မြန်မာနိုင်ငံဆိုင်ရာအာဆီယံ အထူးကိုယ်စားလှယ် Erywan Yusofက လာမယ့် စက်တင်ဘာလလယ်မှာ လူသားချင်းစာနာမှုအကူအညီတွေကို
ချောချောမွေ့မွေ့ ပေးပို့နိုင်ရေးအတွက် လေးလကြာ အပစ်အခတ်ရပ်စဲကြဖို့ မြန်မာနိုင်ငံတွင်းက
တိုက်ပွဲတွေမှာ ပါဝင်နေသူတွေ အားလုံးကို တောင်းဆိုလိုက်ပါတယ်။
ဂျပန်နိုင်ငံက ကျိုဒို သတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းတစ်ခုမှာ
မြန်မာနိုင်ငံဆိုင်ရာအာဆီယံ အထူးကိုယ်စားလှယ် ဘရူနိုင်း နိုင်ငံခြားရေးဝန်ကြီး ၂ Erywan Yusofက ပြောဆိုလိုက်တာ ဖြစ်ပါတယ်။
စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကို အခု ၂၀၂၁
နှစ်ကုန်အထိ အပစ်ရပ်ထားဖို့ ပြောဆိုခဲ့ပြီး သူ့ဘက်က လက်ခံခဲ့တယ်လို့လည်း ပြောပါတယ်။
၂၀၂၀ ရွေးကောက်ပွဲအနိုင်ရထားခဲ့တဲ့ အစိုးရကို
ဖေဖော်ဝါရီလမှာ စစ်တပ်က အာဏာသိမ်းထားခဲ့ပါတယ်။ အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်နေတဲ့ အဖွဲ့တွေကိုလည် းအခုလို
အပစ်ရပ်ထားဖို့ သူရဲ့သဘောထားကမ်းလှမ်းချက်ကို တိုက်ရိုက်မဟုတ်သော လမ်းကြောင်းကတစ်ဆင့် ပေးပို့နိုင်ခဲ့တယ်လို့ လည်းသူကပြောပါတယ်။
မြန်မာတပ်မတော်ဟာ စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း
မှာသူတို့ကို ဆန့်ကျင်ဆန္ဒပြသူတွေကို ဖြိုခွင်းခဲ့ပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့လည်း
ဒေသအချို့မှာတိုက်ပွဲတွေဖြစ်ပွားနေခဲ့ပါတယ်။
အရှေ့တောင်အာရှ ၁၀ နိုင်ငံဖွဲ့စည်းထားတဲ့
အာဆီယံအဖွဲ့က နိုင်ငံရေးမတည်ငြိမ်မှု၊ စီးပွားရေးကျဆင်းမှု၊ ကိုဗစ် ၁၉ ရောဂါ အပြင်းအထန်ဖြစ်ပွားနေမှုတဲ့
အဖွဲ့ဝင်ဖြစ်တဲ့ မြန်မာနိုင်ငံကို အကူအညီတွေပေးဖို့ ပြင်ဆင်နေတာလည်း ဖြစ်ပါတယ်။
မြန်မာ့အရေးဖြေရှင်းရာမှာ
အဓိကကျလာမယ့်အာဆီယံအဖွဲ့ကြီးရဲ့ကိုယ်စားလှယ်က မြန်မာပြည်တွင်းကို လာဖို့၊
ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံခွင့်ရဖို့ စစ်ကောင်စီနဲ့ ညှိနှိုင်းနေရဆဲဆိုပြီး
စက်တင်ဘာလ ၄ ရက်မှာ ထုတ်ပြောခဲ့ပါတယ်။
ကိုဗစ် ကူးစက်ခံစားနေရတဲ့
မြန်မာပြည်သူတွေ စစ်ဘေးဒဏ်ပါ ထပ်မခံရစေဖို့ သက်ဆိုင်ရာ လက်နက်ကိုင်
အဖွဲ့အစည်းတွေအားလုံး ပြည်သူတွေရဲ့ လုံခြုံရေးကို ထိပါးစေမယ့်
စစ်ရေးလှုပ်ရှားမှုနဲ့ အပြုအမူတွေကို အတတ်နိုင်ဆုံး လျှော့ချ၊ ရှောင်ကြဥ်၊
ရပ်တန့်ဖို့ တိုက်တွန်းတယ်လို့ညီနောင်မဟာမိတ်သုံးဖွဲ့က စက်တင်ဘာလ ၄ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
ဓာတ်ပုံ ပုံစာ, ပြီးခဲ့တဲ့ရက်ပိုင်း လွိုင်ကော်မြို့အနီးက စစ်ရှောင်သူများ