မြန်မာပြည်ခရီးနဲ့ပတ်သက်ပြီးဝေဖန်မှုကို ကမ္ဘောဒီးယားဝန်ကြီးချုပ် ကာကွယ်ပြောဆို
ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်ဟာ ဇန်နဝါရီလဆန်းမှာ မြန်မာပြည်ကို သွားဖို့ ပြင်ဆင်နေတဲ့သူ့ခရီးစဉ်ကို ဝေဖန်တဲ့ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်းရဲ့မှတ်ချက်ကို ဒီနေ့ ဒီဇင်ဘာလ ၉ ရက်မှာ ပြန်လည်တုံ့ပြန်ပြောဆိုလာပါတယ်။
မြန်မာ့နိုင်ငံရေးအကျပ်အတည်းအဆုံးသတ်အောင် တိကျတဲ့ခြေလှမ်းတွေ မဖော်ဆောင်ခင် ဝန်ကြီးချုပ်ဟွန်ဆန်က မြန်မာပြည်ခရီးစဉ်သွားဖို့ ပြင်ဆင်နေတာဟာ အာဏာသိမ်းထားတဲ့မြန်မာစစ်တပ်ကို တရားဝင်အသိအမှတ်ပြုရာ ရောက်နိုင်တယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်း Kasit Piromya က အစောပိုင်းတုန်းက ပြောထားတာပါ။
ဝန်ကြီးချုပ်ဟွန်ဆန်ကတော့ နိုင်ငံခြားရေးဝန်ကြီးဟောင်းအနေနဲ့ ဒီလိုပြောဆိုတာ ကိုယ်ပိုင်အခွင့်အရေးဖြစ်ပေမဲ့ တစ်ဖက်မှာလည်း ဒီခရီးစဉ် စီစဉ်တာဟာ သူ့ရဲ့အခွင့်အရေးဖြစ်တယ်၊ အာဆီယံကို ၉ နိုင်ငံ မဖြစ်အောင်၊ ၁၀ နိုင်ငံအပြည့်ဖြစ်နေအောင် သူကြိုးပမ်းနေတာ အမှားလားလို့ မေးခွန်းပြန်ထုတ်ပါတယ်။
လာမယ့်နှစ်မှာ အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်လာမယ့် ကမ္ဘောဒီးယားဟာ မြန်မာစစ်ခေါင်းဆောင်တွေလည်း အာဆီယံအစည်းအဝေးပွဲတွေမှာ ရှိသင့်တယ်လို့ပြောထားသူဖြစ်ပါတယ်။
တစ်ချိန်တည်းမှာပဲ စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ဟာ ဝန်ကြီးချုပ် ဟွန်ဆန်နဲ့ ဖနွမ်းပင်မြို့မှာ ဒီတစ်အတွင်း တွေ့ဆုံထားပြီး မြန်မာပြည်ကိုလာဖို့ တရားဝင်ဖိတ်ကြားခဲ့တယ်လို့ သိရပါတယ်။
တစ်ဖက်မှာလည်း အာဆီယံဟာ မြန်မာ့အရေးဘုံသဘောတူညီချက်တွေကို စစ်ကောင်စီ ဘက်က အကောင်အထည်ဖော်တဲ့နေရာမှာ တိုးတက်မှုမရှိဘူးဆိုပြီး အာဏာသိမ်းစစ်ခေါင်းဆောင်လည်းဖြစ်၊ စစ်ကောင်စီဥက္ကဋ္ဌလည်းဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ပြီးခဲ့တဲ့ထိပ်သီးဆွေးနွေးပွဲတွေကို မဖိတ်ကြားခဲ့ပါဘူး။