လမ်းမတော်မြို့နယ်တွင်းမှာ အရပ်ဝတ်နဲ့လူတွေအပါအဝင် လက်နက်တွေပါတဲ့အိမ်စီးကားတစ်စီးကို ပြည်သူတွေက ဖမ်းဆီးခဲ့တဲ့မတ်လ ၈ ရက်ညပိုင်းမှာပဲ လမ်းမတော်နေ ပြည်သူ ၂၃ ဦးကို ရဲနဲ့စစ်သားတွေက လာရောက်ဖမ်းဆီးခဲ့ပါတယ်။
ဖမ်းဆီးခံရသူတွေထဲက ၁၅ ဦးကို မတ်လ ၁၀ရက်က ပြန်လွှတ်ပေးခဲ့ပြီး ၇ ဦးကို တရားစွဲဆိုခဲ့ပါတယ်။
အဲ့ဒီထဲကမှ လမ်းမတော် ၃ လမ်းနေ ကိုသက်ပိုင်စိုးကတော့ ပျောက်ဆုံးနေတယ်လို့ မိသားစုဝင်တစ်ဦးက ဘီဘီစီကိုပြောပါတယ်။
"လမ်းမတော်ရဲစခန်းရော ၈ မိုင်၊ ရွှေပြည်သာ အကုန်ပတ်မေးတယ်၊ မရှိဘူး။ အင်းစိန်ထောင်ကိုလည်း ဒီသောကြာက စားစရာပို့တာ တနင်္ဂနွေနေ့ကအထဲမှာ မရှိပါဘူးဆိုပြီး ပြန်ဆက်သွယ်လာတယ်။ စနေကရော တနင်္လာကရော စားစရာထပ်ပို့ထားတယ်။ တခုခုထူးမလားဆိုပြီးပေါ့" လို့ သူကဆက်ပြောပါတယ်။
အဲ့ဒီည ဖမ်းဆီးသူတွေအကုန်လုံးကို စစ်ကားပေါ် ဝမ်းလျားထိုးမှောက်၊ ခေါင်းပေါ်လက်တင်ကာ ခေါင်းမော့ရင် ရိုက်နှက်ကန်ကာခေါ်သွားတာကြောင့် တဦးနဲ့တဦး သေချာမဆက်သွယ်နိုင်ခဲ့ဘူးလို့ အတူအဖမ်းခံခဲ့ရသူတစ်ဦးကဆိုပါတယ်။
"မတ် ၈ ရက် ဖမ်းပြီးပြီးချင်း ၈ မိုင် စစ်ဌာနချုပ်ရောက်တော့ အဲ့အကိုက အရင်ဆုံးစစ်မေးခံရသူ။ နောက်ရွှေပြည်သာ ခမရ၆ထင်တယ်၊ အကျယ်ကြီးဗျ အဲ့ကို ခေါ်သွားတယ်။ အဲ့အချိန်မှာ သူပါမလာဘူးဆိုတာ သိလိုက်တာပဲ။ကျွန်တော်တို့ အဲ့ရောက်ချိန်ရော၊ လွတ်လာချိန်ရော သူဘယ်ရောက်လဲလို့ အဲ့ကလူတွေကို မေးတယ် မသိဘူးချည်းဖြေတာပဲ။" လို့ သူရဲ့ကြုံတွေ့ခဲ့ရတဲ့ အခြေအနေကို ပြန်ပြောပြပါတယ်။
မတ်လ ၈ ရက်တည်းက ဖမ်းဆီးခေါ်သွားခံရတာကြောင့် မိသားစုဝင်အနေနဲ့ စိုးရိမ်ပူပန်နေပြီး ပျောက်ဆုံးသူ ကိုသက်ပိုင်စိုး ဘယ်ကိုရောက်နေလဲဆိုတာသူတို့အနေနဲ့ သိခွင့်ရှိတယ်လို့ မိသားစုတွေဘက်ကဆိုပါတယ်။