အာဆီယံ ထိပ်သီးဆွေးနွေးပွဲက မြန်မာ့အရေးကို ဖြေရှင်းပေးနိုင်မလား

အာဆီယံ၊ ထိပ်သီးဆွေးနွေးပွဲ၊ မြန်မာ၊ စစ်အာဏာသိမ်း

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မြန်မာစစ်ကောင်စီက ခန့်အပ်ထားတဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးတို့ ဘန်ကောက်မြို့မှာ တွေ့ဆုံခဲ့စဉ်
    • ရေးသားသူ, ဘေလ် ဟေတန်
    • ရာထူးတာဝန်, လန်ဒန်မြို့ နိုင်ငံတကာရေးရာ အကြံပေးအဖွဲ့ Chatham House က ပညာရှင်၊ ဘီဘီစီ ဗီယက်နမ်ဌာန သတင်းထောက်ဟောင်း
  • ရေးသားခဲ့သည်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းအပြီး ၃ လနီးပါးအကြာ လာမယ့် ဧပြီလ ၂၄ ရက်နေ့မှာတော့ မြန်မာနိုင်ငံက အကျပ်အတည်းကြီး အဆုံးသတ်သွားစေဖို့ ကြိုးစားတဲ့အနေနဲ့ အာဆီယံအဖွဲ့က ထိပ်သီး အထူးဆွေးနွေးပွဲကြီးတစ်ခုကို ကျင်းပတော့မှာပါ။

အာဆီယံ ထိပ်သီးဆွေးနွေးပွဲကို အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်မယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဒါပေမဲ့ သူရော၊ ဒီမိုကရေစီ တောင်းဆိုဆန္ဒပြနေသူတွေကပါ တဘက်နဲ့တဘက် ညှိနှိုင်းဆွေးနွေးဖို့ စိတ်ဆန္ဒရှိကြပုံ မတွေ့ရပါဘူး။ ဒီတော့ မြန်မာနိုင်ငံမှာ သွေးချောင်းစီးနေမှုတွေ ရပ်တန့်သွားစေဖို့ ဒီအာဆီယံ ထိပ်သီးဆွေးနွေးပွဲကြီးက ဘယ်လိုများ ဆောင်ကြဉ်းပေးနိုင်မှာပါလဲ။

မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်ကောင်စီရဲ့ နှိမ်နင်းမှုတွေအတွင်း လောလောဆယ် လူ ၇၀၀ ကျော် သေဆုံးခဲ့ပြီး ဖြစ်ပြီး ဂျာကာတာမြို့ အာဆီယံ ထိပ်သီးဆွေးနွေးပွဲ ကျင်းပတဲ့အချိန် ရောက်တဲ့အခါကျရင် သေဆုံးသူအရေအတွက်က ဒါ့ထက် ပိုများလာမယ့်ပုံ ရှိနေပါတယ်။ အကြမ်းဖက်ဖြိုခွဲမှု အတိုင်းအတာက နေ့စဉ်နီးပါး တိုးလာနေတာပါ။ ပြီးခဲ့တဲ့ သီတင်းပတ်တွေ အတွင်း စစ်ကောင်စီတပ်တွေက အရပ်သားပြည်သူတွေကို ဗုံးပစ်လောင်ချာလို လက်နက်တွေ အသုံးပြု ပစ်ခတ် ဖြိုခွဲလာနေသလို တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ နယ်မြေတွေမှာ တိုက်လေယာဉ်တွေနဲ့ တိုက်ခိုက်လာနေပါတယ်။

မြန်မာနိုင်ငံဟာ "ကျရှုံးနိုင်ငံ"အဖြစ်ကို ရောက်လုဆဲဆဲ ဖြစ်နေပြီလို့ အကဲခတ် အတော်များများက ယူဆနေကြပါတယ်။

စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုက မြန်မာစစ်ခေါင်းဆောင်ပိုင်းအပေါ် အကန့်အသတ်နဲ့သာ ထိခိုက်စေမယ် ဆိုတာကို သိထားတဲ့အတွက် မြန်မာ့အရေးကို အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ ဦးဆောင် ဖြေရှင်းပေးကြဖို့ ဥရောပ၊ မြောက်အမေရိကနဲ့ အရှေ့အာရှနိုင်ငံ အစိုးရတွေက တိုက်တွန်းထားပါတယ်။

အာဆီယံ၊ ထိပ်သီးဆွေးနွေးပွဲ၊ မြန်မာ၊ စစ်အာဏာသိမ်း

ဓာတ်ပုံ ရင်းမြစ်, ASEAN

ဓာတ်ပုံ ပုံစာ, မြန်မာနိုင်ငံအရေးကို အာဆီယံနိုင်ငံ ခေါင်းဆောင်တွေ ဦးဆောင်ဖြေရှင်းဖို့ နိုင်ငံတကာက တိုက်တွန်းထား

လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုလောက်က ထိုင်းနိုင်ငံနဲ့ ကမ္ဘောဒီယားနိုင်ငံအကြား ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်ခဲ့ပြီးချိန်ကတည်းကဆိုရင် မြန်မာနိုင်ငံရဲ့ လက်ရှိ အခြေအနေဟာ အရှေ့တောင်အာရှဒေသရဲ့ လုံခြုံရေးအပေါ် အကြီးမားဆုံး အန္တရာယ် ဖြစ်လာနေပြီမို့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ အနေနဲ့ မြန်မာ့အရေးကို မဖြစ်မနေ ဖြေရှင်းရမယ့်ပုံပါ။

ဒါပေမဲ့လည်း မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ ပဋိပက္ခ အကြပ်အတည်းကြောင့် အိမ်နီးချင်းနိုင်ငံတွေထဲ ဒုက္ခသည်တွေ အစုလိုက်အပြုံလိုက် ဝင်လာတာမျိုး၊ ဒါမှမဟုတ် ပြည်တွင်းစစ်ကြီး ဖြစ်လာနိုင်မယ့် အန္တရာယ်မျိုးတွေ ရှိနေတာတောင်မှ အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံအနေနဲ့ မြန်မာ့အရေး အထူးဆွေးနွေးပွဲတစ်ခု ကျင်းပသင့် မသင့်ဆိုတာနဲ့ ပတ်သက်လို့ သဘောမတူနိုင် ဖြစ်နေခဲ့ကြတာပါ။

မြန်မာစစ်ခေါင်းဆောင်တွေအပေါ် အရေးယူချင်တဲ့ နိုင်ငံတွေနဲ့ အရေးမယူချင်တဲ့ နိုင်ငံတွေဆိုပြီး နှစ်ပိုင်း ကွဲနေကြတာ သိသာပေါ်လွင်နေပါတယ်။

အထူးသဖြင့် နိုင်ငံ ၄ နိုင်ငံကတော့ မြန်မာ့အရေးမှာ ကြားဝင်ဆောင်ရွက်ဖို့ အားသွန်ခွန်စိုက် လုပ်ဆောင်နေကြပါတယ်။ မတ်လ ၃၁ ရက်နေ့မှာ စင်္ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင် နိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေ တရုတ်နိုင်ငံကို သွားရောက်ခဲ့ကြပြီး အဲဒီမှာ တရုတ်အစိုးရနဲ့ မြန်မာနိုင်ငံအရေးကို ဆွေးနွေးပြောဆိုခဲ့ကြတယ်လို့ ယူဆရပါတယ်။

မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်လို့ စိုးရိမ်မိကြောင်း ဖော်ပြထားတဲ့ ပူးတွဲကြေညာချက်ကို ရေးဆွဲရာမှာ အာဆီယံရဲ့ လက်ရှိ အလှည့်ကျ ဥက္ကဋ္ဌဖြစ်တဲ့ ဘရူနိုင်းနိုင်ငံကလည်း တက်တက်ကြွကြွ ပါဝင်ခဲ့ပါတယ်။

မလေးရှားနိုင်ငံကလည်း အာဏာသိမ်း စစ်ကောင်စီကို တရားဝင်အစိုးရအဖြစ် အသိအမှတ်မပြုဘူး ဆိုပြီး အထင်အရှား ငြင်းဆန်ထားပါတယ်။

မလေးရှားအစိုးရ ထုတ်ပြန်တဲ့ ကြေညာချက်တွေထဲမှာ အာဏာသိမ်းစစ်ကောင်စီကို မြန်မာနိုင်ငံရဲ့ စစ်အာဏာပိုင်တွေလို့ ခေါ်ဝေါ်သုံးနှုန်းထားပြီး ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့ တောင်းဆိုရာမှာတော့ စစ်အာဏာ မသိမ်းခင်က ရာထူးအတိုင်း ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်လို့ ဖော်ညွှန်းထားတာ တွေ့ရပါတယ်။

စင်္ကာပူဝန်ကြီးချုပ် လီရှန်လွန်းကလည်း အာဏာသိမ်း စစ်ကောင်စီက ဆန္ဒပြပြည်သူတွေကို အကြမ်းဖက် ဖြိုခွဲနေတာဟာ လက်ခံနိုင်စရာ လုံးဝမရှိဘူးလို့ ပြောခဲ့တယ်။

ဒါပေမဲ့ တချို့နိုင်ငံတွေကတော့ သိသိသာသာကို ရေငုံနှုတ်ပိတ် နေနေခဲ့ကြပါတယ်။ အာဆီယံရဲ့ ဘယ်လို ကြားဝင်ဆောင်ရွက်မှုမျိုးကိုမဆို မြန်မာစစ်ခေါင်းဆောင်တွေဘက်က လက်မခံဘူးဆိုတာ ထင်ရှားနေပေမဲ့ အဲဒီ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်းနဲ့ ဗီယက်နမ် နိုင်ငံတွေရဲ့ ရပ်တည်ချက် သဘောထားပေါ်မှာတော့ မေးခွန်းထုတ်စရာတွေ ဆက်ရှိနေဆဲ ဖြစ်ပါတယ်။

အထူးသဖြင့် ထိုင်းနဲ့ ဗီယက်နမ်နိုင်ငံတွေအပေါ် အဓိက အာရုံထား မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။ အာဆီယံတွင်း တူညီတဲ့ ဘုံရပ်တည်ချက်တစ်ခုရရေး နှောင့်နှေးနေရတာဟာ ဒီနှစ်နိုင်ငံကြောင့်ဆိုပြီး သံတမန်တွေက ပြစ်တင် ပြောဆိုနေကြတယ်လို့ အရှေ့တောင်အာရှရေးရာ လေ့လာသုံးသပ်သူတစ်ဦးက ပြောပါတယ်။

အခုအခါ အာဆီယံ ထိပ်သီးဆွေးနွေးပွဲကို ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာ ကိုယ်တိုင် တက်ရောက်တော့မှာ မဟုတ်ဘဲ ဒုဝန်ကြီးချုပ်အဖြစ်လည်း တာဝန်ယူထားတဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါင် ပရာမွတ်ဝိနိုင် ပဲ တက်ရောက်မှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်လို့ ဝန်ကြီးချုပ် ပရာယွတ် အစိုးရဟာ အတော်လေး နှုတ်ဆိတ်နေတယ်လို့ ချူလာလောင်ကွန်းတက္ကသိုလ်က ထိုင်းလူမျိုး လေ့လာသုံးသပ်သူ သီတီနန် ပွန်ဆုဒီရက် က ပြောပါတယ်။

ဝန်ကြီးချုပ် ပရာယွတ်ရဲ့ စဉ်းစားပုံက နှစ်ခုရှိနိုင်တယ်လို့ သူက ဆိုပါတယ်။ တစ်ခုက ပရာယွတ်ကိုယ်တိုင်က စစ်အာဏာသိမ်းခဲ့တဲ့ ဗိုလ်ချုပ်ဟောင်းတစ်ဦး ဖြစ်နေတာပါ။ နောက်တစ်ခုက ထိုင်းနိုင်ငံရဲ့ အကျိုးကို ထိခိုက်လာစေနိုင်တဲ့အချက် ဖြစ်တယ်လို့ ဆိုပါတယ်။ ထိုင်းနိုင်ငံရဲ့ လျှပ်စစ်စွမ်းအင် ၃၀ ရာခိုင်နှုန်းကို မြန်မာနိုင်ငံက တင်ပို့တဲ့ သဘာဝဓာတ်ငွေ့တွေနဲ့ ထုတ်လုပ် အသုံးပြုနေတာ ဖြစ်ပါတယ်။

ထိုင်းအစိုးရကို ဝေဖန်သူ တစ်ဦးဖြစ်တဲ့ ဂျပန်နိုင်ငံ ကျိုတိုတက္ကသိုလ်က ပါဗင် ချာချာ ဗာလ်ပွန်းပွန် ကလည်း ထိုင်းနဲ့ မြန်မာဟာ အမြွှာညီနောင်နှစ်ဦးလို သဏ္ဍာန်တူတယ်လို့ ခိုင်းနှိုင်းပြောခဲ့ပါတယ်။

"ထိုင်းစစ်တပ်နဲ့ မြန်မာစစ်တပ်ဟာ နိုင်ငံရေးလောကထဲ ခြေကုပ်ယူနိုင်မယ့် နည်းတွေကို အချင်းချင်း ကြည့်ပြီး အတုခိုးခဲ့ကြတာပါ။ လွတ်လပ်မှုကို ဆန့်ကျင်ဖိနှိပ်တဲ့ မဟာမိတ်အဖွဲ့တစ်ဖွဲ့ ဒေသတွင်းမှာ ဖန်တီးဖို့ သူတို့ကြိုးစားနေကြတယ်လို့ ကျွန်တော်ယူဆပါတယ်"

ဗီယက်နမ်နိုင်ငံရဲ့ ရပ်တည်ချက်ကို နားလည်နိုင်ဖို့ကတော့ ပိုခက်လှပါတယ်။ ဗီယက်နမ်အစိုးရ ခေါင်းဆောင်ပိုင်းဟာ မြန်မာစစ်ခေါင်းဆောင်ပိုင်းနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ထားရှိပါတယ်။ ဗီယက်နမ် စစ်တပ်ပိုင် Viettel ဆက်သွယ်ရေး ကုမ္ပဏီဟာ မြန်မာစစ်တပ်နဲ့ ဒေါ်လာ တစ်ဘီလျံ ဘိုးလောက်ကို အဓိက ဖက်စပ်စီးပွားရေးလုပ်ငန်း အတော်များများ ပူးတွဲ လုပ်နေတာ ဖြစ်ပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ အလှည့်ကျဥက္ကဋ္ဌ တာဝန် ယူထားတဲ့ ကုလသမဂ္ဂဆိုင်ရာ ဗီယက်နမ်သံအမတ် ဒန်ဒင် ကွီး က မြန်မာစစ်တပ်အပေါ် နိုင်ငံတကာက ဒဏ်ခတ်ပိတ်ဆို့မှုတွေ သုံးပြီး အရေးယူတာကို ဗီယက်နမ်က ကန့်ကွက်တယ်လို့ ပြောခဲ့ပြီး "မြန်မာနိုင်ငံအရေးမှာ သက်ဆိုင်ပါဝင်နေသူတွေ အားလုံးနဲ ဆက်ဆံပြောဆိုဖို့ လိုပါတယ်။ ဒါမှ သူတို့ကို ဖယ်ကြဉ် ထားတာမျိုး မဖြစ်မှာပါ"

အာဆီယံ၊ ထိပ်သီးဆွေးနွေးပွဲ၊ မြန်မာ၊ စစ်အာဏာသိမ်း

ဓာတ်ပုံ ရင်းမြစ်, AFP/GETTY

ဓာတ်ပုံ ပုံစာ, ဂျာကာတာမြို့ အာဆီယံထိပ်သီးဆွေးနွေးပွဲကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်မယ်လို့ သတင်းတွေကဆို

မတ်လ ၂၇ ရက်နေ့တုန်းက မြန်မာနိုင်ငံက မြို့ကြီးမြို့ငယ် အတော်များများက လမ်းတွေပေါ်မှာ အာဏာသိမ်းစစ်ကောင်စီတပ်တွေရဲ့ ပစ်ခတ်ဖြိုခွဲမှုကြောင့် ဆန္ဒပြသူ အများအပြား သေဆုံးခဲ့ရတာတောင်မှ အဲဒီနေ့မှာ စစ်ကောင်စီ ကျင်းပတဲ့ တပ်မတော်နေ့ အခမ်းအနားကို တက်ရောက်ဖို့ ဗီယက်နမ်နဲ့ ထိုင်းတို့နဲ့အတူ လာအို၊ တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ ရုရှားနဲ့ ပါကစ္စတန် နိုင်ငံတွေက သူတို့ရဲ့ ထိပ်တန်း စစ်အရာရှိတွေကို စေလွှတ်ခဲ့ကြပါတယ်။

ကိုယ့်နိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုအခြေအနေတွေနဲ့ ပတ်သက်လို့ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ဝေဖန်ပြစ်တင်မှုတွေကို မကြာခဏ ခံနေရတဲ့ အဲဒီနိုင်ငံတွေကအစိုးရတွေ အတွက်တော့ မြန်မာနိုင်ငံ အကြပ်အတည်းဟာ အခွင့်ကောင်း နှစ်ခု ရလိုက်တယ်လို့ ပြောရမှာပါ။

ပထမတစ်ခုက တခြားနိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်မစွက်ရေးဆိုတဲ့ အာဆီယံရဲ့ ရပ်တည်ချက်ကို အလေးထား ပြသဖို့ အချိန်ကောင်း ဖြစ်ပါတယ်။

ဒုတိယတစ်ခုကတော့ နိုင်ငံတကာရဲ့ ပြစ်တင်ဝေဖန်မှုတချို့ အာရုံလွှဲနိုင်ဖို့ အချိန်ကောင်း ရလိုက်တာပါ။ ဥပမာအားဖြင့် ကမ္ဘောဒီးယားမှာ ဖြစ်နေတဲ့ ပြဿနာတွေကို သိပ်အာရုံ မစိုက်ကြတော့ပါဘူး။

မြန်မာစစ်ခေါင်းဆောင်တွေအပေါ် အရေးယူပိတ်ဆို့မှုတွေကို ထောက်ခံခဲ့တဲ့ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်း အစိုးရကို ဥရောပသံတမန်တွေက အကြိုက်တွေ့ နှစ်သက်နေကြတဲ့အတွက် ကမ္ဘောဒီးယားနိုင်ငံဟာ ပြစ်တင်ဝေဖန်မှုတွေ အခိုက်အတန့် ကင်းလွတ်ခံနေရပါတယ်။

အာဆီယံအဖွဲ့ထဲမှာ မြန်မာနိုင်ငံအရေး ကြားဝင်ဆောင်ရွက်တာကို တရုတ်နိုင်ငံနဲ့ ပထဝီဝင် အနေအထား ဆက်စပ်နေတဲ့ ကုန်းတွင်းပိုင်းနိုင်ငံတွေက ပိုကန့်ကွက်နေကြပြီး တရုတ်နိုင်ငံနဲ့ ဝေးတဲ့ ပင်လယ်ပြင်ပိုင်းနိုင်ငံတွေကတော့ မြန်မာ စစ်ခေါင်းဆောင်တွေအပေါ် အရေးယူတာကို ပို လိုလားတာ တွေ့ရပါတယ်။

ဒုတိယအုပ်စုနိုင်ငံတွေထဲမှာ အင်ဒိုနီးရှားနိုင်ငံက မြန်မာ့အရေးမှာ ပူးပေါင်း တုံ့ပြန် ဆောင်ရွက်မှု တစ်ခု ရရေးကို အားသွန်ခွန်စိုက် လုပ်ဆောင်နေတာပါ။

မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ အဆုံးသတ်ရေး၊ လူသားချင်း စာနာထောက်ထားတဲ့ ကယ်ဆယ်ရေး အထောက်အပံ့တွေ ပို့ဆောင်နိုင်ရေးနဲ့ သဘောထားကွဲလွဲနေတဲ့ နှစ်ဘက်အကြား ညှိနှိုင်းပြောဆိုမှုတွေ ပြန်စနိုင်ရေးတွေအတွက် အာဆီယံအဖွဲ့ ဦးဆောင်ပြီး မူဘောင်တစ်ခု ရေးဆွဲနိုင်ရေးမှာ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ သဘောတူလက်ခံလာဖို့ အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒိုဒိုက ကြိုးပမ်းနေတာပါ။

ဂျာကာတာမြို့ နည်းဗျူဟာနဲ့ နိုင်ငံတကာ လေ့လာရေးဌာနက အဲဗန် လက်ခ်စ်မနာ က ဖြစ်လာနိုင်မယ့် အကောင်းဆုံး အနေအထား တစ်ခုကတော့ ဒီလုပ်ငန်းစဉ်ကို လွယ်ကူ ချောမွေ့အောင် ထောက်ခံ လုပ်ဆောင်ပေးမယ့် အထူးတပ်ဖွဲ့တစ်ခု ဖန်တီးပေးတာမျိုး ဖြစ်တယ်လို့ ပြောပါတယ်။

သူ့ရဲ့ အမြင်မှာ အဆိုးဆုံး ဖြစ်လာနိုင်တာကတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ အာဏာသိမ်း စစ်ကောင်စီကို ထိပ်သီးဆွေးနွေးပွဲကို ဖိတ်ကြားခဲ့တဲ့အတွက် တရားဝင်အစိုးရအဖြစ် အသိအမှတ် ပြုလိုက်သလို ဖြစ်သွားပြီး စစ်ကောင်စီဆီက မြန်မာနိုင်ငံမှာ အကြမ်းဖက် ဖြိုခွဲမှုတွေ ရပ်ဆိုင်းသွားအောင်၊ ညှိနှိုင်းဆွေးနွေးမှုတွေ ပြန်စနိုင်အောင် လုပ်ပါ့မယ်ဆိုတဲ့ ကတိကို မရယူနိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ အာဆီယံ ဦးဆောင်တဲ့ အမျိုးသား ရင်ကြားစေ့ရေး လုပ်ငန်းစဉ်ကို မြင်တွေ့လိုတဲ့ အင်ဒိုနီးရှားနဲ့ တခြားနိုင်ငံခေါင်းဆောင်တွေအတွက် ဒီအာဆီယံ ထိပ်သီးဆွေးနွေးပွဲက အရမ်းကို အရေးပါလှပါတယ်။

"ဒီထိပ်သီးဆွေးနွေးပွဲဟာ နိုင်ငံအစိုးရအကြီးအကဲ တစ်ဦးကို ဖိတ်ကြားတဲ့ ပွဲမျိုးမဟုတ်ဘဲ ဆင့်ခေါ် သတိပေးတဲ့ ပွဲတစ်ခုအဖြစ် အာဆီယံအဖွဲ့အနေနဲ့ ပုံဖော်နိုင်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ထားပါတယ်" လို့ အာဆီယံနိုင်ငံတစ်ခုက ထိပ်တန်း သံတမန်တစ်ဦးက ပြောပါတယ်။

"နောက်တစ်နည်း ပြောရရင် ဒီထိပ်သီးဆွေးနွေးပွဲမှာ အုပ်စုပုံ ဓာတ်ပုံရိုက်တဲ့အခါ ခေါင်းဆောင်တွေ နေရာယူပုံဟာလည်း စာရွက်ပေါ်မှာ သဘောတူခဲ့တာနဲ့ နည်းတူ အရေးပါမယ့်ပုံ ရှိနေပါတယ်"

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေနဲ့ ဒီထိပ်သီးဆွေးနွေးပွဲမှာ တင်ပြဆွေးနွေးတာတွေအပေါ် သဘောတူမယ့်ပုံ ရှိမှာမဟုတ်ဘူးလို့ အဲဒီ သံတမန်က ယူဆနေပါတယ်။

သူပြောချင်တာကို ပြော၊ သူ့အစီအစဉ်တွေကိုပဲ ချပြသွားဖို့ ရှိပြီး နောက်ထပ် အရေးယူမှုတွေကို ရှောင်ရှားနိုင်ဖို့ မျှော်လင့်နေမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

အာဆီယံအဖွဲ့က သူတို့ဟာ အတင်းအဓမ္မ လုပ်ခိုင်းတာမျိုးထက် နားချ ပြောဆိုတာမျိုးမှာ ပိုပိုင်နိုင်တယ်လို့ ဂုဏ်ယူထားတာ ဖြစ်ပါတယ်။ ဒါပေမဲ့ အဖွဲ့တွင်း မညီညွတ်ဘူးဆိုရင်တော့ ဒီစွမ်းဆောင်နိုင်မှုကလည်း အားနည်းချို့ယွင်းသွားမှာပါ။ တူညီတဲ့ ရပ်တည်ချက်သဘောထားတစ်ခု ရရေးမှာ ကျန်တဲ့ ၉ နိုင်ငံကို နားချပြောဆိုဖို့ကအခြေအနေတွေ ပြေလျော့သွားအောင် လုပ်ပေးဖို့ မြန်မာစစ်ခေါင်းဆောင်တွေကို နားချ ပြောဆိုသလိုပဲ စိန်ခေါ်မှုတွေ အများကြီး ရှိနေတယ်လို့ လန်ဒန်မြို့ နိုင်ငံတကာရေးရာ အကြံပေးအဖွဲ့ Chatham House က ပညာရှင်လည်းဖြစ် ဘီဘီစီ ဗီယက်နမ်ဌာန သတင်းထောက်ဟောင်းလည်း ဖြစ်တဲ့ ဘေလ် ဟေတန်က သုံးသပ်ထားပါတယ်။