ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အာဆီယံခေါင်းဆောင်တွေနဲ့တွေ့ဆုံဖို့ ကုလအထူးကိုယ်စားလှယ် စီစဉ်နေ
ထိပ်သီးဆွေးနွေးပွဲမတိုင်ခင် အာဆီယံခေါင်းဆောင်တွေနဲ့တွေ့ဆုံဖို့ ကုလအထူးကိုယ်စားလှယ် စီစဉ်နေ
တိုက်ရိုက် ထုတ်လွှင့်ချက်
ရန်ကုန်မြို့ညပိုင်း ပြင်းထန်တဲ့ပေါက်ကွဲသံကြားရ
ရန်ကုန်မြို့မှာ ည ၈ နာရီ ဝန်းကျင်က ပြင်းထန်တဲ့ ပေါက်ကွဲသံကို မြို့နယ်အတော်များများကနေ ကြားခဲ့ကြရပါတယ်။ ပေါက်ကွဲသံကို ကမာရွတ်၊ စမ်းချောင်း၊ ဗဟန်း၊ သုဝဏ္ဏ၊ သာကေတ၊ ဒေါပုံ၊ တာမွေစတဲ့ နေရာအနှံ့က ကြားကြရတယ်လို့ အဲဒီမှာ နေထိုင်သူတွေက ပြောပါတယ်။
ပေါက်ကွဲမှုဖြစ်တဲ့နေရာကို သိရှိအတည်ပြုနိုင်ဖို့ ကြိုးစားနေပါတယ်။
ကမာရွတ်မြို့နယ် ဂရန်းဟံသာဆေးရုံအနီး ပေါက်ကွဲမှု ဖြစ်တယ်ဆိုတဲ့ ပြောဆိုမှုတွေတော့ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပါတယ်။
ဒါ့အပြင် တခြား နေရာအချို့မှာပါ ပေါက်ကွဲမှုတွေရှိနေတယ်၊ ဗုံးတွေ့ရှိတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။
ဂျပန်ရောက်မြန်မာတွေ အမျိုးသားညီညွတ်ရေးအစိုးရကို ကြိုဆို၊ လှုပ်ရှားမှုတွေ ဆက်တိုက်လုပ်
ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီက အမျိုးသား ညီညွတ်ရေး အစိုးရ ဖွဲ့စည်းခြင်းနဲ့ ပတ်သက်လို့ ဂျပန်ရောက်မြန်မာနိုင်ငံသားတွေကလည်း ကြိုဆိုလိုက်ပါတယ်။
အဲဒီလို ဖွဲ့စည်းတာနဲ့ ပတ်သက်ပြီး ဧပြီ ၁၉ ရက် တနင်္လာနေ့ မွန်းလွဲ ၃ နာရီ ကနေ ၄ နာရီ နိုင်ငံခြားရေးရုံးရှေ့ NUG အမျိုးသားညီညွတ်ရေး အစိုးရကို ထောက်ခံကြောင်း နှင့် NUG ကို အသိအမှတ်ပြုရန် ဂျပန်အစိုးရကို တောင်းဆိုဆန္ဒထုတ်ဖော်ပွဲ ကျင်းပဖို့အတွက် စီစဥ်နေတယ်လို့လည်း ပြည်ထောင်စု မြန်မာနိုင်ငံသားများ အသင်း (ဂျပန်) က ဒါရိုက်တာ ဦးကျော်ကျော်စိုးက ပြောပါတယ်။
ဒါ့အပြင် လာမယ့် ဧပြီ ၂၅ ရက်မှာ NUG ထောက်ခံတာနဲ့ CRPH Support committee ဖွဲ့ရေး အတွက် အစည်းအဝေး လုပ်ဖို့လည်း ရှိတယ်လို့ ဆိုပါတယ်။ အဲဒါကို ဂျပန်က အကြီးဆုံး အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် RENGO ဌာနချုပ်မှာ ကျင်းပမှာ ဖြစ်ပါတယ်။
ဂျပန်ရောက် မြန်မာများက ဂျပန်နိုင်ငံခြားရေး ဝန်ကြီးဌာနကို မြန်မာ့အရေးနဲ့ ပတ်သက်ပြီး အာဏာသိမ်း စစ်ကောင်စီကို အားပေးတာမျိုးတွေ မလုပ်ဖို့နဲ့ စစ်အုပ်စုကို အသိအမှတ်မပြုဖို့တိုက်တွန်းထားပါတယ်။
ဂျပန်လွှတ်တော်ထဲမှာ အာဏာရ ပါတီဘက်ကရော အတိုက်အခံ အမတ်တွေထဲမှာပါ မြန်မာ့ ဒီမိုကရေစီရေးကို ထောက်ခံ အားပေးတဲ့ အဖွဲ့ ရှိပြီး သူတို့နဲ့ ဆက်သွယ်က မြန်မာ့ အရေးအတွက် ဂျပန် အစိုးရရဲ့ နိုင်ငံခြားရေး မူဝါဒတွေကို ပြန်သုံးသပ်တဲ့ အခါ ဖိအားပေးဖို့ လုပ်ထားကြောင်းဦးကျော်ကျော်စိုးက ပြောပါတယ်။
မြန်မာနိုင်ငံအတွင်းက လက်ရှိအခြေအနေတွေနဲ့ ပတ်သက်လို့ ဂျပန်လူမျိုးတွေ တော်တော်များများ သိရှိကြကြောင်းနဲ့ ဒီထက်ပိုပြီး စိတ်ဝင်တစား ရှိလာစေဖို့လည်း ကြိုးစား အသိပေးနေတယ်လို့ ပြောပါတယ်။
တခါ ဂျပန် အစိုးရကိုလည်း လက်မှတ်ထိုး ကမ်ပိန်းတွေ လုပ်ပြီး မြန်မာပြည်ကို အကူအညီပေးနေတာတွေကို ရပ်ဖို့နဲ့ လက်ရှိ ပေးနေတဲ့ အကူအညီတွေအပေါ် ပြန်လည် သုံးသပ်ဖို့ တောင်းဆိုတာတွေ ရှိတယ်လို့ ဆိုပါတယ်။
နောက်ပြီး ဂျပန် က International University of Japan မှာ စစ်တပ်က အရာရှိတွေကို သင်တန်းပေးနေတာတွေကို ရပ်ဆိုင်းဖို့လည်း တောင်းဆိုထားပါတယ်။ လက်ရှိတက်ရောက်နေတဲ့ စစ်အရာရှိ ၉ ယောက် ရှိပြီး Ph.D. တက်နေတာ ၂ ယောက်ရှိတယ်လို့ ဆိုပါတယ်။ ဂျပန်က ကာကွယ်ရေး တက္ကသိုလ်မှာလည်း တက်ရောက်နေသူ ၆ ယောက် ရှိကြောင်းလည်းသိရပါတယ်။
ဧပြီ ၈ ရက်ကInternational University of Japan ကို ဂျပန်ရောက်မြန်မာတချို့သွားရောက်ပြီး စစ်တပ်အရာရှိတွေကို သင်ကြားပို့ချပေးနေတာကို ရပ်ဆိုင်းဖို့ တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။
ဂျပန်နိုင်ငံ Niigata မြို့မှာတည်ရှိတဲ့ အဲဒီတက္ကသိုလ်က နှစ်တိုင်း JICA -LTT ဆိုတဲ့ Scholarship Program နဲ့ စစ်တပ်အရာရှိတွေကို ပညာသင်ဆုတွေပေးနေတဲ့ International University of Japan ကို Scholarship Programနဲ့ ပညာသင်ကြားခွင့်မပေးဖို့ အဲဒီတက္ကသိုလ်ရှိတာဝန်ရှိသူများတွေကို အိပ်ဖွင့်ပေးစာပေးပြီး Perfomance တွေ၊ ကြွေးကြော်သံတွေနဲ့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
ဂျပန်အစိုးရဘက်ကတော့ ဒီတောင်းဆိုချက်တွေနဲ့ ပတ်သက်လို့ စဥ်းစားနေတယ်လို့ သိရကြောင်း ပြောပါတယ်။ နောက်ပြီး လွှတ်တော်ကိုယ်စားပြု ကော်မတီ CRPH ကို ဘယ်လို သဘောထားသလဲ ဆိုတာနဲ့ အသိအမှတ်ပြုဖို့ပါ တောင်းဆိုထားကြပါတယ်။
လာမယ့် ဧပြီ ၁၈ ရက် တနင်္ဂနွေနေ့ ညနေ ၆ နာရီမှာလည်း ဂျပန် ဘုန်းတော်ကြီးတွေက မြန်မာနိုင်ငံအတွင်း စစ်အာဏာရှင် ဆန့်ကျင်တဲ့ နွေဦးတော်လှန်ရေးမှာ အသက်ဆုံးရှုံးခဲ့ရသူတွေအတွက် ဆုတောင်းပွဲ ကျင်းပသွားဖို့ ဂျပန်မြန်မာ ချစ်ကြည်ရေးအသင်းက စီစဥ်နေတယ်လို့ ဦးကျော်ကျော်စိုးက ဘီဘီစီကို ပြောပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရကို ပြင်သစ်ရောက်မြန်မာအဖွဲ့ကြိုဆို
ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြု ကော်မတီက အမျိုးသား ညီညွတ်ရေးအစိုးရ ဖွဲ့စည်းခြင်းနဲ့ ပတ်သက်လို့ ပြင်သစ်နိုင်ငံမှာ နေထိုင်နေကြတဲ့ မြန်မာနိုင်ငံသား တွေကလည်း ကြိုဆိုလိုက်ကြပါတယ်။
ပြင်သစ်ရောက်မြန်မာများအဖွဲ့ CBF က NUG အစိုးရသစ် ကိုနွေးထွေး လှိုက်လှဲစွာကြိုဆိုပါကြောင်း၊ ဒီလို ဖွဲ့စည်းနိုင်ခြင်းဟာ မြန်မာနိုင်ငံ ဖယ်ဒရယ် ဒီမိုကရေစီစနစ်ကို ဦးတည်ရာမှာ အရေးပါတဲ့ ခြေလှမ်းဖြစ်တယ်လိုလည်း သူတို့ ရဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။
မြန်မာပြည်ကြီး ပြန်လည် ငြိမ်းချမ်းရေးရရှိရန် NUG အစိုးရသစ်ကို ထောက်ခံဝန်းရံ သွားကြပါမယ်လို့ ဆိုပါတယ်။
CRPH က ထုတ်ပြန်ထားတဲ့ အစိုးရအဖွဲ့စာရင်းကို ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေအပြင် ပြင်သစ်အခြေစိုက် နိုင်ငံတကာသံရုံးတွေထံကို ပေးပို့ထားတယ်လို့လည်း သိရပါတယ်။
တောင်ကိုရီးယား ပေါ်စကိုကုမ္ပဏီ ဦးပိုင်နဲ့ ပူးပေါင်းမှုရပ်မယ်
တောင်ကိုရီးယားက Posco C&Cကုမ္ပဏီက မြန်မာစစ်တပ်ရဲ့ စီးပွားရေး လုပ်ငန်းတခု ဖြစ်တဲ့ မြန်မာ့စီးပွားရေး ဦးပိုင်ကုမ္ပဏီ လီမိတက် (MEHL)နဲ့ စီးပွားရေး ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုတွေ ရပ်ဆိုင်းတော့မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ လက စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြသူတွေကို စစ်တပ်က အကြမ်းဖက် ဖြိုခွဲနှိမ်နင်းမှုတွေကြောင့် စစ်တပ်နဲ့ ပတ်သက်နေတဲ့ လုပ်ငန်းတွေကို ဆက်မလုပ်ဖို့ တောင်းဆိုမှုတွေ ရှိနေတာကြေင့် တောင်ကိုရီးယား စတီးလ် ကုမ္ပဏီကြီး ဖြစ်တဲ့ Posco C&C က သူတို့ဟာ (MEHL)နဲ့ ဖက်စပ်လုပ်နေတဲ့ Myanmar Posco C&C Co., က (MEHL) ရဲ့ အစုရှယ်ယာ တွေအကုန်လုံးကို ဝယ်ယူလိုက်ကြောင်း ပြောပါတယ်။
Posco C&C ဟာ ၁၉၉၇ ခုနှစ်ကစပြီး မြန်မာနိုင်ငံမှာ စီးပွားရေး ဝင်ရောက်လုပ်ကိုင်ခဲ့တာ ဖြစ်ပြီး ၂၀၁၃ မှာ MEHL နဲ့ ဖက်စပ်ကုမ္ပဏီ ထူထောင်ပြီး သံမဏိ စျေးကွက်မှာ စတင် ဝင်ရောက်လုပ်ကိုင်ခဲ့တာ ဖြစ်ပါတယ်။ ဖက်စပ်ကုမ္ပဏီမှာ Posco C&C ဘက်က ၇၀ ရာခိုင်နှုန်း ပိုင်ဆိုင်ပြီးက (MEHL) ပိုင်တဲ့ ၃၀ ရာခိုင်နှုန်းကို ဒီနှစ် ပထမ ၆ လပတ်မှာပဲ ဝယ်ယူသွားမယ်လို့ ဆိုပါတယ်။
မြန်မာနိင်ငံမှာ စစ်အာဏာသိမ်းပြီး နောက်ပိုင်းမြန်မာစစ်တပ်နဲ့ ပတ်သက်ဆက်စပ်နေတဲ့ စီးပွးရေး လုပ်ငန်းတွေနဲ့ ဆက်လက်မလုပ်ကိုင်ဖို့ Poscoကုမ္ပဏီကို ဖိအားပေး တောင်းဆိုမှုတွေ ရှိနေခဲ့တာ ဖြစ်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရကို တအာန်းအဖွဲ့ TNLA ကြိုဆို
အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို ကြိုဆိုကြောင်းနဲ့ လိုအပ်တဲ့ အခန်းကဏ္ဍတွေမှာ လိုအပ်သလိုပူးပေါင်းဆောင်ရွက်ဖို့ ပြင်ဆင်ကြိုးစားမယ်လို့ တအာန်းအဖွဲ့ TNLA က ဗိုလ်မှူးချုပ် တာဘုန်းကျော်က သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။
ဒီနေ့ ထုတ်ပြန်လိုက်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ကို ဘယ်လိုစဉ်းစားချက်အခြေခံနဲ့ စုဖွဲ့ခြင်းဖြစ်ပါစေ ဖက်ဆစ်စစ်အာဏာရှင်ကို ဘယ်လိုနည်းနဲ့ မြန်မြန်ဖြုတ်ချနိုင်မလဲ ၊ ပြည်တွင်းစစ်ကို ဘယ်လိုအဆုံးသတ်အောင် လုပ်မလဲ၊ အဖက်ဖက်က ကျဆုံးနေတဲ့တိုင်းပြည်ကို ဘယ်လိုဦးဆောင် ထူထောင်မလဲ ဆိုတဲ့ အလုပ်တွေကို တကယ်လက်တွေ့ ဦးဆောင် လုပ်ဖို့လိုအပ်ကြောင်းလည်း သူက တိုက်တွန်းထားပါတယ်။
အခြေအနေအမျိုးမျိုးကြောင့် အစိုးရစုဖွဲ့မှုမှာ တိုက်ရိုက်မပါဝင်ပေမယ့် လိုအပ်တဲ့အခန်းကဏ္ဍမှာ လိုအပ်သလို ပူးပေါင်းလုပ်ဆောင်နိုင်အောင် ပြင်ဆင်ကြိုးစားနေပါမယ်လို့လည်း ဗိုလ်မှူးချုပ်တာဘုန်းကျော်က ရေးသားထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ဧပြီ ၁၆ ရက် ဒီကနေ့မှာကြေညာလိုက်ပြီး ထိန်းသိမ်းခံထားရတဲ့ သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့က ဦးဆောင်လာပါတယ်။
ဒုသမ္မတကတော့ ကချင်တိုင်းရင်းသား ဒူဝါလရှီးလဖြစ်ပြီး သမ္မတ တာဝန်တွေကိုဆောင်ရွက်ရမယ်လို့ ဦးမင်းကိုနိုင်က ကြေညာပါတယ်။ ဖက်ဒရယ် ဒီမိုကရေစီပဋိညာဉ်အရ အခုဖွဲ့စည်းလိုက်တဲ့ အစိုးရရဲ့ အဓိကအကျဆုံးဖြစ်တဲ့ ပြည်ထောင်စုဝန်ကြီးချုပ်ရာထူးကိုတော့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌဟောင်း မန်းဝင်းခိုင်သန်းက တာဝန်ယူမှာဖြစ်ပါတယ်။
ဝန်ကြီးဌာန ၁၁ ခုကို ဝန်ကြီး ၁၀ ဦးကိုင်တွယ်မှာဖြစ်ပြီး ဒေါက်တာဇော်ဝေစိုးက ကျန်းမာရေးနဲ့ ပညာရေးကို ပူးတွဲတာဝန်ယူမှာပါ။ အရေးပါတဲ့ ဝန်ကြီးဌာနအသစ်ဖြစ်တဲ့ ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာနကိုတော့ လူသိများတဲ့ချင်းတိုင်းရင်းသား ဒေါက်တာ လျန်မှုန်းဆာခေါင်းကို ခန့်အပ်ထားပါတယ်။
ပုသိမ်မှာ စစ်အာဏာသိမ်းပြီး တစ်လခွဲနီးပါးအတွင်း ကိုဗစ်လူနာသစ်တွေ့
ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ စစ်အာဏာသိမ်းမှုအပြီး တစ်လခွဲနီးပါးအတွင်း ကိုဗစ်နိုင်တင်းရောဂါ လူနာတစ်ဦးတွေ့ရှိခဲ့တယ်လို့ အဲဒီပိုးတွေ့လူနာကို ကိုဗစ်ကုသရေးစင်တာကို ကူညီပို့ပေးခဲ့တဲ့မြို့ခံလူမှုရေးအဖွဲ့က ပြောပါတယ်။
''လူနာက မီးရထားရဲတပ်ဖွဲ့က ဒုရဲအုပ်လို့ပြောတယ်။ သူနဲ့ ထိတွေ့သူ ၂ ယောက်က သူ့အမျိုးသမီးရယ်၊ သူ့ တပ်ဖွဲ့ဝင်လို့ ယူဆရတဲ့အမျိုးသား တစ်ယောက်ရယ်။ တောင်ပေါ်စစ်ဆေးရုံမှာ လူနာက ဆေးသွားကုတော့ ကိုဗစ်လက္ခဏာလည်းပြနေတော့ စဆေးစစ်တော့ ပေါ်တာ။ ကူးစက်ရောဂါဆို အဲဒီမှာထားလို့ အဆင်မပြေလို့ ကိုးသိန်းမှာ ဖွင့်ထားတဲ့ ယာယီကိုဗစ်ကုသရေးဆေးရုံကို လိုက်ပို့ဖြစ်တာ။ လူနာက အောက်စီဂျင်လည်း ကျနေတယ်'' လို့ ကူညီပေးခဲ့သူတစ်ဦးက ပြောပါတယ်။
အာဏာသိမ်းမှုအပြီး ပုသိမ်ပြည်သူ့ဆေးရုံကြီး ဝန်ထမ်းတွေ CDM ဝင်နေတာ၊ သံသယလူနာစောင့်ကြည့်စင်တာတွေ ဖျက်သိမ်းတာတွေကြောင့် စစ်ဆေးတပ်ဖွဲ့က ကိုဗစ်လူနာတွေဆက်ကြည့်ဖို့ အရင်က ကွာရန်တင်းစင်တာလုပ်ဖူးတဲ့ ကိုးသိန်း စာသင်ကျောင်းမှာ ကိုဗစ်ဆေးရုံ ဆက်ဖွင့်ထားတာပါ။
ပုသိမ်မှာ စစ်ကောင်စီအုပ်ချုပ်မှုကာလအတွင်း ပိုးတွေ့လူနာ ၁၅ ယောက်နီးပါး ပို့ပေးခဲ့ရတာမျိုးရှိခဲ့ပေမဲ့ အဲဒီနောက်ပိုင်း တစ်လခွဲနီးပါး အတွင်းမှာ ပိုးတွေ့လူနာသစ်ကို မနေ့ ဧပြီလ ၁၅ ရက်မှာ ပထမဆုံးပို့ခဲ့ရတာလို့ အကူအညီပေးရေးအဖွဲ့က ပြောပါတယ်။
ဒီ့အတိုင်ခင် စစ်အာဏာသိမ်းအစောပိုင်းကာလတွေတုန်းက ဆန္ဒပြပွဲတွေမှာ ၂ ရက်ဆက်တိုက်ပါခဲ့တဲ့ တရုတ်ကုန်းဘက်က ရေနံမြေဝန်ထမ်း ၇ ဦးနီးပါး ကိုဗစ်ပိုးတွေ့လို့ ကုသရေးစင်တာကို ပို့ခဲ့ရတာမျိုးလည်း ရှိတယ်လို့ အဲဒီအဖွဲ့က ပြောပါတယ်။
နမ္မတူမှာ တိုက်ပွဲရှောင် ၁၅၀၀ ကျော်အထိရှိလာ
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ္မတူမြို့နယ်အတွင်းမှာ မတ်လ ၂၈ရက်ကရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော်(SSPP/SSA)၊ တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)ပူးပေါင်းတပ်ဖွဲ့နဲ့ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)တပ်ဖွဲ့တို့ တိုက်ပွဲ စဖြစ်ချိန်ကနေ မနေ့ ဧပြီလ ၁၅ ရက်အထိ ဆိုရင် နေရပ်စွန့်ခွာတိုက်ပွဲရှောင်ပြည်သူ ၁၅၀၀ကျော် ရှိနေပြီလို့ မန်စံ ဆီလိန်းခမ်းလူမှုကူညီရေးအသင်းကပြောပါတယ်။
“လောလောဆယ်တိုက်ပွဲရှောင်တွေက နေရပ်ပြန်တာတွေရှိသလို ရွာအနီးအနားမှာ တိုက်ပွဲတွေဖြစ်နေသေးလို့ ထွက်ပြေးတိမ်းရှောင်လာတဲ့သူတွေလည်း ရှိနေပါသေးတယ်၊ တိုက်ပွဲရှောင်တွေအတွက် ဒေသခံအလှူရှင်နဲ့ တခြားနယ်က အလှူရှင်တွေ လာရောက်ထောက်ပံ့လှူဒါန်းတာရှိပေမယ့် တချို့ယာယီစခန်းတွေမှာ ရိက္ခာခြောက်နဲ့ ဟင်းသီးဟင်းရွက်တွေ မလုံလောက်ဘူးဖြစ်နေတယ်”လို့ အသင်းဆရာမ နန်းခမ်းမီးက ဆိုပါတယ်။
နမ္မတူမြို့နယ်အတွင်း တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ တိုက်ပွဲရှောင်ပြည်သူတွေက မန်စံ(မြောက်ကျောင်းနဲ့ ကမ္မဌာန်းကျောင်း)၊ ကောင်းဟုန်း၊ မန်မိုင်၊ တာပူနဲ့ ပန်သပြေရွာတွေမှာ ယာယီတိမ်းရှောင်နေကြရပြီး အိမ်ထောင်စုပေါင်း (၅၀၉)စုနဲ့ လူဦးရေပေါင်း (၁၅၀၂)ဦး ရှိတယ်လို့ သိရပါတယ်။
SSPP၊ TNLA ပူးပေါင်းတပ်ဖွဲ့နဲ့ RCSS တပ်ဖွဲ့တို့အကြား တိုက်ပွဲကြောင့် ပြီးခဲ့တဲ့ မတ်လ ၂၉ ရက်နဲ့ ဧပြီလ ၄ ရက်မှာ ပန်လုံကျေးရွာအုပ်စုထဲက နေအိမ် (၂၈)အိမ် မီးလောင်ခဲ့ပြီး ဧပြီလ ၆ ရက်မှာလည်း မန်လီကျေးရွာထဲက နေအိမ် ၄ အိမ်နဲ့ တဲ ၃ ခု မီးလောင် ပျက်စီးခဲ့တာအပြင် အိမ်မွေးတိရိစ္ဆာန် ဝက်တွေလည်းဆုံးရှုံးခဲ့ရတယ်လို့ တိုက်ပွဲရှောင်ပြည်သူတွေက ပြောပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရဖွဲ့စည်း
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ဧပြီ ၁၆ ရက် ဒီကနေ့မှာကြေညာလိုက်ပြီး ထိန်းသိမ်းခံထားရတဲ့ သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့က ဦးဆောင်လာပါတယ်။
ဒုသမ္မတကတော့ ကချင်တိုင်းရင်းသား ဒူဝါလရှီးလဖြစ်ပြီး သမ္မတ တာဝန်တွေကိုဆောင်ရွက်ရမယ်လို့ ဦးမင်းကိုနိုင်က ကြေညာပါတယ်။ ဖက်ဒရယ် ဒီမိုကရေစီပဋိညာဉ်အရ အခုဖွဲ့စည်းလိုက်တဲ့ အစိုးရရဲ့ အဓိကအကျဆုံးဖြစ်တဲ့ ပြည်ထောင်စုဝန်ကြီးချုပ်ရာထူးကိုတော့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌဟောင်း မန်းဝင်းခိုင်သန်းက တာဝန်ယူမှာဖြစ်ပါတယ်။
ဝန်ကြီးဌာန ၁၁ ခုကို ဝန်ကြီး ၁၀ ဦးကိုင်တွယ်မှာဖြစ်ပြီး ဒေါက်တာဇော်ဝေစိုးက ကျန်းမာရေးနဲ့ ပညာရေးကို ပူးတွဲတာဝန်ယူမှာပါ။ အရေးပါတဲ့ ဝန်ကြီးဌာနအသစ်ဖြစ်တဲ့ ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာနကိုတော့ လူသိများတဲ့ချင်းတိုင်းရင်းသား ဒေါက်တာ လျန်မှုန်းဆာခေါင်းကို ခန့်အပ်ထားပါတယ်။
ဒေါက်တာဆာဆာ လည်းအစိုးရအဖွဲ့မှာပါလာပြီး အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနကို တာဝန်ယူမှာဖြစ်ပါတယ်။ နိုင်ငံခြားရေးဝန်ကြီးဌာနကိုတော့ ဒေါ်ဇင်မာအောင်ပဲဆက်လက်ကိုင်တွယ်မှာဖြစ်ပါတယ်။
၂၀၁၅ ရွေးကောက်ပွဲတုန်းက ကာကွယ်ရေးဝန်ကြီးဦးဝေလွင်ကို နိုင်ခဲ့တဲ့ NLD အမတ်ဟောင်း ဦးရည်မွန်က ကာကွယ်ရေးဝန်ကြီးဖြစ်လာပါတယ်။ NLD အစိုးရလက်ထက်ဝန်ကြီးဟောင်းတွေထဲ ဒေါက်တာဝင်းမြတ်အေးတစ်ယောက်ပဲပြန်ပါလာပြီး လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန ရဲ့ ဝန်ကြီးဖြစ်ပါတယ်။
ခေတ္တဝန်ကြီးတွေဖြစ်တဲ့ ဦးလွင်ကိုလတ်က ပြည်ထဲရေးနဲ့လူဝင်မှုကြီးကြပ်ရေးဌာနတွေကို ကိုင်တွယ်မှာဖြစ်ပြီး ဦးတင်ထွန်းနိုင်က စီမံ၊ဘဏ္ဍာနဲ့ ရင်းနှီးမြှပ်နှံမှု ဝန်ကြီးဖြစ်ပါတယ်။
NLD အမတ် နော်ဆူဇန်နာလှလှစိုးက အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာ ဝန်ကြီးဌာန ဝန်ကြီးဖြစ်ပါတယ်။ အာဏာသိမ်းမှုကို တက်တက်ကြွကြွ ဆန့်ကျင်ခဲ့သူလူငယ်တစ်ဦးဖြစ်တဲ့ ဒေါ်အိသဉ္ဇာမောင်က ဒီဝန်ကြီးဌာနရဲ့ ဒုဝန်ကြီးဖြစ်ပါတယ်။ ဝန်ကြီးဌာနတွေမှာ ဒုတိယဝန်ကြီးတွေလည်း ခန့်အပ်ခဲ့ပြီး တိုင်းရင်းသားအများစုကိုတာဝန်ပေးထားတာတွေ့ရပါတယ်။
ဖမ်းဆီးခံ ရွာသာကြီးစီးပွားရေးတက္ကသိုလ်ကျာင်းသားသမဂ္ဂအဖွဲ့ဝင်တွေ အဆက်အသွယ် ပြတ်နေ
သင်္ကြန်အကြိုနေ့၊ ဧပြီလ ၁၃ ရက်တုန်းက ရန်ကုန်၊ တာမွေမြို့နယ်ထဲက တာမွေဈေးနားမှာ ဖမ်းဆီးခံလိုက်ရတဲ့ ရန်ကုန်စီးပွားရေးတက္ကသိုလ်(ရွာသာကြီးနယ်မြေ) ကျောင်းသားသမဂ္ဂဥက္ကဋ္ဌ ကိုခန့်သူအောင်၊ ဘဏ္ဍာရေးမှူး မယဉ်မြတ်နိုးဦး၊ ကိုမင်းဟိန်းခန့်၊ ကိုဖြိုးကျော့နိုင်တို့ ဘယ်မှာဖမ်းဆီးထိန်းသိမ်းခံထားရတယ်ဆိုတာ မသိရသေးဘူးလို့ အဖမ်းခံထားရသူတွေရဲ့ မိသားစုဝင်တစ်ဦးက ဘီဘီစီကို ပြောပါတယ်။
ဒီလူငယ်တွေဟာ အကြိုနေ့ အတာသပိတ်လှုပ်ရှားမှုလုပ်ဖို့ ထွက်လာချိန် သူတို့ စီးလာတဲ့ကားနဲ့အတူ ဖမ်းဆီးခံခဲ့ရတာလို့ မိသားစုဝင်တွေက အတည်ပြုပါတယ်။
အဖမ်းခံရတယ်ဆိုတဲ့သတင်းကို သူတို့သူငယ်ချင်းတွေထဲက တစ်ဦးဆီကနေရလို့ သက်ဆိုင်ရာ တာမွေနယ်မြေရဲစခန်းကို လိုက်စုံစမ်းပေမဲ့ စခန်းဘက်က ပြောခွင့်မရှိဘူးလို့ ပြန်ပြောခဲ့တာကြောင့် လက်ရှိမှာ ဒီ လူငယ်တွေကို ဘယ်မှာ ထိန်းသိမ်းထားလဲဆိုတာကို မသိရတဲ့အတွက် စိုးရိမ်တယ်လို့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။
အဖမ်းခံ လူငယ်တွေကို ၁၃ ရက်နေ့ညတွင်းချင်းမှာပဲ စစ်ကြောရေးကို ခေါ်သွားတယ်ဆိုတဲ့အသံကြားလို့ လိုက်စုံစမ်းခဲ့သလို ဖြစ်နိုင်ခြေရှိတဲ့ ရွှေပြည်သာ၊ အောင်သပြေ၊ ကိုးမိုင် စစ်ကြောရေးတွေကို လိုက်စုံစမ်းခဲ့ပေမဲ့ အဲဒီမှာရှိမနေဘူးဆိုတာပဲ သိရတယ်လို့ ဆိုပါတယ်။
အင်းစိန်အကျဉ်းထောင် သွားစုံစမ်းပေမဲ့ သင်္ကြန်ကာလဖြစ်လို့ လူအဝင်မရှိဘူးလို့ဆိုတဲ့ပြောစကားပဲ သိရှိခဲ့ရတယ်လို့ မိသားစုဝင် တစ်ဦးက ပြောပါတယ်။
''ခုက ဘာသတင်းမှကို မကြားရတာ။ စစ်ကြောရေးရောက်ရင် သာဓကတွေကလည်းရှိနေတယ်လေ။ နောက်ဆုံး ဖုန်းဆက်ပြီးတော့ တခုခုမှ လာပြီးတော့ ယူပါတို့ ဘာတို့။ အဲဒါမျိုးကြီးဖြစ်မှာကို လက်မခံနိုင်ဘူး။ သူတို့ အရေးစိုးရိမ်လို့ ငဲ့တွက်ပြီး အခုမှ ထုတ်ပြောရတာ'' လို့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။
စစ်တပ်က အာဏာသိမ်းတဲ့ ဖေဖော်ဝါရီလ ၁ ရက်ကစလို့ ဖမ်းဆီးခံရသူ၊ ထောင်ဒဏ်ချမှတ်ခံရသူ လူပေါင်း ၃၁၅၀ ကျော်ရှိနေပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ပြောထားပြီး အဲဒီထဲ မြန်မာနိုင်ငံတဝန်းကဆန္ဒပြတက္ကသိုလ်ကျောင်းသားကျောင်းသူတွေနဲ့သမဂ္ဂအဖွဲ့ဝင်တွေလည်း ပါ၀င်နေပါတယ်။
ကချင်လူငယ်တွေရဲ့ ဝမ်းနည်းခြင်းသပိတ်
ကချင်ပြည်နယ်ထဲက နမ္မတီးမြို့နဲ့ မိုးကောင်းမြို့တွေမှာတော့ လူငယ်တွေက ဦးဆောင်တဲ့ ဝမ်းနည်းခြင်းသပိတ်တွေကို ဒီနေ့ ဧပြီလ ၁၆ ရက် သင်္ကြန်အတက်နေ့မှာ ပြုလုပ်သွားပါတယ်။
စစ်တပ်က အာဏာသိမ်းတဲ့ ဖေဖော်ဝါရီလ ၁ ရက်နောက်ပိုင်း စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲတွေ ပစ်ခတ်ဖြိုခွင်းခံရချိန် သေဆုံးခဲ့ရတဲ့အရပ်သားတွေအတွက် ဝမ်းနည်းကြောင်းဖော်ပြဖို့ စစ်ကောင်စီလက်အောက်က သင်္ကြန်မှာ မပါ၀င်ဘဲ ဆန္ဒပြဖို့အင်္ကျီအနက်တွေဝတ်ပြီး ကချင်လူငယ်တွေ ဒီနေ့ဆန္ဒပြကြတာပါ။
ဒါ့ပြင် ပြည်နယ်မြို့တော် မြစ်ကြီးနားမှာလည်း ခါတိုင်းနှစ်တွေ သင်္ကြန်ကာလတွေမှာ ရေကစားသူတွေနဲ့စည်းကားနေတဲ့ နေရာတွေဟာ ခြောက်ကပ်တိတ်ဆိတ်နေပါတယ်။
မြစ်ကြီးနားလူငယ်တွေကတော့ ဒီနှစ်သင်္ကြန်ဟာ သူတို့အတွက် စစ်အာဏာရှင်ဆန့်ကျင်ရေး တော်လှန်သင်္ကြန်ဆိုပြီး ပြောဆိုထားပါတယ်။
မြင်းခြံက ညလုံးပေါက် ပစ်ခတ်မှု လူသေဆုံးမှုရှိ
မန္တလေးတိုင်းဒေသကြီးထဲက မြင်းခြံမြို့မှာ မနေ့ ဧပြီလ ၁၅ ရက်ညပိုင်းက စစ်ကောင်စီတပ်တွေက ရပ်ကွက်တွေထဲ ညလုံး ပေါက်ပစ်ခတ်မှုတွေရှိခဲ့ပြီး လူသေဆုံးမှုလည်းရှိတယ်လို့ မြို့ခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ လူထုက အခုအခံအဟန့်အတားလုပ်ထားတဲ့ အမှတ် ၆ ရက်ကွက်ထဲအပြင် အမှတ် ၁၊ အမှတ် ၂ ရပ်ကွက်တွေနဲ့ မြို့အခေါ် မိန်းလမ်းမကြီးဖြစ်တဲ့ ဗိုလ်ချုပ်လမ်းပေါ်မှာ မနေ့ည တညလုံးနီးပါး ပစ်ခတ်ခဲ့တာလို့ မြို့ခံတွေက ပြောပါတယ်။
ကားကြီးကွင်းမှာလည်း အသံဗုံးတွေ ဖောက်၊ ကျည်အစစ်တွေနဲ့ပစ်ခတ်ခဲ့လို့ ကျည်ခွံတွေ ကောက်ရထားတယ်လို့ အနီးနားနေထိုင်သူတွေက ပြောပါတယ်။
မနေ့ည ပစ်ခတ်မှုမှာ အမှတ် ၆ ရပ်ကွက်ထဲက အမျိုးသားတစ်ဦးနဲ့ နောက်ထပ်အမျိုးသားတစ်ဦး စုစုပေါင်း ၂ ဦးသေဆုံးတယ်ဆိုတဲ့သတင်း မြို့ခံတွေကြား ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေပေမဲ့ ဘီဘီစီက သီးခြားအတည်ပြုနိုင်ဖို့ ကြိုးစားနေပါတယ်။
မြင်းခြံမှာ မနေ့ ဧပြီလ ၁၅ ရက် နေ့လယ်ပိုင်းကလည်း စစ်ကောင်စီတပ်တွေ ပစ်ခတ်လို့ အသက် ၂၀ ကျော်အရွယ် အမျိုးသားတစ်ဦးသေဆုံးခဲ့ပါတယ်။
အခုဆို စစ်တပ်က အာဏာသိမ်းအပြီးကတည်းက မြင်းခြံမှာ စစ်ကောင်စီတပ်တွေကြောင့် သေဆုံးတဲ့ အရပ်သား ၂၀ ကျော် ရှိလာပြီ ဖြစ်ပါတယ်။
ကလေးစစ်သားစုဆောင်းနေလို့ အိန္ဒိယဘက်ထွက်ပြေးလာရတယ်လို့ ပြောသူတွေရှိ
အာဏာသိမ်း စစ်ကောင်စီရဲ့ ရန်က လွတ်အောင် အိန္ဒိယ နိုင်ငံထဲထိ ထွက်ပြေး ခိုလှုံလာကြတဲ့ ထောင်နဲ့ချီတဲ့ မြန်မာ ဒုက္ခသည်တွေထဲမှာ မိဘအုပ်ထိန်းသူတွေမပါတဲ့ အသက်မပြည့်သေးတဲ့ ကလေးသူငယ်တွေလည်း ပါ၀င်နေတာ တွေ့မြင်ခဲ့ရတယ်လို့ ဗြိတိန် သတင်းဌာနတစ်ခု ဖြစ်တဲ့ ITV က ပြောပါတယ်။
အဲဒီထဲက တချို့ဟာ မြန်မာစစ်တပ်က တပ်သားသစ်တွေ စုဆောင်းနေတဲ့အတွက် ကိုယ့်ရပ်ရွာမှာ မနေရဲပဲ ပြေးလာကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။
အသက် ၁၃ နှစ်နဲ့ ၁၅ နှစ် အရွယ် ညီအစ်ကို နှစ်ယောက်ကို ITV က မေးမြန်းတဲ့အခါ ရွာမှာ စစ်သားတွေက သူတို့အရွယ်တွေကို ညအခါ လာပြီး ဖမ်းခေါ်တာတွေ လုပ်နေတဲ့ အတွက် ထွက်ပြးခဲ့ရတာလို့ ဖြေကြပါတယ်။
မြန်မာ စစ်တပ်ဟာ ကလေးစစ်သား အသုံးပြုခြင်းနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ နာမည်ပျက်စာရင်းထဲ ပါ၀င်ခဲ့ပေမယ့် နောက်ပိုင်းနှစ်တွေမှာ ကလေးစစ်သားတွေ ထောင်ဂဏန်း အိမ်ပြန်လွှတ်တာမျိုးတွေ ပြုလုပ်လာခဲ့ပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း အိန္ဒိယဘက် ခိုလှုံလာကြတဲ့ မြန်မာတွေထဲ စစ်ကောင်စီ အမိန့်ကို မနာခံပဲ ပြေးလာကြတဲ့ ရဲတွေ ၊ မီးသတ်တွေ ပါ၀င်ပါတယ်။
ဒါ့အပြင် ရိုက်တာသတင်းရဲ့ နောက်ဆုံး ဖော်ပြချက်အရ၊ ၂၀၂၀ ရွေးကောက်ပွဲ နိုင် အမတ် တချို့လည်း အဲဒီမှာ ရှိနေတယ်လို့ ဆိုပါတယ်။
မြန်မာအရေး အာဆီယံ အရေးပေါ် အစည်းအ၀ေးလုပ်ဖို့ နေရာ၊ ရက်စွဲ သတ်မှတ်နိုင်ပြီ
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းခံရတဲ့ အရေးကိစ္စနဲ့ ပတ်သက်ပြီး အာဆီယံ ထိပ်သီး ဆွေးနွေးပွဲ ကျင်းပမယ့် နေ့ရက်နဲ့ နေရာ သတ်မှတ် နိုင်ပြီလို့ နားလည်ရပါတယ်။
ဒေသတွင်း သံတမန် အသိုင်းအ၀ိုင်းထဲက သတင်းရင်းမြစ်တွေရဲ့ အဆိုအရ အွန်လိုင်း ဗီဒီယို ကနေ တဆင့် မဟုတ်ပဲ ခေါင်းဆောင်တွေ လူချင်း တွေ့ဆုံကြမယ့် မြန်မာ့အရေး ထိပ်သီးဆွေးနွေးပွဲကို အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တော်မှာ ရှိတဲ့ အာဆီယံ အတွင်းရေးမှူးချုပ်ရုံး အဆောက်အဦးမှာ လာမယ့် ဧပြီလ ၂၄ ရက်နေ့ကျရင် ကျင်းပဖို့ စီစဥ်ထားပါတယ်။
အခုလို အတိတကျ အချိန်၊ နေရာတွေ ထွက်လာဖို့ အာဆီယံ ခေါင်းဆောင်တွေကြား သီတင်းတစ်ပတ်ကြာ အချိန်ယူ ညှိနှိုင်းခဲ့ပြီးတဲ့နောက်၊ အလှည့်ကျဥက္ကဌ ဘရူနိုင်း ဆူလ်တန်ဘုရင် ဟာဆန်နာ ဘိုလ်ကီယားက အပြီးသတ် ဆုံးဖြတ်ချက် ချပေးခဲ့တာ ဖြစ်ပါတယ်။
ဒီ အစည်းအ၀ေးကို အာဆီယံ နိုင်ငံ အားလုံးရဲ့ ခေါင်းဆောင်တွေကို ဖိတ်ကြားမယ်လို့ ဆိုတဲ့အတွက် မြန်မာ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်လည်း တက်ရောက်လာမလား ဆိုတာ စောင့်ကြည့်ရဖို့ ရှိပါတယ်။
စစ်ကောင်စီဘက်ကတော့ မြန်မာ့အရေး အရေးပေါ် ဆွေးနွေးပွဲလို့ ခေါ်နိုင်တဲ့ ဒီ အာဆီယံ ထိပ်သီးဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး တစုံတရာ ထုတ်ပြန်တာမျိုး မတွေ့ရသေးပါဘူး။
ထိုင်း PBS World သတင်းဌာနရဲ့ အဆိုအရ တော့ မြန်မာဘက်က ဘရူနိုင်းမှာ ဆွေးနွေးပွဲ လုပ်သင့်တယ်လို့ အစောပိုင်းတုန်းက ပြောခဲ့ပြီး၊ အင်ဒိုနီးရှားကို လာဖို့ နောက်ပိုင်းမှ သဘောတူခဲ့တာလို့ ဆိုပါတယ်။
မြန်မာ အာဏာသိမ်း စစ်ခေါင်းဆောင် တကယ်တမ်း တက်မယ်ဆိုရင်၊ ၂၀၂၀ ရွေးကောက်ပွဲက တဆင့် တရား၀င်မှု ရယူကြောင်း ကြေညာထားတဲ့ CRPH အဖွဲ့ရဲ့ အခန်းကဏ္ဍကိုရော ဒီ အာဆီယံ ဆွေးနွေးပွဲမှာ တွေ့မြင်ရမှာလား ဆိုတာ ရှင်းရှင်းလင်းလင်း မသိရပါဘူး။
မန္တလေး ဆူးလေ ဗလီဝင်းအတွင်း က ကြေကွဲစရာ အဖြစ်အပျက်
သပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင် ဖမ်းဆီးခံရတာက မုံရွာသပိတ် အပေါ် ဘယ်လိုသက်ရောက်မလဲ
စစ်အာဏာသိမ်းမှုနဲ့ ပတ်သက်နေသူတွေကို ဥရောပသမဂ္ဂ ထပ်မံပိတ်ဆို့အရေးယူမယ်
ဥရောပသမဂ္ဂက မြန်မာနိုင်ငံအတွင်း ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုနဲ့ ဆက်စပ်နေတဲ့ နောက်ထပ် လူ ၁၀ ဦးနဲ့ မြန်မာ စစ်တပ်ရဲ့ စီးပွားရေးလုပ်ငန်း၂ ခုကို ပိတ်ဆို့အရေးယူမှုတွေ ချမှတ်သွားဖို့ သဘောတူလိုက်ပြီလို့ အီးယူ သံတမန် ၂ ဦးက ပြောပါတယ်။
မြန်မာစစ်တပ်ကို အဓိက ဝင်ငွေ ရှာပေးနေတဲ့ စီးပွားရေး ကုမ္ပဏီကြီး ၂ ခု အပေါ် ပြဋ္ဌာန်း ချမှတ်မယ့် ပိတ်ဆို့ အရေးယူမှုတွေဟာ လာမယ့် သီတင်းပတ်အတွင်းမှာပဲ စတင်သက်ဝင်လာမှာ ဖြစ်တယ်လို့ အီးယူ သံတမန်တွေက ဆိုပါတယ်။
အီးယူအနေနဲ့ မြန်မာနိုင်ငံမှာ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ အစိုးရကို စစ်တပ်က အာဏာသိမ်းယူပြီးနောက်မှာ ပြီးခဲ့တဲ့ လအတွင်းက မြန်မာစစ်တပ်ကို လက်နက်ရောင်းချမှု ပိတ်ပင်တာနဲ့ စစ်တပ်အရာရှိကြီး ၁၁ ဦးကို ပစ်မှတ်ထား အရေးယူတာတွေ လုပ်ခဲ့ပြီး နောက်ဆက်တွဲအဖြစ် စီးပွားရေး ကုမ္ပဏီကြီး ၂ ခုကို ပါအရေးယူလိုက်တာ ဖြစ်ပါတယ်။ ဒါဟာ မြန်မာစစ်အာဏသိမ်းမှုနဲ့ ပတ်သက်လို့ အီးယူဘက်က ပြင်းပြင်းထန်ထန် ထပ်မံတုံ့ပြန်လိုက်တာလည်း ဖြစ်ပါတယ်။
လူ ၁၀ ယောက်နဲ့ လုပ်ငန်း ၁၀ ခုကို အရေးယူဖို့ သဘောတူညီထားပြီး ဖြစ်ကြောင်း စစ်တပ်နဲ့ ဆက်စပ်နေတဲ့ ဘယ်အဖွဲ့တွေကို အရေးယူမလဲ ဆိုတာဆွေးနွေးခဲ့ကြအပြီး လုပ်ငန်း ၂ ခုကို အရေးယူဖို့ သဘောတူခဲ့ကြတာဖြစ်ကြောင်း သံတမန်တဦးက ပြောပါတယ်။
အီးယူအဖွဲ့ဝင် ၂၇နိုင်ငံ သံတမန်တွေ သဘောတူခဲ့ကြတာ ဖြစ်တယ်လို့ ကျန်သံတမန်က ပြောပါတယ်။
ပြီးခဲ့တဲ့ မတ်လ အတွင်းကလည်း အီးယူက မြန်မာ့ စီးပွားရေး ဦးပိုင်နဲ့ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း တို့ကို ပစ်မှတ်ထားဖွယ်ရှိတယ်လို့ ပြောထားပြီး အီးယူနိုင်ငံတွေက ရင်းနှီးမြှုပ်နှံသူတွေနဲ့ ဘဏ်လုပ်ငန်းတွေကို စီးပွားရေး ဆက်သွယ်ဆောင်ရွက်မှုတွေ မလုပ်ဖို့ ပိတ်ပင်ခဲ့ပါတယ်။ လူ့အခွင့်အရေး အဖွဲ့တွေကလည်း ဒီကုမ္ပဏီတွေကို ပိတ်ဆို့အရေးယူဖို့ တောင်းဆိုနေကြတာဖြစ်ပါတယ်၊။
အခု ကိစ္စနဲ့ ပတ်သက်လို့အသေးစိတ် အချက်အလက်တွေ ထွက်မလာသေးပါဘူး။ အီးယူဘက်ကလည်းမှတ်ချက်ပေး ပြောကြားတာမရှိသလို အီးယူ ဆိုင်ရာ မြန်မာကိုယ်စားလှယ်တွေကိုလည်း ဆက်သွယ်လို့ မရခဲ့ပါဘူး။
လာမယ့် သီတင်းပတ်အတွင်းမှာ ပိတ်ဆို့ အရေးယူမှုတွေနဲ့ အရေးယူခံရသူတွေရဲ့ အမည်စာရင်းကို ကြေညာသွားဖို့ ရှိတယ်လို့ ခန့်မှန်းရပါတယ်။
ငွေသားလိုအပ်သူတွေကို အကျိုးအမြတ်ယူ ဝန်ဆောင်မှုပေးနေတာတွေကို အရေးယူမယ်လို့ ဗဟိုဘဏ်ကြေညာ
ဘဏ်တွေမှာ ငွေထုတ်ရခက်ခဲမှုတွေ ရှိနေတာကြောင့် အရေးပေါ် ငွေသားလိုအပ်နေသူတွေက ငွေသားထုတ်ပေးသူတွေကို ရာခိုင်နှုန်း ပိုပေးပြီး ငွေထုတ်ယူနေတဲ့ ငွေလွှဲပြောင်းမှု ဝန်ဆောင်မှုသစ် တစ်ခုဖြစ်ပေါ်နေပါတယ်။
အဲဒီလို အကျိုးအမြတ်ယူ လုပ်ဆောင်နေသူတွေဟာ ဗဟိုဘဏ် ဥပဒေ နဲ့ ငြိစွန်းနေတာကြောင့် အရေးယူမယ်လို့ ဒီကနေ့ ဗဟိုဘဏ်က ကြေညာခဲ့ပါတယ်။
အဲဒီကြေညာချက်မှာ ဗဟိုဘဏ်က ထုတ်ပေးတဲ့ ငွေစက္ကူကို အကျိုးအမြတ်အလို့ငှာ ရောင်းဝယ်ဖောက်ကား ဆောင်ရွက်ခြင်းဟာ ဗဟိုဘဏ်ဥပဒေရဲ့ တားမြစ်ထားတဲ့ ပုဒ်မ ၉၉ နဲ့ ငြိစွန်းနေလို့ မလိုက်နာရင် အရေးယူမယ်လို့ ဆိုပါတယ်။
ဗဟိုဘဏ်ဥပဒေ ပုဒ်မ ၉၉ မှာတော့ အခုလိုဖော်ပြထားပါတယ်။
“ မည်သူမျှ ဗဟိုဘဏ်၏ ခွင့်ပြုချက်မရရှိဘဲ အောက်ပါတို့ကို မပြုလုပ်ရ-
(က) ငွေစက္ကူ သို့ မဟုတ် ဒင်္ဂါးတစ်ခုခုကို ဖြတ်တောက်ခြင်း၊ ဆုတ်ဖြဲခြင်း သို့မဟုတ် အခြားတစ်နည်းနည်းဖြင့် ပုံသဏ္ဌာန်ပျက်ယွင်းအောင် ပြုလုပ်ခြင်း၊
(ခ) ငွေစက္ကူကိုဖြစ်စေ၊ ဒင်္ဂါးကိုဖြစ်စေ အကျိုးအမြတ်ရယူလိုခြင်းငှာ ရောင်းဝယ်ဖောက်ကားခြင်း။”
ဗဟိုဘဏ်ရဲ့ အဲဒီကြေညာချက်ထဲမှာ အဲဒီလို အကျိုးအမြတ်ယူ လုပ်ဆောင်နေတာကို လုပ်ငန်းရှင်တချို့က လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။ လုပ်ငန်းရှင်တချို့ဟာ ဘဏ်တွေမှာ ငွေသားလာမအပ်ဘဲ လက်ဝယ်ငွေသားထားရှိပြီး ငွေသားလိုအပ်ချက်ရှိသူတွေနဲ့ ချိတ်ဆက်ပြီး ရာခိုင်နှုန်းတစ်ခု အကျိုးအမြတ်ရယူ ဆောင်ရွက်နေတာ ဖြစ်တယ်လို့လည်း ပါရှိပါတယ်။
- ငွေအပိုယူပြီး ဘဏ်ကနေ ငွေထုတ်ပေးတဲ့ ဝန်ဆောင်မှုသစ် ပေါ်နေ
- ငွေထုတ်မှုတွေ ကန့်သတ်လာတဲ့ ဗဟိုဘဏ်နဲ့ အကျိုးဆက်တွေ
ပုဒ်မ ၉၉ ကို ဖောက်ဖျက်မှုနဲ့ ပတ်သက်ပြီး အရေးယူမှု ပုဒ်မ ၁၀၃ မှာတော့ " မည်သူမဆို ပုဒ်မ ၉၉ ပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်း ခံရလျှင် ထိုသူကို ငွေဒဏ်ဖြစ်စေ၊ နှစ်နှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။ ထို့ပြင် ပြစ်မှုနှင့် သက်ဆိုင်သည့် သက်သေခံ ပစ္စည်းများကိုလည်း ပြည်ထောင်စုဘဏ္ဍာအဖြစ် သိမ်းဆည်းရမည်" လို့ ဖော်ပြထားပါတယ်။
မုံရွာသပိတ်ခေါင်းဆောင် အဖမ်းခံရမှု အမေရိကန်သံရုံးထုတ်ပြန်
မြန်မာဆရာဝန်တွေ ယူကေဆေးကုသခွင့်လိုင်စင်ရဖို့ မြန်မာဆေးကောင်စီရဲ့ ထောက်ခံစာမလိုတော့ဘူးလို့ဆို
မြန်မာနိုင်ငံကနေ ယူကေနိုင်ငံကို လာရောက်ကြဖို့ ရှိတဲ့ဆရာဝန်တွေအတွက် ယူကေမှာ ဆေးကုသမှု လိုင်စင် လျှောက်ထားတဲ့ အခါမှာ မြန်မာနိုင်ငံ ဆေးကောင်စီ Myanmar Medical Council ရဲ့ပြစ်မှုကင်းရှင်း စာရိတ္တကောင်းကြောင်း Certificate of Good Standing မလိုအပ်တော့ဘူးလို့ ယူကေက General Medical Council က ပြောတဲ့ အကြောင်း ယူကေအခြေစိုက် မြန်မာဆရာဝန်ကြီးတစ်ဦးဖြစ်တဲ့ ဒေါက်တာ သက်ကိုကိုက ဘီဘီစီကို ပြောပါတယ်။
အရင်က ယူကေမှာ ဆေးကုသမှုရဖို့အတွက် လိုင်စင်လျှောက်တဲ့အခါမှာ အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်မှု နဲ့ အတူ ဗြိတိန်က General Medical Councilစာမေးပွဲ တခုနဲ့ သက်ဆိုင်ရာ ဘာသာရပ်အလိုက် အောင်မြင်မှု ရှိဖို့ လိုအပ်မှာ ဖြစ်ပေယ့် အခုတော့ မြန်မာပြည်မှာ မြန်မာဆေးကောင်စီဟာ စစ်အာဏာရှင်ဘက်ကနေ ဆရာဝန်တွေကို နှိပ်ကွပ်နေတာ တွေ့ရတဲ့ အတွက် အခုဒီ မြန်မာနိုင်ငံ ဆေးကောင်စီ Myanmar Medical Council ရဲ့စာရိတ္တ ကောင်းကြောင်း Certificate of Good Standing ထောက်ခံစာကို မလိုအပ်တော့ဘူးလို့ သတ်မှတ်ခဲ့တာ လို့ ဒေါက်တာ သက်ကိုကိုက ပြောပါတယ်။
- တိမ်းရှောင်နေရတဲ့ CDM ဆရာဝန်တွေနဲ့ စစ်ကောင်စီအောက်က ကျန်းမာရေးစနစ်
မြန်မာနိုင်ငံ ဆေးကောင်စီ Myanmar Medical Council ရဲ့စာရိတ္တ ကောင်းကြောင်း Certificate of Good Standing အစား အရင်ကိုယ်နဲ့ အလုပ်လုပ်ဖူးသူ ဆရာသမား ဖြစ်တဲ့ ဆရာဝန် ဆရာဝန်မကြီးတွေရဲ့ အကျင့်စာရိတ္တ ကောင်းမွန်ကြောင်း၊ လူနာတွေကို ကောင်းကောင်းမွန်မွန် ပြုစုစောင့်ရှောက်ကြောင်းနဲ့ ဘာသာရပ်အလိုက် တတ်ကျွမ်း နားလည်သူဖြစ်ကြောင့်း ထောက်ခံစာ ပါရင် ယူကေမှာ General Medical Councilရဲ့ ဆေးကုသခွင့် လိုင်စင် လျှောက်ထားနိုင်ပြီ ဖြစ်တယ်လို့ ဆိုပါတယ်။