ရာထူးထုတ်ပယ်ခံရတဲ့ ရန်ကုန်မြန်မာ့အသံCDM ဝန်ထမ်းတွေ ကိုဗစ်ချေးငွေ ပြန်လျော်ဖို့ အတောင်းခံနေရ
အာဏာဖီဆန်ရေးအကြမ်းမဖက်လှုပ်ရှားမှု CDM မှာ ပါဝင်လို့ ရာထူးကနေ ထုတ်ပယ်ခံထားရတဲ့ ရန်ကုန် မြန်မာ့အသံရုံးက ဝန်ထမ်း ၁၂၀ ကျော်ဟာ သမ္မတဦးဝင်းမြင့်အစိုးရလက်ထက်က ထုတ်ပေးခဲ့တဲ့ ကိုဗစ်ကာလ ဝန်ထမ်းချေးငွေ ၂ လစာ ပြန်တောင်းခံရတဲ့စာတွေရထားတယ်လို့ အဲဒီဝန်ထမ်းတွေက ဘီဘီစီကို ပြောပါတယ်။
ချေးငွေ ပြန်တောင်းစာကို ဧပြီလ ၈ ရက် ရက်စွဲနဲ့ ထုတ်ခဲ့တာဖြစ်ပြီး အဲဒီချေးငွေတောင်းခံစာတွေကို CDM ဝန်ထမ်းတွေဆီကို လူမှုကွန်ယက်စာပို့စနစ် ဗိုက်ဘာကနေပေးပို့ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ချေးငွေဆိုင်းငံ့ကာလ ကုန်တဲ့အခါ ဝန်ထမ်းလစာထဲကနေ လစဉ်ဖြတ်တောက်သွားဖို့ဖြစ်ပြီး ချေးငွေအကျေ မဆပ်ခင် ဝန်ထမ်းကို ထုတ်ပယ်တာ ဒါမှမဟုတ် ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်တဲ့ပြစ်ဒဏ်ချမှတ်ခံရတဲ့အခါ ချေးငွေကို ပြန်ကောက်ခံရန်ဖြစ်တယ်လို့ စာက ဆိုပါတယ်။
ဒါ့ကြောင့် ချေးငွေတောင်းခံတာခံရတဲ့ဝန်ထမ်းဟာ ရာထူးက ထုတ်ပယ်ပြီးဖြစ်လို့ ချေးငွေ ၂ လစာကို ပြန်လည်ပေးလျော်ဖို့ အကြောင်းကြားတယ်ဆိုပြီး ညွှန်ကြားရေးမှူးအဆင့်ရှိသူက စာထုတ်ခဲ့တာပါ။
မြန်မာ့အသံ ရန်ကုန်ရုံးက CDM ဝန်ထမ်း ၁၂၀ ကျော်ဟာ မတ်လကုန်ပိုင်းမှာ ရာထူးကနေ ထုတ်ပယ်စာ ကြေညာခံခဲ့ရသူတွေဖြစ်ပါတယ်။
''ချေးငွေအတောင်းခံရတဲ့ ဝန်ထမ်းက မဆပ်ဘူးဆိုရင် တရားရင်ဆိုင်ရမယ်ဆိုတာမျိုး နှုတ်နဲ့ပြောလာတာမျိုးလည်းရှိတယ်။ အခု CDM လုပ်နေတဲ့သူတွေကတော့ လုံးဝပြန်မဆပ်ဖို့ ညှိထားကြတယ်'' လို့ ချေးငွေအတောင်းခံရတဲ့ ရန်ကုန်မြန်မာ့အသံဝန်ထမ်းတစ်ဦးကပြောပါတယ်။
ကိုဗစ်ရောဂါကြောင့်ဖြစ်လာနိုင်တဲ့ သက်ရောက်မှုတွေကို ကုစားဖို့ နိုင်ငံ့ဝန်ထမ်း(အမြဲတမ်း)တွေကို အတိုးမဲ့ချေးငွေအဖြစ် ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလကစပြီး ဆိုင်းငံ့ကာလ ၆ လ၊ ပြန်ဆပ်ကာလ ၁ နှစ် သတ်မှတ်ပြီး သမ္မတဦးဝင်းမြင့်အစိုးရက ထုတ်ပေးခဲ့တာပါ။
ဒါပေမဲ့ ကိုဗစ်ရောဂါ ဆက်ဖြစ်နေတာ၊ အာဏာသိမ်းမှုဖြစ်နေတာတွေကြောင့် ဝန်ထမ်းတွေသက်သာချောင်ချိရေးအတွက် ဒီချေးငွေကို ပြန်ပေးဆပ်ဖို့မလိုတဲ့ချီးမြင့်ငွေအဖြစ် CRPH ကခန့်အပ်ထားတဲ့ စီမံကိန်း၊ဘဏ္ဍာရေးနဲ့စက်မှုဝန်ကြီးဌာန ခေတ္တပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က မတ်လ ၈ ရက်မှာ ကြေညာထားပါတယ်။