တိုက်ရိုက်ထုတ်လွှင့်မှု, ပုလဲမောင် သတ်ဖြတ်ခံရမှုနဲ့ ဗိုလ်စွမ်းသူမောင်ကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ဆို

တပ်ရင်း ၆ ရဲ့ တပ်ရင်းမှူး ပုလဲမောင် သေနတ်နဲ့ ပစ်ခတ်ခံရမှုနဲ့ ပတ်သက်ပြီး ခရိုင်ကွပ်ကဲရေးမှူး ဗိုလ်စွမ်းသူမောင်ကို စစ်ဆေးနေတဲ့သတင်းအပါအဝင် ၂၀၂၆ ခုနှစ် ဇွန် ၂၉ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာ့ထူးခြားသတင်းများ တိုက်ရိုက်ထုတ်လွှင့်မှုကို တင်ဆက်ပေးနေပါတယ်။

အနှစ်ချုပ်

တပ်ရင်း ၆ ရဲ့ တပ်ရင်းမှူး ပုလဲမောင် (ခ) ပီတာ သေနတ်နဲ့ ပစ်သတ်ခံရမှုနဲ့ ပတ်သက်ပြီး ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူး ဗိုလ်စွမ်းသူမောင်နဲ့အဖွဲ့ကို NUG ဖမ်းဆီးထိန်းသိမ်းထား

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. တောင်ကိုရီးယားအသင်း ကမ္ဘာ့ဖလားကနေ ထွက်ခဲ့ရတာကို စုံစမ်းဖို့ သမ္မတပြော

    ဇွန်လ ၂၆ ရက်တုန်းက ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ မြင်တွေ့ရတဲ့တောင်ကိုရီးယား နည်းပြ

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ဇွန်လ ၂၆ ရက်တုန်းက မက္ကဆီကိုမှာပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ မြင်တွေ့ရတဲ့တောင်ကိုရီးယား နည်းပြ

    ကမ္ဘာ့ဖလားမှာ တောင်ကိုရီးယားအသင်း အချိန်မတိုင်ဘဲ စောပြီး နုတ်ထွက်ခဲ့ရတယ်လို့ ယူဆတာကြောင့် ဒီအခြေအနေကို စုံစမ်းဖို့ သမ္မတက ပြောနေချိန်မှာပဲ အသင်းနည်းပြ ဟွန်မြောင်ဘို ရာထူးကနေ နုတ်ထွက်သွားပါတယ်။

    တောင်ကိုရီးယားအသင်းဟာ အုပ်စုတတိယအကောင်းဆုံးအသင်းအနေနဲ့ ၃၂ သင်း ရှုံးထွက်အဆင့်အထိ တက်ဖို့ မျှော်လင့်ထားတာဖြစ်ပေမဲ့ နောက်တစ်ဆင့် မတက်နိုင်ခဲ့ပါဘူး။

    အခုလိုအစောပိုင်းမှာ စောစောနုတ်ထွက်ခဲ့ရတာကြောင့် တောင်ကိုရီးယားနိုင်ငံထဲ ဝေဖန်သံ ညံခဲ့သလို သမ္မတ အီဂျေမြောင်က အသင်းရဲ့စိတ်ပျက်စရာ ဘောလုံးစွမ်းရည် ဘယ်ဖြစ်ခဲ့ရတာလဲဆိုတာကို စုံစမ်းဖို့ တိုက်တွန်းနေပါတယ်။

    နည်းပြဟောင်ကတော့ ဒါတွေအားလုံးဟာ နည်းပြဖြစ်တဲ့သူ့တာဝန်ခံရမှာ ဖြစ်တယ်လို့ ပရိသတ်ကို တောင်းပန်စကား ဆိုပါတယ်။

    ဖီဖာရဲ့အမျိုးသား ဘောလုံးအသင်းအဆင့်မှာ ၃၂ သင်းအဆင့်မှာ ရှိနေပြီး ဆန်ဟောင်မင် ဦးဆောင်တဲ့တောင်ကိုရီးယားအသင်းဟာ ကမ္ဘာ့ဖလားအုပ်စုပွဲစဉ်တွေမှာ ၁ ပွဲနိုင်၊ ၂ ပွဲရှုံးပြီး အုပ်စုအဆင့် တတိယနေရာမှာ ရောက်နေတာဖြစ်ပါတယ်။

    ကြာသပတေးနေ့တုန်းကပွဲမှာတော့ တောင်ကိုရီးယားဟာ အုပ်စုနောက်ဆုံးပွဲဖြစ်တဲ့ တောင်အာဖရိကအသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးခဲ့ပါတယ်။

    နည်းပြဟောင်ကတော့ မက္ကဆီကိုမှာပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ ''ကျွန်တော်တို့ ပရိသတ်လိုချင်တဲ့ရလဒ်မျိုးကို မစွမ်းဆောင်ပေးနိုင်ခဲ့ဘူး''လို့ တနင်္ဂနွေနေ့တုန်းက ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

    ဟောင်ဟာ ၂၀၀၂ ခုနှစ် ကမ္ဘာ့ဖလားမှာ တောင်ကိုရီးယားအသင်းကို ကမ္ဘာ့ဖလား အကြို ဗိုလ်လုပွဲအထိ တက်နိုင်အောင် စွမ်းဆောင်ခဲ့တဲ့ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။

    ဒါပေမဲ့ သူ့ကို ၂၀၁၄ ခုနှစ်တုန်းကလည်း တောင်ကိုရီးယားအမျိုးသားအသင်းရဲ့နည်းပြအဖြစ် တာဝန်ပေးခံရတဲ့အခါဟာ အသင်းဟာ တစ်ပွဲမှ မနိုင်ဘဲ အုပ်စုအဆင့်ကနေ ဆက်မတက်နိုင်ခဲ့တာကြောင့် ဝေဖန်ခံခဲ့ရတာတွေ ရှိပါတယ်။

    တောင်ကိုရီးယားဘောလုံးအဖွဲ့ချုပ်ဟာ နိုင်ငံခြားသားနည်းပြတွေ ခန့်အပ်ဖို့လုပ်တဲ့အခါ စိစစ်မှု တင်းတင်းကျပ်ကျပ်လုပ်လေ့ ရှိတာကြောင့် ဟောင်ကို နည်းပြခန့်တာဟာ သူတို့မိတ်ဆွေကို ရာထူးပေးလိုက်တာလို့ဆိုပြီး ဘောလုံးပရိသတ်အများစုက ဝေဖန်ပါတယ်။

    လက်ရှိဟာ ဟောင်ဟာ အသက်အန္တရာယ်ခြိမ်းခြောက်မှုတစ်ခုကိုလည်း ရထားတာကြောင့် သူ ပြည်တွင်းကို ပြန်ဝင်တဲ့အခါ လေဆိပ်မှာ လုံခြုံရေး စောင့်ကြပ်သွားမယ်လို့ တောင်ကိုရီးယားရဲတပ်ဖွဲ့က ပြောပါတယ်။

  2. ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီးစိုးလှိုင် ကစထ (၃) မှူးအဖြစ် ရာထူးတိုး, ရဲချုပ်သစ် ခန့်အပ်

    ကျိုင်းတုံမြို့မှာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလတုန်းက ပြုလုပ်တဲ့ ရဲတပ်ဖွဲ့နေ့ ပြပွဲအခမ်းအနားမှာမြင်တွေ့ရတဲ့ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် စိုးလှိုင်

    ဓာတ်ပုံ ရင်းမြစ်, MOI

    ဓာတ်ပုံ ပုံစာ, ကျိုင်းတုံမြို့မှာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလတုန်းက ပြုလုပ်တဲ့ ရဲတပ်ဖွဲ့နေ့ ပြပွဲအခမ်းအနားမှာမြင်တွေ့ရတဲ့ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် စိုးလှိုင်

    မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးလှိုင်ကို စစ်ဆင်ရေးအထူးအဖွဲ့ (ကစထ-၃)မှူးအဖြစ် ရာထူးတိုးခန့်အပ်လိုက်ပြီး ရဲချုပ်သစ်အဖြစ် စစ်တက္ကသိုလ် အပတ်စဉ် (၃၀) ဆင်း ရဲဗိုလ်ချုပ် (၁) ရဲမှူးချုပ် ဝင်းဗိုလ်ကို ခန့်အပ်လိုက်တယ်လို့ နေပြည်တော်သတင်းရင်းမြစ်တွေက ဘီဘီစီကို ပြောပါတယ်။

    ဒါ့အပြင် ရဲဗိုလ်ချုပ် (၁) ရဲမှူးချုပ် ဝင်းဗိုလ်ရဲ့နေရာကို ရဲရေးချုပ် ရဲဗိုလ်ချုပ် ဝင်းမင်းသိန်းက ဆက်ခံမှာဖြစ်ပြီး ရဲဗိုလ်ချုပ် (၂)အဖြစ် ရဲဗိုလ်ချုပ် မျိုးမင်းထိုက်ကို ရာထူးတိုးခန့်အပ်လိုက်တယ်လို့လည်း သိရပါတယ်။

    နေပြည်တော်နဲ့ နီးစပ်တဲ့သတင်းရင်းမြစ်တစ်ဦးကတော့ ဒုတိယဗိုလ်ချုပ်ကြီး စိုးလှိုင်ဟာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့လူယုံတစ်ဦးဖြစ်သလို တပ်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနဲ့လည်း ဆက်ဆံရေးကောင်းမွန်တာကြောင့် တပ်ဘက်ကို ပြန်လည်ခန့်အပ်ပြီး ကစထ (၃) မှူးရာထူး ပေးလိုက်တာဟာ ရာထူးတိုးမြှင့်မှုလို့ ဆိုနိုင်ကြောင်း ဘီဘီစီကို ပြောပါတယ်။

    ရဲဗိုလ်ချုပ် (၂) ဖြစ်လာတဲ့ ရဲဗိုလ်ချုပ် မျိုးမင်းထိုက်ဟာ ဒေါ်အောင်ဆန်းစုကြည်ကို သတ်မှတ်နေရာသို့ ရွှေ့ပြောင်းထားကြောင်း နေပြည်တော်က ထုတ်ပြန်ခဲ့တဲ့သတင်းထုတ်ပြန်ချက်မှာ ပါဝင်ခဲ့တဲ့ရဲအရာရှိတစ်ဦးလည်း ဖြစ်ပါတယ်။

  3. ယူဂန်ဒါမှာ စစ်ဦးစီးချုပ်အမိန့်နဲ့ ထိပ်တန်းမီဒီယာ သတင်းဌာနတွေကို ပိတ်ပစ်လိုက်

    ဗိုလ်ချုပ်ကြီး မူဟိုးဇီ ကိုင်နာရူဂါဘာ ဟာ သူ့ဖခင်ရဲ့ သမ္မတရာထူးကို ဆက်ခံမယ့်သူအဖြစ် အများက ရှုမြင်ထားကြ

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ဗိုလ်ချုပ်ကြီး မူဟိုးဇီ ကိုင်နာရူဂါဘာ ဟာ သူ့ဖခင်ရဲ့ သမ္မတရာထူးကို ဆက်ခံမယ့်သူအဖြစ် အများက ရှုမြင်ထားကြ

    ယူဂန်ဒါနိုင်ငံမှာ ရုပ်မြင်သံကြား၊ ရေဒီယိုနဲ့ သတင်းစာတိုက်တွေ ပိတ်ပစ်ဖို့ သမ္မတ ယိုဝါရီ မူဆီဗန်နီရဲ့ သားဖြစ်သူ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူဟူးဇီ ကိုင်နာရူဂါဘာက ညွှန်ကြားခဲ့အပြီးမှာ သီးခြားလွတ်လပ်တဲ့ သတင်းမီဒီယာ အုပ်စုကြီးက စစ်တပ်ရဲ့ သိမ်းပိုက်မှုအောက် သူတို့ ရောက်နေပြီလို့ ပြောပါတယ်။

    Daily Monitor သတင်းစာက ကမ်ပါလာမြို့တော်မှာရှိတဲ့ သူတို့ရဲ့ ရုံးချုပ်အပြင်ဘက်မှာ လက်နက်ကိုင် စစ်သားတွေ နေရာယူထားပြီး NTV နဲ့ Spark TV ရုပ်မြင်သံကြား ထုတ်လွှင့်မှုတွေရပ်ဆိုင်းခံလိုက်ရတယ်လို့ ဆိုပါတယ်။

    အဲဒီ သတင်းဌာနတွေဟာ အရှေ့အာဖရိကဒေသက သြဇာအရှိန်အဝါ အကြီးမားဆုံး သတင်းမီဒီယာတွေထဲက တစ်ခုဖြစ်တဲ့ Nation Media Group ပိုင် သတင်းဌာနတွေ ဖြစ်ပါတယ်။

    ဘာ့ကြောင့် အခုလို စီးနင်းမှုတွေ လုပ်ခဲ့တာလဲ ဆိုတာကို အသေအချာ မသိရသေးပါဘူး။ ဒါပေမဲ့ ဗိုလ်ချုပ်ကြီး မူဟူးဇီ ကိုင်နာရူဂါဘာက သတင်းလွတ်လပ်ခွင့်ဆိုတာကို သူ့အနေနဲ့ မယုံကြည်ကြောင်းနဲ့ တော်လှန်ရေးခေါင်းဆောင်တွေရဲ့ လမ်းညွှန်မှုအတိုင်းသာ စာနယ်ဇင်းသတင်းသမားတွေက လိုက်နာသင့်တယ် ဆိုပြီး X ဆိုရှယ်မီဒီယာပေါ်မှာ ပို့စ် တင်ထားပါတယ်။

    အပြည့်အစုံကို ဒီလင့်ခ် မှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

  4. ၂၀၂၆ ကမ္ဘာ့ဖလား ၃၂ သင်းအဆင့် - တောင်အာဖရိက ၀ - ၁ ကနေဒါ

    အမေရိကန်ဒေသစံတော်ချိန်  ဇွန်လ ၂၈ ရက်  ညနေပိုင်းမှာ ကစားသွားတဲ့ ၂၀၂၆ ကမ္ဘာ့ဖလား ရှုံးထွက် ၃၂ သင်း အဖွင့်ပွဲစဉ်မှာ ကနေဒါနဲ့ တောင်အာဖရိကတို့ ယှဉ်ပြိုင်မှု

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ကမ္ဘာ့ဖလား ၃၂ သင်း ရှုံးထွက်ပွဲမှာ ကနေဒါက ပွဲကစားချိန် နောက်ဆုံးမိနစ်ရောက်မှ တောင်အာဖရိကကို ၁ ဂိုးသွင်းပြီး ကပ်နိုင်သွားပါတယ်။

    နှစ်သင်းစလုံးဟာ ကမ္ဘာ့ဖလားမှာ ဒီအဆင့်အထိ မတက်ဖူးကြပါဘူး။ ဒါပေမဲ့ ရှုံးထွက်ပွဲကို ပွဲဦးထွက် ကန်ခဲ့ကြရတာဖြစ်ပါတယ်။

    ကနေဒါအတွက် နောက်ဆုံးမိနစ်မှရတဲ့ ဂိုးကို စတီဖင် ယူစတက်ကီယိုက သွင်းယူခဲ့တာဖြစ်ပါတယ်။

    ကနေဒါဟာ မော်ရိုကိုနဲ့ နယ်သာလန်တို့ ရှုံးထွက်ပွဲကနေ တက်လာမယ့်အသင်းနဲ့ ၁၆ သင်းအဆင့်မှာ ယှဉ်ပြိုင်ရဖို့ ရှိနေပါတယ်။

    ၃၂ သင်းအဆင့် ရှုံးထွက်ပွဲတွေကို ဘာကြောင့် စောင့်ကြည့်သင့်လဲ။ အပြည့်အစုံကို ဒီလင့်ခ် မှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

  5. ပုလဲမောင် သတ်ဖြတ်ခံရမှုနဲ့ ဗိုလ်စွမ်းသူမောင်ကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ဆို

    ပုလဲမောင် သေနတ်နဲ့ ပစ်ခတ်ခံရမှုအတွက် အစစ်ဆေးခံနေရတဲ့ ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူး ဗိုလ်စွမ်းသူမောင်

    ဓာတ်ပုံ ရင်းမြစ်, စွမ်းသူမောင်

    ဓာတ်ပုံ ပုံစာ, ပုလဲမောင် သေနတ်နဲ့ ပစ်ခတ်ခံရမှုအတွက် အစစ်ဆေးခံနေရတဲ့ ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူး ဗိုလ်စွမ်းသူမောင်

    စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ တပ်ရင်း ၆ ရဲ့ တပ်ရင်းမှူး ပုလဲမောင် (ခ) ပီတာ သေနတ်နဲ့ ပစ်သတ်ခံရမှုနဲ့ပတ်သက်ပြီး ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူး ဗိုလ်စွမ်းသူမောင်ကို ဖမ်းဆီးထိန်းသိမ်းထားပြီးဖြစ်တယ်လို့ မြေပြင်စစ်‌ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

    ယင်းမာပင်မြို့နယ် တော်လှန်ရေးတပ်ဖွဲ့ ဦးဆောင်သူတစ်ဦးက စစ်ဆေးမှုကို အမှတ် ၁ စစ်ဒေသမှာပြုလုပ်မယ်လို့ သိထားရကြောင်းပြောပြီး PDF စစ်ရုံးချုပ်နဲ့ နီးစပ်သူတစ်ဦးကတော့ စစ်ကိုင်းတိုင်းစစ်ဌာနမှာ စစ်ဆေးမယ်လို့ သိရှိရကြောင်း ပြောဆိုကြပါတယ်။

    ယင်းမာပင်မြို့နယ် တော်လှန်ရေးတပ်ဖွဲ့ ဦးဆောင်သူရဲ့ပြောကြားချက်အရ လက်ရှိမှာ ဗိုလ်စွမ်းသူမောင်အပါအဝင် အဖွဲ့ဝင်တချို့ကို လက်နက်ဖြုတ်သိမ်းထားပြီး တာဝန်ကနေ ယာယီရပ်နားထားတယ်လို့ဆိုပါတယ်။

    စစ်ကိုင်းတိုင်းစစ်ဌာနရင်းမြစ်ရဲ့အပြောအရ စစ်ရုံးအမိန့်အရ ယင်းမာပင်ခရိုင် စစ်ဌာန ကွပ်ကဲရေးမှူး စွမ်းသူမောင် အပါ ၇ ဦးကို ရာထူးချ တာဝန်ရပ်ဆိုင်းထားပြီး ဇူလိုင် ၁ ရက် အရောက် စစ်ကိုင်းတိုင်းစစ်ဌာနမှာ စစ်ဆေးခံရမယ်လို့ဆိုပါတယ်။

    ယင်းမာပင်ခရိုင် ပကဖ(ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့) တာဝန်ရှိသူကတော့ ဗိုလ်စွမ်းသူမောင်ရဲ့ အမှုအခြေအနေအသေးစိတ်ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သွားမှာဖြစ်ပြီး သူတို့အနေနဲ့ လတ်တလော ဖြေကြားပေးနိုင်ခြင်း မရှိသေးဘူးလို့ ဆိုပါတယ်။

    ဗိုလ်စွမ်းသူမောင်ကို ဖမ်းဆီးထိန်းသိမ်းပြီးစစ်ဆေးနေတယ်ဆိုတာနဲ့ ပတ်သက်လို့ သီးခြားအတည်ပြုနိုင်ဖို့ ဘီဘီစီက အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကို ဆက်သွယ်မေးမြန်းဖို့ကြိုးစားနေပါတယ်။

    ဇွန် ၂၆ ရက်က ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူး ဗိုလ်စွမ်းသူမောင် ဦးဆောင်ပြုလုပ်တဲ့ အစည်းအဝေးတစ်ခုအတွင်း တပ်ရင်း ၆ တပ်ရင်းမှူး ပုလဲမောင်ကို ဗိုလ်စွမ်းသူမောင်ရဲ့တပည့်ဖြစ်သူ ငဖြိုးဆိုသူက သေနတ်နဲ့ ပစ်သတ်ခဲ့တာဖြစ်ပါတယ်။

    အဲဒီနေ့ညပိုင်းမှာပဲ ပစ်ခတ်သူကို ဖမ်းဆီးလိုက်ပြီး ငဖြိုးဆိုသူကို လက်နက်ဖြုတ်သိမ်းပြီး ယင်းမာပင်ခရိုင်စစ်ဌာန လက်အောက်ရှိ အချုပ်ထောင်မှာ ထိန်းသိမ်းထားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

    တပ်ရင်း ၆ တပ်ရင်းမှူး သတ်ဖြတ်ခံရတာနဲ့ပတ်သက်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ တရားမျှတမှု ရရှိရေးနဲ့ ကျူးလွန်သူတွေကို ထိရောက်စွာ အပြစ်ပေးအရေးယူနိုင်ရေး သမာသမတ်ကျကျ ကိုင်တွယ်ဖြေရှင်းပေးဖို့ ခရိုင်တပ်ရင်းတွေက တောက်လျှောက်တောင်းဆိုမှုတွေလည်းရှိနေပါတယ်။

    တချိန်တည်းမှာပဲ ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူး ဗိုလ်စွမ်းသူမောင်အခြေချတဲ့ စခန်းနေရာကို ဇွန် ၂၈ ရက် ညပိုင်းက စစ်တပ်က လေကြောင်းဗုံးကြဲခဲ့တယ်လို့ ယင်းမာပင်ခရိုင် ပကဖ တာဝန်ရှိသူက ပြောပါတယ်။

    သူ့အပြောအရ ယင်းမာပင်ခရိုင်ကွပ်ကဲရေးတပ်ဖွဲ့ဝင်တချို့က ကနီမြို့နယ်၊ ချောင်းမကြီးကျေးရွာဘက်ကို သွားရောက်ချိန်မှာ ဖမ်းဆီးခံလိုက်ရပြီးနောက် လေကြောင်းဗုံးကြဲခံရတာလို့ဆိုပါတယ်။

    ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူးစခန်းဝန်းကျင်အနီး လေကြောင်းဗုံးကြဲခံရတယ်ဆိုတဲ့ ဖြစ်စဥ်အသေးစိတ်နဲ့ ပတ်သက်လို့ ဘီဘီစီအနေနဲ့သီးခြားအတည်ပြုနိုင်တာ မရှိသေးပါဘူး။

  6. မင်္ဂလာပါ။ ဇွန် ၂၉ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။