ဒေါ်အောင်ဆန်းစုကြည်ကို ပုဒ်မ ၅၀၅(ခ) အပါအဝင် ပုဒ်မအချို့ ထပ်တိုးစွဲဆို

အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့ သမ္မတ ဦးဝင်းမြင့်တို့ကို ဗီဒီယိုကွန်ဖရန်းဆင်းနဲ့ ဇဗ္ဗူသီရိတရားရုံးမှာ ဒီကနေ့ ရုံးထုတ်ခဲ့ပါတယ်။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ဦးကျော်မိုးထွန်းကို ဝန်ထမ်း အဖြစ်က ထုတ်ပစ်တယ်လို့ ကြေညာ

    မနေ့က ကုလ အစည်းအဝေးမှာ NLD အစိုးရနဲ့ CRPH ကို ကိုယ်စားပြု ပြောကြားခဲ့တဲ့ မြန်မာသံအမတ် ဦးကျော်မိုးထွန်းကို နိုင်ငံကို သစ္စာဖောက်ဖျက်မှု၊ အမြဲတမ်း သံအမတ်ကြီးရဲ့ တာဝန်နဲ့ လုပ်ပိုင်ခွင့်တို့ကို အလွဲသုံးစားပြုခဲ့မှုအတွက် ဖေဖော်ဝါရီ ၂၇ ရက်က စပြီး ဝန်ထမ်းအဖြစ်က ထုတ်ပစ်ခဲ့ပြီး ဖြစ်တယ်လို့ နိုင်ငံခြားရေး ဝန်ကြီးဌာနက ရုပ်မြင်သံကြားက ကြေညာခဲ့ပါတယ်။

    • အာဏာရှင်ကို ဆန့်ကျင်ကြောင်း ကုလမှာပြခဲ့တဲ့ မြန်မာသံအမတ်

    ဦးကျော်မိုးထွန်း ကုလ အစည်းအဝေးတက်ရောက်တဲ့နေ့မှာပဲ စစ်ကောင်စီက အခုအချိန်မှာ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားကြောင်းနဲ့ အဲဒီ အမိန့်ကို ချိုးဖောက်ပြီး လက်နက်နဲ့ ဆန္ဒပြတာ၊ ဝန်ထမ်းက အာဏာဖီဆန်တာ၊ နိုင်ငံ ငြိမ်ဝပ်ပိပြားရေးဆောင်ရွက်နေတဲ့ အဖွဲ့တွေရဲ့ ဆောင်ရွက်မှု နှောင့်နှေး ပျက်ပြားအောင်ဆောင်ရွက်မှုတွေ စတဲ့ လုပ်ဆောင်ချက်ကို လုပ်ဆောင်ရင် အဲဒီချိုးဖောက်သူတွေကို နိုင်ငံတည်ငြိမ်ရေးကို ရှေးရှုပြီး အနည်းဆုံး ထောင်ဒဏ် ၆ လကနေ အမြင့်ဆုံး ထောင်ဒဏ် နှစ် ၂၀ အထိ အပြစ်ပေးနိုင်တဲ့ ပုဒ်မတွေနဲ့ အရေးယူမယ်လို့ ကြေညာထားပါတယ်။

    U Kyaw Moe Tun

    ဓာတ်ပုံ ရင်းမြစ်, UN

  2. သြစတြေးလျ ရေနံကုမ္ပဏီက ဝန်ထမ်းတွေ ပြန်ထွက်ခွာမယ်

    မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်နေသူတွေကို အကြမ်းဖက် နှိမ်နင်းမှုတွေ ရှိလာနေတာကြောင့် သြစတြေးလျ ရေနံကုမ္ပဏီ Woodside ဝဒ်ဆိုဒ်က မြန်မာနိုင်ငံမှာ လုပ်ငန်းတွေ လျှော့ချ နေပြီး မကြာခင် သီတင်းပတ်တွေထဲမှာ ကမ်းလွန်ရေနံနဲ့ သဘာဝဓာတ်ငွေ့ ရှာဖွေ လုပ်ငန်းခွင်ထဲက ဝန်ထမ်းတွေ လုပ်ငန်းရပ်နားထွက်ခွာဖို့ ရှိတယ်လို့ ကုမ္ပဏီက ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

    ကုမ္ပဏီရဲ့စီးပွားလုပ်ဆောင်မှုတွေကို မြန်မာနိုင်ငံရဲ့အခြေအနေတွေကို စောင့်ကြည့်သုံးသပ်ပြီး ဆုံးဖြတ်မယ်လို့လည်း ဆိုပါတယ်။

    ဒါ့အပြင် ကုမ္ပဏီက တပ်မတော်နဲ့ ဆက်နွှယ်နေတဲ့ အဖွဲ့အစည်းတွေနဲ့ တိုက်ရိုက် စီးပွားရေး လုပ်ဆောင်နေတာ မရှိဘူးလို့လည်း ဖော်ပြထားပါတယ်။

    ပြီးခဲ့တဲ့ သီတင်းပတ်တုန်းကတော့ ဝဒ်ဆိုဒ် က မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကို အကူးအပြောင်းကာလ အရေးကိစ္စလို့ ရှုမြင်ပြီး မြန်မာကမ်းလွန်ရေနံနဲ့ သဘာဝဓာတ်ငွေ့ရှာဖွေရေး လုပ်ငန်းတွေကို ထိခိုက်မှာ မဟုတ်ဘူးလို့ ကုမ္ပဏီ အမှုဆောင် အရာရှိချုပ်က ပြောထားခဲ့ပါတယ်။

    ဒါ့အပြင် ဝဒ်ဆိုဒ်အနေနဲ့ ဒီလုပ်ငန်းတွေကနေ ပြန်ထွက်ခွာဖို့ ဘယ်လို သံတမန်ရေး ဖိအားမှ မရှိဘူးလို့ ဆိုပြီး အမေရိကန်ရဲ့ ပိတ်ဆို့မှုတွေကလည်း သူတို့ ကုမ္ပဏီရဲ့ လုပ်ငန်းတွေကို ထိခိုက်လာနိုင်ခြေ တော်တော်နည်းတယ်လို့လည်း ပြောထားပါတယ်။

    Woodside

    ဓာတ်ပုံ ရင်းမြစ်, Woodside

  3. ဒီနေ့ ရန်ကုန်သပိတ်တွေဖြိုခွင်းမှုကနေ ဖမ်းဆီးခံရသူတွေကို အချုပ်ကား ၁၀ စီးကျော်နဲ့ အင်းစိန်ထောင်ကိုပို့၊ ဖမ်းထားသူတွေပြန်လွှတ်ပေးဖို့ ထောင်ရှေ့ စုရုံး

    ဒီနေ့ ရန်ကုန်က မြေနီကုန်း၊လှည်းတန်း၊ စမ်းချောင်း၊ တာမွေအပါအဝင် ဆန္ဒပြပွဲတွေဖြိုခွင်းခံရပြီး အဲဒီက ဖမ်းဆီးခံရတဲ့သူတွေကို ညနေ ၆ နာရီခန့်မှာ အင်းစိန်ထောင်ကို အချုပ်ကားတွေနဲ့ ပို့ဆောင်လာတဲ့မြင်ကွင်းတွေဖြစ်ပါတယ်။

    အချုပ်ကားစုစုပေါင်း ၁၃ စီးဝန်းကျင်ခန့်နဲ့ စစ်ကားနှစ်စီး ဝန်းရံပို့ဆောင်လာတာဖြစ်ပြီး ထောင်ရှေ့မှာတော့ ဖမ်းထားသူတွေကိုပြန်လွှတ်ပေးဖို့ မိသားစုဆွေမျိုးတွေနဲ့ပြည်သူတွေ စုရုံးရောက်ရှိနေတယ်လို့ ဖမ်းခံရသူတွေအရေးလိုက်လံဆောင်ရွက်ပေးနေတဲ့ ကိုဘုန်းမြတ်ပိုင်က ပြောပါတယ်။

    "ထောင်တာဝန်ရှိသူတွေကတော့ ဒီနေ့တော့ပြန်လွှတ်မယ့်အနေအထားမှာမရှိဘူး။ ချုပ်ထားဦးမယ်။ မနက်ဖြန်တောင်မသေချာဘူး။ သဘက်ခါမှ ပြန်လာခိုင်းတယ်။ ထောင်ရှေ့မှာလည်း ပြည်သူတွေမိဘဆွေမျိုေးတွကလည်း ပြန်လွှတ်ပေးဖို့တောင်းဆိုနေတယ်။ အဲဒါကို ထောင်လုံခြုံရေးတွေဘက်ကတော့ လူထုကို လူငါးယောက်ထက်ပိုမစုဖို့၊ လူစုခွဲဖို့ နဲ့ သူတို့ တာဝန်ဝတ္တရားကိုမနှောင့်ယှက်ဖို့လို့ ပြောနေပါတယ်" လို့ လက်ရှိ အင်းစိန်ထောင်ရှေ့အခြေအနေကိုပြောပြပါတယ်။

    အချုပ်ကားနဲ့အပြည့်ဖမ်းဆီးလာသူတွေပါလာတာကြောင့် ဖမ်းဆီးခံရသူရာဂဏန်းခန့်ရှိမယ်လို့လည်း သူက ဆက်ပြောပါတယ်။

    Yangon

    ဓာတ်ပုံ ရင်းမြစ်, Phone Myat Paing

  4. ကိုဗစ်တားဆီးရေး ပြည်ဝင်ခွင့်ကန့်သတ်ချက်တွေ မတ်လကုန်အထိ ထပ်မံတိုးမြှင့်

    ကိုဗစ် ၁၉ ကူးစက်ရောဂါ ကာကွယ်ရေး ဆက်လက် ဆောင်ရွက်ဖို့ မြန်မာနိုင်ငံကို လာရောက်မယ့် ခရီးသွားတွေကို ယာယီပြည်ဝင်ခွင့် ကန့်သတ်ချက်တွေ မတ်လ ၃၁ ရက်အထိ ထပ်မံတိုးမြှင့်မယ်လို့ ဖေဖော်ဝါရီ ၂၆ ရက် ရက်စွဲနဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာနက ကြေညာပါတယ်။

  5. မုံရွာမှာ သေနတ်ကျည်ထိမှန်ပြီး အမျိုးသမီးတစ်ဦး သေဆုံး တဲ့သတင်းများထွက်ပေါ်နေ

    မုံရွာမြို့မှာ ဒီနေ့မနက် ဆန္ဒပြပွဲတွေကို လုံခြုံရေးတွေက အကြမ်းဖက်အင်အားသုံးဖြိုခွင်းခဲ့ပြီး ရိုက်နှက်ပစ်ခတ်ဖမ်းဆီးမှုတွေရှိခဲ့ရာမှာ အမျိုးသမီးတစ်ဦး သေနတ်ကျည်ဆန်ထိမှန်သေဆုံးခဲ့ရတယ်လို့ သတင်းတွေကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေပါတယ်။ ဒါနဲ့ပတ်သက်လို့ ဘီဘီစီက မုံရွာဒေသခံတွေနဲ့ ဆန္ဒပြမှုကနေ ဖြိုခွင်းခံရလို့ တိမ်းရှောင်နေသူတွေထံ ဆက်သွယ်မေးမြန်းတဲ့အခါမှာ သေဆုံးတဲ့သတင်း ကြားသိရတယ်လို့ ပြောပါတယ်။

    ဒါပေမဲ့ လက်ရှိမှာ ရဲနဲ့ တပ်က ဆန္ဒပြသူတွေကို ဖမ်းဆီးထိန်းသိမ်းထားပြီး ဖုန်းတွေလည်း ဆက်သွယ်လို့မရဖြစ်နေတဲ့အခြေအနေကြောင့် အခင်းဖြစ်ပွားတဲ့နေရာကအခြေအနေတွေကို ဆက်သွယ်မေးမြန်းစုံစမ်းဖို့အခက်အခဲတွေရှိနေပါတယ်။

    သေဆုံးသူဟာ ဆရာဝန်တစ်ဦးလို့လည်းပြောသလို ပညာရေးဌာနဘက်က ဒေါက်တာဘွဲ့ရတစ်ဦးလို့လည်းပြောနေကြပေမယ့် အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။

    "အမျိုးသမီးတစ်ဦး ဆီးခုံကိုပစ်ခံရပြီး သွေးထွက်လွန်ဆုံးတယ်လို့ ကြားရပါတယ်။ ကျွန်မတို့လည်း အခုထိ ပိတ်မိနေတုန်းမို့ အခြေအနေကို သေချာမသိရသေးပါဘူး။ အခု ရဲတွေ ဖမ်းသွားတဲ့အထဲမှာ CDM လုပ်နေတဲ့ အင်ဂျင်နီယာတွေ၊ ကျောင်းဆရာတွေ ဝန်ထမ်းတွေအများကြီးပါပါတယ်။ ကျွန်မတို့သူငယ်ချင်းတွေလည်းအများကြီးဖမ်းသွားပါတယ်။ အချုပ်ကားတွေလည်းအများကြီးပါပဲ။ မျက်ရည်ယိုဗုံးတွေကို သူတို့က ဟွန်ဒါဖစ်နှစ်စီးနဲ့ကိုသယ်လာတာ။ ပြီးတော့ ရဲတွေက အရပ်ဝတ်တွေလည်းဝတ်ထားတယ်။ ဆန္ဒပြသူတွေကိုလည်း စနိုက်ပါတွေနဲ့ ချိန်ထားတယ်။ မုံရွာ စီးပွားရေးဘဏ်အပေါ်ကနေလည်း စနိုက်ပါတွေနဲ့ချိန်ထားတယ်။ ခုထိ ကျွန်မတို့ ပုန်းနေရတုန်း" လို့ ပညာရေးဝန်ထမ်းတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    မုံရွာမှာ မနက်က သပိတ်စုရပ်တစ်ခုဖြစ်တဲ့ မုံရွာ ပြာသာဒ်ကျောင်းရှေ့မှာ ကျောင်းသားတွေလည်း ဖမ်းဆီးခံထားရသလို သပိတ်ကိုလည်း အင်အားအများအပြားသုံးပြီး ဖြိုခွဲခဲ့တာဖြစ်ပါတယ်။ မုံရွာမှာ နေအိမ်တွေထဲအထိ ရဲနဲ့ အရပ်ဝတ်တွေက ဝင်ရောက်ဖမ်းဆီးတာဖြစ်ပြီး ရဲတွေဖမ်းခေါ်လာတဲ့ အမျိုးသားတစ်ဦးကို အရပ်ဝတ်တစ်ဦးက လက်သီးနဲ့ ထိုးတဲ့ ဗီဒီယိုဖိုင်တွေလည်း ပျံ့နှံ့နေသလို အဲဒီနေအိမ်ထဲကနေပဲ နောက်ထပ် အမျိုးသမီးတစ်ဦးကို ဆွဲထုတ်ဖမ်းဆီးလာတာကိုလည်းတွေ့ခဲ့ရပါတယ်။

    Moneywa

    ဓာတ်ပုံ ရင်းမြစ်, CJ

  6. တာမွေအိုးရှင်းစင်တာအနီး တပ်ထုတ်ကုန်တွေ ‘ မဝယ်နဲ့ ကမ်ပိန်း’ကို ရဲနဲ့ တပ်က ပိတ်ဆို့ဖမ်းဆီး၊ ဝင်ပေါက်ထွက်ပေါက်တွေကို ပိတ်ထားပြီး စင်တာထဲ ဝင်ရောက်ရှာဖွေ

    ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ အိုးရှင်းစင်တာအနီးမှာ တပ်ထုတ်ကုန်တွေ မဝယ်ယူရေးအတွက် ‘ မဝယ်နဲ့ ကမ်ပိန်း’ကို ပြုလုပ် ဆန္ဒပြနေကြတဲ့လူအုပ်ကို မနက် ၁၀ နာရီခွဲ ဝန်းကျင်ခန့်မှာ ရဲနဲ့တပ်အင်အား အများအပြားနဲ့ လာရောက်ဖမ်းဆီးမှုကြောင့် ၁၀ ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရတယ်လို့ အဲဒီကမ်ပိန်းမှာ ပါဝင်သူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

    " ဖြစ်ဖြစ်ချင်း စင်တာထဲဝင်ပြေးကြသူတွေရှိသလို ကားပါကင်နဲ့ လမ်းသွယ်တွေကို ပြေးကြတာတွေ ရှိတယ်။ အခုနေ့လယ် ၁နာရီခွဲကျော်တဲ့အထိ ဝင်ပေါက်ထွက်ပေါက်တွေကို ပိတ်ပြီး ရဲဝတ်စုံတွေနဲ့ရော အရပ်ဝတ်တွေနဲ့ပါ စင်တာထဲက ဆိုင်တွေကို လိုက်ရှာနေတယ်။ ဒီကမ်ပိန်းမှာပါတဲ့ကျောင်းသားတွေကို ဖမ်းချင်လို့လို့ထင်တယ်။ အထဲမှာ ကျောင်းသားတွေရော၊ ဈေးဝယ်တဲ့ပြည်သူတွေရောအကုန်ပိတ်မိနေတာ"လို့ သူကထပ်မံပြောပြပါတယ်။

    ဖေဖော်ဝါရီ ၁ ရက်နေ့မှာ အရပ်သားအစိုးရဆီကနေ တပ်မတော်က အာဏာရယူပြီးတဲ့နောက်ပိုင်း နိုင်ငံတဝန်း ဆန္ဒပြပွဲတွေအရှိန်မြှင့်နေသလို တပ်ထုတ်ကုန်တွေအားမပေးရေးအတွက် 'မဝယ်နဲ့ ကမ်ပိန်း'ကို လည်း လူငယ်ကျောင်းသားတွေဦးဆောင်ပြီး လုပ်ဆောင်နေခဲ့တာဖြစ်ပါတယ်။

    Yangon

    ဓာတ်ပုံ ရင်းမြစ်, Social Media

  7. မြန်မာသံအမတ် ဦးကျော်မိုးထွန်း ယူအန်မှာ တင်ပြခဲ့တဲ့ အချက် ၆ ချက်

    ၁။ စစ်အာဏာသိမ်းမှုကို အပြင်းထန်ဆုံးရှုတ်ချကြောင်း လူသိထင်ရှား ထုတ်ပြန်ကြေညာချက်တွေ လုပ်ဖို့

    ၂။ နိုင်ငံတော်စီမံခန့်ခွဲရေးကောင်စီနဲ့ စစ်အစိုးရကို မည်သည့်နည်းနှင့်မျှ အသိအမှတ်ပြုတာတွေ မလုပ်ဖို့

    ၃။ လွတ်လပ်ပြီးတရားမျှတစွာကျင်းပခဲ့တဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲရဲ့ ရလဒ်တွေကို အသိအမှတ်ပြုအောင် စစ်အစိုးရကို တိုက်တွန်းဖို့

    ၄။ ရွေးကောက်ခံအစိုးရကတဆင့် နိုင်ငံတော်အာဏာကို ပြည်သူ့ထံ ပြန်လည်မအပ်နှံမချင်း စစ်တပ်နဲ့ ပူးပေါင်းလုပ်ဆောင်မှုတွေမလုပ်ဖို့

    ၅။ ငြိမ်းချမ်းစွာဆန္ဒပြနေသူတွေအပေါ် လုံခြုံရေးတပ်ဖွဲ့ဝင်တွေက အကြမ်းဖက် ရက်စက်မှုတွေ ကျူးလွန်နေတာတွေကို ရပ်တန့်အောင်နဲ့ စစ်အာဏာသိမ်းထားမှုကို ချက်ချင်းရပ်ဆိုင်းအောင် အဖြစ်နိုင်ဆုံးသော အပြင်းထန်ဆုံးအရေးယူဆောင်ရွက်မှုတွေလုပ်ဖို့နဲ့

    ၆။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ကို ထောက်ခံကြဖို့ တို့ဖြစ်ပါတယ်။

    U Kyaw Moe Tun(Myanmar Permanent representative to United Nation

    ဓာတ်ပုံ ရင်းမြစ်, MOFA

  8. ပခုက္ကူသပိတ်ဖြိုခွင်းမှု အမျိုးသမီးတစ်ဦး သေနတ်ဒဏ်ရာရ၊ ဖမ်းဆီးခံရသူ ဆယ်ဦးထက်မနည်းရှိ

    မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ အာဇာနည်လမ်းနဲ့ဗိုလ်ချုပ်လမ်းထောင့်မှာ စစ်တပ်ကလုံခြုံရေးယူပြီး မနက်၉နာရီခန့်က မြို့နယ်အတွင်းငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို စတင်ဖြိုခွဲခဲ့ပါတယ်။ အဲဒီလိုဖြိုခွင်းရာမှာ အမျိုးသမီးတစ်ဦးသေနတ်ထိမှန်ဒဏ်ရာရရှိခဲ့သလို ကျန်အမျိုးသမီးတစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ သေနတ်မှန်တဲ့အမျိုးသမီးနဲ့ တခြား ဆန္ဒပြကြသူတွေထဲက ၁၃ဦးလောက်ကို ပခုက္ကူမြို့အနီးက တပ်ရင်း၂၅၉ အတွင်းခေါ်ဆောင်သွားခဲ့တယ်လို့သိရပါတယ်။ မျက်မြင်သက်သေတစ်ဦးရဲ့ပြောဆိုချက်အရဆိုရင်သူရှေ့နားတင် ဆန္ဒပြသူ ၆ ဦးကို စစ်တပ်ကဖမ်းသွားခဲ့တယ်လို့ပြောပါတယ်။

    ပခုက္ကူ

    ဓာတ်ပုံ ရင်းမြစ်, CJ

    ပခုက္ကူ
    ပခုက္ကူ
  9. မန္တလေးက NLD အမတ် ဒေါ်ဝင်းမြမြ ဖမ်းဆီးခံရ

    ဒီမနက်ပိုင်းမှာ မန္တလေးမြို့၊ ၆၂ လမ်းမှာရှိတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ရုံးရှေ့ စုဝေးတောင်းဆိုမှုပြုလုပ်ကြတာကို လူစုခွဲခိုင်းပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဝင်းမြမြနဲ့ ဦးအေးသိန်းတို့ကို ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။ ဒေါ်ဝင်းမြမြဟာ မန္တလေးတိုင်း NLD ပါတီရဲ့ ဒုဥက္ကဋ္ဌ လည်းဖြစ်ပြီး ၂၀၀၃ ဒီပဲယင်းအရေးအခင်းနဲ့ ရိုက်နှက်ဖြိုခွင်းမှုမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ဖမ်းဆီးခံရသူတွေထဲကတစ်ဦးဖြစ်ပြီး NLD ပါတီရဲ့ အမာခံပါတီဝင်တစ်ဦးလည်း ဖြစ်ပါတယ်။ သူဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ မန္တလေးတိုင်း၊ စဉ့်ကိုင်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရထားတဲ့သူလည်းဖြစ်ပါတယ်။ မန္တလေးမှာ ဒီမနက်မှာပဲ ရှမ်းတိုင်းရင်းသားရေးရာ ခန်းမအနီးမှာလည်း ဆန္ဒပြသူတချို့ ဖမ်းဆီးခံရပါတယ်။ လက်ရှိအချိန်မှာ မြတောင်ကျောင်းတိုက်ဝန်းအနီးတဝိုက်မှာ လုံခြုံရေးတွေ နေရာအပြည့်ယူထားပြီး စစ်ကား ရေကားတွေနဲ့ မြို့တွင်းလှည့်လည်အင်အားပြ ဖမ်းဆီးတာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

    Mandalay
    Mandalay
  10. မုံရွာမှာလည်း အရပ်ဝတ်တွေက ဆန္ဒပြသူတွေကို ဖမ်းဆီး၊ မုံရွာဂေဇက်ဂျာနယ်က CEO ကိုလည်း ရိုက်နှက်ဖမ်းဆီးသွား

    ဒီကနေ့မနက် မုံရွာမြို့ ဗိုလ်ချုပ်လမ်းမှာ ဆန္ဒပြနေတဲ့ ပြည်သူတွေကို စစ်တပ်၊ ရဲ နဲ့ အရပ်ဝတ်တွေက ဝင်ရောက်ဖမ်းဆီးနေတာကို တိုက်ရိုက်ထုတ်လွှင့်တင်ဆက်ပေးနေတဲ့ မုံရွာဂေဇက်ဂျာနယ်က CEO ဖြစ်သူ ဦးကျော်ကျော်ဝင်း(ခ) ဦးကိုလေးကို ရိုက်နှက်ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။ ဖမ်းဆီးသူတွေဟာ သတင်းထောက်တွေကို ပစ်မှတ်ထားပြီး လိုက်လံဖမ်းဆီးတဲ့ ပုံစံမျိုးရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒါ့အပြင် မုံရွာမှာ နေအိမ်တွေထဲအထိ ရဲနဲ့ အရပ်ဝတ်တွေက ဝင်ရောက်ဖမ်းဆီးတာဖြစ်ပြီး ရဲတွေဖမ်းခေါ်လာတဲ့ အမျိုးသားတစ်ဦးကို အရပ်ဝတ်တစ်ဦးက လက်သီးနဲ့ ထိုးတဲ့ ဗီဒီယိုဖိုင်တွေလည်း ပျံ့နှံ့နေသလို အဲဒီနေအိမ်ထဲကနေပဲ နောက်ထပ် အမျိုးသမီးတစ်ဦးကို ဆွဲထုတ်ဖမ်းဆီးလာတာကိုလည်းတွေ့ရပါတယ်။ မုံရွာမှာ မနက်က သပိတ်စုရပ်တစ်ခုဖြစ်တဲ့ မုံရွာ ပြာသာဒ်ကျောင်းရှေ့မှာ ကျောင်းသားတွေလည်း ဖမ်းဆီးခံထားရတယ်လို့ အဲဒီကျောင်းတွင်းပိတ်မိနေတဲ့ ကျောင်းသားတချို့က ပြောပါတယ်။

    Moneywa

    ဓာတ်ပုံ ရင်းမြစ်, CJ

  11. မြန်မာနောင်းသတင်းထောက်လည်း ဖမ်းခံထားရ

    မြေနီကုန်းမှာ ဒီမနက် ဆန္ဒပြပွဲကို သတင်းယူနေတဲ့ မြန်မာနောင်းသတင်းဌာနရ အမျိုးသမီးသတင်းထောက် မကေဇွန်နွေးကို ရဲတွေ ဖမ်းဆီးထားတယ်လို့ မြန်မာနောင်းသတင်းဌာနကပြောကြားပါတယ်။ မကေဇွန်နွေးကို ရဲတွေက အချုပ်ကားပေါ်မှာ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့လည်း ဖော်ပြထားပါတယ်။ ဒီမနက်မှာပဲ MPAကဓာတ်ပုံသတင်းထောက် ကိုရဲမျိုးခန့်နဲ့ နောက်ထပ် ဓာတ်ပုံသတင်းထောက်တစ်ဦးတို့လည်း ဖမ်းဆီးခံထားရပါတယ်။

    Myanmar Now Journalist

    ဓာတ်ပုံ ရင်းမြစ်, Myanmar Now

  12. ဘားအံမှာလည်း ဆန္ဒဖော်ထုတ်ဖို့ ကြိုးစားသူတွေကို အရပ်ဝတ်တွေနဲ့ ဝင်ဖမ်းတာတွေရှိ

    ဘားအံမှာ ဒီနေ့မနက်အစောပိုင်းက စစ်အာဏာသိမ်းဆန့်ကျင်ဆန္ဒပြဖို့ ဘားအံနာရီစင်နဲ့ ကန်သာယာတစ်ဝိုက် လူစုလာချိန်မှာ အရပ်ဝတ်နဲ့ လူတချို့က ဝင်ရောက်ဖမ်းဆီးခဲ့တာကြောင့် လူငါးဦးခန့် ဖမ်းခံထားရတယ်လို့ ဒေသတွင်းသတင်းတွေအရ သိရပါတယ်။ အဲဒီလိုဖမ်းခံရတဲ့အထဲမှာ အမျိုးသမီးတွေလည်း ပါဝင်တယ်လို့ ကနဦးသတင်းရရှိထားပါတယ်။

    Pahan

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဘားအံ

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဘားအံ

    ဓာတ်ပုံ ရင်းမြစ်, CJ

  13. လှည်းတန်းမြေနီကုန်းတစ်ဝိုက် ရဲအင်အား အမြောက်အမြား ချထား၊ ဆန္ဒပြဖို့ ကြိုးပမ်းသူတွေကို လိုက်လံဖမ်းဆီး

    ရန်ကုန်မြို့က စစ်အာဏာသိမ်းဆန့်ကျင်ဆန္ဒပြပွဲတွေရဲ့ စုရပ်တွေထဲက နှစ်ခုဖြစ်တဲ့ လှည်းတန်းနဲ့ မြေနီကုန်းတစ်ဝိုက် ရဲအင်အား အမြောက်အမြားကို ဒီနေ့မနက်အစောပိုင်းတည်းကချထားပါတယ်။

    မြေနီကုန်းမှာဆိုရင် ဆန္ဒပြသူတွေ နေရာယူလေ့ရှိတဲ့ မြေနီကုန်းခုံးတံတားအောက်မှာ ရဲအင်အားအများအပြား တန်းစီထိုင်လျက်ရှိနေတာကိုလည်းတွေ့ခဲ့ရပါတယ်။

    မြေနီကုန်းမှာဆို ဒီမနက် ကိုးနာရီကျော်လောက်စလို့ တိုင်းရင်းသားလူမျိုးပေါင်းစုံပါဝင်တဲ့ အထွေထွေသပိတ်စစ်ကြောင်း ရှိနေပြီး ကြည့်မြင်တိုင်ဘက်ကို ချီတက်ဖို့ စီစဉ်နေတယ်လို့ အဲဒီနေရာကိုရောက်နေသူတွေက ဘီဘီစီကိုပြောပါတယ်။

    အခုတော့ လှည်းတန်းမှာ ဆန္ဒပြသူတွေ လူစုလို့မရအောင် ရဲတွေက လမ်းသွယ်တွေထဲအထိကို လိုက်လံဖမ်းဆီးနေတာတွေလည်း ရှိနေပါတယ်။ မနေ့ကတည်းက အဲဒီနေရာတွေမှာ ဆန္ဒပြလူစုလို့မရအောင် ရဲတွေက အင်အားအများအပြားနဲ့ လူစုခွဲဖြိုခွင်းခဲ့သလို လှည်းတန်းမှာဆိုရင်လည်း အနည်းဆုံးသေနတ် အချက် ၂၀ လောက်ပစ်ဖောက်ပြီး လူစုခွဲခဲ့တာရှိခဲ့ပါတယ်။

    အဲဒီလိုနှိမ်နင်းရာမှာ ထိခိုက်ဒဏ်ရာရသူတချို့လည်းရှိသလို ဖမ်းဆီးခံရသူတွေလည်းရှိထားပါတယ်။ ရဲတွေနဲ့ ထိပ်တိုက်မတွေ့အောင် နောက်ဆုတ်သွားသူတွေ၊ လမ်းကြိုလမ်းကြားထဲ ပြေးသူတွေကို ရဲတွေက အဲဒီနေရာတွေထိ လိုက်လံဖမ်းဆီးခဲ့တဲ့ ရုပ်သံတွေလည်း လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့ပါတယ်။

    Yangon

    ဓာတ်ပုံ ရင်းမြစ်, CJ

    Yangon

    ဓာတ်ပုံ ရင်းမြစ်, CJ

  14. လှည်းတန်းဆန္ဒပြပွဲကိုသတင်းယူနေတဲ့ ဓာတ်ပုံသတင်းထောက်နှစ်ဦး ဖမ်းဆီးခံထားရ

    လှည်းတန်းမှာ ဒီမနက် စစ်အာဏာသိမ်းဆန့်ကျင်ဆန္ဒပြပွဲကို သတင်းယူဓာတ်ပုံရိုက်နေတဲ့ Myanmar Photo Agency (MPA) က ဓာတ်ပုံသတင်းထောက် ကိုရဲမျိုးခန့်နဲ့ AP သတင်းဌာန ဓာတ်ပုံသတင်းထောက်တို့ကို ရဲတွေက ဖမ်းဆီးသွားတယ်လို့ MPA ကအတည်ပြုပါတယ်။ "မနက် ကိုးနာရီခွဲလောက်ကဖြစ်တာပါ။ လှည်းတန်းမှာ ဆန္ဒပြဖို့ လူစုနေသူတွေကို ရဲက လူစုခွဲတာကို ဓာတ်ပုံရိုက်နေတုန်း ဓာတ်ပုံဆရာတွေကိုပါ ဆွဲခေါ်သွားတာ။ ဘယ်ခေါ်သွားလဲဆိုတာမသိရသေးဘူး။ ကျွန်တော်တို့ ရဲစခန်းကို အခုလိုက်သွားဖို့စီစဉ်နေတယ်။ လှည်းတန်းမှာလည်း ရဲက တော်တော်ကိုများတယ်" လို့ MPA ကတာဝန်ရှိသူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

  15. ကုလဆိုင်ရာ မြန်မာ ကိုယ်စားလှယ် ဦးကျော်မိုးထွန်းကို နယူးယောက်က မြန်မာတွေ ကြိုဆိုနှုတ်ဆက်

    စစ်ကောင်စီကို ဆန့်ကျင်ပြီး ကုလသမဂ္ဂ အထွေထွေညီလာခံ အလွတ်သဘော အစည်းအဝေးမှာ CRPH ကို ကိုယ်စားပြုပြီးတက်ရောက်ခဲ့ပြီး အစည်းအဝေးထဲကနေ ပြန်လည်ထွက်ခွာလာတဲ့ ဦးကျော်မိုးထွန်းကို နယူးယောက်က ကုလရုံးအပြင်ဘက်မှာ မြန်မာတွေက လာရောက် ကြိုဆိုဂုဏ်ပြုနှုတ်ဆက်ခဲ့ကြပါတယ်။

  16. ကုလက မြန်မာကိုယ်စားလှယ် စစ်ကောင်စီကို ဆန့်ကျင်ပြီး CRPH ကို ကိုယ်စားပြု တက်ရောက်

    ကုလသမဂ္ဂ အထွေထွေညီလာခံ အလွတ်သဘော အစည်းအဝေးမှာ မြန်မာနိုင်ငံက စေလွှတ်ထားတဲ့ ကိုယ်စားလှယ် ဦးကျော်မိုးထွန်းက စစ်ကောင်စီကို ကိုယ်စားမပြုဘဲ လူထုက ရွေးကောက်ထားတဲ့ NLD အစိုးရနဲ့ ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြုကော်မတီ CRPH ကို ကိုယ်စားပြုပြီး CRPH ရဲ့ သဘောထားစာကို ဖတ်ကြားခဲ့ပါတယ်။

    မြန်မာစစ်တပ်ကို ဆန့်ကျင်ဖို့နဲ့ မြန်မာပြည်သူတွေ လုံခြုံရေး တတ်နိုင်သမျှနည်းလမ်းတွေနဲ့ ဆောင်ရွက်ပေးဖို့ သူက ပြောကြားခဲ့ပါတယ်။

    ဦးကျော်မိုးထွန်းဟာ ၁၉၉၃ ခုနှစ်မှာ နိုင်ငံခြားရေး ဝန်ကြီးဌာနမှာ တတိယ အတွင်းဝန်ဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလမှာ နယူးယောက်မြို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် အဖြစ် စတင် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

    Kyaw Moe Tun

    ဓာတ်ပုံ ရင်းမြစ်, UN

  17. ပုဒ်မ ၁၄၄ ချိုးဖောက်သူတွေကို ထောင်ဒဏ် နှစ် ၂၀ ထိ ချနိုင်မယ့် ပုဒ်မတွေနဲ့ အရေးယူမယ်လို့ ကြေညာ

    မြို့နယ် တချို့မှာ ဖေဖော်ဝါရီ ၈ ရက် က စပြီး ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၁၄၄ ကို ထုတ်ပြန်ထားကြောင်းနဲ့ ချိုးဖောက်သူတွေကို ထောင်ဒဏ် နှစ် ၂၀ အထိ အမြင့်ဆုံး ချမှတ်နိုင်တဲ့ ဥပဒေ ပုဒ်မတွေနဲ့ အညီ အရေးယူမယ်လို့ မြန်မာ့အသံနဲ့ရုပ်မြင်သံကြားကနေ စစ်ကောင်စီက ကြေညာပါတယ်။

    ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေရှိပေမဲ့ လူအုပ်စုတချို့က မင်းမဲ့စရိုက်ဆန်တဲ့ လူအုပ်စုအသွင် လှုံ့ဆော်မှုနဲ့ နိုင်ငံ့ဝန်ထမ်းတွေကို ခြိမ်းခြောက် အကြပ်ကိုင်တာတွေကြောင့် နေပြည်တော် သပြေကုန်းအဝိုင်းဖြစ်စဥ်၊ မန္တလေးဂေါဝိန်ဆိပ်ကမ်းဖြစ်စဥ်နဲ့ တာမွေအုပ်ချုပ်ရေးမှူးရုံးဖြစ်စဥ်စတဲ့ ဖြစ်စဥ်တွေဖြစ်ပေါ်ရာက သေဆုံး၊ထိခိုက် ဒဏ်ရာရမှုတွေ ရှိခဲ့တယ်လို့ အဲဒီ ကြေညာချက်မှာ ပါရှိတယ်။ အဲဒီအကြမ်းဖက် လုပ်ဆောင်ချက်တွေဟာ ပုဒ်မ ၁၄၄ အရ ရာဇသတ်ကြီး ပြဋ္ဌာန်းချက်တွေနဲ့ ငြိစွန်းနေလို့ အဲဒီပြဋ္ဌာန်းချက်တွေကို ချိုးဖောက်ရင် မလွှဲမရှောင်သာ ထိရောက်စွာ အရေးယူမယ်လို့ ကြေညာပါတယ်။

    အဲဒီ ပြဋ္ဌာန်းချက်တွေထဲမှာ ဆန္ဒပြပွဲမှာ ပါဝင်သူ၊ ဆန္ဒပြပွဲထဲမှာ လက်နက်စွဲကိုင်ပါဝင်သူ၊ လူစုခွဲဖို့ အမိန့်ပေးပြီးကြောင်းသိလျက်နဲ့ ပါဝင်သူနဲ့ ပြည်သူ့ဝန်ထမ်းကို ခြိမ်းခြောက်၊ဟန့်တား၊ အနိုင်အထက်ပြမှု၊ ပြည်သူ့ဝန်ထမ်းက အမိန့်ဖီဆန်မှု၊ ပြည်သူ့ဝန်ထမ်းကို အလိုအလျောက် အပြင်းအထန်နာကျင်စေမှုနဲ့ နိုင်ငံ ငြိမ်ဝပ်ပိပြားရေးဆောင်ရွက်နေတဲ့ အဖွဲ့တွေရဲ့ ဆောင်ရွက်မှု နှောင့်နှေး ပျက်ပြားအောင်ဆောင်ရွက်မှုတွေ ပါဝင်ပါတယ်။

    အဲဒီပြဋ္ဌာန်းချက် ပုဒ်မတွေဟာ အနည်းဆုံး ထောင်ဒဏ် ၆ လ ကနေ အမြင့်ဆုံး ထောင်ဒဏ် နှစ် ၂၀ ထိ ချမှတ်နိုင်တဲ့ ပုဒ်မတွေ ဖြစ်တယ်လို့ လည်း ဖော်ပြထားပါတယ်။

  18. မြေနီကုန်းဆန္ဒပြမှုက ဖမ်းဆီးခံ ဆေး၂ ကျောင်းသား ပြန်လွတ်ပြီ

    မနက်ပိုင်းက ရန်ကုန်မြို့၊ မြေနီကုန်းမှာ ရေပေးဝေရင်း ဖမ်းဆီးခံလိုက်ရတဲ့ ဆေးတက္ကသိုလ် (၂)ကျောင်းသားကို အခုည ၈ နာရီ ခွဲ၀န်းကျင်မှာ စမ်းချောင်းရဲစခန်းကနေ ပြန်လွှတ်ပေးလိုက်တယ်လို့ သိရပါတယ်။

    "မိဘတွေကို အထဲဝင်ခဲ့ပါဆိုပြီး ရဲစခန်းထဲ မိဘတွေနဲ့ စကားပြောကြတယ်။ ခံ၀န်ထိုးခိုင်းသလားဆိုတာကတော့ ကျွန်တော်တို့ အတိအကျ မသိရသေးပါဘူး။ ကျောင်းသားကို ဖမ်းဆီးတုန်းက ရိုက်နှက်ပေမယ့် စခန်းရောက်တော့ ရိုက်နှက်တာမရှိဘူးလို့ ကျွန်တော်တို့ အဲ့ကျောင်းသားနဲ့ ဖုန်းပြောချက်အရ သိရတယ်။ လောလောဆယ် ကျွန်တော်တို့ ဆေးကျောင်းသားပဲ လွတ်သေးတာပါ။ ကျန်တဲ့ သူတွေတော့ မသေချာဘူး" လို့ ဆေး ၂ ကျောင်းသားသမဂ္ဂ ဥက္ကဌ ကိုဥဂ္ဂါမြတ်က ဘီဘီစီကို ပြောပါတယ်။

    ညနေပိုင်းတုန်းက အဲဒီကျောင်းသားအပါအဝင် ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးဖို့ စမ်းချောင်းရဲစခန်းရှေ့ကို လူတွေစုဝေးရောက်ရှိ တောင်းဆိုခဲ့ကြပါတယ်။

    ဖမ်းဆီးခံ ဆေး၂ ကျောင်းသား ပြန်လွတ်ပြီ

    ဓာတ်ပုံ ရင်းမြစ်, MPA

  19. ရွေးကောက်ပွဲကော်မရှင်သစ်ပြောဆိုချက် လက်မခံဘူးလို့ NLD ပါတီတုံ့ပြန်

    NLD ပါတီက မဲအပြတ်အသတ် အနိုင်ရခဲ့တဲ့ ၂၀၂၀ နိုဝင်ဘာ ရွေးကောက်ပွဲရလဒ်တရားဝင် ပျက်ပြယ်သွားပြီလို့ စစ်ကောင်စီကခန့်အပ်ထားတဲ့ ရွေးကောက်ပွဲကော်မရှင် ဥက္ကသစ် ဦးသိန်းစိုးက ဒီကနေ့နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံပွဲမှာ ပြောခဲ့ကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့အပြီးမှာ အဲဒီလို ပြောဆိုချက်တွေကို လုံးဝလက်ခံအသိအမှတ်ပြုမှာ မဟုတ်ဘူးလို့ NLD ဘက်က ထုတ်ပြန်ချက်ထုတ် တုံ့ပြန်ပြောဆိုပါတယ်။

    နေပြည်တော်က ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံးမှာ နိုင်ငံရေးပါတီ ၅၀ ကျော်နဲ့ ဒီကနေ့ တွေ့ဆုံရာမှာ ရွေးကောက်ပွဲရလဒ် ပျက်ပြယ်တယ်လို့ ပြောခဲ့တဲ့အကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။

    NLD ရဲ့ ထုတ်ပြန်ချက်ထဲမှာ ရွေးကောက်ပွဲ ကော်မရှင်သစ်ဟာ စစ်ကောင်စီက တရားမဝင်ဖွဲ့စည်းထားတဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သစ်ဖြစ်လို့ တရားမဝင် အဖွဲ့အစည်းဖြစ်ပြီး အဲဒီအဖွဲ့ရဲ့ ပြောဆိုချက်တွေဟာ တရားမဝင် ပြောဆိုချက်တွေ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

    အဲဒါမတိုင်ခင်ကလည်း တပ်မတော်ကို အာဏာလွှဲပြောင်းလိုက်တဲ့ ဖေဖော်ဝါရီ ၁ ရက် ကစပြီးလွှတ်တော်တွေနဲ့ ဆက်စပ်ကော်မတီတွေရဲ့ ဥပဒေပြုရေး လုပ်ငန်းတွေရပ်ဆိုင်းလိုက်တယ်လို့ ရွေးကောက်ပွဲ ကော်မရှင်သစ်က ကြေညာထားပါတယ်။

    ဖေဖော်ဝါရီ ၅ရက် ရက်စွဲနဲ့ ထုတ်ပြန်ခဲ့တဲ့ အဲဒီကြေညာချက်မှာရွေးကောက်ပွဲ မဲမသမာမှုတွေကို စတင်စုံစမ်းစစ်ဆေးနေပြီလို့လည်းဖော်ပြထားပါတယ်။

    အဲဒါကြောင့် အဲဒီစုံစမ်းစစ်ဆေးနေတဲ့ကာလအတွင်း လွှတ်တော်ကိုယ်စားလှယ်တွေကို ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပေးထားတဲ့ အသိအမှတ်ပြုစာတွေက အကျိုးသက်ရောက်မှု ရှိမှာ မဟုတ်ဘူးလို့လည်း ကြေညာတယ်လို့ ဖော်ပြထားပါတယ်။

    ရွေးကောက်ပွဲရလဒ် ပျက်ပြယ်သွားပြီလို့ ကော်မရှင်သစ်ပြော

    ဓာတ်ပုံ ရင်းမြစ်, Getty Images

  20. မြေနီကုန်းဆန္ဒပြမှုက ဖမ်းထားသူတွေ လွှတ်ပေးဖို့ တောင်းဆို

    မြေနီကုန်း ဆန္ဒပြမှုကနေ ဖမ်းဆီးထားတဲ့ ကျောင်းသားတွေကို ပြန်လွှတ်ပေးဖို့ စမ်းချောင်းရဲစခန်းရှေ့မှာ လူတွေ စုရုံးရောက်ရှိနေပြီး လူစုလူဝေး ရှိရာကို ရဲကားတွေနဲ့ ရေကားနှစ်စီး ညနေ ၇ နာရီ မတိုင်ခင် ရောက်ရှိလာပါတယ်။

    ဖမ်းထားသူတွေ လွှတ်ပေးပေးရေး တောင်းဆိုဖို့ စမ်းချောင်းရဲစခန်းကို သွားရောက်နေသူတွေ

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ဖမ်းထားသူတွေ လွှတ်ပေးပေးရေး တောင်းဆိုဖို့ စမ်းချောင်းရဲစခန်းကို သွားရောက်နေသူတွေ
    ညနေပိုင်း မြေနီကုန်းမှာ ဆုတောင်း

    ဓာတ်ပုံ ရင်းမြစ်, CJ