ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

ဖရူဆိုမှာ သတ်ဖြတ်ခံလိုက်ရသူတွေထဲ အသက်မပြည့်သေးသူ ၄ ဦးပါဝင်တယ်လို့ ယူနီဆက်ဖ်ပြော

အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံခဲ့ရသူတွေထဲမှာ အသက် ၁၇ နှစ်အရွယ် လူငယ် ၂ ဦး၊ ဆယ်ကျော်သက် အမျိုးသမီးငယ် ၁ ဦးနဲ့ အသက် ၅ နှစ်၊ ၆ နှစ်အရွယ် ကလေးငယ်တစ်ဦးတို့ပါဝင်တယ်လို့ဆိုပြီး ယူနီဆက်ဖ် ကပြောလာတာပါ။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. NUG ကိုတရားဝင်ကူညီနိုင်မယ့်ပြင်ဆင်ချက်ပါဝင်တဲ့ NDAAဥပဒေကို သမ္မတဘိုင်ဒန်လက်မှတ်ထိုး

    မြန်မာ့ဒီမိုကရေစီအရေးတွန်းအားပေးနိုင်သလို အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို တရားဝင် မဟာဗျူဟာကျ ကူညီနိုင်မယ့် ပြင်ဆင်ချက်တွေပါဝင်တဲ့အမေရိကန်အမျိုးသားကာကွယ်ရေးလုပ်ပိုင်ခွင့်ဥပဒေ - NDAA သမ္မတဂျိုးဘိုင်ဒန်က လက်မှတ်ရေးထိုးလိုက်ပြီဖြစ်ပါတယ်။

    ၂၀၂၂ ဘဏ္ဏာနှစ်အတွက် NDAA လို့ အတိုကောက်ခေါ်တဲ့ အမျိုးသားကာကွယ်ရေးလုပ်ပိုင်ခွင့်ဥပဒေ မှာမြန်မာ့အရေးပြင်ဆင်ချက်ပါဝင်တာဖြစ်လို့ စစ်ကောင်စီကို အရေးယူနိုင်ဖို့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို တရားဝင်အသိအမှတ်ပြုကူညီပံ့ပိုးတာတွေ ဖြစ်လာမှာပါ။

    ဒီဥပဒေက လာမယ့် ၂၀၂၂ဘဏ္ဍာနှစ်မှာ အမေရိကန်ကာကွယ်ရေးဌာနအတွက် ဒေါ်လာ ဘီလီယံ ၇၄၀ သုံးစွဲခွင့်ပြုမှာဖြစ်ပါတယ်။

    အဲဒီဥပဒေကို အမေရိကန်အထတ်လွှတ်တော်အမတ် Mitch McConnell ဦးဆောင်ရေးဆွဲခဲ့တာဖြစ်ပါတယ်။ McConnell ဟာ မြန်မာ့ဒီမိုကရေစီအရေးအတွက် တောက်လျှောက်ကြိုးစားထောက်ခံခဲ့သူဖြစ်ပြီး အမေရိကန် ရဲ့ အဓိကပါတီကြီးနှစ်ခုကဒီဥပဒေကိုပူးပေါင်းပြင်ဆင်ခဲ့တာကို အစောပိုင်းသတင်းတွေကဖော်ပြထားပါတယ်။

    အဲဒီဥပဒေမှာ မြန်မာအပေါ် တရုတ်နဲ့ရုရှားရဲ့ မဟာဗျူဟာမြောက် အကျိုးစီးပွားနဲ့ လွှမ်းမိုးတဲ့လုပ်ရပ်တွေကြောင့် မြန်မာနိုင်ငံ လူမျိုးစုပဋိပက္ခပိုကြီးလာတာကိုပြန်လည်သုံးသပ်ဖို့လည်းပါဝင်ပါတယ်။

    ဥပဒေ ပြင်ဆင်ချက်အရ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံတကာဖွံ့ဖြိုးမှု အကူအညီပေးရေး အေဂျင်စီ (USAID)၊ ဘဏ္ဍာရေး ဝန်ကြီးဌာနနဲ့ ကာကွယ်ရေးဝန်ကြီးဌာနတို့က အဆင့်မြင့် တာဝန်ရှိသူတွေဟာ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်အစိုးရရဲ့ မူဝါဒတွေနဲ့ လုံခြုံရေးဆိုင်ရာ ရည်မှန်းချက်တွေကို ကွန်ဂရက်မှာ လူကိုယ်တိုင် ရှင်းလင်းတင်ပြကြဖို့လိုအပ်မှာလည်းဖြစ်ပါတယ်။

    အမေရိကန်အစိုးရတာဝန်ရှိသူတွေဟာ သက်ဆိုင်ရာလွှတ် တော် ကော်မတီတွေကို ဥပဒေ ပြဌာန်းပြီး ရက် ၆၀ အတွင်းမြန်မာနိုင်ငံနဲ့ပတ်သက်ပြီး အစီရင်ခံတင်ပြရ မှာဖြစ်ပါတယ်။

  2. ရန်ကုန်တက္ကသိုလ်ကျောင်းသားတစ်ဦး ဖမ်းဆီးခံရပြီး တစ်ရက်အကြာမှာတင် စစ်ကြောရေးမှာသေဆုံး

    ရန်ကုန်တက္ကသိုလ်၊ ဘူမိဗေဒတတိယနှစ်ကျောင်းသား ကိုအောင်ဘုန်းကျော်ဟာဒီကနေ့ ဒီဇင်ဘာ ၂၇ ရက်မှာ စစ်ကြောရေး မှာ သေဆုံးသွားတယ်လို့ ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂက ထုတ်ပြန်ပါတယ်။ ကိုအောင်ဘုန်းကျော်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဒီဇင်ဘာ ၂၆ ရက်မှာ တာမွေမြို့နယ်မှာ ဖမ်းဆီးခဲ့ပြီး တစ်ရက်အကြာမှာ သေဆုံးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

    ’’ သူ့မိသားစုဝင်တွေကို ဒီနေ့ နေ့လယ်ပိုင်း မှာသေဆုံးပြီလို့ အကြောင်းကြားတယ်။ ဒီညနေမှာ ရေဝေးသုသာန်မှာသဂြိုဟ်တယ်။ မိသားစုဝင်တွေကတော့ သဂြိုဟ်တဲ့နေရာကို လိုက်လို့ရခဲ့တယ်။ ကြည့်ခွင့်တော့မရဘူး။ နောက်ပြီးတော့သဂြိုဟ်တာကိုလည်း သူတို့ (စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ) ကပဲ အကုန်လုပ်တယ်လို့ပြောပါတယ်’’ လို့ ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂက အဖွဲ့ဝင်တစ်ဦး ဖြစ်တဲ့ ကိုအောင်ကောင်းဆက်က ပြောပါတယ်။

    လက်ရှိအချိန်အထိ ကိုအောင်ဘုန်းကျော်ကို ဘာကြောင့်ဖမ်းဆီးခဲ့လဲ ဆိုတာကို မသိရသလို ဘယ်လိုသေဆုံးခဲ့တယ်ဆိုတာကိုလည်း မိသားစုက သေချာမေးမြန်းခွင့်နဲ့ ရုုပ်အလောင်းကို ကြည့်ရှုခွင့်မရဘူးလို့ ဆိုပါတယ်။ ကိုအောင်ဘုန်းကျော်နဲ့အတူ ရန်ကုန်တက္ကသိုလ် ဘူမိဗေဒ တတိယနှစ်ကျောင်းသား ကိုသူရအောင်လည်း ဖမ်းဆီးခံခဲ့ရပြီး စစ်ကြောရေးကို ရောက်ရှိနေလို့ သူ့ရဲ့ အသက်အန္တရာယ်နဲ့ လုံခြုံရေးကို မိသားစုကစိုးရိမ်ပူပန်နေတယ်လို့ သမဂ္ဂအဖွဲ့ဝင်တစ်ဦး ကပြောပါတယ်။

    ကိုအောင်ဘုန်းကျော်သေဆုံးခဲ့တာနဲ့ပတ်သက်လို့ရန်ကုန်တက္ကသိုလ်ဘူမိဗေဒဌာနက ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသား၊ ကျောင်းသူတွေကလည်း ဝမ်းနည်းကြောင်းသဝဏ်လွှာ ထုတ်ပြန်ထားပါတယ်။

    အခုလို စစ်ကြောရေးရောက်ပြီး တစ်ရက်အကြာမှာ သေဆုံးရမှုနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြန်ကြားရေးက တစုံတရာထုတ်ပြန်ပြောကြားတာမျိုး မတွေ့ရသေးပါဘူး။

  3. လေးကေ့ကော်ဒေသတိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာရတဲ့ဒေသခံတွေကိုမဲဆောက်ဆေးရုံကိုပို့ဆောင်ကုသပေး, ညနေပိုင်းအထိ နှစ်ဖက်တိုက်ပွဲတွေနဲ့ပစ်ခတ်မှုတွေရှိ

    ဒီကနေ့ ဒီဇင်ဘာ ၂၇ ရက် လေးကေ့ကော် ဒေသတိုက်ပွဲအတွင်းဒေသခံတွေ ထိခိုက်ဒဏ်ရာရတာတွေရှိလို့ တစ်ဖက်ခြမ်းထိုင်းနိုင်ငံ ၊မဲဆောက်ဆေးရုံကို ပို့ဆောင်ကုသပေးရတယ်လို့ စစ်ရှောင်တွေကိုကူညီနေသူတွေကပြောပါတယ်။ ဒဏ်ရာရသူတွေကို အရေးပေါ်ဆေးအဖွဲ့က မြဝတီဘက်ခြမ်းက တဆင့် နယ်ခြားသောင်ရင်းမြစ်ကိုဖြတ်ပြီး ဆေးကုသဖို့ခေါ်ဆောင်သွားကြရတာဖြစ်ပါတယ်။ လက်ရှိ မဲဆောက်ဆေးရုံကြီးမှာ ထိခိုက်ဒဏ်ရာရရှိလို့ ကုသမှုခံယူနေတဲ့လေးကေကော်ဒေသခံ (၁၂) ဦး ရှိပြီး COVID - 19 ကူးစက်ခံထားရတဲ့ စစ်ဘေးရှောင် (၁၀) ဦးကျော် ရှိတယ်လို့ သိရပါတယ်။

    ဒီကနေ့ ၁၃ရက်မြောက်အဖြစ် လေးကေ့ကော်ဒေသမှာ ညနေပိုင်းအထိတိုက်ပွဲတွေဆက်ရှိနေပြီး မနက်ပိုင်းမှာ စစ်ကောင်စီဘက်ကလက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့သလို မနက်ပိုင်း ပစ်ခတ်မှုနောက်မှာ မြေပြင်မှာလည်း နှစ်ဖက်တိုက်ပွဲတွေရှိခဲ့တယ်လို့ အဲဒီသတင်းရယူနေသူတွေကပြောပါတယ်။

    ဒီကနေ့နေ့လည်ပိုင်းမှာလည်း စစ်ကောင်စီဘက်က လေကြောင်းသုံးပစ်ခတ်တာတွေရှိပြီး၊ ညနေပိုင်းမှာတော့ နှစ်ဖက်တိုက်ပွဲတွေဆက်ရှိခဲ့တယ်လို့ တိုက်ပွဲတွင်းသတင်းရယူနေသူတွေကပြောပါတယ်။ ဒါ့အပြင် ဒီဇင်ဘာ (၂၅)ရက်က စစ်ကောင်စီဘက်ကသိမ်းယူခဲ့တဲ့ ထီးမယ့်ဝါးခီစခန်းနေရာကို KNLA ပူးပေါင်းအဖွဲ့တွေက ဒီကနေ့မှာပြန်လည်သိမ်းယူနိုင်ပြီလို့ သတင်းတွေထွက်နေပေမယ့် ဘီဘီစီဘက်က သီးခြားအတည်မပြုနိုင် သေးပါဘူး။

    လက်ရှိမှာ လေးကေ့ကော်ဒေသတိုက်ပွဲကြောင့် စစ်ဘေးရှောင်ရသူ အရေအတွက်ဟာ သောင်းချီရှ်ိလာပြီး ထိုင်းနိုင်ငံ မဲဆောက်က မဲကော်ကိုး ထိုင်းဒုက္ခသည်စခန်းမှာ လူဦးရေ ၈၀၀၀နီးပါးရှိနေတယ်လို့ အဲဒီမှာ ရောက်နေသူတွေကပြောပါတယ်။

  4. သရုပ်ဆောင် ပိုင်တံခွန် အလုပ်ကြမ်းနဲ့ ထောင် ၃ နှစ် ချမှတ်ခံရ

    ရန်ကုန်မြို့၊ အင်းစိန်ထောင်ထဲမှာ ဖမ်းဆီးထိန်းသိမ်းခံနေရတဲ့ သရုပ်ဆောင်၊မော်ဒယ် ပိုင်တံခွန်ကို အင်းစိန်ထောင်တွင်းတရားရုံးကနေ ဒီနေ့ ဒီဇင်ဘာလ ၂၇ ရက်မှာ အလုပ်ကြမ်းနဲ့ထောင် ၃ နှစ် ချမှတ်လိုက်တယ်လို့ သိရပါတယ်။

    ပိုင်တံခွန်ဟာ ရာဇသတ်ကြီးပုဒ်မ ၅၀၅-က အမှုကို အင်းစိန်ထောင်ထဲကနေ ရင်ဆိုင်ခဲ့ရပြီး လနဲ့ချီအကြာမှာ အခုလို အမိန့်ချမှတ်ခံလိုက်ရတာပါ။

    ''တကယ်တော့ ဒီနေ့က ကိုပိုင်တံခွန်ကို အမိန့်ချဖို့ မဟုတ်ဘူး။ လိုပြသက်သေ လာထွက်ရမယ့် ရုံးချိန်းပါ။ အဲဒီသက်သေက ကျန်းမာရေးကြောင့် မလာနိုင်ဘူးဆိုတော့ အမှုစစ်ရှေ့နေနဲ့ တရားသူကြီးက ကိုပိုင်တံခွန်ကို ရှေ့ကို ခေါ်ထုတ်ပြီး အမှုတွဲမှာပါတဲ့ သပိတ်တုန်းက ဓာတ်ပုံတွေကို ပြတယ်။ အဲဒီလိုဆန္ဒပြတာမှန်လားမေးတယ်။ ကိုပိုင်တံခွန်ကလည်း ဝန်ခံတယ်။ အဲဒါကို ဒါ မင်းမှာ အပြစ်ရှိကြောင်း ဝန်ခံတာပဲလို့ ဆိုပြီး အမိန့်ချခဲ့တာပါ။ ကိုပိုင်တံခွန်ရဲ့ ရှေ့နေရှိနေပေမဲ့ ရှေ့နေလည်း ပြောခွင့်မသာခဲ့ဘူး''လို့ ပိုင်တံခွန်ရဲ့ အမှုကိုလိုက်ပါဆောင်ရွက်နေတဲ့ရှေ့နေအဖွဲ့ကပြောပါတယ်။

    လုပ်ထုံးလုပ်နည်းအရဆိုရင် တရားလိုနဲ့ တရားလိုပြ သက်သေတွေစုံလင်အောင်စစ်ပြီးပြီဆိုရင် ပိုင်တံခွန်ရဲ့ရှေ့နေတွေဘက်က တစ်ဖက်စွပ်စွဲချက်တွေဟာ ခိုင်လံမှုမရှိတာကို ထောက်ပြပြီး အမှုကနေ လွှတ်ပေးဖို့ လာမယ့်ရုံးချိန်းတွေမှာ စွဲချက်လျှောက်လဲချက်တင်ရမှာဖြစ်ပါတယ်။

    စွဲချက်တင်သင့်တယ်လို့ ရုံးတော်က ဆုံးဖြတ်ရင်တောင် ပိုင်တံခွန်ဘက်က ခံပြ(စွပ်စွဲခံရသူဘက်က)သက်သေတွေကို တင်ပြတာ၊ သက်သေတွေကို စစ်ဆေးတာ၊ နောက်ဆုံးမှာ စွပ်စွဲခံရသူရဲ့ရှေ့နေဘက်က အပြီးသတ်လျှောက်လဲချက်တင်တာ၊ အဲဒီလျှောက်လဲချက်ကို တရားသူကြီးက ဆင်ခြင်သုံးသပ်မှုလုပ်ပြီးမှ အပြီးသတ်အမိန့်ချမှတ်တာမျိုး အဆင့်တွေ ကျန်နေသေးပေမဲ့ အခုလို ဆုံးဖြတ်လိုက်တာလို့လည်း ရှေ့နေအဖွဲ့ကပြောပါတယ်။

    ချမှတ်လိုက်တဲ့ထောင်ဒဏ်မှာ ချုပ်ရက်တွေကို ထည့်သွင်းခံစားခွင့်ရှိမှာဖြစ်ပေမဲ့ ဒီနေ့ တရားရုံးဆုံးဖြတ်ချက်ဟာ တရားရုံးကျင့်ထုံးကျင့်စဉ်တွေ၊ တရားရေးအတွေ့အကြုံတွေအရ တစ်ကြိမ်တစ်ခါမှ မတွေ့ခဲ့ဖူးဘူးလို့ ရှေ့နေတွေက မှတ်ချက်ပြုပါတယ်။

  5. မြဝတီ - အာရှလမ်းမပေါ်မှာ စစ်ကောင်စီယာဉ်တန်းမိုင်းဆွဲ တိုက်ခိုက်ခံရတယ်လို့ဒေသခံတွေပြော, မြို့တွင်းလမ်းမကြီးတချို့ကို ပြည်သူတွေမသွားကြဖို့ ကော့ကရိတ်PDFထုတ်ပြန်

    ဒီဇင်ဘာ (၂၆)ရက် ည(၁၂)နာရီဝန်းကျင်က မြဝတီအာရှ လမ်းမပေါ်ကော့ကရိတ်မြို့အနီးမှာ စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရတယ်လို့ ဒေသခံတွေကပြောပါတယ်။တိုက်ခိုက်ခံရမှုကြောင့် ကားတစ်စီးထိမှန်ခဲ့တယ်လို့ဆိုပါတယ်။အဲဒီမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဒဏ်ရာရထိခိုက်တာရှိတယ်လို့ ပြောပေမယ့်သီးခြားအတည်မပြု နိုင်သေးပါဘူး။ လက်ရှိမှာ ကော့ကရိတ်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ကတော့ ဘားအံ-ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီးနဲ့ ဘားအံ- ကော့ကရိတ်-ကြာအင်းဆိပ်ကြီး လမ်းမတွေပေါ်မှာ မသွားလာကြဖို့ ကြေညာချက်ထုတ်ထားပါတယ်။

    “အဓိကလမ်းလို့ပြောလို့ရမယ်၊ စစ်အင်အားဖြည့်တာတွေ အလောင်းသွားကောက်တာတွေသူတို့က အမြဲလုပ်တယ်။ သူတို့က အရပ်ကားတွေသုံးပြီးသွားတော့ အလုပ်လုပ်ရ ခက်တယ်”လို့ ကော့ကရိတ်မြို့ ရှေ့တန်းရောက် တပ်ဖွဲ့ဝင်တစ်ဦးက ဘီဘီစီကိုပြောပါတယ်။ မနေ့နေ့လည်ပိုင်းတုန်းကလည်း ကော့ကရိတ်မြို့၊ မွေးမြူရေးဇုန်နား ရဟတ်ယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာ ကြောင့် ကော့နွဲ့ကျေးရွာတစ်အုပ်စုလုံးထွက်ပြေးနေကြရတာပါ။

    ဒီကနေ့မနက်ပိုင်းမှာတော့ ကော့ကရိတ်ဘက်မှာ ပစ်ခတ်တိုက်ခိုက် တာတွေမရှိသေးပေမယ့် လေးကေ့ကော်တဝိုက်မှာတော့ မနက်အရုဏ်ဦးထဲက ပစ်ခတ်မှုတွေရှိနေပြီး အခုနေ့လည် (၂)နာရီဝန်းကျင်မှာ စစ်ကောင်စီက ရဟတ်ယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

  6. တန့်ဆည်မြို့လယ်က ဗိုလ်ချုပ်ကြေးရုပ်နားမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မိုင်းဆွဲတိုက်ခိုက်ခံရ, စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးသေဆုံးတယ်လို့ ဒေသ ပြောက်ကျားအဖွဲ့ပြော

    စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့လယ်က ဗိုလ်ချုပ်ကြေးရုပ်အနီး မိုင်းဆွဲတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးသေဆုံးပြီး နောက်ထပ် ၄ ဦး ဒဏ်ရာရသွားတယ်လို့ တန့်ဆည်ပြောက်ကျားအဖွဲ့(TPC)က သတင်းထုတ်ပြန်လာပါတယ်။

    မြို့လယ်အဝိုင်းက အလံနက်ကို လာဖြုတ်တဲ့စစ်ကောင်စီတပ်သားတွေကို ဒီနေ့ ဒီဇင်ဘာလ ၂၇ ရက် မနက် ၉ နာရီကျော်မှာ တိုက်ခိုက်ခဲ့တာလို့လည်းဆိုပါတယ်။

    အဲဒီလိုတိုက်ခိုက်ခံရမှုအပြီးမှာ စစ်ကောင်စီတပ်ဖွဲ့တွေက အနီးနားကို ကျည်အစစ်တွေသုံးပြီး ခြောက်လှန့်ပစ်ခတ်တာတွေ လုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

    နောက် အဲဒီဖြစ်ရပ်ကြောင့် တန့်ဆည်မြို့နဲ့ရေဦးမြို့အစပ်မှာရှိတဲ့ ချောင်းရိုးရွာကနေ တန့်ဆည်ကို တက်ပြီး ဈေးဝယ်ကြသူတချို့လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ စစ်ဆေးမေးမြန်းတာခံခဲ့ရတယ်လို့သိရပါတယ်။

    အခုတော့ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၇၀ နီးပါးဟာ ချောင်းရိုးရွာထဲကို ရောက်နေပြီး ရွာမြောက်ပိုင်းက စာသင်ကျောင်းမှာ တပ်စွဲဖို့ ပြင်ဆင်နေလို့ ဒေသခံအတော်များများ ဘေးလွတ်ရာရှောင်တိမ်းနေကြပြီလို့လည်း သိရပါတယ်။

  7. ဒေါ်အောင်ဆန်းစုကြည် အမှု ၂ ခုကို အပြီးသတ်အမိန့်ချဖို့ ထပ်မံရွှေ့ဆိုင်း, သဘာဝဘေးစီမံအမှုအတွက် ဒေါက်တာဇော်မြင့်မောင် ဗွီဒီယို ကတဆင့်သက်သေထွက်ဆို

    နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်နေရတဲ့ ပို့ကုန်သွင်းကုန်ဥပဒေပါပုဒ်မနဲ့ ဆက်သွယ်ရေးဥပဒေပါ ပုဒ်မ အမှု ၂ ခုအတွက် ဒီကနေ့ ဒီဇင်ဘာလ ၂၇ ရက်မှာအပြီးသတ်အမိန့်ချဖို့ ရှိပေမဲ့ လာမယ့် ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်ကို ထပ်မံရွှေ့ဆိုင်းလိုက်တယ်လို့ သိရပါတယ်။

    နေပြည်တော်အထူးတရားရုံးမှာ ဒီနေ့မနက်ခင်းမှာ ပြုလုပ်တဲ့ ရုံးချိန်းမှာ အခုလို ဒုတိယအကြိမ်မြောက် ရွှေ့ဆိုင်းလိုက်တာဖြစ်တယ်လို့ တရားရုံးနဲ့ နီးစပ်တဲ့သတင်းရင်းမြစ်တွေကပြောပါတယ်။

    နောက် ဒီနေ့ ရုံးချိန်းမှာပဲ ဒေါ်အောင်ဆန်းစုကြည်ရင်ဆိုင်နေရတဲ့ နောက်ထပ်သဘာဝဘေးစီမံဥပဒေပုဒ်မအမှုအတွက် မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ဟာ ဗီဒီယိုကနေ တဆင့် သက်သေထွက်ဆိုခဲ့ပါတယ်။

    တရားခွင်အတွင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒေါက်တာဇော်မြင့်မောင်တို့ ဗီဒီယိုကနေတဆင့် နှုတ်ဆက်ခွင့်ရခဲ့ကြတယ်လို့လည်း သိရပါတယ်။

    သူတို့ နှစ်ဦးစလုံး ကျန်းမာရေး ကောင်းမွန်တယ်လို့ တရားရုံးအသိုင်းဝိုင်းကလာတဲ့သတင်းတွေအရသိရပါတယ်။

    ဒီနေ့ အပြီးသတ်အမိန့်မချဖြစ်တဲ့ အမှု ၂ ခုဟာ စစ်တပ်က အာဏာသိမ်းမှုစတဲ့ ဖေဖော်ဝါရီလ ၁ ရက်မှာ ဒေါ်အောင်ဆန်းစုကြည်နေထိုင်တဲ့ မြနန်းဘုံသာလမ်းနေအိမ်ထဲကနေ စကားပြောစက်တွေနဲ့ jammer တစ်စုံတွေ့ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပို့ကုန်သွင်းကုန် ဥပဒေနဲ့ စတင်စွဲဆိုခဲ့တဲ့ ပထမဆုံးအမှုဖြစ်ပါတယ်။

    အာဏာသိမ်းပြီးနောက် စစ်ကောင်စီဘက်က ပထမဆုံးအမှုအဖြစ် ဒီပုဒ်မနဲ့ အမှုတပ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းထားခဲ့တာဖြစ်ပါတယ်။

    အဲဒီစကားပြောစက်တွေတွေ့တယ်ဆိုတဲ့စွပ်စွဲချက်နဲ့မတ်လမှာ ဆက်သွယ်ရေးဥပဒေနဲ့တရားထပ်စွဲခဲ့တာဖြစ်ပါတယ်။

  8. လေးကေ့ကော်အနီး မဲ့ထော်သလေးရွာ မှာ တိုက်ပွဲထပ်ဖြစ်, နေ့လယ်ပိုင်းအထိ စစ်ကောင်စီဘက်ကလက်နက်ကြီးနဲ့ပစ်ခတ်နေ

    ကရင်ပြည်နယ် မြဝတီမြို့ရဲ့ တောင်ဘက် ၅ မိုင်ခန့်အကွာ မဲ့ထော်သလေးရွာအနီး ဒီကနေ့ ဒီဇင်ဘာ၂၇ ရက် မနက် ၄ နာရီဝန်းကျင် ကစပြီး စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ပစ်ခတ်နေသလို နေ့လယ် ၁၂နာရီ ခန့် အချိန်အထိပစ်ခတ်နေတယ်လို့ အဲဒီတိုက်ပွဲနေရာမှာရောက်ရှိနေတဲ့ သတင်းရင်းမြစ်က ဘီဘီစီကိုပြောပါတယ်။

    အဲဒီ မနက်ပိုင်း ပစ်ခတ်မှုနောက်မှာ နှစ်ဖက် မြေပြင်တိုက်ပွဲလည်းရှိနေပြီး လက်ရှိအချိန်အထိ လက်နက်ကြီး လက်နက်ငယ် ပစ်ခတ်သံတွေကို မြဝတီမြို့ထဲကတောင် ကြားနေရတယ်လို့ စိုးရိမ်နေကြတယ်လို့ မြဝတီမြို့ခံတွေကပြောပါတယ်။

    စစ်ကောင်စီတပ်ဟာ မြဝတီမြို့နဲ့ ၃ မိုင်ခန့်အကွာ မေတ္တာလင်းမြိုင်ရွာအနီးနဲ့ ကျောက်လုံးကြီး အနောက်ဘက်ခြမ်းကနေ လက်နက်ကြီးနဲ့ပစ်ခတ်နေတာဖြစ်ပြီး မဲ့ထော်သလေး ၊ အင်ကြင်းမြိုင်၊ လေးကေ့ကော်ဒေသ ဘက်ကို ပစ်ခတ်နေတာလို့ ဆိုပါတယ်။

    ’’ ဟိုနေ့ကကျသွားတဲ့ ထီးမယ့်ဝါးခီစခန်းနေရာကို KNLA ပူးပေါင်းအဖွဲ့တွေကဒီနေ့ ပြန်ဝိုင်းထားတယ်။ အဲဒီအတွက် စစ်ကောင်စီဘက်က တောက်လျှောက်လက်နက်ကြီးပစ်နေတဲ့သဘော။မနက် အစော ၄နာရီထဲ ပစ်တာ နောက် ၁၀နာရီလောက်ခဏနားတယ်။နောက် အခု နေ့လယ်ပိုင်း ၁၁နာရီခွဲကျော် ၁၂နာရီမှာ လက်နက်ကြီးနဲ့ပြန်ပစ်နေတယ် ’’ လို့ အဲဒီတိုက်ပွဲနေရာမှာ သတင်းယူနေတဲ့ သတင်းသမားတစ်ဦး ကပြောပြပါတယ်။

    လက်ရှိမှာ လေးကေ့ကော်ဒေသတိုက်ပွဲကြောင့် စစ်ဘေးရှောင်ရသူ အရေအတွက်ဟာ သောင်းချီရှ်ိလာပြီး ထိုင်းနိုင်ငံ မဲဆောက်က မဲကော်ကိုး ထိုင်းဒုက္ခသည်စခန်းမှာ လူဦးရေ ၈၀၀၀နီးပါးရှိနေတယ်လို့ အဲဒီမှာ ရောက်နေသူတွေကပြောပါတယ်။

  9. မေယုကျွန်းအနီး ပင်လယ်ပြင်မှာ စက်လှေတစ်စင်းကို စစ်ကောင်စီရေတပ်က ပစ်ခတ်ဖမ်းဆီးချိန် လူ ၁ ဦးသေဆုံး

    ရခိုင်ပြည်နယ်၊စစ်တွေမြို့နယ်ထဲက မေယူကျွန်းအနီး ပင်လယ်ပြင်မှာ စစ်ကောင်စီရေတပ်က မသင်္ကာဖွယ်စက်လှေတစ်စင်းကို ပစ်ခတ်ဖမ်းဆီးချိန်အတွင်း စက်လှေပေါ်က လူတစ်ဦး သေဆုံးပြီး နောက်ထပ် ၃ ဦး ကျည်ထိမှန်ဒဏ်ရာရခဲ့တယ်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်လာပါတယ်။

    အဲဒီစက်လှေကို မေယုကျွန်း အရှေ့မြောက်ဘက် ရေမိုင် ၈ မိုင်အနီးမှာ တွေ့လို့ မီးအချက်ပြခေါ်ပေမဲ့ မလာဘဲ ထွက်ပြေးမောင်းနှင်လို့ လက်နက်ငယ်နဲ့ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

    ဖမ်းမိတဲ့စက်လှေထဲမှာ တရားမဝင်သစ်ခွဲသား ဆိုဒ်စုံ ၁၅ တန်ကို ဖမ်းမိသလို သေဆုံး ဒဏ်ရာရသူတွေဟာ ပေါက်တောမြို့နယ်ထဲမှာနေထိုင်သူတွေ ဖြစ်တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

  10. ဒီးမော့ဆိုမြို့မရဲစခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ခဲ့တယ်လို့ ဒေသ PDF ထုတ်ပြန်

    ကယား(ကရင်နီ)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ မြို့မရဲစခန်းမှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို သွားရောက် တိုက်ခိုက်ချိန် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရသူတွေလည်းရှိခဲ့တယ်လို့ ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ်(PDF)က လူမှုကွန်ယက်ကနေ သတင်းထုတ်ပြန်ပါတယ်။

    ဒီဇင်ဘာလ ၂၅ ရက်နေ့က ဖြစ်တဲ့အဲဒီတိုက်ပွဲဟာ မွန်းလွဲပိုင်းမှာဖြစ်ခဲ့တာဖြစ်ပြီး အချိန် ၂ နာရီကြာမြင့်ခဲ့တယ်လို့လည်း ဆိုပါတယ်။

    အဲဒီတိုက်ပွဲမှာ PDF ဘက်က တပ်ဖွဲ့ဝင် ၂ ဦးလည်း ဒဏ်ရာရခဲ့တယ်လို့ဆိုပါတယ်။

    တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ရဲစခန်းရှေ့က နေအိမ်တစ်လုံးကို မီးရှို့ခဲ့သလို တိုက်ပွဲမရှိတဲ့ ဒေါငံခါးရွာဘက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်တာလည်း လုပ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

    ဒီသတင်းနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစုံတရာထုတ်ပြန်တာမျိုး မရှိသေးပါဘူး။

  11. လေးကေ့ကော်စစ်ရှောင်အချို့ ခရစ်စမတ်နေ့ကို ဘယ်လိုဖြတ်သန်းခဲ့ကြလဲ

  12. ဖရူဆိုအစုလိုက်အပြုံလိုက် သတ်ဖြတ်မှု စုံစမ်းစစ်ဆေးဖို့ ကုလထိပ်တန်းအရာရှိ တောင်းဆို

    ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်ထဲက မိုဆို ကျေးရွာအနီး အရပ်သားတွေ အစုလိုက် အသတ်ဖြတ် ခံလိုက်ရတဲ့ အပေါ် အင်မတန် တုန်လှုပ် ခြောက်ခြား ရကြောင်း ကုလသမဂ္ဂရဲ့ လူသားချင်း စာနာမှု ဆိုင်ရာနဲ့ အရေးပေါ် အကူအညီပေးရေး ဌာန အကြီးအကဲ မာတင် ဂရစ်ဖစ် Martin Griffiths က ကြေညာချက် ထုတ်ပြန်ပါတယ်။

    ဖရူဆို တိုက်ခိုက်သတ်ဖြတ်မှုမှာ အနည်းဆုံး လူ ၃၅ ယောက် သေဆုံး ခဲ့ရပြီး၊ အဲဒီထဲမှာ အရွယ်မရောက်သေးတဲ့ ကလေးသူငယ်လည်း အနည်းဆုံး တစ်ယောက် ပါဝင်ကြောင်း ယုံကြည် စိတ်ချရဖွယ် သတင်းတွေ၊ အစီရင်ခံစာတွေ ရရှိထားတယ်လို့ မစ္စတာ ဂရစ်ဖစ်က ဆိုပါတယ်။

    အဲဒီ ဖြစ်ရပ်အတွင်း Save the Children ပရဟိတ ဝန်ထမ်း ၂ ယောက် ပျောက်ဆုံး နေပြီး၊ သူတို့ရဲ့ မော်တော်ယာဥ် မီးရှို့ခံထားလျက်သား တွေ့ရှိ ထားတဲ့ အချက်ကိုလည်း မစ္စတာ ဂရစ်ဖစ်ရဲ့ ထုတ်ပြန်ချက်ထဲ ထည့်သွင်း ဖော်ပြ ထားပါတယ်။

    ဒီတိုက်ခိုက်မှုဟာ အာဏာသိမ်း စစ်ကောင်စီဘက်က ကျူးလွန်တာ ဖြစ်တယ် ဆိုတဲ့ သတင်းတွေ ရထားတယ် ဆိုပြီးတော့ Save the Children အဖွဲ့က ထုတ်ပြန် ထားနှင့်ပြီး ဖြစ်ပါတယ်။

    အင်မတန် ဆိုးရွားပြင်းထန်လှတဲ့ အခု ဖရူဆို တိုက်ခိုက်မှု အပါအဝင် မြန်မာနိုင်ငံ တလွှား ပေါ်ပေါက်နေတဲ့ အရပ်သားတွေ အပေါ် ပစ်မှတ်ထား တိုက်ခိုက် နေတာတွေကို ရှုတ်ချလိုက်ပြီး၊ အဲဒီ လုပ်ရပ်တွေဟာ နိုင်ငံတကာ ဥပဒေကို ချိုးဖောက်နေတာ ဖြစ်တယ်လို့ မစ္စတာ ဂရစ်ဖစ်က ပြောပါတယ်။

    အခု ဖရူဆို တိုက်ခိုက်မှုကို ကျူးလွန်သူတွေကို အပြစ်ပေး အရေးယူနိုင်ဖို့ရာ ပွင့်လင်းမြင်သာမှု ရှိတဲ့ အသေးစိတ် စုံစမ်း စစ်ဆေးမှု တစ်ရပ် ချက်ခြင်း စတင်ဖို့ စစ်ကောင်စီကို တောင်းဆိုလိုက်တယ် ဆိုပြီးတော့လည်း မစ္စတာ ဂရစ်ဖစ်ရဲ့ ထုတ်ပြန်ချက်ထဲ ရေးသားထားပါတယ်။

    ဒီအချိန်မှာပဲ၊ တကျော့ပြန် စစ်အာဏာသိမ်းခံပြီး ကတည်းကနေ ဒီဇင်ဘာ ၂၆ ရက်နေ့ အထိ ဆိုရင် ကယား ပြည်နယ် တိုက်ပွဲတွေမှာ ဒေသခံ ၁၈၇ ယောက် သေဆုံးခဲ့ရပြီး ဖြစ်တယ်လို့ တိုးတက်သော ကရင်နီ ပြည်သူ့ အင်အားစုက ထုတ်ပြန်ပါတယ်။

  13. ဒေါ်အောင်ဆန်းစုကြည်အမှု ၂ ကို ဒီနေ့ အမိန့်ချဖို့ရှိ, သဘာဘေးစီမံဥပဒေပုဒ်မအတွက် ဒေါက်တာဇော်မြင့်မောင်လည်း ဗီဒီယိုကနေ သက်သေထွက်ဆိုဖို့ရှိနေ

    နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အပေါ် စွပ်စွဲထားတဲ့ အမှုတွေထဲက ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မနဲ့ ဆက်သွယ်ရေးဥပဒေပုဒ်မ အမှုနှစ်ခုကို ဒီနေ့ ဒီဇင်ဘာလ ၂၇ ရက်မှာ နေပြည်တော်အထူးတရားရုံးကနေ အမိန့်ချမှတ်ဖို့ရှိပါတယ်။

    ဒီအမှုတွေကို ပြီးခဲ့တဲ့သီတင်းပတ် ရုံးချိန်းကတည်းက အပြီးသတ်အမိန့်ချဖို့ရှိခဲ့ပေမဲ့ တရားသူကြီးက အကြောင်းပြချက်မပေးဘဲ အခုသီတင်းပတ်ကို ရုံးချိန်း ထပ်ချိန်းဆိုခဲ့တာ ဖြစ်ပါတယ်။

    နောက် ဒေါ်အောင်ဆန်းစုကြည်ရင်ဆိုင်နေရတဲ့ နောက်ထပ်အမှုတစ်ခုဖြစ်တဲ့ သဘာဝဘေးစီမံဥပဒေပုဒ်မအမှုအတွက် ဒေါက်တာဇော်မြင့်မောင်ကို ဗီဒီယိုကွန်ဖရန်ဇင်းကနေ သက်သေအဖြစ် ထွက်ဆိုနိုင်တယ်ဆိုပြီး တရားသူကြီးက ပြီးခဲ့တဲ့တစ်ပတ် ရုံးချိန်းကတည်းက ဆုံးဖြတ်ထားပါတယ်။

    ဒီနေ့ အမိန့်ချဖို့ရှိတဲ့အမှု ၂ ခုဟာ အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်က ဒေါ်အောင်ဆန်းစုကြည်နေထိုင်ခဲ့တဲ့ မြနန်းဘုံသာလမ်းနေအိမ်ကိုဝင်ရောက်ရှာဖွေရာမှာ စကားပြောစက် ၁၀ လုံး နဲ့ Jammer တစ်စုံ တွေ့လို့ဆိုပြီး ပို့ကုန်သွင်းကုန် ဥပဒေနဲ့ စတင်စွဲဆိုခဲ့တဲ့ ပထမဆုံးအမှုဖြစ်ပါတယ်။

    အာဏာသိမ်းပြီးနောက် စစ်ကောင်စီဘက်က ပထမဆုံးအမှုအဖြစ် ဒီပုဒ်မနဲ့ အမှုတပ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းထားခဲ့တာဖြစ်ပါတယ်။

    အဲဒီစကားပြောစက်တွေတွေ့တယ်ဆိုတဲ့စွပ်စွဲချက်နဲ့မတ်လမှာ ဆက်သွယ်ရေးဥပဒေနဲ့တရားထပ်စွဲခဲ့တာပါ။

    ပို့ကုန်သွင်းကုန်ဥပဒေအရ ပြစ်မှုထင်ရှားတယ်လို့ တရားရုံးက ဆုံးဖြတ်တယ်ဆိုရင် ထောင် ၃ နှစ် ဒါမှမဟုတ် ငွေဒဏ် ချမှတ်ခံရနိုင်ပြီး ဆက်သွယ်ရေးဥပဒေအရဆိုရင် ထောင် ၁ နှစ် ဒါမှမဟုတ် ငွေဒဏ် ချမှတ်ခံရနိုင်ချေ ရှိနေပါတယ်။

    လက်ရှိမှာ စစ်ကောင်စီရဲ့ စွပ်စွဲမှုတွေနဲ့တရားရင်ဆိုင်နေရတဲ့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သဘာဝဘေးစီမံပုဒ်မနဲ့ ပုဒ်မ ၅၀၅(ခ) တို့အတွက် အမိန့်ချမှတ်ခံထားပြီး ကျန်စွပ်စွဲခံအမှုတွေအတွက် ထောင်ဝတ်စုံနဲ့ ကြားနာမှုတွေကိုတက်ရောက်နေရပါတယ်။

  14. ကယား တိုက်ပွဲတွေကြောင့် သေဆုံးသူ ၁၈၇ ဦးအထိရှိလာ

    စစ်ကောင်စီအာဏာသိမ်းပြီးကတည်းက ဒီကနေ့ ဒီဇင်ဘာလ ၂၆ ရက်နေ့ အထိ ကယားပြည်နယ်က တိုက်ပွဲတွေအတွင်း ဒေသခံ ၁၈၇ ဦး သေဆုံးခဲ့ရပြီးဖြစ်တယ်လို့ တိုးတက်သောကရင်နီပြည်သူ့ အင်အားစုက ဒီကနေ့ ဒီဇင်ဘာလ ၂၆ ရက်နေ့ နေ့စွဲနဲ့ သတင်းထုတ်ပြန်ပါတယ်။

    သေဆုံးခဲ့ရသူတွေထဲမှာ သပိတ်အတွင်းသေဆုံးသူ ၂ ဦး၊ အရပ်သားသေဆုံးသူ ၁၃၃ ဦး၊စစ်ဘေးရှောင်စဥ်သေဆုံးသူ ၁၁ ဦးနဲ့ KNDF နဲ့ PDF တပ်ဖွဲ့ဝင် သေဆုံးသူ ၄၁ ဦးဖြစ်တယ်လို့ ဆိုပါတယ်။

    ဒီဇင်ဘာလ ၂၄ ရက်နေ့က အစုလိုက် အသတ်ခံရတဲ့ ဖရူဆို မြို့နယ် မိုဆိုကျေးရွာအနီး အသတ်ခံရတဲ့ သူတွေ အပါအဝင် ဖရူဆိုမြို့နယ်ထဲမှာ စစ်ပွဲအတွင်းသေဆုံးခဲ့သူ ၄၀ ဦးအထိရှိလာပြီး ဒီပြည်နယ်ထဲမှာ ဖရူဆိုက ဒုတိယသေဆုံးသူ အများဆုံးမြို့နယ်ဖြစ်နေပါတယ်၊

    ဒီးမော့ဆို့မြို့နယ်က စစ်ပွဲအတွင်းသေဆုံးသူ ၉၈ ဦးနဲ့ အများဆုံးဖြစ်ပြီးတော့ ၊လွိုင်ကော်မှာ ၂၄ ဦး ၊ ရှမ်းပြည်နယ်ထဲက မိုးဗြဲနဲ့ ဖယ်ခုံမြို့မှာတော့ ၈ ဦးနဲ့ ၁၅ ဦး စီလို့ ထည့်သွင်းဖော်ပြထားပါတယ်။

    စစ်ကောင်စီဘက်ကတော့ တိုက်ပွဲသတင်းအချို့ကို ထုတ်ပြန်လေ့ရှိပေမဲ့ ကယားပြည်နယ်အတွင်း ဘယ်လောက်ထိခိုက်ကျဆုံးမှုရှိတယ်ဆိုတာကိုတော့ သီးခြား ထုတ်ပြန်တာမတွေ့ရသေးပါဘူး။

  15. ကလေးမြို့ နတ်ချောင်းရွာမှာ ညပိုင်း တိုက်ပွဲပြန်ဖြစ်၊

    ကလေးမြို့ တောင်ပိုင်း ကလေး ဂန့်ဂေါ်လမ်းပေါ်က နတ်ချောင်းကျေးရွာမှာ ဒီဇင်ဘာလ ၂၆ ရက်နေ့ ညပိုင်းက ပစ်ခတ်သံများပြန်ကြားရပြီး တိုက်ပွဲပြန်လည်ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက တစ်ဆင့်သိရပါတယ်။

    စစ်ကောင်စီတပ်တွေဘက် ညနေ(၄)နာရီဝန်းကျင်က နတ်ချောင်းရွာထဲက အောင်ဆုပန်ဘုန်းတော်ကြီးကျောင်းအနီးရှိ နေအိမ်တစ်လုံးကို မီးရှိုခဲ့တယ်လို့လည်းသိရပါတယ်။

    ညပိုင်းမှာတော့ သူတို့တပ်စွဲထားတဲ့ ကလေး ဂျီတီစီ ကျောင်းဝင်းကနေ ရွာဘက်ကို လက်နက်ကြီးတွေနဲ့ လှမ်းပစ်နေတာ ရှိတယ်လို့လည်း အနီးနားနေသူတွေက ပြောပါတယ်။

    ဒီဇင်ဘာလ ၂၃ ရက်နေ့ ရဟတ်ယာဉ်နဲ့ ဝင်ပစ်ခံရပြီး သေဆုံးခဲ့တဲ့ အလောင်း ၄ လောင်းကို ဒီကနေ့ ဒီဇင်ဘာလ ၂၆ ရက်နေ့မှာ ပြန်လည်ကောက်ယူနိုင်ခဲ့ပြီးတော့ အချို့လည်းရွာထဲမှာ ကျန်နေသေးတယ်လို့ ကလေး PDF ကပြောပါတယ်။

    ဒါအပြင် ဒီကနေ့ နေလယ်ပိုင်းကတည်းက နတ်ချောင်းမှာ စစ်တပ်နဲ့ ဒေသခံကာကွယ်ရေးတပ်တွေအကြားမှာလည်း စစ်ရေးတင်မာနေတယ်လို့ မြေပြင်အခြေအနေသိရှိသူတွေနဲ့ ဒေသခံတွေက ဘီဘီစီကိုပြောပြကြပါတယ်။

    စစ်ကောင်စီတပ်တွေက နတ်ချောင်းရွာ အရှေ့ဘက်ခြမ်းမှာနေရာ ယူထားတာဖြစ်ပြီး နတ်ချောင်းရွာအနောက်ဘက်ခြမ်းကို ကလေး PDF ၊ CNF နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေကနေရာယူထားတာလို့လည်း ဆိုပါတယ်။

  16. ချင်းပြည်နယ် NLD ပါတီ အတွင်းရေးမှူး နေအိမ် ချိပ်ပိတ်ခံရ

    အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ဗဟိုကော်မတီဝင်နဲ့ ချင်းပြည်နယ် အတွင်းရေးမှူး ဆလိုင်းမျိုးထိုက်ရဲ့ ပလက်ဝမြို့နယ်၊ ဆမီးမြို့ နေအိမ်နဲ့ သူ့ရဲ့ဖခင်နေအိမ်ကို ယနေ့ ဒီဇင်ဘာလ ၂၆ ရက်နေ့၁၁ နာရီက စစ်ကောင်စီတပ်တွေက လာရောက် ချိပ်ပိတ်သွားတယ်လို့ သိရပါတယ်။

    စစ်ကောင်စီတွေက အခုလို အိမ်ကို လာရောက်ပြီးချိပ်ပိတ်တာမှန်တယ်လို့ ချင်းပြည်နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီဝင်တစ်ဦးကလည်း ဘီဘီစီကို အတည်ပြုပါတယ်။

    ဆလိုင်းမျိုးထိုက်ဟာ ပလက်ဝမြို့နယ် အမျိုးသား လွှတ်တော် ကိုယ်စားလှယ်အဖြစ် တစ်ကြိမ်၊ ပြည်နယ် အမှတ် (၂) ကိုယ်စားလှယ်အဖြစ် တစ်ကြိမ် ဆက်တိုက် ရွေးကောက်ခံခဲ့ရသူ ဖြစ်ပြီး ပြီးခဲ့တဲ့လွှတ်တော် သက်တမ်းတုန်းကလည်း နိုင်ငံသားများရဲ့ မူလ အခွင့်အရေး၊ ဒီမိုကရေစီ အရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ ကော်မတီ အတွင်းရေးမှူး တာဝန် ထမ်းဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။

    ချင်းပြည်နယ်မှာ ၂၀၂၀ ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ်တစ်ဦး နေအိမ်ကို စစ်ကောင်စီတပ်တွေက ချိပ်ပိတ်ခံရ တာပထမဆုံးလို့ ဒေသ သတင်းတွေကဖော်ပြပြီးပြီးခဲ့တဲ့အောက်တိုဘာ ၃၀ ရက်နေ့က ဟားခါးမြို့က NUG ဝန်ကြီး ဒေါက်တာလျန်မှုန်းဆာခေါင်းရဲ့ နေအိမ်ကို စစ်ကောင်စီတပ်တွေက ချိပ်ပိတ်ခဲ့ပါတယ်။

  17. ဖရူဆိုမြို့နယ်ထဲက အစုလိုက် အသတ်ခံရတဲ့ အလောင်းတွေ သယ်လို့မရသေး

  18. ကရင်ပြည်နယ်၊ ကော့ကရိတ်မှာ စစ်ကောင်စီလေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်, ကော့နွဲ့ကျေးရွာအုပ်စုတစ်စုလုံးစစ်ဘေးရှောင်နေရ

    ဒီကနေ့ ဒီဇင်ဘာ (၂၆)ရက် နေ့လယ် (၁)နာရီဝန်းကျင်မှာ စစ်ကောင်စီက ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် အာရှလမ်းမပေါ်က တောနော်ရေတံခွန်နဲ့ မွေးမြူရေးဇုန်အနီး ရဟတ်ယာဉ်နဲ့ ဗုံးကြဲတိုက် ခိုက်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

    ဒါဟာ အာဏာသိမ်းပြီးနောက် ပထမဆုံးအကြိမ် ကော့ကရိတ်မြို့ ဗုံးကြဲခံရတာပါ။ ဗုံးကြဲတာကြောင့်ပျက်ဆီးမှုအခြေအနေကို တိတိကျကျမသိရသေးဘူးလို့ ဒေသခံတွေကပြောပါတယ်။

    ဒါကြောင့် အာရှလမ်းနဲ့ အနီးဆုံးမှာရှိတဲ့ ကော့နွဲ့ကျေးရွာအုပ်စုတစ်စုလုံးကလူဦးရေတစ်ထောင်ကျော် စစ်‌ဘေးရှောင်နေရပါတယ်။

    “နေ့လယ် တစ်နာရီလောက် မှာ မိနစ်လေးဆယ်‌ကျော် ဝဲပြီးတော့ ဗုံးကြဲသွားတာပဲ။ အခုစစ်ရှောင်တာမှာ ကော့နွဲ့အုပ်စုက လေးရွာ ငါးရွာရှိတယ်။ ကော့နွဲ့၊ ပန်ကလော်၊ကော့နွဲ့ရွာသစ်ကုန်း၊ တတံကူး အဲဒီက ရွာလေးရွာလုံးကတော့ တစ်ရွာလုံးထွက်ပြေးနေတဲ့ အနေအထားရှိတယ်။ စစ်ရှောင်ရတဲ့လူဦးရေက ၁၇၀၀လောက်ရှိနေပြီ”လို့ စစ်ဘေးရှောင်သူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    ကော့နွဲ့အုပ်စုဟာ အောက်တိုဘာလတုန်းကလည်း စစ်ဘေးရှောင်ခဲ့ရပြီး အခုဒီဇင်ဘာလမှာ ထပ်မံ တိမ်းရှောင်ကြရတာပါ။ ဒီရက်ပိုင်းအတွင်း အာရှလမ်းမတဝိုက် စစ်ကောင်စီနဲ့ ကရင်အမျိုးသားအစည်းအရုံး KNU နဲ့ပူးပေါင်းအဖွဲ့တွေအကြား တိုက်ပွဲပြင်းထန်နေခဲ့ပြီး ဒီကနေ့ မနက်အစောပိုင်းမှာလည်း နှစ်ဖက်ပစ်ခတ်မှုပြီးတဲ့နောက် အခုလို ရဟတ်ယာဉ်နဲ့ ဗုံးကြဲမှုရှိခဲ့တာလို့ ဒေသတွင်းအခြေစိုက် မီဒီယာတွေမှာဖော်ပြထားပါတယ်။

    ဒီမနက်မြေပြင်တိုက်ခိုက်မှုမှာတော့ စစ်ကောင်စီဘက်က အနည်းဆုံး (၇)ဦးထပ်မနည်းသေဆုံးခဲ့တယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ သေဆုံးမှုတွေနဲ့ပတ်သက်လို့ ဘီဘီစီဘက်က သီးခြားအတည်မပြုနိုင်သလို စစ်ကောင်စီဘက်ကထုတ်ပြန်တာလည်းမရှိသေးပါဘူး။

  19. တန့်ဆည် မြောက်အင်းရွာမှာ နေအိမ်တွေအများအပြားမီးရှို့ခံရ

    စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ မြောက်အင်းရွာမှာ ဒီကနေ့ ဒီဇင်ဘာလ ၂၆ ရက်နေ့ မနက်ပိုင်းက နေအိမ် ၉၀ ခန့်မီးရှို့ခံခဲ့ရတယ်လို့ ဒေသခံတွေထံက တစ်ဆင့်သိရပါတယ်။

    တစ်ရွာလုံးနီးပါးကို မီးရှို့ထားခဲ့တာလို့လည်း ဒေသခံတွေကပြောသလို မီးလောင်နေတဲ့ အိမ်တွေကို ရိုက်ထားတဲ့ရုပ်သံကိုလည်း ဒေသခံအချို့က ဆိုရှယ်လူမှုကွန်ရက်မှာ တင်ထားတာကိုတွေ့ရပါတယ်။

    စစ်ကောင်စီတပ်တွေဟာမြောက်အင်းရွာထဲကို အင်အား ၆၀ ခန့်နဲ့ ဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။

    စစ်ကောင်စီတပ်တွေ ဝင်ရောက်မီးရှို့ဖျက်ဆီး​ခဲ့တာလို့ ဒေသခံတွေက ပြောပေမယ့် စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသေးပါဘူး၊

    ရွာသူရွာသားတွေကတော့ ထွက်ပြေးတိမ်းရှောင်နေရပြီး ​မီးငြှိမ်းသတ်ပေးမယ့်လူမရှိတာကြောင့် မီးလောင်ပျက်စီးတဲ့ အိမ်အရေအတွက် ထပ်တိုးလာနိုင်ကြောင်း ဒေသခံက ပြောပါတယ်။

    စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၀နဲ့ ၂၁ ရက်ကလည်း တန့်ဆည်နယ်နဲ့ ရေဦးနယ်အစပ်က လိပ်ခြံနဲ့ ရေမျက်ရွာတွေကို ပီဒီအက်ဖ်စခန်းတွေကို ဖြိုခွင်းတာဆိုပြီး ရဟတ်ယာဉ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

  20. စစ်တွေမှာ ရခိုင်ပန်းချီဆရာ ၄၀ ကျော်ရဲ့လက်ရာတွေကိုစုပေါင်းပြသနေ

    ရခိုင်ပန်းချီဆရာ ၄၅ ယောက်ရဲ့လက်ရာတွေကို ပြည်နယ်မြို့တော် စစ်တွေက ခိုင်သဇင်ခန်းမမှာ ဒီဇင်ဘာလ ၂၂ ရက်ကစလို့ပြသနေပါတယ်။

    မဇ္ဈိမတံခါးပန်းချီပြပွဲလို့ နာမည်ပေးထားတဲ့ အဲဒီပွဲမှာ ပန်းချီဆရာတွေရဲ့ လက်ရာစုစုပေါင်း ၁၆၀ နီးပါးကို ၃ ရက်ကြာပြသနေတာဖြစ်ပါတယ်။

    ''ကလေးတွေကို ပန်းချီပညာနဲ့ရင်းနှီးကျွမ်းဝင်စေဖို့ရယ်။ဒီပြပွဲကနေတဆင့်နောက်ထပ်ပြပွဲတွေ ဆက်လုပ်နိုင်စေဖို့ရယ်။ ရခိုင်မှာ ပန်းချီပညာသင်တန်းကျောင်းတစ်ခုဖွင့်လှစ်နိုင်ဖို့ရယ် ရည် ရွယ်ပါတယ်''လို့ တောင်ကုတ်ကပန်းချီဆရာကိုရက္ခကပြောပါတယ်။