ရခိုင်က မွတ်ဆလင်ကျောင်းသားတွေ တက္ကသိုလ်တက်ခွင့်ရရှိ

မေလ ၁၂ ရက်နေ့ စစ်တွေတက္ကသိုလ် ပြန်ဖွင့်မယ်

ဓာတ်ပုံ ရင်းမြစ်, မေလ ၁၂ ရက်နေ့ ကျောင်းပြန်ဖွင့်မယ်

ဓာတ်ပုံ ပုံစာ, မေလ ၁၂ ရက်နေ့ စစ်တွေတက္ကသိုလ် ပြန်ဖွင့်မယ်
ရေးသားခဲ့သည်။

ဆယ်စုနှစ်တစ်ခုခန့်အကြာ ပိတ်ပင်ခံထားရတဲ့ ရခိုင်ပြည်နယ်ထဲက မွတ်ဆလင်ကျောင်းသားတွေကို အခု ၂၀၂၂ ခု အဆင့်မြင့် ပညာသင်နှစ်ကစလို့ တက္ကသိုလ်တက်ခွင့် ခွင့်ပြုပေးလိုက်ပြီဖြစ်တယ်လို့ ရခိုင်ပြည်နယ်ကျောင်းသားသမဂ္ဂနဲ့ မွတ်ဆလင် ကျောင်းသားတွေက ပြောဆိုကြပါတယ်။

လက်ရှိမှာလည်း မွတ်ဆလင်ကျောင်းသား ကျောင်းသူတွေဟာ စစ်တွေတက္ကသိုလ်မှာ ပညာသင်ကြားခွင့်ရရှိကြဖို့အတွက် လာရောက် လျှောက်လွှာ တင်သွင်းနေကြတာကိုလည်း တွေ့နေရပါတယ်။

မေလ ၁၂ ရက် မနက်ဖြန်ကစလို့ စစ်တွေတက္ကသိုလ် နေ့သင်တန်းကို စတင်ဖွင့်လှစ်သင်ကြားတော့မှာဖြစ်ပြီး ရခိုင်ပြည်နယ် အတွင်းမှာရှိတဲ့ မြို့နယ်အသီးသီးတို့က မွတ်ဆလင်ကျောင်းသူ ကျောင်းသားတွေလည်း လာရောက်ပညာသင်ကြားကြမှာ ဖြစ်တယ်လို့သိရပါတယ်။

လွန်ခဲ့တဲ့ ၂၀၁၂ ခုနှစ် ပဋိပက္ခဖြစ်ပွားခဲ့တဲ့အချိန်ကစလို့ လူမျိုးစုအသိုင်းအဝန်းနှစ်ခုအကြား အဆင်မပြေမှုတွေရှိနေတာကြောင့် နောက်ထပ်ပြဿနာတွေ ဖြစ်ပွားလာနိုင်တယ်ဆိုပြီး သမ္မတဦးသိန်းစိန် အစိုးရလက်ထက်မှာ မွတ်ဆလင်ကျောင်းသူ ကျောင်းသားတွေကို တက္ကသိုလ်တက်ခွင့် ပိတ်ပင်ထားခဲ့တာ ဖြစ်ပါတယ်။

ဘီဘီစီက တွေ့ရတဲ့ ဒီကနေ့ ကျောင်းလာတက်တဲ့ ကျောင်းသားတွေ ကျောင်းဝင်ခွင့်လျှောက်လွာအချို့မှာတော့ ဒီကျောင်းသားတွေဟာ လူမျိုးအမည်ကို မူဆလင် အစ္စလာမ် အစရှိသဖြင့်သာ ဖော်ပြပြီး လျှောက်ထားတာတွေ့ရပါတယ်။

No tag

ဓာတ်ပုံ ရင်းမြစ်, ML

ဆယ်စုနှစ်တစ်ခုအကြာ အဆင့်မြင့်ပညာသင်ကြားရေးနဲ့ ပတ်သက်လို့ ပိတ်ပင်ခံနေခဲ့ကြရတဲ့အတွက် မွတ်ဆလင်ကျောင်းသား အများအပြားဟာ ပညာရေးနယ်ပယ်ထဲကနေ ကင်းကွာခဲ့ကြရပြီး ပြင်ပအလုပ်အကိုင်တွေနဲ့ ရုန်းကန်နေကြရကာ သူတို့ရဲ့ဘဝ မျှော်မှန်းချက်တွေလည်း ပျက်စီးခဲ့ရတယ်လို့ စစ်တွေမြို့ ဘုမေကျေးရွာက ကိုကျော်ရဲနိုင်က ပြောပါတယ်။

"ကျွန်တော်တို့ တက္ကသိုလ်တက်ခွင့်မရတာ ၁၀ နှစ်ကျော်ရှိနေပြီ၊ အခု ပြန်တက်ခွင့်ရတဲ့အတွက် ဝမ်းသာပါတယ်။ ပီတိ ဖြစ်ပါတယ်။ ဒီလောက်ထိ အကူအညီပေးခဲ့တဲ့ ကျောင်းသားသမဂ္ဂကိုလည်း အရမ်းကျေးဇူးတင်ပါတယ်။ ကျောင်းအပ်ရတာလည်း သမဂ္ဂကပဲ လိုက်လုပ်ပေးနေတယ်ဆိုတော့ အခက်အခဲတွေလည်းမရှိဘူး။"လို့ ကိုကျော်ရဲနိုင်က ပြောပါတယ်။

နှစ်ကာလများစွာ ပညာသင်ကြားခွင့်တွေ ဆုံးရှုံးနေကြရတဲ့အတွက် တက္ကသိုလ်တက်ခွင့်ရရှိဖို့ မွတ်ဆလင်ကျောင်းသားတွေက ရခိုင်ပြည်ကျောင်းသားသမဂ္ဂကို အကူအညီတောင်းလာတဲ့အတွက် သမဂ္ဂအနေနဲ့ စစ်တွေတက္ကသိုလ်ရဲ့ တာဝန်ရှိတဲ့သူတွေကို သွားရောက်ညှိနှိုင်းမှုတွေ ပြုလုပ်ခဲ့ရာမှာ အခုလိုအဆင်ပြေမှုတွေ ရရှိခဲ့တာဖြစ်တယ်လို့ ရခိုင်ပြည်နယ်ကျောင်းသားသမဂ္ဂက ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုကျော်နိုင်ဌေးက ပြောပါတယ်။

စစ်တွေတက္ကသိုလ်ကို ကျောင်းလာအပ်ဖို့ရှိတဲ့ မွတ်ဆလင် ကျောင်းသား တစ်ရာကျော်ရှိတယ်လို့လည်း ရခိုင်ပြည်နယ်ကျောင်းသားသမဂ္ဂက ပြောပါတယ်။

စစ်တွေတက္ကသိုလ်

ဓာတ်ပုံ ရင်းမြစ်, ML

ဓာတ်ပုံ ပုံစာ, စစ်တွေတက္ကသိုလ်

၂၀၁၂ ခုနှစ် ပဋိပက္ခကြောင့် မွတ်ဆလင်ကျောင်းသားတွေကို တက္ကသိုလ်တက်ခွင့် ပိတ်ခဲ့တာနဲ့ ပတ်သက်လို့ သမဂ္ဂအနေနဲ့ ယခင်ကတည်းက လက်ခံခဲ့ခြင်းမရှိခဲ့သလို ကျောင်းတက်ခွင့်ပေးဖို့ကိုလည်း အကြိမ်ကြိမ်ကြိုးစားခဲ့ဖူးပေမယ့် အဆင်မပြေခဲ့ ဘူးလို့ သမဂ္ဂက ပြောပါတယ်။

အခုတစ်ကြိမ်မှာ မွတ်ဆလင်ကျောင်းသားတွေ ကျောင်းတက်ခွင့်ရရှိဖို့အတွက် သမဂ္ဂဘက်က ကြိုးစားခဲ့တာဟာလည်း လက်ရှိမှာ ရခိုင်နဲ့ မွတ်ဆလင်အသိုင်းအဝိုင်းတွေအကြား ယုံကြည်မှုတွေရရှိလာနေပြီဖြစ်သလို သဟဇာတကျကျ နေထိုင်လို့ ရရှိနေပြီဖြစ်တဲ့အတွက် ပညာရေး ပိတ်ပင်မှုတွေကိုလည်း ပြန်လည် ဖွင့်ပေးဖို့ လိုအပ်လာနေတာကြောင့်ဖြစ်တယ်လို့ ကိုကျော်နိုင်ဌေးက ပြောပါတယ်။

"ဆယ်တန်းအောင်ပြီးတဲ့အချိန်မှာ ကိုယ်ဖြစ်ချင်တဲ့ရည်မှန်းချက်ကို မလုပ်လိုက်ရတဲ့အတွက်ကြောင့် ကျောင်းသူကျောင်းသား အားလုံးဟာ ဆုံးရှုံးနစ်နာရတယ်။ သူတို့ရဲ့ဘဝရည်မှန်းချက်တွေ ပျက်စီးကုန်တယ်ပေါ့နော်။ ဒီဆယ်နှစ်အတောအတွင်းမှာ။ ဆိုတဲ့အခါကျတော့ ကျွန်တော်တို့ရခိုင်ပြည်မှာ ဘယ်လူမျိုးမဆို ဘယ်ဘာသာမဆို လူတိုင်းသင်ရမယ့် ပညာရေးဖြစ်တယ်။ ကျွန်တော်တို့လက်ခံထားတာက လက်ရှိရခိုင်ပြည် ဖွံ့ဖြိုးတိုးတက်ဖို့အတွက်ဆိုလို့ရှိရင် ပညာရေးကိုဦးစားပေးသင့်တယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့အနေနဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။"လို့ ကိုကျော်နိုင်ဌေးက ပြောပါတယ်။

ဒီကနေ့ ကျောင်းအပ်ခဲ့တဲ့ကျောင်းသား စုစုပေါင်း ၁၀ ဦးကျော်ရှိတယ်လို့ စစ်တွေ ကျောင်းသားသမဂ္ဂရဲ့ ဖော်ပြချက်အရ သိရပြီးတော့ ရခိုင်ပြည်နယ် အခြားမြို့နယ်က မွတ်ဆလင်ကျောင်းသားတွေဟာ စစ်တွေကို ခရီးသွားလာခွင့် အခက်အခဲရှိနေသေးတယ်လို့ ဒေသအခြေစိုက် သတင်းဌာန အချို့ကရေးပါတယ်။

no tag

ဓာတ်ပုံ ရင်းမြစ်, ML

ရခိုင်ပြည်နယ်မှာ နေတဲ့လူတိုင်းဟာ ခေတ်ပညာကို တတ်ထားသင့်ပြီး ဒီအသိပညာ၊ အတတ်ပညာတွေကို သင်ယူရမယ့်လူတွေ ဖြစ်ကြောင်းနဲ့ အခုလို ပညာသင်ကြားခွင့်တွေ ပိတ်ပင်ခံခဲ့ရတာဟာလည်း ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အင်မတန်မှ ဆုံးရှုံးနစ်နာရတယ်လို့ သမဂ္ဂက ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ ကြီးမားတဲ့လူမျိုးရေး ပဋိပက္ခတွေရှိခဲ့ကြပေမယ့် ပညာရေးကဏ္ဍနဲ့ ပတ်သက်လို့ ရခိုင်ပြည်ကျောင်းသား သမဂ္ဂနဲ့ မွတ်ဆလင်ကျောင်းသားတွေအကြားမှာ သဟဇာတ ဖြစ်ဖြစ်ရပ်တည်ခဲ့ကြပြီး အားလုံးတူညီတဲ့ပညာ သင်ကြားခွင့်ရရှိဖို့ ဝိုင်းဝန်းမှုတွေလည်း ရှိခဲ့ကြတယ်လို့ သိရပါတယ်။

ပညာတတ်လူဦးရေ နည်းပါးပြီး ပညာရေးအဆင့်တန်း အလွန်တရာနိမ့်ကျလွန်းတဲ့ ရခိုင်ပြည်နယ်မှာ လုံခြုံရေးတစ်ခုတည်းကို အကြောင်းပြပြီး ဒီလိုသာလုပ်နေမယ်ဆိုလို့ရှိရင် နှစ်ဖက်အသိုင်းအဝိုင်းတွေ အကြား ယုံကြည်မှု၊ ဆက်ဆံရေးတွေ ပိုဆိုးသွားနိုင်သလို ရခိုင်လူ့အဖွဲ့အစည်းတစ်ခုတည်း ပညာရေးတိုးတက်နေလို့မရကြောင်းနဲ့ ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ မွတ်ဆလင်၊ ဟိန္ဒူနဲ့ တခြားမျိုးနွယ်စုတွေရဲ့ လူ့အဖွဲ့အစည်းအားလုံးမှာ ပညာတတ်တွေ လိုအပ်နေတဲ့အတွက် လူမျိုးတစ်ခုခုကို ပညာသင်ကြားခွင့် ပိတ်ပင်ထားတာဟာ ရခိုင်တစ်ပြည်နယ်လုံးကို ဆင်းရဲတွင်းထဲ နှစ်ထားသလို ဖြစ်နေတယ်လို့ ကိုကျော်နိုင်ဌေးက ထောက်ပြပါတယ်။

ဒါ့အပြင် ရခိုင်မျိုးနွယ်စုထဲမှာ ပါဝင်တဲ့ ကမန်လူမျိုးတွေဟာ အစ္စလာမ်ဘာသာဝင်တွေ ဖြစ်ကြပြီး ရခိုင်မြောက်ပိုင်းမှာ မွတ်ဆလင်တွေကို တက္ကသိုလ် ပညာသင်ကြားခွင့် ပိတ်ပင်လိုက်တဲ့အချိန်မှာ ကမန်တွေလည်း ပညာသင်ကြားခွင့်တွေဆုံးရှုံးခဲ့ရပြီး အခုနှစ်မှာတော့ အားလုံးတန်းတူ ကျောင်းတက်ကြရတော့မှာ ဖြစ်ပါတယ်။

စစ်တွေတက္ကသိုလ်အပြင် ရခိုင် တစ်ပြည်နယ်လုံးမှာရှိတဲ့ ဝိဇ္ဇာ၊ သိပ္ပံနဲ့ တခြားနည်းပညာတက္ကသိုလ်တွေအားလုံးမှာ ကျောင်းတက်ခွင့်ရရှိကြမှာ ဖြစ်တယ်လို့လည်း သူကပြောပါတယ်။

no tag

ဓာတ်ပုံ ရင်းမြစ်, ML

"ကျောင်းသားတွေက ဆယ်တန်းအောင်ပြီးတော့ တက္ကသိုလ်တက်ခွင့်မရတော့ ပညာရေးအနာဂတ်တွေ ပျောက်ဆုံးသွားကြ တယ်။ ပြီးတော့ တက္ကသိုလ်တက်ချင်တယ် ဒါပေမဲ့ တက်လို့မရဘူး။ မိဘတွေကလည်း ပြောကြတယ် မင်းက ဆယ်တန်းအောင်ပြီးတော့ ဘာလုပ်မှာလည်း တက္ကသိုလ်တက်လို့မှ မရတာ။ ဟုတ်တယ် ကျွန်တော်တို့ အနာဂတ်တွေ ဆုံးရှုံးသလိုပဲ၊ ကျွန်တော်တို့ သူငယ်ချင်းတွေ အများကြီးပဲ ဆယ်တန်းအောင်ပြီးတော့ တက္ကသိုလ်တက်ခွင့်မရတော့ စီးပွားရေးလုပ်ကြတယ်။ အိမ်ထောင်ပြုကြတာပေါ့။"လို့ မြေပုံမြို့နယ်က တက္ကသိုလ်တက်ဖို့ရောက်ရှိနေတဲ့ သမိုင်းပထမနှစ်ကျောင်းသား ကိုအောင်မျိုးက ပြောပါတယ်။

စစ်တွေတက္ကသိုလ်က တာဝန်ရှိသူတွေနဲ့ တွေ့ဆုံတွေးနွေးကြတဲ့အခါမှာ မွတ်ဆလင်ကျောင်းသားတွေကို ပညာသင်ကြားခွင့် ပိတ်ပင်ထားတာမရှိကြောင်းနဲ့ တက္ကသိုလ်လမ်းညွှန်အတိုင်း ကျောင်းသားလက်ခံသွားမယ်လို့ တက္ကသိုလ်ဘက်က ပြောဆိုကြောင်း သမဂ္ဂကပြောဆိုပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ စစ်ပွဲတွေအပြင်းအထန်ဖြစ်ပွားခဲ့ကြပြီးနောက်ပိုင်း ရက္ခိုင့်တပ်တော် အေအေရဲ့ နှစ်ဖက်လူ့အဖွဲ့ အစည်းတွေအကြား သဟဇာတဖြစ်မှုအတွက် ကြိုးစားဆောင်ရွက်လာခဲ့ပြီးနောက်ပိုင်းမှာ မွတ်ဆလင်တွေနဲ့ ရခိုင်တွေအကြား သင့်မြတ်မှုတွေလည်း သိသိသာသာ တိုးတက်လာခဲ့တာ ဖြစ်ပါတယ်။

စစ်တွေမြို့က မွတ်ဆလင်တွေကို ဆယ်စုနှစ်တစ်ခုအကြာခန့် သီးခြားထားရှိပြီး အသွားအလာတွေ ကန့်သတ်ထားခဲ့ရာကနေ စစ်ကောင်စီအာဏာရရှိလာခဲ့တဲ့နောက်ပိုင်း ၂၀၂၁ ခုနှစ်အတွင်းမှာတော့ စစ်တွေမြို့တွင်းကို သွားလာခွင့် ပြုပေးခဲ့တာဖြစ်ပါတယ်။

အဲ့ဒီနောက် ပညာရေးတားဆီးမှုတွေ ပြုလုပ်ထားခဲ့တဲ့ မွတ်ဆလင်ကျောင်းသားတွေကိုလည်း တက္ကသိုလ်ဆက်တက်ခွင့် ဖွင့်ပေးခဲ့တာဟာလည်း တစ်ဖက်မှာ စစ်ကောင်စီရဲ့ နိုင်ငံရေးအသုံးချမှုတစ်ခု ဖြစ်လာနိုင်တယ်လို့ ထောက်ပြပြောဆိုမှုတွေလည်း ရှိနေပါတယ်။

နိင်ငံတကာမျက်နှာစာမှာ မျက်နှာပန်းလှဖို့အတွက် စစ်ကောင်စီက အခုလို မွတ်ဆလင်ကျောင်သားတွေကို တက္ကသိုလ်တက်ခွင့် ပေးလိုက်တာဖြစ်ခဲ့ရင်လည်း အားလုံး လွတ်လပ်စွာ ပညာသင်ကြားခွင့်ရရှိလာဖို့အတွက် ရည်ရွယ်ပြီး သမဂ္ဂအနေနဲ့ ဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ ရခိုင်ပြည်နယ် ကျောင်းသားသမဂ္ဂက ပြောဆိုပါတယ်။