ဒေါ်အောင်ဆန်းစုကြည်ကို ပုဒ်မ ၅၀၅(ခ) အပါအဝင် ပုဒ်မအချို့ ထပ်တိုးစွဲဆို

အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့ သမ္မတ ဦးဝင်းမြင့်တို့ကို ဗီဒီယိုကွန်ဖရန်းဆင်းနဲ့ ဇဗ္ဗူသီရိတရားရုံးမှာ ဒီကနေ့ ရုံးထုတ်ခဲ့ပါတယ်။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. မန္တလေးမှာ ရဲ၊ စစ်တပ်နဲ့ ဆန္ဒပြသူတွေ ထိပ်တိုက်တွေ့နေ

    မန္တလေးမြို့ မှာ ဒီနေ့ ဖေဖော်ဝါရီ ၂၄ ရက်မနက် ၁၁ နာရီဝန်းကျင်မှာ စစ်အာဏာသိမ်းဆန့်ကျင်‌‌ရေး ထိုင်သပိတ်ဆန္ဒပြပွဲပြုလုပ်နေတဲ့ ၇၃ လမ်း၊ ၂၉ လမ်းနဲ့ လမ်း၃၀ ဝန်းကျင်မှာ ရဲ၊တပ်နဲ့ ဆန္ဒပြသူတွေ ထိပ်တိုက်တွေ့နေတဲ့အခြေအနေမှာရှိနေပါတယ်။

    မန္တလေးမှာ ဖေဖော်ဝါရီ ၂၁ ရက်နေ့က ရတနာပုံသင်္ဘောကျင်းမှာ CDM လုပ်နေတဲ့ သင်္ဘောကျင်းဝန်ထမ်းတွေကြောင့် ရပ်ထားတဲ့ သင်္ဘောတွေကို အာဏာပိုင်တွေက ပြင်ပစက်ခေါင်းမောင်းတွေခေါ်လာပြီး ပြေးဆွဲဖို့ပြုလုပ်စဉ် CDM ဝန်ထမ်းတွေနဲ့ ဝန်းရံသူပြည်သူတွေက တားဆီးပိတ်ဆို့ဆန္ဒပြခဲ့ကြပါတယ်။ ဒါကြောင့် ရဲနဲ့စစ်တပ်က ဆန္ဒပြသူတွေကို ပစ်ခတ်ဖြိုခွင်းရာကနေ အနည်းဆုံး ၂ ဦးသေဆုံးခဲ့ပြီး လူ ၂၀ ကျော်ဒဏ်ရာရခဲ့သလို အနည်းဆုံး လူ ၃၀ ထက်မနည်းဖမ်းဆီးခံထားရပါတယ်။ အဲဒီရှေ့ပိုင်းတုန်းကလည်း CDM လုပ်နေတဲ့မန္တလေးမီးရထားဝန်ထမ်းအိမ်ရာကို ညပိုင်းမှာ ဝင်ရောက်စီးနင်းပစ်ခတ်မှုတွေရှိထားပါတယ်။ စစ်ကောင်စီဘက်ကတော့ မီးရထားလမ်းတွေကို ပိတ်ဆို့တားဆီးထားတဲ့အကာအရံအတားဆီးတွေကိုဖယ်ရှားပြီး ရထားတွေ ထွက်ခွာနိုင်အောင်ဆောင်ရွက်စဉ်မှာ ဆန္ဒပြသူတွေက တားဆီးလို့ ဖြစ်ရတာလို့ ထုတ်ပြန်ထားပါတယ်။

    Mandalay
    Mandalay
    Mandalay
  2. စစ်အာဏာသိမ်းဆန့်ကျင်မှုမှာ စည်ပင်ဝန်ထမ်းတွေလည်း ပါ

    ရန်ကုန်မြို့လယ်မှာ စည်ပင်ဝန်ထမ်းတွေရဲ့ စစ်အာဏာသိမ်းဆန့်ကျင်ဆန္ဒပြမှုမြင်ကွင်းတွေကို ဖေဖော်ဝါရီ ၂၄ ရက်မနက်မှာ တွေ့ရတာဖြစ်ပါတယ်။ စည်ပင်ဝန်ထမ်းတွေဟာ "ဘယ်သူ့ဝန်ထမ်း ပြည်သူ့ဝန်ထမ်း" ဆိုတဲ့ ကြွေးကြော်သံတွေကို အားမာန်အပြည့်နဲ့ ဟစ်ကြွေးပြီး အနော်ရထားလမ်းကနေ ကမ်းနားလမ်းတစ်လျှောက် ဆင်းပြီး ချီတက်ဆန္ဒပြနေကြတာဖြစ်ပါတယ်။

    Yangon

    ဓာတ်ပုံ ရင်းမြစ်, CJ

  3. အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး မာဆုဒီရဲ့ မြန်မာခရီးစဉ် ပျက်ပြယ်

    အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး မစ္စ မာဆုဒီရဲ့ ဖေဖော်ဝါရီ ၂၅ ရက်မှာ လာရောက်ဖို့ရှိတဲ့ မြန်မာခရီးစဉ် ပျက်သွားပြီဖြစ်ကြောင်း ရိုက်တာသတင်းကဖော်ပြပါတယ်။မာဆုဒီဟာ စစ်အာဏာသိမ်းဗိုလ်ချုပ်ကြီးတွေနဲ့ ဆွေးနွေးဖို့ မြန်မာနိုင်ငံကို သွားရောက်ဖို့မရှိဘူးလို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်ကိုကိုးကားပြီး ဖော်ပြထားတာဖြစ်ပါတယ်။စစ်ဗိုလ်ချုပ်တွေရဲ့ အာဏာသိမ်းပြီးနောက် ရွေးကောက်ပွဲပြန်ကျင်းပဖို့အစီအစဉ်ကို အာဆီယံနိုင်ငံတွေထောက်ခံဖို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက တိုက်တွန်းခဲ့တဲ့အပေါ် မြန်မာပြည်သူတွေက တခဲနက် ကန့်ကွက်ခဲ့ကြသလို မနေ့က အင်ဒိုနီးရှားသံရုံးရှေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြသူတွေကို မနေ့ မွန်းလွဲပိုင်းမှာ အင်ဒိုနီးရှားသံအရာရှိတစ်ဦးက ထွက်တွေ့ခဲ့ပြီး မြန်မာပြည်သူတွေရဲ့ ဆန္ဒကိုအလေးထားကြောင်းနဲ့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးရဲ့ပြောကြားချက်ကို နားလည်မှုလွဲမှားခြင်းသာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ဝန်ကြီး မာဆုဒီကလည်း နောက်ပိုင်းမှာ မြန်မာပြည်သူတွေရဲ့ ဆန္ဒကိုလေးစားရမယ်လို့ ပြင်ဆင်ပြောဆိုခဲ့ပါတယ်။ ဒါပေမဲ့ မနေ့ညပိုင်းမှာ ဝန်ကြီးမာဆုဒီရဲ့ မြန်မာပြည်ခရီးစဉ် အကြောင်း စာရွက်စာတမ်းတွေ အွန်လိုင်းပေါ်ပေါက်ကြားလာတာကြောင့် အာဏာသိမ်းစစ်ကောင်စီကို ပထမဆုံးအသိအမှတ်ပြုလာရောက်တဲ့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးခရီးစဉ်ကို ပြစ်တင်ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပြန်ပါတယ်။ဒါကြောင့် ဒီနေ့မနက်မှာလည်း ရန်ကုန်က အင်ဒိုနီးရှားသံရုံးရှေ့မှာ စုဝေးဆန္ဒပြမှုတွေ ဆက်ရှိနေပါတယ်။ အခုတော့ ဝန်ကြီးမာဆုဒီရဲ့ခရီးစဉ် ပျက်သွားပြီဖြစ်ပြီး အင်ဒိုနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Teuku Faizasyah ကတော့ လက်ရှိ ဖြစ်ပေါ်နေတဲ့အခြေအနေတွေနဲ့ တခြားအာဆီယံနိုင်ငံတွေရဲ့သဘောထားတွေကို ထည့်သွင်းစဉ်းစားပြီးနောက် ဒီအချိန်ဟာ မြန်မာနိုင်ငံကို သွားရောက်ဖို့အကောင်းဆုံး အချိန် ဟုတ်မနေဘူးလို့ ပြောကြားပါတယ်။

    Indonesia

    ဓာတ်ပုံ ရင်းမြစ်, Getty Images

  4. အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံလာ ဖို့ရှိ

    No tag

    ဓာတ်ပုံ ရင်းမြစ်, MPA

    ရန်ကုန်မြို့ရှိ အင်ဒိုနီးရှားသံရုံးရှေ့ ဆန္ဒပြသူများ

    ဓာတ်ပုံ ရင်းမြစ်, MPA

    ဓာတ်ပုံ ပုံစာ, ရန်ကုန်မြို့ရှိ အင်ဒိုနီးရှားသံရုံးရှေ့ ဆန္ဒပြသူများ

    အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Retno Marsudiဟာ လာမယ့် ကြာသာပတေးနေ့ (ဖေဖော်ဝါရီ ၂၅ ရက်) မှာ နေပြည်တော်ကို လာရောက်ပြီး အာဏာသိမ်း စစ်ကောင်စီနဲ့ တွေ့ဆုံမယ်လို့ သိရပါတယ်။။

    လူမှုကွန်ရက်မှာ ပျံ့နှံ့နေတဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနကစာအရ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno Marsudi ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ နေပြည်တော်ကို နေ့ချင်းပြန် ခရီးလာရောက်မှာဖြစ်တယ်ဆိုတာကို အစိုးရဘက်က အတည်ပြုတယ်လို့ ရိုက်တာသတင်းကရေးပါတယ်။

    မြန်မာစစ်တပ်အနေနဲ့ ရွေးကောက်ပွဲကတိ အကောင်အထည်ဖော်နိုင်ရေး အာဆီယံအဖွဲ့ဝင်နိုင်ငံများက ဖိအားပေးသင့်ကြောင်း အင်ဒိုနိုင်ငံခြားရေးဝန်ကြီးက တိုက်တွန်းခဲ့တယ်လို့ ရိုက်တာ သတင်းဌာနက ရေးသားပြီးနောက် ဖေဖော်််ဝါရီလ ၂၃ ရက်နေ့မှာ မြန်မာပြည်သူများရဲ့ ဆန္ဒသဘောထားကို လေးစားရမည်ဖြစ်ကြောင်း အင်ဒိုနိုင်ငံခြားရေးဝန်ကြီးက ထပ်မံပြောဆိုခဲ့ပါတယ်။

    အင်ဒိုနိုင်ငံခြားရေးဝန်ကြီး၏ အစောပိုင်းပြောဆိုမှုနဲ့ပတ်သက်ပြီး စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကန့် ကွက်နေသူ ပြည်သူများက ရန်ကုန်မြို့ရှိ အင်ဒိုနီးရှားသံရုံးရှေ့မှာ ဒီနေ့ သွားရောက်ဆန္ဒပြခဲ့ကြပါတယ်။

    မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲကိုပြန်လည်ကျင်းပဖို့ အင်ဒိုနီးရှားကထောက်ခံမှုမရှိကြောင်းနဲ့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးပြောကြားမှုဟာ နားလည်မှုလွဲခြင်းသာ ဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှား သံအမတ်က ယနေ့မွန်းလွဲ ၂နာရီခန့်မှာ ဆန္ဒပြသူများကို တွေ့ဆုံပြောကြားခဲ့ပါတယ်။

  5. နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာနကို စစ်ကောင်စီဖျက်လိုက်ပြီလို့ သတင်းထွက်

    No tag

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဒေါ်အောင်ဆန်းစုကြည် ရုံးထိုင်ခဲ့တဲ့ နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာနကို ဖျက်သိမ်းလိုက်ပြီ ဆိုတဲ့အကြောင်း ဖေဖော်ဝါရီ ၂၂ရက်နေ့ရက်စွဲနဲ့ အာဏာသိမ်းစစ်ကောင်စီက ပြည်ထဲရေးဝန်ကြီးဌာနကို ပေးပို့တဲ့ စာတစ်စောင် အွန်လိုင်းမှာ ပေါက်ကြားလာပါတယ်။

    အဲ့ဒီ ထုတ်ပြန်ချက်သတင်းဟာ အတည်ဖြစ်တယ်ဆိုတာကို နေပြည်တော် မဲဆန္ဒနယ်တစ်ခုက လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ဘီဘီစီကို အတည်ပြုပါတယ်။

    နိုင်ငံတော်အတိုင်ပင်ခံရုံးမှာ အရပ်သားကောင်စီ ၈ယောက်ရုံး ထိုင်နေပြီး အတိုင်ပင်ခံရုံး ညွှန်ချုပ် ဦးကျော်လွင် ကိုလည်း ရာထူးပြန်ခန့်ထားတယ်လို့ သိရပါတယ်။

    အတိုင်ပင်ခံဝန်ကြီးဌာနက ဝန်ထမ်းတွေကို အရပ်သားကောင်စီဝင် ရုံးအဖွဲ့မှာ တာဝန်ပြောင်း ချထားပြီး အချို့ဝန်ထမ်းတွေကို အကြံပေးအဖွဲ့ရုံးကို ခွဲပို့ထားတယ်လို့လည်း သိရပါတယ်။

    ဒီသတင်းနဲ့ ပတ်သက်ပြီးတော့ စစ်ကောင်စီဘက်ကို ဆက်သွယ်အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

  6. ရန်ကုန်ဆေးရုံကြီး CDM ဆက်လုပ်မယ်

    ရန်ကုန်ဆေးရုံကြီး ၊ရန်ကုန်အထွေထွေရောဂါကု ဆေးရုံသစ်ကြီးနဲ့ ဆေးတက္ကသိုလ် ၁ က အထူးကုဆရာဝန်တွေ လက်ထောက်ဆရာဝန်တွေ ဘွဲ့လွန်သင်တန်းသားတွေ က အာဏာသိမ်းစစ်ကောင်စီခန့်အပ်ထားတဲ့ဝန်ကြီးဌာန အဖွဲ့အစည်းတွေကို အသိအမှတ်မပြုဘဲ CDM လှုပ်ရှားမှုကို ဆက်လုပ်သွားမယ်လို့ထုတ်ပြန်ပါတယ်။

    လက်ရှိအာဏာသိမ်းစစ်ကောင်စီဟာ ဆန္ဒပြပွဲများကို ပစ်ခတ်ဖြိုခွင်းနေပြီးတော့ ၊ ကျန်းမာရေးဝန်ထမ်းများကိုလူ့အခွင့်အရေးချိုးဖောက်ပြီးလုပ်ငန်းခွင်ဝင်ဖို့ ဖိအားပေးနေတာတွေ၊တရားစွဲနေတာတွေ ပြည်သူပိုင်ဆေးရုံတွေက ဆေးဝါးတွေကို စစ်ကောင်စီကို လွှဲပြောင်းပေးတာတွေလုပ်နေပြီးတော့ အဲ့ဒါတွေကို အမိန့်ပေးစေခိုင်းသူဟာ အပြည့်အဝတာဝန်ခံရမယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြ ပါရှိပါတယ်။

    ကျန်းမာရေးဝန်ထမ်းတွေဟာ ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ CRPH ကိုသာ တရားဝင် အစိုးရ အဖြစ် အသိအမှတ်ပြုကြောင်းလည်းဖော်ပြထားပါတယ်။

    မြန်မာတစ်နိုင်ငံလုံးမှာ ဆေးရုံအရေအတွက် ၁၂၆၂ ရုံအထိရှိပြီး လက်ရှိအချိန် တွင် CDM လှုပ်ရှားမှုကြောင့် ဆေးရုံဖွင့်လှစ်ကာ ဆေးကုသပေးသည့် ဆေးရုံသည် ၇၇၈ ရုံရှိပြီး ဆေးရုံဖွင့်လှစ် ထားသော်လည်း ဆေးကုသခြင်းမရှိသည့် ၂၇ ရုံနှင့် ဆေးရုံပိတ်ကာ ဆေးကုသခြင်းမရှိသည့် ဆေးရုံ ၃၅၇ ရုံထိ ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဖေဖော်ဝါရီလ ၂၂ ရက်စစ်ကောင်စီ အစည်းအဝေးမှာပြောပါတယ်။

    No tag

    ဓာတ်ပုံ ရင်းမြစ်, MPA

    No tag

    ဓာတ်ပုံ ရင်းမြစ်, MPA

  7. စစ်ကိုင်းတိုင်းဝန်ကြီးချုပ် နိုင်ငံတော် အကြည်ညိုပျက်စေမှုနဲ့ရုံးထုတ်ဖို့ရှိ

    No tag

    ဓာတ်ပုံ ရင်းမြစ်, Dr Myint Naing FB

    နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)နဲ့ တရားစွဲခံထားရတဲ့ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်ကို မတ်လ ၅ရက် နေ့ရုံးချိန်း ပေးထားတယ်လို့ စစ်ကိုင်းတိုင်း ဝန်ကြီးချုပ်နဲ့ နီးစပ်သူ နိုင်ငံရေးအကျဥ်းသားဟောင်း ကိုသန်းဋ္ဌေးက ပြောပါတယ်။

    ဒေါက်တာမြင့်နိုင်ကို ဖေဖော်ဝါရီ ၁၅ရက်နေ့က နေအိမ်ကနေ မုံရွာထောင်ကို ဖမ်းဆီးခေါ်ဆောင်သွားပြီး ၅၀၅(ခ)ပုဒ်မနဲ့ တရားစွဲထားတာဖြစ်ပါတယ်။

    ပုဒ်မ ၅၀၅(ခ)နဲ့ တရားစွဲခံထားရတဲ့ စစ်ကိုင်းတိုင်း ခရိုင် NLD ဥက္ကဋ္ဌ စစ်ကိုင်းတိုင်းဥပဒေချုပ် ဦးခင်မောင်လှ ကိုလည်း ဒေါက်တာမြင့်နိုင်နဲ့ အတူ မတ်လ ၅ရက်နေ့ ရုံးချိန်းပေးထားပါတယ်။

    ဒေါက်တာမြင့်နိုင်လို ဖမ်းဆီးခံရပြီး ၅၀၅(ခ)နဲ့ အမှုဖွင့်ခံထားရတဲ့ ဝန်ကြီးချုပ်တွေကတော့ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု၊ တနင်္သာရီတိုင်း ဝန်ကြီးချုပ် ဦးမြင့်မောင်တို့ ဖြစ်ပါတယ်။

    နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) ဟာ“နိုင်ငံတော်အစိုးရကိုဖြစ်စေ၊ နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေးကို ဖြစ်စေ ထိခိုက်သည့်ပြစ်မှုကို တစ်ဦးတစ်ယောက်သောသူက ကျူးလွန်ချင်လာအောင် အများပြည်သူကိုသော်၎င်း၊ အများပြည်သူ၏ သီးခြားလူစုကိုသော်၎င်း ကြောက်ခြင်း၊ ထိတ်လန့်ခြင်း တစ်ခုခု ဖြစ်စေရန် အကြံရှိလျှင်၊ သို့တည်းမဟုတ် ထိုသို့ဖြစ်စေတန်ရာသည့် အကြောင်းရှိလျှင်”နှစ်နှစ် အထိ ထောင်ဒဏ် တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်လို့ ဆိုတဲ့ ပုဒ်မဖြစ်ပါတယ်။

  8. လှည်းကူးမှာ တပ်ထောက်ခံပွဲလုပ်

    No tag

    ဓာတ်ပုံ ရင်းမြစ်, Cj

    No tag

    ဓာတ်ပုံ ရင်းမြစ်, CJ

    ရန်ကုန်တိုင်း လှည်းကူးမြို့နယ်မှာ စစ်မှုထမ်း‌ဟောင်းအဖွဲ့တွေပါဝင်တဲ့ တပ်မတော်ထောက်ခံသူတွေ ဟာ ဖေဖော်ဝါ၇ီလ ၂၃ ရက်မနက်ပိုင်းက တပ်မတော်ထောက်ခံပွဲပြုလုပ်ခဲ့ကြပါတယ်။

    ထောက်ခံသူ ရာဂဏန်းခန့်ပါဝင်ပြီးတော့ ဒရယ်ဘိုကျေးရွာမှာရှိတဲ့ စစ်မှုထမ်းဟောင်းရုံးဝန်းအနီးမှာ ပြုလုပ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

    လှည်းကူးမှာ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးလှုပ်ရှားမှုတွေ အရှိန်မြင့်လာချိန်မှာ တပ်မတော်ထောက်ခံသူတွေက အခုလိုထောက်ခံပွဲပြုလုပ်ကြတာဖြစ်ပါတယ်။

  9. တပ်ပိုင်မြဝတီဘဏ်က ငွေထုတ်တာ လက်မခံတော့

    ရန်ကုန်မြို့၊ ဝါးတန်းလမ်းမှာ တည်ရှိတဲ့ တပ်ပိုင်စီးပွားရေးလုပ်ငန်းဖြစ်တဲ့ မြဝတီဘဏ်မှာ ငွေထုတ်တာကို လက်မခံတော့ဘဲ မတ်လဆန်းမှသာ ငွေထုတ်ခွင့်ပြုမယ်လို့ ဘဏ်ကို ငွေသွားရောက်ထုတ်သူတချို့က သူတို့အတွေ့အကြုံကို လူမှုကွန်ရက်မှာရေးသားထားပါတယ်။

    ပြီးခဲ့တဲ့သီတင်းပတ်ကလည်း မြဝတီဘဏ်မှာ ငွေထုတ်သူများတဲ့အတွက် တိုကင်စနစ်နဲ့ ငွေထုတ်ဖို့ စီစဉ်ခဲ့ပြီး တစ်ရက်ကို လူ ၂၀၀ နှုန်းနဲ့ တစ်ဦးကို ကျပ်သိန်း ၅၀ အများဆုံးသာ ထုတ်ခွင့်ပြုခဲ့ပါတယ်။ ဘဏ်ရဲ့ ATM ငွေထုတ်စက်တွေမှာ ဒီနေ့ မွန်းလွဲပိုင်းအထိ ငွေထုတ်ယူတဲ့သူတွေကိုလည်း တွေ့ခဲ့ရပါတယ်။

    Myawaddy Bank

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    Myawaddy Bank

    ဓာတ်ပုံ ရင်းမြစ်, Getty Images

  10. နေပြည်တော်မှာ မနေ့က ဆန္ဒပြပွဲအတွင်း ဖမ်းခံရသူတချို့ ပြန်လွတ်လာ

    နေပြည်တော်မှာမနေ့က စစ်အာဏာသိမ်းဆန့်ကျင်ဆန္ဒပြပွဲအတွင်း ဖမ်းဆီးခံခဲ့ရတဲ့ လူငယ်တွေအပါအဝင် ပြည်သူ ၁၀၀ ကျော်ထဲက တချို့ ဒီနေ့ ဖေဖော်ဝါရီ ၂၃ ရက်မွန်းလွဲပိုင်းမှာ ပြန်လည်လွတ်မြောက်လာပြီလို့ နေပြည်တော် ဘီဘီစီသတင်းထောက်က သတင်းပေးပို့ပါတယ်။

    နေပြည်တော်မှာ မနေ့ ဖေဖော်ဝါရီ ၂၂ ရက်က နွေဦးတော်လှန်ရေး၊ ပြိုင်တူစုရုံး ၂ ငါးလုံးအထွေထွေသပိတ်လှုပ်ရှားမှုဆန္ဒပြပွဲကို ရဲနဲ့ စစ်တပ်က ပိတ်ဆို့ဖြိုခွင်းပြီးဖမ်းဆီးခဲ့ရာမှာ အနည်းဆုံး လူ ၁၀၀ ထက်မနည်းဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

    ဖေဖော်ဝါရီလ ၂၂ ရက်နေ့က ဖမ်းဆီးခံရ သူ ၂၀၀ နီးပါးရှိခဲ့ပြီး ဒီနေ့ ပြန်လွတ်လာတာ ကတော့ သုံးပုံနှစ်ပုံလောက်ရှိမယ်လို့ လည်းပြန်လည်လွတ်မြောက်လာသူတစ်ဦးကပြောပါတယ်။

    ခေါင်းဆောင်လို့ ယူဆသူအချို့ကို ရဲတပ်ဖွဲ့ဘက်က ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်ပြီးတော့ အသိမ်းခံလိုက်ရတဲ့ ဖုန်းနဲ့ ဆိုင်ကယ်တွေ ပြန်မရသေးကြောင်းလည်း လွတ်မြောက်လာသူတွေက ဘီဘီစီကို ပြောပါတယ်။

    ဖမ်းဆီးခံရသူတွေကို NLD ပါတီဝင်ဟုတ်မဟုတ် မေးမြန်းကြောင်းနဲ့ ဆန္ဒပြမှုမှာ ဘာလို့ ဝင်ပါတာလဲဆိုတာကို မေးမြန်းခဲတယ်လို့လည်းဘီဘီစီကို လွတ်မြောက်လာသူတွေက ပြောပါတယ်။

    Myanma Spring
    Naypyidaw
  11. ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အသစ်နဲ့ နိုင်ငံရေးပါတီတွေ တွေ့ဆုံပွဲ NLD မတက်

    စစ်ကောင်စီက အသစ်ဖွဲ့စည်းပေးထားတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ နိုင်ငံရေးပါတီတွေ တွေ့ဆုံညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီ (၂၆)ရက်မှာ ပြုလုပ်မှာဖြစ်ပါတယ်။ အဲဒီအစည်းအဝေးကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အနေနဲ့ မတက်ရောက်ဘူးလို့ လွှတ်တော်ကိုယ်စားလှယ် ဦးစိုးလေးကပြောပါတယ်။ "အစည်းဝေးတက်ဖို့ လူလည်းမရှိဘူး။ ဒါဟာ အာဏာသိမ်းထားတာပဲ ကမ္ဘာကလည်းအသိအမှတ်မပြုဘူး။ တို့ကလည်း အသိအမှတ်မပြုဘူး" လို့ ဖေဖော်ဝါရီ ၂၃ရက်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဦးစိုးလေး ဖြေကြားခဲ့တာပါ။

    NLD HQ
  12. လုပ်ငန်းခွင်ဝင်ဖို့ ပညာရေးဝန်ကြီးဌာန ကြေညာချက်ကို လက်မခံ၊ CDM ဆက်လုပ်မယ်လို့ ပညာရေးဝန်ထမ်းတွေပြောကြား

    ပညာရေးဝန်ထမ်းတွေကို လုပ်ငန်းခွင်ပြန်ဝင်ဖို့ သက်ဆိုင်ရာဌာနတွေဘက်က ထုတ်ပြန်ကြေညာချက်တွေနဲ့ အသိပေးလာတာရှိပေမယ့် ရုံးမတက်ရေးလှုပ်ရှားမှု CDM ကိုသာ ဆက်လုပ်ဆောင်သွားမယ်လို့ ပညာရေးဝန်ထမ်းတွေကပြောပါတယ်။

    ဒီလိုထုတ်ပြန်ချက်တွေဟာ တရားဝင်မှုလည်းမရှိသလို ခြိမ်းခြောက်အကြပ်ကိုင်မှုသာ ဖြစ်တယ်လို့ တက္ကသိုလ်ဆရာဆရာမများကိုယ်စားပြုကော်မတီရဲ့ မူဝါဒရေးရာတာဝန်ခံ ဒေါက်တာအာကာမိုးသူက ပြောပါတယ်။

    "အဆင့်မြင့်ပညာမှာရှိတဲ့ဆရာဆရာမတွေရော ရှိသမျှ သူတွေမှာရော ဘယ်အမိန့်အာဏာမှ လွှမ်းမိုးမှုမရှိသေးပါဘူး။ ပြည်သူကနေ ပေးအပ်ထားတဲ့ တာဝန်တဟ်ခုပဲရှိတယ်။ CDM မှာ ပြည်သူနဲ့အတူပါဝင်ပေးဆိုတဲ့ လုပ်ငန်းစဉ်သာလျှင် အရေးကြီးသော ပြည်သူ့ဩဇာခံသာဖြစ်တယ်" လို့ ဒေါက်တာ အာကာမိုးသူက ဘီဘီစီကိုပြောပါတယ်။

    ဒါ့အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၄) ပုဒ်မ (၁၀)မှာ နိုင်ငံဝန်ထမ်းနဲ့ ပတ်သက်ပြီး ပြဌာန်းချက်အရ နိုင်ငံတော်နဲ့ နိုင်ငံသားတွေရဲ့ အကျိုးစီးပွားကို အလေးထားဆောင်ရွက်တာနဲ့ ပြည်သူကိုရိုသေလေးစားရမယ်ဆိုတဲ့ အချက်တွေကို လိုက်နာရမယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာဆရာမများအဖွဲ့ချုပ်က ဖေဖော်ဝါရီ ၂၂ ရက်မှာ ထုတ်ပြန်ထားပါတယ်။

    ဖေဖော်ဝါရီ ၂၂ ရက်မှာတော့ အဆင့်မြင့်ပညာဦးစီးဌာနရော အခြေခံပညာဦးစီးဌာနကနေပါ နိုင်ငံဝန်ထမ်းတွေ လုပ်ငန်းခွင် ပြန်လည်ဝင်ရောက်ရေးကိစ္စနဲ့ ပတ်သက်ပြီး ထုတ်ပြန်ချက်တွေ ထွက်ရှိလာခဲ့ပါတယ်။ ပညာရေးဝန်ထမ်းတွေအနေနဲ့ ဖေဖော်ဝါရီ ၂၃ ရက်မှာ လုပ်ငန်းဝင်ရောက်ဖို့နဲ့ မဝင်ရောက်ပါက ၂၆ရက်မှာ ထပ်မံနှိုးဆော်ဖို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

    ဒီထုတ်ပြန်ချက်တွေနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာပညာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားရေးမှူးချူပ်တွေကို ဘီဘီစီဘက်က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့မရသေးပါဘူး။

    Education

    ဓာတ်ပုံ ရင်းမြစ်, CJ

  13. ရွေးကောက်ခံအစိုးရကိုအာဏာပြန်ပေးဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပြော

    ပြည်သူလူထုဆန္ဒကို အကြမ်းဖက်နှိမ်နင်းကျူးလွန်နေသူတွေကို ထပ်တိုးအရေးယူဖို့အတွက် လက်တွန့်နေမှာမဟုတ်သလို မြန်မာပြည်သူလူထုကို အမေရိကန်ရဲ့အားပေးထောက်ခံမှုက ယိမ်းယိုင်သွားမှာမဟုတ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအန်တိုနီဘလင်ကင်ကပြောကြားပါတယ်။

    ဖေဖော်ဝါရီ ၂၂ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်မှာ အခုလိုဖော်ပြထားတာဖြစ်ပါတယ်။ လူလေးဦးသေဆုံးပြီး ၄၀ ကျော်ဒဏ်ရာရရှိစေခဲ့တဲ့ လက်နက်မဲ့ဆန္ဒပြသူတွေအပေါ် လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ ရက်ရက်စက်စက်တိုက်ခိုက်မှုကို မိမိတို့ ကန့်ကွက်ရှုတ်ချတယ်လို့လည်း ပါရှိပါတယ်။

    နိုင်ငံရေးသမားတွေ၊ လူ့ခွင့်အရေးလှုပ်ရှားသူတွေ၊ ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို ဆက်လက်ဖမ်းဆီးထိန်းသိမ်းနေကိုလည်း ကန့်ကွက်ရှုတ်ချတယ်လို့ ဆိုပါတယ်။

    စစ်တပ်နှင့်ရဲတပ်ဖွဲ့အနေဖြင့် ငြိမ်းချမ်းစွာဆန္ဒပြနေသူများအပေါ်တိုက်ခိုက်နေမှုအားလုံးရပ်တန့်ရန်၊ မတရားဖမ်းဆီးထိန်းသိမ်းထားသူအားလုံးချက်ချင်းပြန်လွှတ်ပေးရန်၊ သတင်းသမားများနှင့် တက်ကြွလှုပ်ရှားသူများအပေါ် ခြိမ်းခြောက်တိုက်ခိုက်နေမှုများရပ်တန့်ရန်နဲ့ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသောအစိုးရကို အာဏာပြန်ပေးရန် တောင်းဆိုထားပါတယ်။

    Antony Blinken

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    US secretary of State

    ဓာတ်ပုံ ရင်းမြစ်, US secretary of State

  14. ရွှေဂုံတိုင် NLD ရုံးချုပ် စီးနင်းခံရမှုအပေါ် အရေးယူဆောင်ရွက်မှုအခြေအနေ သတင်းစာရှင်းလင်း

    ရွှေဂုံတိုင်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရုံးချုပ်ကို ပြီးခဲ့တဲ့ သီတင်းပတ်က စီးနင်းခံရမှုဖြစ်စဉ် ဖြစ်ပွားခဲ့တဲ့အပေါ် သက်ဆိုင်ရာရဲတပ်ဖွဲ့ထံ တိုင်ကြားထားပေမယ့် ထူးခြားမှုမရှိတဲ့အကြောင်း ဒီနေ့မှာ ရုံးချုပ်မှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။ ဖြစ်စဉ်နဲ့ပတ်သက်ပြီး ရဲစခန်းမှာ ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ NLD ပါတီဘက်က အမှုဖွင့်ထားပါတယ်။ ဖေဖော်ဝါရီ ၉ ရက် ညပိုင်းမှာ စစ်တပ်နဲ့ ရဲက NLD ရုံးချုပ်ကို ဝင်ရောက်စီးနင်းပြီး ရုံးသုံးပစ္စည်းအချို့နဲ့ ငွေစက္ကူ၊ ဘဏ်စာအုပ်တို့ကို ယူသွားတယ်လို့ NLD ပါတီရုံးအဖွဲ့ တာဝန်ရှိသူတွေက ပြောကြားထားပါတယ်။

    NLD HQ
    NLD HQ
    NLD HQ
  15. ရန်ကုန်က အင်ဒိုနီးရှားသံရုံးရှေ့မှာ ဆန္ဒလာပြသူတွေကို လုံခြုံရေးက တားဆီး

    မြန်မာမှာ အာဏာသိမ်းစစ်ကောင်စီရဲ့ တရားမျှတတဲ့ရွေးကောက်ပွဲကျင်းပရေး ကတိတည်စေဖို့ အာဆီယံနိုင်ငံတွေ သဘောတူကြဖို့ အင်ဒိုနီးရှားက တိုက်တွန်းတဲ့အကြောင်း မနေ့က သတင်းတွေ ထွက်ပေါ်လာခဲ့တဲ့နောက် ဒီနေ့မှာ ရန်ကုန်မြို့ ပြည်လမ်းနဲ့ ပြည်ထောင်စုရိပ်သာလမ်းထောင့်မှာရှိတဲ့ အင်ဒိုနီးရှားသံရုံးရှေ့မှာ ဆန္ဒပြသူတွေ စုဝေးရောက်ရှိလာခဲ့ကြပါတယ်။

    ဆန္ဒဖော်ထုတ်သူတွေဟာ ရွေးကောက်ပွဲအသစ်အလိုမရှိ ၊ ငါတို့ မဲပေးခဲ့ကြပြီးပြီ၊ ငါတို့အနာဂတ်ကို လာမဆုံးဖြတ်နဲ့ စတဲ့ ဆိုင်းဘုတ်တွေလည်း ကိုင်ဆောင်ထားကြပြီး ရဲတွေက သံရုံးအနီးတဝိုက်မှာ လုံခြုံရေးထူထပ်စွာချထားသလို ပြည်ထောင်စုရိပ်သာလမ်းကိုလည်း အတားအဆီးတွေကာရံပြီး ပိတ်ဆို့ထားခဲ့ပါတယ်။

    Indonesia Embassy

    ဓာတ်ပုံ ရင်းမြစ်, CJ

  16. မန္တလေးသင်္ဘောကျင်းလူစုခွဲမှုမှာ ပစ်ခတ်သေဆုံးခဲ့ရသူ နာရေး ပြုလုပ်

    မန္တလေးရတနာပုံသင်္ဘောကျင်းမှာ ရဲနဲ့စစ်တပ်ရဲ့ လူစုခွဲပစ်ခတ်မှုဖြစ်စဉ်မှာသေဆုံးခဲ့တဲ့ ကိုမင်းမင်းရဲ့ နာရေးကို ဒီနေ့ မှာ ပြုလုပ်ခဲ့ပါတယ်။ ဖေဖော်ဝါရီ၂၀ ရက်ညနေပိုင်းက မန္တလေး၊ ကမ်းနားလမ်း ရတနာပုံံသင်္ဘောကျင်းမှာ ရပ်နားထားတဲ့ သင်္ဘောကို ထွက်ခွာဖို့ အာဏာပိုင်တွေက ကြိုးစားတာကြောင့် သင်္ဘောကျင်းမှာ CDM လုပ်နေတဲ့ဝန်ထမ်းတချို့နဲ့ အနီးဝန်းကျင်က ဒေသခံ ပြည်သူတွေ ကန့်ကွက်ဆန္ဒ ထုတ်ဖော်ခဲ့တာပါ။ ညနေပိုင်းလောက်မှာ ရဲတပ်ဖွဲ့နဲ့ တပ်မတော်က သေနတ်နဲ့ ပစ်ခတ်ဖြိုခွဲခဲ့ပါတယ်။ နှစ်ဦးသေဆုံးပြီး ဒဏ်ရာရရှိသူ အများအပြား ရှိခဲ့သလို သေဆုံးသူထဲက ကိုက်သက်နိုင်ဝင်း ခေါ် ကိုမင်းမင်းနာရေးကို ဒီနေ့ ဖေဖော်ဝါရီ ၂၃ ရက်မှာ ပြုလုပ်ခဲ့ပါတယ်။ ကိုမင်းမင်းဟာ နံရိုးကြား ကနေ အသည်းဘက်ထိ ကျည်ဝင်ပြီး သေဆုံးရတာဖြစ်တယ်လို့ မိသားစုဝင်တွေကပြောပါတယ်။

    Mandalay
  17. ရခိုင်မှာ အာဏာပိုင်တွေနဲ့ ဌာနဆိုင်ရာတွေ ကိုဗစ် ကာကွယ်ဆေးစထိုး

    ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီနဲ့ ပြည်နယ်အဆင့်ဌာနဆိုင်ရာတွေကို ဖေဖော်ဝါရီ ၂၃ ရက် ဒီကနေ့မနက် ၉ နာရီခွဲကစတင်ပြီးတော့ ကိုဗစ်ကာကွယ်ဆေးထိုးပေးနေပြီဖြစ်ပါတယ်။ ဒီကနေ့ကာကွယ်ဆေးထိုးခွင့်ရရှိသူတွေကတော့ ပြည်နယ်ကောင်စီဥက္ကဋ္ဌ ဒေါက်တာအောင်ကျော်မင်း၊ အဖွဲ့ဝင် ဦးသန်းထွန်း၊ ဦးစံရွှေမောင်၊ ဗိုလ်မှူးကြီးမင်းသန်း အပါအဝင် ပြည်နယ်အဆင့်ဌာနဆိုင်ရာ စုစုပေါင်း ၅၂ ဦးကို ထိုးနှံပေးသွားမှာဖြစ်တယ်လို့ ဆေးရုံအုပ်ကြီးရုံးကနေသိရပါတယ်။ ပထမအသုတ်အနေနဲ့တော့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၇ ရက်နေ့က တစ်ပြည်နယ်လုံးက ကျန်းမာရေးဝန်ထမ်းပေါင်း လေးထောင်ကျော်ကို ထိုးပေးခဲ့ပြီး အခုဒတိယအသုတ်အနေနဲ့ ထိုးနှံပေးနေတာဖြစ်ပါတယ်။ ပထမတစ်ကြိမ်ထိုးနှံထားတဲ့ကျန်းမာရေးဝန်ထမ်းတွေကိုတော့ လာမယ့် မတ်လ ၅ ရက်နေ့မှာ ဒုတိယအကြိမ်ထိုးနှံပေးသွားဖို့ရှိနေတာဖြစ်ပါတယ်။

  18. ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်နဲ့ ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းတို့ကို အမေရိကန်က ထပ်မံပိတ်ဆို့အရေးယူ

    အာဏာသိမ်းစစ်ကောင်စီအဖွဲ့ဝင်နှစ်ဦးဖြစ်တဲ့ ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်နဲ့ ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းတို့ကို အမေရိကန်အစိုးရက ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်လိုက်ကြောင်း ကြေညာပါတယ်။ ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို အင်အားသုံးဖြိုခွင်းခဲ့ပြီး ဒီသတင်းပတ်အတွင်း လူနှစ်ဦး သေဆုံးခဲ့တဲ့နောက် အခုလိုထပ်မံပိတ်ဆိုအရေးယူမှုတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

    အမေရိကန်အစိုးရဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ ပြည်ပပိုင်ဆိုင်မှုထိန်းချုပ်ရေးရုံးက ငြိမ်းချမ်းစွာဆန္ဒပြသူတွေကိုလုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ အင်အားသုံးနှိမ်နင်းမှုကြောင့် အမျိုးသမီးတစ်ဦး ဦးခေါင်းကို သေနတ်ကျည်ဆန်ထိမှန်သေဆုံးခဲ့ရပြီး လူနှစ်ဦးလည်း သေဆုံးခဲ့တဲ့နောက် ခုလိုအရေးယူတာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

    ဒီပိတ်ဆို့မှုကြောင့် ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်နဲ့ ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းတို့ရဲ့ ပိုင်ဆိုင်မှုတွေကို အမေရိကန်အစိုးရက ထိန်းချုပ်ထားမှာဖြစ်သလို အမေရိကန်ကုမ္ပဏီတွေနဲ့ လူပုဂ္ဂိုလ်တွေကိုလည်း သူတို့နဲ့ စီးပွားရေးမလုပ်ဖို့ တားမြစ်လိုက်ပါတယ်။ အာဏာသိမ်းမှုကိုဦးဆောင်တဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ဗိုလ်ချုပ် ၁၀ ဦးကို ဖေဖော်ဝါရီ ၁၁ ရက်နေ့မှာ အမေရိကန်အစိုးရက ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ထားပြီးဖြစ်ပါတယ်။

    ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်

    ဓာတ်ပုံ ရင်းမြစ်, Military

    ဓာတ်ပုံ ပုံစာ, ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်
    Military

    ဓာတ်ပုံ ရင်းမြစ်, Military

  19. အာဏာသိမ်းစစ်အစိုးရလို့သုံးရင် မီဒီယာ ထုတ်ဝေခွင့်ပိတ်မယ်လို့ စစ်ကောင်စီပြော

    No tag
    ဓာတ်ပုံ ပုံစာ, စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်

    နိုင်ငံပိုင် မြန်မာရုပ်မြင်သံကြားက ဒီနေ့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ ည၈ နာရီမှာ သတင်းမီဒီယာတွေမှာ အာဏာသိမ်းစစ်အစိုးရလို့ သုံးနှုန်းမှုတွေကို သတိပေးထားပြီး ဆက်လက်ရေးသားမယ်ဆိုရင် ထုတ်ဝေခွင့် ပိတ်သိမ်းတဲ့ အထိ အရေးယူ သွားမယ်လို့ စစ်ကောင်စီ ဥက္ကဋ္ဌ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ က ပြောကြားခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

    နေပြည်တော် စစ်ကောင်စီ အဖွဲ့ဝင်တွေရဲ့ ညှိနိုင်းအစည်းဝေးမှာသူ က ပြောကြားခဲ့တာဖြစ်ပါတယ်။

    ဘယ်လိုသုံးနှူန်းပါလို့ မပြောဆိုသွားပေမဲ့ ဒီအသုံးနှုန်းကို သတင်းမီဒီယာကောင်စီက နေတစ်ဆင့် အသိပေးခဲ့ပြီး ဖြစ်တယ်လို့လည်း စစ်ကောင်စီ ဥက္ကဋ္ဌ ကပြောကြားခဲ့ပါတယ်။

    အာဏာသိမ်းစစ်ကောင်စီဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့စွဲနဲ့ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီမှ တစ်ဆင့် ပြည်တွင်းထုတ် သတင်းစာတွေကို အာဏာသိမ်းစစ်အစိုးရ မသုံးရေး အသိပေးအကြောင်းကြားစာများပေးခဲ့ပြီး တစ်ပတ်ကျော် အကြာမှာ အခုလို ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

  20. ရွှေးကောက်ပွဲကော်မရှင်အသစ်က ပါတီတွေနဲ့တွေ့မယ်လို့စာပို့, ရွေးကောက်ပွဲ စနစ်ကို PR စနစ်ပြောင်းမယ်လို့ ခန့်မှန်းမှုတွေရှိ

    အာဏာသိမ်းစစ်ကောင်စီက ခန့်အပ်ထားတဲ့ ရွှေးကောက်ပွဲကော်မရှင် အသစ်က ပါတီတွေနဲ့တွေ့ဆုံညှိနှိုင်းဖို့ နေပြည်တော်ကို ဖိတ်ကြားထားတယ်လို့ ဖိတ်ကြားခံရတဲ့ နိုင်ငံရေးပါတီတွေဘက်က သိရပါတယ်။

    လာမယ့် ဖေဖော်ဝါရီလ ၂၆ ရက်နေမှာ နေပြည်တော်ကို လာရောက်နိုင်ခြင်းရှိမရှိ စာရင်းပေးဖို့နဲ့ တည်းခိုဖို့အတွက် စီစဥ်ဖို့ အတွက် ကြိုတင်စာရင်းပေးကြဖို့ကိုလည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

    ဘယ်အကြောင်းရာကို ဆွေးနွေးမယ်ဆိုတာ မသိရပေမဲ့ အာဏာသိမ်းစစ်ကောင်စီ က ကျင်းပမယ်ပြောထားတဲ့ ရွေးကောက်ပွဲ နဲ့ပတ်သက်လို့ဖြစ်နိုင်တယ်လို့ပြောကြသလို ၂၀၁၄ ခုနှစ်က အမျိုးသား လွှတ်တော် မှာ ကျင့်သုံးဖို့ ကြိုးစားခဲ့တဲ့ အချိုးကျ ကိုယ်စားပြု PR စနစ် နဲ့ပတ်သက်ပြီး ဖြစ်နိုင်တယ်လို့လည်း ခန့်မှန်းမှုတွေရှိပါတယ်။

    ကော်မရှင်ဘက်ကိုတော့ ဘီဘီစီက ဆက်သွယ်အတည်ပြုနိုင်ခဲ့ခြင်းတော့မရှိပါဘူး။

    no tag

    ဓာတ်ပုံ ရင်းမြစ်, AFP