ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
စစ်အာဏာသိမ်းဆန့်ကျင်ရေးဆန္ဒပြပွဲတွေမှာ သေဆုံးရသူ ၅၂၁ ဦး ရှိလာ
ဒေါ်အောင်ဆန်းစုကြည်ဟာ ကျန်းမာရေးကောင်းမွန်တဲ့ပုံ တွေ့ရပြီး ရွှင်ရွှင်လန်းလန်းရှိတယ်လို့ ရှေ့နေပြော
တိုက်ရိုက် ထုတ်လွှင့်ချက်
အကြမ်းဖက်ဖို့ လက်နက်တွေနဲ့မိတယ်ဆိုတဲ့ ထုတ်ပြန်သတင်းတွေအပေါ် မိသားစုဝင်တွေက ကန့်ကွက်ရှုတ်ချ
မုံရွာမှာ သပိတ်စစ်ကြောင်းတွေ ပြန်ထွက်
အသံတိတ် သပိတ်မှောက်နေတဲ့ မုံရွာမြို့မှာ ဒီကနေ့ ညနေ ၄နာရီခန့်က သပိတ်စစ်ကြောင်းတွေ ပြန်ထွက်လာခဲ့ ကြတယ်လို့ မုံရွာမြို့ခံတစ်ဦးက ဘီဘီစီ ကိုပြောပါတယ်။
ထောင်နဲ့ချီတဲ့လူတွေ မြို့ပေါ်လမ်းတွေမှာ လမ်းလျှောက်ပြီး ကြွေးကြော်ခဲ့ကြပါတယ်။
အာဏာသိမ်းစစ်ကောင်စီတပ်တွေကတေ့ာ မုံရွာတက္ကသိုလ် သွားကျောက္ကလမ်းဘက်မှာ အလုံးအရင်းနဲ့ နေရာယူထားတယ်လို့
လည်းပြောပါတယ်။
လာမယ့် မတ်လ ၂၇ ရက်နေ့မှာတော့ မုံရွှာမှာ အထွေထွေ သပိတ်လုပ်ဖို့လည်းရှိနေပါတယ်။
ပြည်တွင်းလေယာဥ်ခရီးစဥ်တွေမှာ ကိုဗစ်မစစ်တော့
ပြည်တွင်းလေကြောင်းခရီးသည်တွေအနေနဲ့ ကိုဗစ် ၁၉ ရောဂါစစ်ဆေးခြင်းပြုလုပ်ရန် မလိုအပ်တော့ပါကြောင်း ခရီးသွားမိဘပြည်သူများအား လေးစားစွာဖြင့် အသိပေးအပ်ပါတယ် ဆိုပြီး ရန်ကုန်အခြေစိုက်လေယဥ်လက်မှက်ရောင်းတဲ့ ကုမ္ပဏီ တစ်ခု ကို ခရီးသည်တွေကို အကြောင်းကြားအသိပေးချက်တွေ ပေးပို့ခဲ့တယ်လို့ ရန်ကုန်မြို့က ဒေသခံတစ်ဦး ကပြောပါတယ်။
၂၀၂၀ ခုနှစ် မနှစ်က မတ်လ ၂၃ ရက်နေ့မှာ မြန်မာနိုင်ငံမှာ ကိုဗစ် -၁၉ ပိုးတွေ့အတည်ပြုလူနာ မြန်မာနိုင်ငံမှာပထမဆုံးတွေ့ရှိခဲ့ပြီး အခုမတ်လ ၂၃ ရက်နေ့မှာ တစ်နှစ်ပြည့်ပြီ ဖြစ်ပါတယ်။
ကိုဗစ် ၁၉ လူနာတွေနဲ့ ပတ်သက်ပြီး ဆရာဝန်တွေ ဓာတ်ခွဲခန်းတွေ သူနာပြုတွေ အများစုက CDM ဆောင်ရွှက်နေတာကြောင့် စစ်မယ့်သူမရှိတဲ့အတွက် အခုလို မစစ်ဆေးတော့တာဖြစ်နိုင်ကြောင်းလည်း ပြည်တွင်းခရီးသွားကုမ္ပဏီ တစ်ခုက ပြောပါတယ်။
မတ်လ ၂၃ ရက်နေ့ စပြီး ကိုဗစ် စစ်ဖို့ မလိုတော့ တာလို့လည်း အသိပေးစာမှာဖော်ပြပါရှိပါတယ်။
ကိုဗစ်ဒုတိယလှိုင်းကြောင့် ပိတ်ထားခဲ့ရတဲ့ ပြည်တွင်း လေကြောင်းခရီးစဥ်အားလုံးကို ဒီဇင်ဘာ ၁၆ ရက်နေ့ကစပြီး ကိုဗစ် ရှိမရှိစစ်ဆေးပြီး စတင် ပြန်လည် ပြေးဆွဲခွင့်ပြုခဲ့တာဖြစ်ပါတယ်။
RCSS နဲ့ SSPP တို့ တိုက်ပွဲကြောင့် ဒေသခံ ရာချီ စစ်ဘေးရှောင်ရ
ရှမ်းလက်နက်ကိုင်အဖွဲ့နှစ်ဖွဲ့ဖြစ်တဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP တို့ တိုက်ပွဲကြောင့် သီပေါနဲ့ နမ့်အွန်ကျေးရွာကို စစ်ဘေးရှောင် ၃၀၀ ကျော် တိမ်းရှောင်လာရပါတယ်။
မတ်လ ၂၂ ရက် ညပိုင်းမှာ သီပေါမြို့နယ် တာပုလဲနဲ့ ဆွန်လုံကျေးရွာအနီးမှာ RCSS နဲ့ SSPP တို့အကြား တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပါတယ်။
ဒါကြောင့် သီပေါမြို့နယ်၊အောင်မင်္ဂလာဘိုးတော်ဘုန်းကြီး ကျောင်းမှာ တိုက်ပွဲရှောင် (၁၀၆) ဦး နဲ့ နမ့်အွန်ကျေးရွာ အောင်စေတနာကျောင်းတိုက်မှာ တိုက်ပွဲရှောင် (၂၁၀) ဦးတို့ ရောက်ရှိခိုလှုံနေပြီး စစ်ဘေးရှောင်တွေအတွက် အစားအသောက် လိုအပ်နေတယ်လို့ စစ်ရှောင်အရေးကူညီပေးနေသူတွေက ပြောပါတယ်။
လက်ရှိအချိန်မှာ တိုက်ပွဲတွေ ဆက်မဖြစ်တော့ပေမယ့် နယ်မြေအခြေအနေမကောင်းသေးတာကြောင့် ပြန်လို့မရသေးဘူးလို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကလည်း SSPP၊ TNLA ပူးပေါင်းတပ်ဖွဲ့နဲ့ RCSS တပ်တို့အကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့တာကြောင့် ဒေသခံတစ်ထာင်ကျော် ထွက်ပြေးတိမ်ရှောင်ခဲ့ရပြီး ဒီနေ့အထိ နေရပ်မပြန်နိုင်ဘဲရှိနေပါတယ်။
လေးခွ တုတ် ဓါး ဂျင်ဂလိ လက်လုပ်သေနတ်တွေ အပ်ဖို့ စစ်ကောင်စီတပ်က ကြေညာ
လူထု ဆူပူအုံကြွမှုနဲ့ အကြမ်းဖက်မှုတွေရှိနေလို့ ဆိုပြီးလေးခွ တုတ် ဓါး ဂျင်ဂလိ လက်လုပ်သေနတ် လေသေနတ် တူမီးသေနတ် စတဲ့ လက်နက်တွေကို အပ်ဖို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မတ်လ ၂၄ ရက်နေ့က ထားဝယ်မြို့မှာလိုက်လံကြေညာနေတယ်လို့ ဒေသခံတွေ ကပြောပါတယ်။
ဒီလက်နက်တွေကို လက်ဝယ်ကိုင်ဆောင်ခြင်းမပြုလုပ်ဖို့နဲ့ လက်ဝယ်ရှိပါက လာရောက်အပ်နှံကြဖို့ လာအပ်တဲ့သူတွေကို အရေးယူခြင်း မှတ်သားထားခြင်းလုပ်မှာ မဟုတ်ကြောင်းလည်း သူတို့က အသံချဲ့စက်နဲ့ လိုက်ကြေညာစဥ်မှာ ပြောသွားခဲ့ပါတယ်။
အခုကြေညာပြီး ဆောင်ရွှက်နေစဥ် အချိန်အတွင်း လာရောက်အပ်နှံခြင်းမရှိပါက တစ်အိမ်တက်ဆင်း ဝင်ရောက်ရှာဖွေစဥ် တွေ့ရှိပါက လက်နက်ကိုင်ဆောင်မှု လက်နက် လက်ဝယ်ထားရှိမှုနဲ့ အကြမ်းဖက်နှိမ်နင်းရေး ဥပဒေတွေအရ အရေးယူမယ်လို့ လည်း သူတို့ကကြေညာသွားခဲ့တယ်လို့သိရပါတယ်။
ဒီနေ့ ထားဝယ်မြို့ရှိဆိုင်အားလုံးနီးပါး ပိတ်ထားပြီး လမ်းပေါ်မှာ လူသွားလာသူ မရှိသလောက်ဖြစ်နေတယ်လို့ ထားဝယ်ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီ ဖမ်းထားသူ ၆၀၀ ကျော်ပြန်လွတ်လာ
အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်ဆန္ဒပြမှုတွေနဲ့ပတ်သက်ပြီး အဖမ်းခံရသူအမျိုးသား (၃၆၀) နဲ့ အမျိုးသမီး (၂၆၈)ဦး၊ စုစုပေါင်း ၆၂၈ဦး ပြန်လွတ်မြောက်လာတယ်လို့ ဘီဘီစီက သိရပါတယ်။
အခုလို လွတ်မြောက်လာသူတွေဟာ မတ်လ (၃)ရက်နောက်ပိုင်းဖမ်းဆီးထားသူတွေထဲကမှ ချုပ်ရမန် မချုပ်ရသေးတဲ့သူတွေဖြစ်တယ်လို့လည်း လွတ်မြောက်လာသူ အချို့ကပြောပါတယ်။
လွတ်မြောက်လာသူတွေထဲမှာ တာမွေ၊ ကျောက်မြောင်း သပိတ်စစ်ကြောင်းက ကျောင်းသားတွေအပါအဝင် လူမှုကွန်ရက်စာမျက်နှာမှာ ဝေဖန်မှုမြင့်တက်ခဲ့တဲ့မြောက်ဥက္ကလာသပိတ်စစ်ကြောင်းမှာ ရိုက်နှက်ဖမ်းဆီးခံရသူ ပရဟိတလူငယ် (၄)ဦးပါ ပါဝင်ပါတယ်။
ဒါ့အပြင် မြောက်ဥက္ကလာ ဖြစ်စဉ်မှာပဲ သေနတ်ကျည်မှန်ကာ ရုပ်အလာင်းပြန်မရဘဲ သေဆုံးပြီဆိုပြီး နာရေးလုပ်ခဲ့ တဲ့သူလည်းပြန်လွတ်လာခဲ့ပါတယ်။
မတ်လ (၂၄)ရက်မှာ အင်းစိန်ထောင်ကနေ ဖမ်းဆီးခံပြည်သူတွေကို ပြန်လွှတ်ပေးခဲ့သလို မတ်လ(၂၃)ရက်တုန်း က လည်း မန္တလေးမြို့က ဖမ်းဆီးခံကျောင်းသား ၃၀ကျော် လွတ်မြောက်လာပါတယ်။
ပထမအာဏာရှင် ဦးနေဝင်းရဲ့ လွှမ်းမိုးမှုများ
လှည်းတန်းက အသံတိတ်သပိတ်
ရန်ကုန်မြို့ရဲ့ လူအစည်းကားဆုံးနေရာတစ်ခုထဲမှာအပါအဝင်ဖြစ်တဲ့ လှည်းတန်းတစ်ဝိုက်က အသံတိတ်သပိတ် မြင်ကွင်းတွေဖြစ်ပါတယ်။
မြန်မာမှာ စစ်အာဏာသိမ်းထားတာက ၅၂ ရက်ရှိပါပြီ။ စစ်အာဏာသိမ်းမှုကိုဆန့်ကျင်ကြောင်း နည်းအမျိုးမျိုးနဲ့ နိုင်ငံတဝန်းဒေသမျိုးစုံမှာ ဆန္ဒပြသပိတ်တွေလည်း ပြုလုပ်လျက်ရှိပါတယ်။
ဒီနေ့ မတ်လ ၂၄ ရက်နေ့မှာ အသံတိတ်သပိတ် လုပ်ဖို့ မလုပ်ဖို့ ရှေ့ရက်တွေမှာ အငြင်းအခုန်တွေ ဖြစ်ခဲ့ပေမယ့် မနေ့ညပိုင်း စစ်ကောင်စီရဲ့ ရပ်ကျေးအာဏာ ပိုင်တွေက ပြည်သူတွေပုံမှန်အတိုင်း သွားလာနိုင်ကြပြီဖြစ်ကြောင်း ကြေညာ ချက်တွေ အရပ်ထဲ လှည့်လည်အသိပေးခဲ့ပါတယ်။
အဲဒီနောက် အပြင်မထွက်၊ ဆိုင်မဖွင့်၊ ဈေးမသွား၊ အသံမထွက်တဲ့ အသံတိတ်သပိတ်ကို ပြုလုပ်ဖို့ လူထုကြား အချင်းချင်း စည်းရုံးလှုံ့ဆော်မှု ပိုရှိလာခဲ့ပြီး အသံတိတ်သပိတ်က ပိုမိုအားကောင်းလာတာကိုတွေ့ရပါတယ်။
သေနတ်နဲ့ အပစ်ခံရတဲ့ အသက် ၇ နှစ်အရွယ် မခင်မျိုးချစ် နာရေးပြုလုပ်
မန္တလေးမြို့၊ အောင်ပင်လယ်ရပ်ကွက်မှာ မတ်၂၃ ရက် မနေ့က နေအိမ်အတွင်း ဝင်ရောက်ပစ်ခတ်ခဲ့တာကြောင့် သေဆုံးခဲ့တဲ့ အသက် ၇ နှစ်အရွယ် မခင်မျိုးချစ် ကို အေးရိပ်ငြိမ်သုသာန်မှာ မတ်လ ၂၄ ရက်နေ့ မနက်ပိုင်းက အစ္စလာမ်ဘာသာဝင်တို့ထုံးစံအတိုင်း သင်္ဂြိုဟ် ခဲ့ပါတယ်။
မန္တလေးမြို့မှာမတ်လ ၂၃ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်မှာ အသက် ၇နှစ်အရွယ်ရှိ မိန်းကလေးငယ်တစ်ဦး သူမနေအိမ်အတွင်းက ဖခင်ပေါင်ပေါ် ရှိနေချိန်မှာ စစ်ကောင်စီ လုံခြုံရေးတပ်ဖွဲ့တွေပစ်သတ်ခြင်းခံခဲ့ရတာဖြစ်တယ်လို့ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ ယူနီဆက် မြန်မာက ပြောပါတယ်။
ဆိုင်ကယ်နဲ့ လှည့်နေတဲ့ စစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ ရပ်ကွက်အတွင်း နေအိမ်တွေကို ဝင်ရောက်ခဲ့တာဖြစ်ပြီး မခင်မျိုးချစ်ရဲ့ အကိုဖြစ်သူလည်း ရိုက်နှက်ဖမ်းဆီးခံခဲ့ရပါတယ်။
ဖေဖော်ဝါရီ ၁ ရက်နေ့က စတင်တဲ့ စစ်ကောင်စီ အာဏာသိမ်းကာလအတွင်း အနည်းဆုံး ကလေးငယ် ၂၃ ဦး သေဆုံးခဲ့ပြီးတော့ ကလေး ၁၁ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့တယ်လို့ လည်းယူနီဆက် မြန်မာက ပြောပါတယ်။
ကလေးသူငယ်များကို မတရားဖမ်းဆီးခြင်းများလည်း ဆက်လက်ဖြစ်ပွားလျက် ရှိနေပြီး ထိန်းသိမ်းခံထားရသူ အရေအတွက် ထက်ဝက်နီးပါးဟာ ကလေးသူငယ်များနှင့် လူငယ်များ ဖြစ်ကာ၊ ယူနီဆက်ရဲ့ မိတ်ဖက်အဖွဲ့အစည်းများက ကလေးသူငယ် နဲ့ လူငယ်ဦးရေ ၉၀၀ ကျော် မတရားဖမ်းဆီးခံခဲ့ရတယ်လို့ ခန့်မှန်းထားပါတယ်။
မတ်လ ၃ ရက်ဆန္ဒပြပွဲတွေမှာ အဖမ်းခံရသူလူငယ်ရာချီ ပြန်လွတ်လာ
မတ် ၃ ရက်နေ့က စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်စစ်ကြောင်းတွေ ဖြိုခွဲခံရပြီးတဲ့နောက် ဖမ်းဆီးခံခဲ့ရတဲ့ ဆန္ဒပြလူငယ် ရာချီ ဒီနေ့ မတ်လ ၂၄ ရက်မှာ အင်းစိန်အကျဉ်းထောင်ကနေ ပြန်လွတ်လာပါတယ်။
ဒီလူငယ်တွေထဲမှာ တာမွေသပိတ်စစ်ကြောင်းကနေ အဖမ်းခံခဲ့ရသူတွေ အများဆုံးဖြစ်ပြီး အများစုဟာ တက္ကသိုလ်ကျောင်းသား ကျောင်းသူတွေဖြစ်ပါတယ်။
ဒီလူငယ်တွေကို ရန်ကုန်မြို့တွင်းပြေးဆွဲတဲ့ YBS ဘတ်စ်ကားတွေနဲ့ အင်းစိန်အကျဉ်းထောင်ကနေ သက်ဆိုင်ရာ ရဲစခန်းတွေကို ခေါ်ခဲ့တာဖြစ်ပြီး ခံဝန်နဲ့ ပြန်လွှတ်ပေးခဲ့တာပါ။
ဒီနေ့လွတ်မြောက်လာသူတွေဟာ တာမွေသပိတ်စစ်ကြောင်းအပြင်၊ မြောက်ဥက္ကလာသပိတ်နဲ့ စမ်းချောင်း ဆန္ဒပြပွဲတွေမှာ ဖမ်းဆီးခံခဲ့ရ သူတွေဖြစ်ပါတယ်။
သူတို့နဲ့အတူ ဖမ်းဆီးခံရသူတွေထဲက နိုင်ငံရေးတက်ကြွလှုပ်ရှားသူ၊ ကျောင်းသားသမဂ္ဂမှာပါဝင်သူနဲ့ သပိတ်ဦးဆောင်သူ ၁၀ ဦးထက်မနည်းတော့ ရာဇဝတ်ကြီးပုဒ်မ ၅၀၅ နဲ့ တရားစွဲခံထားရတယ်လို့ ကြားသိရတဲ့အကြောင်း ဖမ်းဆီးထိန်းသိမ်းခံ လူငယ်တွေအရေးဆောင်ရွက်ပေးနေတဲ့ရှေ့နေတွေက ပြောပါတယ်။
ဒီ့မတိုင်ခင်ကလည်း အသက်မပြည့်သေးဘူးဆိုတဲ့အချက်နဲ့ ထိန်းသိမ်းခံ လူငယ်တချို့ တာမွေနယ်မြေရဲစခန်းကနေ ပြန်လွတ်လာဖူးပါတယ်။
ဒါပေမဲ့ မတ်လ ၃ ရက်နောက်ပိုင်း ဖမ်းဆီးခံရတဲ့ဆန္ဒပြသူတွေအရေးတော့ ရေရေရာရာသိရတာမျိုး မရှိသေးဘူးလို့ ရှေ့နေတွေက ပြောပါတယ်။
AP သတင်းထောက် ကိုသိန်းဇော် ပြန်လွတ်
မြေနီကုန်းမှာ သတင်းယူနေရင်း ဖမ်းဆီးခံလိုက်ရတဲ့ AP သတင်းထောက် ကိုသိန်းဇော် ဒီနေ့ မတ်လ ၂၄ ရက်မှာ ပြန်လည်လွတ်မြောက်လာပြီဖြစ်ပါတယ်။
"ကိုသိန်းဇော်ကို သူ့သက်ဆိုင်ရာသတင်းဌာနကနေပြီးတော့ သတင်းမီဒီယာကောင်စီမှာ ထောက်ခံချက်တောင်းတယ်။ ပြီးတော့ အမှုဖွင့်ထားတဲ့ရဲစခန်းမှာ အမှုကိုရုပ်သိမ်းပေးဖို့ သွားပြီး တောင်းဆိုလွှာတင်တယ်။ အဲဒါကို ကမာရွတ်မြို့နယ်ရဲစခန်းက တရားစွဲတဲ့တရားလိုတွေက ဥပဒေအရာရှိ မှတ်ချက်တောင်းပြီး အမှုရုပ်သိမ်းလွှာတင်တော့ လွတ်လာတယ်။ အတူတူဖမ်းဆီးခံရတဲ့ MPA က ဓာတ်ပုံသတင်းထောက် ကိုရဲမျိုးခန့်ကတော့ သက်ဆိုင်ရာသတင်းဌာနကနေ အမှုရုပ်သိမ်းလွှာတင်ဖို့ ဆက်လက်ဆောင်ရွက်နေတယ်။ ဒါကြောင့် သူကတော့မလွတ်လာသေးဘူး" လို့ သူတို့အမှုကိုလိုက်ပါဆောင်ရွက်နေတဲ့ ဥပဒေအကြံပေးဦးခင်မောင်မြင့်ကပြောပါတယ်။
ကိုသိန်းဇော်နဲ့ ကိုရဲမျိုးခန့်တို့ဟာ ဖေဖော်ဝါရီ လကုန်ပိုင်းက ရန်ကုန်၊ မြေနီကုန်းမှာ စစ်အာဏာသိမ်းဆန့်ကျင်ဆန္ဒပြပွဲကို သတင်းယူနေစဉ်ဖမ်းဆီးခံရတာဖြစ်ပြီး သူတို့ကို ပုဒ်မ ၅၀၅(က) နဲ့ ကမာရွတ်မြို့နယ်ရဲစခန်းက အမှုဖွင့်တရားစွဲထားတာဖြစ်ပါတယ်။
ဒါပေမဲ့ သူတို့နှစ်ဦးကို တရားစွဲထားတဲ့ တိုင်ချက်မှာတော့ သတင်းယူနေစဉ် ဖမ်းဆီးခံရတာဖြစ်ပြီး ဆန္ဒပြပွဲတွေနဲ့ပတ်သက်မှုမရှိကြောင်း အမှုရေးဖွင့်တိုင်ချက်ကို ဖတ်ရှုရတယ်လို့ ဦးခင်မောင်မြင့်ကပြောပါတယ်။
ကိုရဲမျိုးခန့်ကိုတော့ ဧပြီလ ၆ ရက်ကို ရုံးချိန်းပြန်လည်ချိန်းဆိုထားပါတယ်။
"ဒီနေ့ အမေရိကန်သံရုံးက အတွင်းဝန်လာတယ်။ ဒါပေမဲ့ အင်းစိန်ေထာင်တွင်းယာယီခံုတရားရုံးထဲ ဝင်ခွင့်မရဘူး။ ဝင်ပြီးလေ့လာခွင့်ရဖို့ သူတို့ကို လျှောက်ထားလွှာတင်ပါလို့တော့အကြံပြုထားတယ်" လို့ ဦးခင်မောင်မြင့်ကပြောပါတယ်။
ဒါ့အပြင် သတင်းထောက် ကိုဗညားဦးနဲ့ ဇီးကွက်မီဒီယာက ကိုပြည့်ဖြိုးဇော်တို့ကိုလည်း ဒီနေ့ အင်းစိန်အကျဉ်း ထောင်တွင်း ယာယီစုပေါင်းတရားရုံးမှာ ရုံးထုတ်ခဲ့ပြီး သူတို့ကတော့ ယနေ့ထိ ပြန်လည်လွတ်မြောက်ခြင်းမရှိသေးပါဘူး။
ကိုသိန်းဇော်၊ ကိုရဲမျိုးခန့်တို့နဲ့ တရက်တည်းဖမ်းဆီးခံလိုက်ရတဲ့ မြန်မာနောင်းသတင်းထောက်မကေဇွန်နွေးနဲ့ အလွတ်တန်းသတင်းထောက် ကိုစိုးရာဇာထွန်းတို့ကို မနက်ဖြန် မတ်လ ၂၅ ရက်မှာ အင်းစိန်ထောင်တွင်းယာယီတရားရုံးမှာ ရုံးထုတ်ဖို့ရှိနေပါတယ်။
အခုဖမ်းဆီးခံထားရတဲ့ သတင်းထောက် တွေကိုတရားစွဲထားတဲ့ပုဒ်မ ၅၀၅ (က) ဟာ စစ်ခုံရုံးနဲ့စစ်ဆေးစီရင်နိုင်တဲ့ပုဒ်မ ၂၃ မျိုးထဲမှာပါ၀င်နေပါတယ်။
ဒါကြောင့် သူတို့ကို အင်းစိန်ထောင်တွင်းယာယီစုပေါင်းတရားရုံးမှာ ရုံးထုတ်မှာဖြစ်ပြီး ဒီနေ့မှာ သက်ဆိုင်ရာ ရှေ့နေတွေနဲ့ ဆွေးနွေးခွင့်ပေးခဲ့ပါတယ်။
ဒီနေ့ရုံးထုတ်မှာတော့ အဲဒီထဲက ကိုသိန်းဇော်တစ်ဦးသာပြန်လည်လွတ်မြောက်လာတာဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အမှုတွေအတွက် နောက်ထပ်ရုံးချိန်းကို ဧပြီလ ၁ ရက်တွင် ပြုလုပ်မယ်
လက်ရှိမှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် စွပ်စွဲထားတဲ့အမှုတွေ အတွက် ရုံးချိန်းကို ဒီကနေ့မှာနေပြည်တော်မှာပြုလုပ်ခဲ့ပေမဲ့ ဗီဒီယိုကွန်ဖရန်းဇင်းနဲ့ပြုလုပ်တာမျိုးမဟုတ်ဘဲ နောက်ထပ်ရုံးချိန်းကို ဧပြီလ ၁ရက်ကို ရွှေ့တဲ့အကြောင်းပဲ တရားရုံးက ဒေါ်အောင်ဆန်းစုကြည်ထံ အကြောင်းကြားခဲ့တယ်လို့ တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးကပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အမှုအတွက် ရှေ့နေပါဝါမရသေးလို့ ဒီနေ့ တရားခွင်ထဲမဝင်ရောက်နိုင်ခဲ့ဘဲ ရုံးချိန်းကို ဧပြီလ ၁ရက် နေ့ကို ချိန်းတယ်ဆိုတဲ့အကြောင်းကိုလည်း တရားသူကြီးကို မေးမြန်းခဲ့တာကြောင့် သိခဲ့ရတာလို့ ဒေါ်မင်းမင်းစိုးက ပြောပါတယ်။
'ကျမတို့က လောလောဆယ် ကျမတို့လက်ထဲ ပါဝါမရသေးတဲ့အတွက်ကြောင့်မို့လို့ သူတို့ဘာသူတို့ ပေးလိုက်တယ်ဆိုတဲ့ အနေ အထားရှိတော့ ကျမတို့က တရားသူကြီးဆီဝင်ပြီးမေးတဲ့အချိန်မှာ ကွန်ဖရန့်ဇင်းမရဘူး၊ ရုံးချိန်းကိုပဲ ဒေါ်အောင်ဆန်းစုကြည်ဆီကို သူတို့အကြောင်းသွားကြားတယ်၊ ၁ ရက်နေ့ ရုံးချိန်းကို ရုံးကနေ ပေးလိုက်တယ်ဆိုတဲ့အကြောင်း အကြောင်းသွားကြားတာကို ပြန်ပြီးတော့ confirm (အတည်ပြု) လုပ်ဖို့ ကျမတို့ ခဏစောင့်ရတယ်။ ဟိုဘက်ကနေ ပြန် confirm လုပ်တဲ့ဟာကို သိရတော့ှ ရုံးချိန်း ၁ ရက်နေ့ဆိုတာ သိရတာ' လို့ ဒေါ်မင်းမင်းစိုးက ပြောပါတယ်။
ဥပဒေအရာရှိရဲ့အပြောအရဆိုရင်တော့ ဒေါ်အောင်ဆန်းစုကြည်ကို ဇဗ္ဗူသီရိမြို့နယ်ထဲမှာ အမှုထပ်တိုးထားတာမရှိဘူးလို့လည်း သူကပြောပါတယ်။
ရှေ့နေကိုယ်စားလှယ်လွှဲစာအတွက် NLD ဗဟိုအလုပ်မှုဆောင်အဖွဲ့က တင်သွင်းတဲ့ ဦးခင်မောင်ဇော်အစား ဦးယုယချစ်နဲ့ ဒေါ်မင်းမင်းစိုးတို့ နှစ်ဦးကိုသာ ရဲက ဆောင်ရွက်ပေးထားသေးတာဖြစ်ပါတယ်။
တရားသူကြီးကတော့ ရှေ့နေတွေအနေနဲ့ နောက်ရုံးချိန်းမတိုင်ခင်စပ်ကြားမှာ ကိုယ်စားလှယ်လွှဲစာ ပါဝါရမယ်ထင်တယ်လို့ ယူဆတဲ့ အကြောင်း ပြောထားတာရှိတယ်လို့ ဒေါ်မင်းမင်းစိုးက ထပ်လောင်းပြောပြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ဆက်သွယ်ရေးဥပဒေ၊ သဘာဝဘေးစီမံခန့်ခွဲမှုဥပဒေ၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(ခ)၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇ တို့နဲ့တရားစွဲခံထားရသလို မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်များအက်ဥပဒေပုဒ်မတစ်ခုနဲ့လည်း ရန်ကုန်အရှေ့ပိုင်းခရိုင်မှာ တရားစွဲခံထားရပါတယ်။
မြောက်ဥက္ကလာပမြို့နယ်က လူငယ်တွေရဲ့ အသံတိတ်သပိတ်
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကို လူထုက ပုံစံမျိုးစုံနဲ့ ဆန္ဒပြနေကြရာမှာ ဒီနေ့မှာလည်း နိုင်ငံတဝန်းက မြို့ရွာတွေမှာ ဈေးပိတ်၊ အလုပ်ပိတ်၊ လမ်းပေါ်မထွက်ကြတဲ့ အသံတိတ်သပိတ်ကိုပြုလုပ်နေကြပါတယ်။
လူသေဆုံးတဲ့အထိ ဆန္ဒပြပွဲတွေ အကြမ်းဖက်ဖြိုခွင်းခံခဲ့ရသလို စစ်အုပ်ချုပ်ရေးအမိန့်လည်း ကြေညာခံထားရတဲ့ ရန်ကုန်၊ မြောက်ဥက္ကလာပမြို့နယ်ထဲက လူငယ်တချို့ကလည်း အသံတိတ်ဆန္ဒပြ သရုပ်ဖော်ခဲ့ကြပါတယ်။
မနေ့ မတ်လ ၂၃ ရက်ညဦးပိုင်းကတော့ ရန်ကုန်မြို့က နေရာတချို့မှာ လူထုကို ဒီနေ့ပုံမှန်အတိုင်းသွားလာလှုပ်ရှားကြဖို့ စစ်ကောင်စီက ကားနဲ့လှည့်ပြီး တိုက်တွန်းကြေညာတာမျိုးရှိခဲ့ပါတယ်။
မန္တလေးမှာ နေရာတချို့ပဲ အသံတိတ်သပိတ်မှာပါဝင်နိုင်
ဒီနေ့ မတ်လ ၂၄ ရက် အသံတိတ် သပိတ်အနေနဲ့ မန္တလေးမြို့ရဲ့ နေရာတချို့မှာ ပြုလုပ်တာရှိပေမယ့် မြို့နယ်တချို့ရပ်ကွက်မှာတော့ ပုံမှန်သွားလာနေကြပါတယ်။
အင်တာနက်လိုင်းတွေ ဖြောက်တောက်ခံထားရလို့ တချို့တွေက မသိဘဲ ဈေးဖွင့်တာ၊ အပြင်သွားလာသူတွေ ရှိသလို ပင်စင်လစာထုတ်သူတွေလဲ ရှိတယ်လို့ ဒေသခံတချို့ကပြောပါတယ်။
"မနက်အစောကတည်းက ဆိုင်ကယ် တဝီဝီနဲ့ သွားနေကြတာပဲ။ ခေါင်းရွက် ဗျပ်ထိုးသည်တွေလဲ လာတာပဲ။ နေ့လုပ်နေ့စားတွေက ဒီအသံတိတ်သပိတ်ကို ဖုန်းလိုင်းတွေမရတော့ ဘယ်လိုလုပ်သိမှာလဲ။ သူတို့ကို အပြင်ထွက်လို့ဆိုပြီး အပြစ်တင်လို့မရဘူး "လို့ ချမ်းအေးသာစံမြို့နယ် ဒေသခံတဦးက ပြောပါတယ်။
စစ်တပ်နဲ့ရဲတို့ရဲ့ အကြမ်းဖက်ပစ်ခတ်လို့ ကျဆုံးသွားသူတွေအတွက် ငြိမ်သက်တိတ်ဆိတ်ပေးတာ၊ စစ်ကောင်စီက မြို့ရွာတွေ ပုံမှန်အတိုင်းဖြစ်ပြီလို့ ပြောဆိုသုံးနူန်းတာကို ခြေဖျက်တဲ့အနေနဲ့ မတ်လ ၂၄ ရက်နေ့ကို ဈေးဆိုင်အားလုံးပိတ်၊ လမ်းပေါ်မည်သူမှ မထွက်ဘဲ အိမ်မှာပဲနေ အပြင်မထွက်ကြတဲ့ အသံတိတ်သပိတ်ကို တိုင်း၊ ပြည်နယ်တွေမှာ ပြုလုပ်ကြတာဖြစ်ပါတယ်။
ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာဒုက္ခသည်စခန်းမီးလောင်မှု လူနေတဲပေါင်း တစ်သောင်းကျော် မီးထဲပါ
ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲက ရိုဟင်ဂျာ ဒုက္ခသည်စခန်းမှာ ပြီးခဲ့တဲ့မတ်လ ၂၂ ရက်တုန်းက မီးလောင်မှုဖြစ်ခဲ့ချိန် လူနေတဲပေါင်း ၁၀,၀၀၀၊ ကျန်းမာရေးဆေးခန်းတွေ၊ အာဟာရစင်တာနဲ့ ကျောင်းတွေ ပျက်စီးသွားတယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။
လူပေါင်း ၅၀,၀၀၀ ဆေးကုပေးနေတဲ့ ဆေးခန်းတစ်ခုလည်း မီးထဲပါသွားခဲ့တယ်လို့ နိုင်ငံတကာရွှေ့ပြောင်းသွားလာသူများ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ IOM က ပြောပါတယ်။
အခုလို ဆေးခန်း မီးသင့်သွားတဲ့အတွက် ကိုဗစ်နိုင်တင်းရောဂါ တိုက်ဖျက် ရေးအတွက် အဟန့်အတားတွေ အများကြီး ရှိလာနိုင်တယ်လို့လည်း IOM က ဆိုပါတယ်။
ဒီမီးလောင်မှုအတွင်း လူ ၁၁ ဦးသေဆုံးခဲ့ရပြီး သေဆုံးသူတွေဟာ သံဆူးကြိုးတွေနဲ့ဝိုင်းရံထားတဲ့ စခန်းအတွင်းမှာ မီးသင့် အသက်ဆုံးရှုံးခဲ့တာလို့ စခန်းတာဝန်ခံတွေက ပြောပါတယ်။
ကောက်ဘဇားခရိုင်ထဲက ဒီမီးလောင်မှုကြောင့် ဒုက္ခသည် ၄၅၀,၀၀၀ ခန့် အိုးအိမ်မဲ့ဖြစ်ခဲ့ရတယ်လို့ လည်း သူတို့က ဆိုပါတယ်။
ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး UNHCR ကတော့ သေဆုံးသူ ၁၅ ဦးထက်မနည်းရှိပြီး ပျောက်ဆုံးသူ ၄၀၀ လောက်ရှိနေတယ်လို့ ပြောထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အမှုတွေ ဒီနေ့ကြားနာဖို့ရှိ
လက်ရှိမှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့အမှု ရုံးချိန်းကို ဒီနေ့ မတ်လ ၂၄ ရက်မှာ နေပြည်တော်မှာ ပြုလုပ်ဖို့ရှိပေမဲ့ အမှုတွေအရေးအကျိုးဆောင်မယ့်ရှေ့နေတွေဟာ မနေ့မွန်းလွဲပိုင်းအထိ ရှေ့နေပါဝါမရသေးဘူးလို့ တရားလွှတ်တော်ရှေ့နေ ဒေါ် မင်းမင်းစိုးက ပြောပါတယ်။
မတ်လ ၁၅ ရက်နေ့တုန်းကတော့ အင်တာနက်ပြတ်တောက်မှုတွေကြောင့် ဗီဒီယိုကွန်ဖရန်းဇင်းကနေ တဆင့်ပြုလုပ်မယ့် အမှုကြားနာမှု မဖြစ်မြောက်ခဲ့ပါဘူး။
ဒေါ်မင်းမင်းစိုးကတော့ အာဏာပိုင်တွေဘက်က ဒီနေ့ရုံးချိန်းကို ဖြစ်မြောက်အောင်လုပ်မယ်ဆိုရင် လုပ်နိုင်တဲ့အခြေအနေမှာရှိမယ်လို့ ယူဆသလို ရုံးချိန်းဖြစ်မြောက်မယ်လို့ စောင့်စား မျှော်လင့်ပြီး သွားရမှာပဲလို့ ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ဆက်သွယ်ရေးဥပဒေ၊ သဘာဝဘေးစီမံခန့်ခွဲမှုဥပဒေ၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(ခ)၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇ တို့နဲ့တရားစွဲခံထားရသလို မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်များအက်ဥပဒေပုဒ်မတစ်ခုနဲ့လည်း ရန်ကုန်အရှေ့ပိုင်းခရိုင်မှာ တရားစွဲခံထားရပါတယ်။
စစ်ကောင်စီက မနေ့ မတ်လ ၂၃ ရက် သတင်းစာရှင်းလင်းပွဲမှာ ရန်ကုန်တိုင်းဝန်ကြီးချုပ်က ဒေါ်အောင်ဆန်းစုကြည်တည်ထောင်တဲ့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို ငွေသားနဲ့ ရွှေတွေ ပေးခဲ့ရတယ်လို့ပြောထားတဲ့ ဗီဒီယိုဖွင့်ပြ သတင်း ထုတ်ပြန်ခဲ့ပါတယ်။
ဒါ့ကြောင့် ဒီအနေအထားဟာ ဒီနေ့ တရားရုံးကြားနာမှုအတွင်း ဒေါ်အောင်ဆန်းစုကြည်အတွက် အမှုထပ်တိုးမလားဆိုတာ စဉ်းစားစရာဖြစ်တယ်လို့ ဒေါ်မင်းမင်းစိုးက ပြောပါတယ်။
ရှေ့နေကိုယ်စားလှယ်လွှဲစာအတွက် NLD ဗဟိုအလုပ်မှုဆောင်အဖွဲ့က တင်သွင်းတဲ့ ဦးခင်မောင်ဇော်အစား ဦးယုယချစ်နဲ့ ဒေါ်မင်းမင်းစိုးတို့ နှစ်ဦးကိုသာ ရဲက ဆောင်ရွက်ပေးသေးတယ်လို့ ရှေ့နေ ဦးခင်မောင်ဇော်က ပြီးခဲ့တဲ့ရုံးချိန်းတုန်းက ပြောထားပါတယ်။
သံလွင်တံတားအောက်က မွန်လူငယ်တချို့ရဲ့ဆန္ဒပြပွဲ
မွန်ပြည်နယ်၊ မော်လမြိုင်မြို့ပေါ်က လူငယ်တွေက သံလွင်တံတားအောက်မှာ ဒီနေ့ မတ်လ ၂၄ ရက် မနက်ပိုင်းမှာပြုလုပ်သွားတဲ့ဆန္ဒပြသရုပ်ဖော်ပုံတွေ ဖြစ်ပါတယ်။
မြန်မာစစ်တပ်ကို လက်နက်ရောင်းချတာရပ်အောင်လုပ်ဖို့၊ ပိုထိရောက်တဲ့အရေးယူမှုတွေ လုပ်ဖို့၊ CRPH ကို အသိအမှတ်ပြုဖို့ လူငယ်တွေက တောင်းဆိုသွားတာပါ။
မနေ့တုန်းကလည်း မွန်လူငယ်တစ်ချို့က အမျိုးသားတန်းတူညီညွတ်ရေးပါဝင်တဲ့ တောင်းဆိုချက်တွေကို မော်လမြိုင်မြို့ပေါ်မှာ သရုပ်ဖော်ရင်း တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။
မနော်ဟရီလမ်းပေါ်က သာမန်အရပ်သားဆန္ဒပြသူတစ်ဦး
ကျောင်းတွေ ပြန်ဖွင့်ရင် တစ်နှစ် နှစ်တန်းသင်မယ်လို့ စစ်ကောင်စီပြော
အခြေခံပညာ ကျောင်းတွေ မကြာခင် ပြန်ဖွင့်မှာဖြစ်ပြီးတော့ တစ်နှစ်ကို နှစ်တန်းသင်မယ်လို့ လျာထားကြောင်း ဒီနေ့ မတ်လ ၂၃ ရရက် စစ်ကောင်စီသတင်းစာရှင်းလင်းပွဲမှာ စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ပြောသွားပါတယ်။
ဥပမာ ငါးတန်းကျောင်းသားက တစ်နှစ်အတွင်း ငါးတန်းကော၊ ခြောက်တန်းကော ပြီးအောင်တတ်ရမယ်ပေါ့လို့ သတင်းထုတ်ပြန်ရေးအဖွဲ့က ပြောပါတယ်။
လာမယ့် မေလ ၃ ရက်နေ့ မှာတော့ မဟာတန်းနဲ့ ပါရဂူဘွဲ့ သင်တန်းတွေ စဖွင့်မှာဖြစ်ပြီးတော့ အခြေခံပညာကျောင်း တွေ ဘယ်တော့ ပြန်ဖွင့်မယ်ဆို တာကို တိတိကျကျ ပြောသွားတာမရှိပါဘူး။
တစ်နှစ်ကို နှစ်တန်းတက်ရမယ်ဆိုတာနဲ့ ပတ်သက်လို့ ကျောင်းသားမိဘ တွေက ပညာရေးအတွက် တတ်မြောက်မှုမရှိမှာကို စိုးရိမ်မှုတွေရှိနေတယ်လို့ ပြောပါတယ်။