ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

ဖရူဆိုမှာ သတ်ဖြတ်ခံလိုက်ရသူတွေထဲ အသက်မပြည့်သေးသူ ၄ ဦးပါဝင်တယ်လို့ ယူနီဆက်ဖ်ပြော

အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံခဲ့ရသူတွေထဲမှာ အသက် ၁၇ နှစ်အရွယ် လူငယ် ၂ ဦး၊ ဆယ်ကျော်သက် အမျိုးသမီးငယ် ၁ ဦးနဲ့ အသက် ၅ နှစ်၊ ၆ နှစ်အရွယ် ကလေးငယ်တစ်ဦးတို့ပါဝင်တယ်လို့ဆိုပြီး ယူနီဆက်ဖ် ကပြောလာတာပါ။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. တိုက်ကြီးမှာ မိုင်တဲလ်တာဝါတိုင်ဖျက်ဆီးခံရမှုကို လာကြည့်တဲ့ စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးတယ်လို့ NUG ရဲ့ ရန်ကုန်တိုင်းစစ်ဒေသကွပ်ကဲရေးအဖွဲ့ပြော

    ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့မှာ မိုင်တဲလ်ဖုန်းဆက်သွယ်ရေး တာဝါတိုင်ကို လာကြည့်တဲ့ စစ်ကောင်စီတပ်သားတွေကို ဖောက်ခွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးပြီး အချို့ ဒဏ်ရာရတယ်လို့ NUG ရဲ့ ရန်ကုန်တိုင်းစစ်ဒေသကွပ်ကဲရေးအဖွဲ့က ဒီနေ့ ဒီဇင်ဘာလ ၈ ရက်မှာ သတင်းထုတ်ပြန်လာပါတယ်။

    တိုက်ကြီးမြို့၊ မင်္ဂလာရပ်ကွက်၊ စံပြ ၂ လမ်းမှာရှိတဲ့ အဲဒီတာဝါတိုင်ရဲ့ ထိန်းချုပ်စက် ၂ လုံးကို ပြည်သူ့ကာကွယ်ရေးတပ်ဘက်က မနေ့ ဒီဇင်ဘာလ ၇ ရက်မှာ ဖျက်ဆီးခံရမှုကို စစ်ကောင်စီတပ်သားတွေလာကြည့်တာဖြစ်ပြီး အဲဒီလိုလာတဲ့အချိန်မှာ ထပ်မံဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

    နောက် တိုက်ကြီးမြို့နယ်ထဲက အဖျောက်မြို့မှာရှိတဲ့ မိုးကုလားကျေးရွာနားမှာ ကင်းလှည့်နေတဲ့စစ်ကောင်စီတပ်တွေကို ဒီဇင်ဘာလ ၇ ရက်ညမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၀ ဦးနီးပါးဒဏ်ရာရပြီး သေဆုံးမှုလည်းရှိတယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

    အဲဒီတိုက်ခိုက်မှုနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစုံတရာထုတ်ပြန်တာမရှိသေးပါဘူး။

  2. လမ်းမတော်မြို့နယ် NLD အမျိုးသမီးလုပ်ငန်းအဖွဲ့မှာပါဝင်သူ သေနတ်နဲ့ပစ်ခတ်ခံရပြီးသေဆုံး

    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီရဲ့ လမ်းမတော်မြို့နယ်ပါတီအမျိုးသမီးလုပ်ငန်းအဖွဲ့က မခင်မျိုးဆိုသူဟာ ဒီနေ့ ဒီဇင်ဘာလ ၈ ရက်မနက်ပိုင်းမှာ သေနတ်နဲ့ပစ်ခတ်ခံရပြီးသေဆုံးခဲ့တယ်လို့ ဘီဘီစီက သိရှိရပါတယ်။

    မခင်မျိုးဟာ ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်ထဲက ၉ ရပ်ကွက်၊ ဇော်ဂျီလမ်းထဲမှာရှိတဲ့ဈေးမှာ ဆန်ရောင်းချဖို့ ဈေးဆိုင်ဖွင့်နေချိန် အိမ်စီးကားနဲ့လာတဲ့သေနတ်သမားရဲ့ပစ်ခတ်တာခံခဲ့ရတာလို့ ဒီဖြစ်စဉ်ကိုသိရှိတဲ့ဒေသခံတွေက ပြောပါတယ်။

    အဲဒီပစ်ခတ်မှုကြောင့် မခင်မျိုးဟာ လည်ပင်း၊ ရင်ဘတ်နဲ့ ဝမ်းဗိုက်မှာ ကျည်ထိမှန်ဒဏ်ရာနဲ့ သေဆုံးခဲ့ပြီး နောက်ထပ်ဈေးသည် အမျိုးသမီးတစ်ဦးလည်း လွင့်စင်လာတဲ့ကျည်ရှပ်ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

    လက်ရှိမှာ မခင်မျိုးရဲ့ရုပ်အလောင်းကို ရန်ကုန်ဆေးရုံကြီးကိုပို့ထားတယ်လို့ သိရပြီး ခြေသလုံးကို ကျည်ရှပ်ထိမှန် ဒဏ်ရာရခဲ့သူအမျိုးသမီးလည်း ဆေးကုသမှုခံယူနေပြီလို့သိရပါတယ်။

    ပစ်ခတ်မှုဖြစ်အပြီးအတော်ကြာမှ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အခင်းဖြစ်တဲ့နေရာကို လာရောက်စစ်ဆေးတာမျိုးရှိခဲ့တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

    မခင်မျိုးဟာ ပရဟိတလုပ်ငန်းတွေမှာ ထဲထဲဝင်ဝင်ပါဝင်သူလို့ သူနဲ့နီးစပ်သူတွေက မှတ်ချက်ပြုပြောဆိုနေကြပါတယ်။

  3. ကမာရွတ် သံပုံးတီးသပိတ်ကို စစ်ကောင်စီတပ်တွေ ဝင်ရောက်ဖျက်ဆီးတယ်လို့ပြော

    ရန်ကုန်တိုင်း ကမာရွတ်မြို့နယ်မှာ ဒီကနေ့ ဒီဇင်ဘာလ ၇ ရက် ည ၈ နာရီ သံပုံးတီး သပိတ်လုပ်နေတုံး စစ်ကောင်စီတပ်ဖွဲ့တွေက ရပ်ကွက်တွင်း ဝင်လာပြီး ရပ်ကွက်ထဲက ကားအစီးရေ ၃ဝ ကျော် မှန်တွေရိုက်ခွဲဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသခံတစ်ဦးက အတည်ပြုပါတယ်။

    ရန်ကုန်တိုင်း ကမာရွတ်မြို့နယ်၊၃ရပ်ကွက်၊ ရတနာလမ်း ည ၈ နာရီသံပုံးတီးနေစဥ် စစ်ကောင်စီ တပ်ဖွဲ့တွေရောက်လာကာ အခုလိုဖျက်ဆီးခဲ့တာလို့လည်း သူတို့ကပြောပါတယ်။

    အိမ်စီးကားနဲ့ ဝင်ဖျက်ဆီးသွားတာဖြစ်ပြီးတော့ နေအိမ်တချို့မှန်တွေပါ ကွဲသွားကာ ဆဲဆိုသွားကြောင်း သေနတ်သံတွေကြားရကြောင်းလည်း ဒေသခံတွေက ပြောပါတယ်။

    ဒီသတင်းတွေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

    အိမ်အချို့ လေးဂွနဲ့ ပစ်ခံရပြီးတော့ မီးမှိတ်ပြီး ချက်ချင်း အိပ်ဖို့ပါပြောသွားကြောင်း အသံဗုံး အချို့လည်းဖောက်ခွဲသွားကြောင်းလည်းပြောပါတယ်။

  4. ကလေးမြို့သံဖို့ကျေးရွာမှာ အတူတူအဖမ်းခံလိုက်ရတဲ့ သားဖြစ်သူကို ၄ရက်အကြာမှာ မီးရှို့ထားတဲ့အလောင်းအနေနဲ့ပြန်တွေ့တယ်လို့ ဖခင်ဖြစ်သူပြော

    စစ်ကိုင်းတိုင်းဒေသကြီးထဲက ကလေးမြို့နယ် သံဖို့ကျေးရွာအနီး မြစ်သာမြစ်အရှေ့ဘက်ကမ်းက စိုက်ခင်းမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၄ ရက်နေ့က ပဲစိုက်ခင်းမှာ အလုပ်လုပ်နေတဲ့ သားအဖနှစ်ဦးကို စစ်ကောင်စီတပ်တွေက ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ပြီး သားဖြစ်သူရဲ့အလောင်းကို မီးရှို့ခံထားရတဲ့ အနေအထားနဲ့ ပြန်တွေ့ခဲ့တယ်လို့ဖခင်ဖြစ်သူကပြောပါတယ်။

    ဖမ်းဆီးခေါ်ဆောင်သွားပြီး မီးရှို့ခံထားရတဲ့အနေအထားနဲ့ သေဆုံးနေတဲ့ အသက် (၂၄) နှစ်အရွယ် ဆလိုင်းလားရိုမော ( Lal Ro Mawi ) ဆိုတဲ့လူငယ်ဟာ သံဖို့ရွာမှာ ဖခင်နဲ့အတူ တောင်ယာအလုပ် လုပ်ကိုင်နေသူတစ်ဦး ဖြစ်တယ်လို့ ဖခင်ဖြစ်သူကပြောပါတယ်။

    သားဖြစ်သူ ဖမ်းဆီးခံရပြီးနောက်ပိုင်းမှာ ဖခင်ဖြစ်သူက စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားတဲ့ သားဖြစ်သူကို အဆက်အသွယ်မရကြောင်း အကူအညီတောင်းတာကို လူမှုကွန်ရက်စာမျက်နှာမှာ တင်ထားတာ တွေ့ရပါတယ်။

    “ အဲ့ဒီနေ့က ပဲနီပေါင်းထိုးနေတုန်း လာလိုက်ခဲ့ဆိုပြီး ခေါ်သွားတာ။ ဘာလို့ဖမ်းတာလဲ မပြောဘူး။ စစ်သား ၃ယောက်က လိုက်ခဲ့ပါဆိုပြီး ခေါ်သွားတာ။ ခေါ်သွားတဲ့အဖွဲ့ကမတူဘူး ။ ကျွန်တော့်သားကို ခေါ်သွားတာ တဖွဲ့၊ ကျွန်တော်ကတဖွဲ့။ နောက်တော့ ကျွန်တော်နဲ့ရွာသားတချို့ကိုပြန်လွှတ်တယ်။ သားကိုတော့ ဒီနေ့မနက် ပြန်တွေ့တာ အရိုးပဲ ကျန်တယ် မီးရှို့ထားတာ။ ဘာပြောရမလဲ၊ ဝမ်းနည်းတယ်၊ စိတ်နာတယ် “ လို့ ဆလိုင်းလားရိုမောရဲ့ ဖခင်က ဘီဘီစီကိုပြောပါတယ်။

    သေဆုံးခဲ့တဲ့ ဆလိုင်းလားရိုမောဟာ စစ်ကောင်စီတပ်တွေက လူသားဒိုင်းအဖြစ်ဖမ်းဆီးခေါ်ဆောင် ခံသွားရပြီးနောက် ကလေးမြို့နယ် အိုးမြေထူးရွာကို မီးရှို့မှုအတွင်းမှာ သေဆုံးခဲ့တာဖြစ်ပြီး ကျန်ရစ်တဲ့ အရိုးစုတွေကိုတော့ ဒေသကာကွယ်ရေးတပ် CDF - KKG တပ်ရင်း (၃)က သယ်ဆောင်ပြီးခရစ်ယာန်ထုံးတမ်းအစဉ်အလာနဲ့အညီ သင်္ဂြိုလ်ပေးခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်က ဒေသတွင်းမီဒီယာတွေကိုဖြေကြားထားပါတယ်။

  5. ထားဝယ်ခရိုင် ရေဖြူမြို့နယ်မှာ စစ်ကောင်စီသတင်းပေးလို့ စွပ်စွဲခံရသူ နှစ်ဦးအသတ်ခံရ

    ထားဝယ်ခရိုင်ရေဖြူမြို့နယ် ကလုံထာကျေးရွာမှာ စစ်ကောင်စီ သတင်းပေးလို့ နာမည်ထွက်နေသူ နှစ်ဦး သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတယ်လို့ ထားဝယ်ဒေသခံတွေထံက သိရပါတယ်။

    ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၅ ရက်နေ့ မနက် ၉ နာရီလောက်မှာ ဦးဘသိန်းဆိုသူကို ရွာအနီးမှာ ပစ်သတ်ခံရပြီး ညနေ ၅ နာရီခန့်မှာ တော့ ရွာထိမ်မှာရွာခံ ဦးအောင်စိုး ဆိုသူတို့ ပစ်သတ်ခံရတာဖြစ်တယ်လို့ ထားဝယ် အခြေအစိုက် Dawei Watch သတင်းကရေးပါတယ်။

    ထားဝယ်ပျောက်ကြားတော်လှန်ရေးတပ်ဖွဲ့(DGRF)က စစ်ကောင်စီသတင်းပေးတွေကို သူတို့ သတ်ခဲ့တာဖြစ်တယ်လို့ ဒီဇင်ဘာလ ၆ ရက်နေ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

    ရွာထဲမှာတော့ စစ်ကောင်စီဘက်က လာရောက်စစ်ဆေးမေးမြန်းတာမျိုးမရှိသေးကြောင်း အခြေအနေပုံမှန်အတိုင်းရှိနေဆဲလို့ ဒေသခံတွေက ပြောတယ်လို့သိရပါတယ်။

  6. စစ်ကောင်စီက ဒီပဲယင်း အနောက်ဘက်ခြမ်းကို ရဟတ်ယာဥ်တွေသုံးပြီးတိုက်

    စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်အနောက်ဘက်ခြမ်းက ရွာတွေဖြစ်တဲ့ အောင်စည်မြေ၊ ဝန်းရံ၊ ကုန်းရိုး ရွာတွေရဲ့အနီး လယ်တောတွေထဲက စစ်တပ်နဲ့ ဒေသခံကာကွယ်ရေးတပ်တွေ ဒီကနေ့ ဒီဇင်ဘာလ ၇ ရက်နေ့ မနက်အစောပိုင်းကတည်းက အပြန်အလှန်ပစ်ခတ် တာတွေဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

    အဲဒီလိုပစ်ခတ်နေရင်း နေ့ခင်းပိုင်းမှာတော့ စစ်တပ်ကိုပိတ်ဆို့ထားတဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ကို ရဟတ်ယာဉ်နဲ့ လာရောက်ပစ်ခတ်သလို၊ နောက်ထပ် ရဟတ်ယာဉ်နဲ့ အင်အားထပ်တိုးတာတွေကို စစ်ကောင်စီဘက် ကလုပ်ဆောင်ခဲ့တယ်လို့ ဒီပဲယင်းဒေသခံတစ်ဦး ကပြောပါတယ်။

    လေကြောင်းပစ်ကူ ရရှိပြီးနောက် အဲဒီစစ်ကြောင်းက ဝန်းရံ၊ ကုန်းရိုးဘက်ကနေ တပ်တည်၊ လယ်ပြင် ကွက်ရွာတွေဘက်ကို ရွှေ့ပြောင်းသွားခဲ့သလို ဒီကနေ့မနက်ပိုင်းဖြစ်ခဲ့တဲ့ တိုက်ပွဲအတွင်း နှစ်ဖက်သေဆုံးမှု အချို့ရှိခဲ့တယ်လိုလည်း ဘီဘီစီကို ပြောပါတယ်။

    အခုလိုတိုက်ပွဲတွေမဖြစ်ခင် ပြီးခဲ့တဲ့ရက်ပိုင်းတွေကတော့ စစ်ဘေးရှောင်တွေနေထိုင်ကြတဲ့ လယ်တဲ အနည်းဆုံး ၁၇လုံးလောက်ကို စစ်ကြောင်းက မီးရှို့ဖျက်ဆီးတာတွေ လုပ်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

    နိုဝင်ဘာလကုန်ပိုင်းလောက်ကလည်း ဒီပဲယင်းမြို့နယ်အရှေ့ဘက်ခြမ်းမှာ အလားတူ လေကြောင်းကပစ်ခတ်မှု တွေက ထွက်ပြေးရသူတွေရှိခဲ့သလို၊ သေဆုံးမှုတွေလည်း ရှိခဲ့ပါတယ်။

    နိုဝင်ဘာလ ၂၇ ရက်နေ့က ရဟတ်ယာဉ်နဲ့ ပစ်ခတ်မှုတွေကြောင့် စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ ညောင်လှရွာခံ ၂ဦးနဲ့ အခြားရွာခံ ၃ဦး စုစုပေါင်း အနည်းဆုံး ၅ဦး သေဆုံးခဲ့တယ်လို့‌ သိရပါတယ်။

  7. မုံရွာတစ်ဖက်ကမ်းမှာ မီးရှို့ထားတဲ့ဒေသခံ ၁၁ ဦးရဲ့ အလောင်းတွေတွေ့

    စစ်ကိုင်းတိုင်း မုံရွာမြို့တစ်ဖက်ကမ်း ဆားလင်းကြီးမြို့နယ် ဒုန်းတောကျေးရွာအနီးမှာ မီးရှို့ခံထားရတဲ့ ဒေသခံ အမျိုးသား ၁၁ ဦး အလောင်းတွေကို ဒီဇင်ဘာလ ၇ ရက်နေ့မနက်ပိုင်းက တွေ့ရတယ်လို့ ဆားလင်းကြီးဒေသခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

    မုံရွာတစ်ဖက်ကမ်းက ဆားလင်းကြီးမြို့နယ် ဒုန်းတော ဂုဏ်တော ကျေးရွာတွေအနီးမှာ ရွှေတောင်ဦးကုန်းပေါ်က ဆင်းလာတဲ့ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံလုံခြုံရေးတပ်တွေ တိုက်ပွဲဖြစ်ခဲ့ပြီးနောက် ဒေသခံ လူ ၁၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်းနဲ့ အလောင်းတွေကို စစ်ကောင်စီတပ်တွေက မီးရှို့သွားခဲ့တာဖြစ်တယ်လို့ ဆားလင်းကြီးဒေသခံတစ်ဦးက ပြောပါတယ်။

    ဒုန်းတော ရွာဟာ မုံရွာတစ်ဖက်ကမ်းက ပုသိမ် မုံရွာလမ်းမကြီးဘေးက ကျေးရွာဖြစ်ပြီးတော့ စံပယ်တောင် ကြေးနီစီမံကိန်းရှေ့က ရွာလည်း ဖြစ်ပါတယ်။

    ဒုန်းတောရွာ အနီးမှာ ရဲတပ်ရင်း တစ်ခုရှိသလို စစ်ကောင်စီတပ်တွေစခန်းအထိုင်ချတဲ့ ပုသိမ် မုံရွာလမ်းဆုံနဲ့ မလှမ်းမကမ်းမှာလည်းရှိပါတယ်။

    ဒုန်းတောရွာဘက်ကို ဆင်းလာတဲ့ စစ်ကောင်စီတပ်တွေဟာ ဒီကနေ့ မနက်ပိုင်း မိုင်းဆွဲတိုက်ခံရပြီးနောက် စစ်ကောင်စီတပ်တွေက ရွာထဲကို ဝင်ပြီးစစ်ဆေးရှာဖွေပြီးနောက် အခုလို ရွာသားတွေ အသတ်ခံရတာလို့လည်း ဒေသခံတွေက ပြောကြပါတယ်။

    သေဆုံးခဲ့တဲ့ရွာသားတွေဟာ မနက်ပိုင်းမှာ တိုက်ပွဲဖြစ်ပြီးသေဆုံးသူ ၄ ဦးရှိပြီး ကျန်တဲ့သူတွေက တော့စစ်ကောင်စီတပ်တွေဘက်က ရွာထဲကိုဝင်ပြီးပစ်သွားခဲ့တာဖြစ်တယ်လို့လည်း ဒေသခံကပြောပါတယ်။

    ဒုန်းတောရွာမှာ ကင်းစောင့်နေတဲ့ အမျိုးသား ၁၁ဦး မနက်က ကြိုးတုပ်မီးရှို့သတ်ခံရတယ်လို့ ဒေသခံ အချို့ကပြောသလို အလောင်းတွေအစုလိုက် မီးရှို့ခံထားရတဲ့ ဗီဒီယိုဖိုင်လည်း လူမှုကွန်ရက်မှာ ပျံ့နေပေမယ့် ဘီဘီစီက သီးခြားအတည်ပြုနိုင်တာ မရှိသေးပါဘူး။

    အခုလက်ရှိအချိန်ထိ ကံကုန်းနဲ့ ဒုန်းတော ဂုဏ်တော ကျေးရွာအနီး စစ်ကောင်စီတပ်တွေ တပ်စွဲထားတာကြောင့်ရွာ ၁၅ ရွာက လူတွေဟာနေအိမ်တွေက စွန့်ခွာထွက်ပြေးနေကြတယ်လို့ ဒေသခံကပြောပါတယ်။

    မီးရှို့ခံရတဲ့ အလောင်း ၁၁ လောင်း အပါအဝင် ဂုဏ်တောနဲ့ အခြားကျေးရွာက ၄ ဦးသေဆုံးတာကြောင့် သေဆုံးသူ စုစုပေါင်း လူ ၁၅ ဦးခန့်ရှိကြောင်း လူ ၇ ဦးကိုလည်းဖမ်းဆီးထား တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

    ဒီသတင်းနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသေးပါဘူး။