ရခိုင်မှာ ရေကြောင်းက ကုန်သယ်တာကို ကန့်သတ်ထားလို့ ကုန်စည်တချို့ ပြတ်လပ်မှုဖြစ်

ဓာတ်ပုံ ရင်းမြစ်, ML
ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီရဲ့ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး လက်မှတ်ပါမှ ကုန်ပစ္စည်းသယ်ယူခွင့်ပြုထားတာကြောင့် ကုန်စည်တချို့ ပြတ်လပ်မှုတွေ ဖြစ်ပွားနေပြီး ကုန်ဈေးနှုန်းမြင့်မားမှုတွေလည်း ဖြစ်ပေါ်နေပါတယ်။
အရင်က ပြည်မဘက်ကနေ ရခိုင်ကိုတင်သွင်းတဲ့ ကုန်စည်တွေကိုသာ အခုလိုခွင့်ပြုချက်တောင်းခံရတာ ဖြစ်ပေမယ့် အခုလအတွင်းမှာတော့ ဒေသတွင်း ကုန်စည်သယ်ယူခွင့်တွေကိုပါ ကန့်သတ် တားမြစ်လိုက်တာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါဟာ အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်ကောင်စီကနေ ကန့်သတ်ထားတဲ့ တားမြစ်မှုတစ်ခုဖြစ်ပြီး အဓိကကတော့ ဆန်၊ မြေဩဇာ၊ ဆေးဝါးပစ္စည်းနဲ့ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းတွေကို တားမြစ်ထားတာ ဖြစ်တယ်လို့ လုပ်ငန်းရှင်တွေက ပြောဆိုကြပါတယ်။
စစ်တွေမြို့ကနေ တခြားမြို့နယ်တွေကို ကုန်ပစ္စည်းတွေသယ်ယူပို့ဆောင်တဲ့အခါမှာ ရေယာဉ်တွေကို အဓိက စစ်ဆေးမှုတွေ ပြုလုပ်နေပြီး နယ်မြို့တွေကနေ ဈေးလာဝယ်ကြသူတွေအတွက် တော်တော်လေးကို အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ML
ကုန်တင်ရေယာဥ်တွေက ဆန်မြေသြဇာ ဆေးဝါးပစ္စည်းတွေမှာ နယ်လုံဝန်ကြီး လက်မှက် ပါ မပါကို စစ်တွေမြို့အထွက် ဆတ်ရိုးကျ တံတားအနီးဂိတ်ကနေ စစ်ဆေးနေတာဖြစ်ပြီးတော့ ကုန်တင်ရေယာဉ်တွေအထဲထိ ဆင်းပြီး စစ်ဆေးတယ်လို့ ကိုယ်တွေ့ကြုံရသူတွေက ပြောပါတယ်။
စစ်ကောင်စီရဲ့ ဒေသတွင်းကုန်စည်သယ်ယူခွင့်တွေကို အခုလို ကန့်သတ်လိုက်တဲ့အတွက် စီးပွားရေးလုပ်ငန်းတွေအနေနဲ့ အခက်အခဲတွေ ကြုံနေကြရသလို ဒေသခံတွေအပေါ်မှာလည်း ရိုက်ခတ်မှုတွေ ဖြစ်နေရတယ်လို့ လုပ်ငန်းရှင်တွေက ပြောဆိုကြပါတယ်။
ကုန်ပစ္စည်းတွေကို ထောက်ခံချက်ပါမှဘဲ ရောင်းဝယ်နေရတဲ့အတွက် စျေးကွက်အတွင်းမှာ လိုအပ်ချက်တွေ အများအပြားဖြစ်နေတယ်လို့ ရသေ့တောင်မြို့က ကုန်သည် ဦးဦးထွန်းမြက ပြောပါတယ်။
အာဏာပိုင်တွေအနေနဲ့ ဒီကန့်သတ်ချက်ကို ဘာကြောင့်လုပ်တာလဲ ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသလို လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရကို မေးမြန်းဖို့ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

ဓာတ်ပုံ ရင်းမြစ်, ML
အခုလို ဒေသတွင်း ကုန်စည်သယ်ယူခွင့်တွေကို တားမြစ်ထားတာကြောင့် အလွယ်တကူ ဝယ်ယူရောင်းချနိုင်ခြင်း မရှိတော့ဘဲ ကုန်ဈေးနှုန်းတွေကလည်း မလိုအပ်ဘဲ မြင့်မားမှုတွေဖြစ်လာနေတယ်လို့ လုပ်ငန်းရှင်တွေက ပြောဆိုကြပါတယ်။
ပြီးခဲ့တဲ့ မေလကလည်း ရခိုင်ပြည်နယ် အလယ်ပိုင်းဒေသ အမ်းမြို့နယ်အတွင်းက ကျေးရွာပေါင်း ၅၀ ကျော်တို့ဟာ ရိက္ခာသယ်ယူခွင့်တွေ ကန့်သတ် ပိတ်ဆို့ခံခဲ့ကြရတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။
အဲ့ဒီကျေးရွာတွေကို မေလ ၆ ရက်နေ့ကစလို့ စစ်ကောင်စီက ဆန်နဲ့ စားသောက်ကုန်ရိက္ခာတွေကို သယ်ယူခွင့် ပိတ်ဆို့ထားခဲ့တာဖြစ်ကြောင်း အမ်းမြို့ခံ တစ်ဦးက ပြောပါတယ်။
ရိက္ခာသယ်ယူခွင့် ပိတ်ဆို့ခံခဲ့ရတဲ့ နေရာကတော့ အမ်းမြို့နယ် အနောက်ဘက် ရန်ကုန်-စစ်တွေကားလမ်းမရဲ့ အရှေ့မြောက်ဘက် ဒါးလက်ချောင်း အထက်ပိုင်းမှာရှိတဲ့ ကျေးရွာတွေ ဖြစ်ကြပါတယ်။
အဲဒီကျေးရွာတွေအားလုံးဟာ ဒါးလက်ကျေးရွာအုပ်စုအတွင်းမှာ ပါဝင်ပြီး ပြည်ထဲရေးဌာနရဲ့ တရားဝင်အသိအမှတ်ပြုထားတဲ့ ကျေးရွာပေါင်း (၄၇)ရွာနဲ့ နောက်ထပ်တိုးချဲ့ချထားတဲ့ ကျေးရွာတချို့လည်း ပါဝင်တယ်လို့ ဒေသခံ ဦးမျိုးလွင်က ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
အခုလို စစ်တွေမြို့ကနေ ကုန်စည်တွေ ပုံမှန်သယ်ယူခွင့် ပိတ်ထားတာဟာ ဇူလိုင်လဆန်းကဖြစ်ပြီး နှစ်ပတ်ကျော်ခန့် ရှိနေပြီဖြစ်ကြောင်းနဲ့ သယ်ယူခွင့်ရဖို့ တင်ပြတဲ့အခါ အချိန်ကြန့်ကြာမှုတွေရှိတဲ့ အတွက် မသယ်ယူရတာတွေလည်း ရှိကြောင်း ကုန်တင်မော်တော်ယာဥ်မောင်းသူတစ်ဦးက ပြောပါတယ်၊
ကုန်စည်တွေ ပုံမှန်သယ်ယူခွင့် ပိတ်ထားမှုကြောင့် ရခိုင်ပြည်နယ်အတွင်းမှာ ကုန်စျေးနှုန်းတွေအပါအဝင် ဆန်စျေးနှုန်းကပါ ထပ်ဆင့်မြင့်တက်နေပြီး အကျပ်အတည်း ကြုံနေကြရတယ်လို့ သိရပါတယ်။
ရခိုင်ပြည်နယ် စစ်တွေမြို့က ကုန်စည်တွေကို ရေလမ်းကနေ အများဆုံးသယ်ယူကြပြီးတော့ စစ်တွေမြို့ကို ဗဟိုပြုပြီး ရခိုင်ပြည်နယ်မှာ ကူးသန်းရောင်းဝယ်နေကြတာလည်း ဖြစ်ပါတယ်။
စစ်တွေမြို့ကနေ ရခိုင်ပြည်နယ်ရဲ့ ဒေသအနှံ့အပြားကို ပြေးဆွဲနေတဲ့ရေယာဉ်တွေနဲ့ စီးပွားရေးလုပ်ငန်းသုံးရေယာဉ်တွေ အဓိကအသုံးပြုနေကြတဲ့ ဆတ်ရိုးကျချောင်းအတွင်း ရေယာဉ်အဝင်အထွက် တွေကို စစ်ကောင်စီကပြီးခဲ့တဲ့ ဇွန်လကလည်း အဝင်အထွက်တွေ ပိတ်ထားခဲ့ပါသေးတယ်။








