နိုင်ငံရေးဆွေးနွေးမှု မူဘောင် သုံးသပ်ရေး အစည်းအဝေး ပြီး

၂၁ရာစု ပင်လုံ ညီလာခံ ကျင်းပရာမှာ အရေးပါတဲ့ နိုင်ငံရေး ဆွေးနွေးမှု ဆိုင်ရာ မူဘောင်သုံးသပ်တဲ့ အစည်းအဝေး သြဂုတ်လ ၁၃ရက်နေ့မှာ ပြီးဆုံးခဲ့ပါတယ်။
ရန်ကုန်မှာ (၃)ရက်တာ ကျင်းပခဲ့တဲ့ ဒီအစည်းအဝေးကို (၂၁)ရာစု အကြိုပြင်ဆင်ရေး ကော်မတီ၊ အစိုးရ စစ်တပ် ကိုယ်စားလှယ်တွေ ၊ နိုင်ငံရေးပါတီ ကိုယ်စားလှယ်တွေ၊ အပစ်ရပ် လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် ကိုယ်စားလှယ်တွေနဲ့ အပစ်ရပ် လက်မှတ်ထိုး မထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် ကိုယ်စားလှယ်တွေ တက်ရောက် ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။
ခုလကုန်မှာ ကျင်းပမယ့် (၂၁)ရာစု ပင်လုံ ညီလာခံကို အခု ဆွေးနွေးနေတဲ့ နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင်အရပဲ ကျင်းပဖို့ ပြင်ဆင်နေတာပါ။
ဒီဆွေးနွေးပွဲမှာ အစည်းအဝေး တက်ရောက်မယ့် အချိုးအစား ပုံစံတွေကို ဆွေးနွေးခဲ့ကြပေမယ့် တိတိပပ ဆုံးဖြတ်ချက် မချနိုင်ခဲ့ပါဘူး။
နိုင်ငံရေး မူဘောင် သုံးသပ် ဆွေးနွေးမှုဟာ ပထမဆုံး အကြိမ် ဖြစ်ပြီး မူဘောင်ပါ အချက်တွေကို ပြီးပြည့်စုံ နားလည်ဖို့ အချိန်ယူရမယ်လို့ အစည်းအဝေး တက်ရောက်လာတဲ့ အပစ်မရပ် တိုင်းရင်းသားအဖွဲ့တွေရဲ့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC က နိုင်ငံရေးဆွေးနွေးမှု ညှိနှိုင်း ဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် ခူးဦးရယ်က ပြောပါတယ်။
လောလောဆယ်မှာ (၂၁)ရာစု ပင်လုံညီလာခံ အကြိုပြင်ဆင်ရေး ကော်မတီ ဖွဲ့ထားပြီး နောက်ထပ်လည်း ညီလာခံ ပူးတွဲ ကျင်းပရေး ကော်မတီကို လာမယ့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီ UPDJC အစည်းအဝေးပွဲမှာ ထပ်ဖွဲ့ဖို့ ရှိနေပါတယ်။
(၂၁)ရာစု ပင်လုံညီလာခံ ကျင်းပဖို့ ရက် (၂၀)လောက်ပဲ လိုတော့ပေမယ့် လောလောဆယ် နိုင်ငံရေး မူဘောင် သုံးသပ်ဆွေးနွေးမှုက မပြီးပြတ်သေးပဲ ဆွေးနွေးစရာ အချက်တချို့ကျန်နေသေးတယ်လို့ ခူးဦးရယ်က ဆက်ပြောပါတယ်။
အခု နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင် သုံးသပ်တဲ့ အစည်းအဝေးကနေ ရလာတဲ့ အချက်တွေကို လာမယ့် (၁၅)ရက်နေ့ နေပြည်တော်မှာ လုပ်မယ့် UPDJC အစည်းအဝေးပွဲမှာ တင်ပြမှာ ဖြစ်ပါတယ်။








