ငြိမ်းချမ်းရေး ကော်မရှင် စတင်တွေ့ဆုံ

ဓာတ်ပုံ ရင်းမြစ်, epa
မကြာသေးခင် ရက်ပိုင်းကမှ ဖွဲ့စည်းလိုက်တဲ့ ငြိမ်းချမ်းရေး ကော်မရှင်ရဲ့ ပထမဆုံး အကြိမ် အစည်းအဝေး ကို ကျင်းပခဲ့ပါတယ် ။
အဖွဲ့ဝင် ၆ ဦးပါတဲ့ ငြိမ်းချမ်းရေး ကော်မရှင်ဟာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို အဓိကဦးဆောင်မယ့် အဖွဲ့ဖြစ်ပါတယ် ။
NRPC လိုခေါ်တဲ့အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး ဗဟိုဌာနက ချမှတ် ပေးတဲ့ မူဝါဒတွေကို အကောင်အထည်ဖော်ပေးရမယ့် အဖွဲ့အစည်း ဖြစ်ပါတယ် ။
ကော်မရှင် ဥက္ကဋ္ဌ အဖြစ် ဒေါက်တာ တင်မျိုးဝင်း၊ ဒုဥက္ကဋ္ဌ ဦးသိန်းဇော်၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး (ငြိမ်း) ဦးခင်ဇော်ဦး ဖြစ်သလို အဖွဲ့ဝင်တွေ အနေနဲ့ ဒေါက်တာ အောင်ထွန်းသက်၊ ဦးနိုင်ငံလင်းနဲ့ ဦးအောင်စိုးတို့ ပါဝင် ပါတယ် ။
ဦးသိန်းစိန်အစိုးရ လက်ထက်က ဖွဲ့စည်းခဲ့တဲ့ UPWC ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီမှာ အဖွဲ့ဝင် ၅၂ ဦး ထိပါဝင်ခဲ့ပြီး ဒုတိယ သမ္မတက ဦးဆောင်ခဲ့ပါတယ် ။
အခုဖွဲ့စည်းလိုက်တဲ့ ကော်မရှင်မှာတော့ အဖွဲ့ဝင် ၆ ဦး ၊ အကြံပေး၃ ဦးနဲ့ အထောက်အကူပြု ၇ ဦး စုစုပေါင်း ၁၆ ဦးသာ ရှိပါတယ် ။
နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဟာ အစိုးရ ရဲ့ ရက် ၁ဝဝ အတွင်း သွက်သွက် လက်လက်နဲ့ မူဝါဒအချို့ ချမှတ်နိုင်တဲ့အတွက် သိသာတဲ့ လုပ်ငန်းစဉ်တခုလို့ လေ့လာသူများ က သုံးသပ်နေကြပါတယ် ။




