ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

အာဆီယံခေါင်းဆောင်တွေနဲ့တွေ့ဆုံဖို့ ကုလအထူးကိုယ်စားလှယ် စီစဉ်နေ

ထိပ်သီးဆွေးနွေးပွဲမတိုင်ခင် အာဆီယံခေါင်းဆောင်တွေနဲ့တွေ့ဆုံဖို့ ကုလအထူးကိုယ်စားလှယ် စီစဉ်နေ

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. မြစ်ကြီးနား ရမ်ပူရပ်ကွက်မှာ အမျိုးသမီးတစ်ဦး အသတ်ခံရ

    မြစ်ကြီးနားမြို့ ရမ်ပူ ရပ်ကွက် နယ်မြေ ၂၁ ထဲမှာ မနေ့ ဧပြီလ ၁၄ ရက် ည ၈ နာရီ ဝန်းကျင်လောက်က အမျိုးသမီးတဦး ဓားဒဏ်ရာတွေနဲ့ သေဆုံးနေတာကို ရပ်ကွက်နေသူတွေက တွေ့ရှိခဲ့ပါတယ်။

    လူမှုကွန်ရက်မှာတော့ သေဆုံးသူရဲ့ ရုပ်အလောင်းဘေးမှာ"ဒလန်သို့သွားရာလမ်း" ဆိုပြီးရေးသားထားတဲ့ ကတ်ထူပြား တစ်ခု ကို တွေ့ရတယ်လို့ ဆိုပါတယ်။

    သေဆုံးသူဟာ အဲဒီ ရပ်ကွက်မှာနေထိုင် အသက် ၄၆ နှစ် အရွယ် ဒေါ်နီနီဝင်း ဖြစ်ကြောင်း ဘီဘီစီ က စုံစမ်းသိရှိရပါတယ်။ ဘာအကြောင်းနဲ့ သတ်ဖြတ်ခံခဲ့ရတယ် ဆိုတာကိုတော့ ဘီဘီစီ အနေနဲ့ သီးခြား အတည်ပြု နိုင်ခြင်း မရှိပါဘူး။

    အဲဒီအမျိုးသမီး အသတ်ခံရမှု ဖြစ်ပြီး ညတွင်းချင်းမှာပဲ စစ်ကောင်စီ ရဲတပ်ဖွဲ့ဝင်တွေ အခင်းဖြစ်တဲ့ နေရာကို ရောက်လာပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်တယ်လို့ အနီးအနားရှိသူတွေက ပြောပါတယ်။

    နောက်ပိုင်းမှာတော့ အသတ်ခံရတဲ့ အမျိုးသမီး ရုပ်အလောင်းကို မြစ်ကြီးနားမြို့က နာရေးကူညီရေး လူမှု အဖွဲ့တစ်ခုက ဆေးရုံကို သယ်ဆောင်သွားခဲ့ပါတယ်။

    သေဆုံးသူ နေထိုင်ခဲ့တဲ့ အိမ်ငှားတန်းလျားက အခြား နေထိုင်သူအသက် ၁၂ နှစ် နဲ့ ၁၃ နှစ် ရွယ် ကလေး ၂ ယောက် နဲ့ လူကြီး၂ ယောက်ကိုတော့ ရဲတွေက မေးမြန်းစရာရှိလို့ဆိုပြီး အခင်းဖြစ်တဲ့ ညမှာ ပဲခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

    သူတို့ကို ဧပြီလ ၁၄ ရက်နေ့ ည၈နာရီဝန်ကျင်လောက်က ခေါ်သွားတာဖြစ်ပြီး ဧပြီလ ၁၅ ရက် မနက် ၁၀နာရီခွဲလောက်မှာအိမ်ကို ပြန်လည်ရောက်ရှိလာကြပါတယ်။

    လူသတ်မှု တရားခံကိုတော့ အခုအချိန်အထိ ဖော်ထုတ်နိုင်ခြင်း မရှိသေးပါဘူး။

    သေဆုံးသူက မိသားစုမရှိသူဖြစ်လို့ ဧပြီ ၁၅ ရက် နေ့လယ်ပိုင်းမှာတော့ သူ့ကို ရပ်ကွက်က မြစ်ကြီးနားမြို့ ရာဒါကောင်း သင်္ချိုင်းမှာ သင်္ဂြဟ် လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

  2. ဇင်ဝိုင်းလည်း ဖမ်းဆီးခံရ

    ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီဇင်ဝိုင်းလည်း ဒီနေ့ ဧပြီ ၁၅ ရက် သင်္ကြန်အကြတ်နေ့ ညနေပိုင်းမှာ စစ်ကောင်စီရဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက လာရောက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သားဖြစ်သူ ကိုကြည်သာဌေးလွင်က ရေးသားထားပါတယ်။

    ဇင်ဝိုင်းဟာ ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီးတဲ့နောက်ပိုင်း စစ်အာဏာသိမ်းမှု ဆန့်ကျင်ကြောင်း လမ်းပေါ်ထွက်ဆန္ဒပြပွဲတွေမှာပါဝင်ခဲ့ပြီး လူငယ်တွေဦးဆောင်တဲ့ ဆန္ဒပြပွဲတချို့ကို စစ်ကောင်စီတပ်တွေ ဝင်ရောက်ဖြိုခွဲမှုတချို့မှာ ပါဝင် ဖြန်ဖြေခဲ့သူလည်း ဖြစ်ပါတယ်။

    ဇင်ဝိုင်းကို ဖေဖော်ဝါရီ ၁၈ ရက်နေ့တည်းက စစ်ကောင်စီက လူမင်း၊ R ဇာနည်၊ ၎င်းရဲ့ သားဖြစ်သူ သရုပ်ဆောင်မင်းမော်ကွန်းတို့နဲ့အတူ ပုဒ်မ ၅၀၅ က နဲ့ စစ်ကောင်စီက တရားစွဲခဲ့တာဖြစ်ပါတယ်။

    အခုဆိုရင် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ က နဲ့စစ်ကောင်စီက တရားစွဲပြီး ဖမ်းဝရမ်းထုတ်ခံရတဲ့ အနုပညာရှင်တွေထဲ လူမင်း၊ ရဲတိုက်၊ ဝင်းမင်းသန်း၊ ပိုင်တံခွန်၊ ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ ပိုပိုတို့ ဖမ်းဆီးခံထားရသလို ပုဒ်မ ၅၀၅ ထဲ မပါပေမယ့် လူရွှင်တော် ဇာဂနာလည်း ဖမ်းဆီးခံထားရပါတယ်။

  3. အဆိုတော် ပိုပို ဖမ်းဆီးခံရတယ်လို့ မန်နေဂျာဖြစ်သူက ရေးသား

    စစ်ကောင်စီက နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က)နဲ့ တရားစွဲပြီး ဖမ်းမိန့်ထုတ်ခံထားရတဲ့ အဆိုတော်ပိုပိုကို ဒီနေ့ ဧပြီ ၁၅ ရက် မွန်းလွဲ ၃ နာရီကျော်အချိန်မှာ နေအိမ်ကနေ ဖမ်းဆီးသွားခြင်းခံရတယ်လို့ သူ့ရဲ့ မန်နေဂျာဖြစ်သူက လူမှုကွန်ရက်မှာရေးသားထားပါတယ်။

    အဆိုတော် ပိုပိုကို ဧပြီလဆန်းပိုင်းမှာ စစ်ကောင်စီက ပုဒ်မ ၅၀၅ (က)နဲ့ တရားစွဲထားကြောင်း သတင်းထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ ပိုပိုဟာ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးကတည်းက စစ်အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ လမ်းပေါ်ထွက်လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့သလို ပုံစံမျိုးစုံနဲ့ ဖော်ပြတဲ့ သပိတ်လှုပ်ရှားမှုမှာလည်း ပါဝင်ခဲ့သူဖြစ်ပါတယ်။

  4. မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင် ဖမ်းဆီးခံရ

    မုံရွာမြို့ရဲ့ ပင်မသပိတ်စစ်ကြောင်းတွေ၊ နေ့စဉ် ပုံစံမျိုးစုံနဲ့ စစ်အာဏာသိမ်းဆန့်ကျင်ဆန္ဒပြသပိတ်စစ်ကြောင်းတွေမှာ ဦးဆောင်ပါဝင်နေတဲ့ ကိုဝေမိုးနိုင်ကို ဒီနေ့ သင်္ကြန်အကြတ်နေ့ ဧပြီ ၁၅ ရက် မွန်းလွဲ ၂ နာရီကျော်ခန့်မှာ ဖမ်းဆီးခံရပါတယ်။

    ကိုဝေမိုးနိုင်ကို သာစည်လမ်း၊ ယင်းမာမြိုင်လမ်းထိပ်အနီးမှာ ကားနဲ့ တိုက်ပြီး ရိုက်နှက်ဖမ်းဆီးသွားတယ်လို့လည်းဒေသတွင်းသတင်းတွေက ဖော်ပြနေပါတယ်။

    ကိုဝေမိုးနိုင် ဖမ်းဆီးခံလိုက်ရပေမယ့် သူ့ရဲ့ အပြာရောင်အမှတ်အသား Blue Badge ရရှိထားတဲ့ ဖေ့စ်ဘွတ်အကောင့်ကိုတော့ သူငယ်ချင်းတွေက ဆက်လက်ထိန်းသိမ်းပေးထားပြီး ထူးခြားဖြစ်စဉ်သတင်းတွေကိုလည်း အဲဒီအကောင့်ကနေ ဆက်လက်သတင်းပေးပို့သွားမယ်လို့လည်း သူ့အကောင့်မှာ ရေးသားထားပါတယ်။

    ဖမ်းဆီးခံရချိန်မှာ သူ့ကို ရိုက်နှက်ကြတယ်ဆိုတဲ့သတင်းတွေကြောင့်လည်း ကိုဝေမိုးနိုင်ရဲ့ ကျန်းမာရေးနဲ့ အသက်အန္တရာယ်လုံခြုံရေးအတွက် အလွန်စိုးရိမ်မိတယ်လို့လည်း အဲဒီအကောင့်ကရေးသားထားပါတယ်။

    ဒါ့အပြင် ဒီမနက်မှာ ဆိုင်ကယ်တွေနဲ့ စစ်အာဏာသိမ်းဆန့်ကျင်ဆန္ဒပြလမ်းကြောင်းပေါ်မှာ သွားနေတဲ့ ကိုဝေမိုးနိုင်လိုက်ပါလာတယ်လို့ထင်ရတဲ့ ဆိုင်ကယ်ကို ကားတစ်စီးက ဝင်တိုက်လိုက်တဲ့ ရုပ်သံလည်း လူမှုကွန်ရက်မှာ ပျံ့နှံ့နေပြီး ပြန်လည်မျှဝေမှုတွေလည်းရှိနေပါတယ်။

  5. မုံရွာကွန်ပျူတာ ပညာရှင်အသင်းဥက္ကဋ္ဌ ကိုဇော်သူရိန်ထွန်းနဲ့ ဇနီး အဖမ်းခံရ

    စစ်ကောင်စီက အာဏာသိမ်းပြီးနောက် အစောဆုံးဖမ်းဆီးဖို့ ကြိုးစားခဲ့တဲ့အထဲမှာ တစ်ဦးအပါအဝင်ဖြစ်ခဲ့ပြီး မုံရွာက ၎င်းရဲ့နေအိမ်ရှေ့မှာ ထိုင်နေတုန်း အရပ်ဝတ်တွေနဲ့ လာရောက်ဖမ်းဆီးစဉ် လွတ်မြောက်သွားတဲ့ မုံရွာ ကွန်ပျူတာပညာရှင်အသင်းဥက္ကဋ္ဌ ကိုဇော်သူရိန်ထွန်းကို ဧပြီလ ၁၃ ရက်နေ့က ရွှေဘိုမြို့မှာ ဖမ်းဆီးရမိတယ်လို့ စစ်ကောင်စီပိုင် မြဝတီရုပ်သံက သတင်းထုတ်ပြန်ပါတယ်။

    ကိုဇော်သူရိန်ထွန်းကို ဇနီးဖြစ်သူ မသူဇာဝင်းနဲ့အတူ ဖမ်းမိတယ်လို့လည်း အဲဒီထုတ်ပြန်ချက်က ဆိုပါတယ်။

    သူဟာ အိုင်တီပညာရှင်တစ်ဦးလည်းဖြစ်သလို ၂၀၂၀ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ NLD ကနေ ကိုယ်စားပြုပြီး ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ဖို့ ကြိုးပမ်းခဲ့ပေမယ့် ပါတီကနေ ရွေးချယ်ခြင်းမခံရတဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။

    ဒါပေမဲ့ ပါတီအောင်နိုင်ရေးဆောင်ရွက်ခဲ့တဲ့ စစ်ကိုင်းတိုင်း NLD ပါတီလူငယ်ရေးရာအဖွဲ့ဝင်တစ်ဦး ဖြစ်ပါတယ်။

    ဖမ်းဆီးရမိချိန်မှာ ၎င်းရဲ့ဇနီးဖြစ်သူ မသူဇာဝင်းမှာ ကိုယ်ဝန်အရင့်အမာနဲ့ ဖြစ်ကြောင်းလည်း သိရှိရပါတယ်။

  6. မိုးကောင်းက ဝမ်းနည်းခြင်းအနက်ရောင်သပိတ်

  7. မန္တလေးမှာ အစ္စလာမ်ဘာသာရေးဝင်းထဲ စစ်ကောင်စီတပ်တွေ ဝင်ပစ်၊ တစ်ဦးသေဆုံး

    မန္တလေးမှာ အစ္စလာမ်ဘာသာရေးဝင်းအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဝင်ရောက်ပစ်ခတ်၊ ၄ ဦးဒဏ်ရာရပြီး အဲဒီထဲက တစ်ဦးသေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    မန္တလေးမြို့ ၇၄ လမ်းနဲ့ ၃၇ ၃၈ကြား ဆူးလေ၀င်းလို့ အများခေါ်တဲ့ အစ္စလာမ်ဘာသာရေးဝင်းအတွင်းမှာ ဒီကနေ့ ဧပြီ ၁၅ ရက်နေ့မနက်ပိုင်းကစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဝင်ရောက်ပစ်ခတ်တာလို့ ကယ်ဆယ်ရေးလုပ်ဆောင်နေသူအချို့ထံကသိရပါတယ်။

    " ဆန္ဒပြပွဲတွေရှိတဲ့နေရာလည်းမဟုတ်ဘူး။ မွတ်ဆလင်ဘာသာရေးကျောင်းထဲကို ဝင်ပစ်သွားတာ။၄ ဦးထိထားတယ်။ အခုတော့ ကယ်ထုတ်ပြီး ဆေးကုသဖို့ပို့ထားပြီ"လို့ အခင်းဖြစ်ပွားရာကို ရောက်ရှိကူညီနေသူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    ယခုကာလဟာ အစ္စလာမ်ဘာသာဝင်တွေရဲ့ ဥပုသ်ကာလလည်းဖြစ်ပါတယ်။

  8. ကြည့်မြင်တိုင်ညစျေး ရှိ ရုပ်ရှင်ရုံ မီးလောင်

    ကြည့်မြင်တိုင်ညစျေး အတွင်းမှာ ရှိတဲ့ စတားရုပ်ရှင်ရုံမှာ ဒီကနေ့ ဧပြီ ၁၅ ရက် မနက် ၇နာရီ ကျော်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။

    မီးလောင်မှုကြောင့် ရုပ်ရှင်ရုံ အတွင်းပိုင်း ပျက်ဆီးတာရှိပြီး၊ ဘေးဘက်က စျေးရဲ့ တခြားနေရာတွေကိုလည်း အနည်းကူးစက်လောင်ကျွမ်းခဲ့တာရှိတယ်လို့ မျက်မြင်တချို့က ပြောပါတယ်။

    "၇နာရီလောက်မှာ အခုလောင်တဲ့ရုပ်ရှင်ရုံရဲ့ အပေါ်ထောင့်ကနေ ပေါက်ကွဲသံလိုကြားလိုက်ရတယ်၊ကြားရတယ်ဆိုတာ ၇နာရီဆိုတော့ စျေးဆိုင်ဖွင့်ကြ၊ လဘက်ရည်ဆိုင်ထိုင်ကြပြီဆိုတော့ ကြားလိုက်ကြတာပေါ့၊ အဲဒီအသံကြားပြီး ၁၅ မိနစ်လောက်နေမှ ရုပ်ရှင်ရုံကနေ မီးညွန့်တွေ့ရတာ၊ စျေးကတော့ သင်္ကြန်ဆိုတော့ ပိတ်ထားတယ်၊ ဒါပေမယ့် အခုလောင်တာက ရုပ်ရှင်ရုံပဲ အဓိကလောင်သွားတဲ့သဘောပေါ့" လို့ မျက်မြင်တစ်ဦးဖြစ်တဲ့ ကိုရဲကျော်က ပြောပြပါတယ်။

    မီးလောင်တဲ့နေရာကို ရဲနဲ့စစ်တပ်က ကလာရောက်စစ်ဆေးတာတွေရှိသလို မီးသတ်ကား ၁၀ စီးခန့်နဲ့ငြှိမ်းသတ်တာတွေလုပ်ခဲ့တယ်လို့ မျက်မြင်တွေကပြောပါတယ်။

    ကြည့်မြင်တိုင် ပန်းပင်ကြီးလမ်းထဲက မျက်မမြင်ကျောင်းထဲမှာ တော့စစ်တပ်က တပ်စွဲနေထိုင်နေတယ်လို့ ကြည့်မြင်တိုင်မှာနေထိုင်သူတွေကပြောပါတယ်။

  9. မိုးကုတ်မှာ CRPH အဖွဲ့ဝင်တွေအပါအဝင် အလိုရှိသည် စာရင်းတွေ လိုက်ကပ်နေ

    မိုးကုတ်မြို့က နေရာတချို့မှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH အဖွဲ့ဝင်တွေ၊ သူတို့နဲ့ ချိတ်ဆက်ဆောင်ရွက်နေတဲ့သူတွေကို အလိုရှိကြောင်းနဲ့ ဝရမ်းထုတ်ထားကြောင်း၊ တွေ့ရှိပါက သတင်းပေးပို့ဖို့ဆိုပြီး စာရွက်တွေ လိုက်ကပ်နေပါတယ်။

    အဲဒီစာရင်းမှာ ၈၈ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၊ CRPH က ခန့်အပ်ထားတဲ့ ခေတ္တ ဝန်ကြီးတွေဖြစ်တဲ့ ဒေါက်တာဇော်ဝေစိုး၊ ဒေါ်ဇင်မာအောင်၊ ဦးနိုင်ထူးအောင်၊ ဒေါက်တာဝေဖြိုးအောင်အပါအဝင် CRPH အဖွဲ့ဝင်တွေလည်း ပါဝင်ပါတယ်။

    အခု ကြေညာထားသူတွေကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မတွေဖြစ်တဲ့ ၅၀၅ (က) (ခ)၊ နိုင်ငံတော်ပုန်ကန်မှု ပုဒ်မ ၁၂၂ တို့နဲ့ အရေးယူထားပြီး နီးစပ်ရာရဲစခန်းကို အကြောင်းကြားပေးဖို့နဲ့ လက်ခံထားသူတွေကို ဥပဒေနဲ့အညီအရေးယူမယ်လို့ ကြေညာထားတာပါ။

    CRPH ကို စစ်ကောင်စီက မတရားအသင်းကြေညာထားပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကစလို့ မြို့တွေမှာ ခုလို စာရင်းတွေကို စစ်ကောင်စီဘက်က လိုက်လံကပ်ခဲ့တာဖြစ်ပြီးတချို့မြို့တွေမှာတော့ အဲဒီစာရွက်တွေကို ဖယ်ရှားပြီး စစ်ကောင်စီအဖွဲ့ဝင်တွေနဲ့ သူတို့နဲ့ ဆက်စပ်သူတွေကို ပြန်လည်ဝရမ်းထုတ်တဲ့ တုံ့ပြန်ကြေညာချက်စာရွက်တွေပြန်ကပ်တာကိုလည်းတွေ့ရပါတယ်။

  10. မန္တလေး ကျန်းမာရေး မိသားစု သပိတ် ဖြိုခွင်းခံရ၊ အနည်းဆုံး လူ ၂၀ ဖမ်းခံရ, ဖြိုခွင်းခံရတဲ့ အနီးမှာ စစ်ကောင်စီတပ်တွေက တစ်အိမ်တက်ဆင်း ရှာဖွေနေ

    သင်္ကြန် အကြတ်နေ့မှာ မန္တလေးက ဆရာဝန်နဲ့ ဆေးကျောင်းသားတွေ ရဲ့မနက်ခင်း သပိတ်စစ်‌ကြောင်းပြုလုပ်ရာမှာ စစ်ကောင်စီ တပ်တွေက ဖြိုခွင်းခဲ့ပါတယ်။

    ၇၆ လမ်း ၃၄လမ်းထောင့်မှာ စစ်အာဏာရှင်အလိုမရှိလို့ သံပြိုင်ဟစ်ကြွေးချိန် တပိုဒ်အပြီးမှာ စစ်တပ်က အိမ်စီးကားနဲ့ရောက်လာပြီး သေနတ်ပစ်ဖောက်ဖြိုခွင်းတာဖြစ်ပါတယ်။

    ဆန္ဒပြပွဲ မှာ ပါဝင်တဲ့ ဆေးကျောင်းသား ၆ ဦး အပြင် အနီးဝန်းကျင်က ရပ်ကွက် နေ ပြည်သူ တချို့ အပါအဝင် အနည်းဆုံး လူ ၂၀ ဖမ်းဆီခံရတယ်လို့ ဆန္ဒပြပွဲမှာ ပါဝင်တဲ့ ဆရာဝန် တစ်ဦး က ပြောပါတယ်။ ထိခိုက်ဒဏ်ရာရှိမှု အခြေအနေတော့ အခုလတ်တလော မရှိသေးဘူး ဆိုပါတယ်။

    ဆန္ဒပြပွဲ ဖြိုခွင်းခံရတဲ့ နေရာတဝိုက်ကိုလည်း စစ်ကောင်စီတပ်တွေက တစ်အိမ်ချင်း ပိုက်စိတ်တိုက် ရှာဖွေမှုတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    မန္တလေး ကျန်းမာရေး မိသားစု သပိတ်ဟာ နေ့စဉ်နီးပါး စစ်အာဏာသိမ်းမှု ကို ဆန့်ကျင်နေတာ ဖြစ်ပြီး အခု သင်္ကြန်အကြတ်နေ့ မှာ သံချပ်ထိုးပြီး ဆန္ဒထုတ်ဖော်ဖို့ စီစဉ်ထားပေမယ့် ဖြိုခွင်းခံခဲ့ရလို့ အဲဒီ အစီအစဉ် ပျက်သွားတယ်လို့ ဆန္ဒပြပွဲမှာ ပါဝင်သူတွေက ပြောပါတယ်။

  11. တိမ်းရှောင်နေရတဲ့ CDM ဆရာဝန်တွေနဲ့ စစ်ကောင်စီအောက်က ကျန်းမာရေးစနစ်

  12. မြစ်ကြီးနားသတင်းဂျာနယ်က သတင်းထောက်ဟောင်း ဖမ်းဆီးခံရ

    မြစ်ကြီးနားသတင်းဂျာနယ်က သတင်းထောက်ဟောင်းတစ်ဦး ဖြစ်တဲ့ မမျိုးမြတ်မြတ်ပန် ဒီကနေ့ ညနေပိုင်းမှာ စီတာပူရပ်ကွက်က နေအိမ်မှာ စစ်ကောင်စီဘက်က အရပ်ဝတ်နဲ့လူတွေ လာရောက် ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

    မမျိုးမြတ်မြတ်ပန် ဖမ်းဆီးခံရကြောင်းကို အဲဒီဂျာနယ်ရဲ့ အမှုဆောင်အရာရှိချုပ် ဦးဘရန်မိုင်က ဘီဘီစီကို အတည်ပြုပါတယ်။

    သူ့ကို မြစ်ကြီးနားဂျာနယ်က အခုနှစ် မတ်လ ၁ ရက်မှာ ဘတ်ဂျက်အခက်အခဲကြောင့် ရာထူးက ရပ်နားထားပြီးသူ ဖြစ်တယ်လို့ အဲဒီဂျာနယ်က ဖော်ပြတဲ့ မမျိုးမြတ်မြတ်ပန် ဖမ်းဆီးခံရတဲ့ သတင်းမှာ ဖော်ပြထားပါတယ်။

  13. စစ်အာဏာရှင် ဆန့်ကျင်တဲ့ မြန်မာပြည်သူတွေကို တောင်ကိုရီးယား လူ့အခွင့်အရေးအဖွဲ့တစ်ဖွဲ့က ဆုချီးမြှင့်

    တောင်ကိုရီးယားရဲ့ ဒီမိုကရေစီခေါင်းဆောင် ပါ့ခ်ဂျုန်ချူးလ် အထိမ်းအမှတ် လူ့အခွင့်အရေးဆုကို စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြနေကြသူ မြန်မာပြည်သူတွေကို ချီးမြှင့်လိုက်ပါတယ်။

    မြန်မာပြည်သူတွေနဲ့ အတူ တစည်းတလုံးတည်း ရှိကြောင်း ပြသတဲ့အနေနဲ့ မြန်မာပြည်သူတွေကို ဒီဆု ချီးမြှင့်ဖို့ ဆုချီးမြှင့်ရေး ကော်မတီက ရွေးချယ် ဆုံးဖြတ်ခဲ့တာ ဖြစ်တယ်လို့ ကိုရီးယားတိုင်းမ် သတင်းမှာ ဖော်ပြထားပါတယ်။

    နှိပ်စက်ညှင်းပန်းမှုတွေ ကြုံရပေမဲ့ အသက်ကို စတေးပြီး ဒီမိုကရေစီ တောင်းဆိုလှုပ်ရှားခဲ့တဲ့ ပါ့ခ်ဂျုန်ချူးလ်ကြောင့် တောင်ကိုရီးယားမှာ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းသွားခဲ့ကြောင်း၊ ပါ့ခ်ဂျုန်ချူးလ်ကို ဂုဏ်ပြုသောအားဖြင့် မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းသွားရေးကို တစည်းတလုံးတည်း အတူလက်တွဲ ဆောင်ရွက်သွားဖို့ ကတိပေးပါကြောင်း ပါ့ခ်ဂျုန်ချူးလ် အထိမ်းအမှတ် ဆုချီးမြှင့်ရေး ကော်မတီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    မြန်မာစစ်တပ်နဲ့ ရဲတပ်ဖွဲ့ကိုလည်း အကြမ်းဖက်တိုက်ခိုက်နေမှုတွေ၊ ပြည်သူတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်နေမှုတွေကို ရပ်တန်းက ရပ်ဖို့ တောင်းဆိုလိုက်ပါတယ်။

    ဒီဆုကို ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး တိုးမြှင့်ရေးအတွက် ထူးထူးခြားခြား ကြိုးပမ်းဆောင်ရွက်သူ ပုဂ္ဂိုလ် ဒါမှမဟုတ် အဖွဲ့အစည်းတွေကို ၂၀၀၃ ခုနှစ်ကစလို့ နှစ်စဉ် ချီးမြှင့်လာခဲ့တာ ဖြစ်ပါတယ်။

    ဆုကြေးငွေ ဒေါ်လာ၄၄၅၄(ကိုရီးယား ဝမ် ၅ သန်း) နဲ့အတူ တောင်ကိုရီးယားပြည်သူတွေ ကောက်ခံပေးမယ့် ရံပုံငွေတွေကို မြန်မာပြည်သူတွေထံ ပို့ပေးမယ်လို့ ဆိုပါတယ်။ မြန်မာပြည်သူတွေ အတွက် အလှူငွေကောက်ခံမှုကို ပြီးခဲ့တဲ့ တနင်္လာနေ့ကစပြီး မေလ ၃၀ ရက်နေ့အထိ လုပ်သွားမယ်လို့ သိရပါတယ်။

    ၁၉၈၇ ခုနှစ်က ချွန်ဒူးဝမ် ခေါင်းဆောင်တဲ့ စစ်အစိုးရကို ဆန့်ကျင်တဲ့ နိုင်ငံတဝန်း ဒီမိုကရေစီ တောင်းဆိုလှုပ်ရှားမှုမှာ ပါဝင်ခဲ့မှုကြောင့် Seoul National University တက္ကသိုလ်ကျောင်းသားဟောင်း အသက် ၂၁ နှစ်အရွယ် ပါ့ခ်ဂျုန်ချူးလ် ဟာ ရဲရဲ့ နှိပ်စက်ညှင်းပန်း စစ်ဆေးမေးမြန်းမှုအတွင်း သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။

  14. ဗိုလ်မှူးချစ်ကောင်းရဲ့ဇာတိလယ်သစ်ရွာကို စစ်တပ်ကစီးနင်း

  15. မြန်မာနဲ့ စီးပွားရေးလုပ်ရင် သတိထားဖို့ ကနေဒါကုမ္ပဏီတွေကို ကနေဒါအစိုးရ အကြံပြု

    ကနေဒါ ကုမ္ပဏီတွေအနေနဲ့ မြန်မာနိုင်ငံက ကုမ္ပဏီတွေနဲ့ စီးပွားရေး ပူးတွဲ လုပ်ကိုင်တဲ့အခါ ဒဏ်ခတ်ပိတ်ဆို့မှုတွေ၊ ထုတ်ကုန် ထိန်းချုပ်ထားမှုတွေကို လေးစားလိုက်နာဖို့နဲ့ မြင့်မားတဲ့ လူ့အခွင့်အရေး စံချိန် စံညွှန်းတွေအတိုင်း ဆောင်ရွက်ဖို့ ကနေဒါအစိုးရက သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။

    မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့က အာဏာသိမ်းခဲ့တဲ့ စစ်တပ်ရဲ့ ပစ်ခတ်ဖြိုခွဲမှုတွေအတွင်း ဆန္ဒပြသူ ရာပေါင်းများစွာ သေဆုံးခဲ့ရချိန်မှာပဲ ကနေဒါအစိုးရက အခုလို သတိပေးချက် ထုတ်ပြန်လိုက်တာပါ။

    ယူကေနဲ့ အမေရိကန်တို့နဲ့အတူ ကနေဒါအစိုးရဟာ အာဏာသိမ်း စစ်ခေါင်းဆောင် ၉ ဦးအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ခဲ့သလို မြန်မာစစ်တပ်နဲ့ ဆက်နွှယ်ပတ်သက်နေတဲ့ လူပုဂ္ဂိုလ် စုစုပေါင်း ၅၄ ဦး၊ စီးပွားရေးလုပ်ငန်း ၄၄ ခု ကို ကနေဒါအစိုးရက ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ထားပြီး ဖြစ်ပါတယ်။

  16. ဒီကနေ့ ဧပြီလ ၁၄ ရက်နေ့ မနက်က မန္တလေးမြို့မှာ စစ်အာဏာရှင် ဆန့်ကျင်ဆန္ဒပြတဲ့ တက္ကသိုလ် ကျောင်းသားများသမဂ္ဂ သပိတ်စစ်ကြောင်းရဲ့ သွေးမတိတ်သပိတ် ဆင်နွှဲနေပုံ

  17. CDM ဆရာဝန်ကြီးတွေကို ဝရမ်းထုတ်၊ ကုသခွင့်ပေးတဲ့ ဆေးရုံဆေးခန်းတွေကို လိုင်စင်ပိတ်မယ်လို့ ကြေညာ

    အာဏာသိမ်း စစ်ကောင်စီကနေ ဆရာဝန် ၁၉ ဦး ကို ပုဒ်မ ၅၀၅ (က)နဲ့ ဝရမ်း ထုတ်တာကို စစ်ကောင်စီပိုင် မီဒီယာတွေကနေ ကြေညာလာတဲ့နောက် ဒီလုပ်ရပ်ဟာ သူတို့ကို “ကြောက်ရွံ့သွားအောင် ခြိမ်းခြောက်လိုက်တာပဲ”လို့ CDM ဆရာဝန်တွေက ဘီဘီစီကို ပြောပါတယ်။

    နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားအောင်လုပ်တယ်၊ နိုင်ငံတော်ရဲ့ အုပ်ချုပ်ရေး ယန္တရားကို ပျက်ပြားအောင်လုပ်တယ် ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ စစ်ကောင်စီက ၀ရမ်း ထုတ်တဲ့ စာရင်းမှာ ပါဝင်တဲ့ ဆရာဝန်တွေက ပါမောက္ခ ဆရာဝန်တွေ၊ အထူးကုဆရာဝန်တွေ၊ ဆေးရုံအုပ်တွေ စတဲ့ ဆရာဝန်ကြီးတွေပါ။

    ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ မဲမသမာမှုတွေရှိတယ်ဆိုပြီး ခိုင်ခိုင်မာမာ အထောက်အထား မပြနိုင်ဘဲ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ အာဏာသိမ်းခဲ့တဲ့ စစ်ကောင်စီဟာ ရက်ပိုင်းအတွင်းမှာပဲ ကျန်းမာရေးဝန်ထမ်း အသိုင်းအဝိုင်းအပါအဝင် အစိုးရ ဝန်ထမ်းတွေရဲ့ လူထုအာခံမှု CDMကို ကြုံတွေ့ခဲ့ရပါတယ်။

    CDMလုပ်တဲ့ ဆရာဝန်တွေ၊ ကျန်းမာရေးဝန်ထမ်းတွေ၊ ဆေးရုံဝန်ထမ်းတွေဟာ သက်ဆိုင်ရာ အစိုးရဆေးရုံတွေမှာ အလုပ်ဆင်းဖို့ ငြင်းဆန်ခဲ့ကြတဲ့အတွက် မြန်မာနိုင်ငံ တလွှားက အစိုးရ ဆေးရုံတွေမှာ လည်ပတ်အလုပ်လုပ်နိုင်တဲ့ ဆေးရုံက မရှိသလောက် ဖြစ်နေတာပါ။

    “အများစုကတော့ ဒီလို ခြိမ်းခြောက်လည်း အလုပ်ပြန်ဆင်းကြမှာ မဟုတ်ဘူး”လို့ CDM လုပ်ထားတဲ့ အထူးကု ဆရာဝန် တစ်ယောက်က ဘီဘီစီကို ပြောပါတယ်။

    အဲဒီ ဆရာဝန်တွေက စေတနာ့ဝန်ထမ်းဆေးခန်းတွေမှာ၊ အပြင်ဆေးခန်းတွေမှာ လူနာတွေကို ကုသပေးတဲ့အခါမှာလည်း အဲဒီ့ ဆေးခန်းတွေကို စစ်ကောင်စီ တပ်ဖွဲ့တွေက ခြိမ်းခြောက်တာ၊ နှောင့်ယှက်တာ၊ ပုဂ္ဂလိကဆေးခန်းနဲ့ ဆေးရုံ ပိုင်ရှင်တွေကို CDM ဆရာဝန်တွေကို လက်မခံဖို့ ညွှန်ကြားထားတာ စတဲ့ အရေးတွေကိုလည်း ကြုံနေကြရပါတယ်။ အဲဒီဆေးရုံ၊ဆေးခန်းတွေကို လိုင်စင်ပိတ်သိမ်းမယ်လို့လည်း ကြေညာလိုက်ပါတယ်။

    ဆရာဝန်တွေအနေနဲ့ လူနာကို ကုသပေးချင်တဲ့ အရင်းခံ ဆရာဝန်စိတ်နဲ့ ရက်စက်ဖိနှိပ်တဲ့ စစ်ကောင်စီကို မလိုလား၊ မခံရပ်နိုင်တဲ့စိတ်တွေကြား CDM လှုပ်ရှားမှု ဆုံးဖြတ်ချက်ကို ခက်ခက်ခဲခဲ နဲ့ ခိုင်ခိုင်မာမာ တည်ဆောက်ထားကြတယ်လို့ လည်း သူတို့က ဆိုကြပါတယ်။

    သူတို့အနေနဲ့ သူတို့တင်မြှောက်ထားတဲ့ တရားဝင်အစိုးရကိုယ်စား ရှိနေတဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မီတီ “CRPH က ပြောမယ့် ညွှန်ကြားမှုတွေကို နားစွင့်နေတယ်”လို့ CDM ဆရာဝန်တွေက ဘီဘီစီ ကိုပြောပါတယ်။

  18. မုံရွာမြို့မှာ မိုင်းပေါက်ကွဲခဲ့မှုတွေကြောင့် မြို့အဝင်အထွက်ဂိတ်တွေ လုံခြုံရေးတင်းကြပ်

    ဒီကနေ့ ဧပြီလ ၁၄ရက် မနက် ၁၀ နာရီဝန်းကျင်လောက်မှာ မုံရွာမြို့ဝင် ပူးပေါင်းစစ်ဆေးရေးဂိတ်နားမှာ ပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။ ပေါက်ကွဲမှုဖြစ်တဲ့နေရာကို စစ်ကောင်စီဘက်ကနေ စစ်ဆေးရေး လုပ်ဆောင်နေပြီး မြို့အဝင်အထွက်ဂိတ်တွေကိုပါ လုံခြုံရေး တင်းကျပ်ထားတယ်လို့ သိရပါတယ်။

    "အသံကတော့ ခပ်ကျယ်ကျယ် ကြားရတယ်၊ အသံဗုံးလား၊ လက်လုပ်မိုင်းလားတော့ ကျွန်တော်တို့လည်း ကျွမ်းကျင်သူမဟုတ်တော့ မသိဘူး၊ ဒီလိုဖြစ်စဉ်တွေ ထွက်ပေါ်လာတာဟာ (သပိတ်) ဦးဆောင်ကော်မတီတွေအပေါ် လွှဲချမှာ၊ လုပ်ကြံဇာတ်ဖန်တီးမှာ စိုးရိမ်တယ်" လို့ မုံရွာမြို့ လူထုသပိတ် ဦးဆောင်ကော်မတီအဖွဲ့ဝင် တစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    မနေ့က ဧပြီလ ၁၃ရက်တုန်းကလည်း စီးပွားရေးဘဏ်၊ မုံရွာတက္ကသိုလ်နဲ့ အေးရိပ်သာလမ်းပေါ် စတဲ့ နေရာ ၃ ခုမှာ ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။ ပေါက်ကွဲမှု ဖြစ်ခဲ့တဲ့ နေရာတစ်ခုဖြစ်တဲ့ စီးပွားရေးဘဏ်အနီးက ရပ်ကွက်ထဲကို စစ်ကောင်စီဘက်က ဝင်ရောက်ရှာဖွေပြီး သေနတ်တွေနဲ့ ခြောက်လှန့်ပစ်ခတ်တာ ရှိတယ်လို့ သိရပါတယ်။

    ဒါ့အပြင် လူထု အာဏာဖီဆန်ရေး လှုပ်ရှားမှု CDM နဲ့ စစ်အာဏာသိမ်းဆန့်ကျင်ရေး သပိတ်မှာ ပါဝင်သူတွေကိုလည်း အိမ်တွေထဲထိပါ လိုက်လံရှာဖွေ ဖမ်းဆီးနေတယ်လို့ သပိတ်ကော်မတီဝင်က ပြောပါတယ်။

    ဒီလိုအခြေအနေတွေ ရှိနေပေမယ့် ဧပြီလ ၁၄ရက် အရုဏ်ဦးသပိတ်နဲ့ ဆေးသပိတ်တွေ အပြီး ဖမ်းဆီးခံခဲ့ရသူ မရှိဘူးလို့ ဆိုပါတယ်။

  19. သြစတြေးလျရောက် မြန်မာတွေကို အတင်းပြန်လွှတ်မှာ မဟုတ်ဘူးလို့ သြစတြေးလျအစိုးရပြော

    သြစတြေးလျနိုင်ငံမှာ ခေတ္တရောက်နေတဲ့ မြန်မာနိုင်ငံသား ၃၃၀၀ ကျော်ကို ပြည်ဝင်ခွင့်ဗီဇာ သက်တမ်းကုန်တဲ့အခါ မြန်မာနိုင်ငံကို အတင်းပြန်ခိုင်းမှာ မဟုတ်ဘူးလို့ သြစတြေးလျအစိုးရက ပြောပါတယ်။

    သြစတြေးလျမှာ ခေတ္တရောက်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် ပိုစိတ်ချရတဲ့ အာမခံချက်မျိုးပေးဖို့ တောင်းဆိုမှုတွေ ရှိနေပေမဲ့လည်း သြစတြေးလျအစိုးရအနေနဲ့ လူတိုင်းကို ဗီဇာ သက်တမ်းတိုးပေးတာမျိုး၊ ခိုလှုံခွင့် ကမ်းလှမ်းတာမျိုးတော့ လုပ်မှာမဟုတ်ဘဲ တစ်ဦး တစ်ယောက်ချင်းစီကိုပဲ စစ်ဆေးသုံးသပ်သွားမယ်လို့ သြစတြေးလျ ဂါးဒီးယန်း သတင်းမှာ ဖော်ပြထားပါတယ်။

    သြစတြေးမှာ ခေတ္တရောက်ရှိနေတဲ့ ဟောင်ကောင်လူမျိုးတွေကို မနှစ်က ဟောင်ကောင်မှာ ဆန္ဒပြမှုတွေ ဖြစ်ခဲ့အပြီး ပြည်ဝင်ခွင့်ဗီဇာသက်တမ်း တိုးပေးခဲ့တာမျိုးလို မြန်မာတွေအတွက် အလားတူ ဗီဇာသက်တမ်းတိုးပေးဖို့ သြစတြေးလျအစိုးရကို တိုက်တွန်း တောင်းဆိုနေကြပါတယ်။

    ဖေဖော်ဝါရီလကုန်မှာ သြစတြေးလျမှာ ခေတ္တနေထိုင်ခွင့် ဗီဇာနဲ့ ရောက်ရှိနေသူ မြန်မာနိုင်ငံသား ၃၃၆၆ ဦး ရှိတယ်လို့ အစိုးရကိန်းဂဏန်းတွေအရ သိရပါတယ်။ အဲဒီထဲက တစ်ဝက်လောက်ဟာ ကျောင်းသားတွေ ဖြစ်ကြပါတယ်။

  20. CRPH နဲ့ ကိုမင်းကိုနိုင် ကို ဝရမ်းထုတ်ထားကြောင်း ရန်ကုန်က ရဲစခန်းတွေမှာကြေညာ

    ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH မှာ ပါဝင်သူတွေနဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုမင်းကိုနိုင်တို့ကို ဖမ်းဝရမ်းထုတ်ထားပြီး သူတို့နဲ့ ပတ်သက်လို့ သတင်းပေးနိုင်ကြောင်း ရန်ကုန်မြို့အနှံ့ရှိ ရဲစခန်း တွေမှာ ဧပြီ ၁၃ရက်နေ့က စတင် ကြေညာထားတာကို တွေ့မြင်ရပါတယ်။