ဖေဖေါ်ဝါရီ ၂၂ ဆန္ဒပြပွဲနဲ့ပတ်သက်ပြီး အာဏာသိမ်းစစ်ကောင်စီ သတိပေး

ဖေဖော်ဝါရီလ၂၂ ရက်နေ့မှာ ပင်စင်စားတွေ လစာမထုတ်နိုင်အောင်တားဆီး၊ နှောင့်ယှက်၊ အဓမ္မဖိအားပေးမယ်လို့ လူမှုကွန်ရက်မှာ ပြောနေကြကြောင်းလည်း စွပ်စွဲထားပါတယ်။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ၀န်ထမ်းတွေရုံးပိတ်ရက်ကြေညာတဲ့ မန္တလေးက သယံဇာတဝန်ကြီးကို ပုဒ်မ ၅၀၅(ခ) နဲ့ တရားစွဲ

    မန္တလေးမြို့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဦးမျိုးသစ်ကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅( ခ)နဲ့ ချမ်းအေးသာစံမြို့နယ်တရားရုံးမှာ ဒီနေ့မှာ တရားစွဲဆို ရုံးထုတ်ပါတယ်။

    ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန် ဦးမျိုးသစ်ကို ဖမ်းဆီးထိန်းသိမ်းတာရှိခဲ့ပေမယ့် ည‌နေပိုင်းမှာ ပြန်လွှတ်ပေးခဲ့ပါတယ်။ ဝန်ကြီး ဦးမျိုးသစ်ဟာ မန္တလေးတိုင်းက အစိုးရဝန်ထမ်းတွေကို ယာယီရုံးပိတ်ရက် အဖြစ်ကြေညာချက် ထုတ်ပြန်တာနဲ့ပက်သက်ပြီးခုလို တရားစွဲခံရတာဖြစ်ပါတယ်။ ဒီနေ့မှာပဲ ဦးမျိုးသစ်ကို နေအိမ်ကနေ ချမ်းအေးသာစံတရားရုံးကိုခေါ်ပြီး ဖမ်းဝရမ်းအတည်ပြု ထုတ်ခဲ့တာပါ။

    မနက်ဖြန် ဖေဖော်ဝါရီ ၁၈ ရက်မနက် ၁၀ နာရီမှာ တရားလို ချမ်းအေးသာစံမြို့နယ်က ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရာဇာမြင့် ကို စတင်စစ်ဆေးမှာဖြစ်တယ်လို့ တွဲဖက်တရားသူကြီး ဦးမျိုးဆွေကပြောပါတယ်။

    Mandalay
    Mandalay

    ဓာတ်ပုံ ရင်းမြစ်, CJ

  2. ကျေးလက်ဒေသတွေမှာ ည ရှစ်နာရီ သံပုံးမတီးဖို့နဲ့ ဆန္ဒပြသူတွေကို ဝင်ရောက်ဖမ်းဆီးမှုတွေရှိနေ

    ကျေးလက်ဒေသတွေမှာ ည ရှစ်နာရီ သံပုံးမတီးဖို့ ခြိမ်းခြောက်မှုတွေ ကြုံနေရပြီး စစ်အာဏာသိမ်းဆန့်ကျင်တဲ့ဆန္ဒပြမှုတွေဦးဆောင်လှုပ်ရှားသူတချို့ကို တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက လာရောက်ဖမ်းဆီးမှုတွေ ရှိနေတယ်လို့ ဒေသခံတွေက ဘီဘီစီကို ဆက်သွယ်ပြောကြားပါတယ်။

    မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ ကြာညှပ်ကျေးရွာမှာ စစ်အာဏာသိမ်းဆန့်ကျင်ရေးဆန္ဒပြလှုပ်ရှားတဲ့သူ ၇ ဦးကို ရွာအတွင်း ဖေဖော်ဝါရီ ၁၆ ရက် ညပိုင်းမှာ တပ်နဲ့ ရဲက လာရောက်ဖမ်းဆီးချိန် ကျေးရွာနေပြည်သူတွေက သံပုံးတီးပြီး ဆန့်ကျင်ကန့်ကွက်ခဲ့သလို အကာကွယ်ပေးခဲ့လို့ ဖမ်းဆီးသူတွေ ပြန်လည်ထွက်ခွာသွားတယ်လို့ ကြာညှပ်ရွာသားတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    "ရွာတွေဆိုတော့ လူမသိ သူမသိ အဆွဲခံနေရပါတယ်။ သတင်းမီဒီယာတွေနဲ့လည်း အလှမ်းဝေးတော့ ကျေးလက်ဒေသတွေမှာအကြီးအကျယ်ခြိမ်းခြောက်ခံနေရတာပါ။ မနေ့ညက ဆန္ဒပြခေါင်းဆောင်တွေဆိုပြီး ရွာသား ၇ ဦးကို လာဖမ်းတဲ့အချိန်မှာ ရွာကလူထုက သံပုံးတွေဝိုင်းတီးအချက်ပေးလို့ တစ်ယောက်မှမပါသွားသေးပါဘူး။ လာတာ ရဲရော စစ်တပ်ရောပါပါတယ်။ ကြာညပ်တိုက်နယ်က ခန့်အပ်ထားတဲ့ အုပ်ချုပ်ရေးမှူးပါတယ်။ စစ်တပ်ကခန့်ထားတဲ့ အသစ်ပေါ့။ ခဏလောက်ပါဆွေးနွေးစရာရှိလို့ပေါ့ လို့ပြောတယ်။ ပြည်သူလူထုက ထည့်မပေးနိုင်ပါဘူး၊ စကားပြောမယ်ဆို ဒီမှာပဲပြောပါဆိုတော့ ရွာလူထုအခြေအနေကို ကြည့်ပြီး ပြန်ထွက်သွားကြတယ်" လို့ သူက ပြောပါတယ်။

    ကြာညှပ်ကျေးရွာအတွင်း CDM လုပ်နေတဲ့ ပညာရေးနဲ့ ကျန်းမာရေးဝန်ထမ်းတွေလည်းရှိနေပါတယ်။

    အာဏာသိမ်းပြီးတဲ့နောက် ကျန်းမာရေးဝန်ထမ်းတွေရဲ့ CDM ကြောင့် ကြာညှပ်တိုက်နယ်ဆေးရုံနဲ့ ကြာညှပ်ကျေးလက်ကျန်းမာရေးဌာနကို ဖေဖော်ဝါရီ ၇ ရက်နေ့တည်းက ပိတ်ထားလိုက်ပြီဖြစ်ပါတယ်။

    "ညရှစ်နာရီ သံပုံးမတီးဖို့ ခြိမ်းခြောက်တယ်။ ရဲဘက်က ကင်းလှည့်ပြီး သံပုံးမတီးဖို့ ၊ အုပ်ချုပ်ရေးမှူးက လော်စပီကာနဲ့ နှစ်ညလောက် လာအော်တယ်။ ကျွန်တော်တို့ကတော့ ဆက်တီးနေပါတယ်" လို့ဒေသခံတစ်ဦးကပြောပါတယ်။

    Mandalay

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, မနေ့ညက ကြာညှပ်ကျေးရွာအတွင်း ဝင်ရောက်ဖမ်းဆီးမှုရှိလို့ လူထု စုရုံးနေတဲ့မြင်ကွင်း
    Mandalay

    ဓာတ်ပုံ ရင်းမြစ်, CJ

    Mandalay

    ဓာတ်ပုံ ရင်းမြစ်, CJ

  3. အာဏာသိမ်းမှုနဲ့ပတ်သက်လို့ KIO ပြောပြီ

    အာဏာရှင်စနစ်အပြီးတိုင်ချုပ်ငြိမ်းရေးအတွက် ပြည်သူတွေရဲ့ ကြိုးပမ်းဆောင်ရွက်ချက်တွေအားလုံးကို ကြိုဆိုကြောင်းနဲ့ လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေတွေကို ပိုခက်ခဲရှုပ်ထွေးသွားဖို့ ကြံစည်လုပ်ဆောင်ခြင်းမပြုဖို့နဲ့ ဖမ်းဆီးထိန်းသိမ်းမှုတွေ ဆက်မလုပ်ဖို့ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ကဒီနေ့ရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။

    အဲဒီထုတ်ပြန်ချက်မှာ အချက် ၆ ချက်ဖော်ပြထားပါတယ်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ယာယီသမ္မတ ဦးမြင့်ဆွေက နိုင်ငံတော်ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးအာဏာတို့ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ လွှဲအပ်တာဝန်ပေးလိုက်ကြောင်း နိုင်ငံတော်သမ္မတရုံးရဲ့ ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်အမှတ် ၁/၂၀၂၁ အရ သိရှိရတယ်လို့ ပါရှိပါတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အာဏာရယူပြီးတာနဲ့ ရွေးကောက်ပွဲအနိုင်ရ ကိုယ်စားလှယ်တွေနေဲ့ ခေါင်းဆောင်တွေ၊ နိုင်ငံ့ဝန်ထမ်းတွေ၊ အရပ်သားတွေကို ဖမ်းဆီးထိန်းသိမ်းထားတာကြောင့် တစ်နိုင်ငံလုံးအခက်အခဲပေါင်းများစွာနဲ့ ရင်ဆိုင်နေကြရတယ်လို့ လည်း ဆိုပါတယ်။ ပြည်သူတွေရဲ့ ဆန္ဒဖော်ထုတ်မှုသဘောထားတွေကိုအလေးထားဖို့နဲ့ ဆန္ဒပြသူတွေကို အကြမ်းဖက်နှိမ်နင်းတာ၊ ပစ်ခတ်ဖြိုခွဲတာတွေမလုပ်ဘဲ မှန်ကန်ပြီးတရားတဲ့နည်းလမ်းနဲ့ အလျင်အမြန်ဖြေရှင်းဖို့ဆိုပြီး တိုက်တွန်းထားပါတယ်။

    ကချင်လွတ်မြောက်ရေးအဖွဲ့ KIO/KIA ဟာ တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ်NCA မှာ လက်မှတ်ထိုးမထားသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်ပြီး ဝအဖွဲ့ UWSA ဦးဆောင်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုဦးဆောင်ကော်မတီမှာလည်း ပါဝင်ပါတယ်။

    ဒါ့အပြင် မြောက်ပိုင်းမဟာမိတ်စုဖွဲ့မှုမှာလည်း ပါဝင်ထားပြီး အစိုးရနဲ့ နှစ်ဖက်အပစ်ရပ်သဘောတူစာချုပ် Bilateral ရေးထိုးနိုင်ရေးဆွေးနွေးနေဆဲအဖွဲ့လည်းဖြစ်ပါတယ်။

    အာဏာသိမ်းမှုနဲ့ပတ်သက်လို့ မြောက်ပိုင်းအပါအဝင် မြန်မာတရုတ်နယ်စပ်အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ နှုတ်ဆိတ်နေမှုအပေါ် ဝေဖန်မှုများရှိခဲ့တဲ့နောက် KIO က ခုလိုထုတ်ပြန်လာပါတယ်။

    ဒီမတိုင်ခင် မြောက်ပိုင်းအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ တအာန်းလက်နက်ကိုင်အဖွဲ့ TNLA ကတော့ ဝန်ထမ်းတွေရဲ့ ရုံးမတက်ရေးအာဏာဖီဆန်တဲ့ လှုပ်ရှားမှု CDM ကိုထောက်ခံကြောင်း ထုတ်ဖော်ပြသထားပါတယ်။

    KIO/KIA

    ဓာတ်ပုံ ရင်းမြစ်, Gunmaw Sumlut

  4. ယူအန်အဆင့်မြင့်ကိုယ်စားလှယ် မြန်မာနိုင်ငံကိုလာရောက်ခြင်းမရှိကြောင်း ထုတ်ပြန်

    မည်သည့် ယူအန် အဆင့်မြင့်ကိုယ်စားလှယ်မှ မြန်မာနိုင်ငံကို ဒီအချိန်မှာ လာရောက်ဖို့ မရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရုံးက ဒီနေ့ သတင်းထုတ်ပြန်လာပါတယ်။ လူမှုကွန်ရက်မှာထွက်ပေါ်နေတဲ့ ကောလာဟလ သတင်းတွေနဲ့ပတ်သက်လို့မြန်မာပြည်သူတွေ ရှင်းရှင်းလင်းလင်းသိရှိစေဖို့ အခုလို ထုတ်ပြန်လာတာဖြစ်တယ်လို့ဖော်ပြထားပါတယ်။

    မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေကို ယူအန်အနေနဲ့ စိုးရိမ်စွာစောင့်ကြည့်နေတယ်လို့လည်း ဆိုပါတယ်။ ကုလအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ်ရဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ ထုတ်ပြန်ချက်မှာလည်း မြန်မာစစ်တပ်ခေါင်းဆောင်တွေအနေနဲ့ မြန်မာပြည်သူတွေရဲ့ ဆန္ဒကို လေးစားဖို့နဲ့ ဒီမိုကရက်တစ်စံချိန်စံညွှန်းတွေကို လိုက်နာဖို့၊ မတူကွဲပြားမှုတွေကို ငြိမ်းချမ်းစွာတွေ့ဆုံဆွေးနွေးအဖြေရှာပြီး ဖြေရှင်းဖို့ တိုက်တွန်းထားတယ်လို့လည်း ဖော်ပြထားပါတယ်။

    ဖေဖော်ဝါရီ ၁၄ ရက်မှာလည်း အတွင်းရေးမှူးချုပ်က မြန်မာစစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ ငြိမ်းချမ်းစွာဆန္ဒပြနေသူတွေရဲ့အခွင့်အရေးကိုလေးစားဖို့နဲ့ ဆန္ဒဖော်ထုတ်သူတွေဟာ တန်ပြန်လက်စားချေစရာပစ်မှတ်မဟုတ်ဘူးလို့လည်း သတိပေးခဲ့ပါတယ်။ လက်ရှိမှာ ယန်ဟီးလီနေရာကိုခန့်အပ်ခဲ့တဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် တွမ်အင်ဒရူးကို စစ်အစိုးရက ပြည်ဝင်ခွင့်ဗီဇာမပေးဖို့ ဆိုတဲ့ ညွှန်ကြားချက်တွေ လူမှုကွန်ရက်မှာ ပျံ့နှံ့နေတာဖြစ်ပါတယ်။

    မစ္စတာတွမ်အင်ဒရူးကတော့ စစ်ဗိုလ်ချုပ်တွေအနေနဲ့ ပြည်သူလူထုအပေါ် စစ်ဆင်ရေးတိုးချဲ့ဆင်နွှဲလေလေ ပြည်သူတွေ ပိုပြီး ကြံ့ကြံ့ခိုင်ခိုင်နဲ့ တော်လှန်လေ၊ ပြည်သူတွေအာဏာဖီဆန်သောလှုပ်ရှားမှု(CDM) ကို ကမ္ဘာတစ်ဝန်း နိုင်ငံတွေ လေးစားပံ့ပိုးမှုမြင့်တက်လေလေဖြစ်နေပြီး ဒါကို စစ်ဗိုလ်ချုပ်တွေ အသိဝင်ချိန်ရောက်ရင် သိပ်နောက်ကျသွားမယ်လို့ တွစ်တာမှာရေးသားထားပါတယ်။

    United Nation in Myanmar

    ဓာတ်ပုံ ရင်းမြစ်, UN

  5. မြန်မာစစ်တပ် ပိုပြီး အကြမ်းဖက်လာနိုင်တယ်လို့ ကုလအထူးကိုယ်စားလှယ် သတိပေး

    ဗဟိုဘဏ်

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ဗဟိုဘဏ်ရှေ့တွေ့ခဲ့ရတဲ့ သံချပ်ကာကားနဲ့ စစ်သားတွေ

    မြန်မာစစ်တပ်က ဆန္ဒပြနေသူတွေကို အကြမ်းနည်းတွေ သုံးပြီး ဖြိုခွဲတာတွေကို နေရာအနှံ့ ပိုပြီး လုပ်ဆောင်လာဖွယ် ရှိတယ် ဆိုပြီး မြန်မာ နိုင်ငံ လူ့အခွင့်အရေး ဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် တွမ် အင်ဒရူးစ်က သတိပေးလိုက်ပါတယ်။

    “အစိုးရကို တရားမ၀င် ဖယ်ရှားခဲ့တဲ့ နောက်ပိုင်း အကြမ်းဖက်ဖြစ်ရပ်တွေကို တွေ့မြင်ထားရမျှတွေထက် ပိုပြီး ကြီးကြီးမားမား ကျယ်ကျယ်ပြန့်ပြန့် ဒီနေ့ ဗုဒ္ဓဟူးနေ့မှာ ဖြစ်လာမှာ စိုးရတယ်” လို့ တွမ်အင်ဒရူးစ်က ထုတ်ပြန်ပါတယ်။

    စစ်အာဏာရှင် စနစ် ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ဆက်ပြီး အရှိန်မြှင့်လုပ်ကြဖို့ ရန်ကုန်အပါအ၀င်၊ နိုင်ငံတ၀န်းက မြို့ကြီးတွေမှာ ဆော်ဩ နေကြပါတယ်။

    ဒီအချိန်မှာ စစ်ကောင်စီဘက်ကလည်း စစ်အင်အား အသစ်တွေ ရန်ကုန်ထဲကို ထပ်ဖြည့်နေတယ်ဆိုတဲ့ သတင်းတွေ ရထားတယ်ဆိုပြီး ကုလ အထူးကိုယ်စားလှယ်က ပြောတာ ဖြစ်ပါတယ်။

    အရင် အတွေ့အကြုံတွေ အရဆိုရင်၊ အခုလို တပ်အသစ်တွေ ထပ်ဖြည့်ပြီးရင် ပစ်ခတ်သတ်ဖြတ်တာ၊ လူတွေကို ဖမ်းဆီးတာတွေ နောက်ဆက်တွဲ ဖြစ်လာစမြဲပဲလို့ မစ္စတာအင်ဒရူးစ်က ပြောပါတယ်။

    လူထု ဆန္ဒပြပွဲတွေ အရှိန်မြှင့်လုပ်ဖို့ စီစဥ်ထားချိန်၊ တပ်အရွှေ့အပြောင်းတွေ ရှိလာနေတာဟာ စစ်တပ် အနေနဲ့ တိုင်းသူပြည်သားတွေ အပေါ် ကြီးကြီးမားမား ကျုးလွန်တော့မယ့် အခြေအနေပဲ ဆိုပြီး လူ့အခွင့်အရေး ဆိုင်ရာ အထူးကိုယ်စားလှယ်က သုံးသပ်ပါတယ်။

    ပြီးခဲ့တဲ့ ရက်တွေတုန်းကလည်း နေပြည်တော်၊ မန္တလေး၊ မြစ်ကြီးနားနဲ့ မြောင်းမြ အပါအ၀င် နေရာတချို့မှာ အဓိကရုဏ်း ဖြိုခွဲရေး လက်နက်တွေ သုံးပြီး အကြမ်းနည်းနဲ့ ဆန္ဒပြပြည်သူတွေကို စစ်တပ်က ဖြိုခွဲခဲ့ပါတယ်။

    အဲဒါတွေထက် ပိုပြီးကြီးမားတဲ့ အတိုင်းအတာနဲ့ စစ်တပ်ဘက်က အကြမ်းဖက်လာတော့မယ် ဆိုပြီး တွမ်အင်ဒရူးစ်က သတိပေးနေတာ ဖြစ်ပါတယ်။

    ဒါ့ကြောင့် တရုတ်၊ ရုရှားလို့ နာမည်တပ် မပြောပေမယ့် မြန်မာစစ်တပ် အပေါ် ဩဇာသက်နိုင်တဲ့ အစိုးရတွေ အနေနဲ့ ဗုဒ္ဓဟူးနေ့ ဆန္ဒပြပွဲတွေကို အကြမ်းမဖက်ပဲ ခွင့်ပြုပေးဖို့ မြန်မာ စစ်အစိုးရကို ပြောကြပါဆိုပြီး မစ္စတာ အင်ဒရူးစ်က တိုက်တွန်းနေပါတယ်။

    မြန်မာစစ်ကောင်စီနဲ့ ဆက်ဆံနေတဲ့ နိုင်ငံတကာ စီးပွားရေး အသိုင်းအ၀ိုင်းက သူတွေ အနေနဲ့လည်း မြန်မာစစ်တပ်က အကြမ်းဖက်ရင် စီးပွားရေး ဆက်လုပ်လို့ မဖြစ်နိုင်တော့တဲ့ အကြောင်း စစ်အာဏာပိုင်တွေ သိအောင်ပြောကြပါလို့လည်း မစ္စတာ အင်ဒရူးစ်က ပန်ကြားပါတယ်။

    လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ထိန်းမရအောင် ဆိုးဆိုးရွားရွား ကျူးလွန်နေပြီဆို အဲဒီနေရာမှာ စီးပွားရေး ဆက်မလုပ်ပဲ ရပ်ပစ်ရမယ် ဆိုတဲ့ ကုလသမဂ္ဂက သတ်မှတ်ထားတဲ့ မူအခြေခံလည်း ရှိနေပါတယ်။

    မြန်မာစစ်တပ် အနေနဲ့ ကျင့်၀တ်အရ ဖြစ်စေ၊ ဥပဒေကြောင်းအရ ဖြစ်စေ အကြမ်းမဖက်ရေး အခြေခံမူတွေကို လေးစားမယ် ဆိုပြီး မျှော်လင့်လို့ မရတဲ့ အတွက် သူတို့အပေါ် ဩဇာသက်နိုင်တဲ့ အစိုးရတွေ၊ စီးပွားရေး အဆက်အဆံ ရှိတဲ့ သူတွေကို အခုလို တိုက်တွန်းနေရတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

  6. မြ၀တီဘဏ်တွေမှာသုံးတဲ့ ဆော့ဖ်၀ဲ ဘယ်ကရလဲ

    မြ၀တီဘဏ်

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, တစ်ရက်ကို လူ အယောက် ၂၀၀၊ တစ်ယောက်ကို သိန်း ၅၀ သာ အများဆုံးထုတ်နိုင်

    မြန်မာစစ်တပ်ပိုင် စီးပွားရေး လုပ်ငန်းတွေနဲ့ ဆက်ဆံ ပတ်သက်မှုတွေ ဆက်ရှိနေလို့ ဆိုပြီး စောင့်ကြည့်သူတွေ ၀ေဖန်ကြတဲ့ နိုင်ငံတကာ ကုမ္ပဏီတွေထဲ အိန္ဒိယ အခြေစိုက် နည်းပညာ ကုမ္ပဏီ Infosys လည်း ပါ၀င်လာပါတယ်။

    စစ်တပ်ပိုင် မြ၀တီဘဏ် အတွက် ဆော့ဖ်၀ဲပိုင်း ဆိုင်ရာ နည်းပညာတွေဟာ Infosys ကုမ္ပဏီ ဆီကရတာ ဖြစ်ပါတယ်။

    Infosys ကထုတ်တဲ့ စီးပွားရေးသုံး ဆော့ဖ်၀ဲ EdgeVereve ကို မြ၀တီဘဏ်မှာ ၂၀၁၈ ကတည်းက စသုံးခဲ့တာလို့ နားလည်ရပါတယ်။

    Information System ရဲ့ အတိုကောက် Infosys အင်ဖိုစစ် လို့ နာမည်ပေးထားတဲ့ ကုမ္ပဏီဟာ အိန္ဒိယနိုင်ငံ၊ ကာနားတက္ကားပြည်နယ်မြို့တော် ဘန်ဂလောမှာ အခြေစိုက်တာ ဖြစ်ပါတယ်။

    မြန်မာစစ်တပ်ပိုင် မြ၀တီဘဏ်နဲ့ အလုပ်လုပ်လို့ ဆိုပြီး Infosys ပြစ်တင်ရှုတ်ချ ခံနေရတဲ့ အချက်ဟာ ယူကေနိုင်ငံထဲမှာလည်း အတော်လေး စိတ်၀င်စား ခံရပါတယ်။

    အကြောင်းကတော့ Infosys ကို ၁၉၈၁ မှာ ထူထောင်ခဲ့တဲ့ ဘီလျံနာသူဌေး နာရာယနာ မူရ်သီ ဟာ ယူကေရဲ့ လက်ရှိ ဘဏ္ဍာရေး၀န်ကြီး ရီရှီဆွန်းနက်ခ်ရဲ့ ယောက္ခမ ဖြစ်နေလို့ပါ။

    စစ်အာဏာသိမ်းမှု မတိုင်ခင် ပြီးခဲ့တဲ့ နှစ်တွေ ကတည်းက မြန်မာ စစ်တပ် အပေါ် စစ်ရာဇ၀တ်မှု၊ လူမျိုးတုန်း သတ်ဖြတ်မှု နိုင်ငံတကာ စွဲချက်တွေ ရှိနေခဲ့ပြီး၊ စစ်တပ်ပိုင် လုပ်ငန်းတွေနဲ့ မပတ်သက်ဖို့ နှိုးဆော်နေကြတာ ဖြစ်ပါတယ်။

    မြန်မာပြည်တွင်းကို ကြည့်ရင်လည်း စစ်တပ်ပိုင် မြ၀တီဘဏ်တွေမှာ အပ်ထားတဲ့ စုငွေတွေကို ပြန်ထုတ်ယူနေကြတာ များလွန်းလာတဲ့ အတွက် တစ်ရက်ကို လူ အယောက် ၂၀၀၊ တစ်ယောက်ကို သိန်း ၅၀ အများဆုံး ဆိုပြီး ကန့်သတ်ထားပါတယ်။

  7. MPT က လာတဲ့ မက်ဆေ့ချ်တွေ တရုတ်လိုတွေ ရေးထား

    MPT

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, MPT မက်ဆေ့ချ်တွေ တရုတ်လို ဖြစ်နေ

    မြန်မာပြည်မှာ ည သန်းခေါင်ကျော် ၁ နာရီက စပြီး မနက် ၉ နာရီ အထိ အင်တာနက် ဖြတ်တာမျိုုး အာဏာသိမ်းစစ်တပ်က လုပ်နေတာ ၃ ည ဆက် ရှိနေပြီ ဖြစ်ပါတယ်။

    လာမယ့် သီတင်းပတ်ထဲထိ အခုလို ပြတ်တောက်တာတွေ ဆက်ဖြစ်နေနိုင်တယ်လို့ ပြည်တွင်းကလာတဲ့ သတင်းတွေက ဆိုပါတယ်။

    ဘာလို့အခုလို ဖြတ်တောက်နေတာလဲ၊ အဲဒီကာလ အပိုင်းအခြားအတွင်းမှာ ဘာတွေ လုပ်နေတာလဲ ဆိုတာတွေကိုတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။

    အင်္ဂါနေ့ အစောပိုင်းတုန်းကတော့ အစိုးရပိုင် MPT ကတ်ထည့်ထားတဲ့ ဖုန်းတွေမှာ မက်ဆေ့ချ် အလိုအလျောက် ပြန်စာတွေကို တရုတ်လို ရေးထားတာတွေ လက်ခံရနေတယ်လို့ ကိုယ်တွေ့ ကြုံသူတွေက ပြောကြပါတယ်။

    အရင်ရက်တွေကတည်းက အာဏာသိမ်း မြန်မာစစ်တပ်ဟာ အင်တာနက် နည်းပညာနဲ့ ပတ်သက်ပြီး လုံခြုံရေး စနစ်မြှင့်တင်တာ အပါအ၀င် လူအများကို ထိန်းချုပ်စောင့်ကြည့်နိုင်အောင် တရုတ် ပညာရှင်တွေရဲ့ အကူအညီရယူနေတယ်ဆိုတဲ့ ထင်မြင်ချက်တွေ လူအများကြား ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေပါတယ်။

    ကူမင်းနဲ့လည်း နေ့စဥ် လေယာဥ် အတက်အဆင်းတွေ ရှိနေတာကို ထောက်ပြပြီး အာဏာသိမ်း မြန်မာ စစ်တပ်ဟာ တရုတ်ဆီက အကူအညီတွေ ရနေတယ်လို့ ပြောကြတာ ဖြစ်ပါတယ်။

    တရုတ်သံရုံးကတော့ လေယာဥ်ခရီးစဥ်တွေဟာ အရင်ရှိနှင့်ပြီး ကုန်သွယ်ရေး သဘောတူချက်တွေ အရ၊ ပင်လယ်စာလိုမျိုး စားသောက်ကုန်တွေ တရုတ်ပြည်တွင်းကို သယ်ယူနေတာ ဖြစ်တယ်လို့ ပြောထားပါတယ်။

    MPT

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, အစိုးရ MPT ကတ်ကနေ တရုတ်လို ပြန်စာပို့နေ
    MPT

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, အင်တာနက် ဖြတ်တဲ့အချိန် စစ်အစိုးရ ဘာတွေလုပ်နေလဲ ဆိုတဲ့ မေးခွန်းတွေ ပေါ်ထွက်
    MPT

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, MPT က စာတွေ တရုတ်လို ရေးထားတာ ဘာ့ကြောင့်လဲ
  8. မြန်မာစစ်တပ်ရဲ့ လီဆယ် ချဲ့ကားမှုဆိုပြီး ယူကေ၀န်ကြီးချုပ် ပြစ်တင်

    Skip X post
    X ၏အကြောင်းအရာများကို ပြခွင့်ပြုမှာလား။

    ယခုဆောင်းပါးတွင် X မှ အကြာင်းအရာများပါဝင်ပါသည်။ ယင်းဆိုက်မှ ကွတ်ကီးနှင့်အခြားနည်းပညာများသုံးနိုင်သဖြင့် စာမျက်နှာကို မဖွင့်ခင် သင့်ခွင့်ပြုချက်ကိုတောင်းခံပါသည်။ သင်မဆုံးဖြတ်ခင် X ကွတ်ကီးမူဝါဒ နှင့် ကိုယ်ရေးအချက်အလက်လုံခြုံမှု မူဝါဒ တို့ကို ဖတ်ရှုနိုင်ပါသည်။ သဘောတူလျင် 'လက်ခံပြီးဆက်သွားပါမည်' ဆိုသည်ကို ရွေးချယ်ပေးပါ။

    သတိပေးချက်- ပြင်ပဝက်ဆိုက်များတွင်ပါဝင်သောအကြောင်းအရာများအတွက် ဘီဘီစီကတာဝန်မယူပါ။

    End of X post

    ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်း စစ်တပ်က ပုဒ်မသစ်ထပ်တိုးပြီး တရားစွဲတာကို ယူကေ ၀န်ကြီးချုပ် ဘောရစ်ဂျွန်ဆင် ကလည်း ပြစ်တင် ၀ေဖန်ပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်အပေါ် ပုဒ်မသစ်တွေတပ်တဲ့ မြန်မာစစ်တပ်ရဲ့ လီဆယ် ချဲ့ကားမှုတွေဟာ လူ့အခွင့်အရေးကို ချိုးဖောက်နေတာ အင်မတန် ထင်ရှားလှတယ်လို့ ၀န်ကြီးချုပ် ဂျွန်ဆင်က တွစ်တာပေါ်မှာ ရေးပါတယ်။

    ယူကေလည်းပဲ မြန်မာပြည်သူတွေ နဲ့အတူ ရပ်တည်တယ်လို့ ၀န်ကြီးချုပ်ဂျွန်ဆင်က ဆိုရင်းမှာပဲ၊ စစ်အာဏာသိမ်းတဲ့ လုပ်ရပ် အတွက် တာ၀န်ရှိသူတွေ အားလုံးကို သေချာပေါက် အရေးယူနိုင်ဖို့ လုပ်ဆောင်မယ်လို့လည်း ကတိပြုပါတယ်။

  9. ဒေါ်အောင်ဆန်းစုကြည်အပေါ် ပုဒ်မထပ်တိုးတဲ့ လုပ်ရပ်ကို အမေရိကန် ရှုတ်ချ

    ဒေါ်အောင်ဆန်းစုကြည်

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ဒေါ်အောင်ဆန်းစုကြည် အပေါ် ထောက်ခံကြောင်း ဆန္ဒပြပွဲတွေ ဆက်လက် ဖြစ်ပေါ်

    ဒေါ်အောင်ဆန်းစုကြည် အပေါ် ပုဒ်မ နောက်တစ်ခု ထပ်တိုးပြီး အမှုစွဲတင်လိုက်တဲ့ အာဏာသိမ်း မြန်မာ စစ်ခေါင်းဆောင်တွေကို အမေရိကန် အစိုးရက ပြစ်တင် ရှုတ်ချ လိုက်ပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်ကို ချက်ခြင်း ပြန်လွှတ်ဖို့လည်း ထပ်လောင်း တောင်းဆိုပါတယ်။

    “နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ထပ်တိုး ရာဇ၀တ်ပုဒ်မတွေနဲ့ တရားစွဲတဲ့ သတင်းတွေ ကြားရတဲ့ အတွက် အမေရိကန် အစိုးရ အနေနဲ့ အင်မတန် စိတ်မသက်မသာ ဖြစ်ရတယ်” ဆိုပြီး အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရ နက်ဒ်ပရိုက်စ်က သတင်းထောက်တွေကို ပြောပါတယ်။

    ဥပဒေမဲ့ ဖမ်းဆီးထားတဲ့ အရပ်သားတွေ၊ နိုင်ငံရေးခေါင်းဆောင်တွေ၊ စာနယ်ဇင်းသမားတွေ၊ လူ့အခွင့်အရေး လှုပ်ရှားသူတွေ အားလုံးကို ချက်ခြင်း ပြန်လွှတ်ဖို့လည်း မြန်မာစစ်တပ်ကို တောင်းဆိုတယ်လို့ နက်ဒ်ပရိုက်စ်က ပြောပါတယ်။

    ဒါ့အပြင် ရွေးကောက်ခံ အစိုးရလက်ထဲ အာဏာပြန်အပ်ဖို့လည်း အမေရိကန် အစိုးရက ထပ်လောင်း တောင်းဆို ထားပါတယ်။

    စစ်ကောင်စီ လက်ထက် ပထမဆုံး ပြုလုပ်တဲ့ အင်္ဂါနေ့ သတင်းစာရှင်းလင်းပွဲမှာတော့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦး၀င်းမြင့် တို့ကို အချုပ်ချထားတဲ့ ပုံစံမျိုး မဟုတ်ပဲ၊ သက်ဆိုင်ရာ နေအိမ်တွေမှာ ထိန်းသိမ်းထားတာ ဖြစ်တယ်လို့ အာဏာသိမ်း စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက သတင်းထောက်တွေကို ပြောရင်းမှာပဲ သူတို့ ကျန်းကျန်းမာမာ ရှိနေတယ်လို့လည်း ဆိုပါတယ်။

    အင်္ဂါနေ့ အစောပိုင်းတုန်းက ဒေါ်အောင်ဆန်းစုကြည်ကို အွန်လိုင်းဗီဒီယို ကနေ တဆင့် ရုံးထုတ်ရင်း စွဲလက်စ ပို့ကုန်၊ သွင်းကုန်ဥပဒေ ပုဒ်မ ၈နဲ့ တင်မက သဘာဝဘေးအန္တရာယ် စီမံမှုဥပဒေ ပုဒ်မ ၂၅ ပါ ထပ်တိုး လိုက်တာ ဖြစ်ပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ ပြည်တွင်းပြည်ပ တောင်းဆို

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ ပြည်တွင်းပြည်ပ တောင်းဆို
    ဒေါ်အောင်ဆန်းစုကြည်

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်မှာ ထိန်းသိမ်းထားကြောင်း စစ်ကောင်စီ ပြောခွင့်ရသူ အတည်ပြု
  10. ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းနဲ့ ပတ်သက်ပြီး စစ်ကောင်စီ စွပ်စွဲ

    ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းမှာ နိုင်ငံခြားငွေတွေ စီးဆင်းနေတာ တွေ့ထားရတယ်လို့ အာဏာသိမ်း စစ်ကောင်စီက ပြောပါတယ်။

    စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် NLD ခေါင်းဆောင်တွေကို ဖမ်းဆီးထားတာနဲ့ ပတ်သက်ပြီး သတင်းထောက် တစ်ယောက်ရဲ့ အမေးကို စစ်ကောင်စီ ပြောခွင့်ရက တုံ့ပြန်တဲ့အခါ အဲဒီလို ထည့်သွင်းပြောတာ ဖြစ်ပါတယ်။

    နိုင်ငံတော်လုံခြုံရေး အရ လုပ်ဆောင်နေတာ၊ အချုပ်အခြာ အာဏာပိုင် နိုင်ငံဖြစ်ဖို့ လုပ်ဆောင်နေတာလို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောရင်း တဆက်တည်းမှာပဲ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းနဲ့ ပတ်သက်ပြီး နိုင်ငံရပ်ခြားက လာတဲ့ ငွေ အ၀င်အထွက်တွေ ရှိနေတယ်လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

    ဖော်ထုတ်ထားတာ တချို့ ရှိနေပြီး အချိန်ကျရင် အများကို ပွင့်လင်းမြင်သာ ဖြစ်အောင် ချပြမယ်လို့ ဆိုပါတယ်။

    မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးမှု အနည်းဆုံး အရပ်ဒေသတွေမှာ ပညာရေးနဲ့ ကျန်းမာရေး အပါအ၀င် လူမှုဘ၀တွေ ဖွံ့ဖြိုးလာအောင် ကူညီနိုင်ဖို့ ရည်ရွယ်ချက်နဲ့ နိုဘယ် ငြိမ်းချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်းစုကြည်က ကွယ်လွန်သူ မိခင်ကြီး နာမည်နဲ့ ၂၀၁၂ မှာ အဲဒီ ပရဟိတ ဖောင်ဒေးရှင်းကို ထူထောင်ခဲ့တာ ဖြစ်တယ်လို့ အသင်းရဲ့ တရား၀င် ၀က်ဘ်ဆိုက် စာမျက်နှာမှာ ရေးသားထားပါတယ်၊

    ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းကနေတဆင့် နိုင်ငံခြား အထောက်အပံ့တွေ ရနေတယ်၊ နိုင်ငံခြား ဩဇာခံ ဖြစ်နေတယ် ဆိုတဲ့ သဘောနဲ့ “နိုင်ငံတော်လုံခြုံရေး” ၊ “အချုပ်အခြာ အာဏာပိုင် နိုင်ငံ” စတဲ့ စကားလုံးတွေ သုံးစွဲပြီး အာဏာသိမ်း စစ်တပ်က စွပ်စွဲလာတာ ဖြစ်ပါတယ်။

    အင်္ဂါနေ့ အစောပိုင်းတုန်းကလည်း ဒေါ်အောင်ဆန်းစုကြည်ကို အွန်လိုင်းဗီဒီယို ကနေ တဆင့် ရုံးထုတ်ရင်း ပုဒ်မ နောက်တစ်ခု တိုးပြီး အမှု စွဲတင်ခဲ့ပါတယ်။

    စွဲလက်စ ပို့ကုန်၊ သွင်းကုန်ဥပဒေ ပုဒ်မ ၈နဲ့ တင်မက သဘာဝဘေးအန္တရာယ် စီမံမှုဥပဒေ ပုဒ်မ ၂၅ ပါ ထပ်တိုးတာ ဖြစ်ပါတယ်။

    အခုလို ဒေါ်ခင်ကြည် ဖောင်ံဒေးရှင်းနဲ့ ပတ်သက်ပြီး အာဏာသိမ်း စစ်တပ်က စွပ်စွဲတာတွေ လုပ်လာတာကို ကြည့်ရင် ဒေါ်အောင်ဆန်းစုကြည် အပေါ် နောက်ထပ် ပုဒ်မတွေ ထပ်တိုးလာဖွယ် ရှိတယ် ဆိုတဲ့ သုံးသပ်မှုတွေလည်း ထွက်လာစေပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ဖောင်ဒေးရှင်းရဲ့ ငွေစာရင်းကို အကြောင်းပြပြီး ဒေါ်အောင်ဆန်းစုကြည်ကို ပုဒ်မတွေ ထပ်တပ်လာနိုင်လား မေးခွန်းတွေ ထွက်ပေါ်
  11. မင်္ဂလာပါ။ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို အချိန်နဲ့ တပြေးညီ တိုက်ရိုက် တင်ဆက်မှု စတင်ပါပြီ။

    ပြီးခဲ့တဲ့ ရက်ပိုင်းက သတင်းတွေကို တိုက်ရိုက်တင်မှုကိုတော့ ဒီနေရာမှာ တစ်စုတစ်စည်းတည်း ပြန်လည်ဖတ်ရှုနိုင်ပါတယ်။