ထားဝယ်တပ်ပေါင်းစုသပိတ်ဖြိုခွဲခံရပြီး လူငယ် ၁၃ဦးဖမ်းဆီးခံရ

ထားဝယ်တပ်ပေါင်းစုသပိတ် ဒီနေ့ မေလ ၁၁ ရက်၊ မနက် ၉နာရီဝန်းကျင်မှာ ဖြိုခွဲခံရပြီး မျက်ရည်ယိုဗုံး၊ ရာဘာကျည်တွေသာမက ကျည်အစစ်တွေလည်း သုံးတယ်လို့ ဒေသခံတချို့က ပြောပါတယ်။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. စစ်ကိုင်း ဆိုင်ကယ်သပိတ်ကို ကားနဲ့တိုက်ပြီးဖမ်း

    no tag

    ဓာတ်ပုံ ရင်းမြစ်, CJ

    no tag

    ဓာတ်ပုံ ရင်းမြစ်, CJ

    စစ်ကိုင်းမြို့ ဒီကနေ့ ဧပြီလ ၂၅ ရက် ညနေခင်း စစ်အာဏာသိမ်း ဆန့်ကျင်ရေး ဆိုင်ကယ်သပိတ်မှာ လေးဦးအဖမ်းခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    နန်းဦးမြို့သစ် ရပ်ကွက်အရောက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အိမ်စီးကားနဲ့ ဝင်တိုက်ပြီးဖမ်းဆီးသွားတယ်လို့ မျက်မြင်တွေ့ ရှိတဲ့ ဒေသခံကပြောပါတယ်။

    စစ်ကိုင်းမြို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက နေရာတချို့မှာ ကင်းပုန်းချတာ လမ်းအများစုမှာ စစ်ကောင်စီဘက်က စောင့်ကြည့်ဖမ်းဆီးနေတာတွေရှိသလို ကျေးရွာနဲ့ ရပ်ကွက်အချို့မှာ သပိတ်စစ်ကြောင်းပြုလုပ် နေ့စဉ် ဆန္ဒပြတာတွေ ရှိပါတယ်။

    အိမ်စီးကားနဲ့ ဝင်တိုက်ပြီးဖမ်းဆီးမှုမှာ အဖမ်းခံရသူတွေ ဒဏ်ရာရရှိ ခြင်းရှိမရှိဆိုတာနဲ့ပတ်သက်ပြီး အတည်ပြုလို့မရသေးပါဘူး။

    နော််််ထပ် အချုပ်ကားတွေပါရောက်လာပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆိုင်ကယ်သပိတ်စစ်ကြောင်း ဖြိုခွင်းခဲ့တဲ့ အနီးရပ်ကွက်‌တွေထဲဝင်ရောက်ကာ စစ်ဆေးတာတွေ ပြုလုပ်နေတယ်လို့ ဒေသခံကပြောပါတယ်။

  2. ဧပြီ ၂၄ ရက်နေ့က မန္တလေးမှာ အပစ်ခံရသူ အလောင်းပြန်မရဘဲပျောက်နေ

    မန္တလေး၊ ချမ်းမြသာစည်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပစ်ခတ်လို့ ကျည်မှန်ခဲ့တဲ့ အသက် ၂၂နှစ်အရွယ် ကိုကောင်းထက်နိုင်ဟာ သေဆုံးသွားပြီလို့ ယူဆတာကြောင့်မိသားစုဝင်တွေက အလောင်းမရရှိဘဲ ဒီနေ့ ဧပြီလ ၂၅ ရက်နေ့ မှာ သက်ပျောက်ဆွမ်းကပ်ခဲ့ပါတယ်။

    ဧပြီ ၂၄ရက်နေ့ ၆၈နဲ့ ၆၆လမ်းကြား ငုရွှေဝါလမ်းမပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လမ်းသွား လမ်းလာ ယာဉ်တွေကို ရပ်ပြီး ဖုန်းတွေ ခန္ဓာကိုယ်ပေါ်က တက်တူးတွေစစ်ဆေးတာ ပြုလုပ်ခဲ့ပါတယ်။

    ဒီလို စစ်ဆေးနေစဥ် လမ်းမပေါ် ကိုက် ၂၀ ဝန်းကျင်မှာ တာယာတွေကို သူကမီးရှို့ခဲ့ပြီး အရပ်ဝတ်အိမ်စီးကားနဲ့ စစ်ကောင်စီတွေ ရောက်လာကာ သေနတ်ပစ် ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

    "ခွေဘီလူးပေါ်က အရပ်ဝတ်နဲ့လူဆင်းလာတာ။ သေနတ်ထုတ်တာ မြင်လို့ပြေးတာ။ နှစ်‌ယောက်ပြေးတာမြင်တယ်။ တစ်ယောက်ကိုမှန်တာ။ နောက်ကြောကနေ ထုတ်ချင်းပေါက်မှန်တာ။ အထဲက ကလီစာတွေပါထွက်လာတယ်။ မှန်ပြီးတဲ့နောက်ကို မလှုပ်နိူင်အောင် ခေါင်းကိုထပ်ရိုက်သေးတာ "လို့ ရပ်ကွက်တွင်း နေထိုင်သူတစ်ဦးက ပြောပါတယ်။

    ကျည်မှန်ခဲ့သူကို စစ်ကောင်စီက ခေါ်သွားခဲ့တာကြောင့် စစ်ကောင်စီ အခြေစိုက် နန်းတွင်းနဲ့ ဆေးရုံတချို့ကို မိသားစုဝင်တွေက စုံစမ်းပေမဲ့မတွေ့ရှိဘဲ အလောင်းမပါဘဲ သက်ပျောက်ဆွမ်းပြုလုပ်ခဲ့တာဖြစ်ပါတယ်။

    အေးရိပ်ငြိမ်သုသာန်မှာ မနေ့က အလောင်းတွေ မီးရှို့သွားတာကို စုံစမ်းသိရတယ်လို့ ကိုကောင်းထက်နိူင် နေထိုင်တဲ့ ရပ်ကွက်တွင်း နေထိုင်သူတစ်ဦးကပြောပါတယ်။

    လက်ရှိမှာ သေဆုံးသူလဲကျခဲ့တဲ့နေရာကို အမှတ်တရ ဂုဏ်ပြုပန်းတွေ ချထားခဲ့ကြပါတယ်။

    မန္တလေးမြို့မှာ စစ်ကောင်စီက ဆန္ဒပြသပိတ်တွေ ဖြိုခွင်းတာ ရပ်ကွက်တွေကို စစ်ဆေး ဖမ်းဆီးတာ လမ်းမပေါ်ကယာဉ်တွေ ရှာဖွေစစ်ဆေး ဖမ်းဆီးတာတွေ ရှိပေမဲ့ နေ့စဉ် စစ်အာဏာသိမ်း ဆန့်ကျင် ဆန္ဒပြတာတွေက နေ့ည မပျက်ရှိနေပါတယ်။

    အာဏာသိမ်းစစ်ကောင်စီဘက်က တော့ ပစ်ခတ်မှုတွေနဲ့ ပတ်သက်ပြီးသေဆုံးခဲ့သူ တွေကို စနစ်တကျ ရဲမှတ်တမ်းထားရှိပြီးမှတ်တမ်းတင်ထားတယ်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းက သတင်းထုတ်ပြန်ခဲ့ပါတယ်။

    No tag

    ဓာတ်ပုံ ရင်းမြစ်, CJ

    no tag

    ဓာတ်ပုံ ရင်းမြစ်, CJ

  3. ရန်ကုန်တိုင်းထဲက မြို့နယ်တချို့မှာ လျှပ်စစ်မီတာဆောင်ခိုင်းနေ

    ရန်ကုန်တိုင်းထဲက စစ်အုပ်ချုပ်ရေး အမိန့်ကြေညာခံထားရတဲ့ လှိုင်သာယာနဲ့ မြောက်ဒဂုံမြို့နယ်တွေအပါအဝင် မြို့နယ်တချို့မှာ လျှပ်စစ်မီတာခတွေ ဆောင်ကြဖို့ မီတာစာရွက်တွေ အိမ်တိုင်ရာလောက် လိုက်ပေးနေတာတွေရှိနေပါတယ်။

    လှိုင်သာယာမြို့နယ်ထဲက စက်မှုဇုန်ဘက်မှာရှိတဲ့ ညောင်ရပ်ကွက်မှာဆိုရင် အရပ်ဝတ်ဝတ်ထားတဲ့ လျှပ်စစ်ဝန်ထမ်းက ဇန်နဝါရီလအတွက် မီတာ စာရွက်တွေကို ဧပြီလ ၂၄ ရက်မှာ အိမ်တိုင်ရာရောက် လာပေး သွားတယ်လို့ ရပ်ကွက်မှာနေထိုင်သူ တစ်ဦးက ပြောပါတယ်။

    တစ်ခါ လှိုင်သာယာထဲက အမှတ် ၁၆ ရပ်ကွက်မှာ နေထိုင်သူတစ်ဦးကလည်း မီတာဆောင်ဖို့ ရပ်ကွက်လူကြီးက မီတာစာရွက်တွေ လိုက်ပို့နေတယ်ဆိုပြီး အတည်ပြုပါတယ်။

    သူ့အပြောအရဆိုရင်တော့ မတ်လ အတွက် မီတာဆောင်ရမယ့်စာရွက်လို့ ဆိုပါတယ်။

    လှိုင်သာယာ အမှတ် ၁၉ ရပ်ကွက်သူ တစ်ဦးကလည်း မီတာစာရွက်ရတဲ့အကြောင်း ဘီဘီစီကို အတည်ပြုထားပြီး အိမ်ရှိလူကုန် အလုပ်သွားနေချိန် မီတာစာရွက်လာညှပ်သွားတာဖြစ်လို့ ဘယ်သူလာပို့ သွားတယ်ဆိုတာမျိုးတော့ မသိရဘူးလို့ ဆိုပါတယ်။

    လှိုင်သာယာမှာ အခုလို မီတာစာရွက်တွေ လိုက်ပေးတာတွေရှိပေမဲ့ အန်အယ်လ်ဒီအစိုးရလက်ထက်တုန်းက ပေးထားတဲ့ ကိုဗစ်ကာလ လျှပ်စစ်မီတာအသုံးပြုနိုင်တဲ့ လျှော့ပေါ့ယူနစ်ကြေးတွေတော့ မီတာစာရွက်ထဲမှာဖြတ်ထားပေးဆဲလို့ သိရပါတယ်။

    ဒါ့ပြင် တာမွေမြို့နယ်ထဲမှာလည်း မီတာစာရွက်ပို့တာတွေရှိနေပေမဲ့ ကိုဗစ်ကာလ လျှော့ပေါ့သက်သာခွင့်ကြောင့် လျှပ်စစ်ရုံးကို မီတာသွားဆောင်ရတာမျိုးတော့ မရှိဘူးလို့ နယ်ခံတွေက ပြောပါတယ်။

    မြောက်ဒဂုံမြို့နယ်မှာလည်း မီတာဆောင်ဖို့ မီတာစာရွက်လာပေးပြီးတော့ အဲ့ဒီမီတာစာရွက်ဆောင်ရမဲ့ နောက်ဆုံးရက်ဟာ ပြီးခဲ့တဲ့ တစ်လကျော်က ရက်ဖြစ်နေကြောင်းလည်း မြောက်ဒဂုံမှာ နေထိုင်သူတစ်ဦးကပြောပါတယ်။

    စစ်အာဏာသိမ်းမှုစတင်တဲ့ ဖေဖော်ဝါရီလကစလို့ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာ လျှပ်စစ်ဝန်ထမ်းတွေလည်း ပါဝင်နေပြီး လွန်ခဲ့တဲ့ ၂ လအတွင်း မီတာဖတ်တာ၊ မီတာစာရွက်ပို့တာတွေ မရှိခဲ့ပါဘူး။

    အခု ရန်ကုန်မြို့နယ်တချို့မှာ ဖြစ်နေတဲ့ မီတာဆောင်ခိုင်းတဲ့ကိစ္စဟာ အာဏာသိမ်းမှုဖြစ်ပြီးကတည်းက ၃ လအတွင်း ပထမဆုံးအကြိမ်ဖြစ်ပါတယ်။

    no tag

    ဓာတ်ပုံ ရင်းမြစ်, CJ

  4. ရွှေပြည်သာမှာ စစ်ကျွန်ပညာရေးစနစ်အလိုမရှိဆိုပြီး ဆန္ဒပြ

    အာဏာသိမ်းစစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေငြာထားတဲ့ ရွှေပြည်သာမြို့နယ်မှာ ဧပြီလ ၂၅ ရက်နေ့ မနက်ပိုင်း စစ်ကျွန်ပညာရေးစနစ်အလိုမရှိကြောင်း ဒေသခံတွေက ဆန္ဒပြခဲ့ကြပါတယ်။

    စစ်ကျွန်ပညာရေးစနစ်အလိုမရှိဆိုပြီး ရွှေပြည်သာမြို့နယ်က အမှတ် ၁ အခြေခံပညာအထက်တန်းကျောင်းဆိုင်းဘုတ်မှာ ဆေးနီ တွေနဲ့ စာတွေရေးပြီး ဆန္ဒပြခဲ့ကြတာပါ။

    အာဏာသိမ်းစစ်ကောင်စီက နိုင်ငံတစ်ဝှန်းက စာသင်ကျောင်းတွေကို ပြန်ဖွင့်ဖို့ပြုလုပ်လာပြီးနောက်ပိုင်းမှာ ဒေသခံလူတွေက ခုလို ဆန္ဒပြလာကြတာလည်းဖြစ်ပါတယ်။

    အာဏာသိမ်း စစ်ကောင်စီက ရန်ကုန်၊ မြောင်းမြ၊ မတ္တရာစတဲ့ မြို့တွေအပြင် အထက်မြန်မာပြည်ကဒေသတချို့က ပညာရေးဝန်ထမ်းတွေ ကို ဖမ်းဆီးခဲ့ပြီး အဲ့ဒီထဲကတချို့က ပုဒ်မ ၅၀၅ (က) ၊ (ခ) ပုဒ်မတွေနဲ့ တရားစွဲခံထားရသူတွေလည်း ရှိခဲ့ပါတယ်။

    No tag

    ဓာတ်ပုံ ရင်းမြစ်, MPA

    No tag

    ဓာတ်ပုံ ရင်းမြစ်, MPA

  5. စာရေးဆရာ သတင်းစာဆရာမ တူးတူးသာနဲ့ မိသားစုဝင် အချို့ အဖမ်းခံရ

    စာရေးဆရာ သတင်းစာဆရာမ တူးတူးသာ နဲ့ မိသားစုဝင် အချို့ကို အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဧပြီလ ၂၄ ရက်နေ့ ညပိုင်းက သန်လျင် နေအိမ်ကိုလာရောက် ဖမ်းဆီးသွားတယ်လို့ မတူးတူးသာရဲ့ မိတ်ဆွေတွေက ဘီဘီစီကိုပြောပါတယ်။

    ဧပြီလ ၂၄ ရက်နေ့ ညက ဧည့်စာရင်းလာစစ်ရင်း ဖမ်းသွားတာလို့ပြောပြီး ဘာကြောင့် အခုလိုလာရောက်ဖမ်းဆီးတယ်ဆိုတာနဲ့ပတ်သက်လို့တော့ အသေးစိတ်မသိရသေးပါဘူး။

    စာရေးဆရာ သတင်းစာဆရာမ တူးတူးသာနဲ့ အတူသူရဲ့ သားဖြစ်သူ ညဏ်လူသစ်နဲ့ သူ့သူငယ်ချင်း သီဟစိုး ၊ သူရဲ့မောင်ဖြစ်သူ ကိုရဲနောင်တို့လည်း အဖမ်းခံခဲ့ရတယ်လို့လည်း သိရပါတယ်။

    မတူးတူးသာဟာ စာရေးဆရာမတစ်ဦးလည်းဖြစ်သလို ဧရာဝတီသတင်းဌာနနဲ့ 7 day အင်တာဗျူးဂျာနယ် ဖလားဝါးနယူး ဂျာနယ်တို့မှာ အယ်ဒီတာအဖြစ် တာဝန်ယူလုပ်ကိုင်ခဲ့ဖူးပြီး၊ သန်လျင်ပိုစ့်ဂျာနယ်ကို ကိုယ်တိုင်ထုတ်ဝေခဲ့သူဖြစ်ကာ လက်ရှိ သတင်းစာဆရာသင်တန်း နည်းပြဆရာအဖြစ် လုပ်ကိုင်နေသူတစ်ဦးလည်း ဖြစ်ပါတယ်။

    no tag

    ဓာတ်ပုံ ရင်းမြစ်, CJ

  6. မလွှကုန်းက CDM ဂတ်ဗိုလ် ၂၅ ဦးနီးပါး တာဝန်ယာယီရပ်ဆိုင်းခံရ

    မလွှကုန်းက CDM ဂတ်ဗိုလ် ၂၅ ဦးနီးပါး တာဝန်ယာယီရပ်ဆိုင်းခံရ၊ ဖေဖော်ဝါရီ ၁၉ ရက် ဆန္ဒပြပွဲမှာမြင်ရတဲ့ မြန်မာ့မီးရထားဝန်ထမ်းတွေ

    ဓာတ်ပုံ ရင်းမြစ်, Ye Aung Thu/AFP/Getty

    ဓာတ်ပုံ ပုံစာ, ဖေဖော်ဝါရီ ၁၉ ရက် ဆန္ဒပြပွဲမှာမြင်ရတဲ့ မြန်မာ့မီးရထားဝန်ထမ်းတွေ

    မြန်မာ့မီးရထားလုပ်ငန်း၊ ရန်ကုန် အမှတ်(၇)တိုင်းအောက်မှာရှိတဲ့ မလွှကုန်းမီးရထားဝန်းထဲက CDM ဝင်နေတဲ့ ရထားထိန်း(ဂတ်ဗိုလ်) ၂၃ ဦးဟာ ဧပြီလ ၂၃ ရက်ကတည်းက တာဝန်ကနေ ယာယီရပ်ဆိုင်းခံရတဲ့စာ အထုတ်ခံလိုက်ရပါတယ်။

    လက်ထောက်ကြီးကြပ်ရေးမှူး(ရထားထိန်း)တွေဟာ သွားလာပို့ဆောင်ရေး တိုင်းမန်နေဂျာကနေထုတ်တဲ့ ဒီစာကို မလွှကုန်း မီးရထားဝန်းပိုင်ဆီကတဆင့်သိရှိခဲ့ရတာဖြစ်ပါတယ်။

    အာဏာဖီဆန်အကြမ်းမဖက်လှုပ်ရှားမှု (CDM) မှာပါဝင်ပြီး ခွင့်စည်းကမ်းဖောက်ဖျက်တာ၊ ခွင့်မဲ့ပျက်ကွက်တာ၊ ခိုင်လုံတဲ့အကြောင်းပြချက်မရှိဘဲ ခွင့်ကာလကျော်လွန်တဲ့အထိ လုပ်ငန်းခွင် ပြန်မဝင် တာတွေကြောင့် တာဝန်ယာယီရပ်ဆိုင်းတာလို့ စာထဲမှာ ရေးသားထားတာတွေ့ရပါတယ်။

    ပုံမှန်ဆို ဒီလို တာဝန်ယာယီရပ်ဆိုင်းခံရတဲ့အခါ မီးရထားလုပ်ထုံးလုပ်နည်းအရ ရပ်ဆိုင်းခံရတဲ့ကာလအတွင်း လစာ တဝက်အထိ ခံစားခွင့်ရတာမျိုးရှိပေမဲ့ ဒီစာထဲမှာတော့ အဲဒီလိုအချက်တွေ မပါဝင်ဘူးလို့ စာထုတ်ခံရတဲ့ CDM ဂတ်ဗိုလ်တစ်ဦးက ပြောပါတယ်။

    ‘ရထားတစ်စီးကို ထိန်းသိမ်းစောင့်ရှောက်ရတဲ့ကျတော်တို့လို ရာထူးကြီးပိုင်းတွေကို အရေးယူလိုက်ရင် ကျန်တဲ့ဝန်ထမ်းအငယ်တွေဝင်လာမလားဆိုပြီး လုပ်တာလို့ယူဆတယ်။ အရေးယူလည်းယူပေါ့ဗျာ။ ကျနော်တို့က အဆုံးထိ တိုက်ပွဲဝင်မယ့်လူတွေ။ ကျနော်တို့လုပ်သက်အရ နောက်လေးငါးဆယ်နှစ်ဆို ပင်စင်တောင်ယူလို့ရနေပြီ။ လူငယ်တွေတောင်အသက်နဲ့ပေးဆပ်ထားသေးတာပဲဗျာ။ ကျတော်တို့က ဘဝနဲ့ ပေးဆပ်ရတာပေ့ါ’ လို့ CDM ဂတ်ဗိုလ်တစ်ဦးကပြောပါတယ်။

    မလွှကုန်းမီးရထားဝန်းထဲမှာ စက်ခေါင်းမောင်း(စက်မှုအဖွဲ့)၊ တံတားဘောင်၊ စစ်ပြင်ရုံ၊ လမ်းဗိုလ်(အငယ် တန်းအင်ဂျင်နီယာ) စတဲ့ဌာနတွေအသီးသီးရှိပြီး အခုစာထုတ်ခံရတဲ့ ဂတ်ဗိုလ်တွေပါဝင်တဲ့ သွားလာ ပို့ဆောင်ရေးအောက်က ရပ်ဝန်းအဖွဲ့လည်းရှိပါတယ်။

    ရပ်ဝန်းအဖွဲ့က တွဲစီဝန်းအုပ်၊ တွဲမှတ်စာရေး၊ တွဲစီ၊ တွဲချိတ်၊ ရပ်ဝန်းစောင့်စတဲ့ ဝန်ထမ်း ၁၀၀ နီးပါး CDM ဝင်နေပေမဲ့ ဒီထဲက အယောက် ၃၀ ကျော် လုပ်ငန်းအဝင်ပြန်ပြနေပြီး ကျန်တဲ့အယောက် ၆၀ ကျော်ထဲကမှ ဂတ်ဗိုလ် ၂၃ ဦး စာထုတ်ခံခံရတာဖြစ်ပါတယ်။

  7. အာဏာသိမ်းမှု ရက်ပေါင်း ၈၀ ကျော်မှာ သေဆုံးသူ ၇၅၀ အထိရှိလာ

    အာဏာသိမ်းမှု ရက်ပေါင်း ၈၀ ကျော်မှာ သေဆုံးသူ ၇၅၀ အထိရှိလာ

    မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတဲ့ ဖေဖော်ဝါရီလ ၁ ရက်နောက်ပိုင်း သေဆုံးသူ ၇၄၈ ဦးအထိရှိလာပြီလို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ပြောပါတယ်။

    ဒီကာလတစ်လျှောက်လုံး စာရင်းပြုစုလာတဲ့ AAPP ဘက်က အခုလိုပြောပေမဲ့ စစ်ကောင်စီဘက်ကတော့ သေဆုံးသူ ၂၄၀ သာရှိတယ်ဆိုတဲ့အကြောင်း ဧပြီလ ၁၉ ရက်ညသတင်းမှာ ကြေညာထားပါတယ်။

    လုံခြုံရေးတပ်ဖွဲ့တွေကို ရန်ပြုတိုက်ခိုက်ခဲ့တဲ့အတွက်ကြောင့်သာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ပြန်လည် ပစ်ခတ်ခဲ့ရတာလို့ ဆိုပါတယ်။

    စစ်ကောင်စီဥက္ကဋ္ဌကိုယ်တိုင်တက်ရောက်ခဲ့ပြီး မနေ့ ဧပြီလ ၂၄ ရက်တုန်းက ဂျာကာတာမြို့မှာပြုလုပ်တဲ့ မြန်မာ့အရေး အာဆီယံထိပ်သီးဆွေးနွေးပွဲမှာ အကြမ်းဖက်မှုတွေလျှော့ချဖို့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေခေါင်းဆောင်တွေက တောင်းဆိုခဲ့သလို ဘုံသဘောတူညီချက်တစ်ရပ်အဖြစ်လည်းရရှိခဲ့ပါတယ်။

    ဒါပေမဲ့ စစ်ကောင်စီဘက်က ဒါကို ကတိကဝတ်ပြု လိုက်နာမလားဆိုတဲ့အပေါ် ကုလလူ့အခွင့်အရေးကိုယ်စားလှယ်အပြင် မြန်မာ့ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတွေက မေးခွန်းထုတ်နေကြပါတယ်။

  8. နောင်ချိုမြို့က ဆန္ဒပြပွဲ ပစ်ခတ်ဖမ်းဆီးမှုတွေရှိခဲ့

    နောင်ချိုမြို့က ဆန္ဒပြပွဲ ပစ်ခတ်ဖမ်းဆီးမှုတွေရှိခဲ့

    ဓာတ်ပုံ ရင်းမြစ်, cj

    ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့မှာ လူငယ်တွေဦးဆောင်တဲ့ ဒီကနေ့ ဧပြီလ ၂၅ ရက် ဆန္ဒပြသပိတ်ကို စစ်ကောင်စီတပ်တွေက လိုက်လံ ဖမ်းဆီးတာတွေရှိခဲ့ပြီး လူငယ် ၃ ဦးလည်း အဖမ်းခံခဲ့ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

    မနက်ခင်းအစောပိုင်း ဆန္ဒပြပွဲကို စစ်ကောင်စီတပ်တွေက ဟန့်တားမယ့်ပုံရှိခဲ့လို့ မြို့တွင်းလမ်းတွေထဲ လူငယ်တွေက ပျောက်ကျားဆန္ဒပြခဲ့ကြတယ်လို့ ဆန္ဒပြပွဲမှာ ပါဝင်သူတစ်ဦးကပြောပါတယ်။

    ဒါပေမဲ့ မြို့ဈေးထဲမှာ လူငယ်တချို့က စစ်အာဏာရှင်ဆန့်ကျင်ရေး စာရွက်တွေ လိုက်ကပ်ချိန်မှာ ဈေးရှေ့ ရုံးတန်းမှာ အဖမ်းအဆီးဖြစ်ခဲ့ပြီး လူငယ် ၃ ဦး အဖမ်းခံခဲ့ရတာဖြစ်ပါတယ်။

    အဲဒီမှာပဲ စစ်ကောင်စီတပ်တွေက အနီးနားမှာ ရပ်ထားတဲ့ဆိုင်ကယ်တွေကို ထွက်ပြေးတဲ့ဆန္ဒပြလူငယ်တွေရဲ့ဆိုင်ကယ်ထင်ပြီး ဖျက်ဆီးတာတွေလုပ်ခဲ့လို့ ဆိုင်ကယ် ၃ စီးထက်မနည်းပျက်စီးခဲ့တယ်လို့ မျက်မြင်တွေက ပြောပါတယ်။

    ဒီအခြေအနေကို အနီးနားက ရပ်ကွက်နေလူထုက ဝိုင်းအော်ပြီး ဟန့်တားလုိ့ သေနတ် ၃ ချက်ထက်မနည်း ပစ်ဖောက်တာမျိုးလည်း ရှိခဲ့တယ်လို့ သိရပါတယ်။

    ဘီဘီစီက နောက်ဆုံးရတဲ့သတင်းအရ ဖမ်းဆီးခံရတဲ့ လူငယ် ၃ ယောက်ဟာ အသက်မပြည့်သေးတာကြောင့် ခံဝန်နဲ့ပြန်လွတ်လာပြီလို့ သိရပါတယ်။

    နောင်ချိုမှာ လူငယ်တစ်ရာကျော်နီးပါးပါဝင်တဲ့ ဆန္ဒပြပွဲတွေ နေ့စဉ်ရှိနေတာဖြစ်ပြီး တနိုင်ငံလုံးသပိတ်ထွက်ကြမယ်လို့ ဆော်အော်ကြတဲ့နေ့မျိုးမှာ အနီးနားကျေးရွာတွေက လာပူးပေါင်းကြတဲ့အခါ ဆန္ဒပြသူထောင်ချီအထိရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

  9. မြန်မာ့အရေး အာဆီယံရဲ့ဘုံသဘောတူညီချက်တွေကို အီးယူကြိုဆို

    မြန်မာ့အရေး အာဆီယံရဲ့ဘုံသဘောတူညီချက်တွေကို အီးယူကြိုဆို

    ဓာတ်ပုံ ရင်းမြစ်, EPA

    အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ)အထူးအစည်း အဝေးမှာရရှိခဲ့တဲ့မြန်မာ့အရေး ဘုံသဘောတူညီချက် ၅ ချက်ဟာ မြန်မာနိုင်ငံရဲ့ လက်ရှိအကျပ်အတည်းကို ဖြေရှင်းနိုင်ရေး ရှေ့ခြေလှမ်းတစ်ခုဖြစ်တယ်လို့ ဥရောပသမဂ္ဂ(အီးယူ)ဘက်က ပြောလာပါတယ်။

    အကြမ်းဖက်မှုတွေလျှော့ချဖို့၊ ငြိမ်းချမ်းစွာအဖြေရှာဖို့ ပြည်ထောင်စုလွှတ်ကိုယ်စားပြုကော်မတီ(CRPH) ဒါမှမဟုတ် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)တို့အပါအဝင် သက်ဆိုင်ရာပတ်သက်သူတွေ အားလုံးပါဝင်နိုင်မယ့် အပြုသဘောဆောင်ဆွေးနွေးပွဲစဖို့ အာဆီယံရဲ့အားထုတ်မှုတွေကို ထောက်ခံတယ်ဆိုတဲ့အကြောင်း အီးယူဘက်က ပြောလာတာပါ။

    ဒါ့ပြင် ကြားဝင်ညှိနှိုင်းပေးတဲ့ အာဆီယံသံတမန်တစ်ယောက်ခန့်အပ်လာတဲ့အခါ အဲဒီသံတမန်ဟာ မြန်မာနိုင်ငံထဲက ပါဝင်ပတ်သက်သူအားလုံးနဲ့ တွေ့ဆုံနိုင်ဖို့ အရေးကြီးတဲ့အကြောင်းကိုတော့ အီးယူရဲ့နိုင်ငံခြားနဲ့လုံခြုံရေးရာမူဝါဒအထူးကိုယ်စားလှယ် Josep Borrell က ပြောပါတယ်။

    ဒါပေမဲ့ အာဆီယံခေါင်းဆောင်တွေ မနေ့ ဧပြီလ ၂၄ မှာ ဂျာကာတာမြို့မှာ တွေ့ဆုံတုန်း ရခဲ့တဲ့ဘုံသဘောတူညီချက် ၅ ချက်ထဲမှာ မပါဝင်ခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားတွေ ချက်ချင်းပြန်လွှတ်ပေးရေးကိုတော့ ဥရောပသမဂ္ဂက ဆက်တောင်းဆိုတာကို တွေ့ရပါတယ်။

  10. အမရပူရမြို့မှာ တပ်ပိုင် မိုင်တဲဖုန်းဆင်းကဒ်တွေကို မီးရှို့ဆန္ဒပြ

    မန္တလေးက အမရပူရမြို့မှာ မိုင်တဲဖုန်းဆင်းကဒ်တွေကို မီးရှို့ပြီး ဆန္ဒပြမှု ဒီနေ့ ဧပြီလ ၂၅ ရက်မှာ ပြုလုပ်သွားတယ်လို့ သိရပါတယ်။

    မိုင်တဲဆင်းကဒ်ကို သုံးပြီး ဖုန်းခေါ်ဆိုမှုတွေကနေ ကုန်ကျသွားတဲ့ငွေကြေးတွေဟာ တပ်ပိုင်စီးပွားရေးအားပေးအားမြှောက်မဖြစ်စေဖို့ အခုလို ဆန္ဒပြတာလို့ သိရပါတယ်။

    မိုင်တဲလ်ဆက်သွယ်ရေးလုပ်ငန်းဟာ မြန်မာနိုင်ငံမှာ စတုတ္ထမြောက် မိုဘိုင်းဆက်သွယ်ရေးလုပ်ငန်းဖြစ်ပြီး တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းအောက်က ကုမ္ပဏီတစ်ခု ရှယ်ယာပါဝင်သလို ဗီယက်နမ်အစိုးရပိုင် ဗီယက်တဲလ်ဆက်သွယ်ရေး ကုမ္ပဏီတို့ အကျိုးတူးပူးပေါင်းပြီး လုပ်ငန်းလည်ပတ်နေတာပါ။

    မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ကစလို့ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် တပ်စီးပွားရေးအားမပေးကြဖို့ ပြည်တွင်းမှာ လှုံ့ဆော်တာတွေရှိနေပြီး တပ်နဲ့ပတ်သက်တဲ့ ထုတ်ကုန်တွေကို ပုံစံမျိုးစုံနဲ့ သပိတ်မှောက်ဆန္ဒပြနေကြပါတယ်။

    အမရပူရမြို့မှာ တပ်ပိုင် မိုင်တဲဖုန်းဆင်းကဒ်တွေကို မီးရှို့ဆန္ဒပြ

    ဓာတ်ပုံ ရင်းမြစ်, CJ

  11. "ရဲဘော်တို့ လမ်းမှားနေကြပြီ" ဆိုတဲ့ စာရွက်တွေကို လမ်းမတွေပေါ်က လိုက်ကောက်နေတဲ့ စစ်ကောင်စီတပ်

    "ရဲဘော်တို့ လမ်းမှားနေကြပြီ" ဆိုတဲ့ စာရွက်တွေကို လမ်းမတွေပေါ်က လိုက်ကောက်နေတဲ့ စစ်ကောင်စီတပ်

    ဓာတ်ပုံ ရင်းမြစ်, MPA

    "ရဲဘော်တို့ လမ်းမှားနေကြပြီ" ဆိုတဲ့ စာရွက်တွေကို လမ်းမတွေပေါ်က လိုက်ကောက်နေတဲ့ စစ်ကောင်စီတပ်

    ဓာတ်ပုံ ရင်းမြစ်, MPA

    ရန်ကုန်မြို့က လမ်းမတစ်ခုပေါ်မှာ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး လူမဲ့ စာရွက်သပိတ် လုပ်ခဲ့တာကို စစ်ကောင်စီရဲ့ ရဲတပ်ဖွဲ့တွေက လိုက်လံ သိမ်းဆည်းနေတာကို ဧပြီလ ၂၄ ရက်နေ့ က တွေ့ခဲ့ရပါတယ်။

    "ရဲဘော်တို့ လမ်းမှားနေကြပြီ" ဆိုတဲ့ စာသား အပါအဝင် အာဏာဖီဆန်ရေး လှုပ်ရှားမှု ပါဝင်လာတဲ့ ဗိုလ်ကြီး တစ်ဦးရဲ့ မီဒီယာဖြေကြားချက်ပါ စာသားတချို့ပါတဲ့ စာရွက်တွေကို လမ်းမပေါ်မှာ ဖြန့်ကြဲပြီး ဒီမိုကရေစီတောင်းဆိုသူတွေက ဆန္ဒထုတ်ဖော်ခဲ့ကြတာ ဖြစ်ပါတယ်။

    တဆက်တည်းမှာပဲ ဒီဆန္ဒဖော်ထုတ်ပွဲလုပ်ချိန် ဆန္ဒပြသူနှစ်ဦးကို အနက်ရောင်ဝတ်ဆင်ထားတယ်လို့ ဆိုပြီး ရဲတွေက လာရောက်ဖမ်းဆီးသွားတယ်လို့ အနီးနားက မျက်မြင်တွေက ပြောပါတယ်။

  12. မြန်မာ့အရေး ယူကေမှာ မြန်မာကျောင်းသားတချို့ အစာငတ်ခံဆန္ဒပြ

    ဗြိတိန်နဲ့ အိုင်ယာလန်က မြန်မာကျောင်းသားများ သမဂ္ဂ အဖွဲ့ဝင် မြန်မာကျောင်သား သုံးယောက်က လန်ဒန်မြို့က လူစည်ကားရာ စိန့် သောမတ်စ် ဆေးရုံရှေ့ဖက်က Westminister တံတားပေါ်မှာ စနေနေ့ မနက်က စပြီး မြန်မာ့အရေးနဲ့ ပတ်သက်လို့ ဗြိတိန်အစိုးရက ဆောင်ရွက်ပေးဖို့ တောင်းဆိုတဲ့ အနေနဲ့ သုံးရက်ကြာ အစာငတ်ခံ ဆန္ဒပြနေကြပါတယ်။

    ဆန္ဒပြကျောင်းသားတွေက ဗြိတိန် ပြည်ထဲရေးဝန်ကြီး Priti Patel ထံ မြန်မာ နိုင်ငံနဲ့ ပတ်သက်တဲ့ တောင်းဆိုချက် နှစ်ချက်ကို ဧပြီလ ၈ ရက်နေ့က စာရေးသားပေးပို့ခဲ့ရာမှာ ဆောင်ရွက်ခြင်းမရှိတဲ့ အတွက် သူတို့စာထဲမှာ ဖော်ပြခဲ့တဲ့ အတိုင်း အစာအငတ်ခံဆန္ဒပြရတာလို့ ဆိုပါတယ်။

    ဗြိတိန် နိုင်ငံရဲ့ ၂၀၀၀ ခုနှစ် အကြမ်းဖက်မှုဆိုင်ရာ ဥပဒေ Terrorism Act 2000 အရ စစ်ကောင်စီကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာပေးဖို့နဲ့ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေတွေကြောင့် နိုင်ငံကို ပြန်ဖို့ ခက်ခဲနေတဲ့ မြန်မာနိုင်ငံသားတွေကို ယာယီ ဗီဇာသက်တမ်းတိုးပေးဖို့ ဗြိတိန်အစိုးရကို ကျောင်းသားတွေက တောင်းဆိုထားတာဖြစ်ပါတယ်။

    မြန်မာ့အရေး ယူကေမှာ မြန်မာကျောင်းသားတချို့ အစာငတ်ခံဆန္ဒပြ

    ဓာတ်ပုံ ရင်းမြစ်, Leo

    မြန်မာ့အရေး ယူကေမှာ မြန်မာကျောင်းသားတချို့ အစာငတ်ခံဆန္ဒပြ

    ဓာတ်ပုံ ရင်းမြစ်, Leo

  13. ဝန်ကြီးပြီးတော့ သူပုန်၊ သူပုန်ပြီးတော့ ဝန်ကြီး

  14. အာဆီယံကြေညာချက်ကို အမျိုးသားညီညွတ်ရေးအစိုးရက ကြိုဆိုတယ်လို့ပြော

    မြန်မာနိုင်ငံ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီက ဦးဆောင်ဖွဲ့စည်းထားတဲ့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) အနေနဲ့ မြန်မာ့အရေး အာဆီယံ အထူးအစည်းအဝေးမှာ အာဆီယံ ခေါင်းဆောင်တွေ အချက် ငါးချက် သဘောတူနိုင်ခဲ့တဲ့အပေါ် ကြိုဆိုလိုက်ပါတယ်။

    အခုလို မြန်မာနိုင်ငံအတွင်း အကျပ်အတည်း အခြေအနေကို ဖြေရှင်းဖို့အတွက် သဘောတူနိုင်ခဲ့တာဟာ အားတက်ဖွယ်ရာသတင်း ဖြစ်တယ်လို့လည်း ဆိုပါတယ်။

    လတ်တလော ဖွဲ့စည်းထားတဲ့ NUG အနေနဲ့ မြန်မာပြည်သူတွေ ဒီမိုကရေစီနဲ့ လွတ်လပ်မှု ပြန်ရရေးအတွက် အာဆီယံဘက်က ချလိုက်တဲ့ ဆုံးဖြတ်ချက်တွေနဲ့အညီ ပြတ်ပြတ်သားသား ဆက်လက် လုပ်ဆောင်မှုတွေ လုပ်ဖို့ စောင့်မျှော်နေတယ်လို့လည်း NUG ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဖြစ်ပြီး NUG ရဲ့ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးလည်း ဖြစ်သူ ဒေါက်တာ ဆာဆာက ထုတ်ပြန်ချက်ထဲမှာ ပြောဆိုထားပါတယ်။

    မနေ့ကတော့ မြန်မာနိုင်ငံဆိုင်ရာ အစည်းအဝေးပွဲမှာ “တရားမဝင်တဲ့ စစ်အာဏာရှင်” ကို မထည့်သွင်းသင့်ဘူးလို့ ဒေါက်တာဆာဆာက ထုတ်ပြန်ချက်ထုတ်ခဲ့ပါတယ်။

    ဒါပေမဲ့ အာဆီယံထိပ်သီးအစည်းအဝေးမှာ အာဏာသိမ်းစစ်တပ်ရဲ့ ခေါင်းဆောင်ကို ဖိတ်ခေါ်ခဲ့ပြီး အမျိုးသား ညီညွတ်ရေး အစိုးရ NUG ကို မဖိတ်ကြားတဲ့ အတွက် အာဆီယံဟာ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

    မြန်မာနိုင်ငံတွင်းနဲ့ အရှေ့တောင်အာရှက လူထုအခြေပြုအဖွဲ့တွေကလည်းမနေ့က အိတ်ဖွင့်ပေးစာတစ်စောင်ပေးပို့ ထုတ်ပြန်ပြီး ဝေဖန်ကန့်ကွက်ခဲ့ကြပါတယ်။

    Dr.Sasa

    ဓာတ်ပုံ ရင်းမြစ်, Dr.Sasa Facebook

  15. မြန်မာ့အရေး အာဆီယံ အထူးအစည်းအဝေးက အားလုံးသဘောတူတဲ့ ငါးချက်

    မြန်မာနိုင်ငံက လက်ရှိ အခြေအနေတွေနဲ့ ပတ်သက်လို့ မြန်မာ့အရေး အာဆီယံ အထူးအစည်းအဝေးမှာ ခေါင်းဆောင်တွေ အားလုံးက သဘောတူတဲ့ အချက် ငါးချက် ထုတ်ပြန်လိုက်ပါတယ်။

    ၁။ မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုအားလုံး ချက်ချင်း ရပ်ဆိုင်းဖို့နဲ့ သက်ဆိုင်သူ အဘက်ဘက်က အတတ်နိုင်ဆုံး ထိန်းထိန်းသိမ်းသိမ်း လုပ်ကြရန်

    ၂။ သက်ဆိုင်သူ အဘက်ဘက်အကြား အပြုသဘောဆောင်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေလုပ်ပြီး အများပြည်သူအကျိုးအတွက် ငြိမ်းချမ်းတဲ့ အဖြေရှာကြရန်

    ၃။ အာဆီယံအတွင်းရေးမှူးချုပ်ရဲ့ ကူညီမှုကိုရယူပြီး မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဥက္ကဋ္ဌက တွေ့ဆုံဆွေးနွေးရေးလုပ်ငန်းစဥ်တွေကို ညှိနှိုင်းပေးရန်

    ၄။ အာဆီယံဘက်က လူသားချင်းစာနာမှု ဆိုင်ရာ ညှိနှိုင်းကူညီပေးရေး ဌာန (AHA) ကတဆင့် မြန်မာနိုင်ငံကို လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ ပေးသွားရန်

    ၅။ အာဆီယံရဲ့ မြန်မာဆိုင်ရာ အထူးကိုယ်စားလှယ်အဖွဲ့က မြန်မာနိုင်ငံကို သွားရောက်ပြီး ပြည်တွင်းက သက်ဆိုင်သူ အဘက်ဘက်နဲ့ တွေ့ဆုံရန်

    အခုလို အချက် ငါးချက်ကို အာဆီယံ ခေါင်းဆောင်တွေက သဘောတူခဲ့တဲ့အပြင် မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ လုပ်ဆောင်နေတဲ့ ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်များ ဆန္ဒအလျောက် ပြန်ပို့ရေး အမြန်ဆုံးဖြစ်လာဖို့နဲ့ ဒီလိုဖြစ်လာဖို့အတွက် အာဆီယံ အထွေထွေ အတွင်းရေးမှူးချုပ်က ဦးစီး လုပ်ဆောင်နေကြောင်းကိုလည်း ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

    အဖွဲ့ဝင်နိုင်ငံတွေ သဘောတူညီမှ အများသဘောတူဆုံးဖြတ်ချက်တွေ ချမှတ်ရတဲ့ အာဆီယံအအနေနဲ့ မြန်မာနိုင်ငံထဲက သက်ဆိုင်ရာဘက်အားလုံး တွေ့ဆုံဆွေးနွေးရေးကို ဒီထုတ်ပြန်ချက်ထဲမှာ တိုက်တွန်းထားပေမဲ့ ဖမ်းဆီးထားသူတွေ ပြန်လွှတ်ပေးရေး ဆောင်ရွက်ဖို့ သဘောတူတိုက်တွန်းခဲ့တာ မရှိသလို ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ကလည်း ဖမ်းဆီးထားတဲ့ ခေါင်းဆောင်တွေ ပြန်မလွှတ်ပေးဘဲ တွေ့ဆုံစကားပြောဆိုဖို့ မဖြစ်နိုင်ဘူးဆိုပြီး ပြောဆိုထားတာရှိပါတယ်။

    အာဆီယံ ထိပ်သီး အစည်းအဝေး

    ဓာတ်ပုံ ရင်းမြစ်, Getty Images

  16. စစ်တပ်နဲ့ကေအိုင်အေ ဗန်းမော်နဲ့မိုးမောက်မှာ တိုက်ပွဲထပ်ဖြစ်

    ကေအိုင်အေ တပ်တွေနဲ့ စစ်တပ်တို့ တိုက်ပွဲတွေဟာ ဧပြီလ အတွင်းမှာ ဆက်တိုက်ဆိုသလို ဖြစ်နေခဲ့ပြီး ဒီကနေ့မှာလည်း ဗန်းမော် မြို့နဲ့ မိုးမောက်မြို့တွေမှာ တိုက်ပွဲတွေ ထပ်ဖြစ်တာကြောင့် လက်နက်ကြီး ပစ်ခတ်သံတွေနဲ့ ဆူညံနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    ဗန်းမော်တက္ကသိုလ် အနားမှာ ဒီကနေ့ ညနေ ၃နာရီခွဲဝန်းကျင်မှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

    ဗန်းမော်မြို့ နမ့်ဖာရပ်ကွက်မှာ စစ်တပ်ယာဥ်တန်းကို ကေအိုင်အေက မိုင်းခွဲချုံခို တိုက်ခိုက်တာဖြစ်ပြီး စစ်တပ်ကားတစ်စီးမိုင်းထိကာ ဒေသခံ ၃ ယောက်လည်း ဒဏ်ရာရတယ်လို့ ဗန်းမော် ဒေသခံတွေဆီက သိရပါတယ်။

    မနက်ပိုင်း ၈ နာရီလောက်မှာ တိုက်ပွဲစဖြစ်ပြီး လက်နက်ကြီးနဲ့ ပစ်ခတ်တဲ့ တိုက်ခိုက်သံတွေကြားရပြီးနောက် လေယာဥ်နဲ့ တိုက်ခိုက်မှုတွေရှိတယ်၊ တစ်နေကုန်နီးပါးလောက် တိုက်ပွဲဖြစ်ပွားတဲ့ အခြေအနေရှိတယ်လို့ ဒေသခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

    မိုးမောက်မြို့နယ် ဗန်းမော် -လိုင်ဇာ ကားလမ်းမကြီးပေါ်က မြို့သစ်ရွာနားမှာလည်း ဒီကနေ့ မနက်ပိုင်းက တိုက်ပွဲတွေဖြစ်ခဲ့တာကြောင့် မြစ်ကြီးနား- ဗန်းမော် ခရီးသွားကားတွေလည်း ပိတ်မိနေပါတယ်။ ဒီလို တိုက်ပွဲတွေကြောင့် ဒေသခံ ထောင်နဲ့ချီပြီး မိုးမောက်မြို့ပေါ်နဲ့ ဗန်းမော် မြို့နားတို့မှာ စစ်ရှောင်နေရတယ်လို့ ဗန်းမော်ဒေသခံ စိုင်းကျော်သီဟက ဆိုပါတယ်

    လက်ရှိ အခြေအနေမှာ မိုးမောက် မြို့နယ် မှာရှိတဲ့ မြို့သစ်၊ကုန်းလော၊ စီဟက် စတဲ့ရွာတွေမှာ တပ်စွဲထားတဲ့ စစ်တပ်နဲ့ ကေအိုင်အေ တို့ကြား တိုက်ပွဲတွေ တပတ်လုံးလိုလို ဖြစ်နေပြီး စစ်ဘေးရှောင်နေသူတွေကတော့ နီးစပ်ရာ ဘုန်းကြီးကျောင်းတွေနဲ့ ဆွေမျိုးတွေအိမ်တွေမှာ ခိုလှုံနေရတာကြောင့် အခက်အခဲတွေနဲ့ အကူအညီတွေလိုအပ်နေတယ်လို့သိရပါတယ်။

    ကချင်ပြည်နယ်မှာ အခုလို တိုက်ပွဲတွေ ဖြစ်ပွားနေပေမယ့် ဖားကန့်မြို့နယ်ထဲက တာမခန်၊မြို့သစ်၊ ခိုမ၊ နန့်စပိန်း၊ ဟွေဆိုင် ဟောင်ပါး ရွာပေါင်း ၆ ရွာဟာ ဒီကနေ့မှာတော့ NUG အစိုးရသစ်ကို ထောက်ခံကြိုဆိုပွဲတွေလုပ်ခဲ့ကြသလို မြစ်ကြီးနားမှာလည်း စစ်ကောင်စီကို အကြမ်းမဖက် ဆန့်ကျင် တော်လှန်ရေးဆန္ဒပြ သပိတ်တွေကို လုပ်ခဲ့ကြပါတယ်။

  17. အာဆီယံ ထိပ်သီးဆွေးနွေးပွဲက မြန်မာ့အရေးကို ဖြေရှင်းပေးနိုင်မလား, ဘေလ် ဟေတန်၊ လန်ဒန်မြို့ နိုင်ငံတကာရေးရာ အကြံပေးအဖွဲ့ Chatham House က ပညာရှင်၊ ဘီဘီစီ ဗီယက်နမ်ဌာန သတင်းထောက်ဟောင်းရဲ့ သုံးသပ်ချက် ကောက်နုတ်ချက်

    မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ ပဋိပက္ခ အကြပ်အတည်းကြောင့် အိမ်နီးချင်းနိုင်ငံတွေထဲ ဒုက္ခသည်တွေ အစုလိုက်အပြုံလိုက် ဝင်လာတာမျိုး၊ ဒါမှမဟုတ် ပြည်တွင်းစစ်ကြီး ဖြစ်လာနိုင်မယ့် အန္တရာယ်မျိုးတွေ ရှိနေတာတောင်မှ အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံအနေနဲ့ မြန်မာ့အရေး အထူးဆွေးနွေးပွဲတစ်ခု ကျင်းပသင့် မသင့်ဆိုတာနဲ့ ပတ်သက်လို့ သဘောမတူနိုင် ဖြစ်နေခဲ့ကြတာပါ။

    မြန်မာစစ်ခေါင်းဆောင်တွေအပေါ် အရေးယူချင်တဲ့ နိုင်ငံတွေနဲ့ အရေးမယူချင်တဲ့ နိုင်ငံတွေဆိုပြီး နှစ်ပိုင်း ကွဲနေကြတာ သိသာပေါ်လွင်နေပါတယ်။

    အထူးသဖြင့် နိုင်ငံ ၄ နိုင်ငံကတော့ မြန်မာ့အရေးမှာ ကြားဝင်ဆောင်ရွက်ဖို့ အားသွန်ခွန်စိုက် လုပ်ဆောင်နေကြပါတယ်။ မတ်လ ၃၁ ရက်နေ့မှာ စင်္ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင် နိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေ တရုတ်နိုင်ငံကို သွားရောက်ခဲ့ကြပြီး အဲဒီမှာ တရုတ်အစိုးရနဲ့ မြန်မာနိုင်ငံအရေးကို ဆွေးနွေးပြောဆိုခဲ့ကြတယ်လို့ ယူဆရပါတယ်။

    မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်လို့ စိုးရိမ်မိကြောင်း ဖော်ပြထားတဲ့ ပူးတွဲကြေညာချက်ကို ရေးဆွဲရာမှာ အာဆီယံရဲ့ လက်ရှိ အလှည့်ကျ ဥက္ကဋ္ဌဖြစ်တဲ့ ဘရူနိုင်းနိုင်ငံကလည်း တက်တက်ကြွကြွ ပါဝင်ခဲ့ပါတယ်။

    မလေးရှားနိုင်ငံကလည်း အာဏာသိမ်း စစ်ကောင်စီကို တရားဝင်အစိုးရအဖြစ် အသိအမှတ်မပြုဘူး ဆိုပြီး အထင်အရှား ငြင်းဆန်ထားပါတယ်။

    မလေးရှားအစိုးရ ထုတ်ပြန်တဲ့ ကြေညာချက်တွေထဲမှာ အာဏာသိမ်းစစ်ကောင်စီကို မြန်မာနိုင်ငံရဲ့ စစ်အာဏာပိုင်တွေလို့ ခေါ်ဝေါ်သုံးနှုန်းထားပြီး ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့ တောင်းဆိုရာမှာတော့ စစ်အာဏာ မသိမ်းခင်က ရာထူးအတိုင်း ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်လို့ ဖော်ညွှန်းထားတာ တွေ့ရပါတယ်။

    စင်္ကာပူဝန်ကြီးချုပ် လီရှန်လွန်းကလည်း အာဏာသိမ်း စစ်ကောင်စီက ဆန္ဒပြပြည်သူတွေကို အကြမ်းဖက် ဖြိုခွဲနေတာဟာ လက်ခံနိုင်စရာ လုံးဝမရှိဘူးလို့ ပြောခဲ့တယ်။

    ဒါပေမဲ့ တချို့နိုင်ငံတွေကတော့ သိသိသာသာကို ရေငုံနှုတ်ပိတ် နေနေခဲ့ကြပါတယ်။ အာဆီယံရဲ့ ဘယ်လို ကြားဝင်ဆောင်ရွက်မှုမျိုးကိုမဆို မြန်မာစစ်ခေါင်းဆောင်တွေဘက်က လက်မခံဘူးဆိုတာ ထင်ရှားနေပေမဲ့ အဲဒီ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်းနဲ့ ဗီယက်နမ် နိုင်ငံတွေရဲ့ ရပ်တည်ချက် သဘောထားပေါ်မှာတော့ မေးခွန်းထုတ်စရာတွေ ဆက်ရှိနေဆဲ ဖြစ်ပါတယ်။

    အထူးသဖြင့် ထိုင်းနဲ့ ဗီယက်နမ်နိုင်ငံတွေအပေါ် အဓိက အာရုံထား မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။ အာဆီယံတွင်း တူညီတဲ့ ဘုံရပ်တည်ချက်တစ်ခုရရေး နှောင့်နှေးနေရတာဟာ ဒီနှစ်နိုင်ငံကြောင့်ဆိုပြီး သံတမန်တွေက ပြစ်တင် ပြောဆိုနေကြတယ်လို့ အရှေ့တောင်အာရှရေးရာ လေ့လာသုံးသပ်သူတစ်ဦးက ပြောပါတယ်။

    အာဆီယံထိပ်သီးအစည်းအဝေး

    ဓာတ်ပုံ ရင်းမြစ်, Getty Images

  18. မလေးရှားရဲ့အဆိုပြုလွှာ
  19. မြန်မာအာဏာပိုင်တွေက အကြမ်းဖက်မှုရပ်ဖို့ သဘောတူတယ်လို့ မလေးရှားဝန်ကြီးချုပ်ပြော

    မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေကို ရပ်တန့်ပေးဖို့ အာဆီယံခေါင်းဆောင်တွေရဲ့ အဆိုပြုချက်ကို မြန်မာဘက်က လက်ခံခဲ့တယ်လို့ မလေးရှားဝန်ကြီးချုပ် မူယစ်ဒင်း ယက်ဆင်က ပြောကြားလိုက်ပါတယ်။

    အင်ဒိုနီးရှားနိုင်ငံ မြို့တော်ဂျာကာတာမှာ ကျင်းပတဲ့ မြန်မာ့အရေး အာဆီယံအထူးအစည်းအဝေး အပြီးမှာ မလေးရှားဝန်ကြီးချုပ်က အခုလို ပြောကြားခဲ့တာဖြစ်တယ်လို့ Bernama မလေးရှားသတင်းဌာနက ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

    အခုလို ကျင်းပခဲ့တဲ့ မြန်မာ့အရေး အာဆီယံအစည်းအဝေးဟာ အောင်မြင်တယ်လို့လည်း မစ္စတာ မူယစ်ဒင်း ယက်ဆင်က ပြောကြားခဲ့ကြောင်း Bernama သတင်းဌာနက ပြောပါတယ်။

    “ကျွန်တော်တို့ အောင်မြင်ခဲ့ပါတယ်။ ဒီကနေ့ အစည်းအဝေးက မျှော်လင့်ထားတာထက် အောင်မြင်တယ်”ဆိုပြီး မစ္စတာ မူယစ်ဒင်း ယက်ဆင်က ပြောခဲ့ကြောင်း အဲဒီသတင်းဌာနက ဖော်ပြခဲ့ပါတယ်။

    မလေးရှားဝန်ကြီးချုပ် မူယစ်ဒင်း ယက်ဆင်က ထိပ်သီးအစည်းအဝေးအတွင်း အချက် ၃ ချက်ပါ အဆိုပြုမှုတစ်ခု လုပ်ခဲ့ပြီး။ မြန်မာဘက်က ဒီအချက်တွေကို စဉ်းစားဖို့ ပြောခဲ့ပါတယ်။ ၁။ မြေပြင်မှာ တင်းမာမှုတွေ လျှော့ချပြီး အရပ်သားတွေအပေါ် သတ်ဖြတ်အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့ ၂။ နိုင်ငံရေးအကျဉ်းသားတွေကို ခြွှင်းချက်မရှိ ချက်ချင်းလွှတ်ပေးဖို့ ၃။ အာဆီယံဥက္ကဋ္ဌနဲ့ အာဆီယံ အတွင်းရေးမှူးချုပ်ကို မြန်မာပြည်လာခွင့်ပေးပြီး သက်ဆိုင်သူအားလုံးနဲ့ တွေ့ခွင့်ပေးဖို့ ဖြစ်ပါတယ်။

    မြန်မာနိုင်ငံထဲမှာတော့ ဒီကနေ့ ဆန္ဒပြမှုတွေ ဆက်ဖြစ်နေပြီး မန္တလေးနဲ့ ပျဉ်းမနား သပိတ်စစ်ကြောင်းတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပစ်ခတ်ဖြိုခွင်းခဲ့တာကြောင့် လူ ၃ ဦးထက်မနည်း သေဆုံးခဲ့ရပါတယ်။

    မလေးရှားဝန်ကြီးချုပ်

    ဓာတ်ပုံ ရင်းမြစ်, Getty Images

  20. BBC