အရာတော်မြို့နယ် ကဲဘာရွာ အိမ် ၁၀၀ ကျော်မီးရှို့ခံရ
စစ်ကိုင်းတိုင်း အရာတော်မြို့ အရှေ့တောင်နယ်ထဲက၊ ကဲဘာကျေးရွာမှာ ဒီဇင်ဘာ(၁၃)ရက်၊ မနက်ပိုင်းက အိမ်ခြေ (၁၀၀)နီးပါး မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက တစ်ဆင့် သိရပါတယ်။
စစ်ကောင်စီတပ်နဲ့ပျူစောထီး ပူးပေါင်းအင်အား(၁၀၀)ကျော်က ဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့တာကြောင့် တစ်ရွာလုံးနီးပါး ပျက်စီးဆုံးရှုံးခဲ့ရတာ ဖြစ်တယ်လို့ အရာတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။
ဒီဖြစ်စဉ်ကို စစ်ရာဇဝတ်မှုအဖြစ် မှတ်တမ်းယူထားပြီး တိုက်ပွဲဝင်သွားမယ်လို့လည်း အရာတော်မြို့နယ်တော်လှန်ရေးအင်အားစု(ARA)က ထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်ဖွဲ့တွေက ရွာထဲမှာ သေနတ်တွေ လက်နက်ကြီးတွေနဲ့ ပစ်ဖောက်ပြီး ပတ်မွှေနေသေးလို့ ရွာထဲပြန်ဝင်မီးငြှိမ်းမရဘဲ ရှောင်ပြေးကြရပြီး တောထဲကနေ ရွာဘက်ကို လှမ်းမျှော်ကြည့်နေခဲ့ရတယ်လို့ ရွာခံတွေကပြောပါတယ်။
စစ်ကောင်စီတပ်နဲ့ ပျူစောထီးတပ်ဖွဲ့ တို့ဟာ အခုအခါ ပြန်လည်ဆုတ်ခွာသွားပြီး သလဲဘာရွာအနီး ဆုတောင်းပြည့်မြစည်းခုံဘုရားမှာ တပ်စွဲစခန်းချထားတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ဖွဲ့တွေ ပြန်လည်ဆုတ်ခွာသွားမှပဲ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ရွာခံလူငယ်တချို့က ဝင်ရောက်ပြီး ဝိုင်းဝန်းမီးငြှိမ်းသတ်ပေးခဲ့လို့ ယနေ့ ညနေ(၃)နာရီခန့်မှာ မီးငြိမ်းသွားပြီလို့ သိရပါတယ်။
ကဲဘာ ကျေးရွာဟာအိမ်ခြေရာဂဏန်း ဝန်းကျင်ရှိတဲ့ကျေးရွာဖြစ်ပြီး မီးလောင်မှုကြောင့်တစ်ရွာလုံးနီးပါး မီးလောင်သွားခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီဘက်က တော့ အရာတော်မြို့နယ်ကဲဘာ ကျေးရွာ မီးလောင်မှုနဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်တာမရှိသေးပါဘူး။