ထားဝယ်တပ်ပေါင်းစုသပိတ်ဖြိုခွဲခံရပြီး လူငယ် ၁၃ဦးဖမ်းဆီးခံရ

ထားဝယ်တပ်ပေါင်းစုသပိတ် ဒီနေ့ မေလ ၁၁ ရက်၊ မနက် ၉နာရီဝန်းကျင်မှာ ဖြိုခွဲခံရပြီး မျက်ရည်ယိုဗုံး၊ ရာဘာကျည်တွေသာမက ကျည်အစစ်တွေလည်း သုံးတယ်လို့ ဒေသခံတချို့က ပြောပါတယ်။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. လူသားချင်းစာနာမှုအကူအညီတွေ မြန်မာစစ်ခေါင်းဆောင် မကန့်ကွက်ဘူးလို့ဆို

    မြန်မာ စစ်ခေါင်းဆောင်က အာဆီယံအစည်းအဝေးမှာ လူသားချင်းစာနာမှုဆိုင်ရာအကူအညီပေးမှုတွေကို ဆန့်ကျင်မှာ မဟုတ်ဘူးလို့ ပြောခဲ့ကြောင်း စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းက ပြောကြားတယ်လို့ CNA သတင်းမှာဖော်ပြထားပါတယ်။

    အာဆီယံ

    ဓာတ်ပုံ ရင်းမြစ်, Getty Images

  2. မြန်မာ့အရေးအာဆီယံခေါင်းဆောင်တွေ အချက်ငါးချက် သဘောတူ

    မြန်မာ့အရေး အာဆီယံအထူးအစည်းအဝေးမှာ စစ်အာဏာသိမ်းခံ မြန်မာနိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းဖို့အတွက် မြန်မာနိုင်ငံအတွင်း တွေ့ဆုံဆွေးနွေးမှုတွေ စလုပ်ကြဖို့နှင့် အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့ အပါအဝင် အချက် ငါးချက်ကို အာဆီယံခေါင်းဆောင်တွေ သဘောတူခဲ့ကြပါတယ်။

    အခုလို သဘောတူခဲ့တဲ့ အချက်တွေထဲမှာ လူသားချင်းစာနာမှုဆိုင်ရာ ကူညီထောက်ပံ့မှုတွေကို မြန်မာနိုင်ငံက စစ်ခေါင်းဆောင်တွေက ခွင့်ပြုဖို့၊ နိုင်ငံရေး အကျဉ်းသားတွေ အားလုံးကို လွှတ်ပေးဖို့နဲ့၊ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးသံတမန် ခန့်ထားဖို့ အချက်တွေလည်း ပါဝင်တယ်လို့ အမည်မဖော်လိုတဲ့ သံတမန်သတင်းအရင်းအမြစ် နှစ်ခုက ရိုက်တာသတင်းဌာနကို အတည်ပြုထားပါတယ်။

    Asean Summit

    ဓာတ်ပုံ ရင်းမြစ်, Getty Images

  3. မြန်မာ့အရေး အာဆီယံ ဘုံသဘောတူညီချက်ထုတ်ပြန်မယ်

    အာဆီယံ ခေါင်းဆောင်တွေ အနေနဲ့ မြန်မာနိုင်ငံဆိုင်ရာ သဘောတူညီမှု ကြေညာချက်တခု ယူနိုင်ခဲ့ပြီး အာဆီယံ အဖွဲ့ရဲ့ အထွေထွေအတွင်းရေးမှူးချုပ်က အဲဒီ ကြေညာချက်ကို ထုတ်ပြန်သွားမယ်လို့ ဂျိုကိုဝီ လို့လည်း အများသိကြတဲ့ အင်ဒိုနီးရှား သမ္မတက ဆိုပါတယ်။

    ဒါ့အပြင် မြန်မာ့အရေး အာဆီယံ အထူးအစည်းအဝေးမှာ အင်ဒိုနီးရှား သမ္မတ ဂျိုကို ဝီဒိုဒိုက မြန်မာနိုင်ငံဆိုင်ရာ အာဆီယံရဲ့ အထူးသံတမန် ခန့်ထားဖို့လည်း တိုက်တွန်းလိုက်ပါတယ်။

    အဲဒီ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးသံတမန် အနေနဲ့ မြန်မာနိုင်ငံက ထိပ်တိုက်ဖြစ်နေကြတဲ့ ဘက်ပေါင်းစုံနဲ့ တွေ့ဆုံဆွေးနွေးပြီး ညှိနှိုင်းပေးရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

    မြန်မာနိုင်ငံဘက်ကလည်း နိုင်ငံတကာက ပေးမယ့် အကူအညီတွေအတွက် လမ်းကြောင်းတွေ ဖွင့်ပေးထားဖို့နဲ့ နိုင်ငံရေးအကျဉ်းသား အားလုံးကို လွှတ်ပေးဖို့ သူက တောင်းဆိုခဲ့ပါတယ်။

    မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုနောက်ပိုင်း ဖြစ်ပေါ်နေတဲ့ အကြမ်းဖက်မှုတွေကြောင့် မတည်မငြိမ်ဖြစ်နေတဲ့ အခြေအနေတွေကို အဆုံးသတ်နိုင်ရေးအတွက် အရှေ့တောင်အာရှ နိုင်ငံများအသင်း အာဆီယံက ဧပြီလ ၂၄ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာ အသင်းဝင်နိုင်ငံအသီးသီးက ခေါင်းဆောင်တွေ ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

    မလေးရှားဝန်ကြီးချုပ် မူယစ်ဒင်း ယက်ဆင်ကလည်း ထိပ်သီးအစည်းအဝေးအတွင်း အချက် ၃ ချက်ပါ အဆိုပြုမှုတစ်ခု လုပ်ခဲ့ပြီး မြန်မာဘက်က ဒီအချက်တွေကို စဉ်းစားဖို့ ပြောခဲ့ပါတယ်။ ၁။ မြေပြင်မှာ တင်းမာမှုတွေ လျှော့ချပြီး အရပ်သားတွေအပေါ် သတ်ဖြတ်အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့ ၂။ နိုင်ငံရေးအကျဉ်းသားတွေကို ခြွှင်းချက်မရှိ ချက်ချင်းလွှတ်ပေးဖို့ ၃။ အာဆီယံဥက္ကဋ္ဌနဲ့ အာဆီယံ အတွင်းရေးမှူးချုပ်ကို မြန်မာပြည်လာခွင့်ပေးပြီး သက်ဆိုင်သူအားလုံးနဲ့ တွေ့ခွင့်ပေးဖို့ ဖြစ်ပါတယ်။

    အာဆီယံထိပ်သီးအစည်းအဝေး တက်ရောက်လာတဲ့ အင်ဒိုနီးရှားသမ္မတနဲ့ အဖွဲ့

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, အာဆီယံထိပ်သီးအစည်းအဝေး တက်ရောက်လာတဲ့ အင်ဒိုနီးရှားသမ္မတနဲ့ အဖွဲ့
  4. အာဆီယံ ထိပ်သီးဆွေးနွေးပွဲ အပေါ် လေ့လာသူရဲ့ သုံးသပ်ချက်

  5. အာဆီယံထိပ်သီးအစည်းအဝေးပွဲရောက် စစ်ကောင်စီဥက္ကဋ္ဌ

  6. အာဆီယံအဖွဲ့၀င်နိုင်ငံခြားရေးဝန်ကြီးအချို့နဲ့ ကုလအထူးကိုယ်စားလှယ်တို့တွေ့ဆုံထား

    အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးနဲ့တွေ့ဆုံနေတဲ့ ကုလအထူးကိုယ်စားလှယ်

    ဓာတ်ပုံ ရင်းမြစ်, Menlu_RI

    ဓာတ်ပုံ ပုံစာ, အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးနဲ့တွေ့ဆုံနေတဲ့ ကုလအထူးကိုယ်စားလှယ်

    အင်ဒိုနီးရှားနိုင်ငံမြို့တော် ဂျာကာတာကို ရောက်နေတဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ် Christine Schraner Burgener ဟာ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီး တချို့နဲ့တွေ့ဆုံပြီး မြန်မာ့အရေးဆွေးနွေးထားတယ်လို့ သိရပါတယ်။

    အထူးကိုယ်စားလှယ်ဟာ အာဆီယံအဖွဲ့၀င်နိုင်ငံတွေက ခေါင်းဆောင်တွေနဲ့ နိုင်ငံခြားရေး၀န်ကြီးတွေပဲတက်တဲ့ ဒီနေ့ မြန်မာ့အရေး အာဆီယံအထူးအစည်းဝေးမတိုင်ခင်ကတည်းက ဂျာကာတာကို ရောက်နေတာပါ။

    သူဟာ အဲဒီဆွေးနွေးပွဲမတိုင်ခင် စစ်အာဏာသိမ်းမှုအလွန် မြန်မာ့အရေး တက်တက်ကြွကြွပါဝင်နေတဲ့ အင်ဒိုနီးရှား၊ မလေးရှား ၊ စင်ကာပူနိုင်ငံတို့က နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ အရင်တွေ့ဆုံဆွေးနွေးခဲ့တာလည်းဖြစ်ပါတယ်။

    အထူးအစည်းအဝေးပွဲကို စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်လည်း တက်ရောက်နေတာဖြစ်လို့ အဲဒီအစည်းအဝေးပွဲအပြီးမှာ အထူးကိုယ်စားလှယ်အနေနဲ့ စစ်ကောင်စီဥက္ကဋ္ဌကို သီးခြားတွေ့ဆုံခွင့် ရ မရ ဆိုတာတော့ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။

    အထူးကိုယ်စားလှယ်ဟာ ဂျာကာတာကို မလာခင် မြန်မာ့အရေးဆွေးနွေးဖို့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ကို ဧပြီလ ၉ ရက်ကတည်းက ရောက်နေတာဖြစ်ပါတယ်။

    အဲဒီမတိုင်ခင်မှာ ဆွေးနွေးတာတွေလုပ်ဖို့ မြန်မာနိုင်ငံထဲဝင်ဖို့ စစ်ကောင်စီဘက်ကို တောင်းဆိုခဲ့ပေမဲ့ ငြင်းပယ်တာ ခံခဲ့ရပါတယ်။

    အကြမ်းဖက်မှုတွေဟာ လက်ရှိမြန်မာ့အကျပ်အတည်းကို မဖြေရှင်းနိုင်လို့ သက်ဆိုင်ရာပါဝင်သင့်ပါဝင်ထိုက်သူတွေနဲ့တွေ့ဆုံဆွေးနွေးဖို့ သူ ကြိုးပမ်းနေတာလို့လည်း ပြောထားဖူးပါတယ်။

  7. အာဆီယံအစည်းအဝေးရလာဒ်ကို လုံခြုံရေးကောင်စီ စိတ်ဝင်တစားစောင့်ဆိုင်းနေ

    အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ)အဖွဲ့ဝင်နိုင်ငံတွေက ခေါင်းဆောင်တွေနဲ့ ကိုယ်စားလှယ်တွေဟာ မြန်မာ့အရေး အထူးအစည်းအဝေးတစ်ရပ်ကို အင်ဒိုနီရှားနိုင်ငံမြို့တော် ဂျာကာတာမှာ ဒီနေ့ ဧပြီလ ၂၄ ရက် နေ့လည် ၁ နာရီခွဲကစလို့ စတင်ဆွေးနွေးနေကြပြီဖြစ်ပါတယ်။

    တချိန်တည်းမှာပဲ ကုလသမဂ္ဂလုံခြုံရေးကောင်စီဟာ အရေးတယူဂရုပြုခံရဖို့ ထိုက်တန်တဲ့မြန်မာနိုင်ငံအတွက် ဒီအစည်းအဝေးကနေ ဘယ်လိုရလာဒ်ထွက်ပေါ်လာမလဲဆိုတာကို စိတ်ဝင်တစားစောင့်ကြည့်နေတယ်ဆိုပြီး ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံတမန်က ပြောလာပါတယ်။

    Skip X post
    X ၏အကြောင်းအရာများကို ပြခွင့်ပြုမှာလား။

    ယခုဆောင်းပါးတွင် X မှ အကြာင်းအရာများပါဝင်ပါသည်။ ယင်းဆိုက်မှ ကွတ်ကီးနှင့်အခြားနည်းပညာများသုံးနိုင်သဖြင့် စာမျက်နှာကို မဖွင့်ခင် သင့်ခွင့်ပြုချက်ကိုတောင်းခံပါသည်။ သင်မဆုံးဖြတ်ခင် X ကွတ်ကီးမူဝါဒ နှင့် ကိုယ်ရေးအချက်အလက်လုံခြုံမှု မူဝါဒ တို့ကို ဖတ်ရှုနိုင်ပါသည်။ သဘောတူလျင် 'လက်ခံပြီးဆက်သွားပါမည်' ဆိုသည်ကို ရွေးချယ်ပေးပါ။

    သတိပေးချက်- ပြင်ပဝက်ဆိုက်များတွင်ပါဝင်သောအကြောင်းအရာများအတွက် ဘီဘီစီကတာဝန်မယူပါ။

    End of X post

    ဂျာတာတာက အစည်းအဝေးပွဲကိုတော့ စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်လည်း တက်ရောက်နေပါတယ်။

    တဖက်မှာလည်း ဒီအစည်းအဝေးကို ရွေးကောက်ခံအမတ်တွေက ဖွဲ့စည်းပေးထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ဖိတ်ကြားမခံရတဲ့ အပေါ် ဝေဖန်မှုတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေပါတယ်။

    မြန်မာနိုင်ငံမှာ စစ်တပ်က ဖေဖော်ဝါရီလ ၁ ရက်မှာ အာဏာသိမ်းမှု စတင်ကတည်းကဆိုရင် ဆန္ဒပြမှုတွေကို စစ်ကောင်စီတပ်တွေကေ ဖြိုခွင်းလို့ သေဆုံးသူ အရပ်သား ၇၀၀ ကျော်အထိရှိလာနေပါတယ်။

    အာဆီယံအဖွဲ့ဝင်နိုင်ငံတွေထဲက စင်ကာပူနဲ့ မလေးရှားတို့လို အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေက စစ်အာဏာသိမ်းမှုကို ဝေဖန်ရှုတ်ချပေမဲ့ တခြား လူ့အခွင့်ရေးချိုးဖောက်မှုမှတ်တမ်းတွေစွန်းထင်းမှုရှိတဲ့အဖွဲ့ဝင်နိုင်ငံတချို့ကတော့ ခပ်မဆိတ်နေနေကြဆဲဖြစ်ပါတယ်။

  8. ဒလလူငယ်တွေရဲ့ဆိုင်ကယ်သပိတ် ရဲနဲ့စစ်ကားလိုက်ဖမ်းလို့ ထွက်ပြေးရ

    ဒလလူငယ်တွေရဲ့ဆိုင်ကယ်သပိတ် ရဲနဲ့စစ်ကားလိုက်ဖမ်းလို့ ထွက်ပြေးရ

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဒလမြို့နယ်ကလူငယ်တွေဟာ ဒီကနေ့ ဧပြီ၂၄ ရက် မနက်ပိုင်းက အာဏာရှင်ဆန့်ကျင်ရေး ဆိုင်ကယ်သပိတ်စစ်ကြောင်းထွက်ရာမှာ ရဲနဲ့စစ်ကားအချို့ လိုက်လံဖမ်းဆီးတဲ့အတွက် ထွက်ပြေးခဲ့ကြရတယ်လို့ သိရပါတယ်။

    "ရဲကားနဲ့စစ်ကားနှစ်စီးမောင်းပြီးလိုက်ဖမ်းလို့ ဆယ်နာရီလောက်မှာလူစုခွဲလိုက်ရတယ်။ ဆိုင်‌ကယ်‌ရောလူရောအထိအခိုက်တော့မရှိဘူး။ အရင်တခေါက်ကတော​့ ဆိုင်ကယ်အစီး၂၀ ကျော်ပါသွားတယ်။ ပြန်မရဘူး။ "လို့ သပိတ်မှာပါဝင်သူလူငယ်တစ်ဦးကဘီဘီစီကိုပြောပြပါတယ်။

  9. မိုးကောင်းအရုဏ်ဦးသပိတ် လူစုတုန်းဖြိုခွဲခံရ

    လူစုခွဲခံရပေမဲ့ ပျောက်ကျားစနစ်နဲ့ပြန်ထွက်ခဲ့ကြတဲ့ မိုးကောင်းလူငယ်တွေရဲ့ အရုဏ်ဦး သပိတ်

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, လူစုခွဲခံရပေမဲ့ ပျောက်ကျားစနစ်နဲ့ပြန်ထွက်ခဲ့ကြတဲ့ မိုးကောင်းလူငယ်တွေရဲ့ အရုဏ်ဦး သပိတ်

    ကချင်ပြည်နယ်၊ မိုးကောင်းမြို့မှာ စစ်အာဏာရှင်ပြုတ်ကျရေးအတွက် ဧပြီလ ၂၄ ရက် ဒီနေ့မနက် ၅ နာရီမှာ အာရုံဦးသပိတ်ဆင်နွှဲဖို့ လူစုနေတုန်းမှာပဲ စစ်ကောင်စီတပ်ဖွဲ့နဲ့ရဲတွေပေါင်းပြီးဖြိုခွဲခဲ့ရပါတယ်။

    ဒီလိုဖြိုခွဲခံရလို့ ဆန္ဒပြပြည်သူ ၂ ဦးအဖမ်းခံခဲ့ရသလို လူစုလည်းအခွဲခဲ့ရပါတယ်။

    သပိတ်လူစုကွဲခဲ့ပေမဲ့ စစ်အာဏာရှင်ပြုတ်ကျရေးအတွက် လူငယ်တွေဟာ နောက်ထပ်တစ်ကြိမ်လူပြန်စုပြီး အာရုံဦးသပိတ်ကိုပျောက်ကျားစနစ်နဲ့အောင်အောင်မြင်မြင်ပြုလုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

    ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသူ ၂ ဦးကိုတော့ တာဝန်ရှိသူတွေက ရဲစခန်းမှာသွားရောက်ညှိနှိုင်းပြီး မနက် ၁၀ နာရီလောက်မှာ ခံဝန်ကတိနဲ့ ပြန်ထုတ်ခဲ့ရတယ်လို့ သိရပါတယ်။

    မိုးကောင်းမြို့မှာ လူငယ်တွေ အများစုပါတဲ့ဆန္ဒပြလူထုဟာ အရုဏ်ဦးသပိတ်ကို နေ့စဉ်နေ့တိုင်းနီးပါး ပြုလုပ်နေကြတာဖြစ်ပါတယ်။

  10. အာဆီယံအတွင်းရေးမှူးချုပ်ရုံးရှေ့မှာ လုံခြုံရေးတွေ အသင့်ရှိနေ

    အာဆီယံအတွင်းရေးမှူးချုပ်ရုံးရှေ့မှာ လုံခြုံရေးတွေ အသင့်ရှိနေ

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    မြန်မာ့အရေး အာဆီယံ ထိပ်သီးဆွေးနွေးပွဲကို မကြာခင်မှာကျင်းပဖို့ ရှိတဲ့ အာဆီယံအထွေထွေအတွင်းရေးမှူးချုပ်ရုံး အရှေ့မှာတော့ အင်ဒိုနီးရှား စစ်သားတွေ လုံခြုံရေးယူနေတာကိုတွေ့ရပါတယ်။

    အဲဒီအစည်းအဝေးပွဲကို အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက နိုင်ငံ့ခေါင်းဆောင်တွေ၊ နိုင်ငံခြားရေးဝန်ကြီးတွေ တက်ရောက်မှာဖြစ်ပြီး မြန်မာစစ်ကောင်စီဥက္ကဋ္ဌလည်း တက်ရောက်ဖို့ ဂျာကာတာမြို့ကို ရောက်နေပါတယ်။

    ဂျာကာတာမြို့တော်က ဆူကာနို-ဟတ်တာ လေဆိပ်မှာရော အစည်းအဝေးကျင်းပမယ့် အာဆီယံအတွင်းရေးမှူးချုပ်ရုံး ပတ်ဝန်းကျင်မှာပါ မနေ့ကတည်းက လက်နက်ကိုင်အစောင့်အကြပ်ချထားတာ အပါအဝင် လုံခြုံရေးတွေ တင်းကျပ်ထားပါတယ်။

  11. စစ်ကာင်စီဥက္ကဋ္ဌလာမယ့် အာဆီယံအတွင်းရေးမှူးရုံးရှေ့ ဆန္ဒပြနေ

    စစ်ကာင်စီဥက္ကဋ္ဌလာမယ့် အာဆီယံအတွင်းရေးမှူးရုံးရှေ့ ဆန္ဒပြနေ

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    စစ်ကာင်စီဥက္ကဋ္ဌလာမယ့် အာဆီယံအတွင်းရေးမှူးရုံးရှေ့ ဆန္ဒပြနေ

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    စစ်ကာင်စီဥက္ကဋ္ဌလာမယ့် အာဆီယံအတွင်းရေးမှူးရုံးရှေ့ ဆန္ဒပြနေ

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    အာဏာသိမ်းစစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဖို့ရှိတဲ့ အာဆီယံထိပ်သီးအစည်းအဝေးကျင်းပမယ့် အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့က အာဆီယံအထွေထွေအတွင်းရေးမှူးရုံးရှေ့မှာ ဆန္ဒပြသူတချို့ စုဝေးရောက်ရှိနေပြီး မြန်မာဒီမိုကရေစီအရေး တောင်းဆိုဆန္ဒပြနေကြပြီဖြစ်ပါတယ်။

    ဒီအစည်းအဝေးကို အင်ဒိုနီးရှားစံတော်ချိန် ၁ နာရီခွဲ(မြန်မာစံတော်ချိန် မွန်းလွဲ ၁ နာရီ) မှာ ကျင်းပမှာဖြစ်ပြီး မကြာခင်မှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်နဲ့ အာဆီယံခေါင်းဆောင်တွေ ဒီရုံးကို ရောက်လာကြဖို့ရှိနေပါတယ်။

  12. အာဆီယံထိပ်သီးဆွေးနွေးပွဲကို စစ်ကောင်စီဥက္ကဋ္ဌကိုယ်တိုင်တက်ရောက်

    မြန်မာ့အရေး အာဆီယံ ထိပ်သီးဆွေးနွေးပွဲကို စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင် တက်

    ဓာတ်ပုံ ရင်းမြစ်, အင်ဒိုနီးရှားသမ္မတရုံးသတင်းပြန်ကြားရေးအဖွဲ့

    ဂျာကာတာမြို့မှာ ဒီနေ့ ဧပြီလ မွန်းလွဲ ၁ နာရီခွဲမှာ ကျင်းပမယ့် မြန်မာ့အရေး အာဆီယံ ထိပ်သီးဆွေးနွေးပွဲကို စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင် တက်ရောက်လာတာကို တွေ့ရပါတယ်။

    ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ဂျာကာတာက ဆိုကာနိုဟတ်တာ လေဆိပ်ကို ဒေသစံတော်ချိန် ၁၁ နာရီမှာရောက်လာပြီး သူ့ကို မြန်မာသံအမတ် ဒေါ်အိအိခင်အေးနဲ့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ကောင်စစ်ဝန်ရေးရာ ညွှန်ကြားရေးမှူးချုပ်တို့က ကြိုဆိုခဲ့တယ်လို့ အင်ဒိုနီးရှားသမ္မတရုံး သတင်းပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

    လက်ရှိမှာ ဒီထိပ်သီးဆွေးနွေးပွဲတက်ဖို့ ဗီယက်နမ်ဝန်ကြီးချုပ်၊ ကမ္ဘောဒီးယားဝန်ကြီးချုပ်၊ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဘရူနိုင်းဘုရင်တို့ ကိုယ်တိုင်တက်ပြီး စင်ကာပူဝန်ကြီးချုပ်လည်း စကားပြောမယ်လို့ သိရပေမဲ့ ထိုင်းနိုင်ငံနဲ့ ဖီလစ်ပိုင်နိုင်ငံတို့ကတော့ နိုင်ငံ့ခေါင်းဆောင်တွေ မတက်ဘဲ နိုင်ငံခြားရေးဝန်ကြီးတွေ့ိုပဲ စေလွှတ်ထားပါတယ်။

  13. မြန်မာ့အရေး အာဆီယံဆွေးနွေးပွဲ ဂျာကာတာမှာ ဒီနေ့ ကျင်းပမယ်

    ဂျာကာတာမြို့က အာဆီယံအထွေထွေအတွင်းရေးမှူးချုပ်ရုံး

    ဓာတ်ပုံ ရင်းမြစ်, social media

    ဓာတ်ပုံ ပုံစာ, ဂျာကာတာမြို့က အာဆီယံအထွေထွေအတွင်းရေးမှူးချုပ်ရုံး

    မြန်မာ့အရေး အာဆီယံထိပ်သီးဆွေးနွေးပွဲပြုလုပ်ဖို့ ဒေသတွင်းနိုင်ငံတွေရဲ့ခေါင်းဆောင်တွေကြား သဘောတူထားတဲ့ အတိုင်း လူချင်းတွေ့ဆုံပြီး တံခါးပိတ်ဆွေးနွေးကြမယ့် အင်ဒိုနီးရှားနိုင်ငံမြို့တော် ဂျာကာတာကို အစိုးရအကြီးအကဲ တချို့ လေယာဉ်နဲ့ မနေ့ ဧပြီလ ၂၃ရက်ကတည်းက အသီးသီးရောက်နေကြပြီဖြစ်ပါတယ်။

    ဂျာကာတာမြို့တော်က ဆူကာနို-ဟတ်တာ လေဆိပ်မှာရော အစည်းအဝေးကျင်းပမယ့် အာဆီယံအတွင်းရေးမှူးချုပ်ရုံး ပတ်ဝန်းကျင်မှာပါ လက်နက်ကိုင်အစောင့်အကြပ်ချထားတာ အပါအဝင် လုံခြုံရေးတွေ တင်းကြပ်ထားပါတယ်။

    လက်ရှိ ဂျာကာတာကိုရောက်နေတဲ့ခေါင်းဆောင်တွေထဲမှာ လက်ရှိ အာဆီယံအဖွဲ့အလှည့်ကျဥက္ကဋ္ဌ ဘရူနိုင်းနိုင်ငံရဲ့ဘုရင်လည်း ပါဝင်ပါတယ်။

    မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုဖြစ်အပြီး ဆန္ဒပြပြည်သူရာနဲ့ချီ သတ်ဖြတ်ခံရတဲ့အခြေအနေကို ရပ်တန့်နိုင်ဖို့ အခုလို အာဆီယံအဖွဲ့အတွင်း ဆွေးနွေးအဖြေရှာကြအောင်ဆိုပြီး အိမ်ရှင် အင်ဒိုနီးရှားနိုင်ငံက မလေးရှား၊ စင်ကာပူ စတဲ့နိုင်ငံတွေရဲ့အားပေးထောက်ခံမှုနဲ့ ကမကထလုပ် ဆော်သြတောင်းဆိုခဲ့တာဖြစ်ပါတယ်။

    ဒီအစည်းအဝေးပွဲတက်ဖို့ မနေ့က ရောက်လာကြသူတွေထဲ ကမ္ဘောဒီးယားဝန်ကြီးချုပ်နဲ့ ဗီယက်နမ်ဝန်ကြီးချုပ်တို့လည်း ပါဝင်ပါတယ်။

    ဒီအစည်းအဝေးကို ထိုင်းနိုင်ငံ ဝန်ကြီးချုပ်နဲ့ ဖီလစ်ပိုင်သမ္မတတို့ မတက်ရောက်ဘဲ သူတို့ရဲ့နိုင်ငံခြားရေးဝန်ကြီးတွေကိုပဲ စေလွှတ်ထားပါတယ်။

    ဒါ့ပေမဲ့ စစ်အာဏာသိမ်းတဲ့ဖြစ်ရပ်ကို ပွင့်ပွင့်လင်းလင်း ဝေဖန်ထားတဲ့ စင်ကာပူဝန်ကြီးချုပ်ကိုယ်တိုင် ဒီအစည်းအဝေး ကို တက်ရောက်ပြီး စကားပြောမယ်လို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက ပြောထားပါတယ်။

    ဒါ့ပြင် စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက သူဟာ ဂျာကာတာကိုရောက်နေတဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် Schraner Burgener နဲ့ မနေ့ ဧပြီလ ၂၃ ရက်ကတွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံပုံမှန် အတိုင်းပြန်ရောက်ဖို့၊ ငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေးအတွက် နိုင်ငံတကာအသိုင်းအဝိုင်းက ဘယ်လိုအပြုသဘောဆောင်ပြီးပါဝင်သင့်တယ်ဆိုတာကို ဆွေးနွေးခဲ့တယ်လို့ သူ့ရဲ့လူမှုကွန်ယက်မှာ ရေးသားထားပါတယ်။

    ဒီအစည်းအဝေးမှာ ဒေသတွင်းခေါင်းဆောင်မဟုတ်သူတွေ ပါဝင်တက်ရောက်မှာဖို့မရှိပေမဲ့ မြန်မာနိုင်ငံဆိုင်ရာကုလအထူးကိုယ်စားလှယ်ကတော့ ဆက်စပ်အစည်းအဝေးပွဲတွေ၊ တွေ့ဆုံမှုတွေ ပြုလုပ်သွားဖို့ရှိတယ်လို့ သိရပါတယ်။

    အင်ဒိုနီးရှားဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီခွဲ(မြန်မာစံတော်ချိန် မွန်းလွဲ ၁ နာရီ)မှာ ကျင်းပမယ့် ဒီအစည်းအဝေးပွဲကို စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တက်ရောက်မယ်လို့ ဒေသတွင်း သတင်းတွေမှာဖော်ပြပေမဲ့ ဘီဘီစီအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

    ဒီအစည်းအဝေးမှာ အာဆီယံခေါင်းဆောင်တွေဟာ အကြမ်းဖက်မှုရပ်တန့်ဖို့နဲ့ မြန်မာနိုင်ငံအကူအညီတွေ ပေးဝင်ဖို့ ကိစ္စတွေကို မြန်မာကို စည်းရုံးနိုင်ချေရှိတယ်လို့ သံတမန်တွေကို ကိုးကားပြီး ရိုက်တာသတင်းဌာနက သတင်းဖော်ပြထားပါတယ်။

  14. ကိုဝေမိုးနိုင်ကို ပုဒ်မ (၅)ခုနဲ့ တရားစွဲဆို

    မုံရွာမြို့က သပိတ်တွေမှာ ဦးဆောင်လှုပ်ရှားရင်း ဖမ်းဆီးခံခဲ့ရသူ ကိုဝေမိုးနိုင်ကို ရဲမှူးခင်သန်းဆိုသူက ပုဒ်မ ၅ ခုနဲ့ တရားစွဲဆိုထားတယ်လို့ ဘီဘီစီက သိရှိရပါတယ်။

    လက်ရှိမှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ကိုဝေမိုးနိုင်ကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ၅၀၅(က)အပါအဝင် လူသတ်ဖို့ရည်ရွယ်ပြီး လူကိုသွေးဆောင်ခေါ်ယူမှု ပုဒ်မ ၃၆၄၊ လူကိုမတရားချုပ်နှောင်မှု ပုဒ်မ ၃၄၂၊ လူသတ်မှု ပုဒ်မ ၃၀၂အပြင် ဥပဒေနဲ့မညီဘဲ လူစုလူဝေးစုဖွဲ့မှု ပုဒ်မ ၁၄၉ တို့နဲ့ တရားစွဲဆိုတာပါ။

    "Video Conferencing စနစ်နဲ့ ရုံးထုတ်တာမှာ ကိုဝေမိုးနိုင်ပါတယ်။ တဆင့်စကားအရ ကျန်းမာရေးကောင်းတဲ့ပုံစံရှိတယ်လို့ ယူဆရတယ်။ ကျွန်တော် ကိုယ်စားလှယ်လွှဲစာရဖို့ လာမယ့်တနင်္လာမှာ လုပ်ပါမယ်။" လို့ အမှုလိုက်ပါဆောင်ရွက်မယ့် တရားလွှတ်တော်ရှေ့နေ ဦးမိုးဇော်ထွန်းက ပြောပါတယ်။

    ရဲ(၂)ဦး အသတ်ခံရတဲ့အမှုအတွက် ကိုဝေမိုးနိုင်အပါ လူ(၃၈)ဦးကို အဲ့ဒီပုဒ်မ ၅ခုနဲ့ မုံရွာခရိုင်တရားရုံးမှာ မနေ့ဧပြီလ ၂၄ ရက်ရုံးချိန်းမှာ တရားစွဲဆိုခဲ့ပါတယ်။

    ဒါ့အပြင် အသက်မပြည့်သေးသူ (၄) ဦးကိုလည်း ကလေးသူငယ်တရားရုံးမှာ တရားစွဲထားပါသေးတယ်။

    ဖမ်းဆီးတရားစွဲခံရတဲ့ (၄၂)ဦးထဲမှာ အမျိုးသမီး (၂)ဦးပါဝင်ပြီး အဖမ်းမခံရသေးဘဲ တရားခံပြေးအမှုနဲ့ စွဲဆိုခံရထားသူတွေလည်း ရှိပါသေးတယ်။

    ကိုဝေမိုးနိုင်အပါ လူ (၄၂)ဦးအတွက် နောက်ရုံးချိန်းကို မေလ ၇ ရက်ကို ချိန်းဆိုထားပါတယ်။

    မုံရွာမြို့ရဲ့ ပင်မသပိတ်စစ်ကြောင်းတွေ၊ နေ့စဉ် ပုံစံမျိုးစုံနဲ့ စစ်အာဏာသိမ်းဆန့်ကျင်ဆန္ဒပြသပိတ်စစ်ကြောင်းတွေမှာ ဦးဆောင်ပါဝင်နေတဲ့ ကိုဝေမိုးနိုင်ဟာ ဧပြီလ ၁၅ ရက် သင်္ကြန်အကြတ်နေ့ မွန်းလွဲ ၂ နာရီကျော်ခန့်မှာ ဖမ်းဆီးခံခဲ့ရတာပါ။

    ဖမ်းဆီးခံရချိန် ပြင်းပြင်းထန်ထန်ရိုက်နှက်ခံခဲ့ရတယ်လို့ မျက်မြင်တွေ့သူတွေက ပြောကြားခဲ့ပြီး ဖမ်းပြီးနောက်တစ်ရက်အကြာမှာ ဖူးယောင်နေတဲ့ ဒဏ်ရာတွေနဲ့ ကိုဝေမိုးနိုင်ရဲ့ ဓာတ်ပုံတစ်ပုံဟာလည်း လူမှုကွန်ရက်မှာ ပျံ့နှံ့လာခဲ့ပါတယ်။

    ကိုဝေမိုးနိုင်ရဲ့မိခင်ကတော့ ဖမ်းဆီးခံနေရတဲ့သားဖြစ်သူရဲ့အသက်အန္တရာယ်စိုးရိမ်စရာမလိုပါဆိုတဲ့စကားမျိုးကို သားသူငယ်ချင်း ကျောင်းသားတစ်ဦးဆီကနေ တဆင့်ကြားသိထားရလို့ အသက်အန္တရာယ်အတွက် မစိုးရိမ်ပေမဲ့ တခြားလူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေအတွက် အာမမခံနိုင်တဲ့အခြေအနေကို ကိုဝေမိုးနိုင်ကြုံနေရလားဆိုတာကို မေးခွန်းထုတ်ထားပါတယ်။

    မုံရွာက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတစ်ခုမှာတွေ့ခဲ့ရတဲ့ ကိုဝေမိုးနိုင်

    ဓာတ်ပုံ ရင်းမြစ်, cj

    ဓာတ်ပုံ ပုံစာ, မုံရွာက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတစ်ခုမှာတွေ့ခဲ့ရတဲ့ ကိုဝေမိုးနိုင်
  15. " အာဆီယံ ကိုယ်တိုင်က ပြဿနာ ကိုယ်စီနဲ့ တိုင်းပြည်တွေ ချည်းပဲ"

  16. အမေရိကန် ဆန်ဖရန်စစ္စကိုမှာ မြန်မာ့အရေး Milk Tea Alliance နဲ့ ပထမဆုံးအကြိမ် ပူးပေါင်းဆန္ဒပြမယ်

    အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယား ပြည်နယ်က ဆန်ဖရန်စစ္စကို မြို့မှာ စနေနေ့ ဧပြီ ၂၄ ရက်မှာ မြန်မာ့အရေးအတွက် ချီတက် ဆန္ဒပြကြဖို့ စီစဥ်ထားကြပါတယ်။

    နေ့လယ် ၁ နာရီကနေ ၃ နာရီအထိ အမေရိကန်ရောက် မြန်မာတွေထဲက တိုင်းရင်းသား လူမျိုး ပေါင်းစု ပါဝင်ချီတက်ကြမှာ ဖြစ်ပါတယ်။ မြန်မာပြည်ဖွား တိုင်းရင်းသားပေါင်းစုံ ချစ်ခင်စည်းလုံးညီညွတ်ကြတယ်ဆိုတာ ပြသမှာမို့ တိုင်းရင်းသားဝတ်စုံများ တိုင်းရင်းသားကိုယ်စားပြု အလံများကိုင်ဆောင်ပြီး ချီတက်ဆန္ဒပြကြမှာ ဖြစ်ပါတယ်။

    ဒီတကြိမ်မှာတော့ အမေရိကန် ရောက် မြန်မာတွေသာ မကဘဲ Milk Tea Alliance activity အဖြစ် မြန်မာ၊ ဟောင်ကောင်၊ တိုင်ဝမ် နှင့် ထိုင်းနိုင်ငံသားတို့ စုပေါင်းပြီး အာဏာရှင် အမြစ်ဖြုတ်ချေမှုန်းပစ်ရေး နဲ့ လွတ်မြောက်ရေးအတွက် ဆန္ဒပြကြမှာ ဖြစ်ပါတယ်။

    ဒီဆန္ဒပြပွဲကို Free Burma Action Committee (FBAC)၊ Northern California Hong Kong Club၊ San Francisco Hong Kongers၊ Thai Rights Now နဲ့ Taiwanese American Federation of Northern California.သူတို့က ဒေသတွင်းနိုင်ငံပေါင်းစုံ စည်းလုံးကြောင်းပြသမယ့် ပွဲလို့ ဆိုပါတယ်။ ဆန်ဖရန်စစ္စကို မြို့မှာ ဒီလို မြန်မာအပြင် Milk Tea Alliance ဝင် နိုင်ငံတွေကပါ ပါဝင် ပူးပေါင်း ဆန္ဒပြကြတာ ဒါပထမဆုံး အကြိမ်ဖြစ်ပါတယ်။

    ပြီးခဲ့တဲ့ သီတင်းပတ်က မြန်မာ့အရေး ဆန္ဒပြမှု

    ဓာတ်ပုံ ရင်းမြစ်, Zaw Thein Oo

    ဓာတ်ပုံ ပုံစာ, ပြီးခဲ့တဲ့ သီတင်းပတ်က မြန်မာ့အရေး ဆန္ဒပြမှု
  17. အဖမ်းခံထားရတဲ့ ဂျပန်သတင်းထောက်နဲ့ သံရုံး အဆက်အသွယ်ရ

    တနင်္ဂနွေနေ့က ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့ ဂျပန် အလွတ်တန်းသတင်းထောက် ယူကီ ကီတာဇူမီနဲ့ မြန်မာနိုင်ငံတွင်းမှာရှိတဲ့ ဂျပန်သံရုံးတို့ ပထမဆုံးအကြိမ် အဆက်အသွယ်ရခဲ့ပါတယ်။

    သတင်းထောက် ကီတာဇူမီ ကျန်းမာရေးကောင်းမွန်ပြီး အကြမ်းဖက်နှိပ်စက်ခံရတာ မရှိဘူးလို့လည်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးက ပြောပါတယ်။

    အသက် ၄၅ နှစ်အရွယ် မစ္စတာ ကီတာဇူမီဟာ ပြီးခဲ့တဲ့ သီတင်းပတ်က နေအိမ်ကနေ ဒုတိယအကြိမ် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး အင်းစိန်ထောင်မှာ အစစ်ဆေးခံနေရတာဖြစ်ပါတယ်။

    အာဏာသိမ်းစစ်ကောင်စီဘက်ကတော့ သူဟာ သတင်းတု သတင်းမှားတွေကို ဖြန့်ဝေသူဖြစ်တယ်ဆိုပြီး စွပ်စွဲထားပါတယ်။

  18. အာဆီယံကို အရပ်ဘက်အဖွဲ့တွေ အိတ်ဖွင့်ပေးစာပေး

    အာဆီယံအနေနဲ့ အခုလက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ အကြမ်းဖက်မှုတွေကို ကိုင်တွယ်ဖြေရှင်းတဲ့နေရာမှာ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး မဟာဗျူဟာတစ်ခု ပူးတွဲလုပ်ဆောင်ဖို့ မြန်မာနိုင်ငံနဲ့ အရှေ့တောင်အာရရှိ အရပ်ဘက် လူထုအဖွဲ့အစည်းတွေက အိတ်ဖွင့်ပေးစာ တစ်စောင်ပေးပို့ထုတ်ပြန်ခဲ့ပါတယ်။

    ဒီလို အိတ်ဖွင့်ပေးစာမှာ မြန်မာနိုင်ငံက အရပ်ဘက် လူထုအဖွဲ့အစည်း ၄၀၂ ဖွဲ့ နဲ့ တခြား အရှေ့တောင် အာရှ နိုင်ငံတွေက အရပ်ဘက်လူထု အဖွဲ့အစည်း ၄၄၄ ဖွဲ့ တို့ပါဝင်ပြီး တသီးပုဂ္ဂလ လက်မှတ်ထိုးသူ ၇၄၄ ဦး အထိ ပါဝင်လက်မှတ်ရေးထိုးထားပါတယ်။

    ဒါ့အပြင် မနက်ဖြန်ကျင်းပမယ့် အာဆီယံ ထိပ်သီးအစည်းအဝေးကို စစ်ခေါင်းဆောင်ကို ဖိတ်ကြားမှုနဲ့ အမျိုးသား ညီညွတ်ရေး အစိုးရကို မဖိတ်တဲ့အပေါ် လူထုအခြေပြုအဖွဲ့တွေကလည်း ဒီနေ့ ဝေဖန်ကန့်ကွက်ခဲ့ကြပါတယ်။ အကြောင်းစုံကို မအိမ့်ခိုင်ဦးက ပြောပြပေးမှာပါ။

    ဗီဒီယို ပုံစာ, အာဆီယံ မြန်မာ့အရေးဆွေးနွေးပွဲ လူအများဝေဖန်
  19. အာဆီယံအစည်းအဝေး ပြင်ပ မစွက်ဖက်ဖို့ တရုတ်တိုက်တွန်း

    စနေနေ့မှာ ကျင်းပမယ့် မြန်မာ့အရေး အာဆီယံ ထိပ်သီးဆွေးနွေးပွဲမှာ ပြင်ပက ဝင်ရောက်စွက်ဖက်မှုတွေကို တားဆီးသင့်တယ်လို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယီက သတိပေးလိုက်ပါတယ်။

    ပြင်ကဝင်ရောက်စွက်ဖက်မှုတွေဟာ ဆူပူမှု ဒါမှမဟုတ် အခြေအနေကို ပိုမိုဆိုးဝါးစေပြီး ဒေသတွင်း တည်ငြိမ်အေးချမ်းမှုကိုပါ အနှောင့်အယှက်ဖြစ်စေတယ်လို့လည်း ဆိုပါတယ်။

    နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ဘက်မလိုက်ပဲ မျှမျှတတ ဆောင်ရွက်ကြဖို့ မြန်မာပြည်တွင်း တင်းမာမှုတွေ လျှော့ချနိုင်ဖို့ ပိုမို လုပ်ဆောင်ကြဖို့ တရုတ်နိုင်ငံဘက်က တောင်းဆိုတယ်လို့လည်း ဝန်ကြီး ဝမ်ယီက ပြောပါတယ်။

    မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေ ပြန်လည်ရင်ကြားစေ့ပေးနိုင်ဖို့၊ အပြုသဘောဆောင်တဲ့ အာဆီယံရဲ့ အခန်းကဏ္ဍကို ပြသနိုင်ဖို့ ဒီအစည်းအဝေးက အထောက်အကူပြုသင့်တယ်လို့လည်း ဆိုပါတယ်။

    • အာဆီယံ ထိပ်သီးဆွေးနွေးပွဲက မြန်မာ့အရေးကို ဖြေရှင်းပေးနိုင်မလား

    တရုတ်နိုင်ငံခြားရေးဝန်ကြီးဟာ အာဆီယံအစည်းအဝေး ကိုယ်တိုင်တက်ရောက်မယ့် ထိုင်း ဒုတိယ ဝန်ကြီးချုပ်၊ ဘရူးနိုင်း ဒုနိုင်ငံခြားရေးဝန်ကြီးတွေနဲ့ ဖုန်းဆက် ဆွေးနွေးခဲ့ပြီး ဒီထိပ်သီးအစည်းအဝေးဟာ မြန်မာပြည်တွင်းအခြေအနေကို ဖြေလျှော့နိုင်မယ့် ခြေလှမ်းကောင်းတစ်ရပ်ဖြစ်ဖို့ တရုတ်နိုင်ငံဘက်က မျှော်လင့်တယ်လို့လည်း ပြောပါတယ်။

    ဒီအစည်းအဝေးကို တက်ရောက်မယ့် အာဆီယံခေါင်းဆောင်တွေအနေနဲ့ အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့၊ အကူအညီတွေ ပေးဝင်ခွင့်ပြုဖို့ မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင်ကို တိုက်တွန်းပြောကြားဖွယ်ရှိတယ်လို့ သံတမန်တွေကို ကိုးကားပြီး ရိုက်တာသတင်းမှာ ရေးသားထားပါတယ်။

    ဝမ်ယီ

    ဓာတ်ပုံ ရင်းမြစ်, AFP

  20. ပြင်ဦးလွင် ဆေးဝါးစက်ရုံက CDM ဝန်ထမ်းတွေ လုပ်ငန်းခွင်ပြန်ဝင်တယ်လို့ဆို

    မြန်မာနိုင်ငံဆေးဝါးလုပ်ငန်းစက်ရုံ (ပြင်ဦးလွင်)က CDM ဝင်ထားသူ ဝန်ထမ်း ၂၀၀ ကျော်ဟာ ဧပြီ ၂၁ ရက်ကစပြီး အလုပ်ပြန်ဆင်းနေတယ်လို့ စက်ရုံဝန်ထမ်းတစ်ဦးက ပြောပါတယ်။

    " ရုံးစာမှာသာ ဖတ်ကောင်းအောင်ရေးတာ။ CDM ပြုလုပ်နေတဲ့ ဌာနမှူးတွေကို ဖမ်းခိုင်းမယ်လို့ ဖိအားပေးခြိမ်းခြောက်သလို အငယ်တွေကို အလုပ်ဖြုတ်မယ်လို့ ပါးစပ်ကနေ ခြိမ်းခြောက်‌နေတယ်။ CDM support မရကြဘူး။ ဒါကြောင့် တချို့ပြန်ဝင်ကြတာ ဖြစ်နိုင်တယ်" လို့ လက်တွေ့ တွေ့ကြုံနေရတာတွေကို RVK စက်ရုံမှာ လုပ်ကိုင်သူ တစ်ဦးက ပြောပြပါတယ်။

    ဧပြီ ၈ရက်နေ့စွဲနဲ့ မြန်မာနိုင်ငံ ဆေးဝါးလုပ်ငန်းစက်ရုံ (ပြင်ဦးလွင်) RVK က တာဝန်ထမ်းဆောင်တဲ့ ဝန်ထမ်းတွေဟာ ဒီကာလ ရက်ပိုင်းတွေမှာ ရုံးမတက်ဘဲနေတာကို ဖိအားပေးခြင်းမရှိပါဘူး။ ဒါပေမယ့် သင်္ကြန်အပြီး ၂၁ရက်နေ့မှာ အလုပ်ပြန်ဆင်းဖို့နဲ့ အလုပ်မဝင်သူတွေကို ၂၂ရက်က စတင်ပြီး ခွင့်မဲ့ပျက်ကွက်မှတ်ယူသွားမယ်လို့ ရုံးတွင်းအမိန့်စာဆိုပြီး စက်ရုံမန်နေဂျာ နာမည်နဲ့ ထုတ်ပြန်ခဲ့ပါတယ်။

    ဒီစက်ရုံကို စစ်တပ်ပိုင် ဦးပိုင်ကနေ ငှားရမ်းလုပ်ကိုင်နေတဲ့ ကုမ္ပဏီက လုပ်ကိုင်နေတာ ဖြစ်ပါတယ်။ စစ်အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီ ၈ ရက် ကစပြီး အဲဒီက စက်ရုံဝန်ထမ်းပေါင်း ၂၈၀ ကျော် CDM လုပ်ခဲ့ကြပါတယ်။

    ဝန်ထမ်း ၅၀၀ ရှိတဲ့ အဲဒီကုမ္ပဏီဟာ ပြည်တွင်းနဲ့ စင်ကာပူကုမ္ပဏီတွေ ဖက်စပ်လုပ်ကိုင်တဲ့ ကုမ္ပဏီဖြစ်ပြီး မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်ဆီကနေ နှစ်ရှည် ငှားရမ်းလုပ်နေကိုင်တဲ့ ကုမ္ပဏီဖြစ်တယ်လို့ အဲဒီကုမ္ပဏီရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

    လက်ရှိ RVK Myanmar ဆေးဝါးစက်ရုံဟာ MPF တံဆိပ်နဲ့ ဆေးဝါးတွေထုတ်လုပ်ပါတယ်။ စစ်အာဏာသိမ်းတာကို ဆန့်ကျင်လို့ အဲ့ဒီစက်ရုံက ဝန်ထမ်းတွေဟာ CDM ဝင်သူတွေနဲ့ ဆန္ဒပြသူတွေလည်း ရှိခဲ့ပါတယ်။

    မတ်လ ၂၇ရက်က RVK myanmar စက်ရုံ ဆေးမှုန့်နဲ့လိမ်းဆေးဌာနက CDM ဝန်ထမ်း အသက်၂၂နှစ်အရွယ် ကိုရဲဇင်ဝင်း ဟာ စစ်ကောင်စီက ပစ်ခတ်လို့ ရင်ဘတ်ကျည်မှန်သေဆုံးခဲ့ပါတယ်။

    RVK ဒီကုမ္ပဏီဟာ တပ်မတော်ပိုင် ဦးပိုင်ကနေ ငှားရမ်းထားတာဖြစ်လို့ တစ်လငှားရမ်းခ ကျပ် သိန်း ၅၀၀ကျော်ဟာ ဦးပိုင်ကို ပေးသွင်းနေတာဖြစ်တယ်လို့ သိရပါတယ်။ ဒီပမာဏကို ဘီဘီစီက သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။

    ပြင်ဦးလွင်က CDM ဝန်ထမ်းတချို့ လုပ်ငန်းခွင်ပြန်ဝင်တယ်လို့ဆို

    ဓာတ်ပုံ ရင်းမြစ်, CJ