ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

ဖရူဆိုမှာ သတ်ဖြတ်ခံလိုက်ရသူတွေထဲ အသက်မပြည့်သေးသူ ၄ ဦးပါဝင်တယ်လို့ ယူနီဆက်ဖ်ပြော

အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံခဲ့ရသူတွေထဲမှာ အသက် ၁၇ နှစ်အရွယ် လူငယ် ၂ ဦး၊ ဆယ်ကျော်သက် အမျိုးသမီးငယ် ၁ ဦးနဲ့ အသက် ၅ နှစ်၊ ၆ နှစ်အရွယ် ကလေးငယ်တစ်ဦးတို့ပါဝင်တယ်လို့ဆိုပြီး ယူနီဆက်ဖ် ကပြောလာတာပါ။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. လေးကေ့ကော်တိုက်ပွဲခွင်ပိုကျယ်လာသလို ထိုင်းဘက်ကို ခိုလှုံလာတဲ့ ဒုက္ခသည် ထောင်ချီရှိလာနေ

  2. အင်းစိန်ထောင် အသံတိတ်သပိတ်ပါဝင်ခဲ့သူ အကျဉ်းသား ၈၉ ဦးဟာ အမှုထပ်ဖွင့်ခံရနိုင်တယ်လို့ရှေ့နေတွေပြော

    အင်းစိန်ထောင်တွင်း အသံတိတ်သပိတ်မှာ ပါဝင်ခဲ့တဲ့ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တွေ၊ တက်ကြွလှုပ်ရှားသူတွေနဲ့ အကျဉ်းသား ၈၉ ဦးဟာ အကျဉ်းသားဥပဒေပုဒ်မနဲ့ တရားစွဲခံရနိုင်တဲ့အခြေအနေ ကြုံနေရတယ်လို့ ရှေ့နေတွေက ပြောပါတယ်။

    ဒါ့အပြင် အဲဒီအကျဉ်းသားတွေဟာ သပိတ်မှာပါဝင်တယ်ဆိုတဲ့အချက်နဲ့ ရိုက်နှက်ခံရတာ၊ ဆေးကုသခွင့်မရတာအပြင် တိုက်ပိတ်ခံရတာတွေပါကြုံနေရတယ်လို့လည်း ရှေ့နေတွေကပြောပါတယ်။

    အသံတိတ်သပိတ်ပါဝင်ခဲ့သူတွေထဲက ဒဏ်ရာရတဲ့သူတွေဟာ ဒဏ်ရာပြင်းထန်ပြီး တိုက်ပိတ်ခံထားရကြောင်း ဆေးကုသခွင့်မရကြောင်းနဲ့ ခေါင်းတွေအရိုက်ခံရတဲ့ အတွက် ဆေးကုသမှုခံယူဖို့လိုကြောင်းရှေ့နေတွေက ပြောပါတယ်။

    ဒါ့အပြင် အင်းစိန်ထောင်အတွင်းက အကျဥ်းသား မိန်းခလေးတွေကို ကာယိန္ဒြေပျက်ပြားအောင် အတင်းအကျပ် စစ်ဆေးမှုတွေရှိနေကြောင်းလည်း နိုင်ငံရေးအကျဥ်းသားများကို အကူအညီပေးနေသူရှေ့နေတွေက ပြောပါတယ်။

    မြန်မာနိုင်ငံ အကျဉ်းထောင်များအတွင်းက အကျဉ်းသားတွေကို လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်နိုင်ရေးနဲ့ အကျဉ်းထောင်များအတွင်း ဝင်ရောက် လေ့လာခွင့်ရရှိရဖို့ အကြိမ်ကြိမ် တောင်းဆိုထားပေမယ့်လည်း ထောင်အာဏာပိုင်များက ခွင့်မပြုကြောင်း အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ (ICRC) ကပြီးခဲ့တဲ့ရက်ပိုင်းက ထုတ်ပြန်ခဲ့ပါတယ်။

  3. ဒီး‌မော့ဆိုနဲ့ လွိုင်ကော် အနီးမှာတိုက်ပွဲဖြစ်

    ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် ခြောက်မိုင်ကျေးရွာအုပ်စု ဝပ်လထွားဘက်နဲ့ လွိုင်ကော်မြို့အရှေ့ဘက်ခြမ်း လွိုင်လင်လေးတို့ဘက်တို့မှာ ဒီကနေ့ ဒီဇင်ဘာလ ၁၆ ရက်နေ့ က တိုက်ပွဲတွေဖြစ်နေတယ်လို့ ကရင်နီအမျိုးသားများကာကွယ်​ရေးတပ်မတော်(KNDF) ကထုတ်ပြန်ပါတယ်။

    နှစ်ဖက် တိုက်ပွဲတွေ အတွင်းထိခိုက်သေဆုံးမှုရှိပြီးKNDF ဘက်က တစ်ဦးသေဆုံးပြီး စစ်ကောင်စီဘက်က ဒီးမောဆိုနဲ့ လွိုင်လင်လေးတို့ တိုက်ပွဲနှစ်ခုပေါင်း မှာ ၇ ဦးခန့်သေဆုံးတယ်လို့ လည်း KNDF ဘက်ကထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

    ကယားပြည်နယ် လွိုင်ကော်မြို့နယ်ထဲ ဖြစ်ပွားတဲ့တိုက်ပွဲကတော့ လွိုင်လင်လေး အရှေ့ဘက်ခြမ်းရှိနားကွယ်ရွာနဲ့ ရေကန်ရွာအနီးမှာဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

    ကရင်နီပြည်နယ်အတွင်း ပြီးခဲ့တဲ့ ဒီဇင်ဘာ ၄ ရက်ကနေ ၁၀ ရက်အတွင်း ဒီးမော့ဆိုမြို့နယ်နဲ့ ဘောလခဲမြို့နယ်တို့မှာ စစ်ကောင်စီတပ်တွေနဲ့ တော်လှန် ရေးအင်အားစုတွေအကြား အပြန်အလှန်ပစ်ခတ်မှု တိုက်ပွဲများ အနည်းဆုံးငါးကြိမ်ခန့်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

    စစ်ကောင်စီဘက် ကယားပြည်နယ်တိုက်ပွဲနဲ့ ပတ်သက်ပြီးတော့ သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

  4. လေးကေ့ကော် တိုက်ပွဲကြောင့် လူ နှစ်ထောင်ကျော် စစ်ရှောင်

    ကရင်ပြည်နယ်၊ KNU တပ်မဟာ ၆ နယ်မြေအတွင်းရှိ လေးကေ့ကော်မြို့သစ်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကြောင့် လူ နှစ်ထောင် နီးပါး စစ်ရှောင်နေကြရပြီး လေးကေ့ကော်မြို့သစ်အတွင်း ပိတ်မိနေသူ ၅၀၀ ခန့်ရှိကြောင်း လေးကေ့ကော်မြို့မှာရောက်နေသူတွေက ပြောပါတယ်။

    စစ်ဘေးရှောင် တွေကို နေရာ လေးနေရာ ခွဲထားပြီး စာသင်ကျောင်း ဘုန်းကြီးကျောင်း၊ ခရစ်ယာန်ဘုရားကျောင်းများမှာ ထားရှိတယ်လို့ ပြောပါတယ်။

    “ တိုက်ပွဲကြောင့် စစ်ဘေးရှောင်နေရတဲ့ပြည်သူ နှစ်ထောင်နီးပါးဖြစ်နေပြီ ပိတ်မိတဲ့လူကလည်း ရာချီရှိနေတယ်။ KNLA တပ်တွေကတော့ ပိတ်မိတဲ့သူတွေကို ကယ်ထုတ်ဖို့ပြင်ဆင်နေပါတယ် “ လေးကေ့ကော်ရောက်နေသူတွေက ဆိုပါတယ်။

    ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၅ ရက်နေ့က စတင်ခဲ့တဲ့ တိုက်ပွဲကြောင့် လေးကေ့ကော်တစ်ဝိုက် စစ်ရှောင်နေသူ အရေအတွက်ဟာ ဒီထက်မက များနိုင်တယ်လို့ ခန့်မှန်းမှုတွေရှိပါတယ်။

    ယာယီနေထိုင်နေရတဲ့ စစ်ဘေးရှောင်စခန်းတွေမှာ အစားအသောက်၊ ရေသန့်၊အနွေးထည်၊စောင်နဲ့ အမိုးအကာတွေ လိုအပ်နေကြောင်းစစ်ဘေးရှောင်တွေကို ကူညီနေသူတွေက ပြောပါတယ်။

    ဒီဇင်ဘာလ ၁၆ ရက်နေ့ က လေးကေ့ကော်မြို့ရဲ့မြောက်ဘက် လေးမိုင်လောက်အကွာမှာရှိတဲ့ မယ်ထော်သလေးမှာတိုက်ပွဲဖြစ်ပွားနေတာရှိတယ်လို့ စစ်ကောင်စီ ဘက်က ဘီဘီစီကိုပြောပါတယ်။

  5. ကနီမြို့က စုန်လာတဲ့ စစ်ရေယာဥ်အုပ်စုနဲ့ ဒေသကာကွယ်ရေးတပ်တွေ တိုက်ပွဲဆက်ဖြစ်

    ကနီမြို့နယ်မှာ ညအိပ်ရပ်နားထားတဲ့ ချင်းတွင်းမြစ်အထက်က စုန်လာတဲ့ စစ်ကောင်စီရေယာဥ် ၁၁ စီး အုပ်စုဟာ ဒီကနေ့ ဒီဇင်ဘာလ ၁၆ ရက်နေ့မှာ မုံရွာမြို့ဘက်ကို စုန်ဆင်းလာပြီးတော့ ဒေသကာကွယ်ရေးတပ်တွေနဲ့ ပစ်ခတ်မှုတွေဖြစ်နေတယ်လို့ ကနီ‌ဒေသခံတွေဆီက သိရပါတယ်။

    ဒီစစ်ကောင်စီရေယာဥ်တွေဟာ ခန္တီးဒေသဘက်က ထွက်တဲ့ ကျောက်စိမ်းတွေကို တင်လာတဲ့ မော်တော်တွေဖြစ်တာကြောင့် ဒေသကာကွယ်ရေးတပ်တွေက မြစ်တွင်းက စုန်လာတဲ့စစ်ကောင်စီ ရေယာဥ်အုပ်စုကို တိုက်နေကြတာဖြစ်တယ်လို့ ဒေသကာကွယ်ရေးတပ်တွေဘက်က ပြောပါတယ်။

    ပြီးခဲ့တဲ့ရက်ကလည်း မင်းကင်းနဲ့ အခြားမြို့နယ်တွေမှာ မြစ်ထဲက စုန်လာတဲ့စစ်ကောင်စီ ရေယာဥ်အုပ်စုကို ပစ်ခတ်တိုက်ခိုက်မှုတွေရှိတာကြောင့် အခု မြစ်ဘေးက ရေယာဥ်အုပ်စုမောင်းလာချိန်မှာ မြစ်ကမ်းဘေးကလည်း စစ်ကြောင်းက ယှဥ်ပြီးလိုက်ပါလာကြောင်းနဲ့ မြစ်ဘေးက ရွာတွေထဲကို ဝင်ရောက်ရှင်းလင်း ပစ်ခတ်တာတွေရှိတယ်လို့လည်း ကနီ PDFဘက်က ပြောပါတယ်။

    ဒီကနေ့ နေ့လယ် ၁၂ နာရီဝန်းကျင်မှာ မုဋ္ဌောရွာမှာ တပ်စွဲထားပြီး စစ်ကောင်စီဟာ ဒရုန်းတွေ ရဟတ်ယာဥ်တွေပါသုံးပြီးတော့ ဒီစစ်ရေယာဥ်အုပ်စု မုံရွာဘက်ကို ခရီးဆက်နိုင်ရေးကြိုးပမ်းနေတယ်လို့လည်း ဒေသခံတွေကပြောပါတယ်။

    စစ်ကောင်စီရေယာဥ်အုပ်စုဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၂ ရက်နေ့က ကတည်းက ကနီနယ်ကို ဖြတ်ဖို့ကြိုးစားနေတာဖြစ်ပြီး ဒေသလုပ်ရေမြုပ်မိုင်းတွေနဲ့ ပြီးခဲ့တဲ့ ရက်က တိုက်ခိုက်ခံရပြီးနောက် ကနီဆိပ်ကမ်းမှာ ၂ ညတိတိ ညအိပ်ရပ်နားခဲ့တာဖြစ်ပါတယ်။

    စစ်ကောင်စီဘက်ကတော့ ကနီဒေသ တိုက်ပွဲသတင်းနဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

  6. ၈၈ ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုမြအေး အပြင်ဆေးရုံကနေ အင်းစိန်ထောင် အချုပ်တိုက်ထဲ ပြန်ဝင်ရ

    အစိုးရဆေးရုံတစ်ခုမှာ ၂ လကျော်ကြာဆေးကုသမှုခံယူခဲ့ရတဲ့ ၈၈ ကျောင်းသား ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုမြအေးဟာ အပြင်ဆေးရုံကနေ အင်းစိန်ထောင် ထဲကို မနေ့ ဒီဇင်ဘာလ ၁၅ ရက်မှာ ပြန်ရောက်သွားခဲ့ပြီလို့ ထောင်နဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းကနေ တဆင့်သိရပါတယ်။

    ကိုမြအေးဟာ အင်းစိန်ထောင်ထဲမှာနေထိုင်ရင်း ခြေထောက်ကုတ်ခြစ်ဒဏ်ရာကနေ ပိုးဝင်ခဲ့တာကြောင့် ပြင်ပက ဆေးရုံမှာ ဆေးကုသမှုခံယူခဲ့တာဖြစ်ပါတယ်။

    ခြေထောက်က အရောင်ကျသွားတာရှိပေမဲ့ လုံး၀မပျောက်ကင်းသေးတာကြောင့် သက်ဆိုင်ရာဆရာဝန်တွေက ခြေထောက်ကို ပိုးဝင်တာမျိုး ထပ်မဖြစ်အောင် ညွှန်ကြားတာမျိုးရှိတယ်လို့လည်း သိရပါတယ်။

    ''ကိုမြအေး အပြင်မှာ ဆေးကုနေတာ ဘာ့ကြောင့် ၂ လတောင်ကြာနေတာလဲဆိုတာမျိုး အသံတွေ ထွက်လာတော့ ကိုမြအေးက ဒါကို ရိပ်မိပုံရတယ်။ သူ့ကြောင့် ဝန်ထုပ်ဝန်ပိုးမဖြစ်အောင်လို့ သူ့ကို ဆေးရုံဆင်းခွင့်ရရင် ပေးဆင်းပါဆိုပြီး ကိုမြအေးကပဲ တောင်းဆိုခဲ့တာလို့ သိရတယ်'' ဆိုပြီး ရှေ့နေအသိုင်းအဝိုင်းက ဘီဘီစီကို ပြန်ပြောပြပါတယ်။

    လာမယ့် ဇန်နဝါရီလ ၆ ရက်နေ့မှာ ပြနေကျ အပြင်ဆေးရုံမှာ ဆေးခန်းထပ်ပြဖို့ ရှိနေပေမဲ့ ထောင်က ပြန်လည်ခွင့်ပြုပေး မပေးဆိုတာဟာ ရှင်းရှင်းလင်းလင်းမသိရတဲ့အခြေအနေမှာရှိနေပါတယ်။

    ကိုမြအေးဟာ နှလုံးသွေးကြောကျဉ်းရောဂါကြောင့် ခွဲစိတ်မှုခံယူထားသူဖြစ်လို့ နှလုံးဆေး တွေသောက်နေရသူဖြစ်ပါတယ်။

    ကုသပေးတဲ့ဆရာဝန်တွေကတော့ ထောင်တွင်းမှာ ရေမသန့်တာမျိုး၊ ပိုးမွှားအကိုက်ခံရတာမျိုးဖြစ်ရင် ပထမမူလအတိုင်း ပိုးဝင်ပြီးပြန်ဖြစ်တာ၊ အဲဒီကနေ အချိန်မီ ဆေးကုသခွင်မရရင် ပိုးက အရိုးထဲအထိရောက်ပြီး ခြေထောက်ဖြတ်တောက်ရတာ၊ အသက်သေဆုံးတာမျိုးအထိ ဖြစ်နိုင်တဲ့အခြေအနေကိုလည်း စိုးရိမ်မှုရှိတယ်လို့ ရှေ့နေအသိုင်းအဝိုင်းက ပြောပါတယ်။

    စစ်အာဏာသိမ်းမှုဖြစ်ပြီးတဲ့နောက် ဖမ်းဆီးထိန်းသိမ်းခံရပြီး လနဲ့ချီကြာအောင် မိသားစုနဲ့ အသက်အသွယ်မရဖြစ်ခဲ့တဲ့ကိုမြအေးဟာ ပုဒ်မ ၅၀၅(ဂ)အမှုကို အင်းစိန်ထောင်တွင်းတရားရုံးကနေ ရင်ဆိုင်နေရသူဖြစ်ပါတယ်။

    လက်ရှိမှာ ကိုမြအေးအမှုအတွက် သက်သေတွေထဲကတချို့ကို စစ်ဆေးတဲ့အဆင့်ရောက်နေပြီး လာမယ့် ၂၁ ရက်နေ့မှာလည်း ရုံးချိန်းရှိနေတာကြောင့် အမှုဟာ မကြာခင်မှာ စစ်ဆေးလို့ပြီးစီးမယ့်အခြေအနေရှိနေတယ်လို့လည်း သိရပါတယ်။

  7. မြန်မာနိုင်ငံမှာ လူသားချင်းစာနာ ကူညီဖို့ ယူရို ၃ သန်း ဂျာမနီ ထပ်မံထောက်ပံ့

    အာဏာသိမ်းမှု ဖြစ်ခဲ့ပြီးနောက် နိုင်ငံရေးအခြေအနေ မတည်ငြိမ်မှုတွေကြားမှာ စားနပ်ရိက္ခာ အခက်အခဲ ပိုရှိလာတဲ့ မြို့ပြ ပြည်သူတွေကို ကူညီဖို့ မြန်မာနိုင်ငံက WFP ကမ္ဘာ့ စာနပ်ရိက္ခာ အစီအစဉ်ကို ဂျာမနီနိုင်ငံက ၂၀၂၁ ခုနှစ် အတွက် ရန်ပုံငွေ ယူရို သုံးသန်း ထပ်မံ ပံ့ပိုးလိုက်ပါတယ်။

    ဘေးအန္တရာယ် အမျိုးမျိုးကြောင့် အသက်မွေးဝမ်းကျောင်းရေး အကန့်အသတ်တွေ ရှိနေသူတွေ၊ အသက်မွေး ဝမ်းကျောင်း မလုပ်နိုင်လို့ ရိက္ခာ အခက်အခဲ ရင်ဆိုင် နေရသူတွေကို ကူညီပေးနေတဲ့ WFP က မြန်မာနိုင်ငံက မြို့ပြပြည်သူ ၂ သန်းလောက် အထိကို ထောက်ပံ့နိုင်ဖို့ ရည်မှန်းထား ပါတယ်။

    ပဋိပက္ခတွေ ရင်ဆိုင်နေရတဲ့ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်က စစ်ဘေးရှောင်သုံးသိန်း ခြောက်သောင်းကို WFP က လောလောဆယ် ကူညီထောက်ပံ့ ပေးနေတာဖြစ်ပါတယ်။

    ဘေးဒုက္ခ အခက်အခဲ ရင်ဆိုင်နေကြရသူတွေကို ကူညီရေးဟာ

    ကမ္ဘာ့မိသားစုရဲ့ တာဝန်လို့ ဂျာမနီ နိုင်ငံက ယုံကြည်ထားတဲ့အတွက် လူသားချင်း စာနာထောက်ထားတဲ့ အကူအညီတွေ ပိုပေးနိုင်အောင် ထောက်ပံ့ ပေးတာဖြစ်တယ်လို့ ရန်ကုန်မြို့ ဂျာမနီသံရုံး ထုတ်ပြန်ချက်မှာ ဖော်ပြထား ပါတယ်။

  8. မန္တလေး ကညန ရုံးအနီး ပေါက်ကွဲမှု နှစ်ခု ဖြစ်

    မန္တလေးမြို့မှာ ဒီနေ့ ဒီဇင်ဘာလ ၁၆ မနက်ပိုင်းက ကညနရုံးအနီးမှာ ပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

    မနက် ၉နာရီလောက်မှာ ၇၈ လမ်းသိပ္ပံလမ်း ၊ က.ည.န ရုံးရှေ့မှာ ဖြတ်သန်းသွားလာနေတဲ့ ယာဉ်တွေကို စစ်ကောင်စီဘက်က စစ်ဆေးနေစဉ်မှာ ပထမတကြိမ် ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။

    အဲဒီ ပေါက်ကွဲမှုအပြီး စစ်ကားနဲ့ ရဲနဲ့ စစ်သားတွေ အများအပြားရောက်ရှိလာပြီး ပေါက်ကွဲမှုဖြစ်ပွားရာအနီးတဝိုက်ကို လေးဘက်လေးလံပိတ်ဆို့ စစ်ဆေးတာတွေ ပြုလုပ်ခဲ့ပါတယ်။ အဲဒီလို စစ်ဆေးနေစဉ်မှာ ရန်မန်းလမ်းဆုံ ၊ ကညနရုံး အနောက်ဘက် သိပ္ပံလမ်းအနီး ပန်းခြံမှာ ပေါက်ကွဲမှုတခု ထပ်မံဖြစ်ပေါ်ခဲ့ပါတယ်။ ဒုတိယအကြိမ်ပေါက်ကွဲမှုမှာ လမ်းသွားလမ်းလာ လူတဦး ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ အဲ့ဒီအနားဝန်းကျင် ဒေသခံတဦးကပြောပါတယ်။

    ဒီမနက် ပေါက်ကွဲမှုနဲ့ပက်သက်ပြီး သိပ္ပံ လမ်း×၇၈ လမ်း ဒေါင့်မှာ အသံဗုံးဖောက်ပြီး လမ်းပိတ်ကာလူငယ်တွေကိုကားနဲ့တိုက်ပြီး ဖမ်းသွားတယ်လို့ လူမှုကွန်ရက်မှာ ထွက်ပေါ်ခဲ့ပေမယ့် ဒါနဲ့ပတ်သက်လို့ ဘီဘီစီက သီးခြားအတည်ပြုနိုင်သေးပါဘူး။

    "မနက်က စာရွက်စာတမ်းလုပ်ပြီး အပြင်ထွက်မယ့် အချိန် ပထမတလုံးပေါက်တာ။ နောက်ပိုင်းတော့ ဆက်တိုက်ပေါက်တယ်လို့ကြားတယ်။ ကနဦးမပေါက်ခင်က စစ်ဆေးရေးတွေလုပ်နေတာ။ ပေါက်ပြီးလည်း စစ်ဆေးမှုတွေလုပ်တယ်။ ပထမပေါက်တဲ့အချိန် လူနာ မသယ်ရဘူးဗျ။ နောက်ပိုင်းပေါက်တာတွေ ဒဏ်ရာရမရ မသိဘူး" လို့ ဒီမနက် ကညနရုံးကို လုပ်ငန်းကိစ္စသွားရောက်ခဲ့သူတစ်ဦးက သူ မြင်ခဲ့သမျှကို ပြောပြပါတယ်။

    မန္တလေးမြို့မှာ နေ့စဉ်ဆိုသလို လမ်းမကြီးနဲ့ မြို့ပတ်လမ်းတွေကအစ စစ်ကောင်စီရဲ့ ယာဉ်ထိန်း၊ ရဲ၊ စစ်သားတွေက အဖွဲ့လိုက် သွားလာ‌နေတဲ့ ယာဉ်တွေကို ပိုက်စိပ်တိုက် စစ်ဆေးဖမ်းဆီး ဒဏ်ရိုက်တာတွေပြုလုပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

  9. လေးကေကော်အနီး စစ်ကောင်စီတပ်တွေနဲ့ KNU တပ်တွေ ထိတွေ့တိုက်ပွဲဆက်ဖြစ်, KNU နဲ့တိုက်တာမဟုတ်ဘဲ PDF တွေနဲ့ တိုက်တာဆိုတဲ့ပြောကြားချက်ကို KNU ပယ်ချ

    ကရင်ပြည်နယ်၊ မြဝတီမြို့ကနေ လေးကေကော်မြို့သစ်ဘက်ကိုလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ KNU/KNLA တပ်ဖွဲ့တွေနဲ့ ဒီနေ့ ဒီဇင်ဘာလ ၁၆ ရက် မနက်ခင်းနှောင်းပိုင်းကစလို့ ထိတွေ့ ပစ်ခတ်မှု တွေဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    ''ဒီနေ့မနက်ဖြစ်တဲ့တိုက်ပွဲက မြဝတီဘက်ကနေ လေးကေကော်ဘက်ကို အင်အားဖြည့်လာတာ။ မြဝတီဘက်က နယ်ခြားစောင့်တပ်(BGF)တပ်ရင်းတွေလည်းပါတာပေါ့။ ပူးတွဲစစ်ကြောင်းက မယ်ထော်သလေးရွာကနေ ဒီဘက် KNU နယ်မြေ ပဟိကလော်ဆိုတဲ့ရွာ အဲဒီကို အခြေပြုပြီးလာတဲ့အချိန်မှာ ပဟိကလော်က KNLA၊ KNDO တပ်တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်တာ''လို့ တိုက်ပွဲဖြစ်ပွားရာနေရာ အနီးမှာနေထိုင်တဲ့ ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    ဘီဘီစီက ဆက်သွယ်မေးမြန်းတဲ့ မွန်းလွဲ ၁၂ နာရီကျော်အထိ တိုက်ပွဲဖြစ်နေတုန်းဖြစ်ပြီး စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ပစ်ခတ်နေတာ အကြိမ်ရေ ၅၀ ထက်မနည်းရှိနေတယ်လို့ သိရပါတယ်။

    တစ်ချိန်တည်းမှာပဲ မနေ့ ဒီဇင်ဘာလ ၁၅ ရက်မှာ လေးကေကော်မြို့သစ်ဘက်ကမှာဖြစ်တဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က ဗိုလ် ၁ ဦး၊ တပ်ကြပ် ၂ ဦးနဲ့ ရဲဘော် ၂ ဦး စုစုပေါင်း ၄ ဦး သေဆုံးပြီး စစ်ကြောင်းမှူး ဗိုလ်မှူးအဆင့်ရှိသူတစ်ဦး ပေါင်ကို ထိမှန်တာ၊ ဗိုလ်ကြီးတစ်ဦး လည်ပင်းထိတာနဲ့ ရဲဘော် ၂ ဦး ကျည်ထိထားတယ်လို့ ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    စစ်ကောင်စီဘက်ကတော့ မနေ့က ထိတွေ့တိုက်ပွဲမှာ တပ်သားတစ်ဦး သေဆုံးတယ်လို့ပဲ ကနဦးအတည်ပြုပြောဆိုထားပါတယ်။

    စစ်ကြောင်းလေးကြောင်းခွဲပြီး နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေနဲ့ PDF တွေကို ရှာဖွေဖို့ စစ်ကောင်စီတပ်ဖွဲ့တွေက လေးကေကော် ငြိမ်းချမ်းရေးမြို့သစ်ကို ဒီဇင်ဘာလ ၁၄ ရက်နေ့ ကတည်းက ဝင်ရောက်နေတာဖြစ်ပြီး အဲဒီနောက် ဒီဇင်ဘာလ ၁၅ ရက်မှာ ကေအဲန်ယူရဲ့ လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ခဲ့တာဖြစ်ပါတယ်။

    သွေးခွဲတဲ့စကားတွေသာဖြစ်တယ်လို့ မှတ်ချက်ပြု

    အခု လေးကေကော်ဖြစ်စဉ်မှာ စစ်ကောင်စီနဲ့ KNU တို့ ဖြစ်တာမဟုတ်ဘဲ ဒေသကာကွယ်ရေးတပ် PDF တွေနဲ့ ဖြစ်တာဆိုတဲ့ ပြောကြားချက်တွေ ဒီဇင်ဘာ ၁၅ ရက်ညနေပိုင်းကစလို့ ကျယ်ကျယ် ပြန့်ပြန့်ထွက်ပေါ်လာပါတယ်။

    ဒီပြောဆိုချက်တွေကို KNU က ပယ်ချလိုက်ပြီး ဒါဟာ သွေးခွဲတဲ့စကားတွေသာဖြစ်တယ်လို့ ကေအန်န်ယူ (ဗဟို) အထွေထွေအတွင်းရေးမှူး ၂ (ဟောင်း) ပဒိုမန်းမန်းက ဘီဘီစီကို ခုလိုပြောပါတယ်။

    "ကနေ့လည်းပဲ သူတို့ဘက်က (စစ်ကောင်စီ) ဘက်က ထောက်ပြတာက ကေအန်န်ယူနဲ့တိုက် တာမဟုတ်ဘူး။ PDF နဲ့တိုက်တာဆိုတာကလည်း ဒါသွေးခွဲဝါဒဖြန့်တဲ့ သူ့ရဲ့ မူလ သွေးခွဲတဲ့ပုံစံမျိုးပဲဆိုတော့ ကျွန်တော်တို့အတွက်တော့အဆန်းကြီးပဲမဟုတ်ဘူးလို့ပြောရပါမယ်" လို့ ပဒိုမန်းမန်းက ပြောပါတယ်။

    KNU/KNLA ရဲ့ အောက်ခြေပိုင်း တပ်ခွဲတပ်ရင်းတွေက စစ်ကောင်စီတပ်တွေ ခုလို လေးကေကော်ထဲ ဝင်ရောက်လာတာကို လက်မခံချင်တာသေချာတယ်လို့လည်း ပဒိုမန်းမန်းမန်းကပြောပါတယ်။

    ဒါပေမဲ့ (KNU) အပေါ်ပိုင်းမှာတော့ စစ်ကောင်စီရဲ့ ခွင့်ပြုချက်တောင်းတာဖြစ်ဖြစ်၊ ညှိနှိုင်းတာပဲဖြစ်ဖြစ် များသောအားဖြင့် စစ်ကောင်စီဘက်က အပေါ်စီးကနေသာဆောင်ရွက်တာမျိုးဖြစ်ပြီး စစ်ကောင်စီရဲ့ အပြောတမျိုးအလုပ်တမျိုးအခြေအနေတွေကြောင့် ခုလို အခြေအနေတွေ ဖြစ်လာတာ ဖြစ်နိုင်ကြောင်း ပဒိုမန်းမန်းက ရှင်းပြပါတယ်။

    အခုလိုလေးကေကော်က တိုက်ပွဲဖြစ်စဉ်အခြေအနေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ တရားဝင်ထုတ်ပြန်လာတာမရှိသေးပါဘူး။

  10. စင်ကာပူက မြန်မာသံရုံးဝန်ထမ်းတစ်ဦးမှာ ကိုဗစ်ပိုးတွေ့လို့ သံရုံးခေတ္တပိတ်မယ်လို့ဆို

    စင်ကာပူနိုင်ငံမှာရှိတဲ့ မြန်မာသံရုံးက ဝန်ထမ်းတစ်ဦးမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်ခံထားရတာကြောင့် ကောင်စစ်လုပ်ငန်းတွေနဲ့ ဗီဇာလုပ်ငန်းတွေ ခေတ္တရပ်နားမယ်ဆိုပြီး သံရုံးဘက်က မနေ့ ဒီဇင်ဘာလ ၁၅ ရက်မှာ ကြေညာလာပါတယ်။

    ခေတ္တရုံး ပိတ်ထားတဲ့ရက်တွေမှာ နိုင်ငံကူးလက်မှတ်တွေ သက်တမ်းတိုးဖို့ ရက်ချိန်းရထားတဲ့သူတွေကို ဆောင်ရွက်ပေးမယ့် အစီအစဉ်ကို ထပ်မံသတိပေးသွားမယ်လို့လည်း ဆိုပါတယ်။

    တစ်ဖက်မှာလည်း စင်ကာပူနိုင်ငံထဲမှာ တောင်အာဖရိကနိုင်ငံကနေ စတင်တွေ့ရှိတဲ့ အိုမီခရွန် ကိုဗစ်မျိုးကွဲ ကူးစက်ခံရသူ ၃ ဦးအထိရှိနေတယ်လို့ စင်ကာပူကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

    အခုဆို စင်ကာပူနိုင်ငံထဲမှာ ကိုဗစ်ကြောင့် ဆေးရုံတင်ထားရသူ ၅၂၀ နီးပါးအထိရှိပြီး အဲဒီထဲက ၃၀ နီးပါးဟာ အရေးပေါ် ကြပ်မတ်ကုသမှုခံယူနေရတယ်လို့လည်း ထုတ်ပြန်ချက်ကဆိုပါတယ်။

  11. လုံခြုံရေးအရာရှိ ချယ်ရီထက်ကို စွဲဆိုထားတဲ့ ပုဒ်မ ၅၀၅-ကအမှုမှာ လိုပြသက်သေတချို့ကို စစ်ဆေး

    နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးအရာရှိ ဒုရဲအုပ် ချယ်ရီထက်အပေါ် စွဲဆိုထားတဲ့ ပုဒ်မ ၅၀၅-က အမှုမှာ တရားလိုဘက်က တင်လာတဲ့ လိုပြသက်သေတွေထဲက ၂ ဦးကို မနေ့ ဒီဇင်ဘာလ ၁၅ ရက်ရုံးချိန်းမှာ စစ်ဆေးခဲ့တယ်ဆိုပြီး အမှုနဲ့နီးစပ်တဲ့ရှေ့နေအသိုင်းအဝိုင်းက ပြောပါတယ်။

    အဲဒီအမှုမှာ တရားလိုဘက်က ရဲတပ်ဖွဲ့ဝင်အများစုပါတဲ့ လိုပြ သက်သေ ၆ ဦးအထိ တင်ထားတာဖြစ်ပြီး အဲဒီထဲက ၂ ဦးကို နေပြည်တော်အချုပ်ထောင် ထောင်တွင်းတရားရုံးမှာ စစ်ဆေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

    ဒုရဲအုပ်ချယ်ရီထက်အမှုကို ဗုဒ္ဓဟူးနေ့တိုင်း ရုံးချိန်းခေါ် စစ်ဆေးနေတာဖြစ်ပြီး နောက်ရုံးချိန်းတွေမှာ ရှာဖွေပုံစံသက်သေကို စစ်ဖို့ရှိနေတယ်လို့ သိရပါတယ်။

  12. အိန္ဒိယ PRF လက်နက်ကိုင် ၅ ဦးကို မြန်မာစစ်တပ်က မဏိပူရ်ရဲတပ်ဖွဲ့ကို လွှဲပြောင်း

    အိန္ဒိယပြည်တွင်းမှာ ပိတ်ပင်ခံထားရတဲ့လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ ပြည်သူ့တော်လှန်ရေးတပ်ဦး(RPF)နဲ့ ညီနောင်အဖွဲ့အစည်းဖြစ်တဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်(PLA)တို့က လက်နက်ကိုင်အဖွဲ့ဝင် ၅ ဦးကို မြန်မာဘက်က အိန္ဒိယ၊မဏိပူရ်ရဲတပ်ဖွဲ့ကို လွှဲပြောင်းပေးလိုက်တယ်လို့ အိန္ဒိယက လာတဲ့သတင်းတွေက ဖော်ပြပါတယ်။

    အဲဒီလက်နက်ကိုင်တပ်ဖွဲ့ဝင် ၅ ဦးကို မြန်မာစစ်တပ်က သြဂုတ်လမှာ ဖမ်းဆီးခဲ့တယ်လို့ သိရပြီး မန္တလေးမှာ အကျဉ်းချထားခဲ့တာလို့လည်း ဆိုပါတယ်။

    အခုတော့ အဲဒီအမျိုးသား ၅ ဦးကို ဒီဇင်ဘာလ ၁၅ ရက်မနက်ပိုင်းမှာ ပြန်လွှဲပြောင်းပေးခဲ့လို့ အိန္ဒိယလေတပ်က သူ့လေယာဉ်နဲ့ပြန်ခေါ်ခဲ့သွားပြီလို့သိရပါတယ်။

    PLA အဖွဲ့နဲ့ မဏိပူရ် နာဂပြည်သူ့တပ်ဦးတို့ဟာ နိုဝင်ဘာလ ၁၃ ရက်မှာ အာသံရိုင်ဖယ်ကဗိုလ်မှူးကြီး၊ သူ့ဇနီးနဲ့သားတို့ အပါအဝင် ၇ ဦး သေဆုံးခဲ့တဲ့တိုက်ခိုက်မှုကို ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။

  13. တပ်တွင်းစည်းလုံးမှုရှိရေး စစ်ကောင်စီဥက္ကဋ္ဌကိုယ်တိုင် ပြောလာ

    တပ်မတော်သားတွေနဲ့ မိသားစုဝင်တွေအနေနဲ့ လက်ရှိနိုင်ငံရေးအခြေအနေမှန်တွေကို သိအောင်လုပ်ဖို့၊ စစ်ဘက်ဆိုင်ရာလုံခြုံရေး သတိပြုဖို့နဲ့ တပ်တွင်းစည်းလုံးညီညွတ်အောင် အားထုတ်ဖို့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောလာပါတယ်။

    မိတ္ထီလာမြို့မှာ ဒီဇင်ဘာလ ၁၅ ရက်က ပြုလုပ်တဲ့ လေတပ်တည်ထောင်မှု ၇၄ နှစ်မြောက် နှစ်ပတ်လည်နဲ့ လေယာဉ်၊ ရဟတ်ယာဉ်တွေ တပ်တော်ဝင်အခမ်းအနားမိန့်ခွန်းမှာ အခုလို ပြောလာတာဖြစ်ပါတယ်။

    ဝါဒဖြန့်မှုတွေရှိနေတာကြောင့် တပ်မတော်သားတွေရော မိသားစုဝင်တွေပါ နိုင်ငံရေး အခြေအနေမှန်သိအောင်လုပ်ဖို့၊ စစ်သတင်း၊ စာရွက်စာတမ်း၊ စစ်ပစ္စည်း၊ စစ်မှုထမ်း၊ စစ်ဆင်မှုနဲ့လေ့ကျင့်မှု စတဲ့ လုံခြုံရေးတွေကိုလည်း သတိပြုဖို့ သူက ထုတ်ပြောလာပါတယ်။

    တပ်တွင်းစည်းလုံးညီညွတ်ရေးအတွက် လိုက်နာစရာရှိတာတွေကို လိုက်နာဖို့အပြင် တပ်တွင်းတပ်ပြင် စည်းရုံးရေးတွေ လုပ်ဖို့ကိုလည်း စစ်ကောင်စီဥက္ကဋ္ဌလည်းဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တပ်တော်ဝင်အခမ်းအနားမှာ ပြောသွားတာတွေ့ရပါတယ်။

    အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့အရပ်သားပြည်သူတွေကို စစ်ကောင်စီတပ်တွေက လူသေဆုံးတဲ့အထိ အင်အားသုံးဖြိုခွင်းမှုတွေကြောင့် တပ်မတော်သားတွေ၊ရဲတပ်ဖွဲ့ဝင်တွေဟာ အာဏာဖီဆန်ရေးအကြမ်းမဖက်လှုပ်ရှားမှု(CDM)မှာ ပါဝင်လာနေကြချိန်မှာ စစ်ခေါင်းဆောင်က တပ်တွင်းစည်းလုံးမှုရှိရေးကို အခုလိုပြောလာတာလည်း ဖြစ်ပါတယ်။

  14. ပေါင်ရဲစခန်းက ရဲတပ်သားတစ်ဦးမှာ ကိုဗစ်ပိုးထပ်တွေ့

    မွန်ပြည်နယ်၊ပေါင်မြို့မရဲစခန်းမှာ အချုပ်သားတစ်ဦးမှာ ကိုဗစ်ပိုးတွေ့ခဲ့တာကြောင့် ဆက်စပ်သူတွေကို ဆက်ပြီးဆေးစစ်ခဲ့ရာမှာ မနေ့ ဒီဇင်ဘာလ ၁၅ ရက်မှာ ရဲတပ်သား တစ်ဦးမှာ ပိုးထပ်တွေ့ခဲ့တယ်လို့ သိရပါတယ်။

    အဲဒီမတိုင်ခင်တုန်းကလည်း ရဲစခန်းက အချုပ်သား ၃၀ ကျော်ကို ပိုးစစ်ခဲ့ရာမှာ ၁၆ ဦးမှာပိုးတွေ့ခဲ့ပါတယ်။

    ဒါ့ကြောင့် အခုဆိုပေါင်မြို့နယ်ရဲစခန်းတစ်ခုတည်းကနေ ရက်ပိုင်းအတွင်းပိုးတွေ့သူ ၁၈ ဦးအထိရှိလာပြီဖြစ်ပါတယ်။

    လက်ရှိမှာပိုးတွေ့သူတွေကို ပေါင်မြို့ဆေးရုံကြီးက ကိုဗစ်စောင့်ကြပ်ကြည့်ရှုဆောင် အမှတ် ၁ မှာ ကုသမှုပေးနေတယ်လို့ သိရပါတယ်။

    တစ်ချိန်တည်းမှာပဲ စစ်ကောင်စီလက်အောက် ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရဆိုရင် မနေ့က ကိုဗစ်ပိုးတွေ့အတည်ပြုလူနာသစ် ၃၀၀ နီးပါး တွေ့ခဲ့ပြီး ကိုဗစ်ကြောင့်သေဆုံးသူ ၄ ဦးရှိတယ်လို့ သိရပါတယ်။

  15. "စစ်မဲ့ဇုန်"လေးကေ့ကော်က တိုက်ပွဲနဲ့ နောက်ဆက်တွဲအလားအလာ

  16. ဒုန်းတော မီးလျှံများနဲ့ ဒီဇင်ဘာ ၇

  17. စဉ့်ကိုင်အမတ် ဒေါ်ဝင်းမြမြကို ပုဒ်မ ၅၀၅-က နဲ့စွဲချက်တင်ထား၊ မိသားစုနဲ့ တွေ့ခွင့်မရ

    ၂၀၂၀ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက စဉ့်ကိုင်မြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်အဖြစ် အနိုင်ရရှိခဲ့တဲ့ ဒေါ်ဝင်းမြမြကို ၅၀၅-က နဲ့ စွဲချက်တင်အမိန့်ချခဲ့ပြီး ဒီနေ့(ဒီဇင်ဘာ ၁၅)မှာ တရားလိုပြသက်သေ ပြန်လည် ခေါ်စစ်ဆေးဖို့ ရှိပေမယ့် လိုပြသက်သေမလာလို့ ရုံးချိန်းပြောင်းခဲ့ရတယ်လို့ တရားရုံးအသိုင်းအဝိုင်းက ပြောပါတယ်။

    ဝန်ထမ်းတွေကို ရုံးမတက်ဖို့ အားပေးအားမြှောက်လုပ်တာ၊ ဆန္ဒပြ ဆူပူလှုံ့ဆော်တာတွေကြောင့် ဆိုပြီး ဒေါ်ဝင်းမြမြကို စစ်ကောင်စီက ပုဒ်မ ၅၀၅-က နဲ့ တရားစွဲထားတာဖြစ်ပါတယ်။

    အဲဒီပုဒ်မနဲ့ ဒေါ်ဝင်းမြမြကို ချမ်းအေးသာစံမြို့နယ်တရားရုံးက စွဲချက်တင်ခဲ့ပြီး ဒီဇင်ဘာ ၁၅ ရက် ဒီနေ့ ရုံးချိန်းမှာ ပြန်ခေါ်သက်သေအဖြစ် တရားလိုပြသက်သေကို စစ်ဆေးဖို့ ချိန်းဆိုထားပေမယ့် သက်သေ ရောက်မလာတဲ့အတွက် လာမယ့် ဒီဇင်ဘာ ၂၂ ရက်ကိုရုံးချိန်းပြန်လည်ချိန်းဆိုထားပါတယ်။

    ဒေါ်ဝင်းမြမြဟာ အိုးဘိုထောင်မှာ ရှိနေပြီး မိသားစုက တွေ့ဆုံဖို့ တရားဝင်လျှောက်လွှာတင်ထားပေမယ့် လက်ရှိအချိန်ထိ မိသားစုနဲ့ တွေ့ခွင့်မရရှိသေးပါဘူး။

    ဒေါ်ဝင်းမြမြကို တရားစွဲဆိုထားတဲ့ ချမ်းအေးသာစံမြို့နယ် တရားရုံးမှာပဲ ပုဒ်မ ၅၀၅ (ခ) နဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဟောင်း ဦးမျိုးသစ်၊ မန္တလေးစည်ပင်ကော်မတီဝင် ဦးကျော်ဇေယျတို့လည်း တရားရင်ဆိုင်နေရပါတယ်။ အလားတူ မန္တလေးတိုင်း NLD ပါတီ၊ တိုင်းအတွင်းရေးမှူး ဦးတင်ကိုကို ကိုလည်း သဘာဝဘေး အန္တရာယ်ဆိုင်ရာ ပုဒ်မ ၂၅၊ ၃၀(က) တို့နဲ့ ချမ်းအေးသာစံမြို့နယ် တရားရုံးမှာပဲ ထပ်မံတရား စွဲဆိုထားပါတယ်။ ဦးတင်ကိုကိုဟာ ပြီးခဲ့တဲ့ဒီဇင်ဘာ ၈ ရက်တုန်းကလည်း အောင်မြေသာစံမြို့နယ်တရားရုံးကနေ သဘာဝဘေး ပုဒ်မ ၂၅ ၊ ၃၀ (က)တို့နဲ့ ထောင် ၂ နှစ်ချမှတ်ခံထားရပါတယ်။

  18. ဒေါက်တာဇော်မြင့်မောင်ကို အကျဉ်းသားဝတ်စုံနဲ့ ရုံးထုတ်

    စစ်ကောင်စီက တရားစွဲဆိုထားတဲ့ပုဒ်မတွေထဲက ပုဒ်မသုံးခုနဲ့ ထောင်ဒဏ်လေးနှစ် ချမှတ်ခံထားရတဲ့ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကို အပြာရောင်ထောင်ဝတ်စုံနဲ့ ရုံးထုတ်ခဲ့တယ်လို့ သိရပါတယ်။

    ဒေါက်တာဇော်မြင့်မောင်ကို ဒီဇင်ဘာ ၈ ရက်နေ့က အမိန့်ချခဲ့တာဖြစ်ပြီး အဲဒီနောက် ဒီဇင်ဘာ ၁၀ ရက်နေ့မှာတစ်ကြိမ်၊ ဒီဇင်ဘာ ၁၄ ရက်မှာတစ်ကြိမ် သူ့ကိုစွဲဆိုထားတဲ့ လက်ကျန်အမှု ၇ မှုအတွက် အိုးဘိုထောင်တွင်းအထူးတရားရုံးမှာ ရုံးထုတ်စစ်ဆေးတာတွေရှိခဲ့ပါတယ်။ အဲဒီရုံးချိန်းတွေမှာဒေါက်တာဇော်မြင့်မောင်ကိုခုလို အကျဉ်းသားဝတ်စုံနဲ့ ရုံးထုတ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

    ဒေါက်တာဇော်မြင့်မောင်ဟာ လက်ရှိမှာ အဂတိမှု ငါးမှုနဲ့ ရွေးကောက်ပွဲမသမာမှု ၂ မှု စုစုပေါင်း ၇ မှု ကျန်ရှိနေပြီး အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ရွေးကောက်ပွဲအမှုတွေနဲ့ သောကြာနေ့တိုင်း အဂတိအမှုတွေကို ဆက်လက်တရားရင်ဆိုင်နေရဖို့ ရှိပါတယ်။

    "ထောင်ဝတ်စုံတော့ ပြောင်းသွားတာပါ။ ခြေချင်း၊ လက်ထိတ်တွေ မပါဘူး။ ဆရာ့ကျန်းမာရေးကြောင့်လည်း ပါမှာပါ။ ဝတ်စုံအပြာရောင်ပေါ့။ အဂတိမှုရော၊ ရွေးကောက်ပွဲအမှုတွေပါ တရားလိုပြသက်သေ စစ်ဆေးဆဲပဲရှိသေးတာပါ" လို့ ဒေါက်တာဇော်မြင့်မောင် အမှုကိုလိုက်ပါဆောင်ရွက်နေတဲ့ ရှေ့နေအဖွဲ့ထဲက တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

    ဒေါက်တာဇော်မြင့်မောင်ဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့ သဘာဝဘေးအမှုအတွက်လည်း သက်သေထွက်ဆိုပေးဖို့ တရားရုံးမှာ လျှောက်ထားခဲ့ပါတယ်။

    အဲဒီလို လျှောက်ထားပြီး နောက်ပိုင်း ရုံးချိန်းလေးကြိမ်ထိ ရှိသွားပေမယ့် လက်ရှိအချိန်ထိ ဒေါက်တာဇော်မြင့်မောင်ဟာ သက်သေထွက်ဆိုခွင့်မရသေးဘူးလို့ တရားရုံးအသိုင်းအဝိုင်းကနေ သိရပါတယ်။

    " သွားခွင့်မပေးတာ။ ဟိုက ဆင့်စာထုတ်ပေးပေမယ့် ဆရာဇော်ဆီရောက်မလာတာ။ ဘယ်အဖွဲ့က သွားခွင့်မပေးလဲ မသိရဘူး။ အမေစု အမှုနဲ့ပတ်သက်ပြီး သက်သေထွက်ပေးချင်တယ်။ ဆရာဇော်လည်း သွားနိုင်တဲ့ အခြေအနေမှာရှိတယ်။ ၂၀ ရက်နေ့ ရုံးချိန်းတော့ ဘယ်လိုလာမလဲ မသိရသေးဘူး"လို့ ရှေ့နေတစ်ဦးက ပြောပါတယ်။

    လာမယ့် ဒီဇင်ဘာ ၂၀ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်ဒေသခံ ဦးညီညီ ဆိုသူ ကစွဲဆိုထားတဲ့ သဘာဝဘေးဥပဒေပုဒ်မ ၂၅ အမှုအတွက်နေပြည်တော်အထူးတရားရုံးမှာ ရုံးထုတ်စစ်ဆေးဖို့ရှိနေပြီး အဲဒီနေ့မှာ ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့အမှုတွေထဲက ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇ နဲ့ ပို့ကုန်သွင်းကုန်အမှုတွေအတွက် အပြီးသတ်အမိန့်ချမှတ်ဖို့ရှိနေတယ်လို့ တရားရုံးနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းက သိရပါတယ်။

  19. မြန်မာစစ်ကောင်စီကို အမေရိကန်က နောက်ထပ် ဖိအားပေး အရေးယူသွားဖို့ ရှိ

    အရှေ့တောင်အာရှ ၃ နိုင်ငံ ခရီးစဥ်ရဲ့ ဒုတိယ ခရီးတစ်ထောက်အဖြစ် မလေးရှားနိုင်ငံမှာ ရောက်ရှိနေတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်ဟာ မလေးရှား နိုင်ငံခြားရေး ဝန်ကြီးနဲ့ ဒီကနေ့မှာ တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံအရေး အပါအဝင် ကိစ္စရပ် အတော်များများကို ဆွေးနွေးပြောဆိုခဲ့ပါတယ်။

    မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းအပြီး စစ်ကောင်စီရဲ့ ဖမ်းဆီး ထိန်းသိမ်း ခံထားသူတွေ ပြန်လွတ်လာနိုင်ရေးအတွက် အမေရိကန် အစိုးရက အာဆီယံအဖွဲ့ကြီးနဲ့ နီးနီးကပ်ကပ် ဆွေးနွေးဆောင်ရွက်နေတယ်လို့ မစ္စတာ ဘလင်ကန်က ပြောပါတယ်။

    မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ် ပြန်လည်ဆောင်ကြဥ်းနိုင်ရေးအတွက် စစ်ကောင်စီအပေါ် နောက်ထပ် ဖိအားပေး အရေးယူတာတွေ လုပ်ဖို့ အမေရိကန်အစိုးရက သုံးသပ်နေတယ်လို့ သူက ပြောပါတယ်။

    လာမယ့်နှစ်မှာ ကျင်းပမယ့် အာယံအဖွဲ့ကြီးနဲ့ အထူးထိပ်သီးညီလာခံကို အမေရိကန်အစိုးရအနေနဲ့ အထူး မျှော်လင့်နေတယ်လို့လည်း ဆိုပါတယ်။

    မလေးရှားနိုင်ငံခြားရေး ဝန်ကြီး ဆာအိဖ်ဖူဒင် အဗ္ဗဒူလာ က အာဆီယံအဖွဲ့တွင်း ပြည်တွင်းရေး ဝင်မစွက်ဖို့ မလေးရှားနိုင်ငံအနေနဲ့ ဆန္ဒ ရှိထားပေမဲ့ မြန်မာနိုင်ငံကနေ ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၂ သိန်းကို မလေးရှားမှာ ခိုလှုံခွင့် ပေးမယ်လို့ ပြောပါတယ်။

    မစ္စတာ ဘလင်ကန်ဟာ မလေးရှားနိုင်ငံကနေ ထိုင်းနိုင်ငံကို သွားဖို့ ရှိပါတယ်။