ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

ဖရူဆိုမှာ သတ်ဖြတ်ခံလိုက်ရသူတွေထဲ အသက်မပြည့်သေးသူ ၄ ဦးပါဝင်တယ်လို့ ယူနီဆက်ဖ်ပြော

အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံခဲ့ရသူတွေထဲမှာ အသက် ၁၇ နှစ်အရွယ် လူငယ် ၂ ဦး၊ ဆယ်ကျော်သက် အမျိုးသမီးငယ် ၁ ဦးနဲ့ အသက် ၅ နှစ်၊ ၆ နှစ်အရွယ် ကလေးငယ်တစ်ဦးတို့ပါဝင်တယ်လို့ဆိုပြီး ယူနီဆက်ဖ် ကပြောလာတာပါ။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. စစ်ကောင်စီက မန်ရန်တပ်စခန်းကိုတိုက်ဖို့ လေယာဉ်နဲ့ပါ ထိုးစစ်ဆင်နေတယ်လို့ ကိုးကန့်ပြော

    စစ်ကောင်စီတပ်ဟာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီနဲ့မူဆယ်မြို့နယ်ထဲမှာရှိတဲ့ မုံးကိုးဒေသထဲက ကိုးကန့်တပ်(MNDAA)ရဲ့ မန်ရန်တပ်စခန်းကိုတိုက်ဖို့ မြေပြင်ရော၊ ဝေဟင်မှာပါ ထိုးစစ်ဆင် တိုက်ခိုက်တာကို ဒီဇင်ဘာလ ၁၉ ရက်နေ့ မနက်ပိုင်းက ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

    စစ်ကောင်စီတပ်ဟာ အင်အား ၅၀၀ လောက်နဲ့ မန်ရန်တပ်စခန်းကို မနေ့မနက်ပိုင်းကနေ နေ့လည်ပိုင်းအထိ လက်နက်ကြီး လက်နက်ငယ်တွေအပါအဝင် လေယာဉ်သုံးပြီး တိုက်ခိုက်ခဲ့တာလို့ ကိုးကန့်သတင်းက သတင်းဖော်ပြလာတာဖြစ်ပါတယ်။

    အဲဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာရသူနဲ့ကျဆုံးသူ ၇၀ နီးပါးအထိရှိပြီး ဒီလိုအကျအဆုံးများလို့ မန်ရန်တပ်စခန်းကို တိုက်လေယာဉ်နဲ့ ၂ ကြိမ်လာပစ်ခဲ့တယ်လို့လည်း သတင်းက ဆိုပါတယ်။

    စစ်ကောင်စီဟာ မုံးကိုးဒေသမှာရှိတဲ့ ကိုးကန့် MNDAA တပ်ရဲ့ မန်ရန်တပ်စခန်းကို ထိုးစစ်ဆင်နေတာ အကြိမ်ကြိမ်ရှိနေပေမဲ့ ရှုံးနိမ့်မှုရှိနေလို့ စစ်ကောင်စီဘက်က အင်အားတိုးချဲ့နိုင်ပြီး နှစ်ဖက်စစ်ရေးလည်း ပိုပြင်းထန်လာနိုင်တယ်ဆိုတဲ့ သုံးသပ်မှုတွေလည်းရှိနေပါတယ်။

    စစ်ကောင်စီနဲ့ မြန်မာအမျိုးသားဒီမိုကရက်တစမဟာမိတ်တပ်(MNDAA)တို့ မုံးကိုးခရိုင်ထဲမှာ တိုက်ပွဲဖြစ်နေတာ ၄ လထဲ ဝင်လာပြီဖြစ်ပြီး အဲဒီက တိုက်ပွဲသတင်းတွေကို ကိုးကန့်ဘက်က ထုတ်ပြန်နေတာတွေ့ရပေမဲ့ စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

  2. ဒေါ်အောင်ဆန်းစုကြည်အမှု ၂ ခု ဒီနေ့ အမိန့်မချဖြစ်, သဘာဝဘေးအမှုအတွက် ဗီဒီယိုကနေဆင့် ဒေါက်တာဇော်မြင့်မောင်သက်သေထွက်ဆိုခွင့်ရမယ်

    နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အပေါ် စွပ်စွဲထားတဲ့ အမှုတွေထဲက ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မနဲ့ ဆက်သွယ်ရေးဥပဒေပုဒ်မ အမှုနှစ်ခုကို ဒီနေ့ ဒီဇင်ဘာလ ၂၀ ရက်မှာ အမိန့်ချမှတ်ဖို့ရှိပေမဲ့ တရားသူကြီးက အကြောင်းပြချက်မပေးဘဲ လာမယ့်သီတင်းပတ်ကို ရုံးချိန်း ထပ်ချိန်းဆိုလိုက်တယ်လို့ ဘီဘီစီက သိရှိရပါတယ်။

    တစ်ဆက်တည်းမှာပဲ ဒေါ်အောင်ဆန်းစုကြည်ရင်ဆိုင်နေရတဲ့ နောက်ထပ်အမှုတစ်ခုဖြစ်တဲ့ သဘာဝဘေးစီမံဥပဒေပုဒ်မအမှုအတွက် ဒေါက်တာဇော်မြင့်မောင်ကို ဗီဒီယိုကွန်ဖရန်ဇင်းကနေ သက်သေအဖြစ် ထွက်ဆိုနိုင်တယ်ဆိုပြီး တရားသူကြီးက ဒီနေ့ရုံးချိန်းမှာ ဆုံးဖြတ်ခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းကနေတဆင့် သိရပါတယ်။

    ဒီနေ့ အမိန့်မချဖြစ်ခဲ့တဲ့အမှု ၂ ခုဟာ အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်က ဒေါ်အောင်ဆန်းစုကြည်နေထိုင်ခဲ့တဲ့ မြနန်းဘုံသာလမ်းနေအိမ်ကိုဝင်ရောက်ရှာဖွေရာမှာ စကားပြောစက်(၁၀)လုံး နဲ့ Jammer တစ်စုံ တွေ့လို့ဆိုပြီး ပို့ကုန်သွင်းကုန် ဥပဒေနဲ့ စတင်စွဲဆိုခဲ့တဲ့ ပထမဆုံးအမှုဖြစ်ပါတယ်။

    အာဏာသိမ်းပြီးနောက် စစ်ကောင်စီဘက်က ပထမဆုံး အမှုအဖြစ် ဒီပုဒ်မနဲ့ အမှုတပ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းထားခဲ့တာဖြစ်ပါတယ်။

    အဲဒီစကားပြောစက်တွေတွေ့တယ်ဆိုတဲ့စွပ်စွဲချက်နဲ့မတ်လမှာ ဆက်သွယ်ရေးဥပဒေနဲ့တရားထပ်စွဲခဲ့တာပါ။

    ပို့ကုန်သွင်းကုန်ဥပဒေအရ ပြစ်မှုထင်ရှားတယ်လို့ တရားရုံးက ဆုံးဖြတ်တယ်ဆိုရင် ထောင် ၃ နှစ် ဒါမှမဟုတ် ငွေဒဏ် ချမှတ်ခံရနိုင်ပြီး ဆက်သွယ်ရေးဥပဒေအရဆိုရင် ထောင် ၁ နှစ် ဒါမှမဟုတ် ငွေဒဏ် ချမှတ်ခံရနိုင်ချေ ရှိနေပါတယ်။

    ဒီနေ့ နေပြည်တော်အထူးတရားရုံးမှာပြုလုပ်တဲ့ရုံးချိန်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို လူကိုယ်တိုင်ရုံးထုတ်ခဲ့ပြီး ကျန်းမာရေးကောင်းမွန်တာတွေ့ရတယ်လို့ တရားရုံးနဲ့နီးစပ်သူတွေကတဆင့် သိရှိရပါတယ်။

    လက်ရှိမှာ စစ်ကောင်စီရဲ့ စွပ်စွဲမှုတွေနဲ့တရားရင်ဆိုင်နေရတဲ့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သဘာဝဘေးစီမံပုဒ်မနဲ့ ပုဒ်မ ၅၀၅ (ခ) တို့အတွက် အမိန့်ချမှတ်ခံထားပြီး ထောင်ဝတ်စုံနဲ့ ကြားနာမှုတွေကိုတက်ရောက်နေရပါတယ်။

  3. စစ်တပ်က လေယာဉ်သုံးလာမှာကို ကြောက်ပြီး ထိုင်းဘက်ကို ကူးဖို့ပြင်နေတဲ့ လေးကေ့ကော်ဒေသစစ်ရှောင် ၃ ထောင်နီးပါးအထိရှိနေ

    ကရင်ပြည်နယ်မှာ လေးကေ့ကော်မြို့သစ်ကနေစတဲ့တိုက်ပွဲတွေကနေ ထိုင်း-မြန်မာနယ်စပ်အထိ လက်နက်ကြီးကျတာတွေ ဖြစ်နေတာကြောင့် ထိုင်းဘက်ကို ထွက်ပြေးတိမ်းရှောင်ဖို့ ကြိုးပမ်းနေတဲ့ ဒသေခံ ၃ ထောင်နီးပါးအထိရှိနေတယ်လို့ ဘီဘီစီက သိရှိရပါတယ်။

    မနေ့ ဒီဇင်ဘာလ ၁၉ ရက်ညနေပိုင်းမှာ စစ်ရှောင်ဒေသခံတွေရှိတဲ့ ဖလူးကျေးရွာထဲအထိ စစ်တပ်က ပစ်ခတ်တဲ့လက်နက်ကြီး ကျည်တွေ ကျရောက်ခဲ့တာကြောင့် ရာနဲ့ချီတဲ့ဒေသခံတွေ သောင်ရင်းမြစ်ကို ဖြတ်ကူးပြီး ထိုင်းဘက်ခြမ်းကို တိမ်းရှောင်ခဲ့ကြရပါတယ်။

    ဒါပေမဲ့ ထိုင်းဘက်က မနေ့ညကတည်းက အကူးအသန်းလုပ်တာကို ပိတ်ထားတာကြောင့် ထိုင်းဘက်ကို ကူးဖို့ စောင့်နေသူ ၃ ထောင်နီးပါးအထိရှိနေပါတယ်။

    ''မနေ့က ဖလူးအထိ လက်နက်နီးကျတော့ စစ်တပ်က လေယာဉ်နဲ့လာပစ်မှာ စိုးရိမ်ပြီး ထိုင်းဘက် ကူးဖို့ စောင့်နေကြတုန်းပဲ။ ဒီမနက်အထိတော့ ထိုင်းဘက်က မဖွင့်သေးဘူး။ အခုလောလောဆယ်တောင် DKBA စခန်းတစ်ခုမှာ ယာယီခိုနေတဲ့ စစ်ရှောင် ၇၀၀ နီးပါးအထိရှိတယ်'' လို့ အဲဒီမှာရောက်နေတဲ့စစ်ရှောင်တစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    မြန်မာဘက်ခြမ်းမှာရှိနေတဲ့ လေးကေ့ကော် ဒေသစစ်ရှောင်တွေအရေအတွက်ကဟာ တစ်သောင်းဝန်းကျင်ရှိလာပြီး မယ်ထော်သလေးဒေသမှာတိုက်ပွဲ ပြန်ဖြစ်လာလို့ ထိုင်းဘက်နဲ့နီးတဲ့ ဖလူးကြီး၊ ဖလူးလေး ကျေးရွာတွေကို ရွှေ့ပြောင်းနေရာချထားပေးတဲ့ အခြေအနေမှာ အခုလို လက်နက်ကြီးကျလို့ထပ်ပြေးနေကြရတာလို့ မြန်မာဘက်ခြမ်းမှာစစ်ရှောင်တွေနဲ့အတူ ပိတ်မိနေတဲ့ သတင်းထောက်တချို့က အစောပိုင်းမှာ ပြောထားပါတယ်။

    လက်ရှိမှာ ထိုင်းဘက်ခြမ်းမှာလည်း နယ်စပ်တစ်လျှောက် စစ်အင်အားတိုးချဲ့ပြီး လုံခြုံရေးယူတဲ့ အခြေအနေရှိသလို စစ်ယာဉ်တန်းတွေပတ်နေတယ်လို့ ထိုင်းဘက်ခြမ်းမှာရောက်နေတဲ့ စစ်ရှောင်ကူညီသူတွေကပြောပါတယ်။

    စစ်ကောင်စီတပ်တွေက ဘုရားကုန်းတွေဖြစ်တဲ့ ကျောက်လုံးကြီး၊ ကျောက်ဂူ၊ လက်ခတ်တောင်စတဲ့ BGF စခန်းကုန်းတွေကနေပြီးတော့လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာလို့ ပြောပါတယ်။

  4. မြန်မာဆိုင်ရာ ကုလလူ့အခွင့်အရေး အထူးသံတမန် ဘင်္ဂလားဒေ့ရှ်မှာ ရောက်နေ

    မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေတွေကို လေ့လာပြီး အစီရင်ခံစာ ရေးသား တင်သွင်းရတဲ့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် တွမ်အင်ဒရူးစ်ဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ ရောက်ရှိနေပြီး၊ အဲဒီမှာ ခိုလှုံနေကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည် အခြေအနေတွေကို ဆန်းစစ်လေ့လာ နေပါတယ်။

    မစ္စတာ အင်ဒရူးစ်ဟာ ဒုက္ခသည်တချို့နဲ့ တွေ့ဆုံခဲ့သလို၊ အကူအညီပေးရေး လုပ်ဆောင်နေကြတဲ့ နိုင်ငံတကာ အေဂျင်စီ အဖွဲ့တွေက တာဝန်ရှိသူတွေ၊ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေနဲ့လည်း တွေ့ဆုံခဲ့တ​ယ်လို့ ဒါကာမြို့က လာတဲ့ သတင်းတွေက ဆိုပါတယ်။

    နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ မြန်မာစစ်တပ်နဲ့ ဆက်ဆံနေတာတွေကို ဖြတ်တောက်သင့်တယ် ဆိုတဲ့ လမ်းကြောင်းကို မစ္စတာအင်ဒရူးစ်က အသားပေး ပြောဆိုနေပြီး၊ တစ်ဘက်မှာလည်း ဒုက္ခသည်တွေ အရေးကို ဖြေရှင်းလိုရင် ပြဿနာရဲ့ မြစ်ဖြားခံရာ ဖြစ်တဲ့ မြန်မာပြည်ထဲမှာ ဖြေရှင်းမှ ရမယ်လို့လည်း ဆိုပါတယ်။

    ဘင်္ဂလားဒေ့ရှ် တစ်နိုင်ငံတည်း ဒုက္ခသည် ဝန်ထုပ်ဝန်ပိုးကို ထမ်းပိုးထားရတာမျိုး မဖြစ်သင့်ဘူးလို့ မစ္စတာ အင်ဒရူးစ်က ပြောပြီး၊ သူ ဂျနီဗာ ပြန်ရောက်တဲ့ အခါ ရိုဟင်ဂျာ ဒုက္ခသည်တွေကို ကူညီရေးမှာ နိုင်ငံတကာ အနေနဲ့ အချိတ်အဆက်ရှိရှိ ပိုပြီး လုပ်ဆောင်ကြဖို့ ဆော်ဩ သွားမယ်လို့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေကို ပြောဆိုခဲ့ပါတယ်။

    ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီး ဒေါက်တာ အေကေ အဗ္ဗဒူလ် မိုမင်ကတော့ ဒုက္ခသည် ပြန်လည် လွှဲပြောင်းရေး စောလျှင်စွာ အထမြောက်လာဖို့ အရေး မစ္စတာ အင်ဒရူးစ်နဲ့ တွေ့ဆုံရာမှာ အလေးပေး ပြောဆိုခဲ့တယ်လို့ အဲဒီက လာတဲ့ သတင်းတွေက ဆိုပါတယ်။

  5. အလွတ်တန်း သတင်းထောက်နဲ့ သပိတ်ခေါင်းဆောင်တို့ အဖမ်းခံရ

    ရန်ကုန်မြို့မှာ ဒီဇင်ဘာ ၁၉ရက်နေ့က အလွတ်တန်း ဓာတ်ပုံ သတင်းထောက် ကိုဇော်လင်းထွဋ် (ခ) ဖိုးသား နဲ့ ရန်ကုန်အခြေစိုက် တက္ကသိုလ် ကျောင်းသားသမဂ္ဂက မဆုရည်လင်း (ခ) လင်းလင်း တို့ ဖမ်းဆီးခံခဲ့ရတယ်လို့ တကသ ကျောင်းသားဟောင်းများ အင်အားစု ဦးဆောင်သူ ကိုနန်းလင်းက ပြောပါတယ်။

    အရပ်၀တ် နဲ့ သေနတ်ကိုင်ထားတဲ့ စစ်ကောင်စီ တပ်ဖွဲ့၀င်တွေက သတင်းထောက် ကိုဇော်လင်းထွဋ် (ခ) ဖိုးသားနဲ့ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသားများသမဂ္ဂက မဆုရည်လင်း (ခ) လင်းလင်း တို့ကို လမ်းမှာ ဖမ်းဆီးခဲ့ကြတာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

    အခုလို လက်နက်မပါတဲ့ အရပ်သားပြည်သူတွေကို လက်နက်ကိုင်ဆောင်ထားသူတွေက တာ၀န်ကျ ယူနီဖောင်းမပါဘဲ အရပ်၀တ် အ၀တ်အစားနဲ့ အသွင်ယူ ဖမ်းဆီးတာဟာ လူမဆန်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ သူက ဆိုပါတယ်။

    အခုလို အရပ်၀တ်တွေနဲ့ သေနတ်ထောက် ဖမ်းဆီးခံခဲ့ရတဲ့အပေါ် နောင်ကျင်းပမယ့် သပိတ်တွေမှာ လုံခြုံရေး သတိနဲ့ ဆက်လက် ဆောင်ရွက်သွားမယ်လို့ ကိုနန်းလင်းက ပြောပါတယ်။

    ဒီဇင်ဘာလဆန်းပိုင်းက ကြည့်မြင်တိုင် ပန်းပင်လမ်းက ဆန္ဒပြပွဲမှာ နောက်ဘက်ကနေ စစ်ကားနဲ့ တစ်ဟုန်ထိုး ၀င်တိုက်ပြီး ဖမ်းဆီးမှုကြောင့် သတင်းထောက် အမျိုးသားတဦး ခါးကျိုးကာ ကျန် အမျိုးသမီး သတင်းထောက်လည်း ခန္ဓာကိုယ်တခြမ်း ထိခိုက်ခဲ့သလို ၊ ဒီဇင်ဘာ ၁၀ရက်နေ့က အသံတိတ် သပိတ်ကို ထွက်ပြီး ဓာတ်ပုံရိုက်စဥ် အဖမ်းခံခဲ့ရတဲ့ အလွတ်သတင်းထောက် ဦးစိုးနိုင် ဟာဆိုရင်လည်း စစ်ကြောရေးမှာ သေဆုံးခဲ့ရတဲ့ ဖြစ်စဥ်တွေ ရှိနေချိန်မှာ ဒီနေ့ညနေမှာ အလွတ်တန်း သတင်းသမား နောက်တယောက် လမ်းပေါ်မှာ အရပ်၀တ်နဲ့ သေနတ်ထောက် ဖမ်းဆီး ခံခဲ့ရတာ ဖြစ်ပါတယ်။

  6. အိုမီခရွန်ကူးစက်မှုတွေကြားက လန်ဒန် နွေဦး တော်လှန်ရေးရန်ပုံငွေပွဲ

    နွေဦးတော်လှန်ရေး ပန်းချီပြပွဲနဲ့ မြန်မာအစားအစာ ရန်ပုံငွေရောင်းချပွဲကို လန်ဒန်အရှေ့ပိုင်း Dagenham မြို့ Castle Green ခန်းမ မှာ ဒီဇင်ဘာ ၁၈ရက်နေ့က ကျင်းပခဲ့ပါတယ်။

    ့ဒီ နွေဦးတော်လှန်ရေး ပန်းချီပြပွဲနဲ့ မြန်မာအစားအစာ ရန်ပုံငွေရောင်းချပွဲမှာ အလှုငွေ စုစုပေါင်း ပေါင် ၁၅၂၃၇ ( မြန်မာငွေ သိန်း ၃၆၀ ခန့်) ရရှိပါတယ်။

    ရေဆေးပန်းချီကား ၆ ကား၊Acrylic ပန်းချီကား ၅ ကား၊Collage ပန်းချီကား ၂ ကား နဲ့ ကိုမင်းကိုနိုင်ရဲ့ Photo print ပန်းချီကား ၂ ကား စုစုပေါင်း ပန်းချီကား ၁၅ ကား အပြင် မြန်မာ အစားအစာတွေလည်း ရောင်းချခဲ့တာပါ။

    အဲဒီပွဲက ရရှိတဲ့ ရန်ပုံငွေ အလှူငွေတွေအားလုံးကို မြန်မာပြည်ကလိုအပ်နေတဲ့ နေရာအသီးသီးကို လှူဒါန်းသွားမှာ ဖြစ်တယ်လို့ ဒီရန်ပုံငွေ ပွဲဖြစ်မြောက်ရေးအတွက် ကူညီဆောင်ရွက်နေသူတွေထဲက တယောက် ဖြစ်တဲ့ ကိုဇော်လတ်က ပြောပါတယ်။

  7. ကဲဘာရွာခံထောင်ချီ ရွာကတိမ်းရှောင်နေရပြီး ရွာမပြန်ရဲကြသေး

    စစ်ကိုင်းတိုင်း အရာတော်မြို့နယ်မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၃ ရက်နေ့က နေအိမ် ၆၀ ကျော်မီးရှို့ခံရပြီး ရွာကထွက်ပြေးလာတဲ့ ထောင်နဲ့ချီတဲ့ ကဲဘာရွာခံတွေဟာ တောစပ်များ၊အခင်းများမှာ ယာယီတဲထိုးကာ တိမ်းရှောင်နေရပြီး အိမ်မပြန်ရဲကြသေးကြောင်း ကဲဘာရွာဒေသခံတစ်ဦးပြောတာကို ကိုးကားပြီး အရာတော်မြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဒီဇင်ဘာလ (၁၉)ရက်နေ့က သတင်းထုတ်ပါတယ်။

    သူတို့ဟာ တောစပ်နဲ့၊ အခင်းများထဲမှာ ဖြစ်သလို မိုးကာများထိုးပြီးနေ‌ထိုင်နေကြရကြောင်း သိရှိရပြီး ရွာကိုမပြန်နိုင်သေးတဲ့ ‌စစ်ဘေးရှောင်နေရတဲ့ ကဲဘာဒေသခံ (၅၀၀၀)ကျော်ရှိတယ်လို့လည်း ဆိုပါတယ်။

    မကြာခင် ရိတ်သိမ်းရတော့မယ့် သူတိုရဲ့စပါးခင်းတွေ မရိတ်နိုင်တော့မှာကိုလည်း စိုးရိမ်နေရတယ်လို့လည်း ဒေသခံတွေကပြောပါတယ်၊

    ကဲဘာရွာမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ၁၃ရက်က အိမ်ခြေ ၆၀ မီးလောင်ဆုံးရှုံးခဲ့ပြီးနောက် တရွာလုံးနီးပါး တိမ်းရှောင်နေကြရတာဖြစ်ပါတယ်၊

    ရွာပတ်၀န်းကျင်မှာ စစ်ကောင်စီတပ်သားတွေ နဲ့ စစ်ကောင်စီကို သတင်းပေးတဲ့ဒေသခံတချို့ရှိနေတဲ့ အတွက် ရွာပတ်၀န်းကျင်ကို မသွားရဲကြတာလို့လည်း သိရပါတယ်။

    အရာတော်မြို့နယ် ကဲဘာရွာ ၀န်းကျင်မှာ စိုက်ပျိုးထားတဲ့ စပါးဧကပေါင်း ဧကတစ်ထောင် နီးပါး ရှိမယ်လို့လည်း ခန့်မှန်းကြ ပါတယ်။

    မီးဘေးသင့် ကဲဘာကျေးရွာကိုပြန်လည်ထူထောင် နိုင်ဖို့အတွက် ကဲဘာကျေးရွာ ပြန်လည်ထူထောင်ရေးကော်မတီ နဲ့ အရာတော်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တို့ကလည်း ချိတ်ဆက်ကြိုးပမ်းဆောင်ရွက်နေတယ်လို့ အရာတော်မြို့နယ်သတင်းမှန်ပြန် ကြားရေး စာမျက်နှာက သတင်းထုတ်ပြန်ထားပါတယ်။

  8. မင်းတပ်မြို့အနီးမှာ ဒီဇင်ဘာ ၁၉ ရက် ညနေပိုင်းက တိုက်ပွဲဖြစ်

    ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်မှာ CDF(Mindat) နဲ့ စစ်ကောင်စီတပ်တွေကြား ဒီဇင်ဘာလ ၁၉ရက်နေ့ညနေပိုင်းက နေရာ နှစ်နေရာမှာ တိုက်ပွဲ ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

    မင်းတပ်မြို့နယ် ရွေအောင်သာ ကျေးရွာအနီး တစ်ဝိုက် လာပန်းဆိုတဲ့ရွာနဲ့ ဝုမ်းခုမ်ရွာတွေ အနီးမှာ ဒီဇင်ဘာလ ၁၉ ရက်နေ့ ညနေပိုင်း ၆ နာရီဝန်းကျင်လောက်က တိုက်ပွဲတွေဖြစ်နေတာဖြစ်တယ်လို့လည်း ပြောပါတယ်။

    နှစ်ဖက်စလုံးရဲ့ထိခိုက်ဒဏ်ရာရ သေဆုံးမှု စာရင်းကိုတော့ မသိရသေးပါဘူး။

    အာဏာသိမ်းစစ်ကောင်စီတပ်တွေဟာ စစ်ကြောင်း ၃ ကြောင်းခွဲပြီး မင်းတပ်ဘက်ကို တက်လာရာမှာ သူတို့ဝင်တဲ့ အနီးတစ်ဝိုက်ကျေးရွာထဲက အိမ်တွေကို ဖောက်ထွင်းပြီး ပစ္စည်းတွေခိုးယူနေကြတယ်လို့လည်း ဒေသခံတွေကပြောပါတယ်။

    စစ်ကောင်စီဘက်ကတော့ ဒီတိုက်ပွဲ သတင်းနဲ့ပတ်သက်လို့ သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

    ဒီဇင်ဘာလ ၁၉ ရက်နေ့ ညနေပိုင်း ၃ နာရီဝန်းကျင်လောက်က ဝုမ်းခုမ်ရွာ ထဲရောက်နေကြတဲ့စစ်ကောင်စီတပ်တွေဟာ အင်အား ၈၀ နဲ့ ၁၀၀ ကြား ရှိမယ်လို့ ခန့်မှန်းရကြောင်းလည်း မင်းတပ်ပြည်သူ့ကာကွယ်ရေးတပ်က ပြောပါတယ်။

  9. PDF ကိုထောက်ပံ့တယ်ဆိုပြီး တောင်ကုတ်မြို့နယ် လူငယ်ကွန်ရက် ဥက္ကဋ္ဌ ကိုဖမ်း

    ရခိုင်ပြည်နယ် တေင်ကုတ်မြို့နယ် လူငယ်ကွန်ရက် ဥက္ကဋ္ဌ ကိုမင်းကိုဦးကို PDF နဲ့ဆက်စပ်တယ်ဆိုပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၄ ရက်နေ့နံနက်ပိုင်းမှာ မြို့နယ်ရဲတပ်ဖွဲ့က နေအိမ်ကနေ လာရောက်ဖမ်းဆီးသွားခဲ့တယ်လို့ သူ့ရဲ့ဖခင်ဖြစ်သူ ဦးခင်မောင်စိန်က ပြောပါတယ်။

    ကိုမင်းကိုဦးကို စကားပြောစရာတွေရှိတဲ့အတွက် စခန်းမှူးက ခေါ်ခိုင်းလိုက်တယ်ဆိုပြီး ရဲတပ်ဖွဲ့ဝင် ၇ ဦးခန့်က နေအိမ်ကနေ လာရောက်ခေါ်ဆောင်သွားခဲ့ရာကနေ ပြန်လည်လွတ်မြောက်လာခဲ့ခြင်းမရှိဘဲ အခုလိုစွပ်စွဲပြီးတော့ အမှုဖွင့်ခံထာရတာဖြစ်တယ်လို့ ဦးခင်မောင်စိန်က ပြောပါတယ်။

    လက်ရှိမှာ ကိုမင်းကိုဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (ည) နဲ့ အမှုဖွင့်ထားပြီး တောင်ကုတ်မြို့နယ်တရားရုံးမှာ ရမန်ယူထားကာ လာမယ့် ဒီဇင်ဘာ ၂၈ ရက်နေ့မှာ ရုံးထုတ်ဖို့ရှိနေတယ်လို့ သိရပါတယ်။

    ဖမ်းဆီးခံရသူ ကိုမင်းကိုဦးဟာ အသက် ၂၅ နှစ်အရွယ်ဖြစ်ပြီး လူငယ်ကွန်ရက်ဥက္ကဋ္ဌ အဖွဲ့တာဝန်ယူထားသူတစ်ယောက်ဖြစ်ကာ မြို့နယ်အတွင်း ပရဟိတအလုပ်တွေကို လုပ်ကိုင်နေသူတစ်ဦးဖြစ်တယ်လို့ သိရပါတယ်။

    စစ်အာဏာသိမ်းမှုဖြစ်စဉ်နောက်ပိုင်း ရခိုင်ပြည်နယ်မှာ အောက်တိုဘာ ၉ ရက်နေ့ကစလို့ ပရဟိတလုပ်ကိုင်နေသူတွေ လူမှုအသင်းအဖွဲ့ကလူငယ်တွေနဲ့ ဒေခံတချို့တို့ကို PDF နဲ့ ဆက်စပ်တယ်ဆိုပြီး ဖမ်းဆီးမှုတွေရှိလာနေတာဖြစ်ပါတယ်။

    လက်ရှိမှာတော့ ရခိုင်ပြည်နယ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF နဲ့ဆက်စပ်သူတွေအဖြစ် ဖမ်းဆီးခံလိုက်ရတာ ၁၀ ဦးအထိရှိလာနေပြီဖြစ်ကာ သံတွဲမြို့က ကျောင်းသူလေးတစ်ဦးကိုတော့ အပြစ်မရှိဆိုပြီး ပြန်လည်လွှတ်ပေးခဲ့ပါတယ်။

    ရခိုင်ပြည်နယ်မှာတော့ ပြည်သူ့ကာကွယ်ရေးတပ် PDF နဲ့ ဆက်စပ်တယ်ဆိုပြီး ဖမ်းဆီးခံလိုက်ရကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မတွေနဲ့ တရားစွဲဆိုခံနေရသူတွေကတော့ သံတွဲမြို့က ဦးစိန်ချစ်၊ ကိုရဲနိုင်ဦး၊ မတင်စန္ဒာဝင်း၊ ဒေါ်စန်းချိုသိုက်၊ မငြိမ်းအိဖြူ၊ မြောက်ဦးမြို့က လူငယ်စာရေးဆရာ မင်းဒီပါ၊ တောင်ကုတ်မြို့က အထက်တန်းပြဆရာမ ဒေါ်ချယ်ရီသက်ရှည်၊ လူငယ်ကွန်ရက်ဥက္ကဌ ကိုမင်းကိုဦးနဲ့ ကျောက်ဖြူမြို့က တက္ကသိုလ်ကျောင်းသူ မအေးမြင့်မြတ်အောင်တို့ ဖြစ်ကြပါတယ်။

  10. မြစ်ကြီးနားမှာ မီးလောင်မှုကြောင့် အမျိုးသမီးနှစ်ဦးသေဆုံး

    ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ဒူကထောင်ရပ်ကွက်နယ်မြေ ၁၄ မှာ ဒီဇင်ဘာလ ၁၉ ရက်နေ့ မွန်းလွဲ ၂ နာရီကျော်ခန့်က နေအိမ်တစ်လုံး မီးလောင်ကျွမ်းခဲ့ပြီး အမျိုးသမီးနှစ်ဦး မီးလောင်သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

    သေဆုံးခဲ့သူတွေဟာ အသက် ၇၀ နှစ်အရွယ်နဲ့ အသက် ၅၀ အရွယ် သားအမိတော်စပ်သူ အမျိုးသမီးနှစ်ဦးဖြစ်တယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။

    “ ကျမတို့အိမ်ကနေတွေ့တာ မီးခိုးအလုံးလိုက်တက်လာတာကိုတွေ့တာ၊ လောင်သွားတဲ့အချိန်မှာ သူတို့အိမ်မှာ ဘယ်သူ့မှမရှိဘူးလို့ ပြောကြတယ်၊ နောက် မီးကတစ်ဟုန်ထိုးလောင်နေတာ သူတို့အိမ်ကအပြင်ရောက်နေတဲ့သူတွေ ပြန်လာတော့ အဖွားနှစ်ယောက်ပါသွားပြီးလို့ပြောတယ်၊ အဖွားတွေရဲ့အလောင်းတွေ အပြင်ထုတ်နေတာတွေ့တယ်၊ အိမ်က ဘာကိုဘာမှမကျန်တော့တာ ဘာပစ္စည်းတစ်ခုမှမရတော့ဘူး “ လို့ မီးလောင်တဲ့အိမ်နဲ့ အိမ်နီးချင်း ဖြစ်တဲ့ ရပ်ကွက် နေသူတစ်ဦးကပြောပါတယ်။

    မီးလောင်မှုဟာ အိမ်နီးချင်းတွေပြောပြချက်အရ ဝါယာရှော့ ဖြစ်တယ်လို့ပြောနေကြပြီး ဘေးကပ်လျက်အိမ်ကိုတော့ မီးကူးပေမဲ့ မီးသတ်က မီးငြိမ်သတ်နိုင်ခဲ့တယ်လို့ အိမ်နီးချင်း ရပ်ကွက်နေသူ ကပြောပါတယ်။

    မီးလောင်တဲ့အိမ်ကို ဘေးပတ်ဝန်းကျင်က မီးငြိမ်းပေးဖို့ ကြိုးစားခဲ့ပေမယ့်လည်း တံခါးပိတ်ထားခဲ့တာကြောင့် အခက်အခဲဖြစ်ခဲ့ပြီး မီးအားကောင်းသွားတာဖြစ်တယ်လို့ ရပ်ကွက်နေသူတွေကပြောပါတယ်။

  11. ကရင်ပြည်နယ်မှာ တိုက်ပွဲပြင်းထန်နေသလို ကယားမှာလည်း စစ်ရှိန်မလျော့

    ကယားပြည်နယ် အရှေ့ဘက်ခြမ်းမှာ စစ်ကောင်စီတပ်တွေက ဒီဇင်ဘာလ ၁၈ ရက်နေ့က လက်နက်ကြီးတွေနဲ့ ပစ်ခတ် လမ်းကြောင်းရှင်းကာ ၀င်ရောက်လာပြီး ရွာတွေထဲ နေရာယူထားတဲ့အတွက် အချိန်မရွေး တိုက်ပွဲ စဖြစ်လာနိုင်တယ်လို့ KNDF ကရင်နီအမျိုးသား ကာကွယ်ရေးတပ် ပြောခွင့်ရသူက ဘီဘီစီကို ပြောပါတယ်။

    လက်ရှိမှာ ဒေသ ကာကွယ်ရေး တပ်တွေကလည်း အသင့် နေရာယူထားတဲ့ အတွက် အခြေအနေ တင်းမာလျက် ရှိတယ်လို့ သူက ဆိုပါတယ်။

    စစ်ကောင်စီတပ်တွေဟာ ဒီဇင်ဘာ ၁၈ရက် နေ့လယ်ပိုင်းမှာ လွိုင်ကော်မြို့က လွိုင်လင်လေး အရှေ့ဘက်မှာ ရှိတဲ့ နောင်မွန်ရွာကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့လို့ အရပ်သား လူနေအိမ် မီးလောင်မှု ရှိခဲ့ကြောင်း ညနေပိုင်းမှာလည်း နောင်လုံ နဲ့ ကွန်နားရွာ မှာရှိတဲ့ အရပ်သား လူနေ အိမ်ခြေ ၁၄လုံးကျော် မီးရှို့ ခံခဲ့ရတယ်လို့ KNDF ပြောခွင့်ရသူ ပြောပါတယ်။

    လက်ရှိတော့အဲဒီရွာတွေမှာ စစ်ကောင်စီတပ်တွေ ရှိနေပြီး ထိုးစစ် စတင်လာသလို ဒေသ ကာကွယ်ရေး တပ်တွေဘက်ကလည်း အသင့် အနေအထား ရှိနေတာကြောင့် နှစ်ဖက် ပစ်ခတ်မှုတွေ အချိန်မရွေး ဖြစ်လာနိုင်တယ်လို့ သူက လတ်တလော နယ်မြေ အနေအထားကို ရှင်းပြခဲ့ပါတယ်။

    ဒီဇင်ဘာ ၁၆ရက်နေ့ကလည်း ဒီးမော့ဆိုမြို့ ၆ မိုင်မှာ စစ်ကောင်စီ တပ်တွေနဲ့ KA အပါအ၀င် KNDF ပူးပေါင်းတပ်တွေကြား နာရီ၀က် နီးပါးကြာ တိုက်ပွဲ အတွင်း စစ်ကောင်စီ ဘက်က ၄ဦးသေ ၊ ၅ဦး ဒဏ်ရာရခဲ့သလို KNDF ဘက်ကတော့ ၂ယောက် ဒဏ်ရာရခဲ့တယ်လို့ KNDF ဘက်က အတည်ပြု ပြောဆိုပါတယ်။

    တချိန်တည်းမှာ အဲဒီနေ့ မနက် ၉နာရီ ကနေ ၁၂ နာရီ အတွင်း လွိုင်လင်လေး မှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲ အတွင်း စစ်ကောင်စီဘက်က ၃ယောက်သေ ၊ ၄ယောက် ဒဏ်ရာရခဲ့ပြီး KNDF ဘက်က တယောက် ကျဆုံးခဲ့တယ်လို့ KNDF ပြောခွင့်ရသူက ဆိုပါတယ်။

    အခုလို ထိခိုက် ကျဆုံးမှုတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီ ဘက်က တစုံတရာ ထုတ်ပြန်တာ မရှိသေးပါဘူး။

  12. ခေတ်ပျက်ကာလကြီးပါတော်

  13. လေးကေ့ကော်စစ်ရှောင်ပြည်သူတွေနေတဲ့ ဖလူးကြီးရွာကို လက်နက်ကြီးတွေကျရောက်, စစ်ဘေးရှောင်ပြည်သူတွေထပ်မံထွက်ပြေးနေကြရ

    ဒီကနေ့ ဒီဇင်ဘာ ၁၉ရက် ညနေပိုင်းမှာ စစ်ကောင်စီဘက်ကလက်နက်ကြီးနဲ့ ပစ်ခတ်လို့ လေးကေ့ကော်ဒေသက စစ်ဘေးရှောင်ပြည်သူတွေနေထိုင်နေရတဲ့ သောင်းရင်းမြစ်ကမ်း ၊ ဖလူးကြီးရွာကို လက်နက်ကြီးတွေကျရောက်နေတယ်လို့ အဲဒီစစ်ရှောင်စခန်းမှာ ရောက်နေသူတွေက ဘီဘီစီကိုပြောပါတယ်။ စစ်ဘေးရှောင်တွေအနီးကိုလက်နက်ကြီးတွေကျလို့ စစ်ဘေးရှောင်ပြည်သူတွေ အများအပြားဟာ ကြောက်လန့်ပြီး ခြေဦးတည့်ရာကစဉ့်ကလျား ထွက်ပြေးနေကြရတယ်လို့ အဲဒီမှာရောက်နေသူက ဘီဘီစီကိုမှတ်တမ်းဓါတ်ပုံနဲ့ တကွပြောပြလာပါတယ်။

    မြန်မာဘက်ခြမ်းမှာရှိနေတဲ့ လေးကေ့ကော် ဒေသစစ်ရှောင်တွေအရေအတွက်က ဟာ တစ်သောင်းဝန်းကျင်ရှိလာပြီး မယ်ထော်သလေးဒေသမှာတိုက်ပွဲ ပြန်ဖြစ်လာလို့ ထိုင်းဘက်နဲ့နီးတဲ့ ဖလူးကြီး၊ ဖလူးလေး ကျေးရွာတွေကို ရွှေ့ပြောင်းနေရာချထားပေးတဲ့ အခြေအနေမှာ အခုလို လက်နက်ကြီးကျလို့ထပ်ပြေးနေကြရတာလို့ မြန်မာဘက်ခြမ်းမှာစစ်ရှောင်တွေနဲ့အတူ ပိတ်မိနေတဲ့ သတင်းထောက်တချို့ကပြောပါတယ်။ လက်ရှိမှာ ထိုင်းဘက်ခြမ်းမှာလည်း နယ်စပ်တစ်လျှောက် စစ်အင်အားတိုးချဲ့ပြီး လုံခြုံရေးယူတဲ့ အခြေအနေရှိသလို စစ်ယာဉ်တန်းတွေပတ်နေတယ်လို့ ထိုင်းဘက်ခြမ်းမှာရောက်နေတဲ့ စစ်ရှောင်ကူညီသူတွေကပြောပါတယ်။

    စစ်ကောင်စီတပ်တွေက ဘုရားကုန်းတွေဖြစ်တဲ့ ကျောက်လုံးကြီး၊ ကျောက်ဂူ၊ လက်ခတ်တောင်စတဲ့ BGF စခန်းကုန်းတွေကနေပြီးတော့လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာလို့ ပြောပါတယ်။

    ’’ စစ်ကောင်စီဘက်က အမြှောက်သုံးတယ်။လက်နက်ကြီးသုံးတယ်ပေါ့။ အဲဒီမယ်ထော်သလေးမှာ အထိုင်ချထားတဲ့ KNLA ၊ KNDO ပါတဲ့ ပူးပေါင်းတပ်တွေနဲ့ ဖြစ်တာပေါ့။အခုကြိုကြားကြိုကြားပစ်နေတာ ညနေပိုင်းအထိပဲ။သူတို့ကတော့ မယ်ထော်သလေးကိုပြန်ဝင်နိုင်ဖို့ ။နောက်အဲဒီကနေ လေးကေ့ကော်ကိုဝင်ဖို့ပြန်ပစ်နေတာပေါ့။ မြဝတီအာရှလမ်းဘက်မှာ ကွင်းကလေးရွာဆိုတာရှိတယ်။မေတ္တာလင်းမြိုင်ပေါ့ သူတို့ (စစ်ကောင်စီ) ရဲ့ BGF (နယ်ခြားစောင့်တပ်) တပ်တွေအထိုင်ချတဲ့နေရာပေါ့။ အဲဒီကနေ စစ်ကြောင်းတစ်ကြောင်းဝင်လာတယ်။ မြဝတီဘက်ကနေလည်းစစ်ကြောင်းတစ်ကြောင်းဝင်လာတယ်။ အဲဒီကနေဖြစ်လာပေါ့’’လို့ လက်ရှိ လေးကေ့ကော်ဒေသတခွင် စစ်ကောင်စီဘက်ကစစ်ကြောင်းဖြန့်ပြီး နှစ်ဖက်စစ်ရေးဆိုင်နေတဲ့ အခြေအနေကို ပြောပြပါတယ်။

    မြဝတီမြို့တောင်ဘက် ၊လေးကေ့ကော်မြို့၊ မယ်ထော်သလေးရွာအနီး မှာ ဒီကနေ့ဒီဇင်ဘာ၁၉ ရက် ညနေပိုင်း အထိ တိုက်ပွဲတွေပြန်လည်ပြင်းထန်နေတာပါ။ တိုက်ပွဲဟာ ဒီကနေ့ နေ့လယ်ပိုင်း ၁၂ နာရီဝန်းကျင်မှာပြန်လည် စတင်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က အရင်နေ့က သူတို့နောက်ဆုတ်ခဲ့ရတဲ့ မယ်ထော်သလေးရွာ နေရာကို ပြန်လည်တိုက်ခိုက်နေတာလို့ ဆိုပါတယ်။

    လက်ရှိမှာ မယ်ထော်သလေးရွာကိုကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် -KNLA ၊ ကရင်အမျိုး သားကာကွယ်ရေးတပ်ဖွဲ့-KNDOနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- PDF တပ်ပူးပေါင်းတပ်တွေက ထိန်းချုပ်ထားတာလည်းဖြစ်ပါတယ်။

    စစ်ကောင်စီဘက်က မယ်ထော်သလေးရွာဘက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်လို့ နေ့လယ်ပိုင်းမှာ ရွာစာသင်ကျောင်းအနီးကရပ်ကွက်ကိုလည်းလက်နက်ကြီးထိမှန်ပြီးမီးလောင်ခဲ့တယ်လို့သတင်းရင်းမြစ်ကပြောပြပါတယ်။ နောက် လက်နက်ကြီးထိမှန်ပြီး တောင်ယာကုန်းတွေလည်း မီးလောင်နေတယ်လို့ ဆိုပါတယ်။

  14. ဂန့်ဂေါနယ် က နှမ်းခါးနဲ့မြင်သားရွာ မှာ နေအိမ်တွေ မီးထပ်ရှို့ခံရ, နှမ်းခါးရွာထဲမှာ သေဆုံးသူရုပ်အလောင်းတွေ တွေ့ရှိထားတယ်လို့ ဒေသခံတွေပြော

    ဒီဇင်ဘာ (၁၇)ရက် မှာ စစ်ကောင်စီတပ်က ရဟတ်ယာဉ်နဲ့ရောက်လာပြီး လက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်တာတွေလုပ်ခဲ့တဲ့ နှမ်းခါးရွာမှာ သေဆုံးသူရုပ်အလောင်း ၉ လောင်းအထိတွေ့ရှိထားတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒီဇင်ဘာ (၁၇)ရက်က ရွာထဲဝင်ခဲ့ပြီးနောက် ရွာရဲ့လေးဘက်လေးလံကို စစ်ကောင်စီ တပ်က ပိတ်ဆို့ထားခဲ့ပြီး ရွာထဲပိတ်မိသူတွေအများအပြားရှိနေခဲ့တာပါ။ဒီဇင်ဘာ (၁၈)ရက်တစ်ရက်တာလုံး ပိတ်မိနေသူတွေကို လုံးဝဆက်သွယ်လို့မရခဲ့ရာကနေ ဒီနေ့ ဒီဇင်ဘာ (၁၉)ရက်မနက်အစောပိုင်းမှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပြန်လည်ထွက်ခွာသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။ ရွာကမထွက်ခွာခင် ရွာထဲက နေအိမ်တလုံးကို မီးရှို့ခဲ့တယ်လို့ ဆိုပါတယ်။

    "သူတို့ ထွက်ပြီဆိုတာနဲ့ ရွာထဲပိတ်မိသူတွေ အမြန်ထွက်ပြေးနေရတယ်၊ အခုရှာတာတော့ အလောင်းကိုးလောင်းတွေ့ထားရပြီး အဲ့ထဲက ၂လောင်းကတော့ နှမ်းခါးရွာသားတွေပါ၊ နှစ်ယောက်ကို လက်ပြန်ကြိုးတုပ် သေနတ်နဲ့ ပစ်သတ်သွားတယ်။ သူတို့တွေက ဘာကာကွယ်ရေးအဖွဲ့ထဲမှပါသူတွေမဟုတ်ဘူး ယာထဲလုပ်နေကြတာ၊ အရပ်သားစစ်စစ်တွေဗျ။ ဆိုင်ကယ်တွေလည်း ရေထဲတွန်းချထားခဲ့တယ်။သူတို့ ပြန်ဝင်လာမလား စိုးရိမ်စိတ်နဲ့ ရွာအခြေအနေ အခုပတ်ကြည့်နေရဆဲပဲ"လို့ နှမ်းခါးဒေသခံတဦးက ဘီဘီစီကိုပြောပါတယ်။

    စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနှမ်းခါးရွာထဲက ထွက်ခွာသွားပြီးနောက် ရွာရဲ့ အရှေ့မြောက်ဘက်က မြင်သားရွာနားအရောက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မိုင်းဆွဲတိုက်ခိုက်ခံရတယ်လို့ သိရပါတယ်။ အဲ့ဒီနောက် မြင်သားရွာထဲကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထပ်မံဝင်ရောက်ပြီး မီးရှို့တာတွေရှိနေတယ်လို့ မီးခိုးတွေကိုအဝေးကလှမ်းမြင်နေရတဲ့ အကြောင်း စစ်ရှောင်တွေကပြောပါတယ်။

    အဲ့ဒီမြင်သားရွာမှာ နှမ်းခါးရွာကစစ်ရှောင်သူတွေ ရှိနေတာကြောင့် စစ်ရှောင်တွေရော ရွာခံတွေပါ ထပ်မံ တိမ်းရှောင်နေကြရပါတယ်။ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်ထဲက နှမ်းခါးရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အကြိမ်ကြိမ်ဝင်ရောက်ခဲ့ပြီး နေအိမ်မီးရှို့ခံရတာတွေလည်း မကြာခဏရှိနေတာပါ။ နှမ်းခါးရွာခံတွေဟာ ရွာထဲပြန်နေရတာ တလမပြည့်ခင်လေးမှာပဲ အခုလို စစ်ကောင်စီတပ်တွေ ဝင်ရောက်တာကြောင့် ထပ်မံစစ်ဘေးရှောင်နေရတာဖြစ်ပြီး ကူညီထောက်ပံ့မှုတွေ လိုအပ်နေတယ်လို့ ဒေသခံတွေကပြောကြပါတယ်။

    စစ်ကောင်စီတပ်တွေဟာ ဂန့်ဂေါမြို့နယ်အတွင်းတိုက်ခိုက်မှုတွေဆက်တိုက် ပြုလုပ်လာနိုင်လို့ ပြည်သူလူထုအနေနဲ့လုံခြုံတဲ့နေရာမှာ နေထိုင်ကြဖို့နဲ့ ဂန့်ဂေါ-ကလေး လမ်းပိုင်းကို အသုံးမပြုကြဖို့လည်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့-ဂန့်ဂေါမြို့နယ်က ဒီကနေ့ ဒီဇင်ဘာ ၁၉ ရက်မှာသတိပေး ထုတ်ပြန်ထားပါတယ်။

    စစ်ကောင်စီဘက်ကတော့ ဒေသကာကွယ်ရေးတပ်တွေက တိုက်ခိုက်မှုတွေလုပ်ဖို့အစည်းအဝေးလုပ်နေတာကို ကျေးရွာဒေသခံအချို့က အကြောင်းကြားလာလို့ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

  15. မုံရွာ-အမြင့်လမ်းမှာ စစ်ဆေးနေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မိုင်းခွဲတိုက်ခိုက်ခံရ

    စစ်ကိုင်းတိုင်း၊ မုံရွာ-အမြင့်လမ်းမှာရှိတဲ့ ထနောင်းတော တောင်ရွာနဲ့မြောက်ရွာအကြား ထနောင်းတောမြောက်ရွာအဝင် သုသာန်အနီးမှာ ဒီနေ့ ဒီဇင်ဘာလ ၁၉ ရက် မနက်ပိုင်းက လမ်းသွားလမ်းလာတွေကို စစ်ဆေးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မိုင်းခွဲတိုက်ခိုက်ခံလိုက်ရပါတယ်။

    အဲဒီမိုင်းခွဲမှုမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် အထိအခိုက်အကျအဆုံး ဘယ်လောက်ရှိမယ်ဆိုတာ မသိရသေးဘူးလို့ တိုက်ခိုက်မှုလုပ်တဲ့ မုံရွာပျောက်ကျားအဖွဲ့ MPW က ပြောပေမဲ့ အဲဒီတိုက်ခိုက်မှုမှာ ရဲ ၂ ဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး ဒဏ်ရာရတယ်လို့ သိထားရတယ်ဆိုပြီး ဒေသခံတွေက ပြောပါတယ်။

    တိုက်ခိုက်ချိန်ကို ရိုက်ကူးထားတဲ့ ရုပ်သံတစ်ခုမှာတော့ လမ်းပေါ်မှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တစ်ချို့ သွားလာနေချိန် လမ်းဘေးအနီးနားခြုံအတွင်းကနေ ပေါက်ကွဲမှုဖြစ်ခဲ့တာကိုတွေ့ရပါတယ်။

    စစ်ကောင်စီဘက်ကတော့ တပ်ဖွဲ့ဝင်တွေ အခုလိုတိုက်ခိုက်ခံရမှုနဲ့ပတ်သက်ပြီး သတင်းမထုတ်ပြန်သေးပါဘူး။

  16. ဖားကန့် မှာ ကျောက်မျက်တူးဖော်ရေးလုပ်ကွက်ဟောင်းက မြေစာပုံပြိုကျ, လူ ၅ ဦးထက်မနည်းပျောက်ဆုံးနေ

    ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ၊ ဆိပ်မူအုပ်စု မနကျေးရွာနဲ့ ဆိုင်းဂျာဘွမ်ကျေးရွာကြားမှာရှိတဲ့ ကျောက်မျက်တူးဖော်ရေးလုပ်ကွက်ဟောင်းက မြေစာပုံ ဟာ ဒီကနေ့ ဒီဇင်ဘာ ၁၉ ရက်နေ့ မနက် ၁နာရီ က ပြိုကျခဲ့ပါတယ်။အဲဒီမြေစာပုံပြိုကျမှုမှာ ရေမဆေးကျောက်ရှာသူ ၅ ယောက်ထက်မနည်းပါသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။ လက်ရှိမှာ ရှာဖွေကယ်ဆယ်ရေး လုပ်ပေးဖို့စာရင်းပေးထားသူ ၅ယောက်ရှိပြီး ပြိုကျမှုထဲပါသွားသူဟာ ၅ယောက်ထက်ပိုနိုင်တယ်လို့ ဆိုပါတယ်။

    ’’ ရှာဖွေပေးဖို့ စာရင်းပေးထားသူတွေကိုတော့ လူမှုရေးအဖွဲ့တွေက ရှာနေကြတယ်။ကန်ထဲမှာ လှေတွေနဲ့ ရှာနေဆဲ။အခုထိ(မနက်၁၂နာရီခန့်အထိ) တော့ သေဆုံးသူတွေ မတွေ့သေးဘူး” လို့ အဲ့ဒီနေရာကို ရောက်နေတဲ့ ဒေသခံ တစ်ယောက်ကပြောပါတယ်။

    လက်ရှိမှာ ရှာဖွေကယ်ဆယ်ရေးတွေကို ဆိုင်းဂျာဘွမ်ကျေးရွာအရန်မီးသတ်နဲ့ အတူ ကြက်ခြေနီအဖွဲ့ ၊ လူမှုရေးအဖွဲ့တွေ က မနက် ၉နာရီလောက်ကနေ စတင်ရှာဖွေနေတာလို့သိရပါတယ်။ ဖားကန့်မြို့နယ်ထဲမှာရှိတဲ့ ကျောက်စိမ်းလုပ်ကွက်ဟောင်းတွေကမြေစာပုံတွေဟာ မကြာခဏဆိုသလို ပြိုကျပြီး လူထိခိုက်သေဆုံးတဲ့ဖြစ်စဉ်တွေရှိခဲ့ပါတယ်။

  17. လုံးခင်းက သံဘောင် ဘေလီတံတားတစ်စင်း ကျိုးကျ

    ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ထဲက လုံးခင်းကျေးရွာမှာ ဥရုချောင်းကိုဖြတ်ထားတဲ့ သံဘောင်ဘေလီတံတားတစ်စင်း ကျိုးကျမှု မနေ့ ဒီဇင်ဘာလ ၁၈ ရက် ညဦးပိုင်းမှာ ဖြစ်ခဲ့ပါတယ်။

    ဘိလပ်မြေတွေအပြည့် သယ်လာတဲ့ ၁၂ ဘီးကားတစ်စင်း တံတားပေါ်ကို ဖြတ်သန်းချိန်မှာကျိုးကျခဲ့တာပါ။

    ''ယာဉ်မောင်းကတော့ ကားပေါ်ကနေ ခုန်ချသွားတာတွေ့ရတယ်။ ဒီမနက်(ဒီဇင်ဘာလ ၁၉ ရက်)အထိ ယာဉ်မောင်းရော၊ ယာဉ်အကူကိုရောမတွေ့ရသေးဘူး''လို့ လုံးခင်းဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    အဲဒီတံတားဟာ ပေ ၄၀၀ လောက်ရှည်ပြီး ကျိုးကျခဲ့တဲ့အပိုင်းက ပေ ၁၀၀ နီးပါးရှိတယ်လို့လည်း သိရပါတယ်။

    ဖားကန့်မြို့နယ် လုံးခင်ကျေးရွာအုပ်စုမှာတော့ လုံးခင်းနဲ့မိုးကောင်းကိုသွားနေကျ တံတား ၂ စင်းရှိပြီး အခုကျိုးကျခဲ့တဲ့ တံတားကတော့ လုံးခင်းကျောက်စိမ်းရုံးနားက တံတားဟောင်း ဖြစ်ပါတယ်။

  18. ကျောက်ဆည်မှာ မိုင်တဲလ်တာဝါတိုင်ဖျက်ဆီးခံရမှုကို လာကြည့်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့တိုက်ခိုက်ခံရ

    မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်ထဲက ရွာပုလဲကျေးရွာမှာရှိတဲ့ မိုင်တဲလ်ဆက်သွယ်ရေးတာဝါတိုင် ဖောက်ခွဲခံရမှုကို လာကြည့်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီအရာရှိတစ်ဦးအပါအဝင် ၃ ဦးသေဆုံးတယ်ဆိုပြီး ကျောက်ဆည်ဒေသကာကွယ်ရေးတပ်က လူမှုကွန်ယက်ကနေ သတင်းထုတ်ပြန်လာပါတယ်။

    မိုင်တဲလ်တာဝါတိုင်ကို ဒီဇင်ဘာလ ၁၇ ရက် မနက်ပိုင်းမှာ ဖောက်ခွဲဖျက်ဆီးခဲ့တာဖြစ်ပြီး အဲဒီတာဝါတိုင် ပျက်စီးမှုကို လာကြည့်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်ကားကိုလည်း မိုင်းဆွဲတိုက်ခိုက်ခဲ့တာဆိုပြီး ကျောက်ဆည်ဒေသကာကွယ်ရေးတပ်တွေ ဘက်က ပြောပါတယ်။

    အဲဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် နောက်ထပ် ၄ ဦးလည်း ဒဏ်ရာပြင်းထန်တယ်လို့ ဆိုပါတယ်။

    ကျောက်ဆည်ဒေသကာကွယ်ရေးဘက်က ထုတ်ပြန်လာတဲ့ တိုက်ခိုက်ချိန်ကိုရိုက်ကူးထားတဲ့ ရုပ်သံမှာတော့ စစ်ကောင်စီကားတစ်စီးဖြတ်သန်းမောင်းနှင်နေချိန် ပေါက်ကွဲသံတစ်ခုထွက်ပေါ်လာပြီး ပေါက်ကွဲမှုတဲ့နေရာတစ်ခုလုံးမှာ မီးခိုးလုံးတွေနဲ့ပြည့်သွားတာကို တွေ့မြင်ရပါတယ်။

    ကျောက်ဆည်မှာ အခုလိုတိုက်ခိုက်ခံရမှုနဲ့စစ်ကောင်စီဘက်က သတင်းမထုတ်ပြန်သေးပါဘူး။