အာဆီယံခေါင်းဆောင်တွေနဲ့တွေ့ဆုံဖို့ ကုလအထူးကိုယ်စားလှယ် စီစဉ်နေ

ထိပ်သီးဆွေးနွေးပွဲမတိုင်ခင် အာဆီယံခေါင်းဆောင်တွေနဲ့တွေ့ဆုံဖို့ ကုလအထူးကိုယ်စားလှယ် စီစဉ်နေ

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. The Voice Weekly နဲ့တနင်္သာရီဂျာနယ် အယ်ဒီတာဟောင်းကန့်ဘလူမှာဖမ်းဆီးခံရ

    The Voice Weekly ဂျာနယ် နဲ့တနင်္သာရီဂျာနယ်တို့မှာ အယ်ဒီတာ အဖြစ်ဆောင်ရွက်ခဲ့ပြီး လက်ရှိ မြန်မာ့ မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု ISP-Myanmar မှာတာဝန်ထမ်းဆောင်နေတဲ့ ကိုအောင်မျိုးထက် ဒီကနေ့ သူ့ရဲ့ဇာတိ စစ်ကိုင်းတိုင်း ကန့်ဘလူမြို့မှာ ဖမ်းဆီးခံရပါတယ်။

    သူဟာ လက်ဘက်ရည်ဆိုင်ထိုင်နေစဥ် မနက် ၁၁ နာရီလောက်က အတူရှိနေသူတချို့နဲ့ အတူအဖမ်းခံခဲ့ရတာ ဖြစ်တယ်လို့ သူ့ရဲ့ မိတ်ဆွေတစ်ဦးက ပြောပါတယ်။

    ခရိုင်ရဲမှူးနဲ့အဖွဲ့ မနေ့ညက ကင်းလှည့်လာစဥ် ကြွေးကြော်သံတွေ အော်သူတချို့ရှိပြီး သူ့ကို ဦးဆောင်သူဆိုပြီး စွပ်စွဲတိုင်ကြားခံရတာကြောင့် ဖမ်းဆီးခံရတာလို့လည်း ဆိုပါတယ်။

    သူ့ကို ရဲစခန်းမှာ ဖမ်းပြီးစစ်မေးနေတာ အခုချိန်ထိ ဆက်လက် စစ်မေးနေဆဲလို့ သူ့ရဲ့မိတ်ဆွေက ပြောပါတယ်။

    သူ့ကို သူ့ရဲ့မိသားစုတွေ၊ရှေ့နေတွေနဲ့အမြန်ဆုံးတွေ့ခွင့်ပေးဖို့နဲ့အမြန်ဆုံးပြန်လွှတ်ပေးဖို့ ISP-Myanmar က တောင်းဆိုထားပါတယ်။

    ညပိုင်းမှာ နောက်ဆုံးမှာ သိရှိရတဲ့ သတင်းအရ သူ့ကို ပုဒ်မ ၅၀၅ (က) နဲ့ ရမန် နှစ်ပတ်ယူ ထိန်းသိမ်းထားတယ်လို့ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်ဟောင်းတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

    အောင်မျိုးထက်

    ဓာတ်ပုံ ရင်းမြစ်, NWT

  2. ဒလမြို့က လိုလျှင်ယူ ပိုရင်လှူ လှူဒါန်းမှု

  3. ကနီမြို့နယ်ထဲက ရွာတွေမှာ စစ်ကောင်စီတပ်တွေ ပစ်ခတ်လို့ နှစ်ရက်အတွင်း အရပ်သား ၄ ဦး သေဆုံး

    ပြီးခဲ့တဲ့တစ်ပတ်အတွင်း ကနီအပိုင် လည်ရှည်ရွာမှာဖြစ်ခဲ့တဲ့ ပစ်ခတ်မှုမှာ စစ်ကောင်စီတပ်တွေသုံးခဲ့တဲ့ကျည်ခွံတွေ

    ဓာတ်ပုံ ရင်းမြစ်, cj

    ဓာတ်ပုံ ပုံစာ, ပြီးခဲ့တဲ့တစ်ပတ်အတွင်း ကနီအပိုင် လည်ရှည်ရွာမှာဖြစ်ခဲ့တဲ့ ပစ်ခတ်မှုမှာ စစ်ကောင်စီတပ်တွေသုံးခဲ့တဲ့ကျည်ခွံတွေ

    စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်ထဲက တဇယ်ချောင်ရွာအုပ်စုမှာ ပြီးခဲ့တဲ့ ၂ ရက်အတွင်းဖြစ်တဲ့ စစ်ကောင်စီ တပ်တွေရဲ့ ပစ်ခတ်မှုနဲ့ ဒေသခံတွေရဲ့ပြန်ခုခံမှုအတွင်း ရွာသား ၄ ဦးထက်နည်းသေဆုံးခဲ့တယ်လို့ အဲဒီကျေးရွာအုပ်စုထဲက ရွာတစ်ရွာဖြစ်တဲ့ နတ်လာပို့ရွာခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

    ကျေးရွာတွေဆီကို စစ်ကောင်စီတပ်တွေရဲ့ ဝင်ရောက်ပစ်ခတ်မှုဟာ ဧပြီလ ၁၈ ရက်နဲ့ ၁၉ ရက်နေ့ တွေမှာဖြစ်ခဲ့ တာဖြစ်ပြီး ဒီနေ့ ဧပြီလ ၂၀ ရက်မှာတော့ စစ်ကောင်စီတပ်တွေ ရွာတွေဘက် ဆင်းလာတာမတွေ့ရသေးဘူးလု့ိ အဲဒီ ရွာခံ အမျိုးသားက ပြောပါတယ်။

    သေဆုံးသူတွေထဲက ရွာသား ၃ ဦးအလောင်းကို ဒီကနေ့ မွန်းလွဲပိုင်းမှာပဲ သင်္ဂြိုဟ်ခဲ့ပြီးဖြစ်ပေမဲ့ ဒဏ်ရာရ ထားတဲ့ တစ်ယောက်ဟာ စစ်ကောင်စီတွေလက်ထဲမှာပဲ ဆက်ရှိနေလို့ သေလား၊ ရှင်လားဆိုတာ မသိနိုင်တဲ့အခြေအနေ ဖြစ် တယ်လို့ သူက ဆက်ပြောပါတယ်။

    စစ်ကောင်စီတပ်တွေက မတ်လ ၁၈ ရက်မှာ စစ်အင်ချောင်ရွာထဲကို ဝင်ရောက် ပစ်ခတ်တာ၊ ရွာသားတွေကို ရိုက်နှက် တာတွေ လုပ်တယ်ဆိုတဲ့ သတင်းကြောင့် ဆယ်ချောင်ရွာအုပ်စုထဲက ရွာတွေက တုတ်၊ ဓားတွေနဲ့ ပြန်ခုခံရာကနေ လူသေဆုံးတဲ့အထိ ဖြစ်ခဲ့တာတာပါ။

    ရွာသားတွေရဲ့အပြောအရတော့ စစ်ကောင်စီတပ်တွေဟာ လူ ၄ ဦး နာမည်ကို ပြောပြီး လူလာရှာတယ် ဆိုတဲ့အကြောင်းပြပြီး ရွာတွေထဲ ဝင်ရောက်ခဲ့တာလို့ သိရပါတယ်။ ပစ်ခတ်မှုဖြစ်ခဲ့တဲ့နေရာဟာ မုံရွာ၊ကလေးဝကနေ အိန္ဒိယဘက်အထိ ပေါက်တဲ့ အာဆီယံလမ်းမ မိုင်တိုင်အမှတ် ၆၃ မှာ ဖြစ်ခဲ့တာပါ။

    ‘လောလောဆယ် ပစ်တာခတ်တာတော့ မရှိတော့ဘူး။ ခုက ရွာထဲမှာလည်း ဘယ်သူမှမနေရဲတော့ဘူး။ လွတ်ရာ ပြေး နေကြတယ်။ ရွာထဲ ကြက်သံ၊ ဝက်သံပဲရှိတယ်။ ထွက်ပြေးတိမ်းရှောင်ကြတဲ့သက်ကြီးပိုင်းတွေလည်း အငတ်ငတ် အပြတ်ပြတ်ဖြစ်နေတယ်။ ခုတောင် ရွာထဲကို မီးရှို့မလားဆိုပြီး ဟိုချောင်း ဒီချောင်းလုပ်နေရတယ်။’ လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

    ဒီနေ့မှာတော့ စစ်ကောင်စီတပ်တွေဟာ သီးကုန်း၊ ဝင်းကုန်းဆိုတဲ့ရွာတွေဘက်မှာ ဝင်မွှေနေတယ်လို့ ကြားရတယ်ဆို ပြီး ဒေသခံတွေက ပြောနေပါတယ်။

    ဧပြီ ၁၈ ရက်နဲ့ ၁၉ ရက်နေ့က ယင်းမာပင်ခရိုင်အတွင်း ရွာတချို့ကို လူပျောက်ရှာတယ်ဆိုတဲ့အချက်နဲ့ စစ်ကောင်စီလက်နက်ကိုင်တပ်ဖွဲ့တွေရောက်ရှိလာခဲ့ပြီး ဒေသခံတွေက ရွာထဲကိုလက်နက်ကိုင်တွေဝင်ရောက်မှုမရှိအောင် တားဆီးရာကနေ နှစ်ဖက်ထိပ်တိုက်တွေ့တဲ့အခြေအနေရှိခဲ့တာပါတယ်။

    ဒါကြောင့် အဝိုင်းခံနေရတဲ့အထဲက နတ်လာပို့ရွာထံ ကနီနယ်ထဲက ရွာတချို့ကဒေသခံတွေက သွားရောက်ကူညီဝန်းရံခဲ့ကြတာဖြစ်ပါတယ်။ ဒါပေမဲ့ စစ်ကောင်စီဘက်က အင်အားများတာကြောင့် လူစုခွဲပြီး ပြန်အဆုတ်မှာ ကနီယင်းမာပင်အစပ်မှာရှိတဲ့ တာဝါတိုင်မှာ လုံခြုံရေးတာဝန်ကျ တပ်သားငါးဦးက လူထုကို ပစ်ခတ်တာကြောင့် ပြန်လည်ခုခံခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ အဲဒီတိုက်ခိုက်မှုအတွင်းမှာ တပ်သားငါးဦးအနက် နှစ်ဦးသေဆုံးပြီး သုံးဦးကတော့ လွတ်မြောက်ကာ လက်နက်နှစ်လက်လည်း ကျန်ရစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

    ဒီနေ့ ဧပြီ ၂၀ ရက်မှာတော့ ပစ်ခတ်မှုတွေမရှိပေမယ့် မနက်ကတည်း ယင်းမာပင်ခရိုင်နဲ့ကနီဒေသအတွင်း အခင်းဖြစ်ပွားခဲ့တဲ့ ရွာတချို့ထံ စစ်ကောင်စီဘက်က စစ်ကား ၁၇ စီးခန့် ရောက်ရှိပြီး ရွာတွေအတွင်း ဝင်ရောက်တပ်စွဲထားတာကြောင့် ကျေးရွာဒေသခံအမြောက်အမြားဟာ တောထဲနဲ့ လယ်ကွင်းတွေထဲ တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေကပြောပါတယ်။

    လက်ရှိမှာ စစ်ကောင်စီတပ်တွေဟာ ယင်းမာပင်ခရိုင်၊ မအူတောင်တန်းနဲ့ တဝိုက်မှာတောနင်းရှာဖွေမှုတွေပြုလုပ်နေတယ်လို့ ဒေသခံတွေက ဘီဘီစီကိုပြောပါတယ်။

  4. ဂျပန်သတင်းထောက်ကို ပြန်လွှတ်ပေးဖို့ မြန်မာစစ်ကောင်စီကို ရောင်းရင်း ဂျပန်သတင်းထောက်တွေ တောင်းဆို

    ရန်ကုန်မြို့က နေအိမ်မှာ ဝင်ရောက် ဖမ်းဆီးခံခဲ့ရတဲ့ ဂျပန်သတင်းထောက် ယူကီ ခီတဇူမိ ကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ မြန်မာစစ်ခေါင်းဆောင်တွေကို ဂျပန်နိုင်ငံမှာရှိတဲ့ သူ့ရဲ့ရောင်းရင်း သတင်းထောက်တွေက ဒီကနေ့ အင်္ဂါနေ့မှာ တောင်းဆိုလိုက်ပါတယ်။

    မြန်မာပြည်သူတွေအပေါ် ဖိနှိပ်နေတာတွေကို ရပ်တန့်ဖို့ အာဏာသိမ်း စစ်ကောင်စီကို တောင်းဆိုကြောင်း၊ အမှန်တရားကို အများသိအောင် ဖွင့်ချပြဖို့ လုပ်ဆောင်နေကြတဲ့ ခီတဇူမိ အပါအဝင် မြန်မာနိုင်ငံမှာ ဖမ်းဆီးထိန်းသိမ်းထားတဲ့ သတင်းထောက်တွေ အမြန်ဆုံးလွတ်လာအောင် သူတို့အနေနဲ့ ကြိုးစားသွားမှာ ဖြစ်ကြောင်း လုပ်ဖော်ကိုင်ဖက် သတင်းထောက်လည်း ဖြစ်၊ သူနဲ့ ကာလတာရှည် ရင်းနှီးလာခဲ့တဲ့ မိတ်ဆွေလည်းဖြစ်တဲ့ အီဆိုကို မိုချီဇူကီ က သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

    မစ္စတာ ခီတဇူမိ ကို ပြန်လွှတ်ပေးဖို့အတွက် အာဏာသိမ်းစစ်ကောင်စီနဲ့ ဂျပန်အစိုးရကို လိပ်မူပြီး အွန်လိုင်းကနေ စုပေါင်းလက်မှတ်ထိုး စာတင်ပြကြဖို့ သူတို့ သတင်းထောက်အုပ်စုက မနေ့က တနင်္လာနေ့ကစလို့ လှုံ့ဆော်ခဲ့ပါတယ်။ အခုလောလောဆယ် လူ ၂၀၀၀ လောက် ပါဝင် လက်မှတ်ထိုးထားကြပြီး ဖြစ်ပါတယ်။

    မစ္စတာ ခီတဇူမိ ပြန်လွတ်လာရေးအတွက် စစ်အာဏာပိုင်တွေကို နောက်ထပ် ဖိအားပေးဖို့ ဂျပန်အစိုးရကိုလည်း သတင်းထောက်တွေက တိုက်တွန်းလိုက်ပါတယ်။

    မဟုတ်မမှန် သတင်းတွေ ဖြန့်ဝေတယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ တနင်္ဂနွေနေ့ညက ပုဇွန်တောင်ရပ်ကွက် ရေကျော်လမ်းမကြီးပေါ်က တိုက်အမှတ် ၄၉ လေးလွှာမှာ နေထိုင်တဲ့ အသက် ၄၅ နှစ်အရွယ် မစ္စတာ ခီတဇုမိ ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာ ဖြစ်ပြီး အခုအခါ အင်းစိန်ထောင်မှာ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

    ဂျပန်၊ သတင်းထောက်၊ စစ်အာဏာသိမ်း

    ဓာတ်ပုံ ရင်းမြစ်, Reuters

    ဓာတ်ပုံ ပုံစာ, ဖေဖော်ဝါရီလတုန်းကလည်း ဆန္ဒပြမှုသတင်းတွေ ယူနေစဉ် မစ္စတာ ခီတဇုမိ ခေတ္တဖမ်းဆီးခံခဲ့ရ
  5. မန္တလေးက ဘာသာပေါင်းစုံ စုပေါင်းအလှူ

    မန္တလေးက ဘာသာပေါင်းစုံ စုပေါင်းအလှူ

    ဓာတ်ပုံ ရင်းမြစ်, cj

    မန္တလေးမြို့မှာတော့ သံဃာတော်တွေ၊ စိန့်ဂျိုးဇတ် ကတ်သလစ် သီလရှင်တွေ၊ အစ္စလာမ်ဘာသာဝင်တွေနဲ့ ဟိန္ဒူဘာသာဝင်တွေ စုပေါင်း ပြီး ဘာသာပေါင်းစုံ အလှူကို ဒီနေ့ပြုလုပ်သွားပါတယ်။

    မန္တလေးမြို့တွင်း ကျုးကျော် ရပ်ကွက်မှာနေထိုင်သူတွေကို အခြေခံစားသောက်ကုန်တွေလှူကြတာဖြစ်ပါတယ်။ စီးပွားရေးကျပ်တည်းတဲ့အိမ်ထောင်စုပေါင်း ၃၀၀ ကို ဆန်၊ဆီ၊အာလူး ကြက်သွန် အခြေခံစားသောက်ကုန်တွေ ဝေငှလှူဒါန်းတာပါ။

    ဒါဟာ စစ်အာဏာသိမ်းမှုအပြီး ဘာသာပေါင်းစုံရဲ့ မန္တလေးမြို့တွင်း တတိယအကြိမ်လှူဒါန်းမှုလည်းဖြစ်ပါတယ်။

  6. မြန်မာ့အရေး ဒေသတွင်းအဖွဲ့တွေနဲ့ပူးပေါင်းဖို့ လုံခြုံရေးကောင်စီကို ကုလအတွင်းရေးမှုးချုပ်ဟောင်း တိုက်တွန်း

    မြန်မာ့အရေး ဒေသတွင်းအဖွဲ့တွေနဲ့ပူးပေါင်းဖို့ လုံခြုံရေးကောင်စီကို ကုလအတွင်းရေးမှုးချုပ်ဟောင်း တိုက်တွန်း

    ဓာတ်ပုံ ရင်းမြစ်, theelders

    မြန်မာ့နိုင်ငံမှာဖြစ်နေတဲ့ ရက်စက်ကြမ်းကြုတ်မှုတွေရပ်သွားအောင်နဲ့ နောက်ထပ်အကြမ်းဖက်မှုတွေ ထပ်မဖြစ်လာအောင် ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့ ကုလသမဂ္ဂနဲ့ရော၊ အာဆီယံလို ဒေသတွင်း မိတ်ဖက်တွေနဲ့ပါ အခွင့်အရေးပေးနေတုန်းမှာ လုပ်ဆောင်သင့်တယ်လို့ ကုလအတွင်းရေးမှူးချုပ်ဟောင်း မစ္စတာဘန်ကီမွန်းက ပြောလိုက်ပါတယ်။

    ဖေဖော်ဝါရီလ ၁ ရက်မှာ စစ်တပ်က အာဏာသိမ်းပြီးကတည်းက ကလေးငယ် အယောက် ၅၀ အပါအဝင် လူပေါင်း ၇၀၀ ကျော်ကို လုံခြုံရေးတပ်ဖွဲ့တွေက သတ်ဖြတ်ခဲ့တာကို ထောက်ပြပြီး အရပ်သားတွေအပေါ် သေစေလောက်တဲ့အင်အားသုံးတာ၊ နိုင်ငံတော်အပိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်အပါအဝင် ဆန္ဒပြသူထောင်ချီကို ထိန်းသိမ်းထားတာတွေကိုလည်း ရှုတ်ချတဲ့အကြောင်း မစ္စတာ ဘန်ကီမွန်းက လုံခြုံရေးကောင်စီအစည်းအဝေးပွဲမှာပြောပါတယ်။

    ဒါ့ကြောင့် မြန်မာနိုင်ငံထဲက အခုလို ဆိုးရွားနေတဲ့ အခြေအနေတွေကိုကြည့်ရင် ကုလမသဂ္ဂနဲ့ သူ့ရဲ့ ဒေသ တွင်း မိတ်ဖက်အဖွဲ့အစည်းတွေကြား ပူးပေါင်းပြီး ငြိမ်းချမ်းရေး၊ လုံခြုံရေးနဲ့ လူ့အသက်တွေကို ကယ်ဆယ်ဖို့ အခရာကျတဲ့အခိုက်အတန့်ဖြစ်နေပြီဆိုတာ ပြနေတယ်လို့လည်း သူက ပြောပါတယ်။

    မြန်မာနိုင်ငံမှာ ၂၀၀၈ ခုနှစ်က နာဂစ်မုန်တိုင်းဒဏ်ခံရတော့ အရေးပေါ် လူ့သားချင်းစာနာထောက်ထားမှု အကူအညီပေးနိုင်ဖို့ အဲဒီတုန်းက စစ်ခေါင်းဆောင်တွေနဲ့ ဘယ်သူမှ ညှိနှိုင်းလို့ မရခဲ့ပေမဲ့ အာဆီယံရဲ့ ပြည့်၀တဲ့အားထုတ်မှုကြောင့်သာ သူကိုယ်တိုင်မြန်မာပြည်ထဲ ဝင်ရောက်ပြီး လိုတဲ့အကူအညီတိုးပေးနိုင်ခဲ့တယ် ဆိုတာကို သူက အလေးထားပြောသွားပါတယ်။

    ဒါ့ကြောင့် အာဆီယံခေါင်းဆောင်တွေအနေနဲ့လည်း မြန်မာလူထုနဲ့ မြန်မာနိုင်ငံကို ကူညီဖို့ ကုလသမဂ္ဂနဲ့ အတူ လက်တွဲလုပ်ဆောင်ဖို့ တိုက်တွန်းတယ်လို့ မစ္စတာ ဘန်ကီမွန်းက ပြောပါတယ်။

    သူ့အနေနဲ့လည်း လက်ရှိမြန်မာ့အကြပ်အတည်းကို ကူညီဖြေရှင်းနိုင်မယ့် နည်းလမ်းတွေပေါ်လာရေး မြန်မာနိုင်ငံထဲကိုလာဖို့ လက်ရှိ စစ်ကောင်စီဘက်ကို မေတ္တာရပ်ခံပေမဲ့ ပြည်တွင်းအခြေအနေတွေကြောင့် သူ့ခရီးစဉ်ဟာ သင့်တင့်တဲ့အချိန်အခါ မဟုတ်ဘူးဆိုပြီးတော့ပဲ အကြောင်းပြန်ကြားတာရခဲ့တယ်လို့ သူက ပြောပါတယ်။

    လက်ရှိ မြန်မာနိုင်ငံထဲမှာဖြစ်နေတဲ့အခြေအနေဟာ ပြည်တွင်းရေးမဟုတ်တော့ဘဲ အာဆီယံပဋိညာဉ် ကိုလည်း ချိုးဖောက်နေတာဖြစ်သလို ဒေသတွင်း တည်ငြိမ်ရေး၊ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ခြိမ်းခြောက်မှု ဖြစ်နေတယ်ဆိုတာကို အာဆီယံအနေနဲ့ မြန်မာစစ်ခေါင်းဆောင်တွေကို ရှင်းရှင်းလင်းလင်းပြောဖို့ အချိန်ကျပြီလို့လည်း မစ္စတာဘန်ကီမွန်းက ပြောပါတယ်။

    ဒါ့ကြောင့် ဧပြီလ ၂၄ ရက်မှာ အင်ဒိုနီးရှားနိုင်ငံမှာ အာဆီယံထိပ်သီးဆွေးနွေးပွဲကျင်းပတဲ့အခါ စစ်ကောင်စီ ဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တက်ရောက်မယ်ဆိုတာ ကြားသိရလို့ အာဆီယံအနေနဲ့ လက်ရှိ မြန်မာ့အကြပ်အတည်းမှာ ပါဝင်ပတ်သက်သူတွေနဲ့ ထိတွေ့ပြောဆိုနိုင်ဖို့ မြန်မာနိုင်ငံထဲကို အာဆီယံအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ သွားနိုင်အောင် သဘောတူညီချက်တစ်ခုလောက်တော့ ရအောင် ကြိုးပမ်းသင့်တယ်လို့ သူက တိုက်တွန်းထားပါတယ်။

  7. သြဇာအရှိန်အဝါသုံးပြီး မြန်မာနိုင်ငံအရေး ဖြေရှင်းကြဖို့ အာဆီယံခေါင်းဆောင်တွေကို ကုလအတွင်းရေးမှူးချုပ် တိုက်တွန်းလိုက်

    မြန်မာ့အရေးကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရေး နည်းလမ်းရှာဖို့ အာဆီယံခေါင်းဆောင်တွေကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ဒီကနေ့ ဧပြီလ ၁၉ ရက်နေ့မှာ တိုက်တွန်းလိုက်ပါတယ်။

    ကုလသမဂ္ဂနဲ့ ဒေသတွင်းအဖွဲ့များ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ လုံခြုံရေးကောင်စီ အစည်းအဝေးတစ်ခုမှာ မစ္စတာ ဂူတာရက်စ်က အာဆီယံနဲ့ ဆက်ဆံရေးအကြောင်း ပြောစဉ်မှာ သံတမန်ရေး၊ ပဋိပက္ခတားဆီးရေး၊ ငြိမ်းချမ်းရေး တည်ဆောက်ရေးတွေမှာ အာဆီယံအဖွဲ့ရဲ့ အရေးပါပုံတွေကို မီးမောင်းထိုး ပြောသွားခဲ့ပါတယ်။

    မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အရေးတကြီး အခြေအနေကြောင့် အခုချိန်မှာ အာဆီယံရဲ့ အခန်းကဏ္ဍဟာ ပိုလို့တောင် အရေးပါလာနေတယ်လို့ သူက ပြောပါတယ်။

    အာဏာသိမ်းစစ်တပ်ရဲ့ အကြမ်းဖက်ဖြိုခွဲမှု၊ ဖိနှိပ်မှုတွေ အဆုံးသတ်သွားစေရေးအတွက် အပြန်အလှန် ဆက်သွယ်ရေးလမ်းကြောင်းတွေကနေ တဆင့် အာဆီယံနဲ့ ပူးပေါင်း ဆောင်ရွက်ကြဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းကို သူအကြိမ်ကြိမ် တိုက်တွန်းခဲ့တယ်လို့ ဆိုပါတယ်။

    "အခုအခြေအနေဟာ နိုင်ငံတကာရဲ့ တက်တက်ကြွကြွ တုံ့ပြန်မှုကို အခြေခံပြီး ဒေသတွင်းမှာ အတူကြိုးပမ်းဆောင်ရွက်ဖို့ လိုအပ်နေတာမို့ ကုလသမဂ္ဂနဲ့ အာဆီယံ ပူးပေါင်းဆောင်ရွက်ဖို့က သိပ်ကို အရေးပါတယ်"လို့ မစ္စတာ ဂူတာရက်စ်က ပြောပါတယ်။

    အခြေအနေတွေ နောက်ထပ် ဆိုးမလာဖို့နဲ့ ဒီအန္တရာယ်ဆိုးကြီးကနေ ငြိမ်းချမ်းတဲ့နည်းနဲ့ ရုန်းထွက်နိုင်ဖို့အတွက် အာဆီယံခေါင်းဆောင်တွေ အနေနဲ့ သြဇာအရှိန်အဝါကို သုံးပြီး ဆောင်ရွက်ကြဖို့ကိုလည်း သူက တိုက်တွန်းလိုက်ပါတယ်။

    မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် ခရစ္စတီး ဘာဂနာလည်း ဒေသတွင်းမှာ ရောက်ရှိနေပြီး မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြန်လည်တည်ဆောက်နိုင်ရေးနဲ့ တည်ငြိမ်အေးချမ်းမှု ပြန်ရလာစေရေးအတွက် စစ်ခေါင်းဆောင်တွေနဲ့ရော ကျန်တဲ့သူတွေနဲ့ပါ ဆွေးနွေးပြောဆိုမှုတွေ ပြန်စဖို့ အဆင်သင့် ရှိနေတယ်လို့ မစ္စတာ ဂူတာရက်စ်က ပြောပါတယ်။

    မြန်မာနိုင်ငံအရေး ဆွေးနွေးပြောဆိုဖို့ လာမယ့် ဧပြီလ ၂၄ ရက်နေ့ကျရင် အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့တော်မှာ အာဆီယံ အထူးထိပ်သီးဆွေးနွေးပွဲ ကျင်းပဖို့ ရှိပြီး အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်မယ်လို့ သိရပါတယ်။

    ကုလသမဂ္ဂ၊ အာဆီယံ၊ မြန်မာ၊ စစ်အာဏာသိမ်း

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာ အန်တိုနီယို ဂူတာရက်စ်
  8. မုံရွာ အောင်ချမ်းသာရပ်ကွက်ရုံး မီးလောင်

    မုံရွာ အောင်ချမ်းသာရပ်ကွက်ရုံး

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, မုံရွာ အောင်ချမ်းသာရပ်ကွက်ရုံး

    မုံရွာ ဗိုလ်ချုပ်လမ်း ဂေါက်ကွင်းအနီးက အောင်ချမ်းသာရပ်ကွက်ရုံး ဧပြီလ ၁၉ ရက် ည ၁၀နာရီခွဲ ၀န်းကျင်ကမီးစတင်လောင်ကျွှမ်းခဲ့ပြီး အခုအခါ မီးငြိမ်းသွားပြီလို့ဒေသခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

    အောင်ချမ်းသာစျေးကို မီးမကူးဘဲထိန်းနိုင်သွားပြီ ဖြစ်တယ်လို့ အနီး၀န်းကျင်ကဆိုပါတယ်။

    ၁၁နာရီ ၅မိနစ်၀န်းကျင်မှာ မီးငြိမ်းသွားပြီ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး တစ်ရုံးလုံး အကုန်လောင်သွားတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။

    မုံရွာမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေကို ဖွင့်ဖို့ စစ်ကောင်စီက ပြင်ဆင်မှုတွေရှိနေပြီး အချို့ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေမှာ တပ်စွဲထားတယ်လို့သိရပါတယ်။

    စစ်ကောင်စီအာဏာသိမ်းခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ဧပြီလ ၁၅ ရက်နေ့အထိ တစ်နိုင်ငံလုံး ရပ်ကွက်ရုံးပေါင်း ၆၀ ကျော်မီးရှို့ခံရတယ်လို့ စစ်ကောင်စီက ဧပြီလ ၁၉ ရက်နေ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

  9. မြန်မာ့အရေး အာဆီယံ အရေးပေါ်စည်းဝေးမယ်

  10. အာဏာသိမ်းစစ်ခေါင်းဆောင် ၁၀ ဦးနဲ့ ကုမ္ပဏီ ၂ ခုကို အီးယူ ထပ်မံ ဒဏ်ခတ်အရေးယူလိုက်

    အီးယူ ဥရောပသမဂ္ဂက အာဏာသိမ်း စစ်ကောင်စီနဲ့ ဆက်နွှယ်နေသူတွေအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုသစ်တွေ နောက်ထပ် ချမှတ်လိုက်တယ်လို့ အီးယူ ထိပ်တန်းကိုယ်စားလှယ် ဂျိုးဆက် ဘော်ရယ်လ် က ပြောပါတယ်။

    စစ်ကောင်စီနဲ့ ဆက်နွှယ်နေတဲ့ လူပုဂ္ဂိုလ် ၁၀ ဦးနဲ့ အတူ စစ်တပ်ပိုင် စီးပွားရေး ကုမ္ပဏီ ၂ ခုကို ပိုကြီးမားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ဒုတိယအကြိမ် ထပ်မံ ချမှတ်လိုက်ကြောင်းကို ဒီကနေ့ တနင်္လာနေ့မှာ အီးယူ ဥရောပသမဂ္ဂ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးအပြီး သတင်းစာ ရှင်းလင်းပွဲမှာ မစ္စတာ ဘော်ရယ်လ်က ပြောသွားတာပါ။

    မြန်မာနိုင်ငံအတွက် လူသားချင်းစာနာထောက်ထားတဲ့ ကူညီထောက်ပံ့ငွေကိုတော့ ယူရိုငွေ ၉ သန်း (အမေရိကန်ဒေါ်လာ ၁၀ သန်း ၈ သိန်း)အထိ တိုးမြှင့်ထောက်ပံ့သွားမှာ ဖြစ်ကြောင်း၊ အရေးကြီးတဲ့အချက်က ဖိနှိပ်မှုတွေ ရပ်တန့်ဖို့ ဖြစ်ကြောင်း သူက ပြောပါတယ်။

    အီးယူအဖွဲ့ဝင် ဂျာမနီနိုင်ငံခြားရေးဝန်ကြီး ဟေကို မာ့စ် ကလည်း "အာဏာသိမ်း စစ်ကောင်စီဟာ ဆန္ဒပြပြည်သူတွေအပေါ် အကြမ်းဖက်ဖြိုခွင်းမှုတွေ ဆက်လုပ်ဆောင်နေပြီး နိုင်ငံကို လမ်းဆုံးရောက်အောင် တွန်းပို့နေပါတယ်။ ဒါ့ကြောင့်လည်း ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်လာအောင် စစ်တပ်ကို ကျွန်တော်တို့ ဖိအားတွေ ပိုတိုးမြှင့် ပေးနေတာပါ။ အခုဒီတကြိမ်မှာ စစ်ကောင်စီနဲ့ ဆက်နွှယ်နေသူတွေသာမက စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းကြီး နှစ်ခုကိုလည်း ဒဏ်ခတ်ပိတ်ဆို့မှုစာရင်းထဲမှာ ထည့်သွင်းလိုက်ပါတယ်"လို့ အစည်းအဝေးအပြီးမှာ ပြောပါတယ်။

    အဲဒီစီးပွားရေးလုပ်ငန်းကြီး နှစ်ခုကတော့ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC)နဲ့ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်(MEHL)တို့ ဖြစ်ပါတယ်။

    ဒီစီးပွားရေး လုပ်ငန်းကြီးနှစ်ခုအပေါ် အမေရိကန်နဲ့ ယူကေနိုင်ငံတို့ကလည်း ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ထားခဲ့ပြီး ဖြစ်ပါတယ်။

    ဥရောပသမဂ္ဂဟာ အာဏာသိမ်းစစ်ကောင်စီ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ နောက်ထပ် ထိပ်တန်း စစ်ခေါင်းဆောင် ၁၀ ဦးကို ပြီးခဲ့တဲ့လက ပထမတကြိမ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ခဲ့ပြီး ဖြစ်ပါတယ်။

    ဥရောပသမဂ္ဂ၊ မြန်မာ၊ စစ်အာဏာသိမ်း၊ ဒဏ်ခတ်ပိတ်ဆို့

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ဧပြီလ ၁၉ ရက်နေ့ အီးယူ နိုင်ငံခြားဝန်ကြီးများ အစည်းအဝေးမှာ အီးယူ ထိပ်တန်းကိုယ်စားလှယ် ဂျိုးဆက် ဘော်ရယ်လ် ကိုတွေ့ရစဉ်
  11. ပစ်ခတ်မှုကြောင့်သေဆုံးသူ ၂၄၀ ဦးရှိတယ်လို့ စစ်ကောင်စီထုတ်ပြန်

    စစ်အာဏာသိမ်း၊ သေဆုံးသူ

    ဓာတ်ပုံ ရင်းမြစ်, MPA

    အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်မှုကြောင့် ဧပြီလ ၁၅ ရက်နေ့အထိ သေဆုံးသူ ၂၄၀ ဦးရှိတယ်လို့ ဧပြီလ ၁၉ ရက်နေ့ ည ၈ နာရီ သတင်းမှာ ထုတ်ပြန် ကြေညာခဲ့ပါတယ်။ အဲဒီလူတွေဟာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ရန်ပြုတိုက်ခိုက်ခဲ့တဲ့အတွက်ကြောင့်သာ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ပြန်လည် ပစ်ခတ်ခဲ့ရတာလို့ ဆိုပါတယ်။

    မန္တလေးမြို့က ကြယ်စင်နဲ့ နေပြည်တော်က မြသွဲ့သွဲ့ခိုင်တို့ သေဆုံးခဲ့ရတာကတော့ ဆန္ဒပြသူ အချင်းချင်း ပစ်ခတ်မှုကြောင့် ဖြစ်တာလို့ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မြန်မာရုပ်မြင်သံကြားမှာ ဖော်ပြခဲ့ပါတယ်။

    ဆန္ဒပြနေစဉ် ရောဂါနဲ့ သေဆုံးခဲ့သူတွေ ရှိခဲ့ပြီး အဲဒီထဲမှာ နှလုံးရောဂါနဲ့ ၄ ဦး၊ ကိုဗစ်ရောဂါနဲ့ သေဆုံးသူ တစ်ဦး ပါဝင်တယ်လို့ ထုတ်ပြန်ကြေညာသွားခဲ့ပါတယ်။

    နိုင်ငံရေး အကျဉ်းသားများ စောင့်ရှောက်ရေး အသင်း အေအေပီပီ ကတော့ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းစွာ ဆန္ဒပြနေသူတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်ဖြိုခွဲမှုတွေအတွင်း ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ဧပြီလ ၁၅ ရက်နေ့အထိ သေဆုံးသူ ၇၂၆ ဦး ရှိတယ်လို့ စာရင်းထုတ်ပြန်ထားပါတယ်။

    ဒါပေမဲ့လည်း အေအေပီပီ ထုတ်ပြန်ထားတဲ့ စာရင်းဟာ လွဲမှားပြီး ဖောင်းပွနေကြောင်းနဲ့ အမှန်တကယ် သေဆုံးသူတွေရဲ့စာရင်းကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က စနစ်တကျ မှတ်တမ်းတင် ထားရှိတယ်လို့လည်း ရုပ်မြင်သံကြား သတင်းက ဆိုပါတယ်။

    ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ဧပြီလ ၁၅ ရက်နေ့အတွင်း ဆန္ဒပြသူတွေရဲ့ တိုက်ခိုက်မှုတွေကြောင့် သေဆုံးခဲ့ရသူ တပ်မတော်သား ၇ ဦးနဲ့ ရဲတပ်ဖွဲ့ဝင် ၁၇ ဦးရှိတယ်လို့လည်း ဆိုပါတယ်။

  12. ဂျာကာတာမြို့ အာဆီယံ အထူးဆွေးနွေးပွဲ ထိုင်းဝန်ကြီးချုပ် မတက်

    ဂျာကာတာမြို့မှာ ကျင်းပမယ့် အာဆီယံ ထိပ်သီးဆွေးနွေးပွဲကို မတက်ဖို့ ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာက ဆုံးဖြတ်လိုက်ပြီး ထိုင်းနိုင်ငံကိုယ်စား နိုင်ငံခြားရေးဝန်ကြီးကိုပဲ စေလွှတ်တော့မယ်လို့ အစိုးရသတင်းရပ်ကွက်တစ်ခုကို ကိုးကားပြီး ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြထားပါတယ်။

    မြန်မာ့အရေးနဲ့ ပတ်သက်လို့ အာဆီယံနိုင်ငံ ခေါင်းဆောင်တွေ ဆွေးနွေးကြမယ့် အဲဒီ ထိပ်သီးဆွေးနွေးပွဲကို ဝန်ကြီးချုပ်က ကိုယ်တိုင် မသွားဘဲ ဒုဝန်ကြီးချုပ်အဖြစ်လည်း တာဝန်ယူထားတဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါင် ပရာမွတ်ဝိနိုင် ကိုသာ စေလွှတ်ဖို့ ဘာ့ကြောင့် ဆုံးဖြတ်ခဲ့တာလဲ ဆိုတာကိုတော့ အဲဒီသတင်းရပ်ကွက်က အသေးစိတ် မပြောပြခဲ့ဘူးလို့ ဆိုပါတယ်။

    မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းအပြီး အခြေအနေတွေ ဆိုးဝါးလာနေတာနဲ့ ပတ်သက်လို့ ဖြေရှင်းဆောင်ရွက်နိုင်ဖို့အတွက် လာမယ့် စနေနေ့ ဧပြီလ ၂၄ ရက်နေ့မှာ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့တော်မှာ အာဆီယံ အထူးထိပ်သီးဆွေးနွေးပွဲ ကျင်းပမှာ ဖြစ်ပါတယ်။

    အဲဒီဆွေးနွေးပွဲကို အာဏာသိမ်း စစ်ကောင်စီ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်မယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက စနေနေ့က ထုတ်ဖော်ပြောခဲ့ပါတယ်။

    မြန်မာနိုင်ငံမှာ သောကြာနေ့က ဖွဲ့စည်းလိုက်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီထိပ်သီးဆွေးနွေးပွဲမှာ သူတို့ကို တက်ရောက်ခွင့် ပေးဖို့ အာဆီယံအဖွဲ့ကို တိုက်တွန်းထားပါတယ်။

    ထိုင်းဝန်ကြီးချုပ်၊ အာဆီယံ၊ မြန်မာ၊ စစ်အာဏာသိမ်း

    ဓာတ်ပုံ ရင်းမြစ်, Getty Images

  13. ဖမ်းဆီးပစ်ခတ်ခံနေရပေမယ့် နေ့စဉ်ဆန္ဒပြနေတဲ့ အထွေထွေသပိတ်တပ်ပေါင်းစု

    စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး အထွေထွေ သပိတ် တပ်ပေါင်းစုဟာ ဒီနေ့ ဧပြီလ (၁၉) ရက်နေ့ နံနက်ပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီး၊ပစ်ခတ်နှိမ်နင်းမှုတွေရှိတဲ့ကြားက သပိတ်စစ်ကြောင်းထွက်ခဲ့ပါတယ်။

    လက်ရှိမှာ ဒီအထွေထွေသပိတ်စစ်ကြောင်းကို ပစ်ခတ်ဖမ်းဆီးနှိမ်နင်းမှုတွေကြောင့် သပိတ်မှာပါဝင်တဲ့သူ (၁၁) ဦး ဖမ်းဆီးခံထားရပါတယ်။ ဒီလိုဖမ်းဆီးနှိမ်နင်းမှုတွေရှိနေပေမယ့် အထွေထွေ သပိတ်တပ်ပေါင်းစုအနေဖြင့် စစ်အာဏာရှင်စနစ် အမြစ်ပြတ်သည်အထိ နည်းပေါင်းစုံနဲ့ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ သပိတ်မှာပါဝင်သူတွေက ပြောပါတယ်။

    Mandalay

    ဓာတ်ပုံ ရင်းမြစ်, MPA

    Mandalay

    ဓာတ်ပုံ ရင်းမြစ်, MPA

    Mandalay

    ဓာတ်ပုံ ရင်းမြစ်, MPA

  14. မြစ်ကြီးနားမြဝတီဘဏ်အနီး ပေါက်ကွဲသံကြားရ

    မြစ်ကြီးနားမြို့၊ မြေမြင့်ရပ်ကွက်ကနေ ဂျန်မိုင်ကောင်ကိုသွားတဲ့လမ်းမှာရှိတဲ့ မြဝတီဘဏ်အနီးမှာ ပေါက်ကွဲသံအကျယ်ကြီးကို ဒီနေ့ ဧပြီ ၁၉ ရက် ညနေ ၄ နာရီခွဲမှာ နှစ်ကြိမ်ကြားရတယ်လို့ ဒေသခံတွေက ဘီဘီစီကိုပြောပါတယ်။

    ပေါက်ကွဲသံကြီးကြားပြီးနောက် ဘဏ်အနီးမှာလုံခြုံရေးတပ်ဖွဲ့တွေ ရောက်ရှိလာတာကိုတွေ့ရပြီး ထိခိုက်ဒဏ်ရာရရှိသူတော့ မတွေ့ရဘူးလို့လည်း သူတို့က ပြောပါတယ်။ အဲဒီနေရာမှာပဲ မတ်လ ၂၉ ရက်နေ့တုန်းက ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပါသေးတယ်။

  15. မြစ်ကြီးနားက အဖမ်းခံရတဲ့ သတင်းထောက်တွေ မိသားစုနဲ့ အဆက်အသွယ်မရ

    သတင်းထောက်မမျိုးမြတ်မြတ်ပန်ဟာ စီတာပူနေအိမ်မှာ အဖမ်းခံခဲ့ရတာလို့ မိခင်သတင်းဌာနက ပြောထားပါတယ်

    ဓာတ်ပုံ ရင်းမြစ်, myitkyinanewsjournal

    ဓာတ်ပုံ ပုံစာ, သတင်းထောက်မမျိုးမြတ်မြတ်ပန်ဟာ စီတာပူနေအိမ်မှာ အဖမ်းခံခဲ့ရတာလို့ မိခင်သတင်းဌာနက ပြောပါတယ်

    ဖမ်းဆီးထိန်းသိမ်းခံထားရတာ တစ်ပတ်နီးပါးပြည့်တော့မယ့် မြစ်ကြီးနားသတင်းဂျာနယ်က သတင်းထောက်ကို မိသားစုတွေက တွေ့ခွင့်မရသေးဘူးလို့ ဖမ်းဆီးခံသတင်းထောက်တွေထဲက တစ်ဦးရဲ့မိခင်က ဘီဘီစီကို ဒီနေ့ဧပြီလ ၁၉ ရက်မှာပြောပါတယ်။

    မြစ်ကြီးနားသတင်းဂျာနယ်က အမျိုးသမီးသတင်းထောက် မမျိုးမြတ်မြတ်ပန်ဟာ စီတာပူနေအိမ်မှာ ဧပြီလ ၁၄ ရက်မှာ ဖမ်းဆီးခံရတာဖြစ်ပြီး အမျိုသားသတင်းထောက် ၂ ဦးဖြစ်တဲ့ အဂျေနဲ့ခရစ္စတိုဖာတို့ဟာ တပ်ကုန်းရပ်ကွက်မှာ ဧပြီလ ၁၃ ရက်က ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

    ဖမ်းဆီးခံသတင်းထောက်တွေဟာ အခုအချိန်အထိ မြစ်ကြီးနားမြို့မရဲစခန်းမှာ ဖမ်းဆီးထိန်းသိမ်းခံရဆဲဖြစ်တယ်လို့ သိရပါတယ်။

    သူတို့ကို ဘာပုဒ်မနဲ့ တရားစွဲတယ်ဆိုတာ မသိရသေးသလို လူချင်းလည်း မတွေ့ရသေးတဲ့အခြေအနေကြောင့် ထိန်းသိမ်းခံထားရသူတွေအရေး စိုးရိမ်တယ်လို့ သတင်းထောက် အဂျေရဲ့ မိခင်ဖြစ်သူကပြောပါတယ်။

    ထမင်းသွားပို့ရတာမျိုးရှိပေမဲ့ ဂိတ်ပေါက်မှာပဲ ထားပြီး ပြန်လာခဲ့ရတာကြောင့် သားအတွက် စိုးရိမ်တယ်လို့ သူကပြောပါတယ်။

    ''မိဘတစ်ယောက်အနေနဲ့ ပြောရရင် ပြည်သူလူထုအတွက် အများကောင်းကျိုးအတွက်လုပ်ရင်း ဒီလိုအဖမ်းခံရတာကို အရမ်းခံစားရတယ်။ ကျမအနေနဲ့ကတော့ ဘာမှအပြစ်မရှိဘူးလို့ယူဆပါတယ်။ သတင်းသမားတစ်ယောက်ကို အခုလို ဖမ်းဆီးချုပ်နှောင်ထားတယ်ဆိုတာ သတင်းကို အမှောင်ချတာလို့ ကျမတို့ ခံယူတယ်''လို့ အာ့ဂျီရဲ့မိခင်က ပြောပါတယ်။

    စစ်တပ်က အာဏာသိမ်းတဲ့ဖေဖော်ဝါရီလ ၁ ရက်နေ့ ကတည်းက ဆိုရင် ကချင်ပြည်နယ်မှာ ဖမ်းဆီးထိန်းသိမ်းခံရတဲ့ သတင်းသမား ၆ ဦး အထိရှိပြီး ဖားကန့်က အလွတ်တန်း အမျိုးသားသတင်းထောက် တစ် ဦး၊ မြစ်ကြီးနားဂျာနယ်က သုံးဦး၊ The 74Media က တစ်ဦး၊ Kachin Waves က တစ်ဦးတို့ ဖြစ်ပါတယ်။

  16. မန္တလေးမှာ သပိတ်စစ်ကြောင်းတွေ ချီတက်ဆန္ဒပြ

    မန္တလေးမှာ ဧပြီလ ၁၉ ရက်နေ့က အာဏာသိမ်းစစ်ကောင်စီ အလိုမရှိ ဆန့်ကျင်ကန့်ကွက်ကြောင်း ဆန္ဒပြခဲ့ကြပါတယ်။

    အမျိုးသားညီညွတ်ရေးအစိုးရ ( NUG ) ကိုထောက်ခံကြောင်း ဆိုင်းဘုတ်တွေကို ဆန္နပြသူတွေက ကိုင်ထားကြပြီး အခုရက်ပိုင်း နေ့စဉ်နီးပါး ထွက်ဆန္ဒပြတဲ့ မန္တလေးသံဃာသမဂ္ဂ သပိတ်စစ်ကြောင်းကိုလည်း ဒီကနေ့မှာ တွေ့ရပါတယ်။

    no tag

    ဓာတ်ပုံ ရင်းမြစ်, MPA

    no tag

    ဓာတ်ပုံ ရင်းမြစ်, MPA

    no tag

    ဓာတ်ပုံ ရင်းမြစ်, MPA

  17. သာကေတမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမီးလောင်

    No tag

    ဓာတ်ပုံ ရင်းမြစ်, CJ

    ရန်ကုန်တိုင်း သာကေတမြို့နယ်၊ ခိုင်ရွှေဝါလမ်း၊ (၁၀)တောင် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ ဒီကနေ့ နေ့လယ် တစ်နာရီခွဲ ဝန်းကျင်က မီးလောင်ခဲ့တယ်လို့ ရပ်ကွက် နေထိုင်သူတွေက ဘီဘီစီကိုပြောပါတယ်။

    မီးစတင် လောင်ကျွမ်းရတဲ့ အကြောင်းရင်းကို မသိရသေးပါဘူး၊

    ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးက အဆောက်အအုံတစ်ခုလုံး နီးပါး မီးစွဲလောင်သွားခဲ့တယ်လို့ မျက်မြင်တွေ့သူတစ်ဦးက ပြောပြပါတယ်။

    မီးလောင်ပြီးပြီးချင်း ရပ်ကွက်ထဲနေသူတွေက ကြိုးစား မီးငြှိမ်းသတ်ခဲ့ကြကြောင်းနဲ့ အဲဒီနောက် မီးသတ်ကားတွေရောက်လာပြီး နေ့လယ် ၂ နာရီကျော်မှာ မီးငြိမ်းသွားခဲ့တယ်လို့ ရပ်ကွက်နေသူတွေက ပြောပါတယ်။

    မီးငြှိမ်းသတ်နေစဉ်မှာပဲ စစ်သားနဲ့ ရဲကားတွေ ရောက်လာပြီး လမ်းတွေ ပိတ်ထားခဲ့ကြောင်းနဲ့ အခုတော့ ပြန်သွားကြပြီလို့ သူတို့က ပြောပါတယ်။

    ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်အသီးသီးမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေ မကြာခဏ မီးလောင်နေပြီး ပြီးခဲ့တဲ့ မတ် ၂၂ ရက်နေ့ကလည်း သာကေတအနီး ဒေါပုံနွယ်အေးရပ်ကွက်မှာ ရပ်ကွက်ရုံး မီးရှို့ခံရတယ်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ခဲ့ပါတယ်။

  18. ဖမ်းသွားတဲ့ ဂျပန်သတင်းထောက်ကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ မြန်မာစစ်အာဏာပိုင်တွေကို ဂျပန်အစိုးရပြော

    မနေ့တုန်းက ရန်ကုန်မြို့မှာ စစ်ကောင်စီတပ်တွေ ဖမ်းဆီးထိန်းသိမ်းခဲ့တဲ့ ဂျပန်သတင်းထောက်ကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ မြန်မာစစ်အာဏာပိုင်တွေကို တောင်းဆိုထားတယ်လို့ ဂျပန်အစိုးရက ပြောပါတယ်။

    အဲဒီ ဂျပန်သတင်းထောက်ကို ဖမ်းဆီး ထိန်းသိမ်းခဲ့တဲ့ အကြောင်းရင်းနဲ့ တခြား အသေးစိတ် အချက်အလက်တွေကို မြန်မာစစ်အာဏာပိုင်တွေကို ရှင်းပြခိုင်းထားတယ်လို့ ဂျပန် ကက်ဘိနက်ဝန်ကြီးအဖွဲ့ အကြီးအကဲ ကက်ဆူနိုဘူ ကက်တိုက သတင်းထောက်တွေကို ဒီကနေ့ တနင်္လာနေ့မှာ ပြောသွားပါတယ်။

    ဖမ်းဆီးထိန်းသိမ်းခံရတဲ့ သတင်းထောက် ဘယ်သူဘယ်ဝါလဲ ဆိုတာ သူက အတိအကျ ပြောမသွားခဲ့ပေမဲ့ ဂျပန် သတင်းမီဒီယာတွေကတော့ အဲဒီ သတင်းထောက်ဟာ နစ်ကေး သတင်းဌာနက သတင်းထောက်ဟောင်း တစ်ဦး ဖြစ်ပြီး လောလောဆယ် ရန်ကုန်မြို့မှာ အခြေစိုက်နေတဲ့ အလွတ်သတင်းထောက် ယူကီခီတဇုမိ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

    ဂျပန်သတင်းထောက်ကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ မြန်မာအာဏာပိုင်ဘက်ကို ဆက်လက်တောင်းဆိုသွားမှာ ဖြစ်သလို မြန်မာနိုင်ငံထဲမှာ ရှိနေတဲ့ ဂျပန်နိုင်ငံသားတွေရဲ့ လုံခြုံရေးကို အစွမ်းကုန် ကာကွယ်ဆောင်ရွက်သွားမယ်လို့ မစ္စတာ ကက်တို က ပြောပါတယ်။

    ပုဇွန်တောင်ရပ်ကွက် ရေကျော်လမ်းမကြီးပေါ်က တိုက်အမှတ် ၄၉ လေးလွှာမှာ နေထိုင်တဲ့ အသက် ၄၅ နှစ်အရွယ် မစ္စတာ ခီတဇုမိ ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မနေ့တုန်းက အိမ်မှာ ဝင်ဖမ်းသွားခဲ့တာလို့ မျက်မြင်သက်သေတွေက ပြောပါတယ်။

    သူ့ကို အင်းစိန်ထောင်မှာ ထိန်းသိမ်းထားတယ်လို့ ရန်ကုန်မြို့မှာ ရှိတဲ့ ဂျပန်သံရုံးက ပြောကြောင်း ကျိုဒို သတင်းဌာနမှာ ဖော်ပြထားပါတယ်

    မစ္စတာ ခီတဇုမိဟာ ဖေဖော်ဝါရီလတုန်းကလည်း စစ်အာဏာသိမ်းမှု ဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေအကြောင်း သတင်းယူနေစဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ခေတ္တခဏ ဖမ်းဆီးထိန်းသိမ်းတာ ခံခဲ့ရပါတယ်။

    ဂျပန်သတင်းထောက်၊ စစ်အာဏာသိမ်း

    ဓာတ်ပုံ ရင်းမြစ်, CJ

  19. မန္တလေးမှာ သိမ်းဆည်းခံလူမှုကယ်ဆယ်ရေးကားကို စစ်ကောင်စီတပ်တွေ ထုတ်စီးနေ

    မန္တလေးမြို့မှာ ဧပြီလ ၁၁ ရက်နေ့ညက လူနာသွားပို့ရင်း ဖမ်းဆီးသိမ်းဆည်းခံလိုက်ရတဲ့ အရေးပေါ်လူနာတင်ယာဉ်ကားကို စစ်ကောင်စီတပ်တွေက မြို့ထဲ လုံခြုံရေးယူချိန်မှာ ထုတ်စီးနေတယ်ဆိုပြီး သိမ်းဆည်းခံ လူမှုကူညီရေးအဖွဲ့က ထုတ်ပြောလာပါတယ်။

    အဲဒီကားဟာ ဆန္ဒပြပွဲလူနာမဟုတ်တဲ့ အရပ်သားနာမကျန်းသူကို ဆေးရုံပို့ဖို့ သွားချိန် ညမထွက်ရအမိန့်အသက်ဝင်တဲ့ ည ၈ နာရီကျော်ကျော်မှာ စစ်ဆေးခံရပြီး ပရဟိတ အသင်းသား ၆ ဦးနဲ့ အတူ အဖမ်းခံခဲ့ရတာလို့ အသင်းဘက်က ပြောပါတယ်။

    အဖမ်းခံလိုက်ရတဲ့အသင်းသား ၆ ဦးထဲက အသက်မပြည့်သေးသူ ၃ ဦးဟာ အောင်မြေသာစံနယ်မြေရဲစခန်းကနေ ခံ၀န်နဲ့ပြန်လွတ်လာပေမဲ့ ကျန်သုံးဦးကတော့ ပုဒ်မ ၁၄၄ ညမထွက်ရအမိန့် ကို မလိုက်နာမှုနဲ့ ထောင်ဒဏ် ၃ လစီ ချက်ချင်းချမှတ်ခံခဲ့ရပါတယ်။

    အဲဒီတုန်းက အဖမ်းခံလိုက်ရတဲ့ လူနာတင်ယာဉ်ကားကို ဧပြီလ ၁၄ ရက်နေ့လောက်က စပြီး ၆၆ လမ်းနဲ့ စိန်ပန်းဘက်မှာ စစ်ကောင်စီတပ်ဖွဲ့တွေက ခပ်စိပ်စိပ်စီးနင်းအသုံးပြုလာတာကို တွေ့ရပေမဲ့ ထောင်ဒဏ်ချမှတ်ခံထားရတဲ့အသင်းသားတွေ နှစ်သစ်ကူးလွတ်ငြိမ်းခွင့်မှာ ပါလာလိုပါလာငြားနဲ့ ထုတ်မပြောဖြစ်ခဲ့တာလို့ မန္တလေးလူမှုကူညီရေးအသင်းဘက်က ပြောပါတယ်။

    အသင်းဘက်ကတော့ လူမှုကူညီရေးအသင်းတွေဟာ စစ်ကောင်စီတပ် တွေရဲ့တင်းကျပ်မှုတွေနဲ့ ညဘက် ကားမီးတွေ့ရင် မသင်္ကာခံရတဲ့လူထုသံသယတွေကြားမှာ ကူညီကယ်ဆယ်ရေးလုပ်နေရချိန်ဖြစ်လို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လူနာတင် ယာဉ်ကို အခုလို သွားသွားလာလာ အသုံးပြုနေတာကို မသုံးစေချင်ဘူးလို့ သူတို့ သဘောထားကို ပြောထားပါတယ်။

    စစ်တပ်က အာဏာသိမ်းပြီး ဖေဖော်ဝါရီလ ၁ ရက်ကစလို့ မန္တလေးမှာ နန်းတော်ရှေ့၊ ပရဟိတမင်းခေါင်၊ နိဗ္ဗာန်သုခ စတဲ့ လူညီကယ်ဆယ်ရေးအသင်းတွေက ပရဟိတအသင်းသားတွေနဲ့ ကားတချို့ ဖမ်းဆီးထိန်းသိမ်းခံရတာ၊ ထောင်ဒဏ်ချမှတ်ခံရတာတွေရှိနေပါတယ်။

    မန္တလေးမှာ သိမ်းဆည်းခံလူမှုကယ်ဆယ်ရေးကားကို စစ်ကောင်စီတပ်တွေ ထုတ်စီးနေ

    ဓာတ်ပုံ ရင်းမြစ်, cj

  20. ရုပ်ရှင်သရုပ်ဆောင် မျိုးသန္တာထွန်း ရန်ကုန်လေဆိပ်မှာ ဖမ်းဆီးခံရ

    ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ မျိုးသန္တာထွန်းကို ဒီနေ့ ဧပြီ ၁၉ ရက် မနက်ပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ၎င်းရဲ့ သားဖြစ်သူက လူမှုကွန်ရက်မှာရေးသားထားပါတယ်။

    မျိုးသန္တာထွန်းဟာ လွန်ခဲ့တဲ့ ၃ ရက်လောက်တည်းက ပြည်တွင်းခရီးစဉ်ကို သွားရောက်ခဲ့ပြီး အဲဒီကနေ ရန်ကုန်ကို ပြန်အလာ ဒီနေ့မနက်ပိုင်းမှာ ရန်ကုန်လေဆိပ်ကိုအရောက်မှာ ဖမ်းဆီးခံရတာဖြစ်တယ်လို့ မိသားစုဝင်တစ်ဦးက အတည်ပြုပါတယ်။ မျိုးသန္တာထွန်းနဲ့အတူ သူ့ရဲ့ခင်ပွန်းလည်း ပါလာပေမယ့် ခင်ပွန်းဖြစ်သူကိုတော့ ခေါ်ဆောင်မသွားဘဲ မျိုးသန္တာထွန်းကိုတော့မေးစရာရှိတယ်လို့ဆိုပြီး လူတစ်စုက ခေါ်ဆောင်သွားတာလို့သိရကြောင်းလည်း သူက ပြောပါတယ်။

    မျိုးသန္တာထွန်းဟာ စစ်ကောင်စီက နေ့စဉ် ထုတ်ပြန်နေတဲ့ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ က နဲ့ ဖမ်းဝရမ်းထုတ်ခံရတဲ့ အနုပညာရှင်နဲ့ ထင်ရှားကျော်ကြားသူတွေစာရင်းထဲမှာ မပါရှိသူတစ်ဦးဖြစ်ပါတယ်။ လောလောဆယ် ဘာပုဒ်မနဲ့ ဖမ်းတယ်ဆိုတာမသိရသေးကြောင်း သားဖြစ်သူက ရေးသားထားပါတယ်။ မျိုးသန္တာထွန်းဟာ ဖေဖော်ဝါရီ ၁ စစ်အာဏာသိမ်းဆန့်ကျင်ဆန္ဒပြမှုတွေမှာ တက်တက်ကြွကြွပါဝင်ခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။

    ပြီးခဲ့တဲ့ မြန်မာနှစ်ဆန်းတစ်ရက်နေ့ ဧပြီ ၁၇ ရက်ကလည်း ရန်ကုန်ကနေ ဘန်ကောက်ကို ထွက်ခွာမယ့် မနက် အစောပိုင်းလေယာဉ်နဲ့ လိုက်ပါဖို့ ရှိတဲ့ သရုပ်ဆောင် ဇဏ်ခီနဲ့ ဇနီးဖြစ်သူ ဒါရိုက်တာခရစ္စတီးနားခီတို့ကိုလည်း လူတစ်စုက ဖမ်းဆီးသွားခဲ့ပါတယ်။ သူတို့နှစ်ဦးဟာလည်း စစ်ကောင်စီက ထုတ်ထားတဲ့ ၅၀၅ က နဲ့ တရားစွဲခံရတဲ့စာရင်းထဲမပါဝင်ဘဲ ခေါ်ဆောင်ခံရတာဖြစ်ပြီး အဲဒီနေ့ ညနေပိုင်းမှာတော့ ပြန်လွှတ်ပေးခဲ့တယ်လို့လည်း သိရပါတယ်။

    လောလောဆယ်မှာ စစ်ကောင်စီက ပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲပြီး ဖမ်းဝရမ်းထုတ်ခံထားရတဲ့အနုပညာရှင်တွေထဲ လူမင်း၊ ရဲတိုက်၊ ပိုင်တံခွန်၊ ၀င်းမင်းသန်း၊ ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ ပိုပို တို့ဖမ်းဆီးခံထားရပြီး ဝရမ်းထဲမပါပေမယ့် ဇာဂနာနဲ့ ဇင်ဝိုင်းလည်း ဖမ်းဆီးခံထားရပါတယ်။

    Myo Thandar Tun

    ဓာတ်ပုံ ရင်းမြစ်, Social Media