ရန်ကုန်တိုင်းအတွင်းက မာရှယ်လော ထုတ်ပြန်ထားတဲ့ မြို့နယ်တွေမှာ ဖမ်းဆီးမိခဲ့သူတွေကို အခုအခါ စစ်ခုံရုံးဖွဲ့ စစ်ဆေးနေပါတယ်။
မတ်လ ၁၅ ရက်က မာရှယ်လော ထုတ်ပြန်ပြီး
စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ ရန်ကုန်တိုင်းက လှိုင်သာယာ၊ ရွှေပြည်သာ၊ တောင်ဒဂုံ အပါအဝင် မြို့နယ် ၆ မြို့နယ်မှာ ဖမ်းဆီးမိခဲ့သူတွေကို အင်းစိန်ထောင်မှာ
ထိန်းသိမ်းထားခဲ့ရာမှာ အခုလို စစ်ခုံရုံးဖွဲ့စစ်ဆေးနေတာလို့ သိရပါတယ်။
တပ်မတော်ရဲ့စည်းမျဉ်းဥပဒေနဲ့ ဖွဲ့စည်းထားတဲ့ စစ်ခုံရုံးဟာ အကျဉ်းရုံးနည်းနဲ့ စစ်ဆေးတာ ဖြစ်ပြီး
တရားစွဲဆိုထားတဲ့ ပုဒ်မတွေရဲ့ အမြင့်ဆုံး ပြစ်ဒဏ်နဲ့ စီရင်လေ့ရှိပါတယ်။
အင်းစိန်ထောင် စစ်ခုံရုံးမှာ အမှုစစ်ဆေးခံရသူတွေအနေနဲ့ ခုခံပိုင်ခွင့် မရှိသလို တချို့တွေလည်းထောင်ဒဏ် ၃ နှစ်ကနေ အနှစ် ၂၀ အထိ ချမှတ်ခံခဲ့ရတယ်လို့ ဖမ်းဆီးခံရသူတွေအရေး လိုက်ပါ ဆောင်ရွက်ပေးနေသူ ရှေ့နေ ဒေါ်ဇာလီအေးက ဘီဘီစီကို ပြောပါတယ်။
ဒီလို မာရှယ်လော ထုတ်ခံထားရတဲ့ မြောက်ဒဂုံမြို့နယ်မှာ မတ်လ
၂၁ ရက်ညက ဖမ်းဆီးခံခဲ့ရတဲ့ အသက် ၁၆ နှစ် မပြည့်သေးသူ ကျောင်းသားတစ်ဦးကတော့
လက်နက်ကိုင်ဆောင်မှုနဲ့ ထောင်ဒဏ် သုံးနှစ် ချမှတ်ခံခဲ့ရပါတယ်။ ဖမ်းဆီးခံခဲ့ရတဲ့ညက
လက်ကို သေနတ် ထိမှန်ထားခဲ့ပြီး စစ်ဆေးရုံမှာ
ဆေးကုသမှု ခံယူအပြီး တစ်ပတ်အတွင်းမှာ ပြစ်ဒဏ် ချမှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။
ဂျင်ဂလိနဲ့ လှမ်းချိန်တာ တွေ့လို့ဆိုပြီး ဖမ်းသွားတဲ့ နေ့ကတည်းကနေ ကနေ့အချိန်အထိ မိသားစုနဲ့
ဖုန်း နှစ်ကြိမ်သာအဆက်အသွယ် ရသေးတယ်လို့ အစ်မဖြစ်သူက ပြောပါတယ်။
မာရှယ်လော ကြေညာထားတဲ့ ဒီမြို့နယ် ၆ ခုမှာ စစ်တပ်အင်အား အလွန်အကျွံ
သုံးထားပြီး ဖမ်းဆီးခံထားရသူ အရေအတွက်ဟာလည်း သိသိသာသာ များလာနေတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ ပြောခွင့်ရသူတစ်ဦးက ပြောပါတယ်။
ရွှေပြည်သာနဲ့ လှိုင်သာယာ မြို့နယ် ၂ မြို့နယ်ထဲမှာတင် မတ်လ ၂၉ ရက်နေ့အထိ ဖမ်းဆီးခံထားရတဲ့အမှုပေါင်း
၃၆ မှု ရှိပြီး အဲဒီထဲကမှ ၃ မှုကိုသာ စစ်ခုံရုံးက
စစ်ဆေးပြီး ဖြစ်တယ်လို့ ဖမ်းဆီးခံထားရသူများအရေး လိုက်ပါဆောင်ရွက်ပေးနေတဲ့ "သင့်အတွက်ရှေ့နေများ အဖွဲ့"ထံက သိရပါတယ်။
တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ကတော့ လူ ၃၀၀၀ နီးပါး
ဖမ်းဆီးခံခဲ့ရပြီး သေဆုံးသူက လောလောဆယ် ၅၀၀ ကျော် ရှိနေပြီ ဖြစ်ပါတယ်။