင်းပတဲ့ ခရိုင်အရေးပေါ်အစည်းအဝေးမှာ သူ့နုတ်ထွက်စာကို တင်ပြခဲ့တာဖြစ်ပြီး သူ့နေရာမှာ ကေအဲန်ယူရဲ့ ဖွဲ့စည်းပုံအရ တပ်မဟာ ၆ ရဲ့ တပ်မဟာမှူး ဗိုလ်မှူးချုပ် ဆာမိက ကျန်ရှိတဲ့ သက်တမ်း ၂ နှစ်ကို ဆက်လက်တာဝန်ယူမယ်လို့ ကေအဲန်ယူဗဟိုက နိုင်ငံခြားရေးတာဝန်ခံ ပဒိုစောတောနီးက ဘီဘီစီကိုပြောပါတယ်။
"ဇန်နဝါရီ ၂၇ ရက်မှာ ခရိုင်ကွန်ဂရက်အရေးပေါ်အစည်းအဝေးခေါ်တယ်လို့သိရတယ်။ အဲဒီမှာ သူက အနားယူဖို့နုတ်ထွက်စာတင်ပြတယ်လို့ သိရတယ်။ ခရိုင်ကွန်ဂရက်ကလည်း ဒါကို သဘောတူခွင့်ပြုလိုက်တာပေါ့။ ဘာကြောင့် အနားယူတယ်ဆိုတာတော့ အတိအကျတော့ မသိဘူး။ ဖြစ်နေတဲ့ အကြောင်းတရားတွေနဲ့ ဆက်စပ်မှုလည်း ရှိနိုင်တာပေါ့။ ကျွန်တော်တို့ ကေအဲန်ယူမှာက ကွန်ဂရက်သက်တမ်းက လေးနှစ်တစ်ကြိမ်ပေါ့။ သူက အခု ကျန်ရှိတဲ့ သက်တမ်း ၂ နှစ်ကိုအနားယူဖို့တင်ပြလာတာပေါ့။ ဒါကြောင့် ဖွဲ့စည်းပုံအရ တပ်မဟာ ၆ ရဲ့ တပ်မဟာမှူးတွေက ခရိုင်ဒုဥက္ကဋ္ဌ ဖြစ်တဲ့အခါကျတော့ ဥက္ကဋ္ဌ အနားယူတော့ သူက ကျန်ရှိသက်တမ်း ၂ နှစ်ကို ဆက်လက်တာဝန်ထမ်းဆောင်ရမှာပေါ့" လို့ ပဒိုစောတောနီးက ရှင်းပြပါတယ်။
ပဒိုစောရွှေမောင်းဟာ ကော့ကရိတ် မြို့နယ်အတွင်း ဒေသကာကွယ်ရေးတပ် PDF တွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG အဖွဲ့ဝင်တွေကို လက်ခံမထားဖို့ ဆိုပြီး သူ့လက်မှတ်နဲ့ ပြီးခဲ့တဲ့နှစ်သြဂုတ် ၂၄ ရက် ရက်စွဲနဲ့ ညွှန်ကြားစာထွက်ပေါ်ခဲ့ပါတယ်။
ဒါ့အပြင် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရမည် ဆိုသည့် KNU ကွန်ဂရက်က ချမှတ်ထားတဲ့ ဆုံးဖြတ်ချက်မပြောင်းသေးကြောင်းနဲ့ စစ်ရေးနည်းလမ်းကိုတက်နိုင်သမျှ ရှောင်ကြဖို့ကိုလည်း သူက အဲဒီစာထဲမှာတိုက်တွန်းခဲ့ပါတယ်။
ဒီဇင်ဘာလလယ်ကစလို့ လေးကေ့ကော်ဒေသတွင်း စစ်ကောင်စီတပ်တွေဝင်ရောက်စီးနင်းလို့တိုက်ပွဲတွေဖြစ်လာတဲ့နောက်ပိုင်းမှာလည်း စစ်ရေးနည်းနဲ့ ဖြေရှင်းတဲ့အပေါ် သူ့သဘောထားမှတ်ချက်တွေကိုလည်း ထုတ်ပြန်ခဲ့တာရှိခဲ့ပါတယ်။
အာဏာသိမ်းပြီးနောက်သူ့ရဲ့စစ်ရေးနဲ့ ဒေသအရေးထုတ်ပြန်ချက်တွေက အောက်ခြေမှာ ဖြစ်ပွားနေတဲ့ စစ်ရေးတင်းမာမှုအခြေအနေတွေနဲ့ ကွဲလွဲချက်တွေရှိတဲ့အပေါ် ဝေဖန်မှုတွေလည်းထွက်ပေါ်ခဲ့ပါတယ်။
ခုလို သူ နုတ်ထွက်ဖို့ဆုံးဖြတ်တာက ဒီလိုအခြေအနေတွေနဲ့ သက်ဆိုင်လားဆိုတာကို ပဒိုစောတောနီးက ခုလိုတုံ့ပြန်ပါတယ်။
"ဒါကတော့ သေချာတော့ပြောလို့တော့မရဘူး။ ဒါပေမဲ့ အဲဒီလိုတွေ သူ ထုတ်ပြန်ပြောဆိုတာတွေက လေးကေ့ကော်ကိစ်္စမှမဟုတ်ပါဘူး။ အာဏာသိမ်းပြီးတဲ့နောက် မေလလောက်တည်းက ဖြစ်လာတာပါ။ ဒါကိုတော့ ထူးထူးခြားခြား ပြောစရာတော့မရှိဘူး။ ဗဟိုကော်မတီရဲ့ မူဝါဒအရလည်း ဆိုင်ရာ ပုဂ္ဂိုလ်ရေးသဘောထားတွေကို ထုတ်ဖော်ပြောကြားခွင့်ရှိပါတယ်။ ဒါပေမဲ့ အဲဒီလိုပြောကြားမှုတွေဟာ ရိုက်ခတ်မှုတွေရှိတာတော့ အမှန်ပါပဲ။" လို့ ပဒိုစောတောနီးက ဘီဘီစီကိုပြောပါတယ်။
လက်ရှိမှာတော့ စစ်ကောင်စီတပ်တွေဟာ လေးကေ့ကော်ကနေတစ်ဆင့် ကော့ကရိတ်ဘက်နေ ဘုရားသုံးဆူ ကြာအင်းဆိပ်ကြီးဒေသအထိ စစ်ကြောင်းထိုးဝင်ရောက်မှုတွေရှိနေပြီး အဲဒီမှာ မြို့အဝင်အထွက်တွေ၊ ယာဉ်တွေကို အစစ်အဆေးတွေတင်းကျပ်နေတာကြောင့် စစ်ရေးတင်းမာလာပြီး တိုက့်ွဲတွေဖြစ်လာမှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။