ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

ဖရူဆိုမှာ သတ်ဖြတ်ခံလိုက်ရသူတွေထဲ အသက်မပြည့်သေးသူ ၄ ဦးပါဝင်တယ်လို့ ယူနီဆက်ဖ်ပြော

အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံခဲ့ရသူတွေထဲမှာ အသက် ၁၇ နှစ်အရွယ် လူငယ် ၂ ဦး၊ ဆယ်ကျော်သက် အမျိုးသမီးငယ် ၁ ဦးနဲ့ အသက် ၅ နှစ်၊ ၆ နှစ်အရွယ် ကလေးငယ်တစ်ဦးတို့ပါဝင်တယ်လို့ဆိုပြီး ယူနီဆက်ဖ် ကပြောလာတာပါ။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ရန်ကုန်မှာ လက်နက်တွေ လာအပ်ဖို့ အသံချဲ့စက်နဲ့လိုက်အော်

    ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်မြို့နယ်အတွင်းက နေအိမ်တွေနဲ့ တိုက်ခန်းတွေအတွင်း လက်နက်ခဲယမ်းတွေ လျှို့ဝှက်စွာ သိမ်းဆည်းထားပါက လာမယ့် ဒီဇင်ဘာလ ၃၁ ရက် နောက်ဆုံးထားပြီးလာရောက်အပ်နှံကြဖို့ စစ်ကောင်စီလက်အောက်ခံ ရပ်ကျေးအုပ်ချုပ်ရေးမှူးရုံးက အသံချဲ့စက်နဲ့လိုက်ပြီး အသိပေးနေတယ်လို့ မြောက်ဒဂုံ ဒေသခံတွေကပြောပါတယ်။

    ဒီကနေ့ ဒီဇင်ဘာလ ၂၁ ရက်နေ့ ညနေ ၆ နာရီခန့်က ဒဂုံမြို့သစ် အ‌ရှေ့ပိုင်း ၁၅ ရပ်ကွက်မှာ လိုက်လံအသိပေးခဲ့ကြောင်းနဲ့ အနီးတစ်ဝိုက်က ရပ်ကွက်တွေမှာ အခုလို အသိပေးတာတွေမကြားရသေးဘူးလို့လည်း ဒေသခံအချို့က ဘီဘီစီကို ပြောပါတယ်။

    မြောက်ဒဂုံ ၁၁ ရပ်ကွက်၊၁၂ ရပ်ကွက်၊၃၇ ရပ်ကွက်၊၄၇ ရပ်ကွက် တို့ဘက်ကဒေသခံတွေကတော့ လတ်တလော သူတို့ဘက်မှာ မကြားရသေးကြောင်းလည်း ဘီဘီစီကိုပြောပါတယ်။

    ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၉ ရက်နေ့ အဲ့ဒီထုတ်ပြန်ချက်ကို စစ်ကောင်စီက ထုတ်ပြန်ခဲ့တာဖြစ်ပြီးတော့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၊ CRPHနဲ့ PDF အဖွဲ့များက ရပ်ကွက်များအတွင်းရှိ နေအိမ်များ၊ တိုက်ခန်းများမှာ သေနတ်၊ မိုင်းနဲ့ ဆက်သွယ်ရေးပစ္စည်းများကို နည်းလမ်းမျိုးစုံ အသုံးပြုပြီး လာရောက်အပ်နှံလို့ရှိရင် သက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့များနဲ့ ရပ်ကွက်၊ ကျေးရွာ အဆင့် အုပ်ချုပ်ရေးမှူးရုံးများကို လာရောက် အသိပေးအကြောင်း ကြားဖို့ နှိုးဆော်နေခဲ့တာဖြစ်ပါတယ်။

    ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်ဟာ စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်ထားပြီးတော့ ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း ၄၉ ရပ်ကွက် ရဲစခန်းနဲ့ ၄၅ ရပ်ကွက် ရဲစခန်းတို့ကို မကြာခဏ ပစ်ခတ်တိုက်ခိုက်ခံရလေ့ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

  2. မန္တလေး-မုံရွာ လမ်းမကြီးပေါ်မှာ စစ်ကောင်စီကားတန်း မိုင်းဆွဲခံရ

    မန္တလေး-မုံရွာ လမ်းမကြီးပေါ်၊ စစ်ကိုင်းတိုင်းမြင်းမူမြို့နယ် ဝမ်းပြည့်ကျေးရွာနဲ့ အာလ္လကပ္ပကျေးရွာကြားမှာ ဒီဇင်ဘာလ ၂၁ ရက် နေ့လယ် ၁ နာရီကျော်က ကားခြောက်စီးပါ စစ်ကောင်စီ ယာဉ်တန်းကို မိုင်းဆွဲပြီး တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံ ကာကွယ်ရေးတပ်တွေက ပြောပါတယ်။

    စစ်ကိုင်းကနေ မုံရွာဘက်ကို သွားတဲ့ စစ်ကောင်စီ ယာဥ်တန်းကို အခုလိုတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီကားအပါအဝင် ကားပေါ်ပါတဲ့တပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာရတာ ရှိတယ်လို့လည်း သူတို့ကပြောပါတယ်။

    ဒီသတင်းနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာတော့မရှိသေးပါဘူး။

    စစ်ကောင်စီကားတစ်စီးဟာ မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် လမ်းဘေးမှာ ရပ်တန့်ထားတာကို တွေ့ရတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။

    ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၇ ရက်နေ့ကလည်း မြင်းမူမြို့နယ်ထဲမှာ စစ်ကောင်စီယာဥ်တန်း မိုင်းဆွဲ တိုက်ခိုက်ခံခဲ့ရပါသေးတယ်။

    မန္တလေး မုံရွာကားလမ်းဟာ နေ့စဥ် ကားစီးရေ တစ်ရာကျော် သွားလာနေတဲ့ လမ်းမကြီးဖြစ်ပြီး ပြီးခဲ့တဲ နိုဝင်ဘာလကလည်း လမ်းမပေါ်မှာ ပေါက်ကွဲမှုတွေ ဖြစ်ခဲ့တာရှိပါတယ်။

  3. ပုသိမ်က အသက် ၆၀ အရွယ် အမျိုသမီးတစ်ဦး ရဲက သေနတ်နဲ့ပစ်လို့ သေဆုံး

    ဧရာဝတီတိုင်း ပုသိမ်မြို့မှာ ဒု ရဲအုပ်တစ်ဦးက အသက် ၆၀ အရွယ် အမျိုးသမီးတစ်ဦးကို သေနတ်နဲ့ ပစ်ခတ်လို့ သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

    ဒီဇင်ဘာ ၁၉ ရက်နေ့ည ၁၀ နာရီ ကျော်ခန့်က ပုသိမ်မြို့ အမှတ် ၇ ရပ်ကွက် မာတလမ်း မျိုးချစ် ဆန်စက်အနီး နေထိုင်တဲ့ အသက် ၆၀ ခန့်အရွယ် ဒေါ်ဌေးရဲ့အိမ်မှာ သားမက်ဖြစ်သူကို ရဲတပ်ဖွဲ့က လာရောက်ဖမ်းဆီးရာမှာ ပစ်ခတ်မှု ဖြစ်ပွားပြီး သေဆုံးခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

    ဒေါ်ဌေးရဲ့ လည်ပင်းကို ကျည်ဆံမှန်ပြီး ဆေးရုံအပို့လမ်းမှာ သေသွားခဲ့တာဖြစ်တယ်လို့သေဆုံးသူ ဒေါ်ဌေး မိသားစု နှင့် နီးစပ်သူတစ်ဦးကပြောတယ်လို့ သိရပါတယ်။

    ဒေါ်ဌေးရဲ့ သားဖြစ်သူလည်း ပြီးခဲ့တဲ့ရက်ပိုင်းက ဖမ်းဆီးပြီးနှိပ်စက်ခံရလို့ ယခုအခါ သားမက်ကိုလည်း အပြစ်မရှိလို့ မဖမ်းဖို့ ကာကွယ် ပြောဆိုရာမှာ အချင်းများပြီး ဒုရဲအုပ်က ခြောက်လုံးပြူး သေနတ်နဲ့ ပစ်လိုက်တာလို့ ရပ်ကွက်အတွင်း နေထိုင်သူတွေက ပြောပါတယ်။

    ဒေါ်ဌေးသားမက်ဖြစ်သူ ကိုကျော်ကြီးကို မဖမ်းခင် ၂ရက်က ဒေါ်ဌေးရဲ့သားဖြစ်သူကို ဖမ်းဆီးရိုက်နှက်ပြီး ပြန်လွှတ်ပေးခဲ့ပြီး နောက်ဆေးရုံမှာ ဆေးကုသခံနေရကြောင်း အုပ်ချုပ်ရေးအဖွဲ့ဝင် အချို့ထံကသိရပါတယ်။

    စစ်ကောင်စီဘက်က ဒီသတင်းနဲ့ပတ်သက်လို့ တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုခြင်းမရှိသေးပါဘူး။

    ‌ဒေါ်ဌေး အလောင်းကို စစ်ကောင်စီဘက်က ဒီဇင်ဘာလ ၂၀ ရက်နေ့ကပြန်ပေးခဲ့ပြီးနောက် ဒီဇင်ဘာလ ၂၁ ရက်နေ့မှာသင်္ဂြိုဟ်ဖို့ရှိတယ်လို့လည်းသိရပါတယ်။

  4. ဂန့်ဂေါနယ်တွင် ဒေသမတည်ငြိမ်မှုကြောင့် ကုန်ခြောက်နဲ့သားငါးရှားပါးမှုရင်ဆိုင်နေရ

    မကွေးတိုင်း၊ ဂန့်ဂေါမြို့မှာ ဒေသမတည်ငြိမ်မှုတွေကြောင့် ကုန်ခြောက်တွေနဲ့ အသားငါးရှားပါးတာတွေ ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေကပြောပါတယ်။

    လက်ရှိမှာ ပုလဲ - ဂန့်ဂေါလမ်းမကြီးနဲ့ ဂန့်ဂေါ - ကလေးလမ်းမကြီးတို့မှာ တိုက်ပွဲတွေဖြစ်ပွားနေသလို လုံခြုံရေးအရ ခရီးလမ်းသွားလာရတာအဆင်မပြေတာကြောင့် ကုန်စည်စီးဆင်း မှုမရှိတာကနေ အခုလိုဖြစ်လာတာလို့ ဒေသခံတွေကပြောပါတယ်။

    “ဒီနေ့ဈေးသွားတော့ ကြက်သားတို့အသားငါးတွေ ဈေးမယ်သိပ်မရှိတော့ဘူး။ ကုန်ခြောက် ခေါက်ဆွဲခြောက်တွေလည်း ရှားလာပြီ။ ဒေသထွက်တဲ့ ဆန်ဆီတို့ ရွာငါးတို့ ရွာကြက်တို့တော့ ရှိတာပေါ့။ CP ကြက်တို့ မန္တလေး၊ မုံရွာဘက်က ကုန်တွေမလာတော့ ရှားလာတာ”လို့ ဂန့်ဂေါမြို့ခံတဦးက ဘီဘီစီကို ပြောပါတယ်။

    မနေ့ ဒီဇင်ဘာလ ၂၀ ရက်ကတော့ ပုလဲ - ဂန့်ဂေါလမ်းမကြီးပေါ်မှာ စစ်ကောင်စီနဲ့ ဒေသကာကွယ်ရေး ပူးပေါင်းအဖွဲ့တွေအကြား တိုက်ပွဲရှိခဲ့ပါတယ်။

    ဒါကြောင့် ကားသွားလာမှုနည်းပါးသလို ဒေသကာကွယ် ရေးတွေဘက်ကလည်း လုံခြုံရေးအတွက်ဖြတ်သန်းသွားလာတာတွေမလုပ်ဖို့ အသိပေး ထုတ်ပြန်ထားပါတယ်။

    ဂန့်ဂေါ - ကလေးလမ်းမကြီးဘက်မှာတော့ စစ်ကောင်စီဘက်ကအချိန်မရွေးစစ်ဆေးတာတွေ လည်း ရှိသလို အရင်ရက်ပိုင်းကလည်း လမ်းမကြီးဘေးက နှမ်းခါးရွာကို ရဟတ်ယာဉ်လာရောက် တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံထောင်နဲ့ချီထွက်ပြေးနေရပါတယ်။

    ဂန့်ဂေါရွာဘက်ကိုလည်း သွားလာဖို့မလွယ်ကူသလို ရွာဘက်နေထိုင်သူတွေကလည်း မြို့ပေါ်လာရောက်တာတွေမရှိဘူးလို့ သိရပါတယ်။

  5. ဖားကန့်မှာ ကျောက်လာသိမ်းတဲ့ KIA တပ်ဖွဲ့ဝင်တချို့နဲ့ ကျောက်တူးသူတွေကြား ရုန်းရင်းဆန်ခတ်ဖြစ်

    ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းဒေသက ဆိပ်မူကျေးရွာအုပ်စုထဲမှာရှိတဲ့ဖားပြင်ရွာအနီးမှာ တူးဖော်ထားတဲ့ကျောက်ကို လာသိမ်းတဲ့ KIA တပ်ဖွဲ့ဝင်အချို့နဲ့ ကျောက်တူးသူတွေကြား မနေ့ ဒီဇင်ဘာလ ၂၀ ရက်မှာ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရှိရပါတယ်။

    အရင်က လုပ်ကွက် ၃ လို့ခေါ်ပြီး အခုအချိန်မှာ ဖားပြင်လုပ်ကွက်ထဲပါတဲ့ ကျောက်စိမ်းတူးဖော်ရေးနေရာမှာဖြစ်တဲ့အဲဒီဖြစ်စဉ်မှာ KIA ဘက်က ကား ၂ စီးလည်း မီးရှို့ခံခဲ့ရတယ်လို့ သိရပါတယ်။

    '' ဖြစ်တာက KIA နဲ့ ရေမဆေးကျောက်ရှာသူတွေဆိုတာထက် KIA နဲ့ ပအို့ဝ် လက်နက်ကိုင် ၂ ဖွဲ့ကြားလို့ပြောလို့ရတယ်။ ပအို့ဝ်တွင်းမှာတွေ့တဲ့ကျောက်ကို KIA က သူ့နယ်ထဲ ဆိုပြီး လာသိမ်းတာ။ ဖြစ်နေတာကတော့ ဒီဇင်ဘာလ ၁၇ ရက်နေ့တည်းကပဲ။ အဲဒါ တွင်းပိုင်ရှင်ကလည်း မကျေနပ်ဘူးထင်ပါတယ်။ မနေ့ကတော့ တွင်းသားတွေပါပါပြီးဖြစ်ကြတာ။ ဒီမှာက လုပ်ကွက်တွေက တစ်ခုနဲ့တစ်ခု ဆက်နေတာ'' လို့ ဖားပြင်ဒေသခံတစ်ဦးက ပြောပါတယ်။

    KIA က လာသိမ်းတယ်ဆိုတဲ့ ကျောက်တန်ဖိုး ဘယ်လောက်အထိရှိမယ်ဆိုတာ မသိရပေမဲ့ လက်ရှိမှာတော့ ဖားပြင်ရွာထဲက ညှိနှိုင်းရေးရုံးမှာ နှစ်ဖက် ညှိနှိုင်းတာတွေလုပ်နေတယ်လို့ ဘီဘီစီက နောက်ဆုံးသိရှိရပါတယ်။

    ဖားကန့်မှာ အရင်ကလည်း အလားတူပြသာနာတွေရှိဖူးပြီးအခုတစ်ကြိမ်ကတော့ ကားမီးရှို့တဲ့အထိ ရုတ်ရုတ်သဲသဲဖြစ်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

  6. ကုလအတွင်းရေးမှူးချုပ်ရဲ့အထူးကိုယ်စားလှယ် မစ္စခရစ္စတင်းရှာရနာဘာဂနာရုံးခန်းကို ပိတ်လိုက်ပြီလို့ စစ်ကောင်စီပြော

    ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်ဖြစ်သူ မစ္စခရစ္စတင်း ရှာရနာ ဘာဂနာရဲ့ နေပြည်တော်က ရုံးခန်းကို ပိတ်သိမ်းလိုက်တဲ့အကြောင်း စစ်ကောင်စီက ဒီနေ့ ဒီဇင်ဘာလ ၂၁ ရက်မှာ ပြောလာပါတယ်။

    ကုလသမဂ္ဂရဲ့ အောက်တိုဘာလ ၂၅ ရက် ထုတ်ပြန်ချက်အရ မစ္စ ခရစ္စတင်း ရှာရနာ ဘာဂနာရဲ့တာဝန်ဟာ ပြီးဆုံးပြီဖြစ်ကြောင်းသိရလို့ မြန်မာနိုင်ငံက သူ့ရဲ့ရုံးခန်းကိုဆက်လက်ထားရှိခြင်းမပြုဖို့ဆုံးဖြတ်တာလို့ဆိုပါတယ်။

    ဒီလိုပိတ်သိမ်းတဲ့အကြောင်းကိုလည်း စစ်ကောင်စီရဲ့နိုင်ငံခြားရေးဝန်ကြီးဌာနက ကုလသမဂ္ဂဆီ ဒီဇင်ဘာလ ၂၀ ရက်မှာ အကြောင်းကြားခဲ့ပြီးပြီလို့ ဆိုပါတယ်။

    အဲဒီရုံးခန်းကို နေပြည်တော်မှာ ၂၀၁၈ခုနှစ်၊ ဒီဇင်ဘာလကတည်းက ဖွင့်ထားခဲ့တာဖြစ်ပါတယ်။

    အထူးကိုယ်စားလှယ် မစ္စ ခရစ္စတင်း ရှာရနာ ဘာဂနာဟာ စစ်အာဏာသိမ်းမှုဖြစ်ပြီးတဲ့နောက် မြန်မာပြည်တွင်းကို လာဖို့ ကြိုးစားခဲ့ပေမဲ့ အောက်တိုဘာမှာ သူ့တာဝန်ပြီးဆုံးချိန်အထိ ခရီးစဉ်အထမမြောက်ခဲ့သလို ဖေဖော်ဝါရီလ ၁ ရက်အာဏာသိမ်းမှုအပြီး မြန်မာပြည်တွင်းက အခွင့်အရေးချိုးဖောက်မှုအခြေအနေတွေကို ကုလသမဂ္ဂမှာ ထုတ်ဖော်ပြောဆိုခဲ့သူလည်းဖြစ်ပါတယ်။

    လက်ရှိမှာ စင်ကာပူနိုင်ငံသူ ဒေါက်တာနိုလင်းဟေဇာဟာ ကုလအတွင်းရေးမှူးချုပ်ရဲ့အထူးကိုယ်စားလှယ်သစ်အဖြစ် ခန့်အပ်ခံထားရပြီးဖြစ်ပါတယ်။

    ဒါပေမဲ့ ဒေါက်တာနိုလင်းဟေဇာနဲ့စစ်ကောင်စီကြား ဆက်သွယ်မှုရှိပြီလားဆိုတာနဲ့ သူ့အတွက် မြန်မာနိုင်ငံဆိုင်ရာရုံးခန်းရှိပြီလားဆိုတာလည်း ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

    ဒေါက်တာနိုလင်းဟေဇာဟာ အရင်စစ်အစိုးရလက်ထက်က မြန်မာနိုင်ငံရဲ့ နာဂစ်မုန်တိုင်းအကူညီပေးရေးလုပ်ငန်းတွေမှာ ဝင်ရောက်လုပ်ကိုင်ခွင့်ရခဲ့သူဖြစ်တာကြောင့် လက်ရှိစစ်ကောင်စီနဲ့ ဆက်ဆံရေးဟာ မစ္စဘာဂနာတုန်းက ရှိခဲ့တဲ့ဆက်ဆံရေးထက် တနည်းတဖုံပြောင်းလဲမှုရှိမလားဆိုပြီး အကဲခတ်တွေက လေ့လာစောင့်ကြည့်နေကြပါတယ်။

  7. ပျဉ်းမနားမှာ စစ်ကားကို မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ နေပြည်တော် PDF ထုတ်ပြန်

    နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ပြည်ထောင်ကိုးကျေးရွာအုပ်စုထဲက နတ်ကြီးစင်တောင်အနီးမှာ စစ်ကောင်စီရဲ့ စစ်ကား ၂ စင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်ဆိုပြီး နေပြည်တော် PDF က ဒီနေ့ ဒီဇင်ဘာလ ၂၁ ရက်မနက်ပိုင်းမှာ လူမှုကွန်ယက်ကနေ သတင်းထုတ်ပြန်လာပါတယ်။

    တိုက်ခိုက်မှုကို မနေ့ ဒီဇင်ဘာလ ၂၀ ရက်မနက်ပိုင်းမှာပြုလုပ်ခဲ့တာဖြစ်ပြီး ဆိပ်ဖူးတောင်ဘက်က တက်လာတဲ့ စစ်ကောင်စီကား ၂ စင်းကို ကြိုတင်တပ်ဆင်ထားတဲ့ မိုင်း ၅ လုံးနဲ့ ဖောက်ခွဲ တိုက်ခိုက်ခဲ့တာလို့လည်းဆိုပါတယ်။

    တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂ ဦးပါတဲ့ စစ်ကားတစ်စင်း ချောက်ထဲထိုးကျခဲ့တာကြောင့် အဲဒီကားထဲမှာပါသွားသူအားလုံးနီးပါး သေဆုံးတယ်လို့ ထုတ်ပြန်ချက်က ဆိုသလို နောက်ကားတစ်စင်းထဲက စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးထက်မနည်း ပြင်းထန်ဒဏ်ရာရသွားတယ်လို့လည်း ထုတ်ပြန်ချက်မှာပါရှိပါတယ်။

    နေပြည်တော်နယ်မြေထဲ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ကားတွေ အခုလို တိုက်ခိုက်ခံရတာနဲ့ပတ်သက်ပြီး ဘီဘီစီက စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ဆီ ဆက်သွယ်ဖို့ ကြိုးစားနေပါတယ်။

    ဒီဇင်ဘာလ ၂၀ ရက်နေ့က တိုက်ခိုက်မှုဟာ အောက်တိုဘာလနောက်ပိုင်း နေပြည်တော်နယ်မြေထဲမှာ PDF တွေရဲ့ပထမဆုံးတိုက်ခိုက်မှုဖြစ်တယ်ဆိုတာကို လူမှုကွန်ယက်ကနေ ထုတ်ပြန်တဲ့ နေပြည်တော် PDF ရဲ့လှုပ်ရှားမှု သတင်းတွေအရသိရပါတယ်။

  8. မဲဆောက်ရောက် လေးကေ့ကော်စစ်ရှောင် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး ကလေးမွေးဖွား

    ထိုင်းနိုင်ငံ၊ မဲဆောက်ရှိ မဲ့တောင်ကလန်းစစ်ရှောင်စခန်းမှာရောက်နေတဲ့ လေးကေ့ကော်ဒေသက စစ်ဘေးရှောင် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးဟာ ဒီဇင်ဘာလလ ၂၀ ရက်ညက အဲဒီယာယီစစ်ရှောင်စခန်းမှာပဲ ကလေးတစ်ဦးမွေးဖွားခဲ့တယ်လို့ ဘန်ကောက်တိုင်းမ် သတင်းဌာနကဖော်ပြပါတယ်။

    မီးဖွားဖို့ အရေးပေါ်ဖြစ်လာတဲ့စစ်ရှောင်ကိုယ်ဝန်ဆောင်သည်ကို ထိုင်းနိုင်ငံ ပြည်သူ့ကျန်းမာရေးဌာနက သူနာပြုတွေက ကူညီပြီး အဲဒီနေရာမှာပဲ အောင်အောင်မြင်မြင်နဲ့ မွေးဖွားပေးခဲ့တာပါ။

    သားယောင်္ကျားလေးမွေးဖွားခဲ့ပြီး မိခင်လည်း ကျန်းကျန်းမာမာရှိတယ်လို့ ဆိုပါတယ်။

    လက်ရှိထိုင်းနိုင်ငံ၊ မဲဆောက်မြို့က မဲ့တောင်းကလန်းနဲ့ မဲ့ကိုကင်းရွာတွေမှာ ပင်မစစ်ရှောင်စခန်းနှစ်ခုထားရှိပေးထားပြီး စစ်ရှောင်ဦးရေ ၆၀၀၀ဝန်းကျင်ရှိနေပါပြီ။

    ထိုင်းအာဏာပိုင်တွေ ဘက်ကတော့ စစ်ရှောင်ရောက်လာသူတွေကို ကျန်းမာရေးစစ်ဆေးပြီး ကိုဗစ် အပါအဝင် လက်နက်ထိမှန်ဒဏ်ရာရသူတွေကို မဲဆောက်ဆေးရုံ ကိုပို့ဆောင်ပြီးကုသပေးနေပါတယ်။

  9. ချောင်းဆုံမှာ မူလတန်းတက်နေတဲ့ကလေးငယ် ၅ ဦးမှာ ကိုဗစ်ပိုးတွေ့

    မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ ရွာလွတ်ကျေးရွာက မူလတန်းတက်နေတဲ့ကလေးငယ်တွေထဲက ၅ ဦးမှာ ဒီဇင်ဘာလ ၁၈ ရက်က ကိုဗစ်ပိုးတွေ့ခဲ့တာကြောင့် ရွာလွတ်တိုက်နယ်ဆေးရုံမှာ စောင့်ကြည့်ပြီး ကျန်းမာရေးကုသမှုပေးနေပြီလို့သိရပါတယ်။

    ရွာလွတ်အမှတ် ၁ မူလတန်းကျောင်းမှာ တက်နေတဲ့ ကျောင်းသားတစ်ဦး အနံ့ပျောက်လို့ ဒေသန္တကျန်းမာရေးဌာနမှာ သွားရောက်ပြသချိန် စစ်ဆေးရာကနေ ပိုးတွေ့ခဲ့တာဖြစ်ပါတယ်။

    ''ဘယ်က ဘယ်လို ကူးစက်မှုဖြစ်တာလဲဆိုတာကို သိဖို့ ထိတွေ့ဆက်စပ်သူတွေကို လိုက်နေတုန်းပဲ။ မနက်ဖြန် ဒီဇင်ဘာလ ၂၂ ရက်မှာ နောက်တစ်ကြိမ် ပိုးစစ်ဖို့ရှိတယ်။ ပိုးတွေ့တဲ့ကလေး တွေက တစ်အိမ်တည်းက ၃ တန်းတစ်ယောက်နဲ့ ၄ တန်းတစ်ယောက်ဆိုတော့ ထိတွေ့ ဆက်စပ်သူကများတယ်။ ပိုးတွေ့ ကလေး ၅ ယောက်စလုံးရဲ့ဆရာမတွေရော၊ ကျူရှင်ဆရာမတွေရောဆိုရင် ထိတွေ့သူ အယောက် ၁၀၀ နီးပါးလောက်ရှိမယ်။ သူတို့ကိုတော့ အိမ်တွေမှာပဲ စောင့်ကြည့်ထားတယ်''လို့ ကူညီကယ်ဆယ်ရေးမှာပါဝင်သူတစ်ဦးကပြောပါတယ်။

    လက်ရှိမှာ ပိုးတွေ့တဲ့မူလတန်းကျောင်းသူ ကျောင်းသား ၅ ဦးဟာ ကျန်းမာရေးကောင်းမွန်တယ်လို့ သိရပါတယ်။

  10. လေးကေ့ကော်စစ်ရှောင် အရေအတွက် တစ်သောင်းနီးပါး အထိဖြစ်လာ

    ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၅ရက်နေ့က ကရင်ပြည်နယ် မြဝတီခရိုင် လေးကော်မြို့သစ်က စတင်ပြီးဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် စစ်ရှောင်နေကြသူအရေအတွက်ဟာ သောင်းနဲ့ချီလာပြီဖြစ်ပါတယ်။

    လေးကေ့ကော်၊ထီးမယ်ဝါးခီး၊ရသေ့ဂူ၊ဖလူး၊‌မယ်ထော်သဲလေး၊ပဟီကလော် မင်းလက်ပံစတဲ့ကျေးရွာတွေက လူတစ်သောင်းဝန်းကျင်ခန့် စစ်ရှောင်နေရပြီး တစ်ဖက် ထိုင်းဘက် ကူးသူများနဲ့ စစ်တပ်နဲ့လွတ်ကင်းရာများမှာ နေထိုင်လျက်ရှိနေကြပါတယ်။

    မြန်မာဘက်မှာ စစ်ရှောင် ၆၀၀၀ ကျော်ခန့်ရှိပြီး ထိုင်းဘက်ရောက်နေတဲ့ စစ်ရှောင်ကတော့ ၄၀၀၀ ခန့်ရှိမယ်လို့ စစ်ရှောင်ကူညီနေသူတွေက ပြောပါတယ်၊

    လေးကေကော်နဲ့ မြဝတီဘက်ကို ဆက်သွယ်တဲ့ ကားလမ်းကလည်း သွားလာမရဖြစ်နေပြီး စစ်ရှောင်တွေဟာ အစားအစာ ဆေးဝါး သောက်ရေ နဲ့ အိမ်သာတွေအတွက် အခက်တွေ့နေကြတယ်လို့ ပြောပါတယ်။

  11. ဒေါက်တာအောင်မိုးညို ကို ရွေးကောက်ပွဲ ကော်မရှင်က စွဲတဲ့အမှု ဇန်နဝါရီလ စစ်မယ်။

    မကွေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုကို မကွေး ခရိုင် ရွေးကောက်ပွဲ ကော်မရှင်အတွင်းရေးမှူး ဦးအောင်သူရ က ရာဇသတ်ကြီးပုဒ်မ ၁၇၁-စ အရ မလျော်သြဇာ သုံးမှုနဲ့ တရားရုံးမှာ ဦးတိုက် လျှောက်ထားတဲ့ အမှုအတွက် ၂၀၂၂ ခု ဇန်နဝါရီလ ၃ ရက် နေ့မှာ တရားလိုကို စတင် စစ်ဆေးဖို့ ရှိပါတယ်။

    ဒီဇင်ဘာလ ၂၁ ရက်နေ့က ရှေ့နေ ကိုယ်စားလှယ်လွှဲစာ တင်ခဲ့ကြောင်းနဲ့ ရုံးချိန်းအတွက် ရက်ချိန်းပေးလိုက်ကြောင်း အမှုမှာ လိုက်ပါ ဆောင်ရွက် ပေးမယ့် ဥပဒေအကျိုးဆောင် ရှေ့နေ ဦးမြင့်အောင်က ဘီဘီစီကို ပြောပါတယ်။

    ရာဇသတ်ကြီးပုဒ်မ ၁၇၁-စ ဆိုတာ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး နှောင့်ယှက်တာ ဟန့်တားတာတွေ လုပ်တယ် ဆိုရင် မလျော်သြဇာ သုံးစွဲမှု၊ အယောင်ဆောင်မှု မြောက်တယ်လို့ အဓိပ္ပါယ် ဖွင့်ဆို ထားကြောင်း ရှေ့နေ ဦးမြင့်အောင်က ပြောပါတယ်။

    ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲ အတွက် ကော်မရှင်ဥက္ကဋ္ဌ နဲ့ အဖွဲ့ဝင်တွေ ခန့်ထား ရာမှာ လွှတ်တော် ကိုယ်စားလှယ်လောင်း တွေရဲ့ ဆွေမျိုးသားချင်းတွေ ပါဝင်နေ တာဟာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥပဒေ၊ ညွှန်ကြားချက် တွေနဲ့ မကိုက်ညီ ဘူး ဆိုပြီး မကွေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညို တစ်ယောက်တည်းကို စွပ်စွဲတိုင်ကြား ထားတာ ဖြစ်ပါတယ်။

    အခု အမှုပါနဲ့ဆိုရင် ဒေါက်တာ အောင်မိုးညို တရားစွဲခံရတဲ့ အမှုက ၉ မှု ရှိသွားပါပြီ။

    ပုဒ်မ ၅၀၅ (ခ) နဲ့ စွဲဆိုခံရတဲ့ အမှုအတွက် ပြီးခဲ့တဲ့ ဇူလိုင်လက မကွေးထောင် အထူးတရားရုံး က အလုပ်ကြမ်းနဲ့ထောင် ၂နှစ် ပြစ်ဒဏ် ချမှတ်ထားခဲ့ပြီး ဖြစ်ပါတယ်။

    အဂတိလိုက်စားမှု ၆ မှု အတွက် ကတော့ ဒေါက်တာအောင်မိုးညို ကိုယ်တိုင် အပြစ်မရှိကြောင်း ပြီးခဲ့တဲ့ တပတ်က ကြားနာ စစ်ဆေးမှု တွေမှာ ထွက်ဆိုထားခဲ့ ပါတယ်။

    တရားခံပြသက်သေ တစ်ယောက်ကိုပဲ စစ်ဆေးဖို့ ကျန်တော့တဲ့အတွက် အခု တပတ်အတွင်း စစ်ဆေးမှု ပြီးစီးရင် အဂတိလိုက်စားမှု စွဲဆိုချက်တွေ အတွက် အမိန့်ချဖို့ပဲ လိုတော့တယ်၊ အခု လကုန်မှာ အမိန့်ချဖွယ် ရှိတယ်လို့ ရှေ့နေ ဦးမြင့်အောင်က ပြောပါတယ်။

  12. တိုက်ပွဲတွေ ပြင်းထန်နေပြီး လေကြောင်းတိုက်ခိုက်မှုတွေပါ ဖြစ်လာနိုင်တဲ့ လေးကေ့ကော်

  13. လေးကေ့ကော်ဒေသကို လေကြောင်းပျံသန်းမှု ကင်းမဲ့ဇုန်အဖြစ်သတ်မှတ်ပေးဖို့ UN အပါအဝင်နိုင်ငံတကာကို KNU တောင်းဆို, စစ်ကောင်စီအနေနဲ့ နိုင်ငံရေးကဆုတ်ခွာမှသာ ပိုမိုပြင်းထန်လာတဲ့ ပြည်တွင်းစစ် ချုပ်ငြိမ်းမယ်လို့ပြော

    စစ်ကောင်စီဟာ လေးကေ့ကော်ဒေသမှာ လေကြောင်းတိုက်ခိုက်မှုတွေကို အချိန်မရွေးပြုလုပ်လာနိုင်တဲ့အတွက် ကုလသမဂ္ဂက ဦးစီးပြီး အရေးပေါ်အစည်းအဝေးများပြုလုပ်ကာ လေကြောင်းပျံသန်းမှုကင်းမဲ့ဇုန်အဖြစ် သတ်မှတ်ပေးဖို့ ကရင်အမျိုးသားအစည်းအရုံး ကေအဲန်ယူက ဒီကနေ့ ဒီဇင်ဘာ ၂၀ရက်မှာ ထုတ်ပြန်ချက်ထုတ်ပြီး တောင်းဆိုလိုက်ပါတယ်။

    အဲဒီထုတ်ပြန်ချက်မှာ စစ်ကောင်စီအနေနဲ့ ကျဆင်းနေတဲ့ဂုဏ်သိက္ခာကို ပြန်လည်ထိန်းသိမ်းတဲ့အနေနဲ့ တိုက်ပွဲဖြစ်ပွားရာဒေသက တပ်ဖွဲ့ဝင်တွေကို ပြန်လည်ရုပ်သိမ်းဖို့ စစ်ကောင်စီတပ်အတွင်းက တပ်မှူး၊ ဗိုလ်မှူးတွေအနေနဲ့လည်း ကျရှုံးနိုင်ငံဖြစ်နေတဲ့ နိုင်ငံတော်ကိုပြန်လည်ကယ်ဆယ်တဲ့အနေနဲ့ ပြည်သူလူထုနဲ့ပူးပေါင်းဖို့ဆိုတဲ့အချက်တွေကိုထည့်သွင်းရေးသားထုတ်ပြန်ထားပါတယ်။

    အိမ်နီးချင်းထိုင်းနိုင်ငံရဲ့ စစ်ရှောင်တွေကို ကူညီပေးမှုအပေါ်ကျေးဇူးတင်ရှိကြောင်းနဲ့ နိုင်ငံတကာအကူညီပေးရေးအဖွဲ့တွေဝင်ရောက်ခွင့်ရရေးနဲ့ လိုအပ်တာတွေဆက်လက်ကူညီပေးဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

    စစ်ကောင်စီအနေနဲ့ အနာဂတ်နိုင်ငံရေးမှဆုတ်ခွာပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကိုထူထောင်မှသာ ပိုမိုပြင်းထန်လာတဲ့နှစ် ၇၀ကျော်ကြာပြည်တွင်းစစ်ဟာ ချုပ်ငြိမ်းမယ်လို့လည်း ပြောကြားထာပါတယ်။

    ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၅ ရက်နေ့မှာ နိုင်ငံရေးယုံကြည်ချက်ကြောင့် ခေတ္တတိမ်းရှောင်နေရသူတွေကို အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်ခြင်း၊ နေအိမ်တွေကိုရိုက်ချိုးဖျက်ဆီးခြင်းနဲ့ ကေအဲန်ယူတပ်ဖွဲ့ဝင်တွေကို အင်အားသုံးတိုက်ခိုက်ခဲ့ရာကနေ ခုခံစစ်ပေါ်ပေါက်လာတာလို့ တုံ့ပြန်ထားပါတယ်။

    စစ်ကောင်စီဘက်ကတော့ လေးကေ့ကော်ဒေသ လွှတ်တော်အမတ် ၂ ဦးအပါအဝင် NUG PDF နဲ့ဆက်စပ်ပြီးလက်တွေ့ဖမ်းဆီးရရှိမှုတွေရှိကြောင်းနဲ့ လေးကေ့ကော်ဟာ နဂိုမူလအတိုင်း အခြေအနေသာဆိုပါက ဝင်ရောက်ရှာဖွေစရာမရှိကြောင်း စစ်ကောင်စီဘက်က ဘီဘီစီကို ပြောခဲ့ပါတယ်။

  14. စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်ကို ထောင် ၂ နှစ်အမိန့်ချ

    မုံရွာ အကျဥ်းထောင်မှာ ထိန်းသိမ်းခံထားရပြီး ပုဒ်မ ၅၀၅ ခ နိုင်ငံတော် မတည်မငြိမ်ဖြစ်အောင်လှုံ့ဆော်မှု နဲ့တရားစွဲဆိုခံထားရတဲ့ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်ကို ဒီဇင်ဘာလ ၂၀ ရက်နေ့မှာ ထောင်ဒဏ် ၂နှစ် အမိန့်ချမှတ်လိုက်တယ်လို့ ဒေါက်တာမြင့်နိုင်နဲ့ နီးစပ်တဲ့မုံရွာဒေသခံတစ်ဦးက ပြောပါတယ်။

    စစ်ကိုင်းတိုင်းဝန်ကြိးချုပ်ကို စစ်ကောင်စီက အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၅ နဲ့ လည်းတရားစွဲထားခဲ့ပြီး ဒီကနေ့မှာလည်း အဲ့ဒီအမှု အတွက်ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။

    ဒီကနေ့ ချမှတ်ခံရတဲ့ ပုဒ်မ ၅၀၅ ခ အမှုအတွက် ပြစ်ဒဏ်ဟာ ဖေဖော်ဝါရီလ ၁၃ ရက်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ထုတ်ခဲ့တဲ့ ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး တရားစွဲခံရတာဖြစ်ပြီးတော့ အဲ့ဒီထုတ်ပြန်ချက်ထုတ်တဲ့အချိန်မှာ သူဟာ ဖမ်းဆီးခံထားရပြီးဖြစ်တယ်လို့ မိသားစုဝင်တွေထံက သိရပါတယ်။

  15. ကလေးမြို့က CDM ဝန်ထမ်းအချို့ အဖမ်းခံရ

    စစ်ကိုင်းတိုင်း ကလေးမြို့ အောင်သစ္စာရပ်ကွက်မှာနေထိုင်တဲ့ CDM လှုပ်ရှားမှုမှာ ပါဝင်တဲ့ဝန်ထမ်းအချို့အပါအဝင် လူအချို့ ဒီဇင်ဘာ၂၀ရက် မနက်ငါးနာရီခန့်မှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဖမ်းဆီးတာခံလိုက်ရတယ်လို့ ကလေးမြို့ဒေသခံတွေထံက သိရပါတယ်။

    ဒီဇင်ဘာ၂၀ရက် ဒီမနက်ကစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ လူအင်အားအလုံးအရင်းနဲ့ရပ်ကွက်ထဲက လမ်းတွေကိုပိတ်ကာ အိမ်တွေကို ဝင်ရောက်ရှာဖွေဖမ်းဆီးခဲ့တာလို့လည်းပြောပါတယ်။

    အလားတူ ကလေးမြို့ကနေ ဂန့်ဂေါ်လမ်းဘက်ကို ထွက်တဲ့ စကားလှဘုရား အနီးမှာ စစ်ကောင်စီတပ်တွေက ကားတွေ ဆိုင်ကယ်တွေကို ရှာဖွေ စစ်ဆေးတာတွေလုပ်နေတယ်လို့လည်းဒေသခံတွေက ပြောပါတယ်။

    ထပ်မံသိရတဲ့ သတင်းတွေအရ အဖမ်းခံရသူ စုစုပေါင်းဟာ အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၇ ဦးတို့ဖြစ်ပြီးတော့ လက်ကိုင်ဖုန်းနဲ့ ငွေ ၁၇ သိန်းခန့်ကိုလည်း သိမ်းဆည်းသွားတယ်လို့လည်း သိရပါတယ်။

    စစ်ကောင်စီဘက်ကတော့ ကလေးမြို့ အောင်သစ္စာရပ်ကွက် ဖမ်းဆီးမှုနဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

    ဖမ်းဆီးထားသူတွေထဲက အမျိုးသားအချို့ကို ဒေသကွပ်ကွဲရေးစစ်ဌာချုပ် (ဒကစ) ကိုဖမ်းဆီးခေါ်ဆောင်သွားပြီး ကျန်အမျိုးသမီးခုနစ်ဦးကတော့ မြို့နယ်ရဲစခန်းမှာအဖမ်းခံထားရတယ်လို့လည်းသိရပါတယ်။

    ကလေးမြို့မှာဖေဖော်ဝါရီ၁ရက် စစ်တပ်ကအာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ဖမ်းဆီးခံရသူ ၄၀၀ နီးပါးရှိတယ်လို့ ကလေးမြို့ခံတွေကပြောပါတယ်။

  16. သုံးခွကားလမ်းမှာ စစ်ကောင်စီကားတန်း မိုင်းဆွဲခံရ

    ရန်ကုန်တိုင်း သုံးခွမြို့နယ် လက်ပံကျိုးကျေးရွာအနီးက ခရမ်း သုံးခွ သန်လျင် ကားလမ်းပေါ်မှာ ဒီဇင်ဘာလ ၂၀ ရက်နေ့က စစ်ကောင်စီကား ၂စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး လူသေဆုံးမှုတွေရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်၊

    ဒီကနေ့ ဒီဇင်ဘာလ ၂၀ရက်နေ့ မနက်၈နာရီခန့်မှာ မိုင်းဆွဲတိုက်ခိုက်ခံရတာဖြစ်ပြီး သုံးခွမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ TYFက အဝေးထိန်းမိုင်း ၅လုံးနဲ့ မိုင်းခွဲတိုက်ခိုက်ခဲ့တာလို့ ဒေသတွင်း အွန်လိုင်းသတင်းဌာနအချို့ကို ပြောခဲ့ပါတယ်။

    ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ပြောပေမယ့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးသလို စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသေးပါဘူး၊

    မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်ကောင် ခရမ်း-သုံးခွ-သန်လျင်ကားလမ်းကို ပိတ်ထားလိုက်ပြီး စစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

  17. မြန်မာစစ်ဗိုလ်လောင်းတွေကို သင်တန်းပေးတာရပ်ဖို့ ဂျပန်ကို HRW တောင်းဆို

    ဂျပန်နိုင်ငံအနေနဲ့ မြန်မာစစ်တပ်က ဗိုလ်လောင်းတွေကို ခေါ်ယူပြီး စစ်သင်တန်းပေးနေတာတွေရပ်ဖို့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ HRW က ဒီနေ့ ဒီဇင်ဘာလ ၂၀ ရက်မှာ တောင်းဆိုလာပါတယ်။

    ဂျပန်နိုင်ငံဟာ ဒီဇင်ဘာလ ၁၀ ရက်နေ့အထိ ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနအောက်က အမျိုးသားကာကွယ်ရေးတက္ကသိုလ်မှာ မြန်မာစစ်ဗိုလ်လောင်း ၈ ဦးကို လက်ခံထားဆဲဖြစ်ပြီး အဲဒီဗိုလ်လောင်းတွေဟာ ပညာရပ်ပိုင်းအပြင် စစ်ဘက်လေ့ကျင့်ရေး၊ တိုက်ရေးခိုက်ရေးနဲ့လက်နက်သင်တန်းတွေပါ တက်နေတာလို့ ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနအရာရှိတစ်ဦးက ပြောထားတယ်လို့လည်း HRW က ဆိုပါတယ်။

    ''မြန်မာစစ်တပ်က သူ့လူထုအပေါ် လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေ ကျူးလွန်နေချိန်မှာ မြန်မာဗိုလ်လောင်းတွေကို ဂျပန်က သင်တန်းပေးနေတာ လိပ်ပြာမသန့်စရာကိစ္စပါပဲ။ ဂျပန်အစိုးရအနေနဲ့ အဲဒီအစီအစဉ်ကိုရော မြန်မာစစ်တပ်နဲ့ဆက်နွယ်မှုမှန်သမျှကိုပါ မြနမြန်ဆိုင်းငံ့သင့်ပါတယ်'' လို့ HRW ရဲ့ အာရှ ရေးရာ အရာရှိက ပြောပါတယ်။

    ဂျပန့်ကာကွယ်ရေးတပ်ဖွဲ့အက်ဥပဒေအရ ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနပိုင်အဆောက်အအုံတွေမှာ ဝန်ကြီးထောက်ခံချက်နဲ့ ပြည်ပနိုင်ငံသားတွေကို သင်တန်းနဲ့ပညာရေးထောက်ပံ့တဲ့အစီအစဉ်အောက်ကနေ မြန်မာဗိုလ်လောင်းတွေကို လက်ခံနေတာ ၂၀၁၅ ခုနှစ်ကတည်းက ဖြစ်တယ်လို့ ဝန်ကြီးဌာနအရာရှိတစ်ဦးက ဂျပန်လွှတ်တော် နိုင်ငံခြားရေးကော်မတီကြားနာမှုမှာ ဧပြီလလည်ပိုင်းကတည်းက ပြောထားပါတယ်။

    အဲဒီအစဉ်ဟာ အရပ်သားအပြည့်အဝထိန်းချုပ်မှုအောက်က ဂျပန့်ကာကွယ်ရေးတပ်ဖွဲ့တွေ ဘယ်လိုလည်ပတ်စီမံလဲဆိုတာနဲ့ ဂျပန်နဲ့ပညာလာသင်တဲ့ကျောင်းသားတွေရဲ့နိုင်ငံတွေကြား နားလည်မှုနဲ့ယုံကြည်မှု တိုးလာစေဖို့ ရည်ရွယ်တယ်လို့ အဲဒီအချိန်က အဆိုပါအရာရှိကပြောထားသလို မြန်မာ့အခြေအနေကို အနီးကပ်စောင့်ကြည့်ပြီး ဒီအစီအစဥ်ကို ပြန်လည်သုံးသပ်မယ်လို့ ပြောဆိုထားပါတယ်။

    ဂျပန်နိုင်ငံနဲ့ အဓိကကာကွယ်ရေးမိတ်ဖက်ဖြစ်တဲ့ သြစတေးလျနိုင်ငံကတော့ မြန်မာစစ်တပ်က ဆန္ဒပြသူတွေကို သေဆုံးတဲ့အထိ ဖြိုခွင်းမှုတွေလုပ်တာကြောင့် မတ်လကတည်းက မြန်မာစစ်တပ်နဲ့ပူးပေါင်းဆောင်ရွက်တာတွေကို ဆိုင်းငံ့ထားပါတယ်။

    HRW ကတော့ ဂျပန်နိုင်ငံအနေနဲ့ သြစတေးလျနိုင်ငံလိုပဲ မြန်မာစစ်တပ်နဲ့ ဆက်ဆံရေးကို ချက်ချင်းဖြတ်တောက်သင့်သလို မြန်မာစစ်တပ်က စစ်သားတွေကို သင်တန်းပေးပြီး စစ်တပ်ရဲ့အဆမတန်ကျူးလွန်မှုတွေကို အားပေးထောက်ခံတာမလုပ်သင့်ဘူးလို့ ထောက်ပြပြောဆိုနေပါတယ်။