ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အာဆီယံခေါင်းဆောင်တွေနဲ့တွေ့ဆုံဖို့ ကုလအထူးကိုယ်စားလှယ် စီစဉ်နေ
ထိပ်သီးဆွေးနွေးပွဲမတိုင်ခင် အာဆီယံခေါင်းဆောင်တွေနဲ့တွေ့ဆုံဖို့ ကုလအထူးကိုယ်စားလှယ် စီစဉ်နေ
တိုက်ရိုက် ထုတ်လွှင့်ချက်
ရန်ကင်း ထွေအုပ်ရုံးကို ဗုံးပစ်တိုက်ခိုက်၊ ဒဏ်ရာရသူတချို့ရှိ
ရန်ကင်းလမ်းမကြီးနဲ့ ရန်အောင်လမ်းသွယ် ၆ လမ်း ထောင့်နားမှာ ရှိတဲ့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးထဲကို ဒီကနေ့ နေ့လယ် ၂ နာရီကျော်လောက် မှာ ဗုံးနဲ့ပစ်ပြီး တိုက်ခိုက်တာ ဖြစ်ခဲ့ပြီး အဲဒီရုံးမှာ တပ်စွဲနေတဲ့ စစ်ကောင်စီ စစ်တပ်က တပ်ဖွဲ့ဝင်တွေ အထိအခိုက် ရှိခဲ့ပါတယ်။
“အုန်း၊ အုန်း၊ အုန်း ဆိုပြီး ၃ ချက် ကြားလိုက်ရတယ်၊ အသံက အကျယ်ကြီး၊ ဒါ အသံဗုံး မဟုတ်ဘူး၊ ဗုံးပဲလို့ သိလိုက်တယ်”လို့ ဒေသခံတစ်ယောက်က ဘီဘီစီကို ပြောပါတယ်။
အဲဒီနောက်ပိုင်း စစ်တပ်က သေနတ်ဖောက်တာတွေ ရှိခဲ့ပါတယ်။
ဗုံးနဲ့ပစ်သွားသူကို ကမန်းကတန်းနဲ့ ပြေးထွက်လိုက်ကြတဲ့အတွက် ထွက်လိုက်တဲ့ စစ်သားတွေဟာ သေနတ်တွေ ဆွဲပြီး တစ်ချို့ဆို ယူနီဖောင်းတောင်မဝတ်နိုင်ပဲ ပုဆိုးတွေ၊ စွပ်ကျယ်ဝတ်တွေနဲ့ သေနတ်တွေဆွဲပြီး ထွက်လိုက်ကြတာကို ဒေသခံတွေ မြင်လိုက်ကြရပါတယ်။
ခဏကြာတော့ အရေးပေါ် လူနာတင်ကား ၂ စီးရောက်လာခဲ့ပြီး ထိခိုက်သူ အနည်းဆုံး ၂ ယောက်ကို ကားပေါ်တင်သွား ကြတယ်လို့ ဆိုပါတယ်။
အွန်လိုင်းဆိုရှယ်မီဒီယာမှာ ပြန့်နေတဲ့ သတင်းတစ်ချို့ကတော့စစ်တပ်က အရာခံဗိုလ် တစ်ယောက်သေဆုံးပြီး၊ ၃ ယောက် ဒဏ်ရာရသွားတယ်လို့ ရေးနေကြပေမဲ့ ဘီဘီစီ အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
စစ်အာဏာသိမ်းပြီးနောက် စစ်တပ်က တပ်ဖွဲ့ဝင် ၂၀ ကျော်လောက် အဲဒီမှာ တပ်စွဲ လာနေနေတာပါ။
အခု လက်ပစ်ဗုံးတွေနဲ့ လာပစ်တာကို ဘယ်သူတွေက လုပ်ခဲ့လဲ ဆိုတာတော့ မသိရသေးပါဘူး။
စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ အကြမ်းဖက်ဖြိုခွင်း ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် ရန်ကုန်အပါအဝင် မြန်မာပြည် အနှံ့အပြားက လူထုအတွင်း ရဲနဲ့ စစ်တပ်အပေါ် မကျေနပ်တာတွေက အကြီးအမားနဲ့ ရှိနေပါတယ်။
မူးယစ်ဆေးမှုနဲ့ထောင်ကျနေတဲ့မြန်မာတိုင်းစ်သတင်းစာပူးတွဲတည်ထောင်ခဲ့သူ သြစတေးလျသားလည်း ပြန်လွတ်လာ
စစ်ကောင်စီက မြန်မာနှစ်ဆန်း လွတ်ငြိမ်းချမ်းသာခွင့်ပေးသူ အကျဉ်းသူအကျဉ်းသား သောင်းချီထဲ သြစတေးလျနိုင်ငံသား ထုတ်ဝေသူ Ross Dunkley လည်း ပါဝင် လွတ်မြောက်လာတယ်လို့ ဆစ်ဒနီမနက်ခင်းသံတော်ဆင့်သတင်းဌာနက သတင်းဖော်ပြပါတယ်။
မစ္စတာ ဒန်ကလေဟာ မူးယစ်ဆေးဝါးအမှုတွေနဲ့ ၂၀၁၉ ခုနှစ်ကတည်းက ထောင်ဒဏ် ၇ နှစ် ကျခံနေရတာဖြစ်ပြီး ဒီနေ့မှာ လွတ်ငြိမ်းခွင့်နဲ့ပြန်လွတ်လာတယ်ဆိုတဲ့အကြောင်း သူ့ဇနီးဟောင်းက အတည်ပြုတယ်လို့ သတင်းမှာဖော်ပြပါတယ်။
သူဟာ မြန်မာတိုင်းမ်သတင်းစာကို ၂၀၀၀ ပြည့်နှစ်မှာ ပူးတွဲတည်ထောင်ခဲ့သူလည်း ဖြစ်ပါတယ်။
စစ်ကောင်စီက ဒီနေ့ လွတ်ငြိမ်းခွင့်ပေးတဲ့ အကျဉ်းသူအကျဉ်း သားတွေထဲ နိုင်ငံခြားသားအယောက် ၁၄၀ နီးပါးပါဝင်ပါတယ်။
သူတို့ကို နေရပ်နိုင်ငံပြန်ပို့မှာဖြစ်သလို မလွတ်မြောက်သေးတဲ့သူတွေကိုလည်း ထောင်ဒဏ်လျှော့ပေါ့ခံစားခွင့်ပေးမယ်ဆိုပြီး နိုင်ငံပိုင်ရုပ်သံက ဒီနေ့ ဧပြီလ ၁၇ ရက်မှာကြေညာထားပါတယ်။
မန္တလေးအကျဉ်းထောင်တွေကနေ လူပေါင်း ၂၈၀၀ နီးပါး ပြန်လွတ်လာ
စစ်ကောင်စီက မြန်မာနှစ်သစ်ကူးအနေနဲ့ လွတ်ငြိမ်းချမ်းသာခွင့်ပေးသူတွေထဲမှာ မန္တလေးတိုင်းထဲက အကျဉ်းထောင် ၅ ခုကနေ အကျဉ်းသူအကျဉ်းသား ၂၈၀၀ နီးပါး ဒီနေ့ ဧပြီလ ၁၇ ရက်မှာ ပြန်လည်လွတ်မြောက်လာပါတယ်။
အိုးဘို၊ မြင်းခြံ၊ မိတ္ထီလာ၊ ရမည်းသင်းနဲ့ ညောင်ဦးအကျဉ်းထောင်တွေကနေ ပြန်လွတ်လာတာဖြစ်ပြီး အများစုက အိုးဘိုအကျဉ်း ထောင်က ဖြစ်ပါတယ်။
ဒီနေ့တနေ့တည်းမှာတင် အိုးဘိုကနေ ပြန်လွတ်လာသူ ၁၅၇၀ နီးပါးအထိရှိပါတယ်။
ဒီနေ့ လွတ်မြောက်သူတွေထဲမှာ ရခိုင်မှာ အင်တာနက်ဖြတ်တောက်ခံရမှုအရေးဆန္ဒပြခဲ့ကြတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗကသ)ကျောင်းသား ၆ ဦးလည်း ပါ၀င်ပါတယ်။
စစ်ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့တဲ့ ဗကသအဖွဲ့ထဲက ကိုကျော်သီဟရဲကျော်၊ ကိုစိုးလှနိုင်၊ ကိုရဲရင့်အောင်၊ ကိုဘုန်းမြင့်ကျော်တို့ ၄ ဦးတော့ ဒီနေ့ လွတ်ငြိမ်းထဲ ပါဝင်လာခြင်းမရှိပါဘူး။
NUG အစိုးရသစ် ရက် ၁၀၀ အစား တစ်လအတွင်း တိုးတက်အောင်လုပ်ဖို့ ဒုသမ္မတပြော
အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ပထမဆုံး အစည်းအဝေးကို ဒီကနေ့ ပြုလုပ်ခဲ့တယ်လို့ NUG ရဲ့ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။
အွန်လိုင်းက ပြုလုပ်တဲ့အစည်းအဝေးမှာ အစိုးရသစ်အနေနဲ့ နိုင်ငံတကာ အစိုးရတွေလို ရက် ၁၀၀ ကာလ သတ်မှတ်ဆောင်ရွက်မှုတွေအစား လုပ်ငန်းတွေကို တစ်လအတွင်း တိုးတက်အောင်ဆောင်ရွက်ဖို့ ဒုသမ္မတ ဒူဝါလရှီးလက မှာကြားခဲ့တယ်လို့ ဖော်ပြထားပါတယ်။
မီးရထား CDM ဝန်ထမ်းတွေရဲ့ အခက်အခဲ
နှစ်ဆန်းလွတ်ငြိမ်းခွင့်ထဲ ရခိုင်အကျဉ်းထောင်တွေက အကျဉ်းသား ၁၀၀၀ ကျော်ပါ၀င်
မြန်မာနှစ်ဆန်းတစ်ရက်နေ့ အထိမ်းအမှတ်အဖြစ် စစ်ကောင်စီက လွတ်ငြိမ်းချမ်းသာခွင့်ထဲ ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ အကျဉ်းထောင်အသီးသီးက အကျဉ်းသားပေါင်း ၁၀၅၀ ဦးလည်း ဒီနေ့ ဧပြီလ ၁၇ ရက်မှာ လွတ်မြောက်လာပါတယ်။
စစ်တွေအကျဉ်းထောင်က ၂၇၇ ဦးလွတ်မြောက်လာခဲ့ပေမဲ့လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာခဲ့သူတွေထဲမှာတော့ နိုင်ငံရေးကိစ္စတွေနဲ့ ဖမ်းဆီးခံနေရသူတွေမပါဝင်ဘူးလို့ စောင့်ကြည့်သူတွေက ပြောဆိုကြပါတယ်။
ဒါ့ပြင် ရခိုင်ပြည်နယ်ထဲက ဘူးသီးတောင်အကျဉ်းထောင်၊ စစ်တွေအကျဉ်းထောင်၊ သံတွဲအကျဉ်းနဲ့ ကျောက်ဖြူအကျဉ်းထောင်တွေကနေ အကျဉ်းသားစုစုပေါင်း ၆၄၆ ဦးလွတ်မြောက်ခဲ့တာဖြစ်ပါတယ်။
ဖေဖော်ဝါရီ ၁ ရက်ကတည်းက အာဏာသိမ်းယူခဲ့တဲ့ စစ်ကောင်စီဟာ ၇၄ နှစ်မြောက် ပြည်ထောင်စုနေ့ဖြစ်တဲ့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၂ ရက်ကလည်း ပထမအကြိမ် လွတ်ငြိမ်း ချမ်းသာခွင့်ပေးခဲ့ရာမှာ စစ်တွေအကျဉ်းထောင်က ၂၃၁ ဦးပါဝင်ပါတယ်။
မိုးကုတ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေပစ်လို့ ကျည်မှန်သူ ၃ ဦးထက်မနည်းရှိ
မိုးကုတ်မြို့ အောင်ချမ်းသာရပ်ကွက်မှာ ဒီကနေ့ ဧပြီလ ၁၇ရက်နေ့ နေ့လယ်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေပစ်ခတ်မှုကြောင့် ၃ ဦးထက်မနည်း ကျည်ထိမှန်သွားခဲ့တယ်လို့ မျက်မြင်တွေ့လိုက်သူအချို့က ဘီဘီစီကိုပြောပါတယ်။
လူငယ်သပိတ်စစ်ကြောင်းကို လိုက်လံဖြိုခွင်းချိန် ထွက်ပြေးတဲ့လူငယ်တွေကို လိုက်လံပစ်ခတ်ရာကနေ လမ်းပေါ်ရှိသူတွေကိုပါပစ်ခတ်ခဲ့တာလို့ မျက်မြင်တွေ့သူတွေကပြောပါတယ်။
"ကျွန်တော့အိမ်ဝရံတာကမြင်တာတော့ ကောင်လေးတယောက်ပြေးနေရင်းခြေထောက်ထိသွားတော့ မပြေးနိုင်တော့ဘဲ တိုင်မီရင်း ရပ်နေတာ။ ရဲ ၃ယောက်ရောက်လာပြီး ပခုံးကနေ လမ်းလျှောက်တွဲခေါ်ပြီး နောက်လမ်းကိုခေါ်သွားတယ်။ နောက်ထပ် ရဲ ၅ယောက်လောက် ချက်ချင်းထပ်ရောက်လာပြီး လမ်းကွယ်ကနေပြန်ထွက်လာတော့ အစောပိုင်းတုန်းကလို မလျှောက်နိုင်တော့ဘူး။ ရဲတွေက လက်ကနေမပြီးတရွတ်တိုက်ဆွဲသွားတာတွေ့တော့ သေပြီလို့ထင်တာပဲ"လို့ မျက်မြင်တွေ့သူကပြောပါတယ်။
အောင်ချမ်းသာရပ်ကွက်အတွင်းမှာပဲ နောက်တစ်နေရာမှာ လူငယ်အမျိုးသား ၂ ဦး ထပ်မံပစ်ခတ်ခံခဲ့ရပြီး စျေးတွန်းလှည်းထဲထည့်ကာ ရဲတွေက တွန်းပြီးခေါ်ဆောင်သွားတာရှိတယ်လို့လည်း မျက်မြင်တွေ့သူတွေက ပြောပါတယ်။
အဆိုပါ ၂ ဦးအနက် တစ်ဦးမှာ ခေါင်းကိုထိမှန်ထားတာလို့လည်း မျက်မြင်အချို့ကပြောကြပါတယ်။
မြန်မာစစ်ကောင်စီဥက္ကဋ္ဌ အာဆီယံထိပ်သီးအစည်းအဝေး တက်မယ်
အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ဘရူနိုင်းနိုင်ငံရဲ့ စီစဉ်မှုနဲ့ ဧပြီလ ၂၄ ရက်နေ့ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာရှိတဲ့ အာဆီယံတွင်းရေးမှူးချုပ်ရုံးမှာ ကျင်းပဖို့ရှိတဲ့ မြန်မာ့အရေး အာဆီယံခေါင်းဆောင်တွေရဲ့ ထိပ်သီးဆွေးနွေးပွဲကို အာဏာသိမ်းစစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တက်ရောက်မယ် အတည်ပြုပြောထားကြောင်းလို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရ တာနီးဆန်ဂရတ်က ပြောပါတယ်။
စစ်တပ်က အာဏာသိမ်းခဲ့ပြီးတဲ့နောက် မြန်မာနိုင်ငံအတွင်းဖြစ်ပျက်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး အရေးပေါ်ဆွေးနွေးပွဲကျင်းပဖို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက ဦးဆောင်ပြီး ဆော်သြနေခဲ့တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ဆန္ဒပြသူတွေကို အကြမ်းဖက်သတ်ဖြတ်နေမှုတွေနဲ့ ပတ်သက်ပြီး စင်္ကာပူ၊ မလေးရှားနဲ့ ဖိလစ်ပိုင်နိုင်ငံတွေက ပြစ်တင်ဝေဖန်ထားပါတယ်။ အာဆီယံခေါင်းဆောင်တွေရဲ့ ထိပ်သီးဆွေးနွေးပွဲကို တက်ရောက်ဖို့ ခေါင်းဆောင်အတော်များများက အကြောင်းပြန်ထားကြပြီလို့ ထိုင်းနိုင်ငံခြားရေးဌာနပြောခွင့်ရသူက ဆိုပါတယ်။
မုံရွာပြည်သူ့ဆေးရုံမှာ တပ်က အလောင်း၂ လောင်း လာပို့ထား
တပ်ကနေ အမျိုးသား၂ ဦးအလောင်;ကို မုံရွာပြည်သူ့ဆေးရုံကြီးမှာ ဧပြီလ ၁၆ရက်ညပိုင်းတုန်းက လာရောက်ပို့ဆောင်ထားကြောင်း ဒီကနေ့ မနက်ပိုင်းမှာသိရတယ်လို့ မုံရွာမြို့ခံအချို့ထံကသိရပါတယ်။
"မနက်ကဆေးရုံကို လူနာသွားပို့ရင်းသိရတာ။ ခုထိတော့ ပိုင်ရှင်မပေါ်သေးဘူး။ ညနေလောက်ကြရင်တော့ ဓာတ်ပုံများရမလားကြည့်ရမယ်။ မုံရွာကေတာ့မဖြစ်နိုင်ဘူး။ နယ်တွေကဖြစ်မယ်။ ကနီဘက်မှာလည်း တော်တော်လေးဖြစ်ထားတာဆိုတော့ အဲဒီဘက်ကဖြစ်မလားမှန်းနေကြတာပေါ့။ အရင်၁၀ရက်လောက်တုံးကလည်း တပ်ကအဲလို ပိုင်ရှင်မဲ့၂လောင်းလာပို့သွားသေးတယ်။ အဲတုံးကတော့ ဓာတ်ပုံရတော့ မိသားစုတွေသိပြီး ဘန့်ဘွေးကုန်းက ဆိုတာ ပိုင်ရှင်ပေါ်သွားတယ်။"လို့ မြို့ခံတစ်ဦးကပြောပါတယ်။
တပ်မတော်သားအချို့ကို ဖမ်းဆီးထားတယ်ဆိုကာ ဧပြီ၁၅ရက်နေ့က ကနီမြို့အထွက် လည်ရှည်ဇရပ်အနီး မြို့ခံလူထုနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအကြား ပစ်ခတ်မှုတွေဖြစ်ခဲ့ပြီး ဒေသခံ ၆ ဦး သေဆုံးကာ ၁၅ ဦး ခန့်ဖမ်းဆီးခံခဲ့ရပါတယ်။
NUG ကို တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုတယ်လို့ SAC-M ပြော
မြန်မာနိုင်ငံမှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)က မနေ့ ဧပြီလ ၁၆ ရက်နေ့မှာ ကြေညာဖွဲ့စည်းလိုက်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ တဖြစ်လဲ ကြားကာလအစိုးရ (NUG)ကို တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုတယ်ဆိုပြီး မြန်မာ့အရေးနဲ့ပတ်သက်လို့ လွတ်လပ်သောအကြံပေးကောင်စီ SAC-M က ထုတ်ပြောလာပါတယ်။
ဒါ့ကြောင့် စစ်တပ်ရဲ့ကျူးလွန်မှုတွေကို နိုင်ငံတကာဥပဒေနဲ့အညီ နိုင်ငံတကာဥပဒေခုံရုံးကို တင်နိုင်ရေး Rome Statue မှာ ပါဝင်လက်မှတ်ထိုးဖို့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ အမြန်လုပ်ဆောင်သင့်တယ်လို့လည်း SAC-M က တောင်းဆိုလိုက်ပါတယ်။
CRPH၊ နိုင်ငံရေးပါတီတွေ၊ တိုင်းရင်းသားအတိုင်ပင်ခံကောင်စီတွေ၊ အာဏာဖီဆန်အကြမ်းမဖက်လှုပ်ရှားမှု(CDM)၊ အထွေထွေသပိတ်ကော်မတီတွေ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းခေါင်းဆောင်တွေရဲ့ စုပေါင်း တိုင်ပင်အားထုတ်မှုနဲ့ ဖွဲ့လာတဲ့ ဒီကြားကာလအစိုးရဟာ ဖက်ဒရယ် ဒီမိုကရက်တစ်ပဋိညာဉ်သစ်ကို ဖော်ဆောင်ပေးနိုင်မယ်လို့လည်း အတိုင်ပင်ကောင်စီက ဆိုပါတယ်။
''ဒီလိုကြေညာနိုင်တာဟာ သမိုင်းဝင်အခိုက်အတန့်ဖြစ်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအရ တပ်မတော်ဟာ ဒီမိုကရေစီနည်းကျလှုပ်ရှားမှုအပေါ် လွှမ်းမိုးမှု ခိုင်မာခဲ့တယ်။ မနှစ်တုန်းကတော့ နိုင်ငံထဲအားလုံး မတူတာညှိနှိုင်းကြဖို့ အမျိုးသားအဆင့်ဆွေးနွေးပွဲ တစ်ခုလုပ်ဖို့ တောင်းဆိုခဲ့ပါတယ်။ အခုတော့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်လာတော့မယ်''လို့ SAC-M အဖွဲ့ကို ထူထောင်တဲ့အဖွဲ့ဝင်လည်းဖြစ်၊ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးအစီရင်ခံစာတင်သွင်းသူဟောင်းလည်းဖြစ်တဲ့ ယန်ဟီးလီက ပြောပါတယ်။
''ဖေဖော်ဝါရီလမှာ စစ်တပ်က ပြုလုပ်ခဲ့တဲ့အာဏာသိမ်းမှုဟာ တရားမဝင်ပါဘူး။ အခု နှစ်လခွဲကျော်ကြာအပြီးမှာလည်း စစ်တပ်ဟာ နိုင်ငံကို ထိထိရောက်ရောက် မထိန်းချုပ်နိုင်သေးပါဘူး။ တပ်မတော်ဟာ ဥပဒေအရ တရားဝင်အစိုးရမဟုတ်ပါဘူး'' လို့လည်း အကြံပေးကောင်စီအဖွဲ့ဝင်နောက်တစ်ဦးဖြစ်တဲ့ Chris Sidoti က ပြောပါတယ်။
တဖက်မှာလည်း ကြားကာလအစိုးရဟာ လူထုရွေးကောက်ခံအမတ်တွေ၊ ကိုယ်စားပြုအဖွဲ့အစည်းတွေကနေ ပေါ်ထွန်းလာတာဖြစ်လို့ မြန်မာနိုင်ငံရဲ့တရားဝင်အစိုးရဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာအချက်အလက်ရှာဖွေရေးအဖွဲ့ဥက္ကဋ္ဌဟောင်းလည်းဖြစ်တဲ့ သူက ဆက်ပြောပါတယ်။
'' အခုဆို နိုင်ငံတကာအသိုင်းအဝိုင်းဟာ ဘယ်သူက နိုင်ငံတကာစင်မြင့်မှာ မြန်မာကို ကိုယ်စားပြုပြီလဲဆိုတာကို ရှင်းလင်းပြီ''လို့ အကြံပေးကောင်စီအဖွဲ့ဝင်နောက်တစ်ဦးလည်းဖြစ်၊ လူ့အခွင့်အရေးကောင်စီကနေ မြန်မာနိုင်ငံဆိုင်ရာအချက်အလက်ရှာဖွေရေးအဖွဲ့ဥက္ကဋ္ဌဟောင်းတစ်ဦးလည်းဖြစ်တဲ့ အင်ဒိုနီးရှားရှေ့နေ Marzuki Darusman ကပြောထားပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ(SAC-M) ဟာ လွတ်လပ်တဲ့နိုင်ငံတကာပညာရှင်အဖွဲ့ဖြစ်ပြီး မြန်မာပြည်သူတွေရဲ့ လူ့အခွင့်အရေး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီ၊တရားမျှတမှုနဲ့ တာဝန်ခံမှု၊တာဝန်ယူမှုရှိရေးအတွက် ထောက်ပံ့လုပ်ဆောင်ပေးနေတဲ့အဖွဲ့ဖြစ်ပါတယ်။
ပဲခူးမြို့နာရေးကူညီမှုပရဟိတအသင်းတွေနဲ့ တွေ့ဖို့ စစ်ကောင်စီ စီစဉ်
ပဲခူးမြို့က နာရေးကူညီမှု ပရဟိတအသင်း (၁၇) သင်းနဲ့ တိုင်းဒေသကြီးစစ်ကောင်စီတာဝန်ရှိသူတွေ မနက်ဖြန် ဧပြီ ၁၈ ရက် မွန်းလွဲ ၂ နာရီမှာ တွေ့ဆုံဖို့ရှိတယ်လို့ သိရပါတယ်။
ဆွေးနွေးညှိနှိုင်းစည်းဝေးပွဲလို့ ဆိုထားပြီး တိုင်းဒေသကြီးစစ်ကောင်စီ အစည်းအဝေးခန်းမမှာ ပြုလုပ်မှာပါ။
"သွားသင့် မသင့်ကို ကျွန်တော်တို့ အသင်းတာဝန်ရှိသူတွေနဲ့ ဆွေးနွေးနေတယ်။ လူမှုအသင်းတွေ ကူညီဆောင်ရွက်တဲ့အခါ အခက်အခဲရှိတာတွေနဲ့ ပတ်သက်ပြီး သူတို့ဘက်နဲ့ တိတိကျကျလည်း ဆွေးနွေးချင်တယ်" လို့ ဖိတ်ကြားခံရတဲ့ ပရဟိတအသင်းတာဝန်ရှိသူတဦးကပြောပါတယ်။
ပဲခူးမြို့အတွင်းမှာ ပရဟိတအသင်းပေါင်း ၅၀ကျော်ရှိပေမယ့် ဆင်ဖြူကွင်းသင်္ဂြိုဟ်စက်မှာ စာရင်းပေးထားတဲ့အတိုင်း ဖိတ်ကြားတာကြောင့် ၁၇ သင်းသာ ပါဝင်တာလို့ သူကဆက်ပြောပါတယ်။
ဧပြီ ၉ ရက်က ပဲခူးမြို့ ပစ်ခတ်မှုဖြစ်စဉ်မှာ ထိခိုက်သေဆုံးဒဏ်ရာရသူတွေကို ဆေးကုသခွင့်ပြုဖို့ ပရဟိတအသင်းတွေကို စစ်ကောင်စီဘက်က ဝင်ရောက်ခွင့်မပေးတာကြောင့် ဝေဖန်ခံနေရတာတွေလည်း ရှိနေပါတယ်။
MOGE ကို ဒဏ်ခတ်စာရင်းထဲထည့်ဖို့ နယူးယောက်မှာ မြန်မာတွေဆန္ဒပြ
စစ်ကောင်စီထိန်းချုပ်မှုအောက်ရောက်နေတဲ့ မြန်မာ့ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်း(MOGE)ကို အရေးယူပိတ်ဆို့မှု စာရင်းထဲ ထည့်သွင်းဖို့ အမေရိကန်ပြည်ထောင်စုရောက် မြန်မာတွေက နယူးယောက်မြို့က ဘဏ္ဍာရေးဝန်ကြီးဌာနရှေ့မှာ ဧပြီလ ၁၆ ရက်က ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။
ဆန္ဒဖော်ထုတ်ကြသူတွေကတော့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက မြန်မာအပေါ် အရေးယူပိတ်ဆို့မှု အသစ်တွေကို လာမယ့်တစ်ပတ်အတွင်း ထပ်မံချမှတ်တဲ့အခါ MOGE ကိုလည်း ထည့်သွင်းဖို့ တောင်းဆိုခဲ့ကြတာပါ။
ဒါ့ပြင် MOGE နဲ့တွဲစပ်လုပ်ငန်းလည်ပတ်နေတဲ့ Chevron လို ရေနံနဲ့သဘာဝဓာတ်ငွေ့ စွမ်းအင်လုပ်ငန်းတွေအနေနဲ့ စစ်ကောင်စီထိန်းချုပ်ထားတဲ့ ဘဏ်ငွေစာရင်းထဲကို ငွေကြေးလွှဲပြောင်းတာတွေ မလုပ်ဖို့ကိုလည်း တောင်းဆိုခဲ့ကြပါတယ်။
စစ်တပ်က အင်အားသုံးနှိမ်နင်းမှုတွေမှာ သေဆုံးခဲ့ရတဲ့ အရပ်သားတွေရဲ့သွေးဟာ အရေးယူမှု နှောင့်နှေးနေတဲ့ နိုင်ငံတကာတာဝန်ရှိသူတွေ၊ စစ်တပ်နဲ့အလုပ်ဆက်လုပ်နေတဲ့ Chevron တို့လို ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်းတွေရဲ့လက်မှာ သွေးစွန်းနေပြီလို့ အဓိပ္ပါယ်ဆောင်တဲ့ သရုပ်ဖော်ဆန္ဒပြမှုတွေကိုလည်း ပြုလုပ်ခဲ့ပါတယ်။
Chevron လုပ်ငန်းဟာ မြန်မာ့ကမ်းလွန်က ရတနာသဘာဝဓာတ်ငွေ့ တူးဖော်လုပ်ငန်းကို MOGE၊ Total၊ ထိုင်းအခြေစိုက် PTTEP တို့နဲ့အတူ လုပ်ကိုင်နေပြီး အဲဒီစီမံကိန်းကနေ Chevron ဟာ ၂၀၁၅ ခုနှစ်ကနေ ၂၀၁၉ ခုနှစ်အထိ ၄ နှစ်တာကာလအတွင်း အမေရိကန်ဒေါ်လာသန်း ၆၀၀ နီးပါးကို MOGE ကို ပေးခဲ့တယ်လို့ ရိုက်တာသတင်းကဖော်ပြပါတယ်။
တဖက်မှာလည်း Chevron အနေနဲ့ လက်ရှိမှာ စစ်တပ်က ထိန်းချုပ်ထားတဲ့ MOGE ဆီကို ငွေကြေးမလွှဲပေးဖို့၊ အဲဒီအစား ရွေးကောက်ခံမြန်မာအစိုးရ အာဏာပြန်မရခင်အထိ အကာအကွယ်ရှိတဲ့ဘဏ်ငွေစာရင်းတွေထဲကိုသာ ငွေလွှဲပေးဖို့ သဘာ၀သယံဇာတထုတ်ယူရေးနဲ့လူ့အခွင့်အရေးချိုးဖောက်မှုတိုက်ဖျက်ရေးတွေကို လုပ်ဆောင်နေတဲ့ Global Witness အဖွဲ့က အိတ်ဖွင့် ပေးစာတစ်စောင်ကို မတ်လနှောင်းပိုင်းက ပေးပို့ခဲ့ပါတယ်။
ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင် ကျောင်းသားခေါင်းဆောင် သုံးဦး ပြန်လည်လွတ်မြောက်
၂၀၁၉ ခုနှစ်၊ သင်္ကြန်ကာလမှာ တပ်ကို သရော်ဝေဖန်တဲ့ သံချပ်တွေထိုးခဲ့တာကြောင့် တပ်က ပုဒ်မ ၅၀၅ က နဲ့ တရားရုံးတချို့မှာ တရားစွဲဆိုဖမ်းဆီးခံရပြီး ထောင်ဒဏ်ကျခံနေရတဲ့ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင်တွေထဲက ကိုဇေယျာလွင်၊ ကိုပိုင်ရဲသူနဲ့ ကိုပိုင်ဖြိုးမင်းတို့ ဒီနေ့ ဧပြီ ၁၇ ရက် လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာတယ်လို့ ၎င်းတို့နဲ့ နီးစပ်သူတွေက ပြောပါတယ်။
လက်ရှိမှာ သူတို့သုံးဦးကို အင်းစိန်အကျဉ်းထောင်တွင်းကနေ ဘတ်စ်ကားတွေနဲ့အိမ်အရောက် ပို့ဆောင်ပေးဖို့ စီစဉ်နေတယ်လို့လည်း နောက်ဆုံးသိရတဲ့အခြေအနေကိုဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင် တစ်ဦးက ဘီဘီစီကို အတည်ပြုပါတယ်။
၎င်းတို့သုံးဦးအပါအဝင် ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ ပါဝင်သူတွေကို ရန်ကုန် မရမ်းကုန်း၊ ဗိုတထောင်မြို့နယ်တရားရုံးတွေမှာလည်း ပုဒ်မ ၅၀၅ က နဲ့ တရားစွဲဆိုခဲ့ပြီး ထောင်ဒဏ်တွေအသီးသီးချမှတ်ခဲ့တာဖြစ်ပါတယ်။
အဲဒီထဲက သံချပ်အဖွဲ့ဝင်တချို့ဟာ နောက်ပိုင်းမှာပြန်လည်လွတ်မြောက်ခဲ့တာလည်း ရှိပါတယ်။
၂၀၁၉ ခုနှစ် သင်္ကြန်ကာလမှာ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဟာ ရန်ကုန်ကမြို့နယ်တွေအပြင် ဧရာဝတီတိုင်းအတွင်းက ဒေးဒရဲ၊ မအူပင်နဲ့ ဖျာပုံမြို့နယ်တို့မှာလည်း သံချပ်သွားရောက်ဖျော်ဖြေခဲ့တာကြောင့် အဲဒီမြို့နယ်တွေမှာပါ ကိုဇေယျာလွင်၊ ကိုပိုင်ဖြိုးသူ၊ ကိုပိုင်ဖြိုးမင်းတို့ သုံးဦးဟာ ပုဒ်မ ၅၀၅ က နဲ့ တရားစွဲဆိုခံခဲ့ရပြီး ၂၀၂၀ ဇွန်လမှာ ထောင်ဒဏ်တစ်နှစ်စီ အသီးသီးချမှတ်ခံခဲ့ရပါတယ်။
ပုဒ်မ ၅၀၅ အပြင် သံချပ်ခေါင်းဆောင်တွေကို တပ်ကို ပုတ်ခတ် စော်ကားတဲ့ စကားလုံးတွေနဲ့ သံချပ်ထိုးပြီး လူမှုကွန်ရက် Facebook မှာ တိုက်ရိုက် ထုတ်လွှင့်ခဲ့တာကြောင့်လည်း ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ ဃ နဲ့ တရားစွဲဆိုခံခဲ့ရတာတွေလည်း ရှိခဲ့ပါတယ်။
ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင်တွေ ဖမ်းဆီးတရားစွဲဆိုထောင်ချခံနေရစဉ်အတွင်း ဥရောပသမဂ္ဂက ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးလှုပ်ရှားသူတွေကို ရွေးချယ်ပြီးနှစ်စဉ်ချီးမြှင့်ပေးတဲ့ ရှူးမန်းလူ့အခွင့်အရေးဆုကို ၂၀၂၀ ပြည့်နှစ်မှာ ရရှိခဲ့ပါတယ်။
ကြားကာလအစိုးရဟာ တိုက်ပွဲဝင်အစိုးရလို့ ဒုသမ္မတ ဒူဝါလရှီးလ ပြော
စစ်အုပ်စုက ဖေဖော်ဝါရီလ ၁ ရက်ကစလို့ နိုင်ငံ့အာဏာသိမ်းပိုက်လိုက်တဲ့အခြေအနေကြောင့် ဖွဲ့စည်းလိုက်တဲ့ ကြားကာလအစိုးရဟာ တိုက်ပွဲဝင်အစိုးရဖြစ်သလို အစိုးရယန္တယား ပြည်သူလူထုကြား လက်တွေ့ အမြစ်တွယ်အောင်နဲ့ အစိုးရကို နိုင်ငံတကာအသိအမှတ်ပြုအောင် အဓိကလုပ်ဆောင်သွားမယ်လို့ အစိုးရအဖွဲ့ဒုတိယသမ္မတ ဒူဝါလရှီးလ က သူ့ရဲ့နှစ်သစ်ကူးမိန့်ခွန်းမှာ ပြောသွားပါတယ်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ (CRPH) က ၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်သူတွေ ပေးထားတဲ့ အခွင့်အာဏာကို ကိုင်စွဲပြီး အမျိုးသားညီညွတ်ရေးအစိုးရ (National Unity Government) ကို ဖွဲ့စည်းတယ်လို့ ဧပြီလ ၁၆ ရက်မှာကြေညာခဲ့ပြီးနောက်မှာ ဒူဝါလရှီးလလည်း အဲဒီအစိုးရအဖွဲ့ရဲ့ ဒုသမ္မတအဖြစ် ခန့်အပ်ခံထားရတာပါ။
ဒုသမ္မတကတော့ စစ်အာဏာသိမ်းစဉ် မတရားဖမ်းဆီး ထိန်းသိမ်းခံထားရသူတွေ၊ အသက်စတေးခဲ့ရသူတွေ၊ CDM ဝန်ထမ်းတွေ၊ စစ်အာဏာရှင်တပ်တွေကို မြေပြင်မှာ လက်တွေ့တိုက်ပွဲဝင်နေတဲ့ ရဲဘော်တွေရဲ့ စွန့်လွှတ်အနစ်နာခံမှုတွေကို ဒီနေ့ မြန်မာနှစ်ဆန်း ၁ ရက်၊ ဧပြီလ ၁၇ ရက်မှာ ပြောတဲ့ သူ့မိန့်ခွန်းထဲ အသိအမှတ်ပြုပြောဆိုသွားပါတယ်။
ဒါ့ပြင် ကြားကာလအစိုးရယန္တရားလည်ပတ်နိုင်ဖို့၊ နိုင်ငံတကာအသိအမှတ်ပြုခံရဖို့ ဖက်ဒရယ် တပ်မတော် တည်ထောင်တာနဲ့ သံခင်းတမန်ခင်း နည်းလမ်းတွေနဲ့ ဆောင်ရွက်သွားမယ်လို့လည်း ဒုသမ္မတက ပြောပါတယ်။
လက်ရှိကြားကာလအစိုးရမှာ ပါဝင်နေကြသူတွေဟာ ရာထူးကြောင့် မဟုတ်ဘဲ ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံသစ်တစ်ရပ် ထူထောင်ရေးဆိုင်ရာ နိုင်ငံရေးလမ်းပြမြေပုံပါ တာဝန်တွေကို အောင်မြင်ပြည့်စုံအောင် ဆောင်ရွက်မယ့်လူပုဂ္ဂိုလ်တွေအဖြစ် အသိအမှတ်ပြုဖို့ကိုလည်း ဒုသမ္မတက ပြောပါတယ်။
လက်ရှိပြည်သူတွ ခံစားနေရတဲ့ မတရားညှဉ်းပန်းနှိပ်စက်မှု၊ ကြောက်ရွံထိတ်လန့်မှု၊ အနာဂတ် မသေချာမရေရာမှု၊ စားဝတ်နေရေးခက်ခဲမှု တွေကို လုံခြုံစိတ်ချမှုရတဲ့ လူနေမှုဘဝတွေဖြစ်လာအောင် တည်ဆောက်ပေးမယ့် အစိုးရဖြစ်လို့ စစ်အာဏာရှင် အမြတ်ပြတ်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်ထူထောင်ရေး တိုင်းရင်းသားပြည်သူတွေအားလုံးနဲ့ လက်တွဲလုပ်သွားမယ်လို့ သူက ပြောထားပါတယ်။
စစ်တပ်ရဲ့သတင်းအချက်အလက်ပိတ်ဆို့မှု အလုပ်မဖြစ်ဘူးလို့ ကုလကိုယ်စားလှယ်ပြော
မြန်မာနိုင်ငံတဝန်း သတင်းအချက်အလက်စီးဆင်းမှု ကမောက်ကမဖြစ်အောင် သတင်းသမားတွေကို ဖမ်းဆီးတာ၊ အင်တာနက်ဖြတ်တောက်တာတွေ လုပ်တဲ့ စစ်တပ်ခေါင်းဆောင်ပိုင်းရဲ့လုပ်ရပ်ဟာ အလုပ်မဖြစ်သလို ဆန္ဒပြသူတွေ အပေါ် ထိန်းထိန်းသိမ်းသိမ်းကိုင်တွယ်နေတယ်ဆိုတဲ့ သူတို့ရဲ့ဝါဒဖြန့်မှုတွေကို ကမ္ဘာကလည်း မယုံကြည်နေဘူးဆိုပြီး ကုလသမဂ္ဂလူ့အခွင့်အရေးကိုယ်စားလှယ် တွမ် အန်ဒူရူးစ်က ပြောလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်မှု စကတည်းက ဖမ်းဆီးခံရသူ လူ ၃၀၀၀ ကျော်မှာ သတင်းသမား ၇၀ ကျော်ပါဝင်ပြီး သူတို့ထဲက ၃၀ နီးပါး ထိန်းသိမ်းခံထားရသလို နောက်ထပ်လူ ၂၀ ကျော်ဟာလည်း သတင်းအမှားတွေဖြန့်ဝေတယ်ဆိုပြီး တရားစွဲခံထားရတယ်လို့ မီဒီယာသမားတွေ ဘေးကင်းလုံခြုံမှုကို စောင့်ကြည့်တဲ့ ယူနက်စ္စကို အဖွဲ့ကြီးကလည်း ပြောထားပါတယ်။
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာလူ့အခွင့်အရေးကိုယ်စားလှယ် မစ္စတာအန်ဒရူးစ်ကတော့ စစ်တပ်ဟာ ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့လက်နက်မဲ့သူတွေကို အကြမ်းဖက်မှု တိုးလုပ်နေတာကိုမြင်နေရသလို စစ်တပ်ဘက်က ဒီသတင်းတွေကို ပိတ်ဆို့ဖို့ လုပ်နေပေမဲ့ အမှန်တရားက အပြင်ကို ရောက်နေဆဲဆိုပြီး ကုလသတင်းဌာန UN News ကို ပြောလိုက်တာပါ။
လူငယ်တွေ ဦးခေါင်းကို အပစ်ခံရနိုင်တယ်ဆိုတာမျိုး နိုင်ငံပိုင်ရုပ်သံကနေ သတိပေးတာမျိုးလုပ်ခဲ့သလို အခြေအနေတွေ ဆိုးရွားနေပြီး ဆိုးရွားအောင်လည်းလုပ်နေတယ်လို့ သူက ပြောပါတယ်။
တဖက်မှာလည်း လက်ရှိမှာ စစ်တပ်က အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုတွေ လုပ်တာဟာ အခြေအနေတွေ ပိုဆိုးရွားနိုင်တယ်ဆိုပေမဲ့ အတိတ်ကို ပြန်ကြည့်ရင် ဒီပိတ်ဆိုမှုတွေကြောင့် မြန်မာစစ်ခေါင်းဆောင်တွေရဲ့လုပ်ရပ် ပြောင်းအောင်လုပ်နိုင်တယ်ဆိုတဲ့ အပြုသဘောဆောင် ရိုက်ခတ်မှုရှိတယ်လို့ သူက ပြောပါတယ်။
ဒါ့ကြောင့် သက်ဆိုင်ရာနိုင်ငံတွေက ပိတ်ဆို့မှုတွေ လုပ်နေတာကို ကြိုဆိုပေမဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ၊ လက်နက်ရောင်းချမှုပိတ်ပင်တာတွေကို ပိုပြီး တိကျစေ့စပ်တဲ့ညှိနှိုင်းမှုနဲ့လုပ်ဆောင်သင့်တယ်လို့ မစ္စတာ အန်ဒရူးစ်က ပြောထားပါတယ်။
နှစ်ဆန်းတစ်ရက်နေ့မှာ စစ်ကောင်စီက အကျဉ်းသားနှစ်သောင်းကျော်လွတ်ငြိမ်းချမ်းသာခွင့်ပေး
ဒီကနေ့ မြန်မာနှစ်ဆန်းတစ်ရက်နေ့မှာ နိုင်ငံတဝန်းက အကျဉ်းထောင်အသီးသီးမှာ ပြစ်ဒဏ်ကျခံနေရသူ အချို့ကို စစ်ကောင်စီက လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ပါတယ်။ ဒါဟာ စစ်အာဏာသိမ်းပြီးတဲ့နောက် နှစ်လကျော်ကာလအတွင်းမှာဒုတိယအကြိမ်မြောက် လွတ်ငြိမ်းချမ်းသာခွင့် ပေးတာဖြစ်ပါတယ်။
ဒီကနေ့ အင်းစိန်ထောင်ရှေ့မှာတော့ အရင်ကာလတွေကလို ထောင်ဝင်းတွင်းက ထွက်လာမယ့်သူတွေက ထောင်ပြင်ကကြိုကြရတာမျိုးမဟုတ်ပါဘူး။ အကျဉ်းဦးစီးဌာနပြောကြားချက်အရဆိုရင်တော့ လွတ်မြောက်လာသူတွေအတွက် ဝိုင်ဘီအက်စ် ဘတ်စ်ကားတွေ ကြိုတင်စီစဉ်ထားပြီးတော့ မြို့နယ်အလိုက်ပို့ဆောင်သွားမှာပါ။ ဒီကနေ့မှာတော့ နိုင်ငံတဝန်း အကျဉ်းသား ၂၃၀၀၀ ကျော်ကိုလွှတ်ပေးခဲ့ပြီး အဲဒီထဲက အင်းစိန်အကျဉ်းထောင်က ၈၀၀ ကျော်ပါဝင်ပါတယ်။
လက်ရှိမှာ အင်းစိန်ထောင်တွင်းကနေ အကျဉ်းသားတွေစတင်လွှတ်ပေးဖို့ စီစဉ်နေပြီလို့ အကျဉ်းဦးစီးဌာနတာဝန်ရှိသူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရကို KNU Concerned Group ကလည်း ကြိုဆို
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ရဲ့ ဧပြီ ၁၆ ရက်နေ့မှာ ဖွဲ့စည်းလိုက်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ကို ကြိုဆိုထောက်ခံကြောင်း KNU concerned group က ဧပြီ ၁၇ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
CRPH က ထုတ်ပြန်ထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်နဲ့အညီ ဒီမိုကရေစီရေး၊ တိုင်းရင်းသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်အပြည့်အဝရှိတဲ့ ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ်ပေါ်ပေါက်စေဖို့လည်း မျှော်လင်ံ့ကြောင်း ထုတ်ပြန်ချက်က ဆိုပါတယ်။
ဒါ့အပြင် စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကြီး အမြန်ဆုံးအကောင်အထည်ဖော်တည်ဆောက်သွားဖို့ကိုလည်း မျှော်လင့်ကြောင်းဖြင့် ပါရှိပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရကို သမ္မတဦးဝင်းမြင့်၊ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ဦးဆောင်ပြီး ဒုသမ္မတအဖြစ် ကချင်တိုင်းရင်းသား ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ်အဖြစ် မန်းဝင်းခိုင်သန်းနဲ့ ပြည်ထောင်စုဝန်ကြီး ၁၀ ဦးတို့နဲ့ ဖွဲ့စည်းလိုက်တာဖြစ်ပါတယ်။
သရုပ်ဆောင် ဇာဏ်ခီနဲ့ ခရစ္စတီနားခီတို့ မိသားစုကို ရန်ကုန်လေဆိပ်မှာ လူတစုက ခေါ်ဆောင်သွား
ရုပ်ရှင်သရုပ်ဆောင် ဇာဏ်ခီ၊ ဒါရိုက်တာ ခရစ္စတီးနားခီတို့ကို ဒီနေ့ ဧပြီ ၁၇ ရက် နှစ်ဆန်းတစ်ရက်နေ့ မနက် ၇ နာရီအချိန်ခန့်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ လူတစုက ခေါ်ဆောင်သွားတယ်လို့ မျက်မြင်တွေ့ရသူတွေက ဘီဘီစီကို အတည်ပြုပါတယ်။
ဇာဏ်ခီ၊ ခရစ္စတီနားခီ၊ ၎င်းတို့ရဲ့ သားဖြစ်သူနဲ့ နောက်ထပ် အမျိုးသမီးတစ်ဦးအပါအဝင် လေးဦးဟာ ရန်ကုန်ကနေ ဘန်ကောက်ကို ဒီနေ့ မနက် ၇ နာရီ မိနစ် ၄၀ မှာ ထွက်ခွာမယ့် MAI လေကြောင်းလိုင်း လေယာဉ်အမှတ် 8M 335 (Relief Flight) နဲ့လိုက်ပါဖို့ ရန်ကုန်လေဆိပ်ကို ရောက်ရှိနေချိန်မှာ ခုလို ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
၎င်းတို့မိသားစုဟာ လေဆိပ်က immigration ကောင်တာမှာ စစ်ဆေးမှုခံယူပြီးနောက် Security Checkpoint အဖြတ်မှာ လူတစုက ခေါ်ဆောင်သွားတာဖြစ်တယ်လို့လည်း မျက်မြင်တွေက ပြောပါတယ်။
အဲဒီလိုခေါ်ဆောင်သွားပြီးတဲ့နောက် မိနစ်အနည်းငယ်အကြာမှာ လေကြောင်းလိုင်းတာဝန်ရှိသူတချို့ထံ စကားပြောဆက်သွယ်ရေးစက်ကတစ်ဆင့် ၎င်းတို့လေးဦးရဲ့ ခရီးဆောင်အိတ်တွေကို ပြန်ချထားဖို့ ညွှန်ကြားထားတာကို ကြားခဲ့ရတယ်လို့ ဆိုပါတယ်။
အဲဒီလေယာဉ် ထွက်ခွာချိန် မနက် ၇ နာရီ ၄၀ မိနစ်အထိ လေယာဉ်ပေါ် ဇဏ်ခီတို့ မိသားစု လိုက်ပါလာခြင်းမရှိဘူးလို့လည်း မျက်မြင်တွေက ပြောပါတယ်။
ဇဏ်ခီနဲ့ ခရစ္စတီးနားခီတို့နှစ်ဦးဟာ စစ်ကောင်စီက အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ က နဲ့ တရားစွဲပြီးဖမ်းဝရမ်းထုတ်ခံထားရတဲ့ ထင်ရှားကျော်ကြားသူတွေစာရင်းထဲမှာ ပါဝင်ခြင်းမရှိတဲ့ အနုပညာရှင်တွေလည်း ဖြစ်ပါတယ်။
လက်ရှိမှာ စစ်ကောင်စီက ၅၀၅ က နဲ့ တရားစွဲပြီးဖမ်းဝရမ်းထုတ်ထားသူဟာ အနုပညာရှင်နဲ့ ထင်ရှားကျော်ကြားသူတွေ၊ ဆရာဝန်တွေအပါအဝင် စုစုပေါင်း အယောက် နှစ်ရာကျော် ရှိလာပြီဖြစ်ပြီး အဲဒီထဲက အနုပညာရှင်တွေဖြစ်တဲ့ လူမင်း၊ ရဲတိုက်၊ ပိုင်တံခွန်၊ ဝင်းမင်းသန်း၊ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်၊ ပိုပို တို့ ဖမ်းဆီးခံထားရသလို ဇာဂနာ၊ ဇင်ဝိုင်းတို့လည်း ဖမ်းခံထားရပါတယ်။
NUG အစိုးရသစ်နဲ့ ကျန်ရှိနေတဲ့ မေးခွန်းများ