ကပေါင်းကျနဲ့လိပ်ခြံရွာမှာ သေနတ်ထိမှန်သေဆုံးထားတဲ့အလောင်းတွေဟာ ဒေသခံရွာသားတွေဖြစ်ကြောင်းမိသားစုဝင်တွေပြော

တန့်ဆည်မြို့နယ်ထဲက ကပေါင်းကျကျေးရွာနဲ့လိပ်ခြံကျေးရွာတွေထဲမှာ စစ်ကောင်စီတပ်တွေဝင်ရောက်ပစ်ခတ်မှုတွေကြောင့် သေဆုံးမှုတွေရှိ

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. အဆက်အသွယ်ပြတ်တောက်နေတဲ့ ပင်လည်ဘူးနဲ့ ဝန်းသို

  2. မုံရွာနဲ့ အနီးတစ်ဝိုက် ပစ်ခတ်မှုတွေ ပေါက်ကွဲမှုတွေဆက်ဖြစ်

  3. မြေယာ အငြင်းပွားမှုဖြစ်နေတဲ့ ရွာသုံးရွာကို စစ်ကောင်စီက ဖယ်ခိုင်း

  4. ဦးတီခွန်မြတ်နဲ့ ဦးဟင်နရီဗန်ထီးယူ အဖမ်းမခံရဘဲ အိမ်တော်တွေမှာပဲ ဆက်ရှိနေ

  5. မြေအောက်အဖွဲ့အစည်း ပျူစောထီး

  6. R2P အစည်းအဝေး စစ်ကောင်စီ အပြင်းအထန် ကန့်ကွက်

    ဗီဒီယို ပုံစာ, R2P အစည်းအဝေး စစ်ကောင်စီ အပြင်းအထန် ကန့်ကွက်

    ကုလသမဂ္ဂအထွေထွေညီလာခံပြင်ပမှာ GCR2P အဖွဲ့က ဦးဆောင်ပြုလုပ်တဲ့ အစည်းအဝေး တစ်ခုကို သံအမတ်ကြီးဦးကျော်မိုးထွန်းတက်ခဲ့တဲ့အပေါ် စစ်ကောင်စီက ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ပါတယ်။ စစ်ကောင်စီ ဘက်က ကန့်ကွက်တာ ဘယ်လိုကြောင့်ပါလဲ။ ကုလသမဂ္ဂ အထွေထွေညီလာခံကာလအတွင်း စစ်ကောင်စီရော NUG ကပါ နိုင်ငံတကာထောက်ခံမှုရဖို့ အသီးသီး ကြိုးပမ်းလာတဲ့ ခြေလှမ်းတွေ အခြေအနေကရော ဘယ်လိုရှိပါသလဲ။ ဘီဘီစီသတင်းထောက်ကိုနန္ဒက စုစည်းပြောပြ ပေးပါမယ်။

  7. R2P အစည်းအဝေး စစ်ကောင်စီ အပြင်းအထန် ကန့်ကွက်

  8. ကျီကုန်းရွာ ၂ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးခံရ

  9. မြို့နယ်ပေါင်း ၂၀ ကျော် အင်တာနက် ပိတ်ထားခံရ

  10. ဆံပင်တိုညှပ်မိလို့ ဒေါ်လာ ၃ သိန်းနီးပါး ဒဏ်တပ်ခံလိုက်ရတဲ့ ဆံပင်ညှပ်ဆိုင်

  11. တရုတ်အပြောင်းအလဲ - ရှီကျင့်ဖျင်က ဘာ့ကြောင့်ဆိုရှယ်လစ်လမ်းကြောင်းကို ပြန်လှည့်နေလဲ

  12. ဗီဇာပေါ်လီမာ့ဂျ် နာမည်ကျော် သတင်းဓာတ်ပုံပြပွဲမှာ မြန်မာအရေး ဓာတ်ပုံတွေလည်း ခင်းကျင်းထား

  13. တိုက်ရိုက်တင်ဆက်မှု ပြီးဆုံးပါပြီ။ ဆက်လက်ဖြစ်ပေါ်နေတဲ့ သတင်းတွေကို တင်ဆက်မယ့် စာမျက်နှာသစ်မှာ လာရောက်ဖတ်ရှုနိုင်ပါတယ်။ဘီဘီစီရဲ့ သတင်းတွေကို လာရောက်ဖတ်ရှုတဲ့အတွက် ကျေးဇူးတင်ရှိပါတယ်။

  14. မြစ်ကြီးနားမြို့ပေါ်ကစစ်ရှောင်စခန်းတွေမှာ အထောက်အပံ့ပြတ်တောက် စားနပ်ရိက္ခာအခက်အခဲဖြစ်နေ

    ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့ပေါ်မှာရှိတဲ့ စစ်ရှောင်စခန်းတွေမှာ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP) ကထောက်ပံ့ပေးတဲ့ အထောက်အပံ့တွေ မရတာ (၂)လလောက်ရှိနေပြီဖြစ်လို့စားနပ်ရိက္ခာအတွက် အခက်အခဲတွေရင်ဆိုင်နေရတယ်လို့ စစ်ရှောင်စခန်းမှာနေထိုင်သူတွေကပြောပါတယ်။

    "အရင်တုန်းကဆိုရင် နေ့စားထွက်လုပ်လို့ရသေးတယ်။အခုကနေ့စားလည်းသွားလို့မရဘူး။အထောက်အပံ့တွေမရတာ ၂လရှိပြီ၊ ကလေးတွေကိုလည်း အာဟာရပြည့်အောင်မကျွေးနိုင်ဘူး။ရှိတဲ့ငပိထောင်းနဲ့ပဲကျွေးနေရတာ အာဟာရတွေပြတ်လာပြီးနေမကောင်းတွေလည်းပိုဖြစ်လာတယ်" လို့စစ်ရှောင်စခန်းမှာနေထိုင်တဲ့အမျိုးသမီးတစ်ဦးကဘီဘီစီကိုပြောပါတယ်။

    ဒီလိုအခက်အခဲတွေဖြစ်နေတာကြောင့် ကိုဗစ်ကြောင့်စစ်ရှောင်စခန်းမှာချထားတဲ့ကန့်သတ်ချက်တချို့ကိုဖြေလျော့ပြီး ဒီတပတ်ထဲမှာလူအရမ်းများတဲ့နေရာတွေကိုမသွားဖို့သတိပေးပြီး နေ့စားထွက်အလုပ်လုပ်ခွင့်ပေးထားတယ်လို့စစ်ရှောင်စခန်းတာဝန်ရှိသူတစ်ဦးကဘီဘီစီကိုပြောပါတယ်။

    အခုလို မြစ်ကြီးနားမြို့ပေါ်ကစစ်ရှောင်စခန်းတွေမှာ ရိက္ခာထောက်ပံ့တာတွေပြတ်တောက်နေတာနဲ့ပတ်သတ်ပြီး စခန်းတာဝန်ရှိသူတွေအနေနဲ့လည်း ကြိုးစားဆောင်ရွက်နေပေမယ့်ရိက္ခာပြန်ရဖို့အတွက် အတိအကျပြောနိုင်တာမရှိသေးဘူးလို့ ကေဘီစီဂျန်မိုင်ကောင်စစ်ရှောင်စခန်းကတာဝန်ရှိသူတစ်ဦးကပြောပါတယ်။

    အရင်ကကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP) ကအထောက်အပံ့တွေရတဲ့အခါမှာစစ်ရှောင်စခန်းအတွင်းမှာ ၇၀ ရာခိုင်နှုန်း၊ ၁၀၀ ရာခိုင်နှုန်းစသည်ဖြင့် ခွဲခြားသတ်မှတ်ထားပြီး အခက်အခဲပိုရှိသူတွေတွေကို ၁၀၀ရာခိုင်နှုန်းပေးပြီး ကျန်တဲ့သူတွေ၇၀ရာခိုင်နှုန်းယူတဲ့ပုံစံနဲ့မျှဝေကြတယ်လို့လည်းစစ်ရှောင်စခန်းအတွင်းနေထိုင်သူတွေကပြောပါတယ်။ကချင်ပြည်နယ်အတွင်းမှာတော့ စစ်ရှောင်စခန်းပေါင်း ၅၀ ဝန်းကျင်လောက်ရှိနေပြီးမြစ်ကြီးနားမြို့ပေါ်က ကေဘီစီ ဂျန်မိုင်ကောင်စခန်းမှာတော့အိမ်ထောင်စု ပေါင်း၂၀၁စုရှိကာ လူဦးရေ ၁၀၀၀ ကျော်လောက်ရှိနေပြီးအဲ့ဒီထဲက ထက်ဝက်လောက်ကတော့ကလေးငယ်တွေဖြစ်တယ်လို့စစ်ရှောင်စခန်းတာဝန်ရှိသူတွေရဲ့ပြောပြချက်အရသိရပါတယ်။

    Kachin

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ဂျန်မိုင်ကောင်းစစ်ရှောင်စခန်း
  15. တရားရုံးတွေပိတ်ထားပေမယ့် အမှုအပ်နှံမှုတွေများနေဆဲလို့ ရှေ့နေတွေပြော

    လက်ရှိမှာ စစ်ကောင်စီကနေ ကိုဗစ်ကပ်ရောဂါကြောင့် အလုပ်ပိတ်ရက်ဆိုပြီး တရားရုံးတွေပိတ်ထားတာ (၂)လနီးပါးရှိနေပြီဖြစ်ပေမယ့် အမှုအပ်နှံတာတွေများနေဆဲပဲလို့ အာဏာသိမ်းပြီးနောက်ပိုင်းဖမ်းဆီးခံရသူ တွေအရေးလိုက်ပါဆောင်ရွက်ပေးနေတဲ့ ရန်ကုန်အခြေစိုက်သင့်အတွက်ရှေ့နေများအဖွဲ့ကနေ သိရပါတယ်။

    ဇူလိုင် (၅)ရက်က စပြီး အခုချိန်အထိ အမှု(၂၀) ဝန်းကျင်လောက် ထပ်တိုးအပ်နှံလာပြီး အများစုက လက်နက်များအက်ဥပ‌ဒေပုဒ်မ ၁၉-ကနဲ့ တရားစွဲခံရတာတွေအပြင် ၅၀၅-ကနဲ့ တရားစွဲခံရတာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

    “တရားစွဲတဲ့ဌာနတွေကမနားဘူးလေ ၂၄နာရီလည်ပတ်နေတာ။ ဒီလဆိုအဖမ်းအဆီးများတယ်။ တရားရုံးတွေကကျ ရုံးပိတ်ရက်နဲ့ပိတ်လိုက်ပေမယ့် အမှုတွေကတော့ တက်လာနေတုန်းပဲ။ စွပ်စွဲခံရသူတွေ ဘက်က ဉပ‌ဒေအကြံဉာဏ်ရယူရတာခက်တယ်၊ ရမန်ယူရတာလည်း ဘယ်နေ့ဘယ်မှာလဲဆိုတာတွေ မသိရဘူး။ ရှေ့နေတဦးအနေနဲ့ သိသင့်သိထိုက်တဲ့ အခြေအနေတွေကို မသိရဘူးပေါ့။ အဓိကကတော့ မိသားစုဝင်တွေက ပိုခက်ခဲတာပါပဲ။ ဘယ်မှာရှိနေကြမှန်းမသိဘူးလေ။”လို့ သင့်အတွက်ရှေ့နေများအဖွဲ့ဝင် တရားလွှတ်တော်ရှေ့နေတဦးက ဘီဘီစီကိုပြောပါတယ်။

    ဒီလို ထပ်တိုးအပ်နှံတဲ့ အမှုတွေထဲက စွပ်စွဲခံရသူ (၈)ဦးလောက်သာ အင်းစိန်အကျဉ်းထောင်ထဲ ရောက်‌နေပေမယ့် ကျန်တဲ့သူအများစုကတော့ သက်ဆိုင်ရာနယ်မြေရဲစခန်းမှာသာရှိနေကြတယ်လို့ သိရပါတယ်။ ဒီလိုစွပ်စွဲခံရသူတွေ ထဲက အကျဉ်းထောင်ထဲရောက်နေသူတွေအတွက် ကိုယ်စားလှယ်လွှဲစာပါဝါယူတာကအစ စွပ်စွဲခံရသူနဲ့ တွေ့ခွင့်မရဘဲ အကျဉ်းထောင်ကနေတဆင့်သာ ဆောင်ရွက်ရတယ်လို့ ရှေ့နေတွေကဆိုပါတယ်။

    စစ်ကောင်စီကတော့ ဇူလိုင် (၁၈)ရက်ကစပြီး အလုပ်ပိတ်ရက်ရှည်အဖြစ်ကြေညာကာ အပတ်လိုက် ရက်တိုး သတ်မှတ်နေပြီး အခုတခါမှာလည်း စက်တင်ဘာ (၁၀)ရက်အထိ ရုံးပိတ်ရက်အဖြစ် ကြေညာထားပါတယ်။

    အင်းစိန်အကျဉ်းထောင်

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, အင်းစိန်အကျဉ်းထောင်
  16. ပုဂံမြို့သစ်ရပ်ကွက်အချို့မှာ ရေကြီးရေလျှံမှုဖြစ်, မိုးရွာသွန်းမှုကြောင့် မြို့ဟောင်းက သံပျင်ဘုရားနံရံပြိုကျ

    မန္တလေးတိုင်း၊ညောင်ဦးခရိုင်ထဲက ပုဂံမြို့သစ်အတွင်းမှာ ချောင်းရေလျှံလာတာကြောင့် ရေကြီးမှုဖြစ်ခဲ့ပြီးလူနေအိမ်တချို့ပြောင်းရွေ့နေထိုင်နေရတယ်လို့ဒေသခံတွေကပြောပါတယ်။ပုဂံ၊ညောင်ဦးနဲ့ကျောက်ပန်းတောင်းလမ်းပေါ်မှာရှိတဲ့ ကယ်တော်မူပါချောင်းမှာ မိုးရွာသွန်းမှုများပြားတာကြောင့်သြဂုတ်လ ၃၀ရက်နေ့ညပိုင်းမှာ စတင်ရေတက်ခဲ့တာဖြစ်ပြီး ဒီကနေ့မနက်မှာတော့နေအိမ်တွေထဲ ရေဝင်တာ၊ အုတ်တံတိုင်းပြိုကျတာတွေကြောင့် ပုဂံမြို့သစ်ထဲက ရပ်ကွက်လေးခုလောက်ပြောင်းရွေ့ ထားရတယ်လို့ဒေသခံတွေကပြောပါတယ်။

    " ပုဂံမှာတော်တော်ဖြစ်တောင့်ဖြစ်ခဲပါပဲ၊ အရင်က မြို့ဟောင်းကနေမြို့သစ်ကိုပြောင်းတုန်းကကြာပြီ။တခါဖြစ်ဖူးပေမယ့် ရေတက်တာလောက်ပဲ။အခုလိုတွေ အိမ်တွေထဲရေဝင်တာ၊ လူအိပ်နေတုန်းအုတ်တံတိုင်းပြိုတာတွေမဖြစ်ဖူးဘူး။ဘုရားတွေကတော့ ပုဂံမြို့သစ်၊မြို့ဟောင်းဧရိယာမှာလက်ညိုးထိုးမလွဲဆိုတော့ ရေထပ်ကြီးလာရင်တော့ ထိခိုက်နိုင်တယ်" လို့ပုဂံမြို့သစ်မှာနေထိုင်တဲ့ ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    ဒါ့အပြင် အခုရက်အတွင်းမိုးဆက်တိုက်ရွာသွန်းတာကြောင့် ပုဂံမြို့ဟောင်းမှာရှိတဲ့ သံပျင်ဘုရားတိုက်မနံရံပြိုကျတာလည်းဖြစ်ခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။ လက်ရှိရေကြီးမှုဖြစ်နေတဲ့ပုဂံမြို့သစ်အတွင်းမှာတော့ ရေကြီးမှုကြောင့် ဘုရားတွေထိခိုက်ပျက်စီးတာမရှိသေးပေမယ့် မိုးထပ်ရွာပြီး ချောင်းရေလျှံတာမရပ်တန့်ရင်တော့ မြို့ဟောင်းကဘုရားတွေပါထိခိုက်မှာကို ဒေသခံတွေကစိုးရိမ်နေကြတယ်လို့ဆိုပါတယ်။

    လက်ရှိမှာတော့ ဒေသကယ်ဆယ်ရေးအဖွဲ့တွေအနေနဲ့ ရပ်ကွက်နေပြည်သူတွေကိုရေဘေးလွတ်ရာတွေကိုပြောင်းရွေ့တာတွေ၊ ရေစုပ်စက်တွေအသုံးပြုပြီးလမ်းတွေကို ရေလွတ်အောင်လုပ်ပေးတာတွေ လုပ်နေတယ်လို့ဒေသခံတွေကပြောပါတယ်။ဒီကနေ့သြဂုတ်လ ၃၁ရက်ညနေပိုင်းအထိတော့ ချောင်းရေပြန်ကျတာမရှိသေးလို့ နေအိမ်တွေကိုပြန်လည်နေထိုင်နိုင်ဖို့တော့မလွယ်သေးဘူးလို့ ရေနစ်မြုပ်ထားတဲ့ရပ်ကွက်မှာနေထိုင်တဲ့ ဒေသခံတွေကပြောပါတယ်။

    Bagan

    ဓာတ်ပုံ ရင်းမြစ်, Nyaung oo Fsd - Cj

    ဓာတ်ပုံ ပုံစာ, ပုဂံမြို့သစ်ရပ်ကွက်တချို့မှာ ရေကြီးရေလျှံမှုဖြစ်
    Bagan

    ဓာတ်ပုံ ရင်းမြစ်, Nyaung oo Fsd - Cj

    ဓာတ်ပုံ ပုံစာ, မိုးရွာသွန်းမှုကြောင့် ပုဂံမြို့ဟောင်းက သံပျင်ဘုရားနံရံပြိုကျ
  17. ကပေါင်းကျနဲ့လိပ်ခြံရွာမှာ သေနတ်ထိမှန်သေဆုံးထားတဲ့အလောင်းတွေဟာ ဒေသခံရွာသားတွေဖြစ်ကြောင်းမိသားစုဝင်တွေပြော

    စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ်ထဲက ကပေါင်းကျကျေးရွာနဲ့လိပ်ခြံကျေးရွာတွေထဲမှာ စစ်ကောင်စီတပ်တွေဝင်ရောက်ပစ်ခတ်မှုတွေကြောင့် သေဆုံးမှုတွေရှိတယ်လို့ရွာသားတွေကပြောဆိုကြပြီး လူမှုကွန်ရက်စာမျက်နှာတွေမှာလည်းရုပ်အလောင်း ၄လောင်းထပ်မနည်း ဓါတ်ပုံတွေထွက်ပေါ်လာပါတယ်။ဒီရုပ်အလောင်းတွေဟာ ဒေသကာကွယ်ရေးတပ်တွေမဟုတ်ပဲ ရွာသားတွေဖြစ်ကြောင်းသေဆုံးသူတွေရဲ့မိသားစုဝင်တွေဘက်ကလည်းအတည်ပြုပြောဆိုကြပါတယ်။

    " ပြေးတာတော့ အတူတူပြေးကြတာပဲ၊ ဦးလေးကတော့ တောတွေထဲမှာပုန်းမယ်ဆိုပြီးပြေးတာ၊ လမ်းမှားပြီးဖမ်းမိတယ်ထင်တာ၊ မနက်ပိုင်းကျမှ အလောင်းကိုတောစပ်မှာတွေ့တာ ဦးလေးနဲ့အတူတူ တွေ့တာ နှစ်လောင်းပါ။ရွာသားတွေချည်းပဲ၊မနေ့ကလည်းလိပ်ခြံရွာဘက်မှာ ၄လောင်းတွေ့တယ်။ ကျွန်တော့်ဦးလေးအလောင်းကိုတော့အရဲစွန့်ပြီးကောက်ခဲ့တယ်။တခြားအလောင်းတွေလည်းအဲ့ဒီအတိုင်းမကောက်နိုင်သေးတာလည်းရှိတယ်" လို့ သေဆုံးတဲ့ရွာသားရဲ့မိသားစုဝင်တစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    ဒေသခံရွာသားတွေရဲ့ပြောပြချက်အရ တောစပ်မှာတွေ့ရှိရတဲ့ရုပ်အလောင်း ၁၀ လောင်းထပ်မနည်းရှိနေပြီလို့သိရပြီး ဘီဘီစီဘက်ကတော့ ဒီအရေအတွက်နဲ့ပတ်သက်လို့သီးခြားအတည်ပြုနိုင်တာမရှိသေးပါဘူး။လက်ရှိမှာတော့ ကပေါင်းကျနဲ့လိပ်ခြံကျေးရွာတွေဟာ ရွာလုံးကျွတ်တိမ်းရှောင်နေရပြီးစစ်ရှောင်ရွာသားပေါင်း ၄၀၀၀ ကျော်လောက်ရှိတယ်လို့ဒေသခံတွေကပြောပါတယ်။

    ဒီလိုရွာသားတွေထွက်ပြေးတိမ်းရှောင်နေချိန်မှာ စစ်ကောင်စီတပ်က ဝင်ရောက်ရှာဖွေတာတွေရှိခဲ့ပြီး ရွာကပြန်အထွက်မှာ နေအိမ်အချို့ဆီက စားနပ်ရိက္ခာတွေပါ ယူဆောင်သွားကြတယ်လို့ နေအိမ်ပိုင်ရှင်အချို့က ဘီဘီစီကိုပြောပါတယ်။ပြီးခဲ့တဲ့ သြဂုတ်လ ၂၆ရက်နေ့ကနေစတင်ပြီးဒေသကာကွယ်ရေးတပ်တွေရှိတယ်ဆိုတဲ့သတင်းတွေကြောင့် စစ်ကောင်စီဘက်က တန့်ဆန်မြို့နယ်ကပေါင်းကျကျေးရွာနဲ့လိပ်ခြံကျေးရွာတွေဘက်ကို စတင်ဝင်ရောက်ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ဒေသခံရွာသားတွေကပြောပါတယ်။

    ဒေသကာကွယ်ရေးတပ်တွေဘက်ကတော့ လက်ရှိအချိန်ထိစစ်ကောင်စီနဲ့အပြန်အလှန်ပစ်ခတ်မှုမရှိဘူးလို့ပြောဆိုထားပြီး စစ်ကောင်စီဘက်ကတော့ တန့်ဆည်မြို့နယ်အတွင်းဖြစ်ပေါ်နေတဲ့အခြေအနေတွေနဲ့ပတ်သက်လို့သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

    Sagaing

    ဓာတ်ပုံ ရင်းမြစ်, Taze News

    ဓာတ်ပုံ ပုံစာ, ကပေါင်းကျရွာတွင်း ဖျက်ဆီးခံရတဲ့မြင်ကွင်း။
  18. သရက်ချောင်းမြို့နယ်၊ ကနက်သီရိရွာက အုပ်ချုပ်ရေးမှူးနောက်လိုက်ဆိုသူ (၂)ဦး ပစ်ခတ်ခံရပြီး သေဆုံး, စစ်ကောင်စီတပ်တွေရွာအဝင်အထွက်ကို စစ်ဆေးနေပြီး လူငယ်တချို့လည်းအဖမ်းခံရ

    တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ကနက်သီရိရွာမှာ မနေ့ ဩဂုတ် (၃၀)ရက်၊ ည (၁၁)နာရီခွဲလောက်မှာ သေနတ်ပစ်ခတ်သံ အချက် (၄၀)နီးပါး ကြားရပြီးတဲ့နောက် အုပ်ချုပ်ရေးမှူးနောက်လိုက်ဆိုသူ (၂)ဦး သေနတ်ဒဏ်ရာနဲ့ သေဆုံးခဲ့တယ်လို့ သိရပါတယ်။ အုပ်ချုပ်ရေးမှူးနဲ့အရပ်ဝတ်လက်နက်ကိုင်သူတွေဟာ ည(၁၀)နာရီ‌ နောက်ပိုင်းတိုင်း ကင်းလှည့်လေ့ရှိ ပြီးတဖက်သတ်သေနတ်ပစ်ဖောက်နေတာ တလကျော်လောက်ရှိပြီလို့ ရွာခံတွေကဆိုပါတယ်။

    “သူတို့ (၁၀)နာရီကျော်တော့ ကင်းလှည့်တယ်၊ သေနတ်သံတွေကြားပြီးတော့ သူတို့ဘက်က သေတယ်လို့ ပြောတယ်။ ရွာမှာက ဘာ PDF မှလည်းမရှိဘူး၊ လေ့ကျင့်ရေးသင်တန်းဆင်းတာတွေလည်းမရှိတော့ ဘယ်က ဘယ်လိုလာပစ်သွားလဲမသိဘူး။ အခုသေတဲ့သူ (၂)ယောက်လုံးက အုပ်ချုပ်ရေးမှူးရဲ့ နောက်လိုက် အ‌ပေါင်းအပါအုပ်စုတွေ၊ သေနတ်ကိုင်ထားတယ်။ အရံမီးသတ်လိုလို၊ ပြည်သူ့စစ်လိုလို၊ ပျူစောထီးလိုလိုနဲ့၊ သေတဲ့ (၂)ယောက်လုံးက ရွာခံတွေပါပဲ။”လို့ ကနက်သီရီရွာခံတဦးက ဘီဘီစီကိုပြောပါတယ်။

    ဒီသေဆုံးသူ (၂)ဦးကို ရငဲရွာကကြက်ခြေနီကားနဲ့လာရောက်ယူဆောင်သွားပြီး တိုက်နယ်ဆေးရုံကို ပို့ဆောင်ထားကာနောက်ထပ် ဒဏ်ရာရရှိသူ (၁)ဦးပါ ရှိသေးတယ်လို့ ‌ဒေသခံတွေက ‌‌‌‌ပြောတာပါ။

    ဒီလိုပစ်ခတ်ခံရတာကြောင့် စစ်ကား (၈)စီးရွာထဲကို ညတွင်းချင်းရောက်လာခဲ့ပြီး ညမထွက်ရအချိန်ကျော် လွန်ကာအပြင်သွားလာတဲ့ လူငယ်တချို့ကို ဖမ်းဆီးထားတယ်လို့ဆိုပါတယ်။ ဒါ့အပြင် မနက်ပိုင်းမှာလည်း ရွာအဝင်အထွက်ကို ပိတ်ဆို့စစ်ဆေးနေပြီး ထားဝယ်ဘက်ကိုသွားမယ့်ကားတွေနဲ့ လူတချို့ကိုလည်း ဖမ်းဆီးထားတယ်လို့ ‌ဒေသခံတွေကဆီကနေ သိရပါတယ်။

    “အဲ့လိုသွားလာမယ့်သူတွေကို ဖမ်းတာ (၃၀)နီးပါးဒီမနက်စောစောမှာ ဖမ်းထားပေမယ့် တချို့ကို ပြန်လွှတ်တယ်၊ တချို့ကတော့ ဆက်အဖမ်းခံထားရတုန်းပဲ။ ညက ဒီလိုဖြစ်စဉ်ပြီးမှ ရွာထဲ ပြန်လာတဲ့ လူငယ် (၂)ဦးကို သူတို့ဖမ်းထားပြီး လက်နောက်ပြန်တုပ်ထားတယ်ကြားတယ်။ သူတို့ကတော့ လွတ်မယ့်ပုံမပေါ်ဘူး။ ရွာထဲက တချို့လည်း ထွက်ပြေးပေမယ့် အရမ်းထွက်ပြေးတိမ်းရှောင်နေရတာတော့မဟုတ်ဘူး။ သူတို့ဘက်က တအိမ်တက်တအိမ်ဆင်းလည်း မစစ်‌ဆေးနေဘူး။ အေးအေးဆေး‌ဆေးပုံစံပဲ။ အခုနေ့လည်တော့ ရွာထဲမှာစစ်ကားက (၂)စီးပဲရှိတော့တယ်။”လို့ ဒေသခံက ဆက်ပြောပါတယ်။

    တနင်္သာရီတိုင်း၊သရက်ချောင်းမြို့နယ်က ကနက်သီရိကျေးရွာမှာ အရင်ကဒီလိုပစ်ခတ်မှုတွေမရှိခဲ့ဘူးလို့ ဒေသခံတွေကဆိုပါတယ်။

    Tanintaryi

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ဩဂုတ် (၃၀)ရက်ညပိုင်းက ကနက်သီရိရွာပစ်ခတ်မှုကြောင့် သေဆုံးသူ (၂)ဦး။
  19. စစ်ကောင်စီက ဒီဇယ်အလှူခံတာကို အခက်အခဲမရှိ လှူဒါန်းနိုင်တယ်လို့ မန္တလေးတိုင်း၊ စက်သုံးဆီလုပ်ငန်းရှင်တွေပြော

    စစ်ကောင်စီက ဒေသတွင်းစီမံအုပ်ချုပ်ရေးလုပ်ငန်းအတွက် ဒီဇယ်အလှူခံရာမှာ အခက်အခဲမရှိ လှူဒါန်းနိုင်တယ်လို့ မန္တလေးတိုင်းစက်သုံးဆီ လုပ်ငန်းရှင်တချို့ကပြောပါတယ်။

    "ငွေဈေးတက်တာ အဓိကပေါ့။ ဈေးနူန်းမြှင့်တက်တော့လည်း ကုမ္ပဏီတွေက အနည်း၊ အများတော့ လှူပေးကြမယ်ထင်တယ်။ အခက်အခဲတော့ မရှိပါဘူး" လို့ မန္တလေးတိုင်းစက်သုံးဆီလုပ်ငန်းရှင်များ အသင်းတာဝန်ရှိသူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    စစ်ကောင်စီခန့် မန္တလေးတိုင်းဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ရဲ့ လမ်းညွှန်ချက်အရ ဒေသအတွင်း စီမံအုပ်ချုပ်ရေး လုပ်ငန်းတွေလုပ်ဆောင်ဖို့ ဖြစ်တယ်လို့ ထုတ်ပြန်စာမှာ ဖော်ပြထားပါတယ်။ ရွှေကြက်ယက်ဆိပ်ကမ်းကို အခြေပြုကာ စက်သုံးဆီလုပ်ငန်း လုပ်ကိုင်နေတဲ့ကုမ္ပဏီလုပ်ငန်း (၁၂) ခုဟာ ဩဂုတ်လ (၃၀) ရက်နောက်ဆုံးထားပြီး လှူဒါန်းမှုပမာဏအပါအဝင် စက်သုံးဆီ(ဒီဇယ်)ကို လှူဒါန်းပို့ဆောင်ပေးရမှာ ဖြစ်ပါတယ်။

    အရင် NLD အစိုးရလက်ထက်ကလည်း လမ်းပေါ်လုယက်တဲ့ လူမိုက်တွေဖမ်းဖို့ ရဲတွေအတွက် စက်သုံးဆီ တစ်နှစ်တခေါက်အလှူခံတာတွေ ရှိပြီးအခုအခါမှာ အလုပ်လက်မဲ့ ဖြစ်တာများတာရယ် ၊ မသမာသူတွေကို ဖမ်းဆီးနိုင်ဖို့ဆိုကာ အလှူခံတာဖြစ်တဲ့အကြောင်း စက်သုံးဆီလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

    ပြည်တွင်း ဒေါ်လာဈေးနူန်းတွေမြင့်တက်ခဲ့လို့ လက်ရှိမှာ စက်သုံးဆီ တစ်လီတာကို ကျပ်တစ်ထောင် ကျော်ရှိနေပါတယ်။

    ဒီလို စစ်ကောင်စီဘက်က အလှူခံတာကို စက်သုံးဆီ ကုမ္ပဏီတိုင်းပေးနိုင်သလို ဒေါ်လာဈေးနဲ့ စက်သုံးဆီဈေး မြင့်တက်တာကြောင့် လှူဒါန်းမူ အနည်း၊ အများပဲ ကွာခြားသွားမယ်လို့ မန္တလေးတိုင်း စက်သုံးဆီလုပ်ငန်းရှင်များအသင်းက တာဝန်ရှိသူ တစ်ဦးရဲ့ပြောကြားချက်အရ သိရပါတယ်။

    Mandalay

    ဓာတ်ပုံ ရင်းမြစ်, မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်း

    ဓာတ်ပုံ ပုံစာ, စက်သုံးဆီ(ဒီဇယ်ဆီ) လှူဒါန်းဖို့ အကြောင်းကြားစာ
  20. ပူတာအိုမြို့၊ တန်ဂျာရွာကနေ စစ်ရှောင်နေရသူတချို့ နေအိမ်ပြန်ကြပြီလို့ ဒေသခံပြော

    ပူတာအိုမြို့၊ လုံရှာယန်ကျေးရွာအုပ်စု၊ တန်ဂျာရွာက ဒေသခံလူလတ်ပိုင်းတချို့ မိမိအိမ်ကို ပြန်နေကြပါပြီ။ ဒါပေမဲ့ အသက်ကြီးတဲ့သူ ကလေးငယ်နဲ့ ကိုယ်ဝန်ဆောင်တွေကတော့ လုံရှာယန်ရွာ မှာပဲ ဆက်ရှောင်နေရသေးတယ်လို့ သိရပါတယ်။ တန်ဂျာကျေးရွာက ‌ဒေသခံတွေဟာ လက်နက်သံတွေကြောင့် လုံရှာယန်ကျေးရွာဘက်ကို ဩဂုတ် (၂၆)ရက်က စစ်ရှောင်ခဲ့ကြတာပါ။

    “လုံရှာယန်မှာနေထိုင်တဲ့ စစ်ရှောင်တွေကတော့ အခုလော လောဆယ်ကိုယ့်အမျိုးဆီမှာနေတာပေါ့၊ အဲ့လိုရှိတယ်။ ဒီမှာပြန်လာရင်လည်း စစ်တပ်ကဘာမှပြောတာတော့မရှိပါဘူး။ အခု‌လောလောဆယ်က ဆက်နေ ရင်လည်း စစ်ဆေးမေးတာမရှိဘူး။ ကိုယ်ဝန်ဆောင်မိခင်၊ ကလေးနဲ့ သက်ကြီးရွယ်အိုတွေက တော့ ကြောက်လန့်ပြီး ထွက်ပြေးတာပေါ့ကွာ၊ အဲ့ဒီမှာ ပြန်လာမယ်ဆိုရင် နောက်တခါ ထပ်ခါထပ်ခါ ဖြစ်လာ၊ မလာပေါ့။ နောက်ထပ်ခါ ထပ်ခါ ဖြစ်လာပြီဆိုရင် ပြန်ထွက်ဖို့၊သွားလာဖို့ ခက်မလားဆိုပြီးတော့မှာ အခုထိ လုံရှာယန်မှာပဲ ရှောင်နေကြတာပေါ့”လို့ တန်ဂျာရွာဒေသခံတဦးက ဘီဘီစီကိုပြောပါတယ်။

    တချို့ တန်ဂျာရွာဒေသခံတွေကတော့ နေအိမ်မှာရှိတဲ့ အိမ်မွေး တိရစ္ဆာန်တွေကြောင့် စစ်မရှောင်တော့ဘဲ ပြန်လည်နေထိုင်တာဖြစ်ပါတယ်။ တန်ဂျာရွာအခြေအနေကတော့ လောလောဆယ်မှာ အေးအေးဆေးဆေးရှိပြီလို့ ပြောလို့မရသေးဘူးလို့ ဒေသခံတွေကဆိုပါတယ်။

    ဩဂုတ် (၂၆)ရက်က ပစ်ခတ်မှုကြောင့် စိုက်ခင်း၊ လယ်ယာတွေမှ တဲပျက်စီး တာတွေ၊ ထွန်စက်ပျက်စီးတာတွေရှိတယ်လို့ သိရပါတယ်။

    ပူတာအိုမြို့၊ လုံရှာယန်ကျေးရွာအုပ်စု၊ တန်ဂျာကျေးရွာမှာ အိမ်ခြေ (၁၃၀)နဲ့ လူဦးရေ (၅၀၀)ကျော် နေထိုင်တဲ့ရွာဖြစ်ပါတယ်။

    PutarO

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, PutarO