ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

စစ်အာဏာသိမ်းဆန့်ကျင်ရေးဆန္ဒပြပွဲတွေမှာ သေဆုံးရသူ ၅၂၁ ဦး ရှိလာ

ဒေါ်အောင်ဆန်းစုကြည်ဟာ ကျန်းမာရေးကောင်းမွန်တဲ့ပုံ တွေ့ရပြီး ရွှင်ရွှင်လန်းလန်းရှိတယ်လို့ ရှေ့နေပြော

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. တပ်မတော်ရဲ့ပစ်ခတ်မှုတွေအရည်အချင်းပြည့်ဝတဲ့တပ်မတော်ရဲ့လုပ်ရပ်တွေမဟုတ်ဘူးလို့အမေရိကန်သံအမတ်ပြော

    တပ်မတော်နေ့ ပစ်ခတ်တွေနဲ့ ပတ်သက်ပြီး အမေရိကန်သံအအမတ်ကြီးသောမတ်စ်ဗိုက်ဒါက ကြေညာချက်တစ်ခု ထုတ်ပြန်ခဲ့ပါတယ်။

  2. ၇၆ နှစ်မြောက် တပ်မတော်နေ့ ဂုဏ်သရေမှေးမှိန်ခဲ့ပြီလို့ ဥရောပသမဂ္ဂပြော

    ၇၆ နှစ်မြောက် တပ်မတော်နေ့ဟာ ကြောက်မက်ဖွယ်ရာနဲ့ ဂုဏ်သရေမှေးမှိန်စရာနေ့အဖြစ် အမြဲတမ်း အမှတ်ရစရာဖြစ်သွားပြီလို့ ဥရောပသမဂ္ဂက ပြောလိုက်ပါတယ်။ ကလေးတွေအပါအဝင် လက်နက်မဲ့ ပြည်သူတွေကို သတ်ဖြတ်တာဟာ ဘယ်လိုအကြောင်းပြချက်နဲ့မှလုပ်ခွင့်မရှိတဲ့ လုပ်ရပ်တွေပဲလို့လည်း ဆိုပါတယ်။

  3. အဖိနှိပ်ခံ ပြည်သူနဲ့ အတူ ရပ်တည်မယ် ဆိုတဲ့ ရက္ခိုင့်တပ်တော် AA

    ရက္ခိုင့်တပ်တော် (အေအေ) ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခနဲ့ ဆက်သွယ်မေးမြန်းချက်

  4. ပွင့်ဖြူမှာ ဆန္ဒပြသူတစ်ဦး သေဆုံး

    မကွေးတိုင်းပွင့်ဖြူမြို့မှာ လှည့်လည်ဆန္ဒပြကြသူ လူအုပ်စုထဲကို ဒီကနေ့မနက် ၁၀ နာရီ ဝန်းကျင် လောက်က ရဲစခန်းထဲကနေ ပစ်ခတ်ဖြိုခွင်းခဲ့တဲ့အတွက် လူတစ်ယောက် သေဆုံးပြီး ဒဏ်ရာရသူတွေလည်း ရှိခဲ့ပါတယ်။ အဖမ်းခံရသူလည်း ၆ ယောက် ရှိခဲ့တယ်လို့ မျက်မြင်တွေက ပြောပါတယ်။

    သေဆုံးသူက ပေါင်ကို သေနတ်ကျည်ထိမှန်ပြီးသေဆုံးခဲ့တာဖြစ်ပြီး သူဟာ ကျောင်းကုန်းကြီးကျေးရွာသား အသက် ၃၈ နှစ်အရွယ် ကိုမင်းဇော်ထွေး ဖြစ်တယ်လို့ သူထိမှန်တဲ့နေရာမှာ ကူညီပေးခဲ့သူက ဘီဘီစီကို ပြောပါတယ်။

  5. မိုးကုတ်မှာ အနည်းဆုံးတစ်ဦးသေဆုံး

    မိုးကုတ်မြို့ ဒီမနက်ပိုင်း ဆန္ဒပြမှုတွေကို ပစ်ခတ်ခံရလို့ အနည်းဆုံး လူတဦးသေဆုံးခဲ့ပါတယ်။

    မြို့မရပ် CB ဘဏ်အနီးမှာ အသက် ၂၃ နှစ်အရွယ် ကိုရဲရင့်အောင်ဟာ ရင်ဘတ်ကျည်မှန် သေဆုံး ခဲ့တာဖြစ်ပါတယ်။‌

    နောက်ထပ် ကျည်မှန် သေဆုံးသူ အမျိုးသားတစ်ဦး ရှိပြီး သူ့အလောင်းကိုတော့ ကောက်ယူမရသေးဘူးလို့ ဒေသခံတဦးကပြောပါတယ်။

    ဒဏ်ရာရရှိသူ ၂၀ ဦးထက်မနည်းရှိသလို လက်ရှိမှာ မိုးကုတ်မြို့ ကျည်မှန်ဒဏ်ရာရသူအရေးပေါ်လူနာတွေအတွက် ဆေးကုသဖို့ အခက်အခဲတွေ ရှိနေပါတယ်

  6. ရန်ကုန်က အမေရိကန်စင်တာ ပစ်ခတ်ခံရ

    ရန်ကုန်တိုင်း ကမာရွတ်မြို့နယ်က အမေရိကန်စင်တာ ပစ်ခတ်ခံရတယ်လို့ သံရုံးက အတည်ပြုပါတယ်။ ဒီပစ်ခတ်မှုမှာ ထိခိုက် ဒဏ်ရာရသူမရှိဘူးလို့လည်း ဆိုပါတယ်။ ဘယ်သူက လာရောက်ပစ်ခတ်တယ်ဆိုတာကိုတော့ မသိရှိရသေးပါဘူး။

    ရန်ကုန်မြို့ လှည်းတန်းမှာ ဆန္ဒပြရင်း သေဆုံးခဲ့သူတစ်ဦးအတွက် မနေ့က အမေရိကန်သံအမတ် သောမတ်စ် ဗိုက်ဒါ လှည်းတန်းက အထကကျောင်းရှေ့ကို လာရောက်ပြီး လွမ်းသူပန်းခြင်းချခဲ့ပါသေးတယ်။

  7. ကျောက်ပန်းတောင်း ပစ်ခတ်မှု ဆန္ဒပြသူ ၃ ဦးသေဆုံး

    ကျောက်ပန်းတောင်းမြို့မှာ ဆန္ဒပြမှုတွေကို ပစ်ခတ်ဖြိုခွင်းရာက အသက် ၂၀ ကျော်အရွယ် ကျောင်းသား တစ်ဦးအပါအဝင် ဆန္ဒပြသမား ၃ ဦး အဲဒီနေရာမှာတင် သေဆုံးခဲ့တယ်လို့ဒေသခံတွေက ပြောပါတယ်။

    မနက် ၁၀ နာရီ ၂၀ လောက်က ဘူတာရပ်ကွက်မှာ ထိုင်သပိတ်ဆင်နွှဲဖို့ ပြင်နေတုန်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပစ်ခတ်ဖြိုခွင်းခဲ့တာလို့လည်း ဆိုပါတယ်။

    အသက် ၂၃ နှစ်အရွယ် AGTI အင်ဂျင်နီယာကျောင်းဆင်း ကိုဝင်းမျိုးဦးနဲ့ ဆန္ဒပြပွဲမှာ မပါဘဲ လမ်းမှာ ဆွမ်းချိုင့်လာပို့တဲ့ ဘုန်းကြီးကျောင်းသားတစ်ဦး ခေါင်းထိမှန် သေဆုံးခဲ့သလို အသက် ၄၀ ကျော်အရွယ် ဦးဝင်းဇော်က လည်ပင်းကျည်ထိခဲ့ပြီး သေဆုံးခဲ့တယ်လို့ ဆန္ဒပြပွဲမှာ ပါဝင်သူတဦးက ပြောပါတယ်။

    သေဆုံးသွားသူတွေရဲ့ ရုပ်အလောင်းကို စစ်ကောင်စီ တပ်တွေက သယ်သွားပြီး ရုပ်အလောင်းပြန်ပေးဖို့ မိသားစုဝင်တွေက တောင်းပေမယ့် ပြန်မပေးဘဲ မီးသင်္ဂြိုဟ်လိုက်တယ်လို့လည်း ဦးဝင်းဇော်ရဲ့ တူဖြစ်သူက ဘီဘီစီကို ပြောပါတယ်။

    ဒီကနေ့ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ရဲ့ အကြမ်းဖက် ဖြိုခွင်းမှုတွေကြောင့် ကျောက်ပန်းတောင်းမြို့မှာ ၁၂ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သလို လူ ၄၀ ကျော် အဖမ်းခံခဲ့ရတယ်လို့လည်း ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။

  8. မရမ်းကုန်းမြို့နယ် သမိုင်းမှာ ပစ်ခတ်မှု အနည်းဆုံး လူ ၂ ဦး သေ

    မရမ်းကုန်းမြို့နယ် သမိုင်းမှာ မတ်လ ၂၇ ရက် မနက် ၁၁နာရီဝန်းကျင်ပိုင်းက စပြီး စစ်အာဏာသိမ်း ဆန့်ကျင်ရေး ဆန္ဒပြသူတွေကို စစ်ကောင်စီ တပ်က ရပ်ကွက်တွေထဲအထိဖြိုခွင်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။

    အဲဒီမှာအသံဗုံး၊ မျက်ရည်ယို ဗုံးတွေ၊ ရာဘာကျည် တွေ အပြင် ကျည်အစစ် တွကို အသုံးပြုပြီး ပစ်ခတ်ခဲ့တာ ဖြစ်တယ်လို့ မျက်မြင်သက်သေတွေ ပြောပါတယ်။

    ပစ်ခတ်မှုတွေ အတွင်း ခေါင်းကျည်ထိ ၁ ဦး၊ ချိုင်းအောက် ကျည်ထိ ၁ ဦး သေဆုံးသွားတယ်လို့ ကယ်ဆယ်ရေး ဆောင်ရွက်နေသူတွေနဲ့ ရပ်ကွက်နေ ပြည်သူတွေက ပြောပါတယ်။ဒါ့အပြင် ဒဏ်ရာရသူတချို့လည်း ရှိခဲ့တယ် ဆိုပါတယ်။

    လူနေအိမ်တွေ ထဲ အထိ မျက်ရည်ဗုံး အငွေ့ တွေ ဝင်ရောက်ခဲ့တယ်လို့ ကိုယ်တွေ့ ကြုံနေရသူတွေက ပြောပါတယ်။

  9. သန်လျင်ဗိုလ်ချုပ်ရွာအနီးသပိတ်ဖြိုခွင်းခံရ

    မတ် ၂၇ ရက်နေ့ ဒီနေ့မနက်ပိုင်းက သန်လျင်၊ ဗိုလ်ချုပ်ရွာအနီး စစ်အာဏာရှင်သိမ်းဆန့်ကျင်ဆန္ဒပြသပိတ်ကို စစ်ကောင်စီရဲ့ လက်နက်ကိုင်တပ်တွေက အင်အားသုံးဖြိုခွင်းခဲ့ပါတယ်။

    သပိတ်ကို ဖြိုခွင်းစဉ် အနီးနားက မော်တော်ယာဉ်နဲ့ နေအိမ်တချို့လည်း ဖျက်ဆီးခံရပြီး မေတ္တာရောင်စဉ်အောက်ဆီဂျင်အလှူဌာန ပရဟိတရုံးခန်းတစ်ခုလည်း ဖျက်ဆီးခံခဲ့ရပါတယ်။

  10. စစ်ကိုင်းသပိတ်ဖြိုခွင်းမှု နှစ်ဦးသေဆုံး

    ဆန္ဒပြမှုတွေကို ပစ်ခတ်ဖြိုခွင်းရာက စစ်ကိုင်းမြို့မှာ ကျည်မှန်သေဆုံးသူ နှစ်ဦးရှိပြီဖြစ်ပါတယ်။ ပရဟိတ အသင်းက လူတွေပါ ပစ်နေလို့ ကျည်မှန်သူတွေကို ပြန်သယ်ယူဖို့ အခက်ခဲရှိနေတယ်လို့ ပရဟိတအသင်းသားတဦးကပြေပါတယ်။

    စစ်ကိုင်းမြို့၊ ငါးထပ်ကြီးဘုရားအနီးမှာ ဒီမနက်စစ်အာဏာသိမ်း ဆန့်ကျင်ရေး ဆန္ဒပြစစ်ကြောင်းကို အကြမ်းဖက်ဖြိုခွဲရာမှာ အမျိုးသားတစ်ဦး ကျည်ထိမှန်သေဆုံးခဲ့ပါတယ်။

    သေဆုံးသူဟာ အသက် ၂၄ နှစ်အရွယ် ကိုအာကာဖြစ်တယ်လို့ သိရပါတယ်။

    ဒါ့အပြင် မျက်နှာ နဲ့ လည်ပင်းတို့ကို ကျည်ထိမှန်ဒဏ်ရာရသူ နှစ်ဦးရှိနေပြီး တခြားကျည်မှန် ဒဏ်ရာရသူတွေလည်း ရှိသလို ကျောင်းသူတစ်ဦးကို ကားနဲ့တိုက် ဖမ်းဆီးသွားတယ်လို့လည်း ဒေသခံတချို့က ပြောပါတယ်။

    စစ်တပ်နဲ့ ရဲက ဆန္ဒပြလူအုပ်ကို သေနတ်ပစ်ဖောက်ဖြိုခွင်းရာက ပြန်လည်ခုခံလို့ သေနတ်ပစ်ခတ်သံ‌တွေ အဆက်မပြတ်ကြားနေခဲ့ရတယ်လို့ ‌ငါးထပ်ကြီးဘုရားအနီးနေထိုင်သူတစ်ဦးကပြောပါတယ်။

  11. မတ်လ ၂၇ ရက် ရန်ကုန်မြို့လယ်ခေါင် တိတ်ဆိတ်

    ဒီနေ့ မတ်လ ၂၇ ရက် တပ်မတော်နေ့စစ်ရေးပြအခမ်းအနားကိုနေပြည်တော်မှာ ကျင်းပခဲ့ပြီး ဆန္ဒပြပွဲတွေကလည်း နိုင်ငံတဝန်း မနက်အရုဏ်တက်ကတည်းက စရှိခဲ့ပါတယ်။ စစ်အာဏာသိမ်းဆန့်ကျင်သပိတ်တွေကို ဒီနေ့မှာလည်းစစ်ကောင်စီလက်နက်ကိုင်တပ်ဖွဲ့တွေက ပစ်ခတ်ဖြိုခွဲလို့ သေဆုံးဒဏ်ရာရမှုတွေလည်း ရှိနေပါတယ်။

    ဒီနေ့ ရန်ကုန်မြို့လယ်ခေါင်မှာတော့ အသွားအလာတိတ်ဆိတ်ခြောက်ကပ်နေတာကိုတွေ့ရပါတယ်။

  12. ယင်းမာပင်သပိတ် ပစ်ခတ်ဖြိုခွင်းရာက တစ်ဦးသေဆုံး၊ ဒဏ်ရာရသူတွေရှိ

    ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်၊ ရွှေတောင်ဦး အောင်ဇေယျတပ်ကုန်းမှာ ဒီကနေ့ မတ် ၂၇ မနက်ပိုင်းက လူထောင်ချီဆန္ဒပြရာမှာ ရဲနဲ့တပ်က ပစ်ခတိဖြိုခွင်းခဲ့တဲ့အတွက် လူတစ်ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရသူတွေလည်း ရှိခဲ့ပါတယ်။

    "သေတဲ့သူက ဆားလင်းကြီးနယ်၊ရွာသာကျေးရွာက မောင်ဖိုးချမ်းဆိုတဲ့ အသက်၂၀အရွယ်ကောင်လေးပါ။ အခု အလောင်းက နေအိမ်ကိုရောက်ပါပြီ။ ဝမ်းဗိုက်ကို ထိသွားတာ။ ကျည်ထိတာ ၃ဦးရှိတယ်"လို့ မျက်မြင်ကြုံရသူက ဘီဘီစီကိုပြောပါတယ်။

  13. စစ်ကောင်စီရဲ့တပ်စခန်းတစ်ခုကို သိမ်းပိုက်လို့ KNU ထုတ်ပြန်

    စစ်ကောင်စီရဲ့တပ်စခန်းတစ်ခုကို ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ က ဒီနေ့မတ်လ ၂၇ ရက်မနက်ပိုင်းက သိမ်းပိုက်ရရှိကြောင်း KNU က သတင်းထုတ်ပြန်ပါတယ်။

    စစ်ကောင်စီရဲ့ သီးမူထာတပ်စခန်းတောင်ကုန်းကို သိမ်းပိုက်ရရှိတာဖြစ်တယ်လို့ ဖော်ပြထားပြီး သိမ်းယူရရှိတဲ့စစ်လက်နက်ခဲယမ်းတွေ၊ တယ်လီဖုန်းတွေ၊ သေဆုံးနေတဲ့သူတချို့ရဲ့ပုံတွေနဲ့ ဖမ်းမိထားတဲ့သူတွေရဲ့ ဓာတ်ပုံတွေကို KNU ကထုတ်ပြန်ထားပါတယ်။

    ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ပြောခွင့်ရသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းထံ ဘီဘီစီက ဆက်သွယ်မေးမြန်းပြီးအတည်ပြုဖို့ ကြိုးစားနေပါတယ်။

  14. KNU နယ်မြေက လူမျိုးပေါင်းစုံ သပိတ်

    ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် ၊ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၆ နယ်မြေ ဒူးပလာယာခရိုင်၊ လေးကေကော် မြို့သစ်က ကျေးရွာ ၃၀ ဝန်းကျင်က ဒေသခံတွေဟာ မတ်လ ၂၇ ရက် မနက်ပိုင်း မှာ စစ်အာဏာသိမ်းဆန့်ကျင်ဆန္ဒပြခဲ့ကြပါတယ်။

    ကော့သဝါဈေးကွင်းမှာ စုဝေးပြီး သေ့ဘောဘိုးစခန်း ဝေါလေမြိုင်၊ ဆုံဆည်းမြိုင် ကျေးရွာတွေဘက်ကို လမ်းလျှောက်ချီတက်ပြီး စစ်အာဏာသိမ်း ဆန့်ကျင်ရေး ဆန္ဒ ထုတ်ဖော်ခဲ့ကြပါတယ်။

    ဒီလို ဆန္ဒ ထုတ်ဖော်ရာမှာ ဒေသတွင်းက ကျေးရွာသား လူမျိုးစုံ ပါဝင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီ ရက်ပိုင်းအတွင်း KNU တပ်မဟာ ၆ ဒူးပလာယာ ခရိုင်အတွင်း စစ်ကောင်စီတပ်တွေက စစ်ရေးလှုပ်ရှားမှုတွေ ပြုလုပ်နေတယ်လို့လည်း ဆိုပါတယ်။

    မတ်လ ၂၆ရက်ညက ကော့ကရိတ်မြို့ အထွက် ကော့နွဲကျေးရွာနဲ့ လှိုင်ဝ ကျေးရွာတွေဘက်ကို လက်နက်ကြီး ကျည် တချို့ ကျရောက်ခဲ့ပြီး သေခံ ကျေးရွာသား အချို့ ဒဏ်ရာရရှိခဲ့တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

  15. ဝိုင်းမော်က အရုဏ်တက်ဝတ်ရွတ်သပိတ်

    ဒီနေ့ မတ်လ ၂၇ ရက်၊ တပေါင်းလပြည့်နေ့ အရုဏ်တက်ချိန် ကချင်ပြည်နယ်၊ ဝိုင်းမော်ဒေသခံ ရှမ်းတိုင်းသူတစ်ရာကျော်စုပေါင်းပြီး အရုဏ်တက်ဝတ်ရွတ်ဆုတောင်းသပိတ်ပြုလုပ်ခဲ့ပါတယ်။

    အဓမ္မကိုအောင်နိုင်ဖို့ ဓမ္မတရားတော်တွေကို ရွတ်ဖတ်ပူဇော်ခြင်း၊ အရေးတော်ပုံမှာကျဆုံးသွားတဲ့ သူရဲကောင်းတွေအတွက် ဆုတောင်းမေတ္တာပို့သခြင်းကို ကျေးရွာရပ်ကွက်တွေထဲမှာ ရွတ်ဖတ်ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။

  16. ဟံသာဝတီယူနိုက်တက် ယူ ၂၁ အသင်းခေါင်းဆောင် ကျည်ထိမှန်သေဆုံး

    အင်းစိန်မြို့နယ်၊ ရွာမထိပ်က စစ်အာဏာသိမ်းဆန့်ကျင်သပိတ်ကို ဒီနေ့ မတ်လ ၂၇ ရက်မနက်က စစ်ကောင်စီရဲ့လက်နက်ကိုင်တပ်တွေ ပစ်ခတ်ဖြိုခွင်းရာ ဟံသာဝတီယူနိုက်တက်ဘောလုံးအသင်း ယူ ၂၁ အသင်းခေါင်းဆောင် ကိုချစ်ဘိုငြိမ်း သေနတ်ကျည်ဆန်ထိမှန်ပြီးသေဆုံးခဲ့ပါတယ်။

    ကိုချစ်ဘိုငြိမ်း ပစ်ခတ်သေဆုံးတဲ့အကြောင်း အသင်းနည်းပြကလည်း သူ့ရဲ့လူမှုကွန်ရက်မှာရေးသားထားသလို ရန်ကုန်ယူနိုက်တက်အသင်းကစားသမား ကိုမောင်မောင်လွင်ကလည်း လူမှုကွန်ရက်မှာရေးသားထားပါတယ်။

    ကိုချစ်ဘိုငြိမ်းရဲ့ နာရေးကို ဒီနေ့ ပြုလုပ်ဖို့ စီစဉ်နေတယ်လို့လည်း မိသားစုနဲ့နီးစပ်သူက ဘီဘီစီကိုပြောပါတယ်။

  17. ဒလမြို့နယ်မှာ မတ် ၂၆ညပိုင်းပစ်ခတ်မှုတွေကြောင့် ၅ ဦးထက်မနည်းသေဆုံး

    ရန်ကုန်တိုင်း ဒလမြို့နယ်မှာ မတ်ည၂၆ရက် ညပိုင်းက ပစ်ခတ်မှုတွေကြောင့် သေဆုံးသူ၅ ဦးထက်မနည်းရှိခဲ့ပြီး ကျည်ထိမှန်ဒဏ်ရာရသူ ၂၀ထက်မနည်းရှိခဲ့တယ်လို့ ဒလမြို့ခံတွေထံကသိရပါတယ်။သမ္မတကမ်းခြေရပ်ကွက်ရှိ အမျိုးသမီးငယ်၂ ဦး အဖမ်းခံရတာကနေ ပြန်လွှတ်ပေးဖို့တောင်းဆိုရာက ရဲစခန်းအနီးလူစုလူဝေးနဲ့ဖြစ်ပေါ်ခဲ့ပြီး ရဲနဲ့တပ်ပူးပေါင်းအဖွဲ့က ပစ်ခတ်တာတွေရှိခဲ့ပါတယ်။

    "ညနေက ဖြစ်တဲ့ကိစ္စနဲ့ တပ်ကူတွေလာတယ်ဆိုတဲ့သတင်းတွေကြားပြီး လူတွေမအိပ်ကြပဲ ရဲစခန်းနားတဝိုက် ဒိုင်လမ်းတစ်လျှောက်နဲ့ အဲဒီနားမှာ လူတွေကစုကုန်လာကြတာ။ ၁၂လောက်မှာ စပစ်တော့တာပဲ။ ပစ်တာက၂နာရီခွဲလောက်ထိရှိတယ်။ လူတွေကတစ်ယောက်ထိသွားလည်း နောက်ဆုတ်မသွားဘဲ ထပ်ထပ်တိုးကြတာ။ တွန်းလှည်းနဲ့သဲအိတ်တွေတင် ကာပြီးသွားတာကို ကြားကလွတ်တဲ့နေရာကို ထိအောင်ပစ်တာ"

    "သေဆုံးသူက အခုထိ သိရသလောက်က ကျန်စစ်သားရပ်ကွက်က အသက် ၁၉အရွယ် တယောက် ၄၆နှစ်ကတယောက် တပင်ရွှေထီးက ၂၃နှစ်တယောက်။ သေတာက အမျိုးသားတွေချည်းပဲ"လို့ ညကပစ်ခတ်မှုတွေကို ကိုယ်တွေ့ကြုံခဲ့ရသူတစ်ဦးက ဘီဘီစီကိုပြောပြပါတယ်။

    ဒါ့အပြင် ကျည်ထိမှန်ဒဏ်ရာရသူအချို့မှာလည်း ဆေးကုသဖို့ မရနိုင်သေးတာတွေလည်းရှိနေတယ်လို့သိရပါတယ်။

    "ညကတော့ ရန်ကုန်ဘက်ခြမ်းကို ပို့ရတာ ၁၀ယောက်ကျော်ရှိတယ်။ ဒလဆေးရုံကြတော့ ရဲစခန်းနားကပ်နေတာဆိုတော့ လူတွေ့တာနဲ့ကိုပစ်နေတော့ ဒလဆေးရုံကိုလည်း ပို့မရဘူး"လို့ ဒလမြို့ခံတစ်ဦးကပြောပြပါတယ်။

  18. တပ်မတော်နေ့ မနက်အစောပိုင်းတည်းက သပိတ်စစ်ကြောင်းတွေ ပစ်ခတ်ဖြိုခွဲခံနေရ

    မတ်လ ၂၇ ရက် တပ်မတော်နေ့၊ နေပြည်တော်မှာ စစ်တပ်က စစ်အင်အားပြ စစ်ရေးပြအခမ်းအနားကို ဒီမနက်မှာ ပြုလုပ်ခဲ့ပါတယ်။

    ဒါပေမဲ့ ဒီနေ့မနက်အစောပိုင်းတည်းကပဲ နိုင်ငံတဝန်းမှာ စစ်အာဏာသိမ်းမှုဆန့်ကျင်တဲ့သပိတ်တွေအရုဏ်တက်ချိန်တည်းက စပြီး ပြုလုပ်တာတွေ ရှိနေပါတယ်။

    မန္တလေး၊ အောင်မြေသာစံမြို့နယ်က သပိတ်စစ်ကြောင်းကို ကျည်အစစ်နဲ့ ပစ်ခတ် ဖြိုခွင်းခံရလို့ ဒဏ်ရာရရှိသူတွေရှိနေပါတယ်။

  19. ဆန္ဒပြရင် ဦးခေါင်းကို သေနတ်ကျည်မှန်မယ်လို့ စစ်ကောင်စီ ခြိမ်းခြောက်

    နိုင်ငံရေး အံတုမှုတွေထဲ ပါ၀င်ရင် ဦးခေါင်းကို သေနတ်နဲ့ ပစ်ခံရမယ်ဆိုပြီး အာဏာသိမ်း စစ်ကောင်စီက ခြိမ်းခြောက်လာပါတယ်။

    စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ရုပ်မြင်သံကြားပေါ် “ကယ်တင်ဖို့ရာ တားဆီးပါ” ဆိုပြီး သတိပေးစာ ထုတ်ပြန်တာမှာ၊ နောက်စေ့နဲ့ နောက်ကျောကို ဖောက်မယ့် အန္တရာယ်ရှိတယ်၊ မရှုမလှ သေခဲ့ရတာ သင်ခန်းစာယူပါ လို့ ဆိုထားပါတယ်။

    ဒါဟာ စစ်ကောင်စီတပ်တွေက ဆန္ဒပြသူတွေရဲ့ ဦးခေါင်းကို ချိန်ရွယ် ပစ်ခတ်နေတာကို ၀န်ခံတာပဲ ဆိုတဲ့ ပြည်တွင်း၊ ပြည်ပ ပြောဆိုသံတွေ ထွက်လာစေပါတယ်။

    စစ်ကောင်စီရဲ့ စာထဲမှာတော့ သူတို့ရဲ့ တပ်ဖွဲ့တွေကို အဲဒီလို ဦးခေါင်းတွေကို ချိန်ရွယ်ပြီး ပစ်ဖို့ အမိန့်ထုတ်ထားတယ်လို့တော့ အတိတကျ ရေးမထားပါဘူး။

    ဆန္ဒပြပွဲအတွင်း သေဆုံးသူရဲ့ အလောင်းကို မြေမြှုပ်ပြီးမှ ပြန်ဖော် စစ်တာမျိုး မန္တလေးမှာ လုပ်ခဲ့ပြီး၊ သေဆုံးမှုတချို့ဟာ လုံခြုံရေးတပ်ဖွဲ့သုံး ခဲယမ်းကြောင့် မဟုတ်ဘူးလို့ ပြောဆိုတာမျိုးတွေလည်း ရှိပါတယ်။

    အခုထုတ်ပြန်တဲ့ စာထဲမှာလူထု ဆန္ဒပြပွဲတွေဟာ နယ်ချဲ့လက်ပါးစေတွေရဲ့ သွေးဆောင်ဖြားယောင်းမှုကြောင့် လူငယ်တချို့ နားယောင် နေကြတာ ဖြစ်တယ်ဆိုပြီးတော့လည်း ပုံဖော်ထားပါတယ်။

    ဒီကြေညာချက်ကို ကြည့်ရင် စစ်တပ်ဟာ ဆန္ဒပြပွဲတွေကို ဆက်လက် အင်အားသုံး ဖြိုခွင်းသွားဖို့ စိတ်ပိုင်းဖြတ်ထားပြီး ဖြစ်တယ်ဆိုတာ သိသာနေတယ်လို့ အကဲခတ်တွေက ဆိုပါတယ်။

    အတည်ပြုထားနိုင်သမျှ သေဆုံးစာရင်းတွေ အရ စစ်ကောင်စီလက်ချက်နဲ့ သေဆုံးရသူ အယောက် ၃၂၀ ကျော်သွားပြီလို့ နိုင်ငံရေး အကျဥ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း AAPP က ထုတ်ပြန်ထားပါတယ်။

    အဲဒီထဲက အနည်းဆုံး ၂၅% ဟာ ဦးခေါင်း သေနတ်ဒဏ်ရာနဲ့ သေဆုံးကြရတာ ဖြစ်တယ်လို့ လေ့လာစောင့်ကြည့်သူတွေရဲ့ စိစစ်မှုတွေအရ သိရပါတယ်။

  20. မြန်မာဟာ ဗျုဟာမြောက် မိတ်ဖက်နိုင်ငံလို့ ရုရှားကာကွယ်ရေး ဒု၀န်ကြီးပြော

    နိုင်ငံတ၀န်း ဆန္ဒပြ ပြည်သူတွေ နေ့စဥ်ရက်ဆက် သေဆုံး နေတဲ့အတွက် အမေရိကန်နဲ့ ဗြိတိန် တို့လို အနောက်အုပ်စု နိုင်ငံတွေက စစ်ကောင်စီ အပေါ် ပြင်းပြင်းထန်ထန် ၀ေဖန်ပြစ်တင်ပြီး ဒဏ်ခတ် ပိတ်ဆို့တာတွေ ပြုလုပ်နေပါတယ်။

    ဒီအချိန်မှာပဲ ရုရှားကတော့ မြန်မာနိုင်ငံနဲ့ကြား စစ်ရေးပူးပေါင်း ဆောင်ရွက်တာတွေ ပိုပြီး တိုးမြှင့်လိုတယ်လို့ ပြောလာပါတယ်။

    မြန်မာနိုင်ငံမှာ လက်ရှိရောက်နေတဲ့ ရုရှား ဒုတိယ ကာကွယ်ရေး ၀န်ကြီး အလက်ဇန်ဒါဖိုမင်က “မြန်မာဟာ အာရှတိုက်မှာ ရုရှားအတွက် စိတ်ချယုံကြည်ရပြီး မဟာဗျုဟာမြောက် အရေးပါတဲ့ မဟာမိတ် ဖြစ်တယ်” လို့ ပြောကြောင်း ရုရှား အစိုးရ သတင်းဌာန TASS က ရေးပါတယ်။

    ဆန္ဒပြသူတွေဆီက သိမ်းမိထားတဲ့ ပစ္စည်းတွေ ဆိုပြီး၊ လက်လုပ်ဒိုင်းတွေ၊ မော်တော်ဆိုင်ကယ်စီး ဟဲလ်မက်ဦးထုပ်တွေ၊ ရေနံဆီပုလင်း လက်လုပ် မီးလောင်ဗုံးတွေလို ပစ္စည်းတွေကို နေပြည်တော်ရောက် ရုရှား ကာကွယ်ရေး ဒု၀န်ကြီးကို မြန်မာ အာဏာသိမ်း စစ်ခေါင်းဆောင်က ပြသခဲ့ပါတယ်။

    မြန်မာပြည်သူတွေကို အကာအကွယ်ပြုပေးဖို့ ကုလသမဂ္ဂတပ်တွေ ၀င်လာပေးပါ ဆိုပြီး နိုင်ငံရေး အင်အားစုတွေက တောင်းဆို နေချိန်မှာ၊ မြန်မာ စစ်ကောင်စီ မတ်လ ၂၇ ရက်နေ့ ပြုလုပ်မယ့် စစ်ရေးပြ အခမ်းအနားကို ရုရှား ကာကွယ်ရေးဌာနက အဆင့်မြင့်ကိုယ်စားလှယ် စေလွှတ်လာတာ ဖြစ်ပါတယ်။

    ရုရှား ကာကွယ်ရေး ဒု၀န်ကြီး ဖိုမင်ကတော့ ဒုတိယကမ္ဘာစစ် တုန်းက နာဇီဂျာမနီကို အောင်နိုင်ခဲ့တဲ့ ရုရှားတို့ရဲ့ မဟာမျိုးချစ် စစ်ပွဲကြီး ၇၅နှစ်ပြည့် စိန်ရတု စစ်ရေးပြပွဲတုန်းက မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ခဲ့လို့၊ အခု ရုရှားလည်း အပြန်အလှန် လာပြီး တက်ရောက်တာလို့ ဆိုပါတယ်။

    အခုနှစ်ပိုင်းတွေ အတွင်း ရုရှားနဲ့မြန်မာကြား စစ်ရေးဆက်ဆံမှုတွေ တိုးမြှင့် တည်ဆောက်လာနေတာ တွေ့ရပါတယ်။

    မြန်မာပြည်က စစ်ပညာတော်သင်တွေ ထောင်ပေါင်းများစွာကို မော်စကို အစိုးရက လက်ခံရုံမက၊ လက်နက်ရောင်းတာတွေ၊ စစ်ရေးပူးတွဲ လေ့ကျင့်တာမျိုးတွေလည်း ပြုလုပ်ပါတယ်။

    မြန်မာစစ်တပ်ကို လက်နက်မရောင်းဖို့ အနောက်အုပ်စုနိုင်ငံတွေက ပိတ်ထားချိန်၊ ၂၀၁၄ ကနေ ၂၀၁၉ အတွင်း မြန်မာစစ်တပ် ရရှိခဲ့တဲ့ စစ်လက်နက် ပစ္စည်းတွေထဲ ရုရှားဆီက တိုက်ရိုက်ရတာ အနည်းဆုံး ၁၆% ပါ၀င်တယ်ဆိုပြီး စတော့ဟုမ်း နိုင်ငံတကာ ငြိမ်းချမ်းရေး သုတေသနအဖွဲ့က ပြောပါတယ်။

    ရုရှားက ပြုလုပ်တဲ့ စစ်ရေးလေ့ကျင့်မှုတွေမှာလည်း မြန်မာစစ်တပ် ပါ၀င်နေခဲ့ပါတယ်။

    ပြီးခဲ့တဲ့ နှစ် စက်တင်ဘာလထဲမှာတင်၊ ရုရှားနိုင်ငံတောင်ပိုင်း ကာပူစတင်ယာ ဒုံးကျည်ပစ် အခြေစိုက်စခန်း ရှိရာမှာ ပြုလုပ်တဲ့ “ကော့ကေးဆပ် ၂၀၂၀” စစ်ရေးလေ့ကျင့်ခန်းထဲ တရုတ်၊ အီရန်၊ ပါကစ္စတန်တို့နဲ့အတူ မြန်မာလည်း ပူးတွဲ ပါ၀င်ခဲ့ပါတယ်။

    ဆန္ဒပြ ပြည်သူတွေကို သတ်ဖြတ်နေတဲ့ စစ်ကောင်စီကို ရုရှားက တရား၀င် အစိုးရသဖွယ် ဆက်ဆံပြတာဟာ စစ်ကောင်စီ ကျုးလွန်နေတဲ့ အကြမ်းဖက်မှုတွေမှာ ရုရှားကိုယ်တိုင် ကြံရာပါ ဖြစ်သွားစေတယ်လို့ Justice For Myanamar အဖွဲ့က ၀ေဖန်ပါတယ်။