ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

အာဏာသိမ်းမှုဟာ အခြေခံဥပဒေနဲ့ မညီဘူးလို့ နိုင်ငံတကာ တရားရေးပညာရှင်အဖွဲ့ဆို

ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှု ဖြစ်စဥ် စတင်ချိန်ကနေ ဖေဖော်ဝါရီ ၈ ရက်အထိ ဖြစ်ပျက်ခဲ့တဲ့ သတင်းတွေကို အချိန်နဲ့တပြေးညီ စုစည်းတင်ဆက်ထားတဲ့ စာမျက်နှာ

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ဦးခေါင်းကျည်ထိမှန်တဲ့ တောင်ကိုရီးယားဘဏ်ဝန်ထမ်းအမျိုးသမီး ကွယ်လွန်

    ပြီးခဲ့တဲ့ မတ်လ ၃၁ ရက်ညနေပိုင်းက ရန်ကုန်မှာ တောင်ကိုရီးယားဘဏ် Shinhan ဘဏ် ကြိုပို့ယာဉ် ပစ်ခတ်ခံရမှုမှာ ဦးခေါင်းကျည်ထိမှန်ဒဏ်ရာရခဲ့တဲ့ ဘဏ်ဝန်ထမ်း မစုစုကြည်ဟာ ဒီနေ့မနက် ကွယ်လွန်သွားပြီလို့ မိသားစုနဲ့ နီးစပ်သူက အတည်ပြုပါတယ်။

    သူ့ရဲ့နာရေးကို ဒီနေ့ရန်ကုန်မှာပဲ ချက်ချင်းပြုလုပ်ဖို့ ရှိတယ်လို့လည်း သိရပါတယ်။

    မစုစုကြည် လိုက်ပါလာတဲ့ ဘဏ်ဝန်ထမ်းကြိုပို့ယာဉ်ဟာ မတ် ၃၁ ရက်ညနေပိုင်းမှာ ဦးချစ်မောင်လမ်းအတိုင်း မောင်းနှင်လာစဉ်မှာ ပစ်ခတ်ခံခဲ့ရတာဖြစ်ပါတယ်။

    မစုစုကြည်ကို ရန်ကုန်ဆေးရုံကြီးမှာ ပို့ဆောင်ကုသနေစဉ် ဒီနေ့ ဧပြီ ၂ ရက် မနက် ၉ နာရီခန့်မှာ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။

  2. တိုက်ရိုက်တင်ဆက်မှု ပြီးဆုံးပါပြီ။ ဆက်လက်ပြီး ဖြစ်ပေါ်နေတဲ့ သတင်းတွေကို တိုက်ရိုက်တင်ဆက်နေတဲ့ ဒီစာမျက်နှာသစ်မှာ လာရောက်ဖတ်ရှုနိုင်ပါတယ်။ ဘီဘီစီက အချိန်နဲ့ တပြေးညီ တင်ဆက်ခဲ့တဲ့ သတင်းတွေကို ဖတ်ရှုခဲ့တဲ့အတွက် ကျေးဇူး အထူးတင်ရှိပါတယ်။

  3. မြန်မာစစ်တပ်ရဲ့ အာဏာသိမ်းမှုဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ မညီဘူးလို့ နိုင်ငံတကာတရားရေးပညာရှင်များအဖွဲ့ ဆို

    စစ်တပ်ရဲ့အာဏာသိမ်းမှုဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ မကိုက်ညီကြောင်းနဲ့ တရားဥပဒေ စိုးမိုးရေးဆိုင်ရာ အခြေခံစည်းမျဉ်းတွေကို ချိုးဖောက်လိုက်တာ ဖြစ်ကြောင်း International Commission of Jurists နိုင်ငံတကာ တရားရေးပညာရှင်များ ကော်မရှင်အဖွဲ့က ပြောပါတယ်။

    အခု အာဏာသိမ်းတဲ့ လုပ်ရပ်ဟာ စစ်တပ်အနေနဲ့ ၂၀၀၈ ခုနှစ်က စစ်တပ်ကိုယ်တိုင် ပြဋ္ဌာန်းခဲ့တဲ့ အခြေခံဥပဒေကို ချိုးဖောက်လိုက်တာ ဖြစ်တယ်လို့ ICJ အတွင်းရေးမှူးချုပ် ဆမ်ဇာရီဖီက ပြောပါတယ်။

    မကြာသေးခင်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ မဲမသမာမှုတွေ ရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်တပ်က အရေးပေါ်အခြေအနေ ကြေညာခဲ့တာဟာ ကျိုးကြောင်း ခိုင်လုံမှု မရှိကြောင်းနဲ့ နဂိုကတည်းက ယိုင်နဲ့ အားနည်းနေတဲ့ တိုင်းပြည် ငြိမ်ဝပ်ပိပြားမှုကို ထိခိုက်ပျက်ပြားအောင် လုပ်လိုက်တာ ဖြစ်တယ်လို့ သူကပြောပါတယ်။

    “စစ်တပ်က ရုတ်တရက် အာဏာသိမ်းခဲ့အပြီးမှာ မြန်မာနိုင်ငံတွင်းက ရဲရင့်တဲ့ ရှေ့နေတွေနဲ့ အရပ်ဖက်အဖွဲ့အစည်း လှုပ်ရှားတက်ကြွသူတွေက သူတို့ရဲ့အခွင့်အရေးတွေကို ငြိမ်းချမ်းတဲ့နည်းတွေနဲ့ တောင်းဆိုဖို့ကြိုးစားနေကြတာကို အခုအခါ တွေ့နေရပါတယ်”

    “ဒီလှုပ်ရှား တောင်းဆိုမှုဟာ စံပုဂ္ဂိုလ်တစ်ဦး ဒါမှမဟုတ် ပါတီ တစ်ပါတီတည်းကို အဓိကထားတာမျိုး မဟုတ်ဘဲ မြန်မာပြည်သူတွေက ကိုယ့်အစိုးရကို ကိုယ်တိုင် ရွေးချယ်ပိုင်ခွင့်၊ ကိုယ့်အနာဂါတ်ကို ကိုယ်တိုင်ဆုံးဖြတ်ပိုင်ခွင့် ရှိသင့်တယ်ဆိုတဲ့ ခံယူချက်နဲ့ လှုပ်ရှား တောင်းဆိုနေကြတာ ဖြစ်တယ်လို့” ICJ အတွင်းရေးမှူးချုပ်ဆမ်ဇာရီဖီကပြောပါတယ်။

  4. စစ်တွေမှာ ညမထွက်ရအမိန့် ရုပ်သိမ်း

    ရခိုင်ပြည်နယ် စစ်တွေမြို့နယ်အတွင်း ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်နေ့ ရက်စွဲနဲ့ ပြန်လည် ရုပ်သိမ်းလိုက်ပြီလို့ ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေဆီကနေ သိရပါတယ်။

    ည ၉ နာရီကနေ နံနက် ၅ နာရီအထိ အပြင်မထွက်ကြဖို့ အမိန့်ကို ကိုဗစ် ၁၉ ဒုတိယလှိုင်းစတင်ဖြစ်ပွားခဲ့တဲ့ ကာလ ဩဂုတ်လ ၂၁ ရက်နေ့မှာ ပထမအကြိမ် ထုတ်ပြန်ခဲ့ပြီး ဒီဇင်ဘာ ၁၇ ရက်နေ့မှာတော့ နံနက် ၄ နာရီကနေ ည ၁၂ နာရီအထိ အပြင်မထွက်ကြဖို့ ဒေသန္တရအာဏာပိုင်တွေက ထုတ်ပြန်ထားခဲ့တာ ဖြစ်ပါတယ်။

    ရခိုင်ပြည်နယ်မြောက်ပိုင်းက တပ်မတော်နဲ့ တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့ မြို့နယ်တွေအတွင်းမှာတော့ ညမထွက်ရအမိန့်တွေကို အခုလအတွင်း သက်တမ်းတိုး ထုတ်ပြန်ထားရှိပြီး အဲဒီအမိန့်ဟာ နှစ်လကြာ သက်ရောက်မှု ရှိမှာဖြစ်တယ်လို့ အမိန့်စာတွေမှာ တွေ့ရပါတယ်။

    စစ်အာဏာသိမ်းမှုနဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ် မြောက်ပိုင်းမြို့နယ်တွေမှာ ကန့်ကွက် ဆန္ဒပြမှုတွေ မတွေ့ရပေမဲ့ ရခိုင်တောင်ပိုင်းဒေသက ဂွနဲ့ သံတွဲမြို့နယ်တွေမှာတော့ ဆန္ဒပြမှုတွေ ရှိနေပါတယ်။

    မြန်မာနိုင်ငံတဝန်းက မြို့ကြီးတွေမှာတော့ စစ်အာဏာသိမ်းမှု ဖြစ်ပွားခဲ့အပြီး သောင်းနဲ့ချီတဲ့လူတွေ လမ်းပေါ်ထွက် ဆန္ဒထုတ်ဖော်နေကြတဲ့အတွက် မြို့နယ်တချို့မှာ ညမထွက်အရ အမိန့်တွေ ထုတ်ပြန်လိုက်ပါတယ်။

  5. ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် နေရပ်စွန့်ခွာသူတွေကို ပြန်ခေါ်ဖို့ ဆက်ဆောင်ရွက်မယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မိန့်ခွန်းထဲမှာ ပြောသွား

    အာဏာသိမ်း စစ်ခေါင်းဆောင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံတော်ကို ပထမဆုံး အကြိမ် ပြောခဲ့တဲ့ မိန့်ခွန်းထဲမှာ ‌ရှေ့ဆက် လုပ်ဆောင်သွားမယ့် နိုင်ငံ‌ရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေးမူဝါဒတွေ အကြောင်းနဲ့အတူ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရောက်နေတဲ့ နေရပ်စွန့်ခွာသူတွေနဲ့ ပတ်သက်လို့ ထည့်သွင်း ပြောသွားခဲ့ပါတယ်။

    "ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရောက်နေတဲ့ နေရပ်စွန့်ခွာသူတွေကို နှစ်နိုင်ငံ သဘောတူချက်များနဲ့ အညီ ကျွန်တော်တို့ရပ်တည်ချက်အတိုင်း ဆက်လက် ဆောင်ရွက်သွားမယ်"လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။ ပြည်တွင်း နေရပ်စွန့်ခွာသူတွေနဲ့ IDP camp တွေမှာ ရှိနေသူတွေ နေရပ် ပြန်လာရေးကိုလည်း ဆွေးနွေး ဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။

    ၂၀၂၀ ရွေးကောက်ပွဲ မဲစာရင်းလွဲမှားမှုတွေ အတွက် နိုင်ငံ‌ရေးပါတီတွေက တပ်မတော်ကို အကူညီတောင်းခဲ့ကြောင်း၊ မဲစာရင်းတွေ ပြန်စစ်ဆေးဖို့ UEC ရွေးကောက်ပွဲ ကော်မရှင်ကို တပ်မတော်က တင်ပြခဲ့ပေမဲ့ မဲမသမာမှုတွေကို စစ်ဆေးဖို့ ပျက်ကွက်ခဲ့တဲ့အတွက် အာဏာသိမ်းခဲ့ရတဲ့ အကြောင်း ပြောသွားခဲ့ပါတယ်။

    အခုအခါ မဲစာရင်းတွေကို ရွေးကောက်ပွဲကော်မရှင်သစ်က စစ်ဆေးနေတယ်လို့လည်း ဆိုပါတယ်။

    အရေးပေါ်ကာလ ပြီးဆုံးတာနဲ့ ရွေးကောက်ပွဲ ပြန်ကျင်းပပြီး အနိုင်ရပါတီကို အာဏာလွှဲပေးမှာ ဖြစ်တယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သူ့မိန့်ခွန်းထဲမှာ ပြောသွားပါတယ်။

    နိုင်ငံ‌ရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေးမှုဝါဒ အပြောင်းအလဲ မရှိကြောင်းနဲ့ ရင်းနှီးမြုပ်နှံမှုတွေ လုပ်ကြဖို့ကိုလည်း ဖိတ်ခေါ်ခဲ့ပါတယ်။

    ကိုဗစ် ကာကွယ်ဆေးထိုးရေးလုပ်ငန်းကို ဆက်လုပ်ဆောင်သွားမှာ ဖြစ်ပြီး အလှူငွေတွေ ဆက်လှူဒါန်းကြဖို့ကိုလည်း ပန်ကြားသွားခဲ့ပါတယ်။

    တခါ နိုင်ငံတစ်ဝန်းက စေတီပုထိုးတွေ အားလုံးကို ဒီကနေ့ ပြန်ဖွင့်လိုက်ပြီ ဖြစ်ပြီး မကြာခင်မှာ ကျောင်းတွေ ပြန်ဖွင့်တော့မှာမို့ ပြင်ဆင်ထားကြဖို့ ပြောသွားပါတယ်။

    တိုင်းရင်းသား ပြည်သူလူထုတစ်ရပ်လုံး စိတ်ခံစားမှုထက် ပကတိအချက်အလက်များ၊ အမှန်တရားများကို ရှေ့ရှုပြီး လက်တွဲညီ ဆောင်ရွက်သွားကြဖို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သူ့ရဲ့ မိန့်ခွန်း နိဂုံးချုပ်မှာ ပြောသွားခဲ့ပါတယ်။

  6. မြန်မာ့အရေး ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အထူးအစည်းအဝေး ခေါ်ဖို့ ဗြိတိန်နဲ့ အီးယူ တင်ပြ

    မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး အကြပ်အတည်းကို တုံ့ပြန်ဖြေရှင်းနိုင်ရေးအတွက် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ အထူးအစည်းအဝေး ခေါ်ယူ ကျင်းပပေးဖို့ ဗြိတိန်နဲ့ အီးယူ ဥရောပသမဂ္ဂက ဒီကနေ့ တနင်္လာနေ့မှာ ပန်ကြားလိုက်ပါတယ်။

    မြန်မာနိုင်ငံမှာ လက်ရှိ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကနေ ဆက်နွှယ်ပေါ်ပေါက်လာတဲ့ လူ့အခွင့်အရေး ပြဿနာတွေကို ဖြေရှင်းနိုင်ရေးအတွက် အထူးအစည်းအဝေး တစ်ရပ် ခေါ်ယူကျင်းပပေးဖို့ ဥရောပသမဂ္ဂနဲ့အတူ ယူကေနိုင်ငံက ပန်ကြား တင်ပြထားပြီး ဖြစ်ကြောင်းကို မိတ်ဖက်နိုင်ငံတွေကို အသိပေးလိုပါတယ်လို့ ဂျီနီဗာမှာရှိတဲ့ ဗြိတိသျှ သံအမတ် ဂျူလီယန် ဘရေ့သ်ဝိတ် က ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးမှာ ပြောသွားခဲ့ပါတယ်။

  7. လူ၅ ဦးထက် ပိုမစုရနဲ့ ညမထွက်ရ အမိန့်တွေ ဆက်ထုတ်

    ရန်ကုန်တိုင်းအတွင်း မြို့နယ် အချို့မှာ လူ ၅ ဦးထက်ပို မစုရနဲ့ ညမထွက်ရအမိန့် ထုတ်ပြန်ချက်တွေကို လက်ခံရရှိထားကြောင်း ရပ်ကွက် အုပ်ချုပ်ရေး အဖွဲ့ဝင်တွေကနေတစ်ဆင့် သိရပါတယ်။

    ရန်ကုန်တစ်ဖက်ကမ်း ဒလ မြို့နယ်မှာလည်း လူ ၅ ဦးထက် ပိုမစုဖို့နဲ့ ည ၈နာရီကနေ မနက် ၄နာရီ ထိ ညမထွက်ဖို့ အသံချဲ့စက်နဲ့ လိုက်လံ ကြေညာနေတယ်လို့ မြို့ခံတွေက ဘီဘီစီကို ပြောပါတယ်။

    ရန်ကုန်တိုင်းအတွင်းက တခြားမြို့နယ်တွေမှာတော့ အမိန့်စာ မဝင်သေးကြောင်းနဲ့ ည ၈ နာရီသတင်းမှာ မြဝတီ ရုပ်မြင်သံကြားကနေ ထုတ်ပြန်ဖို့ ရှိတယ်လို့ ဘီဘီစီက စုံစမ်းသိရပါတယ်၊

    မန္တလေးနဲ့ မုံရွာ အပါအဝင် မြို့ကြီးတချို့မှာ လူ ၅ ဦးထက် ပို မစုဝေးကြဖို့နဲ့ ညမထွက်ရအမိန့် ထုတ်ပြန်ခဲ့တာကို ဘီဘီစီက အတည်ပြုနိုင်ခဲ့ပါတယ်။

  8. ဧရာဝတီတိုင်း လွှတ်တော်ခေါ်ပြီး ကိုယ်စားပြု ကော်မတီ ဖွဲ့

    ဧရာဝတီတိုင်း လွှတ်တော်ကိုယ်စားပြု ကော်မတီကို ဒီကနေ့ ဖေဖော်ဝါရီလ ၈ ရက်မှာ ဖွဲ့စည်းလိုက်ကြောင်း ဧရာဝတီတိုင်း NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ တင်မင်းထွဋ်က ဘီဘီစီကို ပြောပါတယ်။

    ဒီကော်မတီကို အဖွဲ့ဝင် ၁၁ ဦးနဲ့ ဖွဲ့စည်းလိုက်ပြီး ဖျာပုံမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဆွေနဲ့ အခြားကိုယ်စားလှယ်တွေလည်းပါဝင်တယ်လို့ သူကပြောပါတယ်။

    ဒီကနေ့ ဧရာဝတီတိုင်း လွှတ်တော်ကို အွန်လိုင်းကနေ ခေါ်ယူခဲ့ပြီး ကိုယ်စားလှယ် ၄၀ ကျော် တက်ရောက်ခဲ့ကြောင်းနဲ့ သဘာပတိ ရွေးချယ်ကာ လွှတ်တော်ကိုယ်စားပြု‌ကော်မတီကို ဖွဲ့စည်းခဲ့တာ ဖြစ်တယ်လို့လည်း ဒေါက်တာ တင်မင်းထွဋ် ကပြောပါတယ်။

    စစ်အာဏာသိမ်းမှုကို လက်မခံကြောင်းနဲ့ နိုင်ငံတော်အတိုင်ပင်ခံ၊ သမ္မတ အပါအဝင် ထိန်းသိမ်းထားသူတွေ အားလုံးကို ပြန်လွှတ်ပေးဖို့၊ ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော်ခေါ်ဖို့ ၊ CDM လှုပ်ရှားမှုတွေ ကို ထောက်ခံပြီး ကူညီစောင့်ရှောက်ပေးဖို့ စတဲ့ အချက်တွေကို ဧရာဝတီတိုင်း လွှတ်တော်ကိုယ်စားပြု ကော်မတီရဲ့ ထုတ်ပြန်ချက်ထဲမှာ တောင်းဆိုထားပါတယ်။

  9. မန္တလေးနဲ့ မုံရွာ အပါအဝင် မြို့ကြီးတချို့မှာ လူ ၅ ဦးထက် ပို မစုဝေးကြဖို့နဲ့ ညမထွက်ရအမိန့် ထုတ်ပြန်လိုက်

    အခုအခါ အများပြည်သူတို့ရဲ့ လုံခြုံရေးနဲ့ တရားဥပဒေ စိုးမိုးရေးကို ထိခိုက် ပျက်ပြားစေဖို့ စိုးရိမ်ဖွယ်ရာ ရှိတဲ့ အပြုအမူတွေကို ဆောင်ရွက်နေတာကို တွေ့နေရကြောင်းနဲ့ ဒါဟာ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ ရပ်ရွာ အေးချမ်းသာယာရေးကို ထိခိုက်စေတဲ့အပြင် ရုန်းရင်းဆန်ခတ်မှုတွေ ဖြစ်စေနိုင်တယ်လို့ ယူဆတဲ့အတွက် လူ ၅ ဦးနဲ့ ၅ ဦးအထက် ပိုပြီး စုဝေးခြင်း မပြုဖို့နဲ့ ည ၈ နာရီကနေ မနက် ၄ နာရီအထိ ညမထွက်ရ အမိန့် ပြဋ္ဌာန်းလိုက်တယ်လို့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

    မုံရွာမြို့မှာ ဒီကြေညာချက်ကို ရပ်ကွက်ရုံးတွေမှာ လိုက်ဝေနေတယ်လို့ မုံရွာမြို့ခံတွေက ပြောပါတယ်။

  10. မုံရွာမှာ CDM လှုပ်ရှားမှုစ၊ ဘဏ်တွေနဲ့ ရုံးအများစုပိတ်၊ လက်ပံတောင်းစီမံကိန်း ရပ်နေ

    စစ်ကိုင်းတိုင်း အစိုးရရုံးစိုက်ရာ မုံရွာမြို့မှာ အရပ်သား အာဏာဖီဆန်မှု (Civil Disobedience Movement ) လှုပ်ရှားမှုတွေ အရှိန်မြှင့်လာကြပြီး ဖေဖော်ဝါရီလ ၈ ရက်နေ့မှာတော့ မုံရွာမြို့ပေါ်က ဘဏ်တွေနဲ့ ရုံးအများစု ပိတ်ထားလိုက်ကြောင်း မုံရွာမြို့ခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

    ဒီနေ့စတင်တဲ့ CDM လှုပ်ရှားမှုမှာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဝန်ထမ်း ၂၀ ကျော်နဲ့ အတူ ဘဏ်ဝန်ထမ်းတွေလည်း ပါဝင်လာတယ်လို့ သူကပြောပါတယ်။

    ပြီးခဲ့တဲ့ရက်ပိုင်းက CDM လှုပ်ရှားမှု စတင်ခဲ့တဲ့ မုံရွာတစ်ဖက်ကမ်း လက်ပံတောင်းတောင် ကြေးနီစီမံကိန်းက လုပ်သားတွေလည်း ဒီကနေ့မှာ ဆက်လက် ဆန္ဒပြခဲ့ကြပြီး ကြေးနီစီမံကိန်း လုပ်သားအားလုံးက ဒေါ်အောင်ဆန်းစုကြည် မလွတ်မချင်း အလုပ်မဆင်းဘဲ ဆန္ဒပြဖို့ စီစဉ်ထားကြတဲ့အတွက် ကြေးနီစီမံကိန်းလည်း ရပ်ထားရတယ်လို့ သိရပါတယ်။

    ဒီကနေ့မနက် ဖေဖော်ဝါရီလ ၈ ရက်နေ့ မုံရွာမြို့ ဆန္ဒပြပွဲမှာ ဆရာ ဆရာမတွေ၊ ဆရာဝန်တွေ၊ ရှေ့နေတွေ လည်း ပါဝင် ဆန္ဒပြကြတယ်လို့ မုံရွာဒေသခံတွေက ပြောပါတယ်။

  11. မြန်မာ့လက်ရွေးစင်ဘောလုံး သမားတွေ ဆန္ဒပြပွဲပါဝင်လာ

    မြန်မာ့လက်ရွေးစင် ဘောလုံးသမားတွေ ဖြစ်တဲ့ မောင်မောင်လွင်၊ ကျော်ဇင်ထက်၊ သီဟစည်သူတို့ အပါအဝင် လက်ရွေးစင်ဘောလုံးသမားတွေ ဒီနေ့ ဖေဖော်ဝါရီ(၈)ရက် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာပါဝင်လာကြပါတယ်။

  12. CDM လှုပ်ရှားမှုမှာ နိုင်ငံခြားရေးဝန်ကြီးဌာနဝန်ထမ်းတွေ ပါဝင်လာ

    စစ်အာဏာသိမ်းပြီး ၈ ရက်မြောက်နေ့မှာ အရပ်သား အာဏာဖီဆန်မှု (Civil Disobedience Movement ) လှုပ်ရှားမှုတွေ ပိုမို အရှိန်မြင့်လာနေချိန်မှာပဲ ဒီကနေ့မှာတော့ နိုင်ငံခြားရေးဝန်ကြီးဌာနအောက်မှာ အလုပ်လုပ်ကိုင်ကြသူတွေ ပါဝင်လာပြီ ဖြစ်ပါတယ်။

    ရွေးကောက်ခံ ပြည်သူ့အစိုးရ လက်အောက်မှာသာ အလုပ်လုပ်ကိုင်ချင်တာကြောင့် ဒီလှုပ်ရှားမှုမှာ ပါဝင်ပူးပေါင်းရတာ ဖြစ်တယ်လို့ ဖေဖော်ဝါရီလ ၈ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်ထားပြီး ဒီကနေ့မှာတော့ နေပြည်တော်မှာရှိတဲ့ နိုင်ငံခြားရေးဌာန ဝန်ထမ်းအတော်များများ အလုပ်မသွားကြဘူးလို့ ဒီလှုပ်ရှားမှုမှာ ပါဝင်တဲ့ ဝန်ထမ်းတဦးက ဘီဘီစီကို ပြောပါတယ်။

    နိုင်ငံခြားရေးဝန်ကြီးဌာနဟာ ပြီးခဲ့တဲ့ အစိုးရလက်ထက်က နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်အောက် ဌာနဖြစ်ပါတယ်။

    စစ်အာဏာသိမ်းပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်ရေးအရာရှိအဖြစ် လုပ်ကိုင်ခဲ့ဖူးသူ ညွှန်ကြားရေးမှူး ကိုဇော်နိုင်ဝင်းလည်း အလုပ်ထွက်စာတင်လိုက်ပြီး အာဏာသိမ်းအစိုးရကို ငြိမ်းချမ်းစွာ ဆန္ဒပြမှုမှာ ပါဝင်လာခဲ့ပါတယ်။

    စစ်အာဏာရှင်စနစ်ကို အကြမ်းမဖက်တဲ့နည်းနဲ့ အာဏာဖီဆန်တဲ့အနေနဲ့ ၀န်ကြီးဌာနအသီးသီးက အစိုးရဝန်ထမ်းတွေအားလုံး Civil Disobedience Movement မှာ ပါဝင်ကြဖို့ ၈၈ မျိုးဆက်ကျောင်းသား ကိုမင်းကိုနိုင် အပါအဝင် ပြည်သူအများစုက တောင်းဆိုနေကြပါတယ်။

  13. မနေ့က ဖမ်းဆီးမှုတွေ ရှိခဲ့တဲ့ မြဝတီမှာ ဒီကနေ့ လူ ဆယ်ဆတိုး ဆန္ဒပြခဲ့

    မြဝတီမှာ မနက် ၉ နာရီကနေ မွန်းတည့်ချိန်အထိ မြို့ခံလူထု တစ်သောင်းလောက် ဆန္ဒပြသခဲ့ကြပါတယ်။ မနေ့က ဖေဖော်ဝါရီ ၇ ရက်နေ့မှာ လူတစ်ထောင်လောက်ပဲ ရှိခဲ့ပေမဲ့ ဒီနေ့ ၈ ရက်နေ့မှာတော့ ဆယ်ဆတိုးပြီး လူတစ်သောင်းလောက် ဆန္ဒဖော်ထုတ် ခဲ့ကြတာပါ။

    မနေ့တုံးက ရဲတွေက ဆန္ဒပြသူ ၁၄ ယောက်ကို ဖမ်းဆီးခဲ့ပေမဲ့ သူတို့ကို လွှတ်ပေးဖို့ လူထုက ရဲစခန်းကိုဝိုင်းပြီး တောင်းဆိုခဲ့တာကြောင့် ည ၇ နာရီမှာ ၁၄ ယောက်စလုံးကို ခံဝန်ချုပ် လက်မှတ်ထိုးခိုင်းပြီး ပြန်လွှတ်ပေးလိုက် ပါတယ်။

    ဒီနေ့မှာတော့ ဆန္ဒပြတဲ့နေရာမှာ ရဲနဲ့ စစ်သားတွေ မတွေ့ရဘဲ အေးအေးချမ်းချမ်း ဆန္ဒပြနိုင်ခဲ့ကြတယ်လို့ ဆန္ဒပြသူတွက ပြောပါတယ်။ဒါပေမဲ့ ဓာတ်ပုံရိုက်သူတွေအထဲမှာ စစ်တပ်ဘက်တော်သားတွေ ပါတယ်လို့ မြဝတီမြို့ခံတွေက ပြောပါတယ်။

  14. ဆန္ဒပြသူတွေကို တပ်ဘက်က သတိပေးချက်ထုတ်

    နေပြည်တော်မှာ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးလှုပ်ရှားမှုတွေကို မီးသတ်ပိုက်နဲ့ ပက် လူစုခွဲတာတွေ ရှိလာပြီးနောက် အာဏာသိမ်းတပ်မတော်က ဆန္ဒပြသူတွေကို ရည်ညွှန်းတဲ့ ထုတ်ပြန်ချက် တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။

    အဲဒီထုတ်ပြန်ချက်မှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး အကြောင်းအမျိုးမျိုးပြပြီး တခြားသူတွေကို အုပ်စုဖွဲ့ အတင်းအကြပ်ပြုခြင်း၊ နှောင့်ယှက်ခြင်း၊ ခြိမ်းခြောက်ခြင်းတွေအထိ ဥပဒေ ချိုးဖောက်မှုတွေ ရှိလာခဲ့တယ်လို့ဖော်ပြထားပါတယ်။

    နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး ပြည်သူလူထု ဘေးကင်းလုံခြုံရေးနဲ့ တရားဥပဒေ စိုးမိုးရေးတို့ကို နှောင့်ယှက် ဟန့်တားဖျက်ဆီးတဲ့ ကျူးလွန်မှုမျိုးကို ထိရောက်စွာ ဟန့်တားမယ့် ဆောင်ရွှက်ချက်တွေ၊ ဥပဒေနဲ့ အညီ အရေးယူမယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

    ဒီသတင်းကို တပ်မတော် အာဏာသိမ်းအစိုးရ ထိန်းချုပ်ထားတဲ့ ရုပ်သံတွေကလည်း ထုတ်ပြန်ခဲ့ပါတယ်။

  15. ရန်ကုန်မြို့လယ် ဆူးလေမှာ ဆန္ဒပြသူ ထောင်ပေါင်းများစွာ စုဝေး

    ရန်ကုန်မြို့လယ် ဆူးလေ ဘုရားအနီးမှာ တတိယနေ့ ဆန္ဒပြသူ ထောင်ပေါင်းများစွာ ရောက်ရှိနေပြီး မြို့တော်ခန်းမရှေ့ လမ်းမပေါ်ကို ဆန္ဒပြသူတွေ မဝင်နိုင်အောင် ရဲတပ်ဖွဲ့က လေးဖက်လေးတန်က ပိတ်ဆို့ထားပါတယ်။

    ဆက်သွယ်ရေးရုံးရှေ့၊ ဧရာဝတီဘဏ်ရှေ့၊ အနော်ရထာလမ်း တို့မှာ လူတွေ အများအပြားစုဝေးနေပါတယ်။

    ဒီဆန္ဒပြပွဲတွေကို ဦးဆောင်သူအဖွဲ့တွေနဲ့ လာသူတွေ၊ အစုအဖွဲ့အလိုက်လာသူတွေ နဲ့ တစ်ဦးချင်းလာသူတွေ စုဝေးရောက်လာကြတာပါ။

    အဲဒီထဲက အများစုက လူငယ်တွေနဲ့ ဆယ်ကျော်သက်တွေ အများအပြားပါဝင်ပါတယ်။

    အဲဒီနေရာမှာ ရဲတပ်ဖွဲ့တွေက ပိတ်ဆို့ထားတာတွေ့ရပြီး စစ်တပ်က နေရာယူထားတာ မတွေ့ရပါဘူး။

    ဆန္ဒပြသူတွေကို အစားအသောက်၊ ရေနဲ့ နှာခေါင်းစည်း ဝေငှသူတွေလည်း ရှိနေပါတယ်။

    ဆန္ဒပြသူတချို့က ရဲတပ်ဖွဲ့ဝင်တွေကို အစားအသောက်နဲ့ ရေတွေ သွားပေးတာလည်း ရှိပြီး တချို့ ရဲတပ်ဖွဲ့ဝင်တွေက ယူပြီး တချို့က မယူကြပါဘူး။

    ရန်ကုန်မြို့လယ်အပြင် မြို့တွင်း လမ်းမကြီးတချို့မှာ ချီတက်သွားလာနေတဲ့ ဆန္ဒပြသူတွေရှိနေပါတယ်။

  16. ရန်ကုန်ကလေးဆေးရုံကြီးမှ ဆရာဝန်တွေ CDM ကန်ပိန်းစတင်ကြောင်း ကြေညာ

    ရန်ကုန်ကလေးဆေးရုံကြီးမှ ဝန်ထမ်းအားလုံးရဲ့ကြေငြာချက်ဖြစ်တယ်လို့ မြန်မာနိုင်ငံ ကလေးကျန်းမာပညာအဖွဲ့ ဥက္ကဋ္ဌလည်းဖြစ် ရန်ကုန်ကလေးဆေးရုံကြီးမှ ပါမောက္ခ ဒေါက်တာကျော်လင်းက ဖေဖော်ဝါရီ ၈ရက်နေ့မှာ သူ့ရဲ့ ဖေ့ဘွတ်ခ်စာမျက်နှာကတဆင့် အသိပေးထားပါတယ်။

    ဆေးရုံမှသံယောဇဉ်လက်ကျန်များကိုလက်စသတ်ကုသပေးပြီး၊လွှဲပြောင်းပေးပြီးဖြစ်တဲ့အတွက် အလုပ်မဆင်းဘဲ ဆန့်ကျင်မှု (CDM )ကို စတင်လိုက်ပြီလို့ ဆိုပါတယ်။

    "ယနေ့ မှစ၍ စစ်အာဏာရှင်အစိုးရ၏ ယန္တရားထဲ မပါဝင်နိုင်ပါသဖြင့်အလုပ်မသွားတော့ပါ။လူနာများအတွက် လိုအပ်လျှင် အချိန်မရွေး နေရာမရွေး လာရောက်လုပ်အားပေးပါမည်။အမေစုတို့လွတ်လာပြီး ပြည်သူ့အစိုးရပြန်တက်လာတဲ့အခါ ဆေးရုံမှာ ပြန်ဆုံကြမယ်နော် " လို့ သူ့ရဲ့ လူမှုကွန်ရက်ကနေ အသိပေးရေးသားထားပါတယ်။

  17. အနုပညာရှင် တချို့ ဆန္ဒပြပွဲပါဝင်ပူးပေါင်း

    စစ်တပ်က အာဏာသိမ်းပြီး ၈ ရက်မြောက်နေ့မှာတော့ ရန်ကုန်မှာ အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ လုပ်ခဲ့ပြီး သိန်းနဲ့ချီတဲ့ လူတွေ ပါဝင်ပူးပေါင်း ခဲ့ကြပါတယ်။

    ဒီဆန္ဒပြပွဲကို လူသိများတဲ့ အနုပညာရှင် တချို့လည်း ပူးပေါင်းပါဝင်ခဲ့ပါတယ်။

    ရန်ကုန်မြို့ လှည်းတန်း အနီး၊ ဂျန်းရှင်း စင်တာ နဲ့ မြေနီကုန်း ကနေ ဆန္ဒပြသူတွေဟာ မြို့ထဲဘက်ကို လမ်းလျှောက် သွားနေကြတာကိုလည်း တွေ့မြင်ရပါတယ်။

  18. စစ်တွေမှာ ဘဏ်တွေ ပိတ်ထား

    ရန်ကုန်နဲ့ တခြားမြို့ကြီးတွေမှာ စစ်အာဏာသိမ်း ဆန့်ကျင်ရေး ဆန္ဒပြတောင်းဆိုနေကြတာကြောင့် ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ဘဏ်တွေပိတ်ထားပါတယ်။

    လောလောဆယ်မှာတော့ ATM စက်တွေကို အသုံးပြုလို့ရနေပေမယ့် ငွေထုတ်သူတွေများလာလို့ရင် အခက်အခဲတွေဖြစ်လာမှာကို စိုးရိမ်နေကြပါတယ်။

    ရခိုင်ပြည်နယ်အတွင်း သံတွဲနဲ့ ဂွမြို့တို့မှာလည်း ဆန္ဒပြပွဲတွေ ရှိခဲ့ပါတယ်။

  19. ရန်ကုန်မြို့တွင်းက ဆန္ဒပြနေရာတွေအနီးမှာ ဆေးကျောင်းသားတွေနဲ့ CDM ဆရာဝန်တွေအဆင်သင့်ရှိနေ

    ဆေးကျောင်းသားတွေအနေနဲ့ ဆန္ဒပြလှုပ်ရှားတာအင်အားသက်သက်ဖြစ်ပြီး Medical Response မှာ ပါဝင်တဲ့ ကျောင်းသားတွေနဲ့ ဆရာဝန်တွေကတော့ ဆန္ဒပြသူတွေရဲ့မလှမ်းမကမ်းမှာ အမြဲရှိနေတယ်လို့ ဆိုပါတယ်။

    “Base အထိုင်တခုက သက်သက်ရှိတယ်၊ ပြီးရင် ဆန္ဒပြမလှမ်းမကမ်းမှာ အသင့်စောင့်နေတာက သက်သက်ရှိမယ်။ နေရာတခုမှာ လူအယောက် ၂၀ လောက်ရှိတယ်။ ဆေး ၁ ကလည်း အခြား တနေရာမှာရှိမယ်၊ ဆေး၂ ကလည်း တနေရာမှာရှိနေမယ်။ ဒါမှ Cover ဖြစ်မှာကိုး။” လို့ ရန်ကုန်ဆေးတက္ကသိုလ်(၂) ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ကိုဥဂ္ဂါမြတ်က ဘီဘီစီကို အခုလိုပြောပါတယ်။

    လက်ရှိမှာတော့ ရန်ကုန်ဆေးတက္ကသိုလ်(၁) နဲ့ ဆေးတက္ကသိုလ် (၂)က ကျောင်းသားအများစုဟာ အာဏာသိမ်း စစ်အုပ်စုအောက်မှာ ပညာသင်ယူမှာ မဟုတ်ကြောင်းနဲ့ Civil Disobedience Movement မှာ တက်ကြွစွာပါဝင်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

  20. ပဲခူးတိုင်းဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ဝန်ကြီးအချို့ကို အစိုးရအိမ်ရာဝန်းထဲမှာ အကျယ်ချုပ် ဆက်ထား

    ပဲခူးတိုင်းဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ဝန်ကြီးအချို့ကို အစိုးရအိမ်ရာဝန်းထဲမှာ အကျယ်ချုပ်အဖြစ် ဆက်ထားထားတယ်လို့ စုံစမ်းသိရှိရပါတယ်။

    လူမှုရေးဝန်ကြီးက ဦးစီးဌာန ၉ခုကို ၂၀၂၀ရွေးကောက်ခံ အစိုးရဖွဲ့တဲ့အထိ အလုပ်ပိတ်ရက်အဖြစ်ကြေညာတယ်လို့လည်း သိရပါတယ်။

    တပ်မတော်က အာဏာသိမ်းယူပြီးနောက် ပဲခူးတိုင်းဝန်ကြီးချုပ်နဲ့ စီမံဘဏ္ဍာဝန်ကြီး၊ ကရင်တိုင်းရင်းသားရေးရာဝန်ကြီးအပါအဝင် တိုင်းအစိုးရအဖွဲ့ဝင်အချို့ကို အစိုးရအိမ်ရာဝန်းအတွင်းမှာပဲ အကျယ်ချုပ်နဲ့ ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်တယ်လို့ ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီး ဒေါ်နော်ပွယ်ဆေးက ဘီဘီစီကို ဖေဖော်ဝါရီ ၈ ရက်နေ့ကပြောပါတယ်။

    ' ' ဒီဝန်းထဲမှာက အင်တာနက်လည်းမရဘူး။ ဖုန်းလိုင်းပဲရတယ်။ အပြင်မှာကတော့ တပ်ရော၊ရဲရော လုံခြုံရေးယူထားတယ်။ စားသောက်ရေးကတော့ ကိုယ့်ဘာသာရှိတာချက်စားတယ်။ မိသားစုတွေက လာပို့ရင်တော့ ဂိတ်ကလက်ခံပေးတယ်။ အခုထိ ဘာမှပြောတာမရှိဘူး''လို့ သူကပြောပါတယ်။

    ပဲခူးတိုင်းအစိုးရအဖွဲ့ဝင် ဝန်ကြီးတစ်ဦးဖြစ်တဲ့ လူမှုရေးဝန်ကြီး ဒေါ်ညွှန့်ညွှန့်ဌေးကတော့ ပဲခူးတိုင်းထဲက မြို့နယ်တစ်ခုမှာ ရှိနေဆဲဖြစ်တယ်လို့ ဒေါ်နော်ပွယ်ဆေးက အတည်ပြုပါတယ်။

    လူမှုရေးဝန်ကြီးရဲ့လက်အောက် ဦးစီးဌာန ၉ ခုက ဝန်ထမ်းတွေကို CDM ကန်ပိန်းမှာပါဝင်နိုင်ဖို့ ၂၀၂၀ အနိုင်ရကိုယ်စားလှယ်တွေနဲ့အစိုးရသစ်ဖွဲ့စည်းချိန်အထိ အလုပ်ပိတ်ရက်အဖြစ်သတ်မှတ်ပေးကြောင်း ဖေဖော်ဝါရီ ၈ ရက်နေ့က ဒေါ်ညွှန့်ညွှန့်ဌေးက သူ့လက်မှတ်နဲ့ ရေးထိုးထားတဲ့စာတစ်စောင်ကို သူ့ရဲ့လူမှုကွန်ရက်အကောင့်ကနေ အသိပေးထုတ်ပြန်ထားပါတယ်။

    ဒီကိစ္စနဲ့ပတ်သက်ပြီး ဒေါ်ညွှန့်ညွှန့်ဌေးကို ဆက်သွယ်ဖို့ကြိုးစားခဲ့ပေမယ့် ဖုန်းစက်ပိတ်ထားတာကြောင့် အတည်ပြုနိုင်ခြင်းတော့မရှိသေးပါဘူး။