ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

စစ်အာဏာသိမ်းဆန့်ကျင်ရေးဆန္ဒပြပွဲတွေမှာ သေဆုံးရသူ ၅၂၁ ဦး ရှိလာ

ဒေါ်အောင်ဆန်းစုကြည်ဟာ ကျန်းမာရေးကောင်းမွန်တဲ့ပုံ တွေ့ရပြီး ရွှင်ရွှင်လန်းလန်းရှိတယ်လို့ ရှေ့နေပြော

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ‌ဒေါပုံ နွယ်အေးရပ်ကွက်ရုံး မီးလောင်ပြီး ပစ်ခတ်မှုတွေရှိနေ

    သာကေတနဲ့ ‌ဒေါပုံဘက် မှာ ည၁၀ နာရီ ဝန်းကျင်ခန့်က ပစ်ခတ်မှုတွေရှိနေပြီး မီးလောင်နေတာကိုတွေ့ရကြောင်း ‌ဒေါပုံ နဲ့ သာကေတမြို့နယ်မှာ နေထိုင်သူတွေက ဘီဘီစီကိုပြောပါတယ်။

    မီးလောင်နေတဲ့ နေရာဟာ သာကေတ ၁ စျေးကွေ့အနီးက ဒေါပုံမြို့နယ် နွယ်အေး ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးဖြစ်ပြီးတော့ မတ်လ ၂၂ ရက် ည ၁၀ နာရီဝန်းကျင်က စတင်မီးလောင်ခဲ့တာဖြစ်တယ်လို့လည်း သူကပြောပါတယ်။

    မတ်လ ၂၂ ရက်နေ့ မနက်ပိုင်းက ဒေါပုံ နွယ်အေး ရပ်ကွက်မှာ စစ်ကောင်စီ က ခန့်အပ်တဲ့ အုပ်ချုပ်ရေးမှူးကိုခန့်အပ်ခဲ့တာကို ရပ်ကွက်က ဆန္ဒပြမှုတွေရှိခဲ့ပါတယ်။

    ည ၁၁ နာရီလောက်အထိ ပစ်ခတ်သံတွေကြားနေရပြီး လူတွေလည်းအိမ်ထဲကနေ အိမ်ပြင်ထွက်လို့မရတဲ့အတွက် မီးလောင်မှုနောက်ဆုံး အခြေအနေကို မသိရကြောင်းနဲ့မီးသတ်ကားလာတဲ့ အသံကို မကြားရဘူးလို့လည်း သူက ဘီဘီစီကို ပြောပါတယ်။

    ပစ်ခတ်မှုကြောင့်ဒဏ်ရာ ရသူရှိမရှိဆိုတာနဲ့ ပတ်သက်လို့ တော့ လတ်တလော အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။

  2. ဆန္ဒပြပွဲတွေနဲ့ အကြမ်းဖက်ဖြိုခွင်းမှုများ

  3. ဧည့်စာရင်း တိုင်သင့် မတိုင်သင့်

    အုပ်ချုပ်ရေးမှူးမရှိတဲ့ ရန်ကုန် သင်္ဃန်းကျွှန်းက ရပ်ကွက်တစ်ခုမှာ ညနေပိုင်း ဧည့်စာရင်းတိုင်ဖို့ မတ်လ ၂၂ ရက်နေ့ညက လူတွေစောင့်နေကြပါတယ်။

    သင်္ဃန်းကျွှန်းက ငမိုးရိပ်ရပ်ကွက်မှာ ဧည့်စာရင်းတိုင်ဖို့နဲ့ မတိုင်ပါကအရေးယူမယ်လို့ ကြေညာပြီးနောက် ရပ်ကွက်ရုံးရှေ့မှာ အခုလိုစုရုံးနေကြတာဖြစ်ပါတယ်။

    စောင့်ဆိုင်းနေသူအချို့ကြားမှာ ဧည့်စာရင်းတိုင်သင့် မတိုင်သင့် နဲ့ ဆယ်အိမ်မှုး၊ရာအိမ်မှူး ၊အုပ်ချုပ်ရေးမှူးရှိခြင်း၊ မရှိခြင်းနှင့်ပတ်သက်၍ အငြင်းပွားမှုတွေလည်းရှိနေပါတယ်။

  4. တာမွေမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုလုပ်

  5. ရန်ကုန်က မြို့နယ်အချို့မှာ ဧည့်စာရင်းတိုင်ဖို့ လိုက်ကြေညာနေ

    ရန်ကုန်က ရွှေပြည်သာ၊ သင်္ဃန်းကျွန်း မြို့နယ်နဲ့ လှိုင်သာယာမြို့နယ် တွေမှာ အာဏာသိမ်း စစ်ကောင်စီက ဧည့်စာရင်းတိုင်ဖို့ လိုက်လံကြေညာနေ တာတွေရှိ နေပြီး ဧည့်စာရင်းသွားတိုင်တဲ့သူအချို့လည်းရှိနေတယ် လို့ သိရပါတယ်။

    ဒီနေ့နေ့လယ်ပိုင်း၂နာရီကျော်လောက်က ရပ်ကွက်ထဲကို ဧည့်စာရင်းတိုင်ဖို့ အသံချဲ့စက်နဲ့ လိုက်လံကြေညာခဲ့ပြီး ရပ်ကွက်အုပ်ချုပ် ရုံးမှာ ဧည့်စာရင်းလာ တိုင်နေတဲ့ သူအချို့ကိုတွေ့ရတယ်လို့ သင်္ဃန်းကျွန်း မြို့နယ်စံပြရပ်ကွက်သားတစ်ဦးက အတည်ပြုပါတယ်။

    ဒါ့အပြင် စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ ရွှေပြည်သာမြို့နယ်မှာ လည်း ဧည့်စာ ရင်းတိုင်ကြ ဖို့ လိုက်လံပြောဆိုနေတာရှိတယ်လို့ ရွှေပြည်သာမြို့နယ် ၁၉ရပ် ကွက်နေသူ တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

    ရွှေပြည်သာမှာ ဧည့်စားရင်းတိုင်ဖို့ ပြီးခဲ့တဲ့ရက်ပိုင်းက အသံချဲ့စက်နဲ့လိုက်အော် အပြီးမှာ လူတွေဧည့်စာရင်း တိုင်နေရတယ်လို့ ရွှေပြည်သာမြို့နယ် ၇ ရပ်ကွက်နေထိုင်သူတစ်ဦးကပြောပါတယ်။

    ဧည့်စားရင်းတိုင်သူ အများစုဟာ ရန်ကုန်မြို့က စက်ရုံအလုပ်ရုံတွေမှာ နေထိုင်ကြတဲ့ ရွှေ့ပြောင်းလုပ်သားတွေပါဝင်သလို ရန်ကုန်ကို ရွှေ့ပြောင်းရောက်ရှိနေထိုင်ကြတဲ့ မိသားစုတွေလည်းပါဝင်တယ်လို့ လည်းသူကပြောပါတယ်။

    ဧည့်စာရင်းတိုင်ရာမှာ မှတ်ပုံတင်ပြ သန်းခေါင်စာရင်းပြရပြီး စာရွှက်စာတမ်းကြေးမပေးရသလို ဧည့်စာရင်း ကာလ ဘယ်တော့ သက်တမ်းကုန်မယ်ဆိုတာကို လည်းမသိရကြောင်းလည်းသူကပြောပါတယ်။

    ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ရုံမထိုင်သေးသော်လည်း ဧည့်စာရင်းနဲ့ ထောက်ခံစာများကို အချိန်ကန့်သတ်၍ ရုံးစာရေးများက လုပ်ပေးနေကြောင်းလည်းသူကပြောပါတယ်။

  6. အာဏာသိမ်း စစ်ကောင်စီ ကျောက်မျက်ပြပွဲလုပ်ဖို့စီစဥ်နေ

    အာဏာသိမ်း စစ်ကောင်စီဟာ နိုင်ငံအတွင်း ကျောက်မျက်ရတနာ ပြပွဲတစ်ရပ်ကို မကြာမီ ကျင်းပနိုင်ရန် စီစဉ်နေပြီး စစ်ကောင်စီက ယခုကာလမှာ နိုင်ငံရဲ့ သယံဇာတများကို ရောင်းချခြင်းဟာ ခွင့်လွှတ်နိုင်ဖွယ် မရှိသောလုပ်ရပ်ဖြစ်တယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က ထုတ်ပြန်ပါတယ်။

    ဒါကြောင့် ကျောက်မျက်ရတနာလုပ်ငန်းရှင်များ၊ ကုမ္ပဏီများအနေနဲ့ အဆိုပါ ကျောက်မျက်ရတနာ ပြပွဲကို ပူးပေါင်းပါဝင်ခြင်း မပြုဖို့ကိုလည်း CRPH က တားမြစ်လိုက်ပါတယ်။

    စစ်ကောင်စီရဲ့ ကျောက်မျက်ရတနာ ပြပွဲကို ပူးပေါင်းပါဝင် ရောင်းဝယ်ကြောင်း တွေ့ရှိပါက အမည်ပျက်စာရင်း (Black List) တွင် ထည့်သွင်းပြီး ပြည်သူ့ အစိုးရအနေနဲ့ မည်သည့်စီးပွားရေးလုပ်ငန်းကိုမှ လုပ်ဆောင်ခွင့်ပြုမည်မဟုတ်ကြောင်းနဲ့ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည် ဖြစ်တယ်လို့လည်း သတိပေးခဲ့ပါ

    တယ်။

  7. လာရှိုးရဲရိပ်သာ လက်ပစ်ဗုံးနဲ့ အပစ်ခံရ

    လားရှိုးမြို့ ရပ်ကွက် အမှတ် ၄ မှာရှိတဲ့ ရဲတပ်ဖွဲ့ရိပ်သာရုံး နှစ်ထပ်အဆောက်အအုံကို ဒီနေ့ မတ်လ ၂၂ ရက် မွန်းလွဲတစ်နာရီ ဝန်းကျင် အချိန်က လက်ပစ်ဗုံး နဲ့လာပစ်သွားခဲ့တယ်လို့ လားရှိုး ရဲရိပ်သာအနီးနေထိုင်သူ မြို့ခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

    လူ ၂ ဦး ဆိုင်ကယ်နဲ့ လာပြီး လက်ပစ်ဗုံးနဲ့ လာပစ်သွားတယ်လို့ သိရပြီး ထိခိုက်ပျက်စီးမှု အချို့ရှိတယ်လို့လည်း သူကပြောပါတယ်။

    လက်ရှိအချိန်မှာ ရဲရိပ်သာရုံးရှေ့က လမ်းကို ပိတ်ထားလိုက်တာတွေ့ရပြီး ထိခိုက်ဒဏ်ရာရသူ ရှိမရှိဆိုတာကိုတော့ မသိရသေးကြောင်းလည်းသူကပြောပါတယ်။

    ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့ ရဲရိပ်သာဝန်းကျင်လမ်းကိုတော့ စစ်ကောင်စီတပ်တွေက အခုအချိန် ညနေပိုင်းအထိ ပိတ်ထားဆဲဖြစ်တယ်လို့ လားရှိုးမြို့ခံတွေက ပြောပါတယ်။

  8. ဥက္ကံက သတင်းထောက်နှစ်ဦး ကို စစ်ကောင်စီတပ်တွေဖမ်းထား

    ရန်ကုန်တိုင်း ဥက္ကံမြို့နယ်က အလွတ်တန်းသတင်းထောက်နှစ်ဦး ကို ပြီးခဲ့တဲ့ရက်ပိုင်းက အာဏာသိမ်းစစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက ဖမ်းထားတယ်လို့ သူ့မိသားစုဝင် တစ်ဦးကပြောပါတယ်။

    အဖမ်းခံရသူ ဇနီးမောင်နှံဟာ the Voice Daily နဲ့ DVB သတင်းဌာန တို့က အလွတ်တန်းသတင်းထောက်တွေဖြစ်ပြီးတော့ ဖမ်းဆီးခံရပြီး တစ်ပတ်ကြာချိန်ထိ မိသားစုနဲ့ တွေ့ခွင့်မရသေးလို့လည်း သမီးဖြစ်သူကပြောပါတယ်။

    ဦးမင်းမင်းအောင် the Voice Daily အလွတ်တန်းသတင်းထောက်ကို ဥက္ကံမြို့မရဲစခန်းမှာ ရာဇသတ်ကြီးပုဒ်မ၁၁၄/၄၃၆/၃၃၂ နဲ့အမှုဖွင့်လှစ်ထားပြီး ဒေါ်မေသွယ်အောင်ကို DVB အလွတ်တန်းသတင်းထောက် ကို ပုဒ်မ၁၈၈နဲ့ ညမထွက်ရ အမိန့်ဖောက်ဖျက်မှုနဲ့ အမှုဖွင့်ထားတယ်လို့ ကနဦးသိရပြီးအထဲမှာ ရိုက်နှက်ခံထားရတယ်လို့ မိသားစုဝင်တွေက ဆိုပါတယ်။

    ရန်ကုန်တိုင်း ဥက္ကံမြို့နယ်မှာ မတ်လ၁၆ရက်နေ့ညက နေအိမ်မီးကွင်းပစ်ခံရတဲ့ သတင်းသွားရောက်ယူဆောင်ရာမှာ ဦးမင်းမင်းအောင်ဖမ်းဆီးခံရတာဖြစ်ပြီးတော့ ဦးမင်းမင်းအောင် အဖမ်းခံရတာကို သွားရောက်စုံစမ်းစဥ် ဒေါ်မေသွယ်အောင်ကို ဖမ်းဆီးတရားစွဲဆို ခံခဲ့ရတယ်လို့လည်း သူကပြောပါတယ်။

  9. မန္တလေးမြို့ မြရည်နန္ဒာ အိမ်ရာအနီး ပစ်ခတ်မှု သေဆုံးသူ ထပ်တိုး

    မန္တလေးမြို့ မြရည်နန္ဒာ အိမ်ရာအနီး ပစ်ခတ်မှုကြောင့် မတ်လ ၂၂ ရက်နေ့ မှာသေဆုံးသူ ၃ ဦးအထိရှိလာပြီ ဖြစ်တယ်လို့ မြရည်နန္ဒာ အိမ်ရာမှာနေထိုင်သူတစ်ဦး က ဘီဘီစီကို ပြောပါတယ်။

    မတ်လ ၂၂ ရက်နေ့ မနက်ပိုင်းက အသက်၁၈ နှစ် အရွယ် ကိုဇော်ဇော် ကျည်ထိမှန်သေဆုံးခဲ့ သလို နောက်ထပ်နှစ်ဦးလည်းကျည်ထိမှန်သေဆုံးခဲ့တယ်လို့လည်းသူကပြောပါတယ်။

    နောက်ထပ်သေနတ်ကျည်ထိမှန်သေဆုံးသူတွေဟာ အမျိုးသားတွေဖြစ်ပြီးတော့ ၄၉ လမ်း ၁၁၄ လမ်း မြရည်နန္ဒာစျေးအနီး မှာတစ်ဦး နဲ့ ၄၉ လမ်းနဲ့ မင်းကြီးရန်နောင်လမ်းအနီး မှာဖြစ်တယ်လို့ လည်းဒေသခံတွေက ပြောပါတယ်။

    နောက်ထပ် သေဆုံးသူတွေနာမည်နဲ့ အသက်နဲ့ နေရပ်လိပ်စာတို့ ကို လတ်တလော အတည်ပြုနိုင်တာမျိုးမရှိသေးပါဘူး။

    မြရည်နန္ဒာ အိမ်ရာထဲမှာ သေနတ်ထိမှန်ထားသူတွေရှိတယ်လို့ လည်းသူတို့ကပြောပါတယ်။

    သေနတ်ကျည်ထိမှန်ထား သူ ၆ ဦးခန့်ရှိပြီးတော့ အိမ်ရာ အတွင်း ကားတွေလည်း ဖျက်ဆီးခံထားရတာရှိတယ်လို့လည်း မြရည်နန္ဒာ အိမ်ရာနေထိုင်သူ ကပြောပါတယ်။

  10. မြရည်နန္ဒာ အိမ်ရာ ပစ်ခတ်မှုကြောင့် တစ်ဦးသေဆုံး၊ အိမ်ရာကို စစ်ကောင်စီတပ်တွေဝိုင်းထား

    မန္တလေးမြို့ ချမ်းမြသာစည်ရပ်ကွက် မြရည်နန္ဒာ အိမ်ရာမှာ အာဏာသိမ်းစစ်ကောင်စီရဲ့ တပ်ဖွဲ့ဝင်တွေက အတားအဆီးတွေကို ဝင်ဖြိုရာကနေ လူတွေနဲ့ ထိပ်တိုက်တွေ့လို့ ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပြီး အသက်၁၈ နှစ်အရွှယ် ကိုဇော်ဇော် ကျည်ထိမှန်သေဆုံးခဲ့တယ်လို့ မြရည်နန္ဒာ အိမ်ရာအနီး ဒေသခံတွေက ပြောပါတယ်။

    ရဲနဲ့စစ်တပ်က အောင်သာယာ၊ မြရည်န္ဒာ ရပ်ကွက်‌ တွေ အနီး လမ်းပေါ်လုံခြုံရေး အတားဆီးတွေကို ရှင်းလင်းဖျက်ဆီးပြီး အိမ်ရာဝင်းတွေကိုလည်း ပစ်ခတ်တာတွေ လုပ်ခဲ့တယ်လို့ ဒေသခံတချို့ကပြောပါတယ်။

    နေ့လယ် ၃ နာရီခန့် အထိ အာဏာသိမ်းစစ်ကောင်စီရဲ့ တပ်ဖွဲ့ဝင်တွေက မြရည်နန္ဒာ အိမ်ရာကို ဝိုင်းထားဆဲဖြစ်တယ်လို့လည်းသူကပြောပါတယ်။

    မတ်လ၂၁ ရက်နေ့ည က အောင်သာယာ အောင်ပင်လယ် မြရည်နန္ဒာသမန်းကုန်း ရပ်ကွက်တွေကို ဝင်ရောက်ပစ်ခတ် မူတွေရှိပြီး လူ ၇ဦးထက်မနည်းသေဆုံးခဲ့ပါတယ်။

  11. လူမှုရေးဒဏ်ခတ်မှု သို့မဟုတ် စိတ်ဓာတ်စစ်ဆင်ရေး

  12. မန္တလေးမှာ မတ်လ ၂၁ ရက် တစ်ညတည်းမှာတင် လူ ၇ ဦးထက်မနည်း ကျည်မှန်သေဆုံး

    မန္တလေးမြို့မှာ မနေ့ မတ်လ ၂၁ ရက်ညပိုင်း စစ်တပ်နဲ့ရဲဘက်က အကြမ်းဖက်ပစ်ခတ်လို့ အနည်းဆုံးလူ ၇ ဦး သေဆုံးခဲ့ပါတယ်။

    ၁၂၀ လမ်း၊ ၅၀နှင့် ၅၁ လမ်းကြား၊ မင်းကြီး‌ရန်နောင်လမ်းက အမှတ် ၁၀ မူလတန်းလွန်ကျောင်းမှာ လက်နက်ကိုင်တွေ တပ်စွဲပြီး ညပိုင်းမှာ နီးစပ်ရာ ရပ်ကွက်အတွင်းကို ပစ်ခတ်လို့ လူ ၄ ဦး သေဆုံးခဲ့ပါတယ်။

    "သမန်ကုန်းထဲကပေါ့။ ဘယ်ဘက်နံကနေ ညာဘက်နံ ပေါက်ထွက်သွားတာ တစ်ယောက်။ ဘယ်ဘက်မျက်လုံးကနေ နောက် ဦးခေါင်းထိ ပွင့်ထွက်သွားတာ တယောက်။ နောက်တယောက်က အိမ်ထဲမှာ နေတဲ့တယောက်။ အပေါက်ဝ ကနေ လှမ်းပစ်လိုက်တာ။ နောက်တယောက်က သွားလာရင်း လှမ်းပစ်လို့ ကျည်ထိတာ။ မနက်မှာ ဒူးပွင့်တဲ့သူ တယောက်။ အဲ့လူက မသေဘူး။ အလောင်း အားလုံးရပါတယ်။ အခုပဲ သဂြိုဟ်ပြီးပါပြီ"လို့ လူမှုကယ်‌ဆယ်ရေးအဖွဲ့၀င်တစ်ဦးက ပြောပါတယ်။

    သေဆုံးသူတွေက ကိုမင်းသူအောင် အသက် ၃၉ နှစ်၊ ကိုဖိုးငယ် အသက် ၃၀၊ ကိုလှိုင်မျိုးထက် အသက် ၄၀၊ ဦးဘေဘီစိုးမြင့် (အသက်မသိရသေး) ဖြစ်ပါတယ်။

    "လောလောဆယ် သံသယ ရှင်းတာက လုံးဝရာဘာကျည်မဟုတ်ဘူး။ ကျည်အစစ်တွေနဲ့ ပစ်တာ။ ၄ ဦးလုံး ကုသချိန်ကို မရှိတာ။ ကိုက် ၂၀ လောက်ပဲဝေးတာ။ ချက်ချင်းဆွဲတာကိုး လက်ပေါ်ရောက်တော့ သွေးခုန်နူန်းမရှိတော့ဘူး"လို့ လူမှုကယ်‌ဆယ်ရေးအဖွဲ့မှာ တာဝန်ကျသူတဦးက ပြောပါတယ်။

    မတ်လ ၂၁ ရက် နေ့ခင်းပိုင်းကတည်းက အောင်ပင်လယ်ဘက်မှာ ပစ်ခတ်ပြီး အဲ့ဒီနေရာ အနီးဝန်းကျင်မှာ ညပိုင်း ၁၁ ‌နာရီ‌လောက်ကနေစပြီး ပစ်ခတ်တာ‌တွေ ဖြစ်ခဲ့တာပါ။ သေနတ်တွေ တရစပ်ပစ်ခတ်တာဖြစ်တယ်လို့ ဒေသခံတွေကလည်း အတည်ပြု ပြောပါတယ်။

    မန္တလေးမှာ မနေ့ညကထပ်မံသေဆုံးသူ နောက်ထပ် ၃ဦးက ပြည်ကြီးပျော်ဘွယ်ရပ်ကွက်ကဖြစ်ပါတယ်။

    ၃၅ လမ်းကနေ ၃၁လမ်း၊ ၈၆လမ်းနဲ့ ၈၇ လမ်းအနီး ဦးခေါင်းကျည်မှန်သူ၊ ခြေထောက်ကျည်မှန်လို့ သွေးလွန်သူ၊ လည်ပင်းကျည်ထိမှန်သူတွေ သေဆုံးခဲ့တာပါ။

    သေဆုံးသူတွေက အသက် ၁၅ နှစ်အရွယ် ကိုဇော်မျိုးထက်၊ အသက် ၄၃ နှစ်အရွယ် ဦးဖြိုးမောက်မောင်၊ အသက် ၄၄ နှစ်အရွယ် ဦးဇော်မျိုးဦးတို့ဖြစ်ပါတယ်။

    မနေ့ည မန္တလေးမှာ စစ်တပ်နဲ့ရဲ ပစ်ခတ်လို့ ကျည်မှန် ဒဏ်ရာရသူတွေ အများပြားရှိနေပါတယ်။

    လက်ရှိမှာ မနေ့ည အောင်ပင်လယ်ဘက်က အသက် ၂၆ နှစ်အရွယ် ကိုဖြိုးဝေထွန်းလဲ ရင်ဘတ်ကျည်ထိ ဒဏ်ရာနဲ့ သေဆုံးသွားပြီလို့ သိရပါတယ်။

    ဒီနေ့ မတ်လ ၂၂ ရက်မနက်မှာလည်း ပစ်ခတ်တာတွေရှိနေပြီး ပေါင်ဒဏ်ရာရသူ ၂ ဦးရှိတယ်လို့ သိရပါတယ်။

  13. ဘီဘီစီသတင်းထောက် ကိုအောင်သူရ ပြန်လည်လွတ်မြောက်

    ပြီးခဲ့တဲ့ သောကြာနေ့ (မတ်လ ၁၉) ရက်နေ့က နေပြည်တော်က တရားရုံးတစ်ခုရှေ့မှာ သတင်းရယူနေစဉ် ဖမ်းဆီးခံခဲ့ရတဲ့ နေပြည်တော်အခြေစိုက် ဘီဘီစီသတင်းထောက် ကိုအောင်သူရ ဒီနေ့ မတ်လ ၂၂ ရက် မနက် ၁၁ နာရီခန့်မှာ ပြန်လည်လွတ်မြောက်လာပြီဖြစ်ပါတယ်။

    ကိုအောင်သူရဟာ သောကြာနေ့က နေပြည်တော်၊ ဒက္ခိဏသီရိခရိုင် တရားရုံးရှေ့မှာ NLD နာယက ဦးဝင်းထိန် ရုံးထုတ်ကို သတင်းယူနေစဉ် အရပ်ဝတ်နဲ့ လူတချို့က ဖမ်းဆီးသွားတာဖြစ်ပြီး မဇ္ဈိမသတင်းဌာနက သတင်းထောက်ဟောင်း ကိုသန်းထိုက်အောင်နဲ့အတူ ဖမ်းဆီးခံရတာလည်းဖြစ်ပါတယ်။

    ကိုသန်းထိုက်အောင်ကတော့ ပြန်လည် လွတ်မြောက်လာခြင်းမရှိသေးဘူးလို့လည်း သိရပါတယ်။

    ကိုအောင်သူရဟာ လက်ရှိမှာ မိသားစုဆီ ပြန်လည်ရောက်ရှိနေပြီဖြစ်ပြီး ကျန်းမာရေးလည်းကောင်းမွန်လျက်ရှိပါတယ်။

  14. စစ်ကောင်စီက CRPH ကို မတရားအသင်းအဖြစ်ကြေညာ

    ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)နဲ့ အဖွဲ့ဝင်တွေ၊ ကော်မတီက ဖွဲ့စည်းထားတဲ့အဖွဲ့အစည်းတွေ၊ အဲဒီအဖွဲ့အစည်းတွေနဲ့ ဆက်နွယ်တဲ့လူပုဂ္ဂိုလ်တွေဟာ နိုင်ငံတော်တရားဥပဒေစိုးမိုးရေးနဲ့တည်ငြိမ်ရေးကို နှောက်အယှက်အန္တရာယ်ဖြစ်စေတယ်လို့ စစ်ကောင်စီဥက္ကဋ္ဌက ယုံကြည်ယူဆတာကြောင့် CRPH ကို မတရားအသင်းအဖြစ်ကြေညာတာလို့ ဆိုပါတယ်။

    မတရားအသင်းများအက်ဥပဒေပုဒ်မ ၁၆ အရ CRPH သာမက ကော်မတီကဖွဲ့စည်းပေးတဲ့ အဖွဲ့အစည်းတွေကို ဥပဒေပုဒ်မ ၁၅၊ ပုဒ်မခွဲ ၂ ပါ အဓိပ္ပါယ်ဖော်ပြချက်တွေနဲ့အညီ ကြေညာတာလို့ စစ်ကောင်စီရဲ့ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်က မတ်လ ၂၁ ရက်ရက်စွဲနဲ့ကြေညာလိုက်တာပါ။

    ၂၀၂၀ နိုဝင်ဘာ အရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ CRPH ဟာ ဝန်ကြီးဌာန ၉ ခုအတွက် ခေတ္တပြည်ထောင်စုဝန်ကြီး ၄ ဦးကို မတ်လ ၂ ရက်ကတည်းက ခန့်ထားပါတယ်။

    CRPH ကတော့ အစိုးရအသစ်ဖွဲ့တာ မဟုတ်ဘဲ သမ္မတဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ဦးဆောင်တဲ့ အစိုးရရဲ့ အဖွဲ့ဝင်တွေကို ဖမ်းဆီးထားချိန်မှာ နိုင်ငံတော်ရဲ့ လုပ်ငန်းတာဝန်တွေကို ကိုယ်စားထမ်းဆောင်ဖို့ ခန့်အပ်တာလို့ဆိုပါတယ်။

    တခါ CRPH ဘက်ကလည်း အာဏာသိမ်းစစ်ကောင်စီဟာ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို ပစ်ခတ်သတ်ဖြတ်တာ၊ ရိုက်နှက်တာ၊ ဥပဒေမဲ့ ဖမ်းဆီးတာနဲ့ ရာဇဝတ်သားတွေစေလွှတ်ပြီး ရပ်ရွာတည်ငြိမ်မှုနဲ့တရားဥပဒေစိုးမိုးမှုအပေါ် ခြိမ်းခြောက်တာတွေ ပြုလုပ် နေတာကြောင့် အကြမ်းဖက်အုပ်စုအဖြစ် မတ်လ ၁ ရက်ကတည်းက ကြေညာထားပါတယ်။

  15. ရန်ကုန်၊ မန္တလေးမြို့ကြီးတွေမှာ အရုဏ်ဦးသပိတ်တွေ ပြုလုပ်လာ

    မန္တလေး၊ ရန်ကုန်မြို့ကြီးတွေအပါအဝင် နိုင်ငံအနှံ့မှာ ဖေဖော်ဝါရီလ ပထမပတ်ကစလို့ နေ့စဉ်ပြုလုပ်လာတဲ့ သပိတ်စစ်ကြောင်းတွေဟာ လူသေဆုံးတဲ့အထိ အကြမ်းဖက်ဖြိုခွင်းခံလာရချိန်မှာ အရုဏ်ဦးသပိတ်တွေ ဆင်နွှဲလာကြပါတယ်။

    ရန်ကုန်မြို့မှာဆို လှည်းတန်းမှာ ဒီနေ့ မတ်လ ၂၂ ရက်မှာ မနက်အရုဏ်ဦးသပိတ်ပြုလုပ်သွားပါတယ်။

    နောက် ရဲနဲ့စစ်တပ် လုံခြုံရေးတင်းကျပ်နေပြီး ဖြိုခွဲခံရမှုတွေရှိနေတဲ့ မန္တလေးမှာလည်း ဒီကနေ့ မတ်လ ၂၂ ရက် အရုဏ်တက်ချိန်မှာ အရုဏ်ဦးသပိတ်ကို ပညာရေးမိသားစုတွေနဲ့ အမရပူရပြည်သူတွေ ပူးပေါင်းဆင်နွှဲခဲ့ကြပါတယ်။

    ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၃ နယ်မြေအတွင်းမှာလည်း ဒီကနေ့ မနက်မှာ ဒေသခံတွေစုပေါင်းပြီး စစ်အာဏာသိမ်းဆန့်ကျင်ရေးဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

  16. သြစတေးလျနိုင်ငံသား ၂ ဦး ထပ်မံ ဖမ်းဆီးခံရ

    မြန်မာနိုင်ငံက ထွက်ခွါဖို့လုပ်နေတဲ့ သြစတေးလျနိုင်ငံသား ၂ ဦး အာဏာပိုင်တွေရဲ့ထိန်းသိမ်းတာခံလိုက်ရတယ်ဆိုပြီး သြစတေးလျ SBS သတင်းဌာနက သတင်းဖော်ပြပါတယ်။

    သြစတေးလျနိုင်ငံခြားရေးဝန်ကြီးဌာနကတော့ အာဏာပိုင်တွေထိန်းသိမ်းထာခံထားရတဲ့သူ့ နိုင်ငံသား ၂ ဦးအတွက် သံတမန်လမ်းကြောင်းနဲ့အကူအညီတွေပေးနေတယ်လို့ ပြောပါတယ်။

    ဒီလူနှစ်ယောက်ရဲ့ပုဂ္ဂိုလ်ရေးအချက်အလက်တွေကို ငဲ့ကွက်တဲ့အနေနဲ့ လက်ရှိမှာ ဒီလောက်ပဲပြောနိုင်ပြီး နောက်ထပ် အသေးစိတ်ကို ထပ်ပြီးထုတ်ပြန်မယ်လို့ဆိုပါတယ်။

    အဖမ်းခံထားရသူတွေဟာ ရန်ကုန်မှာ စီးပွားရေးအကြံပေးလုပ်ကိုင်နေကြသူ မက်သျူး အိုခိန်းနဲ့ ခရစ္စတာ အေဗရီတို့ဖြစ်ပြီး သူတို့ဟာ ကယ်ဆယ်ရေးလေယာဉ်နဲ့ ပြည်တွင်းက ထွက်ခွါကြိုးစားချိန် ဖမ်းဆီးခံရကာ လက်ရှိမှာ နေအိမ်အကျယ်ချုပ်နဲ့နေနေရတယ်ဆိုပြီး နားလည်ထားတယ်လို့ သတင်းက ဆိုပါတယ်။

    လက်ရှိမှာ စစ်အာဏာသိမ်းပြီးချိန် မြန်မာနိုင်ငံထဲ ထိန်းသိမ်းခံရတဲ့ သြစတေးလျနိုင်ငံသား ၃ ဦးအထိရှိလာပြီဖြစ်ပါတယ်။

    ပထမဆုံး တစ်ဦးကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့စီးပွားရေးအကြံပေး ရှောင်တာနဲဖြစ်ပြီး သူ့ကို ပြန်လွှတ်ပေးဖို့ မိသားစုက ဖေဖော်ဝါရီလ ၈ ရက်ကတည်းက တောင်းဆိုထားပါတယ်။

  17. ဂျပန်က မြန့်မာ့အရေး တစ်ရှူး ကမ့်ပိန်း

    မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းယူခဲ့ပြီးတဲ့နောက် ဆန္ဒပြသူတွေကို ပစ်ခတ်ဖြိုခွဲလို့ လူတွေ သေဆုံးတာ၊ ဒဏ်ရာရတာတွေ၊ လက်နက်ကိုင် စစ်တပ်နဲ့ ရဲတပ်ဖွဲ့တို့ရဲ့ ထင်သလို ခြိမ်းခြောက် ဖမ်းဆီးမှုတွေကြောင့် ပြည်သူတွေ စိုးရိမ်ထိတ်လန့်နေကြရတဲ့ လက်ရှိ အခြေအနေတွေကို ပြည်ပရောက်မြန်မာတွေက သူတို့ ရောက်ရှိနေထိုင်နေတဲ့ နိုင်ငံတွေ သိအောင် ကြိုးပမ်းနေကြပါတယ်။

    ဂျပန်နိုင်ငံမှာ ရောက်ရှိ အလုပ်လုပ်နေတဲ့ လူငယ် အုပ်စုတစ်စုကတော့ မြန်မာ့လက်ရှိ အခြေအနေကို ဂျပန်နိုင်ငံက လူတွေ ပိုသတိထားမိအောင် ဆိုပြီး မြန်မာနိုင်ငံအကြောင်;ရုပ်ပုံလေးတွေနဲ့ ဖော်ပြထားတဲ့ တစ်ရှူးတွေ၊ လက်ကမ်းစာစောင် Pamphlet တွေကို တိုကျိုမြို့ရဲ့ အထင်ကရ ဘူတာကြီးတွေမှာ ဝေခဲ့ကြပါတယ်။

    မြန်မာနိုင်ငံဒီမိုကရေစီ မရမချင်း အပတ်စဉ် ဒီလို ဝေငှသွားမယ်လို့ ဆိုပါတယ်။

  18. ကျောက်ပန်းတောင်းမှာ တပ်ဖွဲ့ဝင်တစ်ဦး တိုက်ခိုက်ခံရပြီးသေဆုံး

    မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့ စည်ပင်ရုံးအနီးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး မတ်လ ၂၀ ရက်နေ့က ဆိုင်ကယ်စီးလာသူတစ်ဦး ကိုစစ်ဆေးစဥ် မှာ တိုက်ခိုက်ခံရပြီး သေဆုံးသွားခဲ့တယ်လို့ အာဏာသိမ်းစစ်ကောင်စီရဲ့ မတ်လ ၂၁ ရက်နေ့ ည ၈နာရီ ရုပ်မြင်သံကြားသတင်းမှာထုတ်လွှင့်သွားခဲ့ပါတယ်။

    သေဆုံးခဲ့သူ တပ်ဖွဲ့ဝင် စစ်သားဟာလုံခြုံရေးဆောင်ရွှက်ပြီး ဆိုင်ကယ်ကို စစ်ဆေးနေစဥ် တုံးသောအရာနဲ့ အခြားဆိုင်ကယ်တစ်စီးနဲ့မောင်းဝင်လာပြီး တိုက်ခိုက်ခဲ့တာကြောင့် သေဆုံးခဲ့တာဖြစ်တယ်လို့လည်း သတင်းထုတ်ပြန်ချက်မှာပါပါတယ်။

    အဲ့ဒီနောက် စစ်ကောင်စီ တပ်ဖွဲ့ဝင်ကို တိုက်ခိုက်ခဲ့သူကို ဖမ်းဆီးရေးဆောင်ရွှက်စဥ်မှာ ကျောက်ပန်းတောင်း ပြည်တော်သာရပ်ကွက် ကျောက်ပန်းတောင်း ပုပ္ပါး ကားလမ်းမှာ ဆိုင်ကယ်တစ်စီးကို ရပ်ခိုင်းရာမရပ်ဘဲ ထွက်ပြေးလို့ ပစ်ခတ်ဖမ်းဆီးရာမှာ သေဆုံးသွားခဲ့တယ်လို့ လည်း ထုတ်ပြန်ချက်မှာပါရှိပါတယ်။

    ကျောတ်ပန်းတောင်းဒေသခံတွေဆီက သတင်းကတော့ မတ်လ ၂၀ ရက်နေ့က မနေ့ညက ပစ်ခတ်ခံရပြီးသေဆုံးခဲ့သူဟာ စစ်တပ်အဖွဲ့ဝင်တစ်ဦးရဲ့သားဖြစ်ပြီး ဆိုင်ကယ်ရပ်ခိုင်းတာကို မရပ်ဘဲ မောင်းတဲ့ အတွက် အပစ်ခံရတာဖြစ်တယ်လို့လည်းသိရပါတယ်။

  19. မတ္တရာက စကျင်ကျေးရွာမှာ စစ်ကောင်စီတပ်တွေ တစ်အိမ်တက်ဆင်းနဲ့ လူ ၄၀ ကျော်ဖမ်းသွား

    မန္တလေးတိုင်းမတ္တရာမြို့နယ်၊ စကျင်ကျေးရွာမှာ CDM ဝင်တဲ့ ဝန်ထမ်းတွေကိုလာဖမ်းတဲ့အပေါ် လူထုကလက်မခံဘဲ စုရုံးလာတာကြောင့် စစ်တပ်၊ ရဲတပ်ဖွဲ့တို့နဲ့လူထုထိပ် တိုက်တွေ့ကာရဲနဲ့စစ်တပ်တို့က လူထုကိုဖြိုခွဲခဲ့ပါတယ်။

    ဖြိုခွဲအပြီး တစ်အိမ်တက်ဆင်း လိုက်လံဖမ်းဆီးသွားလို့ စကျင်ကျေးရွာက လူ ၄၀ကျော်ဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

    ဖမ်းဆီးသွားသူတွေကို ခေါ်ဆောင်သွားတဲ့နေရာအတိအကျကိုလည်း အခုချိန်ထိ မသိရသေးဘူးလို့ ဆိုပါတယ်။

    လူစုခွဲရာမှာလည်း ပစ်ခတ်ဖြိုခွဲမှုတွေလုပ်ခဲ့တာဖြစ်သလို၊ ဖမ်းဆီးရာမှာလည်း ရိုက်နှက်ဖမ်းဆီးခံကြရတာလို့ စကျင်ရွာဒေသခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

  20. တောင်ကြီးမှာ ညပိုင်းပစ်ခတ်မှုတွေရှိနေ

    ဒီနေ့ မတ်လ ၂၁ ရက်နေ့ နေ့လယ်ပိုင်းက တောင်ကြီးမြို့ ရတနာသီရိရပ်ကွက်တွင်းက အိမ်တစ်အိမ်ကို လုံခြုံရေးတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့သလို ညပိုင်းမှာ စစ်ကောင်စီတပ်တွေက ပစ်ခတ်ဖြိုခွင်းနေပါတယ်။

    ဒေသခံတွေက မတ်လ ၂၁ ရက်နေ့ နေ့လယ်ပိုင်းက ရိုက်ကူးထားတဲ့ရုပ်သံတွေမှာတော့ ရဲတပ်ဖွဲ့ဝင်တွေက အိမ်ထဲက လူတွေကိုဆွဲထုတ်လာကာ ဝိုင်းပြီး တုတ်နဲ့ ရိုက်နှက်နေတာကိုလည်းတွေ့ရပါတယ်။

    အဲ့ဒီတောင်ကြီးမြို့မှာ ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေထိပ်တိုက်တွေ့ခဲ့ကြပြီးတော့ ရဲတပ်ဖွဲ့ ရာဘာ ကျည်တွေနဲ့ ပစ်ခတ်ခဲ့ပြီးဒဏ်ရာရသူအချို့ရှိခဲ့ပါတယ်။

    တောင်ကြီး သုံးလမ်းဆုံမှာ ညပိုင်း ပစ်ခတ်မှုတွေရှိခဲ့တယ်လို့ သိရပြီးတော့ ဒဏ်ရာရသူနဲ့ သေဆုံးသူ ရှိမရှိကိုတော့ မသိရသေးပါဘူး။