ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

စစ်အာဏာသိမ်းဆန့်ကျင်ရေးဆန္ဒပြပွဲတွေမှာ သေဆုံးရသူ ၅၂၁ ဦး ရှိလာ

ဒေါ်အောင်ဆန်းစုကြည်ဟာ ကျန်းမာရေးကောင်းမွန်တဲ့ပုံ တွေ့ရပြီး ရွှင်ရွှင်လန်းလန်းရှိတယ်လို့ ရှေ့နေပြော

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ဒလမှာ ည ၁၂နာရီကျော်ထိ ပစ်ခတ်တာတွေကြောင့်ဒဏ်ရာရသူတွေရှိ

    ရန်ကုန်မြစ်တစ်ဖက်ကမ်းရှိ ဒလမြို့နယ်မှာ အခုည ၁၂နာရီ ဝန်းကျော် အထိသေနတ်ပစ်ဖောက်တာတွေရှိနေပြီး ဒဏ်ရာရသူတချို့လည်းရှိနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

    "ညနေက ကိစ္စကြောင့် အခု တစ်မြို့လုံးနီးပါး မအိပ်ကြဘဲ ကြွေးကြော်သံတွေတိုင်ပြီး ဆန္ဒထုတ်ဖော်နေကြတယ်။ အဖမ်းခံထားရတဲ့အမျိုးသမီး၂ ယောက်ကို ပြန်လွှတ်ပေးဖို့ တောင်းဆိုနေကြတာမှာ စခန်းထဲကနေ သေနတ်နဲ့ဆက်တိုက်ပစ်တော့တာပဲ။ အခု ၁၂နာရီ မိနစ်၂၀ ထိပစ်​​နေတုန်း။ ဘယ်နှယောက်ထိသလဲတော့ မသိရသေးဘူး။ ညနေကလည်း ရော်ဘာကျည်ရော၊ ကျည်အစစ်တွေနဲ့ရော ပစ်တာ"လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

    အမျိုးသမီးနှစ်ဦး ဖမ်းဆီးခံရလို့ ပြန်လွှတ်​ပေးဖို့ တောင်းဆိုရာကနေ ညနေပိုင်းမှာ ဆန္ဒပြလူအုပ်ကို ရဲနဲ့တပ် ပူးပေါင်းအဖွဲ့က သေနတ်နဲ့ အချက် ၃၀ ဝန်းကျင် ပြန်လည်ပစ်ခတ်ခဲ့ပြီး ညနေပိုင်းမှာပဲ ကျည်ထိမှန် ဒဏ်ရာရသူ ၂ဦး ရှိခဲ့ပါတယ်။

  2. ရန်ကုန် မြို့နယ်တချို့ ညပိုင်း ပစ်ခတ်မှုတွေရှိ

    နိုင်ငံအနှံ့က မြို့တချို့နဲ့ ရန်ကုန်တိုင်းက မြို့နယ်တွေမှာ ညသပိတ်တွေ ပြုလုပ်ခဲ့ကြတာကိုတွေ့ရပြီး ရန်ကုန်တိုင်းက ဒလနဲ့ မြောက်ဒဂုံမြို့နယ်မှာတော့ သေနတ်ပစ်ခတ်သံတွေ ကြားနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    ဒီကနေ့ မြိတ်မြို့မှာ ဖြစ်ပေါ်ခဲ့တဲ့ ဆန္ဒပြမှုနဲ့ ရပ်ကွက်တွေ အတွင်း ပစ်ခတ်မှုတွေကြောင့် သေဆုံးသူ အနည်းဆုံး လေးဦးရှိပြီလို့ ဒေသမီဒီယာတချို့မှာ ဖော်ပြထားတာကို တွေ့ရပါတယ်။

  3. လန်ဒန် စစ်သံရုံးရှေ့ စစ်အာဏာသိမ်း ဆန္ဒပြ

    လန်ဒန်မြို့ ဝင်ဘယ်လ်ဒန်အရပ်က မြန်မာ စစ်သံရုံးရှေ့မှာ ယူကေရောက် မြန်မာတွေက စစ်အာဏာသိမ်း ဆန့်ကျင်ဆန္ဒပြမှုကို ဒီကနေ့ ပြုလုပ်ခဲ့ကြပါတယ်။

  4. မရမ်းကုန်း ညသပိတ်

    မရမ်းကုန်းမြို့နယ်က လူငယ်တွေစုပေါင်းပြီးဒီကနေ့ ညနေ ၆နာရီကစပြီး ညသပိတ် ဆင်နွှဲခဲ့ပါတယ်။

    ဆန်ကောဝိုင်းပေါ်မှာ ဆေးရောင်ချယ်ပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ စာသားတွေကိုရေးဆွဲကာ လမ်းလျှောက်ညသပိတ် ပြုလုပ်ခဲ့ကြတာပါ။

    စစ်တပ်အာဏာသိမ်းပြီးအချိန်ကစလို့ ဆန္ဒပြပွဲ အတွင်း သေဆုံးသွားခဲ့သူတွေကို ရည်စူးပြီး ဖယောင်းတိုင်၊ မိုဘိုင်းဖုန်းနဲ့မီးထွန်းကာ တေးသီချင်းတွေ သီဆိုပြီး ဆုတောင်းခဲ့ကြပါတယ်။

  5. တော်လှန်ရေးနေ့ တက်ရောက်ဖို့ ရုရှား ဒုကာကွယ်ရေးဝန်ကြီး နေပြည်တော်ကိုရောက်

    မနက်ဖြန် မတ်လ ၂၇ ရက် မှာ ကျင်းပမယ့် ၇၆ ကြိမ်မြောက် တော်လှန်ရေးနေ့ အခမ်းအနားတက်ရောက်ဖို့ ရုရှားနိုင်ငံက ဒုတိယ ကာကွယ်ရေး ဝန်ကြီး အလက်ဇန္ဒရား ဖိုမင် (Alexander Fomin) နဲ့ အဖွဲ့ နေပြည်တော်မှာ ရောက်ရှိနေတယ်လို့ စစ်တပ်ပိုင် မြဝတီမီဒီယာက ည ၈ နာရီမှာ ကြေညာသွားပါတယ်။

    ရုရှား ကာကွယ်ရေး ဒုဝန်ကြီးဟာ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ စစ်ကောင်စီ ဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချူပ်မှူးကြီး စိုးဝင်းတို့အပါအဝင် စစ်ကောင်စီ အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံခဲ့တယ်လို့လည်း အဲဒီသတင်းမှာ ထုတ်လွှင့်သွားပါတယ်။

    ရုရှားက တက်ရောက်ဖို့ ရောက်ရှိလာပေမဲ့ ပြည်တွင်းမှာတော့တပ်မတော်နေ့ အခမ်းအနားတက်ရောက်ဖို့ ဖိတ်ကြားထားတာကို သံရုံးတချိုနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့က မတက်ရောက်ဘူးလို့ ထုတ်ဖော်ပြောကြားထားတွေ ရှိနေပါတယ်။

    စစ်ကောင်စီဘက်က စွပ်စွဲထားတဲ့ ရွေးကောက်ပွဲ မဲမသမာမှုတွေ ကိစ္စ၊ နှစ်နိုင်ငံကြား စစ်ဘက်ဆိုင်ရာ နည်းပညာ ပူးပေါင်းဆောင်ရွက်ဖို့၊ သင်တန်းသားတွေ စေလွှတ်ဖို့ ကိစ္စတွေကိုလည်း ရုှရား ကာကွယ်ရေး ဒုဝန်ကြီးနဲ့ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

    နောက်ပြီး ရက်ပေါင်း ၅၀ ကျော်ကြာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေအတွင်း သိမ်းယူရရှိခဲ့တယ်လို့ဆိုတဲ့ လက်လုပ်ကိရိယာ ပစ္စည်းတွေကိုလည်း ရုရှား ဒုကာကွယ်ရေးဝန်ကြီးကို အာဏာသိမ်းစစ်ခေါင်းဆောင်က ရှင်းလင်းပြသခဲ့တာကိုလည်း တွေ့ရပါတယ်။

    ဒါပေမဲ့ နိုင်ငံတဝန်း ဆန္ဒပြပွဲတွေအတွင်း စစ်တပ်နဲ့ ရဲတပ်ဖွဲ့ရဲ့ အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းမှုတွေကြောင့် ကလေးငယ်တွေအပါအဝင် လူရာနဲ့ချီ သေဆုံးခဲ့ရတဲ့အကြောင်းကိုတော့ ထုတ်ဖော်ပြောဆိုသွားတာ မရှိပါဘူး။

    နိုင်ငံရေး မတည်ငြိမ်မှုတွေရှိနေတဲ့အချိန် မနက်ဖြန်မှာ ကျရောက်မယ့် တော်လှန်ရေးနေ့အခမ်းအနားကို စစ်ကောင်စီဘက်က ကျင်းပဖို့ ပြင်ဆင်နေချိန်မှာပဲ ဆန္ဒပြသမားတွေကလည်း နိုင်ငံတဝန်း လမ်းပေါ်ထွက် ဆန္ဒပြကာ အာဏာသိမ်းမှုကို ဆန့်ကျင်ကြဖို့ ၊ အထွေထွေ သပိတ်ဆင်နွှဲကြဖို့ ဆော်သြထားတာတွေကို တွေ့ရပါတယ်။

  6. စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာ့စီးပွားရေး ၁၀ ရာခိုင်နှုန်းကျနိုင်တယ်လို့ ကမ္ဘာ့ဘဏ်ခန့်မှန်း

    ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ်အတွင်း မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ ၁၀ ရာခိုင်နှုန်း ကျဆင်းသွားနိုင်တယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းထားပါတယ်။

    ဒီမှန်းဆချက်ဟာ ပြီးခဲ့တဲ့နှစ်က မြန်မာ့စီးပွားရေး အလားအလာအပေါ် ကမ္ဘာ့ဘဏ်ရဲ့ကြိုတင်ခန့်မှန်းချက်တွေနဲ့ သိသိသာသာ ကွာခြားနေပါတယ်။

    မြန်မာ့စီးပွားရေးဟာ ၅.၉ရာခိုင်နှုန်း မြင့်တက်လာမယ်လို့ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလတုန်းက ကမ္ဘာ့ဘဏ်က ခန့်မှန်းထားပါတယ်။

    ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာ့ကပ်ရောဂါ ကူးစက်ပျံနှံ့မှုတွေ ရှိနေပေမယ့် မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ ဒေသတွင်း နိုင်ငံတွေကြား အမြင့်ဆုံးနှုန်းထားနဲ့ တိုးတက်လာမယ်လို့လည်း တွက်ဆထားခဲ့တာပါ။

    ဒါပေမဲ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဘဏ်လုပ်ငန်းတွေ၊ ထောက်ပံ့ပို့ဆောင်ရေး အစီအစဉ်တွေ နဲ့အင်တာနက် ဝန်ဆောင်မှုတွေလို အဓိကကျတဲ့ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းတွေ ဟန့်တားနှောင့်ယှက်ခံနေရတာ၊ စစ်တပ်ရဲ့ဖြိုခွင်းမှုတွေ၊ အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ အလုပ်သမား သပိတ်၊ ဆန္ဒပြပွဲတွေကြောင့် မြန်မာ့စီးပွားရေးကို အကြီးအကျယ် သက်ရောက်ခဲ့တယ်လို့ ကမ္ဘာ့ဘဏ်က ပြောပါတယ်။

    ဆန္ဒပြသမားတွေဘက်လည်း ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရ ပြန်လည် မအုပ်ချုပ်မချင်း နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေရုပ်သိမ်းကြဖို့ တောင်းဆိုထားပါတယ်။

  7. စစ်အာဏာသိမ်းဆန္ဒပြရင်း သေဆုံးခဲ့သူအတွက် အမေရိကန် သံအမတ် လွမ်းသူပန်းခြင်းချ

  8. ပြည်သူတွေကိုကာကွယ်ပေးရမယ့်အစားမြန်မာစစ်တပ်ကလူထုကိုတိုက်ခိုက်နေတယ် - ကုလအထူးကိုယ်စားလှယ်

    အာဏာသိမ်းစစ်ကောင်စီရဲ့ ရဲတွေ၊ စစ်သားတွေက နိုင်ငံတွင်းအကြမ်းဖက်ဖြိုခွင်းမှုတွေ ဆက်လက်ကျူးလွန်နေတဲ့အပေါ် အလွန်အမင်းစိုးရိမ်ပူမိတယ်လို့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ခရစ်စတင်း ရှာရနာ ဘာဂနာက ပြောပါတယ်။

    ငြိမ်းချမ်းရေးဖော်ဆောင်ဖို့နဲ့ ပြည်သူတွေကို အကာအကွယ်ပေးတာဟာစစ်တပ်တိုင်းရဲ့တာဝန် ဖြစ်ပေမယ့် မြန်မာစစ်တပ်ကတော့ သူ့နိုင်ငံသားတွေကို ပြန်လည်တိုက်ခိုက်နေတယ်လို့လည်း ဆိုပါတယ်။

    နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်အပါအဝင် ဖမ်းဆီးထိန်းသိမ်းခံထားရသူအားလုံးကိုလည်း ပြန်လွှတ်ပေးဖို့မစ္စဘာဂနာက ထပ်မံတောင်းဆိုပါတယ်။

    တခါ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ်မစ္စတာတွန်အန်ဒရူးကလည်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH အပါအဝင် တာဝန်ရှိသူနဲ့ အရေးပေါ်အစည်းအဝေးတရပ် ကျင်းပဖို့ ကုလသမဂ္ဂ၊ အာဆီယံ၊ ဥရောပသမဂ္ဂ၊ အမေရိကန်နဲ့ တရုတ်တို့ကို တောင်းဆိုထားပါတယ်။

    မြန်မာပြည်တွင်းအခြေအနေတွေဟာ တနေ့ထက်တနေ့ ပိုမိုဆိုးရွားလာနေတယ်။ နိုင်ငံတကာရဲ့ တုံ့ပြန်ဆောင်ရွက်မှုတွေ ချက်ချင်းမလုပ်ဆောင်ရင် ဒီထက်ပိုဆိုးရွားလာနိုင်ခြေရှိတယ်လို့လည် းမစ္စတာအန်ဒရူးက ပြောပါတယ်။

  9. ဆန္ဒပြလူငယ် ၃၂၀ ကျော်ကို အင်းစိန်ထောင်ကနေ ထပ်မံလွှတ်ပေး

    မတ်လ ၇ ရက်နေ့က ရန်ကုန် ဆန္ဒပြပွဲတွေမှာ ဖမ်းဆီးထိန်းသိမ်းခံရတဲ့ လူငယ် ၃၂၀ ကျော် ဒီနေ့ မတ်လ ၂၆ ရက်မှာ အင်းစိန်အကျဉ်းထောင်ကနေ ပြန်လွတ်လာပါတယ်။

    ထောင်ကနေ ဒီညနေ လေးနာရီနီးပါးမှာ ပြတ်လွှတ်လိုက်တာပါ။

    ပြန်လွတ်လာသူတွေကို စောင့်နေတဲ့ ထောင်အရှေ့ပေါက်က မလွှတ်ဘဲ ဗဟိုလမ်းအပေါက်ဘက်က လွှတ်လိုက်တာလို့ အဲဒီမှာရှိနေတဲ့ အကူအညီပေးနေတဲ့ရှေ့နေတစ်ဦးကပြောပါတယ်။

    မတ်လ ၃ ရက်နေ့ ရန်ကုန်က သပိတ်တွေ ဖြိုခွင်းခံရချိန် အဖမ်းခံခဲ့ရတဲ့ ကျောင်းသား ၇၀၀ နီးပါးလည်း ပြီးခဲ့တဲ့ နှစ်ရက်က ပြန်လွတ်လာပါတယ်။

    အဲဒီမတိုင်ခင်ကလည်း မတ်လ ၃ ရက်မှာပဲ ဖမ်းဆီးခံခဲ့ရတဲ့ လူငယ် ၅၀ ကျော်ဟာ အသက်မပြည့်သေးတဲ့အချက်နဲ့ တာမွေစခန်းကနေ ပြန်လွတ်လာခဲ့ပြီးဖြစ်ပါတယ်။

  10. မုံရွာနယ်မြေရဲစခန်းက ပျောက်ဆုံးနေတဲ့ရဲ နှစ်ဦးရဲ့ အလောင်း ဆားကျင်းသုသာန်အနီးတွေ့

    မတ်လ၂၅ရက် ညပိုင်းက ပျောက်ဆုံးခဲ့တဲ့ မုံရွာအရှေ့ဘက်ပိုင်းနယ်မြေရဲကင်းက ရဲတပ်ဖွဲ့ဝင် နှစ်ဦး ဆားကျင်းသုသာန်အနီးမှာ သေဆုံးနေတာတွေ့ရပါတယ်။

    ရုပ်အလောင်းတွေမှာ ဒဏ်ရာတွေ တွေ့ရပြီး အိတ်အဝါတွေနဲ့ လာရောက်သယ်ဆောင်သွားတာကို တွေ့ရတယ်လို့ ဆားကျင်းသုသာန်အနီး နေထိုင်သူတွေက ဆိုပါတယ်။

    ဆားကျင်းသုသာန်ကို မြို့မသုဿာန်လို့လည်း မြို့ခံတွေကခေါ်ဆိုကြပြီး နွေဦးတော်လှန်ရေး ကာလမှာကျဆုံးခဲ့သူတွေကို အုတ်ဂူသွင်းခဲ့တဲ့ သုသာန်ဖြစ်ပါတယ်။

    ပျောက်ဆုံးခဲ့တဲ့ ရဲတပ်သား၂ ဦး တာ၀န်ကျတဲ့ နယ်မြေရဲစခန်းရှိတဲ့ စက်မှုဇုန်နယ်မြေဟာ ဆားကျင်းသုသာန်ကို ဆိုင်ကယ် ၅ မိနစ်ခန့် မောင်းရင်ရောက်တဲ့နေရာမှာ ရှိပါတယ်။

    ဒဏ်ရာနဲ့သေဆုံးသူတွေကို အတည်ပြုရာမှာ ရဲတပ်ဖွဲ့ဝင်နှစ်ဦးဖြစ်ပြီး ပုလဲမြို့နဲ့ ခင်ဦးစခန်းတွေ ကနေ မုံရွာမှာ တာဝန်ထမ်းဆောင်နေသူတွေ ဖြစ်တယ်လို့ ရဲအသိုင်းအဝိုင်းက သတင်းတွေ ထွက်ပေါ်လာပါတယ်။

    အဲဒီရဲတပ်ဖွဲ့ဝင်တွေ ဘာကြောင့်သေဆုံးတယ်ဆိုတာကိုတော့ ရဲတပ်ဖွဲ့ကထုတ်ပြန်တာ မရှိသေးပါဘူး။

    အဲဒီရဲတပ်ဖွဲ့ဝင်နှစ်ဦးသေဆုံးမှုနဲ့ ပတ်သက်ပြီး ဒီကနေ့ မနက်ပိုင်းက စက်မှုဇုန် နယ်​မြေမှာ လက်ဖက်ရည်ဆိုင်ထိုင်သူတွေနဲ့ လူနေအိမ်တွေမှာ လူ ၃၀ နီးပါးကို အင်အားသုံး ဖမ်းဆီးတာတွေ ရှိတယ်လို့ စက်မှုဇုန်ရပ်ကွက် ဒေသခံတွေက ပြောပါတယ်။

    မတ်လအတွင်း ဒီပဲယင်းမြို့နယ်မှာ ရဲ ၂ ဦး နဲ့ ခင်ဦးမြို့နယ်မှာ စခန်းမှူးအဆင့် ၁ ဦး သေဆုံးခဲ့ပြီး မုံရွာမှာ ၂ဦး သေဆုံးခဲ့ပါတယ်။

  11. မြန်မာ့ CDM လှုပ်ရှားမှု နိုဘယ်ငြိမ်းချမ်းရေးဆုအတွက် အမည်စာရင်း တင်သွင်းခံရ

    မြန်မာ့ပြည်သူ့ဝန်ထမ်းတွေ အပါအဝင် နယ်ပယ်ပေါင်းစုံက လူထုရဲ့အာဏာဖီဆန်ရေးအကြမ်းမဖက်လှုပ်ရှားမှု CDM ကို လာမယ့်နှစ် နိုဘယ်ငြိမ်းချမ်းရေးဆုမှာ ထည့်သွင်းစဉ်းစားဖို့ နော်ဝေနိုင်ငံမှာရှိတဲ့ အော်စလိုတက္ကသိုလ်က လူမှုသိပ္ပံပညာဆိုင်ရာ ပါမောက္ခ ၆ ဦးက ဆု ဆန်ကာတင်စာရင်းထဲ အဆိုပြုလိုက်ပါတယ်။

    CDMလှုပ်ရှားမှုဟာ အကြမ်းမဖက်နည်းလမ်းတွေနဲ့ ဒီမိုကရေစီနဲ့ငြိမ်းချမ်းရေးအတွက် အားထုတ်တာဖြစ်လို့ ဒါကို အသိအမှတ်ပြုတဲ့အနေနဲ့ အခုလို စာရင်းတင်သွင်းတာလို့ ပါမောက္ခတွေက သူတို့ ထုတ်ပြန်ချက်မှာ ပြောပါတယ်။

    အခုနှစ်အတွက် နိုဘယ်ငြိမ်းချမ်းရေးဆု ဆန်ကာတင်စာရင်းတွေကတော့ ဇန်နဝါရီလကုန်တည်းက ပိတ်သွားလို့ CDM ကို ၂၀၂၂ ခုနှစ် ဆု ဆန်ကာတင်အဖြစ် တင်သွင်းခဲ့တာပါ။

    ကုလသမဂ္ဂဆိုင်ရာ ပြည်ထောင်စုလွှတ်တော်အထူးသံတမန်အဖြစ် ခန့်အပ်ခံထားရတဲ့ ဒေါက်တာဆာဆာကတော့ ဒီလို စာရင်းတင်သွင်းလိုက်တာဟာ စစ်တပ်ရဲ့ ရက်စက်တဲ့ဖိနှိပ်မှုတွေကြုံနေရပေမဲ့ ငြိမ်းချမ်းရေး၊ လွတ်လပ်မှုနဲ့ တရားမျှတမှုတွေအတွက်ရပ်တည်ရင်း နာကျင်ခံစားမှုတွေကြုံရတဲ့ မြန်မာလူထုအတွက် မျှော်လင့်ချက်သစ်တစ်ခုဖြစ်စေတယ်လို့ပြောပါတယ်။

    ဒါကိုကြည့်ရင် ကမ္ဘာသူကမ္ဘာသားတွေဟာ မြန်မာ့လူထုရဲ့ရုန်းကန်ကြိုးပမ်းမှုတွေနဲ့အတူ ရပ်တည်နေတယ်ဆိုတာ ရှင်းရှင်းလင်းလင်းပြလိုက်တာပဲလို့လည်း သူက ပြောထားပါတယ်။

    လက်ရှိမှာ အာဏာသိမ်းစစ်ကောင်စီတပ်တွေက အကြမ်းဖက်ပစ်ခတ်ဖြိုခွင်း မှုတွေကြောင့် အသက် ၇ နှစ်အရွယ် မိန်းကလေးငယ် တစ်ဦးအပါဝင် လူပေါင်း ၂၆၁ ဦးထက်မနည်း သေဆုံးခဲ့ပြီးပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ပြောထားပါတယ်။

  12. မဲဇာက ညသပိတ်

  13. မြိတ်မြို့က ဒီနေ့လည် ပစ်ခတ်မှု သေဆုံးသူ ၁ ဦးထက်မနည်းရှိနေ

    မြိတ်မြို့ ရွှေပြည်တန်လမ်းမ တိုးချဲ့ရပ်ကွက်မှာ စစ်ကောင်စီတပ်တွေက လူငယ်တွေ ပြုလုပ်ထားတဲ့ အဟန့်အတားတွေကို လာရောက်ဖယ်ရှားချိန် ပစ်ခတ်လို့ အဲဒီမှာရှိနေတဲ့ ဆန္ဒပြသူ ၁ ဦးထက်မနည်းသေဆုံးသွားပြီလို့ မြို့ခံတွေက ပြောပါတယ်။

    ဒဏ်ရာရသူ အမျိူးသား ၃ ဦးရှိပြီး သူတို့ထဲက ၂ ဦးသေဆုံးတာလို့ သတင်းတွေ ထွက်ပေါ်နေပေမဲ့ ဘီဘီစီက သီးခြားအတည်ပြုနိုင်ဖို့ ကြိုးစားနေပါတယ်။

    စစ်ကောင်စီတပ်တွေက သပိတ်စစ်ကြောင်းထဲကမဟုတ်ဘဲ ဘေးနားပတ်ဝန်းကျင်ကနေ လူတစ်ချို့ကို ဖမ်းဆီးသွားတယ်လို့လည်း မြို့ခံတွေက ပြောပါတယ်။

  14. ရွှေဂုံတိုင်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး မီးပစ်ခံရ

    ရန်ကုန်မြို့၊ ဗဟန်းမြို့နယ် ရွှေဂုံတိုင်လမ်းမပေါ်မှာရှိတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီရုံးချုပ်ဟာ ဒီနေ့ မတ်လ ၂၆ ရက် မနက်အစောပိုင်းက ဓာတ်ဆီပုလင်းတွေနဲ့ ပစ်ပေါက်မီးရှို့တာကို ခံလိုက်ရတယ်လို့ ရုံးချုပ်နဲ့နီးစပ်သူတွေက အတည်ပြုပါတယ်။

    လုံခြုံရေးကင်မရာကနေ ရိုက်ကူးထားတဲ့ဗီဒီယိုအရ အမျိုးသား ၃ ယောက်က လမ်းမပေါ်ကနေ ဓာတ်ဆီပုလင်းတွေကို မီးရှို့ပြီး ရုံးချုပ် ခြံတံတားကို ကျော်ပစ်ခဲ့တာလို့ ဆိုပါတယ်။

    'အနီးနားက လူတွေပြောတာကတော့ ကားတစ်စီးရပ်လာတယ်၊ ဘီယာပုလင်းထဲ ဓာတ်ဆီတွေထည့်ပြီးပေါက်တယ်၊ ပြီးတော့ ကားမောင်းထွက်သွားတယ်။ ဒါပေမဲ့ မောင်းထွက်သွားတဲ့ကားကလည်း သူတို့ကားလား ဘယ်သူ့ကားလဲ သေချာမပြောနိုင်ဘူး။ အဲဒီလိုတွေ့လိုက်တယ်။ နောက် ဈေးသွားဈေးလာကားတွေက ဖြတ်သွားတုန်း အဲဒီကားတွေက ရုံးရှေ့မှာ မီးလောင်နေတာတွေ့လို့ ပြောတော့မှ ပတ်ဝန်းကျင်ကလည်း အကုန်သိကြတာ' လို့ ရုံးချုပ်နဲ့ နီးစပ်သူတစ်ဦးက ဘီဘီစီကို အတည်ပြုပါတယ်။

    ဒီဖြစ်ရပ်ကြောင့် ရုံးဒုတိယမြောက်သံတံခါးနဲ့ ရုံးထဲကို ဝင်တဲ့ သစ်သားတံခါးမကြီးကြားမှာထားတဲ့ ရေစက်တစ်လုံးပျက်စီးခဲ့သလို အပြင်မှာထားတဲ့ အမှိုက်ပုံး၊ ပလက်စတစ်ထိုင်ခုံ၊ ခြေသုတ်ဖုံ တစ်ခုစီ မီးလောင်ခဲ့တယ်လို့ သိရပါတယ်။

    လက်ရှိမှာ ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ ဗဟန်းစခန်းမှာ သွားရောက်တိုင်တန်းထားပြီး စာရေးတိုင်တန်းတာကို လက်ခံလိုက်တယ်လို့ သိရပါတယ်။

    ဒါပေမဲ့ တာဝန်ရှိတဲ့ စခန်းမှူးတို့ မြို့နယ်မှူးတို့မရှိလို့ တိုက်ချက်ဖွင့်တာ၊ ဘယ်လိုပုဒ်မတွေနဲ့ အရေးယူဆောင်ရွက်မယ်ဆိုတဲ့တာတွေ စတဲ့အဆင့်တွေတော့ ကျန်နေသေးတယ်လို့ သိရပါတယ်။

  15. အသံတိတ်သပိတ်အပြီး ပိုအားကောင်းလာတဲ့ရေဦးမြို့က ဆန္ဒပြပွဲ

  16. အာဏာသိမ်းမှုကို ဆန့်ကျင်ဖို့ သဲပုံစေတီဆုတောင်းပွဲတွေ ပြုလုပ်လာကြ

    ၁၂ လရာသီ မြန်မာ့ပွဲတော်တွေအရဆိုရင် တပေါင်းလဟာ သဲပုံစေတီတော်ပွဲ ကျင်းပပြီး ပုံမှန်ဆို ဘုရားပွဲတော်တွေကိုလည်း ကျင်းပလေ့ရှိတဲ့ လ ဖြစ်ပါတယ်။

    စစ်အာဏာသိမ်းမှုနဲ့ကြုံနေရတဲ့အခုလိုကာလမှာ လူထုက အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့အနေနဲ့ သဲပုံစေတီတည်ပြီး ဆုတောင်းပွဲတွေ ပြုလုပ်လာတာကို တွေ့ရပါတယ်။

    ဒီနေ့ မတ်လ ၂၆ ရက်မှာလည်း ရန်ကုန် အလုံမြို့နယ်သူ မြို့နယ်သား လူငယ်တွေက သံပုံစေတီတည်ပြီး ဆုတောင်းပွဲ ကျင်းပသွားပါတယ်။

  17. တမူးမြို့မှာ ညအချိန် ပစ်ခတ်မှု အမျိုးသား ၂ ဦးသေဆုံးပြီး ၈ ဦးထက်မနည်း ဒဏ်ရာရ

    အိန္ဒိယနိုင်ငံနဲ့နယ်စပ် စစ်ကိုင်းတိုင်းထဲက တမူးမြို့မှာ မနေ့ မတ်လ ၂၅ ရက်ညက စစ်ကောင်စီတပ်တွေက လုံခြုံရေးကင်းယူသူတွေကို ပစ်ခတ်လို့ အသက် ၂၅ ဝန်းကျင် မြို့ခံအမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ မြို့ခံတွေက အတည်ပြုပါတယ်။

    သေဆုံးတဲ့အမျိုးသားဟာ ကိုကုလားဆိုသူဖြစ်ပြီး တမူးမြို့ စန္ဒကူးရပ်ကွက်ကလို့ သိရပါတယ်။

    စစ်ကောင်စီတပ်တွေက သပိတ်မှာပါတဲ့ကျောင်းသားတချို့ ရှိနေတယ်ဆိုလို့ မသင်္ကာပြီး မြို့ထဲက အိမ်တစ်အိမ်ကို ညဘက် တံခါးဖွင့်ခိုင်းချိန် အိမ်ရှင်တွေက ညကင်းစောင့်သူတွေကို ဆက်သွယ်လို့ ကင်းသမားတွေရောက်လာတာကို ဒီပစ်ခတ်မှုလုပ်ခဲ့တာလို့သိရပါတယ်။

    မနေ့ည ၁၁ နာရီလောက်က ပစ်ခတ်မှုမှာ နောက်ထပ် ဒဏ်ရာရသူ ၈ ဦးရှိပြီး သူတို့တွေကို ကလေးဆေးရုံကို ပို့ဖို့ ကြိုးစားခဲပေမဲ့ တမူးလေးမိုင်ဂိတ်မှာ စစ်သားတွေက ပေးမဖြတ်လို့ လူနာ ၃ ဦးကို အိန္ဒိယဘက်ခြမ်းက မိုရေးမြို့ဆေးရုံကို ပို့ခဲ့ရတယ်လို့လည်း သိရပါတယ်။

    ဘီဘီစီက နောက်ဆုံးသိရတဲ့သတင်းအရ ညက ပစ်ခတ်မှုမှာ မိုရေးဆေးရုံပို့လိုက်ရတဲ့ လူနာ ၃ ဦးထဲက ဆီးခုံထိတဲ့တစ်ဦးဟာ ဒီနေ့ မနက်မှာ သေဆုံးသွားတယ်လို့ သိရပါတယ်။

  18. အသက်၇နှစ်အရွယ်ပါမချန် သတ်ဖြတ်နေတယ်လို့ စစ်ကောင်စီကို အမေရိကန်ရှုတ်ချ

    မြန်မာ အာဏာသိမ်း စစ်ကောင်စီဟာ အသက် ၇ နှစ် အထိ ငယ်ရွယ်တဲ့ ကလေးငယ်ကိုပါ မချန် သတ်ဖြတ် နေတဲ့ အတွက် အင်မတန် တုန်လှုပ် ၀မ်းနည်းရတယ် ဆိုပြီး အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဌာနက မတ်လ ၂၅ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။

    မန္တလေး အောင်ပင်လယ်ရပ်ကွက် နေအိမ်မှာ ဖခင်ရဲ့ ရင်ခွင်ထဲ ရှိလျက်သား အချိန်၊ စစ်ကောင်စီ တပ်ဖွဲ့က အိမ်ထဲကို အဓမ္မ၀င်ရောက် ပစ်ခတ်တာ ခံရတဲ့အတွက် ၇ နှစ် သမီးငယ် မခင်မျိုးချစ် သေဆုံးခဲ့ရတာကို ကြည့်ရင်၊ မြန်မာပြည်သူတွေရဲ့ အသက်ကို နည်းနည်းမှ တန်ဖိုးမထားပဲ စစ်တပ်က ခြောက်ခြားဖွယ်ရာ ကျုးလွန်တိုက်ခိုက်နေတာ သိသာတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရ နက်ဒ်ပရိုက်စ်က ဆိုပါတယ်။

    မြန်မာစစ်တပ်က ပစ်ခတ်သတ်ဖြတ်မှုတွေ ဆက်ပြီး ကျုးလွန်နေတာမှာ အခု သီတင်းပတ် အတွင်း ထပ်မံ သေဆုံးရသူ အနည်းဆုံး ၂၇ ယောက် ရှိပြီး၊ အဲဒီထဲမှာ ကလေးသူငယ်တွေလည်း ပါ၀င်နေတယ် ဆိုပြီးတော့လည်း အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ မစ္စတာပရိုက်စ်က ပြောပါတယ်။

    အမေရိကန် အနေနဲ့ ကျန်ရစ်သူ မိသားစုနဲ့ ထပ်တူ ၀မ်းနည်းပြီး၊ မြန်မာစစ်တပ်ရဲ့ လုပ်ရပ်တွေ အပေါ် အဆုံးစွန် ရှုတ်ချတယ်လို့ ပြောခွင့်ရ မစ္စတာ ပရိုက်စ်ရဲ့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။

    အကြမ်းဖက် ခြောက်လှန့်ပြီး တိုင်းပြည်ကို စီမံအုပ်ချုပ်လို့ မရဘူးလို့လည်း စစ်ကောင်စီကို အမေရိကန်က သတိပေးပါတယ်။

    အဲဒီ ထုတ်ပြန်ချက် ထွက်မလာခင် အစောပိုင်းတုန်းကလည်း မြန်မာ စစ်တပ်ပိုင် စီးပွားရေး ကုမ္ပဏီကြီးတွေကို နာမည်ပျက်စာရင်းသွင်းပြီး ပိတ်ဆို့ အရေးယူမှုတွေ ချမှတ်ကြောင်း မတ်လ ၂၅ ရက်နေ့မှာပဲ အမေရိကန်နဲ့ ဗြိတိန် အစိုးရတို့က ရှေ့ဆင့်နောက်ဆင့် ဆိုသလို ကြေညာပါတယ်။

    စစ်တပ်ပိုင် ကုမ္ပဏီကြီးတွေ ဖြစ်တဲ့ ဦးပိုင်နဲ့ MEC လို့ အသိများတဲ့ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း တို့ နဲ့ ပတ်သက်နေတဲ့ အမေရိကန်နိုင်ငံထဲက ပိုင်ဆိုင်မှု အားလုံးကို အမေရိကန် ဘဏ္ဍာရေး၀န်ကြီး ဌာနက ထိန်းချုပ်လိုက်ပါတယ်။

    အဲဒီ မြန်မာ စစ်တပ်ကုမ္ပဏီတွေနဲ့ အမေရိကန် နိုင်ငံသားတွေ စီးပွားရေး မလုပ်ရဆိုပြီးတော့လည်း ကန့်သတ်ပိတ်ပင်ပါတယ်။

    စစ်တပ်ပိုင် အဲဒီ ကုမ္ပဏီတွေရဲ့ အောက်မှာ သတ္တုတွင်း တူးတာကစလို့၊ ခရီးသွားလုပ်ငန်း အထိ စီးပွားရေး လုပ်ငန်း အမျိုးမျိုးကို စစ်တပ်က လက်၀ါးကြီး အုပ်ထားပြီး၊ အဲဒီ လုပ်ငန်းတွေ ကြောင့်ပဲ စစ်ဗိုလ်ချုပ်တွေ ချမ်းသာကြွယ်၀ နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။

    “အခုအရေးယူမှုဟာ၊ အာဏာသိမ်းစစ်ခေါင်းဆောင်တွေနဲ့ သူတို့ရဲ့စီးပွားရေး အကျိုးအမြတ်တွေပေါ် ပစ်မှတ်ထားတာ ဖြစ်တယ်။ အဲဒီက ရတဲ့ ငွေကြေးတွေကို သုံးပြီး ပြည်သူတွေအပေါ် စစ်တပ်က ကြမ်းကြုတ်ရက်စက်စွာ ဖိနှိပ်နေတာ ဖြစ်တယ်” လို့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး အန်တိုနီ ဘလင်ကင်က ထုတ်ပြန်ပါတယ်။

    အမေရိကန်နဲ့ ချိန်ကိုက်ပြီးတော့ ဗြိတိန်လည်းပဲ၊ MEC အပေါ် ပစ်မှတ်ထားတဲ့ အရေးယူမှုတွေ ချမှတ်ကြောင်း ကြေညာပါတယ်။

    အပြစ်မဲ့ အရပ်သားတွေ အပေါ် အင်မတန် ကျုးလွန်နေတဲ့ မြန်မာစစ်တပ်အပေါ် အရေးယူဖို့ ဗြိတိန် အပါအ၀င် မဟာမိတ်တွေ တုံ့နှေးနေမှာ မဟုတ်ဘူးလို့လည်း ဗြိတိသျှ နိုင်ငံခြားရေး ၀န်ကြီး ဒေါမနစ်ရပ်ဘ်က ပြောပါတယ်။

  19. ဒေါ်အောင်ဆန်းစုကြည် ရှေ့နေနဲ့ တွေ့ခွင့်ရတော့မလား

  20. မြေပေါ်တစ်လှည့် ရေပေါ်တစ်ခါ ဆန့်ကျင်ဆန္ဒပြတဲ့ မြို့လေးတစ်မြို့