ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

ဆရာ၀န်ရဲ့ကျန်းမာရေးမှတ်ချက်ကြောင့်ဒေါ်အောင်ဆန်းစုကြည်အမှုအတွက် ဒေါက်တာဇော်မြင့်မောင် သက်သေထွက်ဆိုခွင့်မရသေး

ဒေါ်အောင်ဆန်းစုကြည်ရင်ဆိုင်နေရတဲ့သဘာဝဘေးဥပဒေပုဒ်မ ၂၅ အမှုအတွက် ဒေါက်တာဇော်မြင့်မောင်ကို သက်သေအဖြစ် ရုံးတော်ကိုလျှောက်ထားခဲ့ပေမဲ့ ကျန်းမာရေးအရ ခရီးသွားခွင့်မပြုသင့်ကြောင်းဆရာဝန်ရဲ့မှတ်ချက်ရှိလို့ ဒေါက်တာဇော်မြင့်မောင်သက်သေထွက်ဆို ခွင့်မရသေး

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. တိုက်ရိုက်တင်ဆက်မှု ပြီးဆုံးပါပြီ။ ဆက်လက်ဖြစ်ပေါ်နေတဲ့ သတင်းတွေကို တင်ဆက်မယ့် စာမျက်နှာသစ်မှာ လာရောက်ဖတ်ရှုနိုင်ပါတယ်။ဘီဘီစီရဲ့ သတင်းတွေကို လာရောက်ဖတ်ရှုတဲ့အတွက် ကျေးဇူးတင်ရှိပါတယ်။

  2. ၉ လအတွင်း ရပ်ကျေးအုပ်ချုပ်ရေးပိုင်းက လူပေါင်း ၂၄၀ သတ်ဖြတ်ခံရတယ်လို့ စစ်ကောင်စီပြော

    စစ်အာဏာသိမ်းမှုစတဲ့ဖေဖော်ဝါရီလ ၁ ရက်ကစလို့ ၉ လအတွင်း သတ်ဖြတ်ခံရတဲ့ ကျေးရွာနဲ့ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ၊ ဆယ်အိမ်မှူး၊ရာအိမ်မှူးတွေနဲ့ထွေအုပ်စာရေး စုစုပေါင်း ၂၄၀ အထိရှိတယ်လို့ စစ်ကောင်စီဘက်က ဒီနေ့ နိုဝင်ဘာလ ၂၃ ရက်မှာ ပြောလာပါတယ်။

    သတ်ဖြတ်ခံရတဲ့ရပ်ကျေးအုပ်ချုပ်ရေးပိုင်းက လူပုဂ္ဂိုလ်တွေဟာ နေပြည်တော်၊ ကယား၊ စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ကရင်၊ ချင်း၊ ပဲခူး၊ မွန်နဲ့ တနင်္သာရီတိုင်းတွေက မြို့နယ်အများစုက ဖြစ်ကြပါတယ်။

    အဲဒီပြည်နယ်နဲ့တိုင်းတွေထဲ မန္တလေးတိုင်း ရပ်ကျေးအုပ်ချုပ်ရေးပိုင်းက လူပေါင်း ၈၀ ဦးအထိသတ်ဖြတ်ခံခဲ့ရလို့ သေဆုံးမှု အများဆုံးဖြစ်တယ်လို့ သိရပါတယ်။

    စစ်ကိုင်းတိုင်းက ဒုတိယအများဆုံးဖြစ်ပြီး ချောင်းဦး၊ ရွှေဘို၊ ခင်ဦး၊ မြောင်၊ အရာတော်၊ ဒီပဲယင်း၊ ကန့်ဘလူ၊ တန့်ဆည်၊ ဝက်လက်၊ ယင်းမာပင်၊ ဆားလင်းကြီးနဲ့ ကောလင်းမြို့နယ်တွေက ရပ်ကျေးအုပ်ချုပ်ရေးမှူး ၇၀ ကျော်သတ်ဖြတ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။

    မကွေးတိုင်းမှာ ၃၅ ဦး၊ ပဲခူးတိုင်းမှာ ၁၄ ဦး၊ တနင်္သာရီတိုင်းမှာ ၁၂ ဦးနဲ့ မွန်ပြည်နယ်မှာ ၁၁ ဦး သတ်ဖြတ်ခံခဲ့ရတယ်လို့လည်း စစ်ကောင်စီထုတ်ပြန်ချက်က ဆိုပါတယ်။

    သတ်ဖြတ်ခံရတဲ့ ရပ်ကျေးအုပ်ချုပ်ရေးပိုင်းက လူအများစုဟာ သေနတ်နဲ့ပစ်ခတ်ခံရပြီးသေဆုံးတာ၊ သေနတ်ဒဏ်ရာကြောင့်သေဆုံးခဲ့ရသူတွေဖြစ်တယ်လို့လည်း စစ်ကောင်စီဘက်က ပြောထားပါတယ်။

  3. ဖခင်နဲ့အတူဖမ်းဆီးခံရတဲ့ မိထ္ထီလာတက္ကသိုလ်ကျောင်းသားသမဂ္ဂဥက္ကဋ္ဌဟောင်းကို အဆက်အသွယ်ပြတ်နေ

    မိထ္ထီလာတက္ကသိုလ်ကျောင်းသားသမဂ္ဂဥက္ကဋ္ဌဟောင်း မသဲစုနိုင်နဲ့ဖခင် ဖြစ်သူကို စစ်ကောင်စီဘက်က နိုဝင်ဘာလ ၂၂ ရက်နေ့တုန်းက နေအိမ်မှာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ မိတ္ထီလာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ(ဗ.က.သများအဖွဲ့ချုပ်)ကထုတ်ပြန်ထားပါတယ်။

    ဖခင်ဖြစ်သူကို ပြန်လွတ်လာပြီဖြစ်ပေမဲ့ မသဲစုနိုင်တဲ့ပတ်သက်တဲ့အခြေအနေ နောက်ဆက်တွဲကို မသိရသေးဘဲ အဆက်အသွယ်ပြတ်နေတယ်လို့ သမဂ္ဂဘက်က ပြောပါတယ်။

    “မနေ့ညကတော့ အဖေဖြစ်သူကို ပြန်လွှတ်လိုက်တယ်။ နှစ်ယောက်လုံးစစ်ကြောရေးမရောက်သေးဘူးလို့တော့သိရတယ်။ စွပ်စွဲချက်တွေနဲ့ဖမ်းသွားတာပါ။ တကယ်တော့ မသဲစုနိုင်က ကိုဗစ်တတိယလှိုင်းကတည်းက အိမ်မှာပဲနေတာ”လို့ မိတ္ထီလာကျောင်းသားများသမဂ္ဂက တာဝန်ရှိသူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    ပြီးခဲ့တဲ့ နိုဝင်ဘာလဆန်းပိုင်းတုန်းကလည်း မိထ္ထီလာကွန်ပျုတာတက္ကသိုလ်က ကျောင်းသားနှစ်ဦးဟာ ဒေသကာကွယ်တပ်တွေနဲ့ပတ်သက်တယ်ဆိုတဲ့စွပ်စွဲချက်ကြောင့် သူတို့နေထိုင်ရာ မီးရထားဝင်းအိမ်ရာထဲမှာ ဝင်ရောက်ဖမ်းဆီးတာခံခဲ့ရတယ်လို့ သူက ဆက်ပြောပါတယ်။

    အဲ့ဒီဖမ်းဆီးခံထားရတဲ့ကျောင်းသားနှစ်ဦးကို လက်ရှိအချိန်အထိ ဘယ်မှာထိန်းသိမ်းထားတယ်ဆိုတာမသိရသလို ရှေ့နေနဲ့လိုက်ပါဆောင်ရွက်ခွင့်လည်းမရသေးဘူးလို့လည်း မိတ္ထီလာကျောင်းသားများသမဂ္ဂကပြောပါတယ်။

    ပြည်တွင်းမှာ အာဏာသိမ်းပြီးတဲ့နောက်ပိုင်း မိတ္ထီလာကျောင်းသားများသမဂ္ဂအဖွဲ့ဝင် ၉ ဦးဖမ်းဆီးထိန်းသိမ်းခံထားရသလို အဖွဲ့ဝင်အများစုဟာ စစ်ကောင်စီရဲ့စုံစမ်း ဖမ်းဆီးမှုတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါတယ်။

  4. ကျန်းမာရေးအခြေအနေအရ ခရီးသွားခွင့်မပြုသင့်ကြောင်းဆရာဝန်ရဲ့ မှတ်ချက်ရှိလို့ ဒေါက်တာဇော်မြင့်မောင် သက်သေထွက်ဆိုခွင့်မရသေး

    နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့ အမှုတွေထဲက အင်္ဂါနေ့တိုင်းစစ်ဆေးနေကျဖြစ်တဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ အမှုကို ဒီကနေ့ နိုဝင်ဘာ ၂၃ရက်မှာ နေပြည်တော်အထူးတရားရုံးမှာကြားနာတာရှိခဲ့ပါတယ်။၂၀၂၀ မဲဆွယ်ကာလမှာ နေပြည်တော် ရွှေကြာပင်ရပ်ကွက်အတွင်း တစ်အိမ်တက်ဆင်း မဲဆွယ်လို့ဆိုတဲ့အကြောင်းပြချက်နဲ့ ဦးညီညီဆိုတဲ့အရပ်သားတစ်ဦးက တရာလိုလုပ်ကာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို စွဲဆိုထားတာဖြစ်ပါတယ်။

    အဲဒီအမှုအတွက် ဒီကနေ့ မှာ စွပ်စွဲခံရသူဒေါ်အောင်ဆန်းစုကြည်ဘက်က သက်သေအဖြစ် စစ်ဆေးနိုင်ဖို့ မန္တလေးတိုင်းဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်ကို ပြီးခဲ့တဲ့ရုံးချိန်းက တင်သွင်းထားတာဖြစ်ပါတယ်။တရားရုံးရဲ့ အဲဒီဆင့်ခေါ်စာကို ဒေါက်တာဇော်မြင့်မောင် ကလက်ခံရရှိပေမယ့် သူ့ကိုကျန်းမာရေးစစ်ဆေးတဲ့ ဆရာဝန်က ဒေါက်တာဇော်မြင့်မောင်မှာ ရောဂါအမျိုးမျိုး ခံစားနေရသောကြောင့် ခရီးသွားခွင့်မပြုသင့်ကြောင်း ဆေးလက်မှတ်ကို ပေးပို့တဲ့အတွက် ဒေါက်တာဇော်မြင့်မောင် လာရောက်ထွက်ဆိုခွင့်မရသေးတဲ့ အခြေအနေဖြစ်တယ်လို့သိရပါတယ်။

    အဲဒီအတွက် ဥပဒေအရာရှိကဗွီဒီယိုကွန်ဖရင့်ဇင်းအသုံးပြုပြီး အွန်လိုင်းစစ်ဆေးဖို့အကြံပြုသလို အထူးတရားရုံးရဲ့တရားသူကြီးကတော့ တရားရုံးအခေါ် ကော်မရှင်နာ ( လူကိုယ်တိုင်လာရောက်ထွက်ဆိုဖို့မလိုဘဲ တရားရုံးအချင်းချင်း အပြန်အလှန်မေးခွန်းပေးပြီး စစ်ဆေးစေခြင်း) နဲ့စစ်လို့ရကြောင်း ပြောကြားခဲ့ပါတယ်။

    ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့သူ့ရှေ့နေတွေကတော့ ပြန်လည်တိုင်ပင်ဖို့ဆန္ဒရှိနေလို့ လာမယ့်အပတ် နိုဝင်ဘာ ၃၀ရက်မှသာ လုပ်ဆောင်လိုတဲ့ အချက်တွေကို တရားရုံးကိုတင်ပြဖို့ ရှိကြောင်း တရားသူကြီးကိုတုံ့ပြန်ခဲ့ကြတာတွေ့ရတယ်လို့ တရားရုံးနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းကသိရပါတယ်။

    လာမယ့် နိုဝင်ဘာ ၃၀ရက်မှာ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်နဲ့ဒေါက်တာမျိုးအောင်တို့စွဲဆိုခံထားရတဲ့ ပုဒ်မ ၅၀၅ က အမှုအတွက် အပြီးသတ်အမိန့်ချဖို့ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ သမ္မတဦးဝင်းမြင့်နဲ့နေပြည်တော်ကောင်စီဝန်ဒေါက်တာမျိုးအောင်တို့၃ဦးလုံး ရင်ဆိုင်နေရတဲ့ အဲဒီ ပုဒ်မ ၅၀၅ အမှုဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၇ ရက် နဲ့ ဖေဖော်ဝါရီ ၁၃ ရက်မှာ NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ထုတ်ပြန်ခဲ့တဲ့ စာနှစ်စောင်နဲ့ပတ်သက်လို့ ၃ဦးလုံးမှာ တာဝန်ရှိတယ်ဆိုပြီး စွဲဆိုခံထားရတာဖြစ်ပါတယ်။

    တခါ အပြင်ထွက်ပြီး မဲဆွယ်ယာဉ်တန်းကိုလက်ပြနှုတ်ဆက်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စွဲဆိုခံထားရတဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ ပထမအမှုအတွက်လည်း အမိန့်ချမှတ်ဖို့ရှိနေတာဖြစ်ပါတယ်။ အဲဒီအမှုအတွက် ပြီးခဲ့တဲ့အပတ်ရုံးချိန်းကဒေါ်အောင်ဆန်းစုကြည်က ကိုယ်တိုင်သက်သေအဖြစ်ထွက်ဆိုရာမှာ သူ့အနေနဲ့ ဥပဒေနဲ့အညီသွားရောက်ခဲ့တာဖြစ်သလို ကိုဗစ်စည်းကမ်းသတ်မှတ်ချက်တွေအတိုင်းလိုက်နာခဲ့ကြောင်း ထွက်ဆိုခဲ့ပါတယ်။

    အာဏာသိမ်းမှုဖြစ်ပြီးကတည်းက ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ အမှုပေါင်း ၁၁ မှုနဲ့ တရားရင်ဆိုင်နေရတာဖြစ်ပြီးလာမယ့်နိုဝင်ဘာ ၃၀ရက်မှာတော့ စွဲဆိုခံထားရတဲ့အမှုတွေထဲက တချို့အမှုတွေကို အပြီးသတ်အမိန့်ချဖို့ရှိနေတာဖြစ်ပါတယ်။

  5. လက္ကာကျေးရွာသားတွေကို အမိန့်မချဘဲ အကြိမ်ကြိမ်ရက်ရွှေ့ဆိုင်းနေတာဟာ နှိပ်စက်မှုပုံစံဖြစ်နေတယ်လို့ မိသားစုတွေပြော

  6. ဒီးမောဆိုမြို့နယ်အတွင်း တိုက်ပွဲတွေဆက်ဖြစ်, ရွာလုံးကျွတ်စစ်ရှောင်နေရတဲ့ နေအိမ်တွေ မီးရှို့ဖျက်ဆီးခံရတာတွေရှိတယ်လို့ဆို

    ကယားပြည်နယ်၊ ဒီးမောဆိုမြို့နယ်အတွင်းက ဒေါပိုးစီရွာအနီးမှာ ဒီကနေ့နိုဝင်ဘာ ၂၃ ရက်နေ့ မနက်ပိုင်းကစပြီး စစ်ကောင်စီနဲ့ဒေသကာကွယ်ရေးတပ်တွေကြား တိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့ဒေသခံတွေကပြောပါတယ်။

    မနက် ၆နာရီဝန်းကျင်မှာ တိုက်ပွဲစဖြစ်ခဲ့တာဖြစ်ပြီး တိုက်ပွဲဖြစ်ပွားတဲ့ ဒေါပိုးစီရွာဟာ ပြီးခဲ့တဲ့တစ်လလောက်စပြီး ရွာလုံးကျွတ်စစ်ဘေးတိမ်းရှောင်နေကြတာဖြစ်တယ်လို့ဒေသကာကွယ်ရေးတပ်တွေဘက်ကပြောပါတယ်။

    “မနက် ၆ နာရီဝန်းကျင်ကစဖြစ်တယ်။ အိမ်မီးရှို့တာကတော့ တိုက်ပွဲဖြစ်နေတုန်းလည်း သူတို့ဘက်ကလုပ်တယ်။ ဖြစ်ပြီးတော့လည်းဆက်ရှို့နေတယ်။ အခု မနက် ၉ နာရီလောက်မှာတော့တိုက်ပွဲပြန်ငြိမ်သွားတယ်။ အထိအခိုက်ကျဆုံးစာရင်းကတော့အတိအကျမသိရသေးပါဘူး။ ရွာသားတွေကတော့ တရွာလုံးဘယ်သူမှမရှိတော့ဘူးလို့” KNDF ပြန်ကြားရေးက ဘီဘီစီကိုပြောပါတယ်။

    အလားတူ မနေ့နိုဝင်ဘာ ၂၂ရက်မှာလည်း ဒီကနေ့ဖြစ်ပွားတဲ့ဒေါပိုးစီရွာအနီးမှာပဲ စစ်ကောင်စီနဲ့ ဒေသကာကွယ်ရေးတပ်တွေကြား ထိတွေ့တိုက်ပွဲ သုံးကြိမ်ဖြစ်ခဲ့ပြီးစစ်ကောင်စီဘက်က နှစ်ဦးကျဆုံးခဲ့တယ်လို့ KNDFကထုတ်ပြန်ထားပါတယ်။

    လက်ရှိမှာလည်း စစ်ကောင်စီဘက်က ဒေါပိုးစီတောင်အနီး တပ်စွဲထားတာကြောင့် တိုက်ပွဲတွေဆက်ဖြစ်နိုင်တဲ့အလားအလာရှိနေတယ်လို့လည်း ဒေသကာကွယ်ရေးတပ်တွေကသုံးသပ်ပါတယ်။

    ဒီးမောဆိုမြို့နယ်အတွင်းဖြစ်ပေါ်နေတဲ့ တိုက်ပွဲတွေနဲ့ပတ်သက်ပြီးစစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

  7. ဒဂုံဆိပ်ကမ်းရပ်ကွက်တချို့မှာ ရဲနဲ့စစ်သားလိုက်ပါပြီးမီတာမဆောင်တဲ့အိမ်တွေကိုမီးဖြတ်

    ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်ထဲက ရပ်ကွက်တချို့ထဲ ဒီနေ့ နိုဝင်ဘာလ ၂၃ ရက်နေ့ မနက်ပိုင်းမှာ လျှပ်စစ်ဓာတ်အားသုံးစွဲခ မီတာမဆောင်တဲ့အိမ်တွေကို ရဲနဲ့စစ်သားတချို့လိုက်ပါပြီး မီးလိုက်ဖြတ်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

    ''ကျွန်တော်တို့ ၉၄ ရပ်ကွက်ထဲမှာ ဒီနေ့ ၉ နာရီလောက်ကစပြီး အိမ်တွေကို မီးလိုက်ဖြတ်နေတာ။ ရဲနဲ့စစ်သားတချို့လည်းပါတယ်။ အကုန်လုံးကို လိုက်ဖြတ်တာတော့ မဟုတ်ဘူး။ လျှပ်စစ် မီတာခ ၁ သိန်းကနေ ၃ သိန်းကြားပေးရမယ့် အိမ်တွေကို လိုက်ဖျက်နေ တာလို့ သိရတယ်'' ဆိုပြီး မျက်မြင်တစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    ကမာရွတ်မြို့နယ်ထဲက ၂ ရပ်ကွက် နဲ့ ၄ ရပ်ကွက်အပြင် အနော်ရထာအိမ်ရာဘက်မှာလည်း မီးဖြတ်မှုတွေ ရှိနေတယ်လို့ ဒေသခံတွေ ဆီက သိရပါတယ်။

    စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် စစ်ကောင်စီကိုလက်မခံကြောင်းပြသဖို့နဲ့ စစ်ကောင်စီထံ ဘဏ္ဍာငွေစီးဆင်းမှု မရှိအောင် ကြိုးပမ်းဖို့ဆိုပြီး ရန်ကုန်ဒေသခံတွေဟာ လျှပ်စစ်မီတာမဆောင်တဲ့လှုပ်ရှားမှုမှာ ပါဝင်နေကြဆဲဖြစ်ပါတယ်။

    တစ်ချိန်တည်းမှာပဲ စစ်ကောင်စီလက်အောက်က လျှပ်စစ်ဌာနက မီတာဆောင်ဖို့ နှိုးဆော်နေသလို မီတာမဆောင်ရင် ဥပဒေအရ မီးဖြတ်တောက်မယ်လို့ ကြေညာချက်ထုတ်ပြောဆိုနေပါတယ်။

    လျှပ်စစ်ဌာနဟာ အာဏာသိမ်းမှုဖြစ်ပြီးတဲ့ ဖေဖော်ဝါရီလနောက်ပိုင်း လစဉ်လျှပ်စစ်မီတာ သုံးစွဲတဲ့ပမာဏကို သုံးစွဲသူက မပေးဆောင်သေးဘူးဆိုရင် ယခင်လက မီတာကျသင့်ငွေကို ထပ်မံပေါင်းထည့်တာတွေ ပြုလုပ်နေပါတယ်။

  8. အသင်းမှတ်ပုံတင်ဖို့နဲ့လိုင်စင်မဲ့ကားမသုံးဖို့ စစ်ကောင်စီရဲ့ညွှန်ကြားချက် ပရဟိတလုပ်ငန်းတွေအပေါ် ဘယ်လောက်သက်ရောက်နိုင်လဲ

    ရန်ကုန်တိုင်းထဲမှာ စစ်အုပ်ချုပ်ရေးအမိန့်ကြေညာခံထားရတဲ့ လှိုင်သာယာနဲ့ရွှေပြည်သာတို့အပါအဝင် မြို့နယ်တော်တော်များများက ပရဟိတအသင်းတွေကို အသင်းလိုင်စင်လျှောက်ဖို့၊ လိုင်စင်မလျှောက်ရင်ဖျက်သိမ်းဖို့အပြင် လိုင်စင်မဲ့ကားတွေ အသုံးမပြုဖို့ စစ်ကောင်စီဘက်က ညွှန်ကြားလာပါတယ်။

    ပရဟိတအသင်းတွေဘက်ကတော့ ဒီညွှန်ကြားချက်ဟာ လူထုလိုအပ်ချက်အရ အကူအညီပေးနေတဲ့သူတို့ရဲ့လုပ်ငန်းတွေအပေါ် အတော်သက်ရောက်မှုရှိနိုင်ပြီး အသင်းတွေ ရပ်တဲ့အထိဖြစ်နိုင်တယ်ဆိုပြီး ပြောဆိုလာကြပါတယ်။

    ''လိုင်စင်မရှိရင် လိုင်စင်လုပ်ဖို့၊ လိုင်စင်မဲ့ကားမသုံးဖို့ သူတို့ပြောထားတယ်ဆိုတာကို သိရှိနားလည်ကြောင်း အသင်းတွေက လက်မှတ်ထိုးထားတယ်။ အကုန်လုံးက လိုင်စင်မဲ့ကားတွေနဲ့ပဲ ကူညီပေးနေကြတာပါ။ ဆီဖိုးတောင် အနိုင်နိုင်။ ရုန်းကန်နေကြတာ။ ပြည်သူလူထုတွေ အရမ်းဒုက္ခရောက်နေကြတော့လေ။ တချို့တွေကတော့ လိုင်စင်တင်ထားကြပါတယ်။ ယာယီ(လိုင်စင်)ကျထားတာတွေလည်း အများကြီးရှိပါတယ်။ ဒါက သူတို့ ပြန်မချပေးတာတွေလည်းရှိတယ်။'' လို့ လှိုင်သာယာမြို့နယ်ထဲက ပရဟိတအသင်းတစ်သင်းရဲ့တာဝန်ရှိသူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    လိုင်စင်မဲ့ကားသုံးတယ်ဆိုပြီး ဖမ်းဆီးခံရမှုလည်းရှိလာနိုင်တာကြောင့် သူတို့အသင်းကတော့ လည်ပတ်တာကို ခေတ္တရပ်ဆိုင်းလိုက်ပြီလို့လည်း ပြောပါတယ်။

    ''လိုင်စင်မဲ့ကားတွေကို ဖမ်းမယ်၊ သူတို့ အရေးယူမယ်ဆိုရင်တော့ ရိုက်ခတ်မှုက အခြားအသင်းတွေလည်း အကူအညီပေးတာရပ်တဲ့အထိ ဖြစ်သွားနိုင်ပါတယ်။ ဒီလှိုင်သာယာမြို့နယ်မှာ ရှိတဲ့ထွေအုပ်ကို အကြောင်းကြားတယ်။ ဒါပေမဲ့ တကယ့်အရေးပေါ်ကိစ္စမျိုးဆိုရင် လှိုင်သာယာဆေးရုံကနေ ဆေးရုံကြီးကို လွှဲပေးတာရှိတယ်။ ဆေးရုံကြီးကို လွှဲရတဲ့အခါမှာ မြို့နယ်တွေကို ဖြတ်ရတဲ့အခါ ဒီမှာလည်း အထောက်အထားတွေပါရဲ့သားနဲ့ စစ်ဆေးသူတွေက အရမ်းကို ခက်ခက်ခဲခဲဖြစ်နေတယ်ဆိုရင် ပရဟိတလုပ်နေသူတွေအတွက် အနှောင့်အယှက်အရမ်းဖြစ်ပါတယ်။'' လို့လည်း သူက ပြောပါတယ်။

    ပရဟိတအသင်းတွေကတော့ နိုင်ငံရေးကင်းရှင်းတဲ့အကြောင်း ဝန်ခံကတိတွေ ပေးပြီး ဒီလုပ်ငန်းတွေကို လုပ်ကိုင်နေတာဖြစ်လို့ အခုလိုဖိအားပေးမှုတွေကို ရပ်တန့်ဖို့ အချိန်တန်ပြီလို့ ယူဆပြောဆိုနေကြပါတယ်။

  9. ဒီးမော့ဆို အနီး ညပိုင်း တိုက်ပွဲဖြစ်

    ကယားပြည်နယ်ဒီးမော့ဆိုမြို့အနီးက စံပြ ခြောက်မိုင်ရွာ နဲ့ ဒေါပိုးစီ ရွာတွေဘက်မှာ စစ်ကောင်စီတပ်နဲ့ KNDFပူးပေါင်းတပ်ဖွဲ့တို့ ထိတွေ့ တိုက်ပွဲ သုံးကြိမ်ဖြစ်ပွားခဲ့တယ်လို့ KNDF က သတင်းတွေထုတ်ပြန်ပါတယ်။

    လွိုင်ကော်-ဒီးမော့ဆို လမ်းပေါ်က စံပြ ခြောက်မိုင်ရွာဘက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို KNDF နဲ့ KAတို့က ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး ထိတွေ့တိုက်ပွဲဖြစ်ခဲ့တာလို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

    စစ်ကောင်စီတပ်တွေဟာ လွိုင်ကော်မြို့နယ် ဒေါဆန်းဘွန်းကျေးရွာဘက်ကနေ ဒီးမော့ဆို စံပြ ခြောက်မိုင်ရွာဘက်ကို စစ်ကြောင်းထိုးလာခဲ့ပြီး စံပြ ခြောက်မိုင် ကက်သလစ် ဘုရားရှိခိုးကျောင်းမှာ တပ်စွဲနေတယ်လို့လည်း ဆိုပါတယ်။

    စစ်ကောင်စီဘက်က ၂ ဦး သေဆုံးခဲ့ပြီး KNDF ဘက်က တစ်ဦးဒဏ်ရာရတယ်လို့ KNDF ပြောပေမယ့် စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

    ဒီကနေ့ မနက်ကလည်း ကယားပြည်နယ်၊ လွိုင်​ကော်မြို့၊ နောင်ယား ခရစ်ယာန်ကျောင်းတိုက်၊ ခရစ္စတူးဘုရင်ဘုရားကျောင်းကို စစ်​ကောင်စီတပ်တွေက ဝင်ရောက်စီးနင်းခဲ့ပြီး ကျောင်းတိုက်အတွင်းက ခရစ်ယာန် ဘုန်း​တော်ကြီး၊ သီလရှင်၊ ဆရာဝန်၊ သူနာပြုနဲ့ လူအချို့ကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။

  10. မြန်မာ အိန္ဒိယနယ်စပ်က ဆိုက်ရောက်ဗီဇာ စစ်ဆေးရုံး မီးရှို့ခံရ

    စစ်ကိုင်းတိုင်း မြန်မာ အိန္ဒိယနယ်စပ် တမူးမြို့မှာ ရှိတဲ့ ဆိုက်ရောက်ဗီဇာ စစ်ဆေးရုံး ဒီကနေ့ နိုဝင်ဘာလ ၂၂ ရက်နေ့ မနက်ပိုင်းက မီးရှို့ဖျက်ဆီးခံလိုက်ရတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။

    ဒီရုံးဟာ တမူးမြို့ စျေးတန်းရပ်ကွက်မှာ ရှိတာဖြစ်ပြီးတော့ မနက် ၅နာ ရီခန့်မှာ မီးရှို့ဖျက်ဆီးခံရတာဖြစ်တယ်လို့လည်း ဆိုပါတယ်။

    ပြီးခဲ့တဲ့ မတ်လကတည်းက ကိုဗစ်ရောဂါကန့်သတ်ချက်တွေကြောင့် ဒီရုံးဟာ ပိတ်ထားတဲ့ ရုံးဖြစ်ပြီးတော့ မှန်တံခါးတွေကို ချိုးဖျက်ဝင်ရောက်ပြီး အတွင်းကို ဓာတ်ဆီလောင်းပြီး မီးရှို့ခဲ့တာဖြစ်တယ်လို့လည်း စစ်ကောင်စီက ထုတ်ပြန်ခဲ့ပါတယ်။

    ဒီရုံးကို လာရောက်ဖျက်ဆီးသူတွေဟာ အကြမ်းဖက်သူတွေဖြစ်တယ်လို့ စစ်ကောင်စီက ဆိုပါတယ်။

  11. မဲခေါင်မြစ်ဝှမ်း အတွင်းနဲ့ အပြင် သို့မဟုတ် အာဆီယံထဲက မြန်မာ့အရေး ကွဲလွဲမှု

  12. မကွေးတိုင်းဝန်ကြီးဟောင်း ဦးနေမျိုးကျော် အမှု ၃၀ ရက်နေ့ အမိန့်ချမယ်

    သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ၂၅ အရ မကွေးတိုင်းလူမှုရေး ဝန်ကြီးဟောင်း ဦးနေမျိုးကျော်စွဲဆိုခံထားရတဲ့အမှု အတွက် နှစ်ဘက်ရှေ့နေတွေ နိုဝင်ဘာ ၂၂ ရက်နေ့က အပြီးသတ် လျှောက်လဲ ခဲ့ကြပါတယ်။

    လာမယ့် ၃၀ ရက်နေ့မှာ အမိန့်ချမယ်လို့ ဦးနေမျိုးကျော်ရဲ့ ရှေ့နေ ဦးမြင့်အောင်က ဘီဘီစီကို ပြောပါတယ်။

    ဖေဖော်ဝါရီလ ၆ ရက်နေ့က မကွေးမြို့ ကံသာ ကန်ပေါင်ပေါ်မှာ အာဏာသိမ်းမှု ဆန့်ကျင်တဲ့ ဟောပြောမှုအတွက် ဦးနေမျိုးကျော်ကိုပုဒ်မ ၅၀၅ (ခ) နဲ့ရော ပုဒ်မ ၂၅ နဲ့ပါ အမှုဖွင့်ခဲ့ပြီး ၅၀၅ ( ခ) အမှုအတွက် ပြစ်ဒဏ် ချထားပြီးဖြစ်ပါတယ်။

    ဖြစ်စဉ် တစ်ခုတည်းမှာ ပြစ်မှု နှစ်ရပ် ခွဲပြီး တရားစွဲတာဖြစ်တဲ့အတွက် ဖြစ်စဉ် တစ်ခုက ထောင်ဒဏ် ၂ နှစ် ချမှတ်ပြီးသား ဖြစ်လို့ သဘာဝဘေး အန္တရာယ်ဆိုင်ရာ ပုဒ်မအရ အပြစ်ရှိတယ် ဆိုရင်တောင် ကင်းလွတ်ခွင့် ပေးသင့်တယ်လို့ လျှောက်လဲခဲ့ကြောင်း ရှေ့နေ ဦးမြင့်အောင်က ပြောပါတယ်။

  13. ပုသိမ်က တပ်ထဲမှာ ပေါက်ကွဲမှုဖြစ်

    ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်ထဲက အနောက်တောင်တိုင်းစစ်ဌာနချုပ် (နတခ)မှာ နိုဝင်ဘာ ၂၂ ရက် မနက်ပိုင်းက ပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့ ပုသိမ်မြို့ခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

    ပေါက်ကွဲမှုအသံကို ၄ မိုင်လောက် ဝေးတဲ့ ပုသိမ်မြို့က ကြားခဲ့ရတယ်လို့လည်း အဲ့ဒီမြို့ခံက ပြောပါတယ်။

    ပုသိမ်မြို့အနီး သရက်ကုန်းကျေးရွာမှာရှိတဲ့ အမှတ် ၉၀၇ စစ်မြေပြင်အင်ဂျင်နီယာတပ်ထဲမှာ လက်နက်တိုက် ပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ တပ်မိသားစုဝင်တွေဆီက တစ်ဆင့်သိရကြောင်းလည်း သူကပြောပါတယ်။

    လက်နက်တွေသိုလှောင်ထားတဲ့ ဗဟိုကင်း လက်နက်တိုက်ထဲမှာ ပေါက်ကွဲခဲ့တာလို့ ပြောကြသလို စက်ပစ္စည်းတစ်ခု ပေါက်ကွဲတာလို့ ပြောပေမယ့် စစ်ကောင်စီဘက် သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

    မနက် ၉ နာရီ ၄၅ လောက်မှာ ပေါက်ကွဲမှု ဖြစ်ပွားတဲ့အသံကိုကြားရပေမယ့် ထိခိုက်သေဆုံးမှုအခြေအနေတွေကို သေချာမသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

    ပေါက်ကွဲမှုဖြစ်ပွားပြီးနောက်ပိုင်း ဒေသခံတွေကို စစ်တပ်ဌာနချုပ်ထဲကို ဝင်ရောက်သွားလာခွင့်ကို ပိတ်လိုက်ပြီး လာသမျှ လူတွေနဲ့ ယာဉ်တွေကို ပြန်လွှတ်ခဲ့တယ်လို့ ဆိုပါတယ်။

  14. အေအေနဲ့ ဆက်စပ်တယ်ဆိုပြီး အဖမ်းခံရတဲ့သူတွေ အမှု အမိန့်ချမယ့်နေ့ ထပ်ရွှေ့

    ရခိုင်ပြည်နယ်မြောက်ဦးမြို့နယ် လက္ကာကျေးရွာသား၂၃ဦးကို အပြီးသတ် အမိန့်ချမယ့်နေ့ကို ဒီဇင်ဘာလ၃ရက်နေ့ကို ထပ်မံရွှေ့ဆိုင်းလိုက်တယ်လို့ အမူရင်ဆိုင်နေသူတွေရဲ့ မိသားစုဝင်တွေက ပြောပါတယ်။

    အဲ့ဒီကျေးရွာသား၂၃ဦးကို စွဲဆိုထားတဲ့အမှုတွေနဲ့ပတ်သက်လို့ တရားရုံးကနေ စစ်ဆေးမှုတွေပြလုပ်ခဲ့ပြီးဖြစ်သလို ပြီးခဲ့တဲ့နိုဝင်ဘာ၅ရက်နေ့မှာ အမိန့်ချမယ်လို့ တရားရုံးကဆုံးဖြတ်ခဲ့ပြီးတော့ နိုဝင်ဘာ၁၉ရက်နေ့ကိုရွှေ့ဆိုင်းခဲ့ပါတယ်။

    နိုဝင်ဘာလ ၁၉ရက်နေ့ရုံးချိန်းမှာလည်း တရားသူကြီးခွင့်ယူထားလို့ဆိုပြီး ဒီဇင်ဘာ၃ရက်နေ့ကိုထပ်မံရွှေ့ဆိုင်းခံလိုက်ရတယ်လို့ အမှုရင်ဆိုင်နေရတဲ့ ကိုဦးလှမောင်ရဲ့ မိခင်ဒေါ်စံသာနုကပြောပါတယ်။

    အခုလို အမိန့်ချမယ့်နေ့ကို ရက်ရွှေ့တာဟာ သုံးကြိမ်မြောက်လည်းဖြစ်ပါတယ်။

    စစ်ဆေးမှုတွေပြီးစီးနေပြီဖြစ်တဲ့ အမှုတစ်မှုကို အခုလိုမျိုး အမိန့်မချဘဲ အချိန်ကြာမြင့်စွာအကြိမ်ကြိမ်ရက်ရွှေ့နေတာဟာ တော်တော်လေးကို တရားလက်လွန်ဖြစ်လာပြီလို့မိသားစုတွေက ပြောဆိုပါတယ်။

    အဲ့ဒီကျေးရွာသား၂၃ဦးတို့ဟာ စစ်တပ်ရဲ့ ဖမ်းဆီးခြင်းခံလိုက်ရတဲ့အချိန်ကတည်းကနေ စစ်တွေအကျဉ်းထောင်ထဲမှာ ချုပ်နှောင်ခံထားရပြီး အမှုရင်ဆိုင်နေကြရတာ သုံးနှစ်နီးပါးခန့်ကြာမြင့်လာခဲ့ပြီလည်း ဖြစ်ပါတယ်။

    ရွာသားတွေကို ကျေးရွာအတွင်းကနေ အစုလိုက်အပြုံလိုက် ဖမ်းဆီးသွားခဲ့ပြီးတော့ရက္ခိုင့်တပ်တော်အေအေနဲ့ ဆက်စပ်ပတ်သက်သူတွေဖြစ်တယ်ဆိုပြီ းစစ်တပ်ကအကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ၊လက်နက်အရေးပေါ်စီရင်မှု ယာယီအက်ဥပဒေတွေအရ အမှုလေးမှုနဲ့တရားစွဲဆိုထားတာဖြစ်တယ်လို့ ဒေါ်စံသာနုကပြောပါတယ်။

    သူတို့ကို တရားရုံးမှာစစ်ဆေးမှုတွေ ပြုလုပ်တဲ့အခါမှာလည်း စွဲဆိုထားတဲ့ပုဒ်မတွေနဲ့ပတ်သက်လို့ ပေါ်ပေါက်တာတွေမရှိသလို ဖမ်းဆီးခံနေရတဲ့လက္ကာကျေးရွာသား၂၃ဦးတို့ဟာလည်း ဘယ်အဖွဲ့အစည်းနဲ့မှ ဆက်စပ်သူတွေ မဟုတ်ဘဲ မိမိကျေးရွာမှ ာလုပ်ကိုင်စားသောက်နေကြသူတွေ ဖြစ်တယ်လို့ပြောဆိုကြပါတယ်။

    သုံးနှစ်နီးပါးအကြာ ထောင်ချုပ်မှာနေပြီး အမှုရင်ဆိုင်နေကြရတဲ့ ကျေးရွာသားတွေကို အမိန့်ချမယ့်အချိန်မှာလည်း အမိန့်မချဘဲ အချိန်ဆွဲနေတာဟာ ဥပဒေကရသင့်တဲ့အခွင့်အရေးတွေကို ချိုးဖောက်ခံနေရတာဖြစ်တယ်လို့ ရခိုင်အမျိုးသမီးမျာအစည်းအရုံးဥက္ကဋ္ဌ ဒေါ်ညိုအေးကပြောဆိုပါတယ်။

    ပြီးခဲ့တဲ့၂၀၁၉ခုနှစ် ဧပြီလ၉ရက်နေ့ မနက်ပိုင်းက လက္ကာကျေးရွာအနီးရက္ခိုင့်တပ်တော်အေအေနဲ့တပ်မတော်စစ်ကြောင်းတို့ တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့အပြီးမှာ လက္ကာကျေးရွာအတွင်းကို စစ်ကြောင်းဝင်ရောက်လာခဲ့ပြီ းရွာသား၂၇ဦးတို့ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာဖြစ်ပါတယ်။

    ဖမ်းဆီးခြင်းခံလိုက်ရတဲ့အထဲ အသက်မပြည့်သေးတဲ့ ကျောင်းသားလေးနှစ်ဦးလည်းပါဝင်သလို တပ်မတော်စစ်ကြောရေးမှ ာဦးမောင်သန်းနု၊ကိုဇော်မျိုးထွန်းနဲ့ဦးသိန်းထွန်းစိန်တို့သုံးဦးက သေဆုံးသွားခဲ့ပြီး မိသားစုတွေအနေနဲ့ အလောင်းကို သင်္ဂြိုဟ်ခွင့်တောင်မရလိုက်ဘူးလို့ သိရပါတယ်။

    သုံးနှစ်နီးပါးခန့် အကြာအမှုရင်ဆိုင်နေရတဲ့ လက္ကာကျေးရွာသားတွေကို သူတို့ရဲ့မိသားစုတွေအနေနဲ့ စစ်တွေမြို့ကို လာရောက်အမှုရင်ဆိုင်နေကြရတဲ့အတွက် ငွေကြေးအခက်အခဲရှိကြတဲ့အတွက် အခုနောက်ပိုင်းရုံးချိန်းတွေမှ ာမလာရောက်နိုင်ကြတော့သလိုထောင်ဝင်စာတွေကိုလည်းမပို့ပေးနိုင်တာ ကြာနေပြီဖြစ်တယ်လို့ မိသားစုတွေက ပြောဆိုကြပါတယ်။

  15. ကျိုက်နဲ-ရေလယ်ဘုရားပွဲမှာ လှိုင်းပုတ်လို့ ရေနစ်သေဆုံးသူ ရုပ်အလောင်း ၂၀ ပြန်လည်ဆယ်ယူရရှိထား, ပျောက်ဆုံးနေသူ အချို့ ကျန်ရှိနေသေးတယ်လို့ လူမှုကူညီကယ်ဆယ်ရေးအသင်းတွေပြော

    မွန်ပြည်နယ် ၊ သံဖြူဇရပ် ကျိုက်နဲ-ရေလယ် ဘုရားပွဲမှာ ဒီကနေ့ နိုဝင်ဘာ ၂၂ရက် ညနေပိုင်းအထိ လူမှုကူညီကယ်ဆယ်ရေးအသင်းအချို့ရဲ့ အတည်ပြုချက်အရ မနေ့က နဲ့ ဒီနေ့ ၂ရက်ပေါင်း ရုပ်အလောင်း ၂၀ ကို ဆယ်ယူရရှိထားပြီး ပျောက်ဆုံးနေသူ ၃ဦးထက်မနည်း ကျန်သေးတယ်လို့ သိရပါတယ်။

    ’’ စုစုပေါင်း စာရင်းလာပေးထားကြတဲ့အရဆို ပျောက်နေတဲ့သူ က ၂၃ယောက်ရှိတယ်။ဒီနေ့ နဲ့ မနေ့က ပြန်ရှာထားနိုင်တဲ့ရုပ်အလောင်းက ၂၀ ရှိတယ်ဆိုတော့ ပြန်တွေ့ဖို့ နောက်ထပ် ၃ယောက်လောက်ကျန်နေပါသေးတယ်။ ဒါပေမယ့် ကျွန်မတို့ဆီကို စာရင်းမပေးဘဲ သူတို့ဘာသာစောင့်နေတဲ့ မိသားစုတွေလည်းရှိတော့ နောက်ထပ် လူအချို့ပျောက်ဆုံးနေသေးတယ်ပြောရမယ် ’’ လို့ အဲဒီနေရာမှာကယ်ဆယ်ရေးလုပ်နေတဲ့ စေတနာရှင်လူမှုကူညီရေးအသင်းက တာဝန်ရှိသူက ရှင်းပြပါတယ်။

    ရေနစ် သေဆုံးသူတွေဟာ ရေလယ်မှာရှိတဲ့ ဘုရားကိုသွားဖို့ သောင်ထွန်းရာလမ်း(ဒေသအခေါ်နတ်လမ်း) ကို ဖြတ်သန်းနေချိန် ဒီရေတက်ပြီးလှိုင်းပုတ်တာကြောင့် မျောပါသေဆုံးရခြင်းဖြစ်တယ်လို့ ကူညီကယ်ဆယ်ရေးတွေလုပ်နေတဲ့ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တွေက ဘီဘီစီကိုပြောပါတယ်။မနေ့က မနက်ပိုင်းမှာဖြစ်တဲ့အဲဒီဖြစ်စဉ်ကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေကို ညနေပိုင်းအထိ လုပ်ဆောင်ခဲ့ကြသလို နောက်နေ့တွေမှာဆက်စောင့်ကြည့်ဖို့ရှိတယ်လို့ ဆိုပါတယ်။ လက်ရှိ ကာလဟာ ကျိုက်နဲရေလယ်ဘုရားရဲ့ ဘုရားပွဲရာသီဖြစ်ပေမယ့် ကိုဗစ်ရောဂါအခြေအနေကြောင့် ဘုရားပွဲတော်ကို ကျင်းပခွင့် မပြုထားဘူးလို့ ဒေသခံတွေကပြောပါတယ်။ ဒါပေမဲ့ ဘုရားပွဲကို သွားရောက်ခဲ့သူဟာ လူဦးရေထောင်ချီရှိခဲ့တယ်လို့ သိရပါတယ်။

  16. လွိုင်​ကော်က ခရစ်ယာန်ဘုရားကျောင်းထဲက ဆေးခန်းကို စစ်​ကောင်စီတပ်​တွေဝင်​စီး

    ကယားပြည်နယ်၊ လွိုင်​ကော်မြို့၊ နောင်ယား ခရစ်ယာန်ကျောင်းတိုက်၊ ခရစ္စတူးဘုရင်ဘုရားကျောင်းကို ဒီက​နေ့ နိုဝင်ဘာလ ၂၂ ရက်နေ့ ​မနက်အ​စောပိုင်းက စစ်​ကောင်စီတပ်တွေက ဝင်ရောက်စီးနင်းပြီး ကျောင်းတိုက်အတွင်းက ခရစ်ယာန် ဘုန်း​တော်ကြီး၊ သီလရှင်၊ ဆရာဝန်၊ သူနာပြုနဲ့ လူအချို့ကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။

    လွိုင်ကော်မြို့ နောင်ယားရပ်ကွက်မှာရှိတဲ့ ဒီဘုရားကျောင်းထဲက ကရုဏာဆေးခန်းကို စစ်ကောင်စီတပ်တွေက ဝင်ရှာခဲ့သလို ဆေးခန်းက လူနာတွေကို ပရဟိတ ကားတွေနဲ့ အတင်းပြောင်းခိုင်းခဲ့တယ်လို့ သူတို့ကပြောပါတယ်။

    ဒီဝင်ရောက်စီးနင်းမှုဟာ ဒီကနေ့ မနက် ၉ နာရီခန့်က ဖြစ်ပြီးတော့ ကျောင်းတိုက်ရဲ့အပြင်ဘက်​မှာလည်း အသင့်အနေထားနဲ့ တပ်​တွေချထား​ကြောင်းလည်း ဒေသခံတွေက ပြောပါတယ်၊

    ကျောင်းတိုက်အတွင်းမှာ ဖွင့်လှစ်ထားတဲ့ ကရုဏာဆေးခန်းက လူနာ​တွေကို စစ်​ကောင်စီတပ်တွေက လွိုင်ကော်ပြည်သူ့ဆေးရုံနဲ့ စစ်ဆေးရုံတွေကို ရွေ့ပြောင်းခိုင်း​ခဲ့ပြီး လွိုင်ကော်က ပရဟိတအသင်းဖြစ်တဲ့ ရွှေလွိုင်ကော်အသင်းက ကား(၆)စီးနဲ့ လူနာသဘောဆန္ဒမမေးမြန်းဘဲ အတင်းနေရာပြောင်းရွေ့ ကုသခိုင်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    ​ကျောင်းတိုက်အတွင်းက ခရစ်ယာန် ဘုန်း​တော်ကြီး၊ သီလရှင်၊ ဆရာဝန်၊ သူနာပြုနဲ့ ပြည်သူ (၁၇)ဦးခန့်ကို စစ်​ကောင်စီတပ်​တွေက​ ဖမ်းဆီးထားတယ်လို့လည်း သိရပါတယ်။

    အခုအခါမှာ ဘုရားကျောင်းထဲက လူအချို့ကို အပြင်ထွက်ခွင့်ပေးပေမယ့် စစ်ကောင်စီတပ်တွေရှိနေဆဲ ဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

    စစ်ကောင်စီဘက်ကတော့ ဒီ ဖမ်းဆီးမှုနဲ့ ပတ်သက်ပြီး သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

  17. ကနီနယ်မှာ တိုက်ပွဲဖြစ်

    စစ်ကိုင်းတိုင်းဒေသကြီး၊ကနီမြို့နယ်၊စဖိုကြီးကျေးရွာ၊မဲဒင်ကျေးရွာနဲ့သစ်ခက်ကျေးရွာတို့အနီးမှာနိုဝင်ဘာလ ၂၁ ရက်နေ့ ခန့်ကစပြီး စစ်ကောင်စီတပ်တွေနဲ့ ဒေသခံကာကွယ်ရေးတပ်တွေကြား တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ ဒေသခံတွေကတစ်ဆင့်သိရပါတယ်။

    စစ်ကောင်စီတပ်တွေဘက်က စစ်ကူရေယာဉ်နှစ်စီးရောက်လာခဲ့ပြီး အဲ့ဒီစစ်ကူရေယာဉ်ကို လက်နက်ကြီးနဲ့ ပစ်ခတ်နိုင်ခဲ့တယ်လို့ ကနီဒေသက အာဏာရှင်တော်လှန်ရေးပြည်သူ့တပ်မတော်(DRPA) ကပြောပါတယ်။

    တိုက်ပွဲဟာ မနေ့က ညနေ ၅ နာရီလောက်မှာ စတင်ဖြစ်ပွားခဲ့တာဖြစ်ပြီးတော့ စစ်ကောင်စီရေယာဉ်တစ်စီးလက်နက်ထိမှန်ပြီးမီးလောင်ခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်တွေက ပြောပေမယ့် စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

    ဒီကနေ့ ဒေသခံတွေကတစ်ဆင့် ထပ်မံသိရတဲ့ သတင်းတွေအရ မုံရွာဘက်က စစ်ကောင်စီရေယာဉ် နှစ်စီးနဲ့ အမြန်ယာဉ်တစ်စီး တိုက်ပွဲဖြစ်တဲ့နေရာကို နိုဝင်ဘာလ ၂၂ ရက်နေ့ ဆန်တက်လာခဲ့တယ်လို့ လည်းသိရပါတယ်။

    ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၄ ရက်နေ့ကလည်း ကနီမြို့နယ်ထဲက ချင်းတွင်းမြစ်ကြောတစ်နေရာမှာ စစ်ကောင်စီတပ်က ရိက္ခာရေယာဉ်တစ်စီး တိုက်ခိုက်ခံရတယ်လို့ ဒေသခံတွေကပြောပါတယ်။

  18. ဂန့်ဂေါမှာ စစ်ကားတွေ တိုက်ခိုက်ခံရ, စစ်ကောင်စီဘက်က ဗိုလ်တစ်ဦးအပါအဝင် ၁၁ ဦးသေဆုံးတယ်လို့ ဒေသခံ PDF ပြော

    မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်ထဲမှာ စစ်ကောင်စီရဲ့ယာဉ်တန်းကို တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီဘက်က ဗိုလ်တစ်ဦး အပါအဝင် ၁၁ ဦးသေဆုံးတယ်လို့ ဒေသကာကွယ်ရေးတပ် YDF က ဒီနေ့ နို၀င်ဘာလ ၂၂ ရက်မှာ သတင်းထုတ်ပြန်လာပါတယ်။

    မင်းရွာရဲစခန်းကနေ ဂန့်ဂေါမြို့ဘက်ကို ထွက်လာတဲ့ စစ်ကောင်စီကား ၅ စင်းကို ခေါက်ခူရွာအနီးမှာ YDF နဲ့ပူးပေါင်းအဖွဲ့တွေက မနေ့ နို၀င်ဘာလ ၂၁ ရက်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

    အဲဒီလိုတိုက်ခိုက်ချိန်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဒဏ်ရာသလို ရာနဲ့ချီတဲ့ကျည်ဆန်တွေလည်း သိမ်းဆည်းမိခဲ့တယ်လို့ YDF က ပြောပေမဲ့ စစ်ကောင်စီဘက်ကတော့ တစံတရာ သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

  19. မုံးကိုးဒေသတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ နီးပါးသေဆုံးတယ်လို့ MNDAA ပြော

    ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ မုံးကိုးဒေသမှာ စစ်ကောင်စီတပ်တွေနဲ့ ကိုးကန့် MNDAA တပ်ဖွဲ့ဝင်တွေကြား နိုဝင်ဘာလ ၂၁ ရက်တုန်းက တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ နီးပါး သေဆုံးပြီး MNDAA တပ်ဖွဲ့ဝင် ၁ ဦးလည်း သေဆုံးတယ်လို့ MNDAA ဘက်က ပြောလာပါတယ်။

    မနေ့ တစ်နေ့တည်းတင် တိုက်ပွဲ ၆ ကြိမ်ဖြစ်ပြီး စစ်ကောင်စီက ရှိကျိကျေတောင်တန်းနဲ့ မန်ရန်ဒေသမှာရှိတဲ့ MNDAA တပ်စခန်းကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ တာဖြစ်တယ်လို့ ကိုးကန့်သတင်းက ဖော်ပြလာတာဖြစ်ပါတယ်။

    စစ်ကောင်စီက မန်ရန်တပ်စခန်းကို ၂ ကြိမ် ထိုးစစ်ဆင်လာတာကြောင့် ပြန်လည်တိုက်ခိုက်ချိန် စစ်ကောင်စီဘက်ကကျဆုံးတာလို့ ဆိုပါတယ်။

    စစ်ကောင်စီဘက်က MNDAA ကို ထိုးစစ်ဆင်တိုက်ခိုက်နေတာ နိုဝင်ဘာလ ၁၉ ရက်ကတည်းက ဖြစ်တယ်လို့လည်း ဆိုပါတယ်။

    မုံးကိုးမှာဖြစ်တဲ့ဒီတိုက်ပွဲနဲ့ပတ်သက်ပြီး မှတ်ချက်တစုံတရာရဖို့ ဘီဘီစီက စစ်ကောင်စီဘက်ကို ဆက်သွယ်နေပါတယ်။

  20. ခန္တီးမှာ ရဲတပ်သားတွေရဲ့မှားယွင်းပစ်ခတ်မှုကြောင့် ခရိုင်အုပ်ချုပ်ရေးမှူးရဲ့ဇနီး သေဆုံးတယ်လို့ ဒေသခံတွေပြော

    စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်၊ မြို့မရပ်ကွက်အတွင်းမှာ ရဲတပ်သားတချို့ရဲ့မှားယွင်းပစ်ခတ်မှုကြောင့် နိုဝင်ဘာ ၂၁ရက်နေ့လယ်ပိုင်းက ခရိုင်အုပ်ချုပ်ရေးမှူးရဲ့ ဇနီးကို ကျည်ထိမှန်ပြီး သေဆုံးခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။

    “မနေ့က ခရိုင်အုပ်ချုပ်ရေးမှူးကတော် ဒေါ်ညွှန့်ညွှန့်ဝင်းမောင်းလာတဲ့ကားနဲ့ အဲ့နားမှာစောင့်နေတဲ့ ရဲတပ်သားရဲ့ဆိုင်ကယ်နဲ့ပွတ်မိတယ်။ အမျိုးသမီးက သူဆိုင်ကယ်ကိုထိတာ သိတောင်သိပုံမပေါ်ဘူးဆက်သွားနေတာကို အနောက်ကလိုက်ပစ်တာ။ ပစ်တော့ သူက ကားကိုရပ်လိုက်တဲ့အချိန်မှာ သေနတ်မှန်သွားတာ။ နောက်တော့မှ ရဲတပ်သားတွေလည်း ခရိုင်အုပ်ချုပ်ရေးမှူး ကတော်ဖြစ်နေမှန်းသိတယ်လို့”ခန္တီးဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    ပစ်ခတ်မှုကြောင့် သေဆုံးတဲ့ ခရိုင်အုပ်ချုပ်ရေးမှူးရဲ့ ဇနီးဖြစ်သူဒေါ်ညွန့်ညွန့်ဝင်းရဲ့နာရေးကိုတော့ ဒီကနေ့နိုဝင်ဘာ ၂၂ရက်နေ့မှာပြုလုပ်မှာဖြစ်ပြီး ပစ်ခတ်လိုက်တဲ့အစောင့်ရဲတပ်သားကိုလည်းအရေးယူမှုတွေလုပ်ဖို့လုပ်ဆောင်နေတယ်လို့နီးစပ်သူတွေကပြောပါတယ်။

    ခန္တီးမြို့တွင်းမှာတော့ နိုဝင်ဘာ ၁၈ ရက်နေ့တုန်းကလည်း ပေါက်ကွဲမှုတွေရှိခဲ့သလို ဒေသကာကွယ်ရေးတပ်တွေရဲ့ပြောက်ကျားလှုပ်ရှားမှုတွေ၊ ဖောက်ခွဲမှုတွေလည်းဆက်ရှိနေပေမဲ့ စစ်ကောင်စီအုပ်ချုပ်ရေးပိုင်းနဲ့ဆက်စပ်သူသေဆုံးမှုကတော့ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ဒေသခံတွေရဲ့ပြောပြချက်အရသိရပါတယ်။