ဖေဖေါ်ဝါရီ ၂၂ ဆန္ဒပြပွဲနဲ့ပတ်သက်ပြီး အာဏာသိမ်းစစ်ကောင်စီ သတိပေး

ဖေဖော်ဝါရီလ၂၂ ရက်နေ့မှာ ပင်စင်စားတွေ လစာမထုတ်နိုင်အောင်တားဆီး၊ နှောင့်ယှက်၊ အဓမ္မဖိအားပေးမယ်လို့ လူမှုကွန်ရက်မှာ ပြောနေကြကြောင်းလည်း စွပ်စွဲထားပါတယ်။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. မမြသွဲ့သွဲ့ခိုင် ကွယ်လွန်

    နေပြည်တော်က စစ်အာဏာသိမ်း ဆန့်ကျင်ဆန္ဒပြပွဲမှာ ဦးခေါင်းကို သေနတ်ကျည် ထိမှန်ခဲ့ပြီး ပြင်းထန်ဒဏ်ရာ ရရှိခဲ့တဲ့ မမြသွဲ့သွဲ့ခိုင်ဟာ ဒီနေ့ ဖေဖော်ဝါရီ ၁၉ ရက်မနက် ၁၁ နာရီမှာ ကွယ်လွန်သွားပြီလို့ နေပြည်တော် ခုတင်တစ်ထောင် ဆေးရုံက ဆရာဝန်တစ်ဦးက ဘီဘီစီကိုအတည်ပြုပါတယ်။ ကွယ်လွန်သွားပြီဖြစ်တဲ့ မမြသွဲ့သွဲ့ခိုင်ရဲ့ ရုပ်အလောင်းကို ရင်ခွဲစစ်ဆေးဖို့ စီစဉ်နေပါတယ်။

    ထပ်မံရရှိတဲ့သတင်းကို ဆက်လက်တင်ဆက်ပေးပါမယ်။

    မွန်းလွဲ ၁၂ ကျော်မှာ သိရှိရတဲ့ ထပ်မံဖြည့်စွက်ချက်။ မမြသွဲ့သွဲ့ခိုင်ရဲ့ ရုပ်အလောင်းကို ယခုအခါ ရေခဲတိုက်ကို သယ်ဆောင်သွားပြီဖြစ်ပါတယ်။ မမြသွဲ့သွဲ့ခိုင်ရဲ့ ဈာပန အခမ်းအနားအတွက် ဈာပနကျင်းပရေးကော်မတီတစ်ရပ်ကိုလည်း ဖွဲ့စည်းလိုက်တာ တွေ့ရပြီး ဈာပနကော်မတီကိုဆက်သွယ်ဖို့ ဖုန်းနံပါတ် ၇ လုံးကို ထည့်သွင်းဖော်ပြထားတာတွေ့ရပါတယ်။ ဖေဖော်ဝါရီ ၉ ရက်မှာ နေပြည်တော်မှာ စစ်အာဏာသိမ်းဆန့်ကျင်ဆန္ဒပြပွဲမှာ ရှိနေစဉ် ရဲတပ်ဖွဲ့ ပစ်ခတ်လိုက်တဲ့ သေနတ်ကျည်ဆန် ထိမှန်တာကြောင့် အသက် ၁၉ နှစ်အရွယ် မမြသွဲ့သွဲ့ခိုင် ရုတ်ချည်း ပစ်လဲကျသွားတဲ့ ဗီဒီယိုဖိုင်က လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့ပါတယ်။ မမြသွဲ့သွဲ့ခိုင်ရဲ့ဖြစ်စဉ်နဲ့ ပတ်သက်လို့ အာဏာသိမ်းစစ်ကောင်စီ သတင်းစာရှင်းလင်းပွဲမှာ ပြောရေးဆိုခွင့်အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက မမြသွဲ့သွဲ့ခိုင် ရရှိခဲ့တဲ့ ဒဏ်ရာဟာ သေနတ်ဒဏ်ရာ ဖြစ်ကြောင်းနဲ့ ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ စုံစမ်းမှုတွေ ပြုလုပ်မယ်လို့ ပြောကြားထားပါတယ်။ မမြသွဲ့သွဲ့ခိုင်ဟာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်း ဆန့်ကျင်လှုပ်ရှားမှုအတွင်း ပထမဆုံး အသက်ဆုံးရှုံးခဲ့သူတစ်ဦး ဖြစ်ပါတယ်။ သူဟာ ဆယ်တန်းကျောင်းသူတစ်ဦးဖြစ်ပြီး ဖခင်မရှိတော့ဘဲ မိခင်နဲ့ မွေးချင်းမောင်နှမ လေးဦးရှိကြောင်း အစ်မဖြစ်သူက မီဒီယာတွေကို ဖြေကြာထားပါတယ်။ ဈာပနလုပ်မယ့်အစီအစဉ်ကို တိုင်ပင်နေပြီး အသေးစိတ်ကို ထပ်မံထုတ်ပြန်မယ်လို့ ဈာပနကျင်းပရေး ကော်မတီဝင်တစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    Naypyidaw

    ဓာတ်ပုံ ရင်းမြစ်, Social Media

  2. ဖောင်ကြီးကိုဗစ်ကုသရေးဌာနမှာ တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်တွေနဲ့ ကုသမယ်လို့ထုတ်ပြန်

    ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်ရှိ COVID-19 ရောဂါ ကုသရေးဌာန(ဖောင်ကြီး)မှာ ရောဂါ ကူးစက်ခံရသော လူနာများအား ကုသစောင့်ရှောက်မှုတွေပေးဖို့ တပ်မတော်သား ဆေးဝန်ထမ်း တပ်ဖွဲ့ဝင် သီးသန့်နဲ့ ကုသရေးလုပ်ငန်းလည်ပတ်မှုယန္တရားဆောင်ရွက်နိုင်ဖို့ ပါရဂူ၊ ဆေးမှူးနဲ့ သူနာပြုကျွမ်းကျင် အရာရှိတွေဟာ ဖေဖော်ဝါရီ ၁၈ ရက်နေ့က တာဝန်ထမ်းဆောင်ဖို့သွားရောက်ခဲ့ကြတယ်လို့ တပ်မတော် ဆေးတက္ကသိုလ်ကအသိပေးထုတ်ပြန်ထားပါတယ်။

    လက်ရှိမှာ အရပ်ဘက် ကျန်းမာရေးကဏ္ဍ ဆရာဝန်တွေဟာ တပ်မတော်က အာဏာသိမ်းယူပြီး လက်ရှိအစိုးရ အဖွဲ့ကို ဖယ်ရှားခဲ့တာကြောင့် စစ်အစိုးရပြုတ်ကျရေးအတွက် လူထုအာဏာဖီဆန်မှု CDM လှုပ်ရှားမှုကို ပါဝင်ဆောင်ရွက်နေတာကြောင့် အစိုးရဆေးရုံအများစုမှာ ပိတ်ထားရတဲ့အခြေအနေလည်းဖြစ်ပါတယ်။

    CDM

    ဓာတ်ပုံ ရင်းမြစ်, photo-Defence Services Medical Academy - DSMA

  3. ဆူးလေလမ်းတလျှောက် ပိတ်ဆို့ထား ၁၉ ဖေဖေါ်၀ါရီ

    ရန်ကုန်မြို့လယ် ဆူးလေဘုရားလမ်းတလျှောက် ဒီနေ့မနက် လုံခြုံရေးအပြည့်ချပြီး လမ်းပိတ်ထား။ #ဘီဘီစီမြန်မာပိုင်း

    ဓာတ်ပုံ- ရွှေအင်းသားခင်မောင်၀င်း

    ဆူးလေ
    ဓာတ်ပုံ ပုံစာ, ဆန္ဒပြသူတွေကို မြို့တော်ခန်းမ၊ ဆူးလေနား အကပ်ခံမယ့်ပုံ မရှိ
    မြို့လယ်မှာ လုံခြုံရေးအပြည့်ချ
    ဓာတ်ပုံ ပုံစာ, မြို့လယ်မှာ လုံခြုံရေးအပြည့်ချ
    အရှိန်ကောင်းနေတဲ့ လူထု ဆန္ဓပြပွဲကို ထိန်းချုပ်ဖို့ ကြိုးစား
    ဓာတ်ပုံ ပုံစာ, အရှိန်ကောင်းနေတဲ့ လူထု ဆန္ဓပြပွဲကို ထိန်းချုပ်ဖို့ ကြိုးစား
  4. ကျန်းမာရေး၀န်ထမ်းတွေကို ဖမ်းနေတာတွေရပ်ဖို့ လူ့အခွင့်အရေးဆိုင်ရာ သမားတော်များ အဖွဲ့ တောင်းဆို

    ကျန်းမာရေး၀န်ထမ်း

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ကျန်းမာရေး၀န်ထမ်းတွေကို ပစ်မှတ်ထားတဲ့ မြန်မာစစ်တပ်ကို "လူ့အခွင့်အရေးအတွက် သမားတော်များ အဖွဲ့" ပြစ်တင်ရှုတ်ချ

    မြန်မာပြည်မှာ အာဏာသိမ်း စစ်တပ်ဟာ ဆန္ဒပြပြည်သူတွေကို အင်အား အလွန်အကျွံသုံးပြီး ဖြိုခွဲနေတာ၊ ကျန်းမာရေး၀န်ထမ်းတွေကို ပစ်မှတ်ထား ဖမ်းနေတာတွေ ချက်ခြင်းရပ်ဖို့ အမေရိကန် အခြေစိုက် လူ့အခွင့်အရေးဆိုင်ရာ သမားတော်များ အဖွဲ့ PHR က တောင်းဆိုလိုက်ပါတယ်။

    “ကျန်းမာရေး၀န်ထမ်းတွေ အပါအ၀င် ဆန္ဒပြ မြန်မာပြည်သူတွေကို စစ်တပ်က ဖြိုခွဲ ဖမ်းဆီးနေတာတွေဟာ သူတို့ရဲ့ အခြေခံအခွင့်အရေးကို ချိုးဖောက်တာဖြစ်ပြီး၊ တရားမမျှတတဲ့ လုပ်ရပ်ဖြစ်တယ်” လို့ PHR အဖွဲ့က ထုတ်ပြန်ပါတယ်။

    အများပြည်သူ စုရုံးလှည့်လည်တဲ့ ဆန္ဒပြပွဲတွေကို အဓိကရုဏ်း ဖြိုခွဲရေး လက်နက်တွေသုံးပြီး ကိုင်တွယ်နေတဲ့ အခြေအနေဟာလည်း အင်မတန် စိုးရိမ်စဖွယ် ဖြစ်ပြီး၊ ဖမ်းခံရသူတွေ အနေနဲ့လည်း စစ်တပ်ရဲ့ လက်ထဲ ဥပဒေကြောင်းအရ ခုခံချေပ ပိုင်ခွင့်မျိုး ရှိမနေဘူးလို့လည်း အဲဒီအဖွဲ့က ပြစ်တင်၀ေဖန်ပါတယ်။

    “အများပြည်သူရဲ့ အခွင့်အရေးတွေကို ကာကွယ်စောင့်ရှောက်ပေးဖို့ တာ၀န်ရှိတဲ့ လုံခြုံရေးတပ်ဖွဲ့တွေကိုယ်တိုင် လူတွေရဲ့ အခွင့်အရေးကို ချိုးဖောက်နေတာ ဖြစ်တယ်” လို့ PHR အဖွဲ့က ၀ေဖန်ပါတယ်။

    သူတို့ထောက်ပြတဲ့ အထဲမှာ နေပြည်တော် ဆန္ဒပြပွဲအတွင်း ဦးခေါင်းကို သေနတ်နဲ့ အပစ်ခံခဲ့ရတဲ့ အမျိုးသမီးသမီးငယ် မမြသွဲ့သွဲ့ခိုင် ဖြစ်ရပ်လည်း ပါ၀င်ပါတယ်။

    “အင်မတန် တုန်လှုပ်ဖွယ်ရာ ကျုးလွန်မှုဖြစ်တယ်၊ နိုင်ငံတကာ ဥပဒေကို ချိုးဖောက်တဲ့ လုပ်ရပ်ဖြစ်တယ်” လို့ PHR အဖွဲ့က ပြောပါတယ်။

    လူအုပ်ကို ခွဲဖို့ ကြိုးစားတဲ့အခါ၊ နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေ ဆိုင်ရာ စည်းမျဥ်းစည်းကမ်းတွေနဲ့အညီသာ လုပ်ဆောင်ရမှာဖြစ်တယ်လို့ ဆိုပါတယ်။

    မြန်မာစစ်တပ် ကျုးလွန်နေတာတွေကို PHR အနေနဲ့ ဆက်လက် ထောက်ပြ၀ေဖန်နေမှာဖြစ်ပြီး၊ တရားမျှတမှု ပေါ်ပေါက်လာဖို့၊ လူ့အခွင့်အရေး ချိုးဖောက်တဲ့ လုံခြုံရေးတပ်ဖွဲ့တွေကို အပြစ်ပေး အရေးယူနိုင်တဲ့ အထိ ဖြစ်လာစေဖို့ ကြိုးစားသွားမယ်လို့ ဆိုပါတယ်။

    မြန်မာစစ်တပ်ကတော့ အရပ်ဘက် ဆရာ၀န်တွေ၊ ကျန်းမာရေး၀န်ထမ်းတွေ CDM လုပ်သပိတ်မှောက် နေကြတဲ့ အတွက်၊ သူတို့ရဲ့ စစ်ဆရာ၀န်တွေက အစားထိုး တာ၀န်ယူကု ပေးနေတယ်၊ စစ်ဆေးရုံတွေမှာ လက်ခံကုပေးနေတယ် အစရှိသဖြင့် ပြောဆိုနေပါတယ်။

    မမြသွဲ့သွဲ့ခိုင် ဖြစ်ရပ်လည်းမှာလည်း ကျည်အစစ်နဲ့ ပစ်လိုက်တာ ဆိုတဲ့ အချက်အပေါ် မငြင်းဆိုပဲ၊ လုံခြုံရေးတပ်ဖွဲ့တွေကို ခဲနဲ့ပစ်သူတွေထဲ အဲဒီ အမျိုးသမီးငယ်လည်း ပါတယ်ဆိုပြီး တန်ပြန် စွပ်စွဲတာတွေ ပြုလုပ်ထားပါတယ်။

    CDM လှုပ်ရှားမှုကို စတင်ခဲ့တဲ့ ကျန်းမာရေး ၀န်ထမ်းတွေကိုတော့ မြန်မာပြည်တလွှား သန်းခေါင်ယံ လူဖမ်းပွဲတွေ လုပ်ပြီး နေအိမ်တွေကို စီးနင်းတာ၊ ဖိအားပေး အကျပ်ကိုင်တာတွေ လုပ်နေတဲ့ သတင်းတွေ ဆက်တိုက် ကြားသိနေရပါတယ်။

    မမြသွဲ့သွဲ့ခိုင်

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, မမြသွဲ့သွဲ့ခိုင်ကို ပစ်ခတ်တာ နိုင်ငံတကာ ဥပဒေကို ချိုးဖောက်တာပဲလို့ ၀ေဖန်
    PHR

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ကျုးလွန်သူတွေကို အရေးယူနိုင်ရေး ဆက်လုပ်ဆောင်မယ်
  5. မြန်မာပြည်လက်ရှိ အခြေအနေဟာ သူတို့မြင်လိုတဲ့ အနေအထား မဟုတ်ဘူးလို့ တရုတ်ပြော

    တရုတ်

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, မြန်မာစစ်တပ်ကို ကျောထောက်နောက်ခံ ပြုပေးထားတယ်ဆိုတဲ့ အမြင်နဲ့ တရုတ်သံရုံးရှေ့ ဆန္ဒပြ

    အာဏာသိမ်း မြန်မာခေါင်းဆောင်တွေကို ယူကေနဲ့ ကနေဒါတို့က အရေးယူ ပိတ်ဆို့ချိန်မှာပဲ၊ တရုတ်ကလည်း မြန်မာပြည် လက်ရှိ အနေအထားဟာ သူတို့ မြင်လိုတွေ့လိုတဲ့ အနေအထား မဟုတ်ပါဘူးလို့ ပြောပါတယ်။

    တရုတ်နိုင်ငံခြားရေးဌာနရဲ့ နေ့စဥ် သတင်းစာ ရှင်းလင်းပွဲ မှာ ပြောခွင့်ရ ဟွာချန်ယင်း ပြောသွားတာပါ။

    “မြန်မာ နိုင်ငံ မျက်မှောက်ရေးနဲ့ ပတ်သက်ပြီး တရုတ် အနေနဲ့ ထပ်ပြန်တလဲလဲ ပြောခဲ့ပြီး ဖြစ်တယ်။ မြန်မာပြည်သူတွေရဲ့ ဆန္ဒနဲ့ အကျိုးစီးပွားကို ရှေးရှုလို့ အဖွဲ့အစည်း အားလုံး အနေနဲ့၊ ဖွဲ့စည်းပုံ အခြေခံနဲ့ ဥပဒေမူဘောင်တွေထဲကနေ ညှိနှိုင်းဆွေးနွေး အဖြေရှာကြဖို့ မျှော်လင့်ပါတယ်။” လို့ ပြောခွင့်ရ ဟွာချန်ယင်းက ဆိုပါတယ်။

    ဒါ့အပြင်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီနဲ့ရော မြန်မာ စစ်တပ်နဲ့ပါ တရုတ်နိုင်ငံက ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိပါတယ်။ လက်ရှိ အခြေအနေမျိုးဟာ၊ တရုတ်နိုင်ငံ မမြင်လိုတဲ့ အခြေအနေပါပဲ ဆိုပြီး ပြောသွားတာပါ။

    မြန်မာပြည်တွင်းမှာတော့ အာဏာသိမ်း စစ်တပ်ကို တရုတ်က ကျောထောက်နောက်ခံပြုပေး နေတယ် ဆိုတဲ့ အမြင်နဲ့ ရန်ကုန်က တရုတ်သံရုံးရှေ့ ဆန္ဒပြပွဲတွေ နေ့စဥ် ဆိုသလို လုပ်နေပါတယ်။

    တရုတ်ဟာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီမှာ မြန်မာ စစ်တပ် အာဏာသိမ်းတဲ့ အရေး၊ ဆုံးဖြတ်ချက် ချတုန်းက သူတို့ အဲဒီ ဆုံးဖြတ်ချက်ထဲ မပါဘူး ဆိုပြီး ရုရှားနဲ့ အတူ ရပ်တည်ခဲ့ပါတယ်။

    ဒါပေမယ့်လည်း ဒီ့မတိုင်ခင် လုံခြုံရေး ကောင်စီ အရေးပေါ် အစည်းအ၀ေးမှာတော့ တရုတ် ရုရှား အပါအ၀င် အဖွဲ့၀င် နိုင်ငံ အားလုံး သဘောတူမှုနဲ့ ဆုံးဖြတ်ချက် ထုတ်နိုင်ခဲ့ပါတယ်။

    အဲဒီထဲမှာ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီး ဦး၀င်းမြင့် အပါအ၀င် ရွေးကောက်ခံ တရား၀င် အစိုးရ ခေါင်းဆောင်တွေကို ပြန်လွှတ်ပေးဖို့ ဆိုတာ ပါ၀င် ပါတယ်။

    နောက်ပိုင်းမှာလည်း တရုတ် ပြည်မကြီး နိုင်ငံခြားရေး ရုံးက ဖြစ်စေ၊ ရန်ကုန် တရုတ်သံရုံးက ဖြစ်စေ၊ မြန်မာအရေး နဲ့ ပတ်သက်ရင်၊ အဲဒီ လုံခြုံရေး ကောင်စီ ဆုံးဖြတ်ချက် ဘောင်ထဲကပဲ ပြောနေတာ တွေ့ရပါတယ်။

    တရုတ်

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ဥပဒေဘောင်ထဲကနေ နှစ်ဘက်ဆွေးနွေးကြဖို့ တရုတ်ပြော
    တရုတ်

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ကူမင်း ရန်ကုန် လေကြောင်းခရီးစဥ်တွေ အပေါ် မြန်မာပြည်သူတွေ သံသယ၀င်နေ
  6. မြန်မာစစ်ခေါင်းဆောင်တွေကို ယူကေနဲ့ ကနေဒါ ဒဏ်ခတ်တာကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကြိုဆိုလိုက်

    အာဏာသိမ်း စစ်ခေါင်းဆောင်ဗိုလ်ချုပ်တွေကို ယူကေနဲ့ ကနေဒါ အစိုးရတွေက ဒဏ်ခတ် အရေးယူတော့မယ်ဆိုတဲ့ သတင်းကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က ကြိုဆိုလိုက်ပါတယ်။

    ကိုယ်လုပ်ခဲ့တဲ့ လုပ်ရပ်အတွက် တာဝန်ယူရမယ် ဆိုတာကို အာဏာသိမ်းစစ်တပ် သိအောင် အတူစုပေါင်း လုပ်ဆောင်ကြဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကို မစ္စတာဘလင်ကန်က သူ့ရဲ့တွစ်တာပေါ်ကနေ တိုက်တွန်းထားပါတယ်။

    အရပ်သားအစိုးရကို ဖြုတ်ချပြီး ရွေးကောက်ခံအစိုးရ ထိပ်ပိုင်းခေါင်းဆောင်တွေကို ဖမ်းဆီး ထိန်းသိမ်းခဲ့တဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်တွေအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ဝိုင်းလုပ်ကြဖို့ ကမ္ဘာ့နိုင်ငံတွေကို အမေရိကန်အစိုးရက တိုက်တွန်းထားတာပါ။

    ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က သမ္မတအမိန့်တစ်ရပ် ထုတ်ပြန်ပြီးအာဏာသိမ်းစစ်ခေါင်းဆောင် ၁၀ ဦးနဲ့ မိသားစုဝင်တွေ၊ တပ်နဲ့ ဆက်နွှယ်ပတ်သက်နေတဲ့ စီးပွားရေးလုပ်ငန်း ၃ ခုကို ဒဏ်ခတ်ပိတ်ဆို့ကြောင်း ကြေညာခဲ့ပါတယ်။

    အမေရိကန်၊ မြန်မာ စစ်အာဏာသိမ်း၊ ဒဏ်ခတ်ပိတ်ဆို့

    ဓာတ်ပုံ ရင်းမြစ်, Reuters

    ဓာတ်ပုံ ပုံစာ, အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်
  7. မြန်မာစစ်ဗိုလ်ချုပ် ၉ ဦးကို ဒဏ်ခတ် အရေးယူမယ်လို့ ကနေဒါအစိုးရ ထုတ်ပြန်

    အာဏာသိမ်း စစ်ဗိုလ်ချုပ် ၉ ဦးကို ဒဏ်ခတ် အရေးယူမှုတွေ ပြဌာန်းမယ်လို့ ကနေဒါ နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

    စစ်အာဏာသိမ်းမှုအတွင်း လူအများအပြားကို မတရားဖမ်းဆီးထိန်းသိမ်းတာတွေ၊ ဒီမိုကရေစီ လွတ်လပ်ခွင့်တွေကို အင်အားသုံး ပိတ်ပင် တားဆီးတာတွေ ရှိနေတယ်လို့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

    “မြန်မာနိုင်ငံမှာ ဒီမိုကရေစီနည်းကျ ရွေးကောက်ထားတဲ့အစိုးရ ပြန်လည်ခန့်အပ်ဖို့ တောင်းဆိုနေကြတဲ့ ကမ္ဘာ့မိတ်ဖက်နိုင်ငံတွေနဲ့အတူ ကနေဒါအစိုးရ ပူးပေါင်း ဆောင်ရွက်သွားပါမယ်။ စစ်အာဏာသိမ်းမှုအတွင်း မတရား ဖမ်းဆီး ထိန်းသိမ်းထားတဲ့သူတွေကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ စစ်တပ်ကို သူတို့တောင်းဆိုနေကြသလို ကျွန်တော်တို့လည်း ထပ်တူ တောင်းဆိုလိုက်ပါတယ်” လို့ ကနေဒါ နိုင်ငံခြားရေးဝန်ကြီး မာ့က် ဂါနိုကကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

    ဒဏ်ခတ် အရေးယူမယ့် စစ်ခေါင်းဆောင်တွေကတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ရေတပ် ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနဲ့ ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး တို့ ဖြစ်ပါတယ်။

    ယူကေအစိုးရကလည်း ပြင်းထန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် တာ၀န်ရှိသူဖြစ်တဲ့ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် တာဝန်ရှိသူဖြစ်တဲ့ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် တာဝန်ရှိသူဖြစ်တဲ့ ပြည်ထဲရေး ဒုတိယ၀န်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သန်းလှိုင်တို့ကို ပစ်မှတ်ထား အရေးယူ ဒဏ်ခတ်မယ်လို့ ဒီကနေ့မှာပဲ ထုတ်ပြန်လိုက်ပါတယ်။

    ကနေဒါ၊ မြန်မာ၊ စစ်အာဏာသိမ်း၊ ဒဏ်ခတ်ပိတ်ဆို့

    ဓာတ်ပုံ ရင်းမြစ်, Reuters

    ဓာတ်ပုံ ပုံစာ, ကနေဒါ နိုင်ငံခြားရေးဝန်ကြီး မာ့က် ဂါနို
  8. မြန်မာစစ်ဗိုလ်ချုပ် ၃ ဦးကို ယူကေ ဒဏ်ခတ်အရေးယူ

    လူ့အခွင့်အရေး ချိုးဖောက်ခဲ့မှုနဲ့ မြန်မာစစ်ဗိုလ်ချုပ် ၃ ဦးကို ဒဏ်ခတ် အရေးယူသွားမယ်လို့ ယူကေ အစိုးရက ထုတ်ဖော်ကြေညာလိုက်ပါတယ်။

    အာဏာသိမ်းစဉ်ကာလအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာ ပါ၀င်ခဲ့ကြတဲ့ တပ်မတော် အဖွဲ့၀င် သုံးဦးရဲ့ ပိုင်ဆိုင်မှုတွေကို ချက်ချင်းရပ်တန့်ခြင်း၊ ခရီးသွားလာခွင့် ပိတ်ပင်ခြင်းတွေ ချမှတ်မယ်လို့ ယူကေအစိုးရက ထုတ်ပြန်လိုက်ပါတယ်။

    ပြည်သူလူထု၏ ဘ၀ရှင်သန်ခွင့်၊လွတ်လပ်စွာ စုရုံးပိုင်ခွင့်၊ မတရားဖမ်းဆီးခြင်း (သို့မဟုတ်) ဖမ်းဆီးချုပ်နှောင်ခြင်းနှင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တို့ အပါအ၀င် ပြင်းထန်သော လူ့အခွင့်အရေးချိုးဖောက်မှုတွေကို မြန်မာတပ်မတော်နဲ့ ရဲတပ်ဖွဲ့တို့က ကျူးလွန်ခဲ့တယ်လို့ ဆိုပါတယ်။

    ပြင်းထန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် တာ၀န်ရှိသူဖြစ်တဲ့ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် တာဝန်ရှိသူဖြစ်တဲ့ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် တာဝန်ရှိသူဖြစ်တဲ့ ပြည်ထဲရေး ဒုတိယ၀န်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သန်းလှိုင် တို့ကိုပစ်မှတ်ထား အရေးယူဒဏ်ခတ်မယ်လို့ ဖော်ပြထားပါတယ်။

    ဒီဒဏ်ခတ်ပိတ်ဆို့မှုတွေဟာ ယူကေအစိုးရက စာရင်းပြုစုထားတဲ့ လူပုဂ္ဂိုလ်တစ်ဦးချင်းစီကိုပစ်မှတ်ထားအရေးယူပိတ်ဆို့မှု ပြုလုပ်ထားတဲ့ မြန်မာတပ်မတော်မှ ၁၆ ဦးအပြင် နောက်ထပ် အရေးယူဒဏ်ခတ်မှု ဖြစ်တယ်လို့ ဆိုပါတယ်။

    မြန်မာတပ်မတော်နဲ့ လုပ်ဆောင်တဲ့ ယူကေရဲ့ စီးပွားရေးလုပ်ငန်း ဆောင်ရွက်မှုတွေကို ရပ်ဆိုင်းဖို့ကိုလည်း ယူကေအစိုးရက စတင် လုပ်ဆောင်လိုက်ပြီလို့ ဖော်ပြထားပါတယ်။

    စစ်တပ်က အာဏာသိမ်းပြီး နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြား နိုင်ငံရေးခေါင်းဆောင်တွေကို တရားလက်လွတ် ထိန်းသိမ်းထားတာနဲ့ ပတ်သက်လို့ ယူကေအစိုးရက ပြစ်တင်ရှုတ်ချကြောင်း ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ဒေါမနစ် ရက်ဘ် က ပြောပါတယ်။

    ယူကေနိုင်ငံအနေနဲ့ စစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အရေးယူရေးနဲ့ မြန်မာပြည်သူတွေ တရားမျှတမှု ရရေးအတွက် နိုင်ငံတကာ မိတ်ဘက်နိုင်ငံတွေနဲ့ အတူ ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

    မြန်မာတပ်မတော်၊ စစ်အာဏာသိမ်း၊ ယူကေ

    ဓာတ်ပုံ ရင်းမြစ်, DS Info

  9. မြန်မာအရေးကို အာဆီယံမှာ အမြန်ဆုံး ဆွေးနွေးဖို့ အင်ဒိုနီးရှားနဲ့ စင်္ကာပူ တိုက်တွန်း

    မြန်မာနိုင်ငံမှာ တွေ့ဆုံဆွေးနွေး အဖြေရှာရေးနဲ့ ပုံမှန်အခြေအနေတွေ ပြန်ရောက်နိုင်ရေး တိုက်တွန်းပြောဆိုဖို့ အာဆီယံအဖွဲ့ဟာ အရေးပါတဲ့ ကဏ္ဍကနေ ပါဝင်ဆောင်ရွက်နိုင်တယ်လို့ စင်္ကာပူနဲ့ အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးတွေက ယုံကြည်ထားတဲ့အကြောင်း စင်္ကာပူနိုင်ငံခြားရေး ဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

    အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရက်တနို မာဆူဒီနဲ့ စင်္ကာပူ နိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဘာလက်ခရစ်ရှ်နန် တို့ စင်္ကာပူမှာ ဒီကနေ့ တွေ့ဆုံဆွေးနွေးခဲ့အပြီးမှာ အခုလို ထုတ်ပြန်ခဲ့တာပါ။

    မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်လို့ အပြုသဘော အမြင်ဖလှယ်နိုင်ရေး အာဆီယံ ဝန်ကြီးများ အစည်းအဝေးတစ်ခု အလွတ်သဘော အမြန်ဆုံး ကျင်းပဖို့ အဆိုပြုထားချက်ကို သူတို့က အခိုင်အမာ ထောက်ခံတယ်လို့လည်း ထုတ်ဖော်ပြောခဲ့ကြပါတယ်။

    မြန်မာ၊ အာဆီယံ၊ စင်္ကာပူ၊ အင်ဒိုနီးရှား

    ဓာတ်ပုံ ရင်းမြစ်, MINISTRY OF FOREIGN AFFAIRS, SINGAPORE

    ဓာတ်ပုံ ပုံစာ, စင်္ကာပူ နိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဘာလက်ခရစ်ရှ်နန်နဲ့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရက်တနို မာဆူဒီတို့ တွေ့ဆုံခဲ့စဉ်
  10. ရန်ကင်း ကံဘဲ့ လမ်းမကြီးပေါ်က ဒီမိုကရေစီ တောင်းဆို စာတမ်း

    ဒီမိုကရေစီ တောင်းဆို စာတမ်း

    ဓာတ်ပုံ ရင်းမြစ်, CJ

  11. ရန်ကုန်မြို့ ဆူးလေဘုရားလမ်းမပေါ်မှာ ရေးထိုးထားတဲ့ ကြွေးကြော်သံ

    ရန်ကုန်မြို့ ဆူးလေဘုရားလမ်းမပေါ်မှာ ရေးထိုးထားတဲ့ ကြွေးကြော်သံ

    ဓာတ်ပုံ ရင်းမြစ်, ရွှေအင်းသားခင်မောင်ဝင်း

  12. နေပြည်တော် သပြေကုန်းဝိုင်းအနီး ဆန္ဒပြသူတွေကို ဖြိုခွဲ

    ဗိုလ်ချုပ်ကြေးရုပ်တည်ရှိရာ နေပြည်တော်သပြေကုန်းအဝိုင်းအနီး ဆန္ဒပြနေသူတွေကို ရဲတပ်ဖွဲ့ကဒီကနေ့ မွန်းလွဲ ၂ နာရီလောက်မှာ အင်အားသုံးဖြိုခွဲခဲ့ပြီး ဆန္ဒပြသူတွေကို ဖမ်းဆီးခေါ်ဆောင် သွားခဲ့ပါတယ်။

    ဒါ့အပြင်ဆန္ဒပြတဲ့သူတွေရဲ့ မော်တော်ဆိုင်ကယ်တွေကိုလည်း သယ်ဆောင်သွားတယ်လို့ မျက်မြင်တွေက ပြောပါတယ်။

    လမ်းမတွေပေါ်မှာ ရေးဆွဲထားတဲ့ စစ်အာဏာသိမ်း ကန့်ကွက် ဆန္ဒပြစာသားတွေကိုလည်း ပြန်ဖျက်နေတာကို တွေ့ရပါတယ်။

    နေပြည်တော် သပြေကုန်းဝိုင်းအနီး ဆန္ဒပြသူတွေကို ဖြိုခွဲ

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    နေပြည်တော် သပြေကုန်းဝိုင်းအနီး ဆန္ဒပြသူတွေကို ဖြိုခွဲ

    ဓာတ်ပုံ ရင်းမြစ်, Getty Images

  13. အနုပညာရှင်တွေကို ဖမ်းဆီးဖို့ကြေညာတာကို ရုပ်ရှင်အစည်းကန့်ကွက်

    ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ ရုပ်ရှင်အနုပညာရှင်တွေကို ရာဇဝတ်သား အဖြစ် ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်ကို ပြင်းထန်စွာ ကန့်ကွက်တယ်လို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ကြေညာချက်ထုတ်ပြန်ပါတယ်။

    မနေ့က အနုပညာရှင် ၆ ဦးကို ဝန်ထမ်းတွေ CDM လှုပ်ရှားမှုမှာ ပါဝင်အောင်၊ ဆူပူဆန္ဒပြမှုမှာ ပါဝင်အောင် လှုံ့ဆော်တယ်ဆိုပြီး ရဲစခန်းတွေမှာ ရာဇသတ်ကြီး ပုဒ်မ ၅၀၅-က နဲ့ အမှုဖွင့်ထားတယ်လို့ တပ်မတော် သတင်းမှန် ပြန်ကြားရေး ဖေ့စ်ဘွတ်ခ်ကနေ ကြေညာခဲ့ပါတယ်။

  14. ရဲတပ်ဖွဲ့ဝင်တွေက မသန်စွမ်းသူတစ်ဦးကို ညှဥ်းပန်းနှိပ်စက်ခဲ့တာကြောင့် အရေးယူပေးဖို့ မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ် ထုတ်ပြန်

    ကိုယ်အင်္ဂါ‌ရော ဉာဏ်ရည်ပါမသန်စွမ်း အမျိုးသားတစ်ဦးကို မန္တလေးတိုင်း၊ တံခွန်တိုင်အဝိုင်းမှာ ရဲတပ်ဖွဲ့ဝင်တွေက ဖေဖော်ဝါရီ ၁၅ ရက်က ညှင်းပန်းနှိပ်စက်ခဲ့တာကို အပြင်းအထန် ကန့်ကွက်တယ်လို့ဆိုပါတယ်။ ဒါကြောင့်တာဝန်ရှိသူတွေအနေနဲ့ ထိုက်တန်တဲ့ အရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်ပေးဖို့ တောင်းဆိုကြောင်း အသင်းချုပ်ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

    "ဘယ်လိုမသန်စွမ်းမှုအမျိုးအစားကိုပဲ ရှိနေပါစေ သူတို့သည် နိုင်ငံသား၊ သူတို့သည် မသန်စွမ်းသူဖြစ်တယ်။ ဒါကြောင့် သူတို့ဟာ နိုင်ငံသား အခွင့်အရေးကို အသုံးပြုပြီး မသန်စွမ်းသူများအခွင့်အရေးကို အသုံးပြုပြီးတော့ လွတ်လပ်စွာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေတာကိုတော့ အကြမ်းဖက်တာမျိုးကတော့ မကောင်းဘူးပေါ့ဗျာ။ ဒီလိုမျိုး မသန်စွမ်းမှုပြင်းထန်သူ မပြေးနိုင်၊ မရှောင်နိုင်တဲ့သူကို ဒီလိုမျိုး ညှဉ်းပန်းနှိပ်စက်တာမျိုးကျ မကောင်းဘူး။ ဥပဒေနဲ့မဟုတ်ဘဲ ကျင့်ဝတ်အရ စဉ်းစားရင်တောင်မဖြစ်သင့်တဲ့ ကိစ္စပါ။" လို့ မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ် ဉက္ကဋ္ဌ ဦးအောင်ကိုမြင့်က ပြောပါတယ်။

    အခုလို ထုတ်ပြန်ချက်အပြင် ပြည်ထဲရေးဝန်ကြီးဌာနကိုပါ တရားဝင်စာ ထပ်ပို့သွားဖို့ရှိတယ်လို့ သိရပါတယ်။ ဒီလို ရဲတပ်ဖွဲ့ဝင်တွေက မသန်စွမ်းသူအမျိုးသားကိုရိုက်နှက်ညှဉ်းပန်းတဲ့ ဗီဒီယိုလူမှုကွန်ရက်စာမျက်နှာပေါ်မှာ ပျံ့နှံ့နေပြီး ‌ပြည်သူအများစုကလည်း မှတ်ချက်ပြု‌ဝေဖန်နေကြတာပါ။

    ရဲတပ်ဖွဲ့ဝင်တွေက မသန်စွမ်းသူတစ်ဦးကို ညှင်းပန်းနှိပ်စက်ခဲ့တာကြောင့် အရေးယူပေးဖို့ မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ် ထုတ်ပြန်

    ဓာတ်ပုံ ရင်းမြစ်, MFPD

  15. အာဏာသိမ်း စစ်ကောင်စီကို အသိအမှတ်မပြုဘူးလို့ KIO အဖွဲ့ပြော

    နိုင်ငံတစ်ဝန်း ဆန္ဒပြနေမှုတွေနဲ့ စစ်အာဏာသိမ်းမှုအပေါ် ကချင်လွတ်လပ်ရေးအဖွဲ့ KIO ရဲ့ သဘောထားသိရဖို့ KIO ပြောခွင့်ရ ဦးလနန်းကို ဘီဘီစီသတင်းထောက် မရီရီအောင်က မေးမြန်းထားပါတယ်။

  16. မြစ်ကြီးနားမှာ စစ်အာဏာသိမ်းဆန့်ကျင်ထိုင်သပိတ် ဖြိုခွင်းခံရ

    ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှာ နေ့တိုင်းလိုအထက(၁) ရှေ့မှာ ထိုင်နေတဲ့ ထိုင်သပိတ်အဖွဲ့ တွေကို လူစုခွဲခိုင်းသလို လုံခြုံရေးတပ်ဖွဲ့တွေက လေးခွနဲ့ပစ်ပြီး လူစုခွဲခဲ့တာတွေလည်းရှိခဲ့ပါတယ်။

    အဲဒီလိုလူစုခွဲရာကနေ ထိခိုက်ဒဏ်ရာရမှုရှိမရှိကိုမသိရသေးပါဘူး။ ဒါ့အပြင် သပိတ်စစ်ကြောင်းတွေသွားရာလမ်းတော်တော်များများကို ပိတ်ထားတာတွေကိုတွေ့ရပါတယ်။

    ထိုင်သပိတ်ဆင်နွှဲနေသူတွေဟာ ဘုရားသီချင်းသီဆိုတာတွေ ၊ စစ်အာဏာရှင်ကျဆုံးဖို့ကြွေးကြော်သံတွေနဲ့ အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒပြနေကြတာဖြစ်ပါတယ်။

    ဖေဖော်ဝါရီ ၁၈ ရက်နေ့မှာတော့ စစ် ရဲ အင်းအားတွေအပြင် ရေကား လေးခွတွေနဲ့ပါ ဖြိုခွင်းခဲ့တာကြောင့် ဆန္ဒပြနေသူတွေ ထွက်ပြေးခဲ့ရတာကိုလည်း တွေ့မြင်ခဲ့ရပါတယ်။ ဒါအပြင့် မြစ်ကြီးနားပညာရေးသပိတ်စစ်ကြောင်းမှာလည်း ကျောင်းဆရာ မဟုတ်ဘဲ ကျောင်းဆရာဝတ်စုံနဲ့ လိုက်ပါသူတစ်ယောက်ကိုတွေ့ရတဲ့အတွက်ကြောင့် ဆန္ဒပြလူထုက ဒီလိုမလုပ်ဖို့ သတိပေးပြီး ပြန်လွှတ်ပေးလိုက်တာကိုလည်းတွေ့ရပါတယ်။

    Kachin
  17. စစ်ကိုင်းက သံဃာတွေ စတင် ဆန္ဒပြ

    စစ်ကိုင်းမြို့ စစ်ကိုင်းတောင်ရိုးက သံဃာတော်‌တွေ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ဒီကနေ့မှာ စတင် ဆန္ဒပြပါတယ်။ သံဃာအများစုပါဝင် ဦးဆောင်ပြီး ကျောင်းဆရာတွေ ကျောင်းသားတွေလည်း ပူးပေါင်းပါဝင် ဆန္ဒပြကြပါတယ်။

    စစ်ကိုင်းက သံဃာတွေ စတင် ဆန္ဒပြ

    ဓာတ်ပုံ ရင်းမြစ်, CJ

    စစ်ကိုင်းက သံဃာတွေ စတင် ဆန္ဒပြ

    ဓာတ်ပုံ ရင်းမြစ်, CJ

  18. ဒေါက်တာအေးမောင် စစ်တွေရောက်ရှိ

    ပြည်ထောင်စုနေ့က လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာတဲ့ ရခိုင့်ဦးဆောင်ပါတီခေါင်းဆောင် ဒေါက်တာအေးမောင် ဒီကနေ့ နေ့လယ်ပိုင်း ၂ နာရီလောက်မှာ စစ်တွေမြို့ကို လေကြောင်းကနေရောက်ရှိလာခဲ့ပါတယ်။ သူ့ကို စစ်တွေမြို့အပါအဝင် ရခိုင် ၈ မြို့နယ်က ဒေသခံပြည်သူ ၂ ထောင်ခန့်လောက် လာရောက်ကြိုဆိုခဲ့ကြပါတယ်။

    ဒေါက်တာအေးမောင်နဲ့ လူငယ်စာရေးဆရာ ဝေဟင်အောင်တို့ကို ၂၀၁၉ ခုနှစ် မှာကျရောက်တဲ့ ရခိုင့်ဘုရင့်အချုပ်အခြာအာဏာကျဆုံးတဲ့နေ့ နှစ်ပတ်လည်အခမ်းအနားမှာ ဟောပြောမှုတွေကြောင့် နိုင်ငံတော်ပုန်ကန်မှုပုဒ်မ ၁၂၂၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု ၅၀၅(ခ) တို့နဲ့ စစ်တွေခရိုင် တရားရုံးက ၂၀၁၉ ခုနှစ်မတ်လမှာ ထောင် ဒဏ်နှစ် ၂၀ စီ ချမှတ်ခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် သူတို့နှစ်ဦးကို ရန်ကုန်၊ အင်းစိန်ထောင်ကို ပို့ဆောင်ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။

    ဒေါက်တာအေးမောင်

    ဓာတ်ပုံ ရင်းမြစ်, Myint Lwin

  19. လမ်းပေါ်သွားနေတဲ့ကားတချို့ကို သင်္ကန်းဝတ်နဲ့အရပ်ဝတ်လူတချို့ ရိုက်ခွဲဖျက်ဆီးပြီး ဘုန်းကြီးကျောင်းထဲ ဝင်ပြေး, ဖျက်ဆီးထွက်ပြေးသွားတဲ့သူတွေကို ပြန်ထုတ်ပေးဖို့ လူထုကတောင်းဆိုနေ

    ရန်ကုန်မြို့၊ ဗဟန်း (၃)လမ်းအနီးမှာ ဒီမနက်ပိုင်းက လမ်းပေါ်သွားနေတဲ့ ကားအချို့ အကြမ်းဖက်ခံရတာနဲ့ ကားမှန်တွေဖျက်ဆီးခံရတာတွေဖြစ်ခဲ့ပါတယ်။ သင်္ကန်းဝတ်ထားသူအချို့နဲ့ အရပ်ဝတ်လူအချို့က လမ်းပေါ်မှာသွားနေတဲ့ အိမ်စီးကားအချို့ကို တုတ်၊ ဓားတွေသုံးပြီး ကားမှန်တွေကို ရိုက်ခွဲဖျက်ဆီးခဲ့တာပါ။

    အဲဒီလိုအကြမ်းဖက်နေတာကြောင့် အနီးအနားကလူတွေစုရုံးရောက်လာတဲ့အခါမှာတော့ ဗဟန်း(၃)လမ်းထိပ်က ဘုန်းကြီးကျောင်းတစ်ကျောင်းထဲကို အကြမ်းဖက်သူတွေက ဝင်ရောက်သွားတယ်လို့ ဆိုပါတယ်။]

    အဲဒါကြောင့် အဲဒီဘုန်းကြီးကျောင်းထဲဝင်သွားတဲ့လူတွေနဲ့သင်္ကန်းဝတ်အချို့ကို ပြန်ထုတ်ပေးဖို့ ဘုန်းကြီးကျောင်းရှေ့မှာလူအများကတောင်းဆိုနေကြပါတယ်။ CDM အပါအဝင် အာဏာသိမ်းဆန့်ကျင်တဲ့လှုပ်ရှားမှုနဲ့ပတ်သက်တဲ့ စတစ်ကာတွေကပ်ထားတဲ့ယာဉ်တွေအများဆုံးဖျက်စီးခံရတာဖြစ်ပါတယ်။

    အဲဒီဘုန်းကြီးကျောင်းအနီးတဝိုက်မှာ ရဲတပ်ဖွဲ့က လုံခြုံရေးယူထားတာကိုတွေ့ရပါတယ်။

    ညနေပိုင်းမှာတော့ ကျူးလွန်သူ သင်္ကန်းဝတ်နဲ့ လူအချို့ဟာအဲဒီဘုန်းကြီးကျောင်းထဲကနေ နောက်ထပ်ဘုန်းကြီးကျောင်းတခုထဲကို ထပ်ဝင်သွားတယ်ဆိုတာကြောင့် ရေတာရှည်လမ်းဟောင်းထဲမှာရုန်းရင်းဆန်ခတ်နဲ့ လူစုလူဝေးတွေ ဖြစ်ခဲ့ပြန်ပါတယ်။

    အဲဒီဘုန်းကြီးကျောင်းထဲကို ဝင်ရှာကြမယ်ဆိုတဲ့အချိန်မှာလည်း ရဲတပ်ဖွဲ့က မီဒီယာကို ဝင်ခွင့်မပေးလို့ ရပ်ကွက်နေလူထုနဲ့ ရဲတပ်ဖွဲ့ကြားပြဿနာတချို့ဖြစ်ခဲ့ပါတယ်။ညနေပိုင်းမှာတော့ဝင်ရောက်ရှာဖွေခွင့်ရပေမယ့်အကြမ်းဖက်သူတွေ ဟုတ်မဟုတ်ကတော့ အတည်ပြုလို့မရသေးဘူးလို့ သိရပါတယ်။

    Yangon
  20. ပုဂံမှာ စစ်အာဏာရှင်ကျဆုံးရေး ကျိန်စာရွတ်ဆို ဆန္ဒပြ

    ပုဂံမှာ ဒီနေ့ဖေဖော်ဝါရီ ၁၈ ရက်မနက်က သပိတ်မှောက်ဘုရားကနေ ထီးလိုမင်းလိုဘုရားထိ ဒေသခံတွေ ချီတက်ပြီး စစ်အာဏာရှင်ကျဆုံးရေး ကျိန်စာရွတ်ဆို ဆန္ဒပြခဲ့ပါတယ်။ သမ္မတ ဦးဝင်းမြင့်နဲ့ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်တို့ လွတ်မြောက်ရေးကိုလည်း ဆုတောင်းမေတ္တာပို့ခဲ့ကြပါတယ်။

    Bagan

    ဓာတ်ပုံ ရင်းမြစ်, Win Min Oo

    Bagan

    ဓာတ်ပုံ ရင်းမြစ်, Win Min Oo

    Bagan

    ဓာတ်ပုံ ရင်းမြစ်, Win Min Oo