ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကလေးမြို့တောင်ပိုင်း နတ်ချောင်းရွာကို ရဟတ်ယာဥ်တွေနဲ့ဝင်ပစ်
ကလေးမြို့ တောင်ဘက် မြို့နဲ့ ၁၅ မိုင်လောက်ဝေးတဲ့ နတ်ချောင်းကျေးရွာအနီးကို စစ်ကောင်စီတပ်တွေက ဒီကနေ့ ဒီဇင်ဘာ ၂၃ ရက်နေ့ နေ့လယ်ပိုင်းကစတင်ပြီး ရဟတ်ယာဥ်တွေသုံးကာ ပစ်ခတ်နေကြောင်းဒေသခံတွေက ပြောပါတယ်။
ဒီကနေ့ နေ့လယ်ပိုင်းက စပြီး ကလေးမြို့နယ်ထဲက နတ်ချောင်း နတ်မြေင်းနဲ့ ချောင်းဂွ ရွာတွေအနီးကို လာရောက်ပစ်ခတ်နေတာဖြစ်ပြီးတော့ နေ့လယ် ၂ နာရီ ၅၀ ဝန်းကျင်ကတစ်ကြိမ် နဲ့ ၃ နာရီကျော်ဝန်းကျင်က တစ်ကြိမ် လာရောက်ပစ်ခတ်ခဲ့တဲ့ လို့လည်းသူတို့ကပြောပါတယ်။
ဘီဘီစီက ကြည့်ရတဲ့ရုပ်သံဖိုင်မှာ ရဟတ်ယာဥ်ဟာ နတ်ချောင်းရွာအနီးအရောက်မှာ ခပ်နိမ့်နိမ့် ဆင်းလာတာကိုတွေ့ရပြီး ရဟတ်ယာဥ်ပေါ်က ပစ်ခတ်တဲ့ သေနတ်သံတွေကိုလည်း ကြားနေရပါတယ်။
ဒီဇင်ဘာလ ၂၂ ရက်နေ့က နတ်ချောင်း နတ်မြောင်းနဲ့ချောင်းဂွကျေးရွာတို့မှာ ရွာခံတွေကို ဖမ်းဆီးစစ်ဆေးတာ ရိုက်နှက်တာတွေလုပ်ခဲ့ပြီးနောက် ဒေသခံ PDF တွေက ဒီကနေ့ ဒီဇင်ဘာလ ၂၃ ရက်နေ့မှာ ပြန်လည်ပစ်ခတ်ခဲ့ရာမှာ ရဟတ်ယာဥ်တွေ သုံးပြီး လာရောက်ပစ်ခတ်တာလို့ ဒေသခံတွေက ဆိုပါတယ်။
ဒါ့အပြင် ဒီဇင်ဘာလ ၂၂ ရက်နေ့ကလည်း စစ်ကောင်စီတပ်တွေ တပ်စွဲနေတဲ့ နတ်ချောင်းစာသင်ကျောင်းထဲကနေလည်း ရွာဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုရှိတယ်လို့ ရွာခံတွေကပြောပါတယ်။
ဒီကနေ့ ရဟတ်ယာဥ်နဲ့ပစ်ခတ်မှုကြောင့် ကလေးမြို့နယ်၊ နတ်ချောင်းရွာက နေအိမ်အချို့နဲ့ ဘုန်းကြီးကျောင်းတို့ ထိခိုက်ပျက်စီးမှုရှိခဲတယ်လို့ သိရပါတယ်။
ပစ်ခတ်မှုကြောင့်ရွာခံအချို့ ထိခိုက်ဒဏ်ရရသူတွေရှိတယ်ဆိုပေမယ့် သီးခြားအတည်ပြုနိုင်ခြင်းတော့မရှိသေးပါဘူး။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၂ ရက် မနက်စောစောပိုင်းကတည်းက ကလေးမြို့နယ်၊ နတ်ချောင်းကျေးရွာအတွင်းသို့ စစ်ကောင်စီတပ်တွေဟာ ဝင်ရောက်ရှာဖွေနေခဲ့ကြတာ ဖြစ်ပါတယ်။
PDF ကို ထောက်ပံ့တယ်လို့ဆိုပြီး လူတစ်ယောက်ကို လာရောက်ဖမ်းဆီးရာ အဲ့ဒီသူကို မတွေ့လို့ သူရဲ့ညီတော်သူ အမျိုးသား၂ ဦးနဲ့ အခြားအမျိုးသမီးတစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြတယ်လို့ လည်းဒေသခံတွေကပြောပါတယ်။
ကလေး ဒေသကာကွယ်ရေးတပ်တွေကတော့ စစ်ကောင်စီတပ်တွေဟာ ရွာထဲကိုဝင်ရောက်ဖမ်းဆီးပြီး ရိုက်နှက်နေတာကြောင့် ဒီကနေ့ ဒီဇင်ဘာလ ၂၃ရက်နေ့ နတ်ချောင်းရွာမှာ ပြန်လည်ပစ်ခတ်မှုတွေရှိခဲ့တဲ့ အကြောင်းထုတ်ပြန်ပါတယ်။
ကလေးမြို့နယ် ၊တောင်ပိုင်းရှိ နတ်ချောင်း၊ နတ်မြောင်း၊ ချောင်းခွ ကျေးရွာတွေမှာ စစ်ကောင်စီတပ်တွေဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၇ ရက်နေ့ ကနေပြီး ဒီဇင်ဘာလ ၁၆ ရက်နေ့ အထိကျေးရွာ ဘုန်ကြီးကျောင်းများ ဘာသာရေး အဆောက်အအုံများမှာ တပ်စွဲနေခဲ့ကြောင်းနဲ့ ဒီဇင်ဘာလ ၁၆ ရက်နေ့ က ကလေး ဂန့်ဂေါ်လမ်းပေါ်က ဂန့်ဂေါ်မြို့နယ်အတွင်းရှိ နမ်းခါးကျေးရွာကို စစ်ရဟတ်ယာဥ်နှစ်စီးနဲ့ ပြောင်းသွားခဲ့ကြတာလို့ဆိုပါတယ်။
အဲ့ဒီနောက် ရဟတ်ယာဥ်တွေနဲ့ ဒီဇင်ဘာလ ၂၂ ရက်နေ့မှာ ပြန်လည်ရောက်ရှိလာခဲ့တာလို့လည်း ဆိုပါတယ်။
ကလေးမြို့တောင်ပိုင်း ကလေး ဂန့်ဂေါ်လမ်းဘေးက ရွာတွေဖြစ်တဲ့ နတ်ချောင်း နတ်မြောင်း ချောင်းဂွရွာတွေအနီးမှာ စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲဖြစ်ခဲ့တာ ၅ ကြိမ်ခန့်အထိရှိပြီး ဒီဇင်ဘာလ ၂၂ ရက်နေ့က စပြီး အဲ့ဒီကျေးရွာတွေတစ်ဝိုက်ကို ဖုန်းနဲ့ အင်တာနက်တွေဖြတ်တောက်ထားတယ်လို့ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့ နတ်ချောင်းရွာကို ရဟတ်ယာဥ်နှစ်စီးနဲ့ ၁၀ ခေါက်လောက်ပတ်ပစ်သွားတာလို့လည်း နတ်ချောင်းဒေသခံတစ်ဦးကပြောပါတယ်။